← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

လောကကိုးပါးမသေမျိုး

ဘာသာပြန် - အရှင်ငယ်

​အခန်း ၈၁ - မြို့တော်မှ ထွက်ခွာခြင်း

​"သခင်လေး လုံတုရဲ့ တိုက်ခိုက်မှုက အခုလေးတင် ပြီးဆုံးသွားတာပါ အခု ကျွန်တော်နဲ့အတူ တောင်ဘက်ဒေသကို လိုက်လာဖို့ အဆင်ပြေပါ့မလား တကယ်လို့ သခင်လေး မြို့တော်မှာ နေခဲ့ဖို့ လိုအပ်မယ်ဆိုရင်လည်း အစ်ကိုယွမ်တို့နဲ့ ကျွန်တော် လိုက်သွားလို့ ရပါတယ်"

ဟု ဟွမ်ဖူကျဲ့က သူ၏ စိုးရိမ်မှုကို ဖော်ပြလိုက်သည်။

​သူသည် မူလက ဖန်ချန်ကို သူနှင့်အတူ တောင်ဘက်သို့ လိုက်စေချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လုံတု၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများ ရှိလာနိုင်သဖြင့် ဖန်ချန် မြို့တော်တွင် ကျန်နေခဲ့ခြင်းက ပို၍ ဘေးကင်းနိုင်သည်ဟု သူ တွေးမိသောကြောင့် ဖြစ်သည်။

​ဖန်ချန်က ပြုံးလျက်

"လုံတုအတွက် စိတ်မပူပါနဲ့၊ သူတို့ ပြန်ပြီး အင်အားစုဖွဲ့ဖို့ အချိန်အတော်ကြာဦးမှာပါ ဒါ့အပြင် ငါ မြို့တော်ကနေ မထွက်ဖြစ်တာလည်း ကြာပြီအပြင်ထွက်ပြီး လမ်းလျှောက်ရတာ ကောင်းပါတယ် မြို့တော်မှာလည်း ရွှီဂီနဲ့ ဟွမ်စီဟိုင်တို့ စောင့်ကြည့်နေတာဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

ဟု နှစ်သိမ့်လိုက်သည်။

​"ဒါဆိုလည်း ကောင်းပါပြီ၊ ဒါပေမဲ့..."

ဟု ဆိုကာ ဟွမ်ဖူကျဲ့၏ အကြည့်မှာ ဖန်ချန်ဘက်ရှိ ချင်းဟဲ နှင့် နတ်သမီးယွီတို့ထံသို့ ရောက်သွားသည်။

ဒီလို နုနယ်တဲ့ အမျိုးသမီး နှစ်ယောက်က သူတို့နဲ့အတူ တောင်ဘက်ဒေသအထိ လိုက်လာဖို့ဆိုတာ အန္တရာယ် မများလွန်းဘူးလား

​သူ၏ စိုးရိမ်မှုမှာ အကြောင်းရှိပါသည်။ သူသည် ထိုအမျိုးသမီးနှစ်ဦး၏ အထောက်အထားကို မသိသလို၊ သူတို့မှာ သာမန်အမျိုးသမီးများ မဟုတ်သည်ကိုလည်း မသိပေ။

သီလရှင်မလေး ချင်းဟဲသည် ချီသန့်စင်ခြင်းနယ်ပယ် ဒုတိယအဆင့်မှာသာ ရှိသေးသော်လည်း သူမသည် ကျင့်ကြံသူတစ်ဦး ဖြစ်သည် ချီအမြုတေအဆင့်အောက်ရှိ မည်သည့် ကိုယ်ခံပညာရှင်မှ သူမကို ခြိမ်းခြောက်နိုင်ရန် မလွယ်ကူပေအကြောင်းမှာ ဝိညာဉ်စွမ်းအင် သည် အတွင်းအား ထက် များစွာသာလွန်သောကြောင့် ဖြစ်သည်။

​သူ၏ စိုးရိမ်မှုကို ရိပ်မိသဖြင့် ဖန်ချန်က ပြုံးစစဖြင့်

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ဟု မေးလိုက်သည်။

​ဟွမ်ဖူကျဲ့၏ မျက်နှာမှာ ထူးဆန်းနေသော်လည်း နောက်ဆုံးတွင် သူ၏ အတွေးများကို ထုတ်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

​ယွမ်ကျန်း

နှင့် အခြားအရာရှိများ၊ ဝန်ထမ်းများမှာမူ တိတ်ဆိတ်နေကြသည်။

သူတို့အတွက်မူ ဖန်ချန်သည် အမျိုးသမီးနှစ်ဦးနှင့်အတူ မြို့ပြင်ထွက်လာခြင်းမှာ ပုံမှန်ကိစ္စဟု ထင်ရသော်လည်း၊ တစ်ဦးမှာ သီလရှင်ဖြစ်နေခြင်းကြောင့် သူတို့၏ ရင်ထဲတွင် တိတ်တဆိတ် အထင်သေးမိကြသည်။

​မကြာမီ ခရီးစဉ်အတွက် အသင့်ပြင်ပြီးနောက် အုပ်စုသည် မြင်းကိုယ်စီစီးကာ အဝေးသို့ ဒုန်းစိုင်းထွက်ခွာသွားကြတော့သည်။

​ရှာယဲ သည် ဖန်ချန် ထွက်ခွာသွားသည်ကို အေးစက်စွာ ကြည့်နေသည်။

"ဖန်ချန်က ဘာလို့ မဟာတောက်ပမှုဗျူရို က အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့အတူ ဟွမ်ဖူကျဲ့နောက် လိုက်သွားရတာလဲ"

​"တောင်ဘက်ဒေသက ဂိုဏ်းကြီးလေးခုနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ အမှုတစ်ခုကို သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်လို့လို့ ကြားတယ် ကျွန်တော် ထင်တာတော့ ဟွမ်ဖူကျဲ့က ဖန်ချန်ကို ဖိတ်ခေါ်ဖို့ မြို့တော်ကို အထူးတလည် လာခဲ့တာ ဖြစ်မယ်"

ဟု လီဟွာဖုန်း က အေးစက်စွာ ပြောလိုက်သည်။

​"အင်း သူသွားတာ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ဘာလို့ နတ်သမီးယွီနဲ့ အဲဒီသီလရှင်ကိုပါ ခေါ်သွားရတာလဲ သူက တကယ့် အရေခြုံပဲ"

ဟု ရဲ့ချင်းဟဲက မနာလိုစိတ်များဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည်။

​နတ်သမီးယွီသည် ဖန်ချန်နှင့်အတူ လိုက်သွားရန် ဆန္ဒရှိနေခြင်းက သူမသည် ဖန်ချန်၏ မိန်းမဖြစ်နေပြီဟူသော အချက်ကို ရှင်းရှင်းလင်းလင်း ပြသနေသည် မဟုတ်ပါလား။

​ထောက်ယွီက အသာအယာ ပြုံးကာ ရှာယဲကို ကြည့်လိုက်သည်။

"သူမက နိမ့်ကျတဲ့ မျိုးရိုးက လာတဲ့ မိန်းမတစ်ယောက်ပဲလေ ဒါကို သိပ်ပြီး အာရုံမစိုက်ပါနဲ့"

​ရှာယဲက ချက်ချင်း ပြန်မဖြေဘဲ ခဏအကြာမှ အေးစက်စွာ ဆိုသည်။

"မှန်တယ်၊ သူမက နိမ့်ကျတဲ့ မိန်းမတစ်ယောက်ပဲ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး"

​ထို့နောက် သူက အခြားသူများကို ကြည့်ကာ

"အရင်က တောင်ဘက်ဒေသက ဂိုဏ်းကြီးလေးခုနဲ့ ဖန်ချန် ပတ်သက်မှုရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးတယ် အခုတော့ အဲဒါက အတည်ဖြစ်သွားပြီ၊ ပြီးတော့ သူ့မှာ နန်းတွင်းရော၊ လောကီနယ်ပယ်မှာပါ နောက်လိုက်တွေ ရှိနေပြီဆိုတော့ သူ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ"

ဟု မေးလိုက်သည်။

​သူ၏ အပေါင်းအပါများမှာ တုံ့ဆိုင်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှာယဲ၏ မေးခွန်းကို မဖြေဘဲ နှုတ်ဆိတ်နေကြသည်။

သူတို့၏ စိတ်ထဲရှိသည်ကို ထုတ်မပြောရဲကြသလို၊ စိတ်ထဲတွင် ပေါ်လာသော အတွေးကိုလည်း တကယ် မယုံကြည်ကြပေ။

​"သူ မြို့တော်ကနေ ထွက်သွားတာ ကောင်းပါတယ် ဒါမှ ဒီနှစ်တွေအတွင်း သူ မြို့တော်မှာ ဘယ်လို ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ စိုက်ပျိုးထားခဲ့လဲဆိုတာကို ငါတို့ သေချာ စုံစမ်းနိုင်မှာ"

​ရှာယဲက နှာခေါင်းရှုံ့ကာ လီဟွာဖုန်းကို ကြည့်လိုက်သည်။

"ဝန်ကြီးလီ ခင်ဗျားက ဒီလိုကိစ္စတွေမှာ ကျွမ်းကျင်တာဆိုတော့ ဒီအလုပ်ကို ခင်ဗျားကိုပဲ လွှဲလိုက်မယ်"

​"စိတ်ချပါ အရှင်မင်းသား သူ မြို့တော်မှာ မရှိတော့ဘူးဆိုရင် ကျွန်တော့်အလုပ်က ပိုပြီး လွယ်ကူသွားမှာပါ"

ဟု လီဟွာဖုန်းက အာမခံလိုက်သည်။

​လီဟွာဖုန်းက ဆက်ပြောသည်

"အဲဒီနေ့က ပေါ်လာတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ပညာရှင်တွေက ဘယ်သူတွေလဲ၊ ဖန်ချန်နဲ့ ဘယ်လို ပတ်သက်လဲဆိုတာကိုလည်း တစ်ခါတည်း စုံစမ်းလိုက်ပါ့မယ်"

​ရှာယဲက ခေါင်းတစ်ချက်ငြိမ့်ကာ ရုတ်တရက် မေးလိုက်သည်။

"မင်းရဲ့ လျိုဝှက်နဂါး တွေဆီက သတင်းအသစ် ရသေးလား ချင်းစုန်းအင်ပါယာမှာ ရှိနေတဲ့ ငါ့ရဲ့ တတိယညီတော် ဘယ်လိုနေလဲ ဖန်ချန်က သူတို့ရဲ့ ကိုယ်ခံပညာရှင် တစ်ထောင်ကျော်ကို သတ်လိုက်တာဆိုတော့ သူတို့ ငြိမ်နေမှာ မဟုတ်ဘူး"

​လီဟွာဖုန်းက ထောက်ယွီနှင့် ရဲ့ချင်းဟဲတို့ကို တစ်ချက်ကြည့်ကာ ချက်ချင်း မဖြေပေ။

​ရှာယဲက သူ၏ တုံ့ဆိုင်းမှုကို သိသဖြင့်

"သူတို့က ငါတို့လူတွေပဲ၊ စိတ်ပူစရာ မလိုဘူး"

ဟု ဆိုသည်။

​ထိုအခါမှ လီဟွာဖုန်းက ခေါင်းငြိမ့်ကာ

"လျှိုဝှက်နဂါးတွေရဲ့ သတင်းပို့ချက်အရ ချင်းစုန်းဘက်က ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး တတိယမင်းသားကတော့ ပျော်ပါးရာ နေရာတွေမှာပဲ အချိန်ကုန်နေပြီး အရှုံးပေးလိုက်ပုံ ရပါတယ်"

ဟု တင်ပြလိုက်သည်။

​"ငါ့ရဲ့ တတိယညီတော်က ရိုးရှင်းတဲ့သူ မဟုတ်ဘူး ဒါတွေက ဟန်ဆောင်နေတာပဲ သူက ချင်းစုန်းက မိန်းမတွေနဲ့တင် စိတ်ကျေနပ်နေမယ့်သူ မဟုတ်ဘူး သူ အခုလို လုပ်နေလေလေ ငါ ပိုပြီး စိတ်မအေးလေလေပဲ ဒီလိုလုပ်ပါ မင်းရဲ့ သူလျှိုတွေကို သုံးပြီး အဲဒီခြိမ်းခြောက်မှုကို အမြစ်ပြတ် သုတ်သင်လိုက်တော့"

ဟု ရှာယဲက အေးစက်စွာ ပြောလိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက

"မင်း ဘယ်လို ထင်သလဲ"

ဟု ထပ်မေးသည်။

​လီဟွာဖုန်းမှာ ထိတ်လန့်သွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။

ရှာယဲက သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ သူ၏ အတွေးများ ရှုပ်ထွေးသွားသည်။ ရဲ့ချင်းဟဲနှင့် ထောက်ယွီတို့မှာမူ မြို့ပြင် ရှုခင်းများကို ကြည့်နေသယောင် ဟန်ဆောင်ကာ တိတ်ဆိတ်နေကြသည်။

​"ချင်းစုန်းအင်ပါယာက သူ့ကို အဲဒီမှာ အသေခံမှာ မဟုတ်ဘူး"

ဟု လီဟွာဖုန်းက ခါးသီးစွာ ပြုံးလျက် ဆိုသည်။

​ရှာယဲကမူ အေးစက်မြဲပင်။

"တကယ်လို့ စစ်သူကြီး ရှောင်လန်ရဲ့ သမီးဖြစ်တဲ့ နတ်သမီးရှောင် သာ ချင်းစုန်းကို အသက်ရှင်လျက် ပြန်မရောက်သွားရင်၊ သူ ဒေါသထွက်ပြီး ငါ့ညီတော်ကို သတ်ပစ်လိမ့်မယ်လို့ မင်း မထင်ဘူးလား"

​လီဟွာဖုန်း မှင်တက်သွားသည်။

"နတ်သမီးရှောင်"

သူမသည် မြို့တော်မှ ထွက်သွားကတည်းက ချင်းစုန်းသို့ ပြန်ရောက်သင့်နေပြီ ဖြစ်သော်လည်း လျှိုဝှက်နဂါးများ၏ သတင်းပို့ချက်တွင် ထိုအကြောင်း မပါဝင်ပေ..

​ဒါဆိုရင်...

​"ငါ စိတ်မရှည်တော့ဘူး မင်းရဲ့ သူလျှိုတွေကို တစ်ခုခု လုပ်ခိုင်းလိုက်တော့ ငါ့ညီတော် သေသွားတာက ချင်းစုန်းနဲ့ ဖန်ချန်ကြောင့်ပဲ ဖြစ်ရမယ်"

ရှာယဲက ရယ်မောလိုက်သည်။

"မင်း ငါ့အတွက် အလုပ်လုပ်ပေးနေတာဆိုတော့ ငါ မင်းကို နှိမ်မှာ မဟုတ်ပါဘူး အရင်က ဖန်ချန်က မင်းရဲ့ အခြေခံအုပ်မြစ်ကို ဒဏ်ရာရအောင် လုပ်ခဲ့လို့ မင်း ချီပေါက်ကွဲခြင်းနယ်ပယ် မှာတင် ရပ်နေခဲ့ရတာ မဟုတ်ရင် မင်းရဲ့ ပါရမီနဲ့ဆိုရင် ချီအမြုတေအဆင့်ကို ရောက်နေပြီး သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မှာ ကြာလှပြီ"

​လီဟွာဖုန်း၏ မျက်နှာမှာ ပျက်သွားသည်။ ၎င်းမှာ သူ၏ တစ်သက်တာ နောင်တပင် ဖြစ်သည်။

သူသည် ချီထိန်းချုပ်ခြင်းနယ်ပယ် အလယ်အလတ်သို့ စောစီးစွာ ရောက်ခဲ့သော်လည်း၊ ဖန်ချန်၏ တိုက်ခိုက်မှုကြောင့် ချီပေါက်ကွဲခြင်းနယ်ပယ် အထွတ်အထိပ်သို့ ကျဆင်းသွားခဲ့ရပြီး အခြေခံ ထိခိုက်သွားသောကြောင့် ထိုနေ့မှစ၍ ကျင့်ကြံမှု မတိုးတက်တော့ပေ။

​ရုတ်တရက် ရှာယဲသည် သူ၏ကိုယ်ပေါ်မှ ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး

"ငါ့မှာ အဆင့်မြင့် ဆရာကြီးတစ်ဦး ပေးထားတဲ့ ဆေးလုံးတစ်လုံး ရှိတယ် အဲဒါက မင်းကို ချီပေါက်ကွဲခြင်းနယ်ပယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်စေပြီး ချီထိန်းချုပ်ခြင်းနယ်ပယ်ကို ပြန်ရောက်စေလိမ့်မယ် မင်းရဲ့ အရင် အောင်မြင်မှုတွေကိုတောင် ကျော်လွန်သွားနိုင်တယ်"

ဟု ဆိုကာ လီဟွာဖုန်းအား ကမ်းပေးလိုက်သည်။

​လီဟွာဖုန်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဆေးလုံးကို လှမ်းယူလိုက်သည်။

"အရှင်မင်းသား ဒီဆေးလုံးက တကယ်ပဲ အဲဒီလို အစွမ်းရှိတာလား"

​ရှာယဲက လှောင်ပြုံးပြုံးကာ

"ငါက မင်းကို ဘာလို့ ညာရမှာလဲ"

ဟု မေးလိုက်သည်။

​လီဟွာဖုန်းသည် ချက်ချင်း ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းသား ကျွန်တော်မျိုး အစွမ်းကုန် ကူညီပါ့မယ်"

​၎င်းကို မြင်သောအခါ ရှာယဲက ပြုံးလိုက်သည်။

"ငါလည်း ဖန်ချန်ကို ကိုင်တွယ်ဖို့နဲ့ သူ့ကို ဖယ်ရှားပစ်ဖို့ အခွင့်အရေး ရှာပေးပါ့မယ်"

​ရှာယဲ ဆေးလုံးထုတ်ပေးချိန်တွင် ရဲ့ချင်းဟဲ၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပသွားသည်ကို လီဟွာဖုန်း သတိမထားမိပေ။ သူသည် ထိုဆေးလုံး၏ အကျိုးကျေးဇူးကို မြည်းစမ်းဖူးပုံရသည်။

​

​ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် အုပ်စုသည် နောက်ဆုံးတွင် တောင်ဘက်သို့ ရောက်ရှိလာပြီး မြောက်ဘက်ဒေသမှ တရားဝင် ထွက်ခွာခဲ့ကြသည်။ထိုနေရာတွင် သိသိသာသာ ကွဲပြားသွားသည်မှာ ရာသီဥတုပင် ဖြစ်သည်။

မြောက်ဘက်ဒေသမှာ နွေရာသီအလယ်သို့ ရောက်နေပြီဖြစ်သော်လည်း၊ တောင်ဘက်မှာမူ မီးဖိုကြီးတစ်ခုထဲ ရောက်နေသကဲ့သို့ ပူပြင်းလှသည်။ လမ်းပေါ်ရှိ လူအများစုမှာ ပြင်းထန်သော အပူရှိန်ကြောင့် အင်္ကျီဗလာဖြင့် သွားလာနေကြသည်။

​တောင်ဘက်သည် နွေရာသီတွင် အလွန်ပူပြီး ဆောင်းရာသီတွင် အလွန်အေးသဖြင့် နေထိုင်ရန် ခက်ခဲကြောင်း လူတိုင်း သိကြသည်။ ထိုနေရာရှိ လူများသည် တစ်နှစ်ပတ်လုံး ရာသီဥတုနှင့် တိုက်ပွဲဝင်နေကြရသည်။

​"ဒီမှာက တော်တော် ပူတာပဲ သခင်လေး ရှေ့က လက်ဖက်ရည်ဆိုင်မှာ နည်းနည်း နားကြမလားအစ်ကိုယွမ်တို့လည်း တော်တော် ရေငတ်နေပုံရတယ်"

ဟု ဟွမ်ဖူကျဲ့က သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း အကြံပြုလိုက်သည်။

​အခန်း ၈၂ - လှပလွန်းသော သီလရှင်

​တောင်ဘက်ဒေသတွင် စုစုပေါင်း ပြည်နယ်ကိုးခု ရှိသည့်အနက်

နက်နဲသောဓားဂိုဏ်း

နှင့် ကောင်းကင်ဓားအိမ်တော် တို့မှာ ပြည်နယ်တစ်ခုတည်းဖြစ်သော တောင်ပိုင်းမသေမျိုးပြည်နယ် တွင် တည်ရှိကြသည်။

ကျန်ရှိသည့် ဂိုဏ်းကြီးနှစ်ခုမှာမူ အခြားနေရာများတွင် ရှိကြသည်။ ရလဒ်အနေဖြင့် ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားပြီးနောက် နက်နဲသောဓားဂိုဏ်းသည် အဓိက သံသယဖြစ်ဖွယ်ရာ ဖြစ်လာခဲ့သည်။

​တောင်ပိုင်းမသေမျိုးပြည်နယ်သည် အရင်းအမြစ် ကြွယ်ဝလှသဖြင့် ပြည်နယ်ကိုးခု၏ ခေါင်းဆောင်ဟုပင် ဆိုနိုင်သည်။ ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားပြီးနောက် နက်နဲသောဓားဂိုဏ်းသည် အကျိုးအမြတ် အများဆုံးရရှိမည့်သူ ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

​"ခဏနားပြီး လက်ဖက်ရည် သောက်ကြတာပေါ့။ နက်နဲသောဓားဂိုဏ်းကို ရောက်ဖို့ မိုင်တစ်ရာလောက်ပဲ လိုတော့တာဆိုတော့ အလောတကြီး သွားစရာမလိုပါဘူး"

ဟု ဖန်ချန်က ပြုံးလျက် ဆိုသည်။

​မကြာမီ အုပ်စုသည် ခရီးသွားများဖြင့် ပြည့်နှက်နေသော လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းသို့ ဝင်ရောက်လာကြသည်။

ထိုဆိုင်သည် စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် ရှိနေသဖြင့် ပြင်းထန်လှသော နွေရာသီအပူရှိန်ကြားတွင် အေးမြသော နေရာလေးတစ်ခု ဖြစ်နေသည်။

​ဈေးသည်များ၊ ကိုယ်ခံပညာရှင်များနှင့် ကုန်သည်များစွာ ထိုနေရာတွင် စုဝေးနေကြသည်။ ဖန်ချန်တို့ အုပ်စုကို မြင်သောအခါ လူအုပ်ကြီးသည် သတိထားသည့် အရိပ်အယောင်များ ပြသကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။

​၎င်းအုပ်စုတွင် မဟာတောက်ပမှုဗျူရိုမှ ယွမ်ကျန်းနှင့် အခြားအရာရှိများ အပါအဝင် လူပေါင်း ၃၀ ကျော် ပါဝင်သည်။

သူတို့သည် ရာဇဝတ်သားများနှင့် လူဆိုးများကို အမြဲကိုင်တွယ်နေရသူများ ဖြစ်သဖြင့် ခြေလှမ်းတိုင်းတွင် အရှိန်အဝါများ ကိန်းဝပ်နေသည်။

အဆင့်နိမ့်အရာရှိများမှာ သာမန်ဝတ်စုံများ ဝတ်ထားကြသော်လည်း သူတို့အားလုံးမှာ ချီစုဆောင်းခြင်းနယ်ပယ် မှ စစ်သည်များဖြစ်ကြပြီး ခွန်အားကြီးမားပုံ ရသည် ယွမ်ယု မှလွဲ၍ပေါ့။

သူတို့မှာ အလွယ်တကူ စနောက်၍ ရမည့်သူများ မဟုတ်ကြောင်း လူအုပ်ကြီးက ရိပ်မိကြသည်။

​ထိုသူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ဖန်ချန်၊ နတ်သမီးယွီ၊ သီလရှင်မလေး ချင်းဟဲနှင့် ဟွမ်ဖူကျဲ့တို့ ဖြစ်သည်။ သူတို့မှာ ဘေးကကြည့်လျှင် အန္တရာယ်ကင်းပုံ ပေါ်သည်။

​လူအုပ်စုကြီး ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်သည် ဝမ်းသာအားရ ကြိုဆိုလေသည်။

"ဧည့်သည်တော်တို့ တောင်းပန်ပါတယ်ခင်ဗျာ၊ ဆိုင်က လူတော်တော် ပြည့်နေလို့ပါ အခုတော့ စားပွဲငါးလုံးပဲ လွတ်ပါတော့တယ် နည်းနည်းလောက် စုပြီး ထိုင်ပေးလို့ ရမလားခင်ဗျာ"

​ဖန်ချန်က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

"ရပါတယ်၊ ကိစ္စမရှိဘူး"

​မကြာမီ ဟွမ်ဖူကျဲ့သည် ယွမ်ကျန်းနှင့် အရာရှိများနှင့်အတူ စားပွဲတစ်လုံးတွင် ထိုင်လိုက်ပြီး၊ ဖန်ချန်၊ နတ်သမီးယွီနှင့် သီလရှင်မလေး ချင်းဟဲတို့က အခြားစားပွဲတစ်လုံးတွင် ထိုင်ကြသည်။ ကျန်ဝန်ထမ်းများမှာမူ ကျန်ရှိသော စားပွဲသုံးလုံးတွင် ခွဲထိုင်လိုက်ကြသည်။

​

သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေသော ကိုယ်ခံပညာရှင်များက ဖန်ချန်သည် ထင်ရှားသော မိသားစုကြီးတစ်ခုမှ ချမ်းသာသော သခင်လေးဖြစ်ပြီး ကျန်သူများမှာ သူ၏ သက်တော်စောင့်များ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ကြသည်။

​မကြာမီမှာပင် စားပွဲထိုးက သူတို့ စားပွဲတစ်ခုချင်းစီသို့ အခိုးအငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်များကို လာချပေးသည်။

ဖန်ချန်တို့ စားပွဲသို့ ရောက်သောအခါ စားထိုးက ခွက်များကို ချပေးရင်း

"ဧည့်သည်တော်တို့အတွက် လက်ဖက်ရည် ရပါပြီခင်ဗျာ"

ဟု ဆိုသည်။

​နတ်သမီးယွီမှာ အံ့သြသွားသည်။ လက်ဖက်ရည်က အခိုးအငွေ့များ ထနေသော်လည်း ထူးဆန်းစွာပင် လုံးဝ မပူပေ။ ထိုအခိုးအငွေ့များမှာ လန်းဆန်းစေသော အေးမြမှုကို ပေးစွမ်းနေသည်။

​"သခင်လေး ဒီလက်ဖက်ရည်က ဘာလို့ အေးနေတာလဲဟင်"

နတ်သမီးယွီက စပ်စုလိုသော မျက်နှာဖြင့် မေးလိုက်သည်။ မြို့တော်တွင်မူ ချမ်းသာသူများသာ အေးခဲနေသော ဖျော်ရည်များကို သောက်နိုင်ကြသည်။

တောင်ပိုင်းမသေမျိုးပြည်နယ်ရှိ လက်ဖက်ရည်ဆိုင်လေးတစ်ခုတွင် ဈေးကြီးလှသော ရေခဲဖြင့် ပြုလုပ်ထားသည့် လက်ဖက်ရည်ကို ရနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

​ဖန်ချန်က ပြုံးကာ

"မသိဘူးလား၊ ဒီလက်ဖက်ရည်က ဒီဒေသရဲ့ အထူးထုတ်ကုန်ပဲလေ"

ဟု ဆိုကာ ရှင်းပြလိုက်သည်။

"ဒီကနေ မိုင်သုံးဆယ်လောက် အကွာမှာ သဘာဝအတိုင်း အေးစိမ့်နေတဲ့ စိမ့်စမ်းရေတွင်းတစ်ခု ရှိတယ် အဲဒီရေကို သုံးရင် လက်ဖက်ရည်ရဲ့ အရသာအပြည့်ရဖို့ ရေကို ကြိုစရာမလိုဘူး အဆင့်နိမ့်တဲ့ လက်ဖက်ရွက်တွေတောင် ဒီရေနဲ့ဆိုရင် အရသာက တစ်ဆင့်တက်သွားတာ"

​၎င်းကို ကြားသောအခါ နတ်သမီးယွီမှာ အံ့သြသွားသည်။

ထိုနေရာတွင် ထိုကဲ့သို့ ထူးဆန်းသော စိမ့်စမ်းရေ ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အရှင်မ ချင်းဟဲပင်လျှင် အနည်းငယ် အံ့သြသွားပုံရပြီး လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ကာ စဉ်းစားခန်း ဝင်နေသည်။

​"မင်းက တကယ် ဗဟုသုတ ကြွယ်တာပဲ"

ဟု ယွမ်ကျန်းက မှတ်ချက်ပေးသည်။ သူတို့ စားပွဲမှာ ဖန်ချန်တို့နှင့် နီးသဖြင့် ဖန်ချန် ပြောသည်များကို သူ ကြားနေရသည်။

ယွမ်ကျန်းနှင့် အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့လည်း တောင်ဘက်ဒေသတွင် ထိုကဲ့သို့ ထူးဆန်းသော ရေတွင်းရှိသည်ကို မကြားဖူးကြပေ။

​နတ်သမီးယွီက ဆက်လက်၍ စပ်စုပြန်သည်။

"ဒါဆိုရင် ဘာလို့ မြို့တော်မှာ အဲဒီလို စိမ့်စမ်းရေမျိုး မတွေ့ရတာလဲဟင်"

​"ဘာလို့လဲဆိုတော့ အဲဒီရေက အကြာကြီး သိုလှောင်ထားလို့ မရဘူးလေ သုံးနာရီအတွင်း သောက်ရတာ အဲဒီအချိန် ကျော်သွားရင်တော့ သာမန်စိမ့်စမ်းရေနဲ့ ဘာမှမခြားတော့ဘူး"

ဟု ဖန်ချန်က ရှင်းပြသည်။

​"အော် နားလည်ပါပြီ"

နတ်သမီးယွီက ခေါင်းငြိမ့်ကာ ဖန်ချန်ကို အားကျကြည်ညိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​ထိုအချိန်မှာပင် ဆိုင်အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဒါ ဘယ်သူ့မြင်းတွေလဲ နေရာတွေ အကုန်ယူထားတာပဲ ငါတို့မြင်းတွေကို ဘယ်မှာ ထားရမှာလဲ"

​ထိုအသံ ထွက်ပေါ်လာသည်နှင့် ဆိုင်ရှင်သည် ဖန်ချန်တို့ထံသို့ အပြေးအလွှား ရောက်လာပြီး

"ဧည့်သည်တော်တို့ မြင်းတွေကို တခြားနေရာကို ခဏလောက် ရွှေ့ပေးလို့ ရမလားခင်ဗျာ အပြင်က လူတွေကို သွားပြီး ရန်မစတာ အကောင်းဆုံးပါပဲ..."

ဟု တိုးတိုးလေး လာပြောသည်။

​အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အပြင်ကလူတွေကို ရန်မစတာ အကောင်းဆုံး ဟုတ်လား အဲဒီလူတွေက မဟာရှအင်ပါယာရဲ့ ထိပ်တန်းစစ်သူကြီးကို ရန်စတာထက် ပိုဆိုးလို့လား

​ဖန်ချန်က ငြင်းခုံမနေတော့ဘဲ ယွမ်ကျွန်းကို ကြည့်ကာ

"သွားပြီး မြင်းတွေကို ရွှေ့ပေးလိုက်"

ဟု ဆိုသည်။

​"ဟုတ်ကဲ့"

ယွမ်ကျန်းက ခေါင်းငြိမ့်ကာ အပြင်သို့ ထွက်သွားသည်။ ခဏအကြာတွင် သူ ပြန်ဝင်လာပြီး

"သခင်လေး အားလုံး အဆင်ပြေသွားပါပြီ"

ဟု တင်ပြသည်။

​ဖန်ချန်က ခေါင်းငြိမ့်ပြကာ သူ့ကို ထိုင်ရန် အချက်ပြလိုက်ပြီး နတ်သမီးယွီ၊ သီလရှင်မ‌ေ ချင်းဟဲတို့နှင့်အတူ အေးမြသော လက်ဖက်ရည်ကို ဆက်လက် သောက်သုံးနေသည်။

တစ်ငုံသောက်တိုင်း နွေရာသီ၏ အပူရှိန်မှာ အနည်းငယ် လျော့ပါးသွားသလို ခံစားရသည်။

ဤဆိုင်လေး လူစည်နေသည်မှာ မဆန်းပေ။ ခရီးသွားများအတွက်မူ ထိုအေးမြသော လက်ဖက်ရည်မှာ နတ်သုဒ္ဓါကဲ့သို့ပင်။

​ယွမ်ကျန်း ပြန်ရောက်ပြီး မကြာမီမှာပင် လူအုပ်စုတစ်စု ဆိုင်ထဲသို့ ဝင်လာကြသည်။ ခေါင်းဆောင်ဖြစ်သူသည် ဆိုင်ထဲတွင် လူများပြည့်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

သူ စကားမပြောရမီမှာပင် သူ့ဘေးရှိ ထွားကြိုင်းသော စစ်သည်တစ်ဦးက အေးစက်စွာ အော်လိုက်သည်။

"ဆိုင်ရှင်"

​"လာပါပြီ... လာပါပြီ"

ဆိုင်ရှင်က အပြေးအလွှား သွားလိုက်ရသည်။

​"ဒီနေရာက လူတွေ အရမ်းများနေတယ် ငါ့သခင်က လူရှုပ်တာ မကြိုက်ဘူး နေရာဖယ်ပေးစမ်း၊ အခုချက်ချင်း စားပွဲငါးလုံး အလွတ်လုပ်ပေး"

ထိုစစ်သည်က အခြားဧည့်သည်များကို လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာ အမိန့်ပေးသည်။

​အနီးနားရှိ ဧည့်သည်များမှာ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားကြသည်။

သို့သော် အချို့မှာ ထိုလူအုပ်စုကို မှတ်မိပုံရသဖြင့် သူတို့၏ အပေါင်းအပါများကို တိုးတိုးလေး သတိပေးလိုက်ကြသည်။ ထိုအခါ သူတို့အားလုံးမှာ ထိတ်လန့်သွားကြပြီး ထပ်မကြည့်ရဲတော့ပေ။

​ဆိုင်ရှင်မှာ အခက်တွေ့သွားပြီး

"လူ... လူကြီးမင်းတို့ခင်ဗျာ၊ ကျွန်တော် စားပွဲတစ်လုံးပဲ အလွတ်လုပ်ပေးနိုင်မှာပါ။ ခင်ဗျားတို့ ငါးယောက်လုံး အဲဒီမှာပဲ စုထိုင်လို့ ရမလား..."

​ထိုစကားကို ကြားသည်နှင့် ထွားကြိုင်းသော စစ်သည်မှာ ဒေါသထွက်သွားပြီး ဆိုင်ရှင်၏ ပါးကို အရှိန်ဖြင့် ရိုက်ချလိုက်သည်။ ဆိုင်ရှင်မှာ လွင့်ထွက်သွားပြီး စားပွဲတစ်ခုကို တိုက်ကာ လက်ဖက်ရည်များ စိုရွှဲကုန်တော့သည်။

"ရယ်စရာပဲ ငါ့သခင်ကို သူ့အစေခံတွေနဲ့ စုထိုင်ခိုင်းတယ် ဟုတ်လား ငါတို့ကို ဘာမှတ်နေတာလဲ!း"

​စားပွဲမှောက်ပြီး လက်ဖက်ရည်များ စိုကုန်သော ဧည့်သည်များမှာ ဒေါသထွက်လာကြသည်။ သူတို့မှာ တောင်ဘက်ဒေသမှ ကိုယ်ခံပညာရှင်များ ဖြစ်ကြပြီး အရှိန်အဝါများမှာလည်း မသေးလှပေ။

တစ်ဦးမှာ ချီစုဆောင်းခြင်းနယ်ပယ် နောက်ဆုံးအဆင့်သို့ပင် ရောက်နေပြီ ဖြစ်သည်။ သူသည် မတ်တတ်ရပ်ကာ ထိုစစ်သည်ကို စိုက်ကြည့်ရင်း

"မင်းတို့တွေ လွန်လာပြီနော်"

ဟု အေးစက်စွာ ပြောလိုက်သည်။

​"အော်... ပြဿနာကို မကြောက်တဲ့သူ ရှိနေပါလား"

ထိုစစ်သည်က နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ဘယ်ကလဲ"

​"မြစ်နက်ဂိုဏ်း က ချန်တာ ပဲ"

ဟု ထိုလူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

​"သူက မြစ်နက်ဂိုဏ်းရဲ့ ထိပ်တန်းပညာရှင်ပဲ"

​ဘေးမှ ကြည့်နေသူများမှာ အံ့သြသွားကြသည်။

မြစ်နက်ဂိုဏ်းသည် ထိုဒေသတွင် အတော်အတန် နာမည်ကျော်သည်။

တပည့်ပေါင်း တစ်ရာကျော်ရှိပြီး ချန်တာသည် ထိုဂိုဏ်း၏ အတော်ဆုံးသူ ဖြစ်ကာ ချီပေါက်ကွဲခြင်းနယ်ပယ် ပညာရှင်တစ်ဦးကိုတောင် ဆယ်ကွက်အထိ ခံနိုင်ရည်ရှိသည်ဟု ကောလာဟလ ထွက်နေသူ ဖြစ်သည်။

​ထိုစစ်သည်က ရယ်မောလိုက်ပြီး

"အထင်ကြီးစရာပဲ"

ဟု ဆိုကာ တိုကင် တစ်ခုကို ထုတ်ပြလိုက်သည်။

"မင်းက မြစ်နက်ဂိုဏ်းကဆိုရင် ဒီတိုကင်ကို သိမှာပေါ့"

​ချန်တာသည် ထိုတိုကင်ကို သေချာကြည့်ပြီးနောက် အသက်ရှူမှားသွားတော့သည်။

"ရဲရင့်သောဓားစောင့်တပ် "

​ရဲရင့်သောဓားစောင့်တပ် ဟုတ်လား

​လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုလူများသည် မဟာရှဧကရာဇ် ကိုယ်တိုင် အမိန့်ပေးနိုင်သော ရဲရင့်သောဓားစောင့်တပ်ဖွဲ့ဝင်များလား။ နန်းတွင်းက အဆင့်မြင့်အရာရှိကြီးတွေတောင် သူတို့ကို ရိုရိုသေသေ ဆက်ဆံရသည် မဟုတ်ပါလား။

​ချန်တာ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရိုသေသေဖြင့် ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး မျက်စိမရှိလို့ လူကြီးမင်းတို့ကို ပြစ်မှားမိပါတယ်၊ ကျေးဇူးပြုပြီး"

​ထိုစစ်သည်က နှာခေါင်းရှုံ့ကာ

"မင်း ငါ့ကို ပြစ်မှားတာ မဟုတ်ဘူး၊ ငါ့သခင်ကို ပြစ်မှားတာ"

ဟု ဆိုသည်။

​ချန်တာသည် ထိုစစ်သည်၏ နောက်ကွယ်မှ လူငယ်ကို ကြည့်ကာ

"လူကြီးမင်းက ဘယ်သူလဲဆိုတာ သိပါရစေ"

ဟု မေးလိုက်သည်။

​ထိုလူငယ်ကမူ သူ့ကို ပြန်မဖြေဘဲ အခြားတစ်နေရာသို့သာ အာရုံရောက်နေသည်။ သူသည် ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး

"ဒီသီလရှင်လေးက တကယ်ကို လှတာပဲဗျာ"

ဟု အော်ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရမ္မက်ဇောနှင့် လောဘရိပ်များ အထိုင်းအထိုင်း ပါနေလေတော့သည်။

All Chapters