← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ - ရေခဲစိမ့်စမ်း

​ကျွယ်ပန်းရှီ၏ ပြတ်သားသော လုပ်ရပ်က လူတိုင်းကို အံ့အားသင့်စေခဲ့သော်လည်း ၎င်းမှာ သူ၏ ရှင်သန်လိုစိတ်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ ၎င်းက စစ်သူကြီးဖန်အပေါ် အရာရှိများ၏ ကြောက်ရွံ့မှုကို ပိုမိုထင်ရှားစေခဲ့သည်။

တောင်ပိုင်းမသေမျိုးပြည်နယ်၏ တပ်မှူးဖြစ်သူ ကျွယ်ပန်းရှီပင်လျှင် ဖန်ချန်ကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

မြို့တော်ရှိ အဆင့်မြင့်အရာရှိကြီးများ၏ သားသမီးများသည်ပင် ဖန်ချန်၏ ပါးရိုက်ခြင်းကို ခံခဲ့ရသည်ဟူသော ကောလာဟလများမှာ အကြောင်းမဲ့မဟုတ်ပေ။

​"လျိုထျန်း ဘာဖြစ်သွားလဲဆိုတာ မင်း ကြားပြီးပြီလား"

ဟု ဖန်ချန်က မေးလိုက်သည်။

​ကျွယ်ပန်းရှီ၏ မျက်နှာပြောင်းလဲသွားပြီး အသံနှိမ့်ကာ ပြန်ဖြေသည်။

"ကြားသိရပါတယ်ခင်ဗျာ တောင်ပိုင်းမသေမျိုးပြည်နယ်အတွင်း လျိုထျန်းကို ဖမ်းဝရမ်းထုတ်ဖို့ အထက်လူကြီးဆီကလည်း အမိန့်ရရှိထားပါတယ်"

​ဖန်ချန်က ပြုံးလိုက်သည်။

"ဒီလူအနည်းငယ်က လျိုထျန်းနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ ငါ သံသယရှိတယ် သူတို့ကို ပြန်ခေါ်သွားပြီး ဖမ်းထားလိုက်ပါ ငါ အချိန်ရရင် သူတို့ကို ကိုယ်တိုင် စစ်ဆေးမယ်"

​၎င်းကို ကြားသောအခါ လူငယ်နှင့် သူ၏ အပေါင်းအပါများမှာ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

ထိုသည်မှာ သိသိသာသာပင် အကွက်ဆင် ဖမ်းဆီးခြင်း ဖြစ်သည်။

၎င်းမှာ သူတို့ကိုယ်တိုင်လည်း တခြားသူများအပေါ် အမြဲတမ်း သုံးနေကျ နည်းလမ်းပင် ဖြစ်သည်။

​ကျွယ်ပန်းရှီသည် ခဏမျှ တိတ်ဆိတ်သွားပြီး ရင်ထဲတွင် လှိုင်းထန်နေလေသည်။

အကွက်ဆင်သည်ဖြစ်စေ၊ မဆင်သည်ဖြစ်စေ ထိုကဲ့သို့ ပြစ်မှုမျိုး၏ နောက်ဆက်တွဲမှာ မသေးလှကြောင်း သူ အသိဆုံး ဖြစ်သည်။

၎င်းမှာ ဖန်ချန် ကိုယ်တိုင် ထုတ်ဖော်လိုက်သည့် စီရင်ချက်ဖြစ်ရာ သူကိုယ်တိုင်ပင် အသတ်ခံရမည့် စာရင်းထဲ ပါသွားနိုင်သည် မဟုတ်ပါလား။

​ထို့ကြောင့် ကျွယ်ပန်းရှီမှာ အခြေအနေကို ပြေလည်အောင် ညှိနှိုင်းရန်မှလွဲ၍ အခြားမရှိတော့ဘဲ

"စစ်သူကြီးဖန် ဒီလူငယ်က တကယ်ကို ဆိုးသွမ်းတာပါ ဒါပေမဲ့ သူ လျိုထျန်းနဲ့ ပူးပေါင်းဖို့အထိတော့ သတ္တိရှိမယ်မထင်ပါဘူး ဒါကြောင့် စစ်သူကြီး အနေနဲ့..."

​သူ့အဖေက သူ့ဘက်ကနေ စကားပြောပေးနေသည်ကို မြင်သောအခါ လူငယ်က အလန့်တကြား ကြားဖြတ်ပြောသည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ် ကျွန်တော် လျိုထျန်းနဲ့ လုံးဝ မပတ်သက်ပါဘူး"

​"အဲဒါက မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး"

ဖန်ချန်က သူ့ကို ငုံ့ကြည့်ရင်း အသာအယာ ပြုံးလျက် ဆိုလိုက်သည်။

​ဘေးမှ ကြည့်နေသူများ၏ မျက်နှာမှာ ပို၍ပင် တည်ကြည်သွားကြသည်။ ဖန်ချန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူတို့အားလုံး နားလည်ကြသည်။

​"ဟုတ်သားပဲ တပ်မှူးကျွယ် မင်း မြို့တော်မှာ တာဝန်ထမ်းဆောင်တုန်းက ငါတို့ အကြိမ်အနည်းငယ် ဆုံခဲ့ဖူးတယ်နော် အဲဒီတုန်းက ခင်ဗျားက အနောက်ကျားတပ်ရင်း ရဲ့ ဒုတိယစစ်သူကြီး မဟုတ်လား"

​ကျွယ်ပန်းရှီက အကြိမ်ကြိမ် ခေါင်းညိမ့်သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ စစ်သူကြီးက ကျွန်တော့်ကို မှတ်မိနေတာ ဂုဏ်ယူမိပါတယ်ခင်ဗျာ"

​"မင်း ဒုတိယစစ်သူကြီး လုပ်တုန်းက တိုက်ပွဲမှာလည်း ရဲစွမ်းသတ္တိရှိပြီး အပြင်မှာလည်း တရားမျှတတယ်လို့ ငါ ကြားဖူးတယ် ဒါကြောင့် မင်းရဲ့သားက လျိုထျန်းလို ရာဇဝတ်သားနဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ငါ ယုံကြည်ပေးလိုက်မယ် ဒီနေ့ကိစ္စကို နားလည်မှုလွဲတာလို့ပဲ သတ်မှတ်လိုက်မယ် မင်းရဲ့လူတွေကို ပြန်ခေါ်သွားပြီး သေချာ ဆုံးမလိုက်ဦး"

ဟု ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။

​ကျွယ်ပန်းရှီမှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း နောက်မှ ဝမ်းသာရိပ်များ ပေါ်လာကာ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

သူသည် အကြိမ်ကြိမ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလေသည်။ စကားအများကြီး မပြောတော့ဘဲ သူ၏သားနှင့် အပေါင်းအပါများကို ဆိုင်ထဲမှ အမြန်ဆုံး ခေါ်ထုတ်သွားရန် အမိန့်ပေးလိုက်တော့သည်။

​သူတို့ ဆိုင်ပြင်သို့ ရောက်သွားသောအခါ ကျွယ်ပန်းရှီသည် ဖန်ချန်ထံသို့ ပြန်လာပြီး ရိုရိုသေသေ မေးမြန်းသည်။

"စစ်သူကြီးဖန် ခင်ဗျား တောင်ပိုင်းမသေမျိုးပြည်နယ်ကို လာတာက ကောင်းကင်ဓားအိမ်တော် ကိစ္စကြောင့်လားခင်ဗျာ"

​၎င်းကို ကြားသောအခါ ဘေးမှ လူများက ချက်ချင်းပင် နားစွင့်လိုက်ကြသည်။ ထိုကိစ္စမှာ တောင်ပိုင်းမသေမျိုးပြည်နယ်တွင် အလွန် ရေပန်းစားနေသည့် သတင်း ဖြစ်သည်။

ကောင်းကင်ဓားအိမ်တော် တစ်ခုတည်းသာ ထိုသို့ ထူးဆန်းစွာ ပျက်စီးသွားခြင်း မဟုတ်ဘဲ အခြားသော ဂိုဏ်းငယ်လေးအချို့လည်း ထိုကဲ့သို့ ကံကြမ္မာမျိုး ကြုံခဲ့ရသည်။

​ထိုဖြစ်ရပ်များ၏ နောက်ကွယ်တွင် နက်နဲသောဓားဂိုဏ်း ရှိနေပြီး သူတို့က တစ်ပြည်နယ်လုံးကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်နေသည်။

ယခု ဟွမ်ဖူကျဲ့နှင့် ဖန်ချန်တို့ အတူတူ ပေါ်လာခြင်းက အမျိုးမျိုးသော ခန့်မှန်းချက်များကို ဖြစ်ပေါ်စေခဲ့သည်။

​"တပ်မှူးကျွယ်... ခင်ဗျား ဒီကိစ္စကို သိနေရဲ့သားနဲ့ ဘာလို့ မြို့တော်ကို သတင်းမပို့တာလဲ တောင်ဘက်ဒေသက အခြေအနေတွေ ဆိုးရွားလာရင် မြို့တော်အတွက်ပါ ပြဿနာဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျား မသိဘူးလား"

ဖန်ချန်က မေးလိုက်သည်။

​ကျွယ်ပန်းရှီ၏ မျက်နှာ ပျက်သွားပြီး အမြန် ရှင်းပြသည်။

"ဒါကို ကျွန်တော် နားလည်ပါတယ်ခင်ဗျာ အဲဒါကြောင့်လည်း ဖြစ်ဖြစ်ချင်းမှာ ရဲရင့်သောဓားစောင့်တပ်တွေကို စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့တာပါ။ စုံစမ်းမှု အဖြေထွက်မှ မြို့တော်ကို တင်ပြတာ ပိုကောင်းမယ်လို့ ကျွန်တော် တွေးမိခဲ့လို့ပါ"

​ဖန်ချန်က ခေါင်းညိမ့်သော်လည်း ထိုအတွေးအခေါ်အပေါ် ဘာမှတ်ချက်မှ မပေးပေ။

"ကောင်းကင်ဓားအိမ်တော်ကို ချိပ်ပိတ်ထားပြီလား ပြီးတော့ အလောင်းတွေကို ဘယ်မှာ ထားထားလဲ"

​"အဲဒီနေရာကို ချိပ်ပိတ်ဖို့ ကျွန်တော် အမိန့်ပေးထားပြီးပါပြီ အလောင်းတွေကိုလည်း အဲဒီမှာပဲ ထိန်းသိမ်းထားပါတယ်"

ဟု ကျွယ်ပန်းရှီက ပြန်ဖြေသည်။

​ဖန်ချန် ခေါင်းညိမ့်လိုက်သည်။

တကယ်လို့ သူက ကောင်းကင်ဓားအိမ်တော်ကို ချိပ်ပိတ်ပြီး အလောင်းများကို ထိန်းသိမ်းထားသည်ဆိုလျှင် ကျွယ်ပန်းရှီသည် ဝိညာဉ်သွေးဂိုဏ်း နှင့် ပူးပေါင်းထားသူ မဟုတ်ကြောင်း ပြသနေသည်။

​"အဲဒီမှာ သွားပြီး ငါ့ကို စောင့်နေပါ"

ဖန်ချန်က အမိန့်ပေးလိုက်သည်။

"ငါတို့ လက်ဖက်ရည် သောက်ပြီးတာနဲ့ လိုက်လာခဲ့မယ်"

​ကျွယ်ပန်းရှီက

"ကျွန်တော်ကိုယ်တိုင် လိုက်ပါပို့ဆောင်"

ဟု ပြောရန် ပြင်လိုက်သော်လည်း၊ ဖန်ချန်၏ အေးစက်စက် အကြည့်ကို မြင်သောအခါ စကားစဖြတ်လိုက်ရသည်။

​ထို့နောက် သူသည် ရိုသေသေ ဦးညွှတ်ကာ ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

​သူ ထွက်သွားပြီးနောက် ဆိုင်ထဲတွင် တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားသည်။

​မကြာမီ ဖန်ချန် လက်ဖက်ရည် သောက်ပြီးသွားသည်။ သူသည် ဟွမ်ဖူကျဲ့ဘက်သို့ လှည့်ကာ

"ပိုက်ဆံပေးလိုက်တော့ သွားကြစို့"

ဟု ဆိုသည်။

​ဟွမ်ဖူကျဲ့က ဆိုင်ရှင်၏ လက်ထဲသို့ ငွေပြားအချို့ ထည့်ပေးလိုက်ပြီး ခင်မင်ဖွယ် ပြုံးပြလိုက်သည်။

"ဒီပိုက်ဆံက လက်ဖက်ရည်ဖိုးရော ပျက်စီးသွားတဲ့ ပရိဘောဂတွေအတွက်ရော လုံလောက်မှာပါ"

​ဆိုင်ရှင်က အလန့်တကြား ကျေးဇူးတင်စကား ဆိုလေသည်။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း"

​ဆိုင်ထဲမှ ထွက်လာပြီးနောက် အုပ်စုသည် ခရီးဆက်ကြသည်။ သို့သော် လမ်းတစ်ဝက်တွင် ဖန်ချန်သည် သီလရှင်မလေး ချင်းဟဲနှင့် နတ်သမီးယွီတို့ကို ခေါ်ကာ လမ်းခွဲထွက်သွားသည်။

​"သူတို့ ဘယ်သွားကြတာလဲ"

ယွမ်ကျန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။ ကျန်သူများလည်း ဇဝေဇဝါ ဖြစ်နေကြသည်။

​၎င်းကို မြင်သောအခါ ဟွမ်ဖူကျဲ့က ပြုံးလျက်

"မင်းတို့ ခုနက သောက်ခဲ့တဲ့ လက်ဖက်ရည်ကို ဘာနဲ့ ဖျော်ထားလဲဆိုတာ သိတယ် မဟုတ်လား"

ဟု မေးသည်။

​အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ ဖန်ချန်သည် ထိုစိမ့်စမ်းရေတွင်းကို သွားရှာခြင်း ဖြစ်ပေလိမ့်မည်။

​"ကဲ စစ်သူကြီး ပြန်လာတာကို စောင့်နေရမှာဆိုတော့ ငါတို့ကို နောက်ကနေ လိုက်နေတဲ့သူကို ဖမ်းပြီး ဘာလို့လိုက်တာလဲဆိုတာ မေးကြည့်ရင် ကောင်းမလား"

ဟု ဟွမ်ဖူကျဲ့က အကြံပေးလိုက်သည်။

​ယွမ်ယုနှင့် အခြားဝန်ထမ်းများမှာ အံ့သြသွားကြသည်။

​ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတာလား

​ဟွမ်ဖူကျဲ့က သတိပေးလိုက်မှသာ ဝန်ထမ်းအချို့သည် နောက်ယောင်ခံလိုက်နေသူ ရှိကြောင်း သတိထားမိပြီး ထိုသူထံသို့ အပြေးအလွှား သွားလိုက်ကြသည်။

​မကြာမီမှာပင် လူတစ်ယောက်ကို ကြိုးဖြင့် တင်းတင်းကျပ်ကျပ် တုပ်ကာ ခေါ်လာကြသည်။

​"မင်း ဘာလို့ ငါတို့နောက် လိုက်နေတာလဲ ချန်တာ"

ဟု ဟွမ်ဖူကျဲ့က ပြုံးစစဖြင့် မေးလိုက်သည်။

ချန်တာသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ

"ကျွန်တော် နောက်ကလိုက်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး စစ်သူကြီးဖန်ကို သတင်းတစ်ခု တင်ပြချင်လို့ပါ"

ဟု ဘေးဘီကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ ဖန်ချန်ကို မတွေ့သောအခါ သူ အနည်းငယ် စိုးရိမ်သွားပုံရသည်။

​ယွမ်ကျန်းက တည်ကြည်သော အသံဖြင့်

"သတင်းတင်ပြစရာ ရှိတာလား ဒါဆို ငါ့ကို ပြောပြလို့ ရပါတယ် ငါက မဟာတောက်ပမှုဗျူရိုက အရာရှိ ယွမ်ကျန်းပဲ"

ဟု ဆိုသည်။

​ချန်တာက ခေါင်းခါလိုက်သည်။

"ဒီကိစ္စကို စစ်သူကြီးဖန် တစ်ယောက်တည်းကိုပဲ ပြောပြလို့ ရမှာပါ အစကတော့ ကျွန်တော့်အသက် အန္တရာယ် ရှိနိုင်လို့ မပြောပြဖို့ ဆုံးဖြတ်ထားတာ ဒါကို နားလည်ပေးစေချင်ပါတယ်"

​၎င်းကို ကြားသောအခါ ဟွမ်ဖူကျဲ့သည် ယွမ်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ချန်တာကို ခေါင်းငြိမ့်ပြလိုက်သည်

"ကောင်းပြီလေ၊ မင်း ဒီမှာပဲ စောင့်နေလိုက်"

​

​ဖန်ချန်၊ နတ်သမီးယွီနှင့် သီလရှင်မလေး ချင်းဟဲတို့သည် တောင်တန်းများထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်လာကြသည်။

သူတို့သည် ခရုပတ် ပတ် လမ်းအတိုင်း မိုင်အနည်းငယ် သွားပြီးနောက် လျှိုမြောင်များ ဝိုင်းရံထားသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။ အောက်ဘက်တွင်မူ စိမ့်စမ်းရေကန်လေးတစ်ခု ရှိနေသည်။

​ဒေသခံများစွာသည် စိမ့်စမ်းရေများကို လာရောက် ခပ်ယူနေကြသည်။ သူတို့သည် အရင်ဆုံး ရေငတ်ပြေအောင် သောက်ကြပြီးနောက် ရေပုံးများဖြင့် ခပ်ယူကာ အမြန် ပြန်ထွက်သွားကြသည်။

သွားရင်းနှင့် ဖန်ချန်နှင့် အမျိုးသမီးနှစ်ဦးကို လှမ်းကြည့်ကြသော်လည်း သူတို့မျက်နှာတွင် အံ့သြရိပ် လုံးဝ မရှိပေ။

​အေးမြလှသော ထူးဆန်းသည့် စိမ့်စမ်းရေတွင်းမှာ မိုင်တစ်ရာ ပတ်လည်တွင် အလွန် နာမည်ကြီးလှသည်။

ချမ်းသာသော သခင်လေးများနှင့် အမျိုးသမီးများ ထိုနေရာသို့ လာရောက် အပန်းဖြေတတ်သည်မှာ အထူးအဆန်း မဟုတ်ပေ။

​"ဒီနေရာလေးက တော်တော် အေးတာပဲ ဒီစိမ့်စမ်းရေက တကယ်ကို အံ့သြစရာပဲနော် သူ့ရဲ့ အခိုးအငွေ့လေးနဲ့တင် နွေရာသီရဲ့ အပူတွေကို ပျောက်ကွယ်စေနိုင်တာပဲ"

နတ်သမီးယွီက မျက်လုံးလေးများ ဝိုင်းသွားကာ အံ့သြတကြီး ဆိုသည်။

​သီလရှင်မလေး ချင်းဟဲသည်လည်း အေးမြသော လေထုကို ရှူရှိုက်ရင်း

"ဒီလောက် အစွမ်းထက်နေမှတော့ လက်ဖက်ရည်ကလည်း အဲဒီလို ထူးခြားနေမှာပေါ့"

ဟု မှတ်ချက်ပေးသည်။

​ဖန်ချန်က ပြုံးလိုက်သည်။ ထိုနေရာသို့ သူ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

လွန်ခဲ့သော ငါးနှစ်ခန့်က သူ ထိုနေရာအကြောင်း ကြားဖူးသဖြင့် လာခဲ့ဖူးသည်။ အခုတော့ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအေးစိမ့်သော စိမ့်စမ်းရေ၏ မူလအစကို သူ ခန့်မှန်းမိလာသည်။

​ထင်ထားသည့်အတိုင်းပင် ထိုစိမ့်စမ်းရေတွင်းထဲတွင် ဝိညာဉ်စွမ်းအင် အစအနလေးများ ပါဝင်နေသည်ကို သူ ချက်ချင်းပင် အာရုံခံမိလိုက်တော့သည်။

​အခန်း ၈၆ - မျက်မြင်သက်သေ

​ရုတ်တရက် သီလရှင်မလေး ချင်းဟဲသည်လည်း ထိုစိမ့်စမ်းရေ၏ ဝိညာဉ်သဘာဝကို အာရုံခံမိသွားပုံရပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

“ဒါက ဝိညာဉ်စိမ့်စမ်းပဲ သခင်လေး ဒီရေကို ပုံမှန်သောက်ပေးရင် သာမန်လူတွေရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသလို၊ ကျင့်ကြံသူတွေအတွက်လည်း ကျင့်ကြံခြင်းနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်!”

သီလရှင်မလေး ချင်းဟဲ၏ မျက်လုံးများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

မဟာရှအင်ပါယာကဲ့သို့ ဝိညာဉ်စွမ်းအင် ရှားပါးပြီး ကျင့်ကြံသူဆိုသည်မှာ ကျီးကန်းဖြူထက်ပင် ရှားပါးလှသည့် နေရာမျိုးတွင် ဖန်ချန်ကဲ့သို့ ကျင့်ကြံသူကို တွေ့ရရုံတင်မကဘဲ ယခုကဲ့သို့ ဝိညာဉ်စိမ့်စမ်းကိုပါ တိုးမိသည်မှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။

​ဝိညာဉ်စိမ့်စမ်း၊ ဝိညာဉ်တောင်တန်းနှင့် ဝိညာဉ်သစ်ပင်တို့သည် ဂိုဏ်းများ တည်ထောင်ရန် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

တကယ်လို့ ကျင့်ကြံသူတစ်ဦးသာ ထို့နေရာကို ဖြတ်သွားရင်း ဤစိမ့်စမ်းကို တွေ့ရှိခဲ့လျှင် သူတို့သည် ထိုနေရာတွင် ဂိုဏ်းတစ်ခု တည်ထောင်လိမ့်မည်၊ သို့မဟုတ်ပါက အနည်းဆုံး မိမိအတွက် ကျင့်ကြံရန် ဂူကျောင်းတစ်ခု ဆောက်လုပ်ပေလိမ့်မည်။

​“ချင်းဟဲ ဝိညာဉ်စိမ့်စမ်းဆိုတာ ဘာလဲဟင် ဒီရေက အသားအရေကို လှပအောင် လုပ်ပေးနိုင်လို့လား”

နတ်သမီးယွီက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

​“သာမန်လူတွေကို နုပျိုမှုကို ပိုပြီး ကြာရှည် ထိန်းသိမ်းပေးနိုင်တာပေါ့ ကိုယ်ခံပညာရှင်တွေအတွက်တောင် အကျိုးကျေးဇူးတွေ ရှိတယ်”

သီလရှင်မ‌ေချင်းဟဲက ခေါင်းညိမ့်ပြသော်လည်း အရေးကြီးသည့် အချက်တစ်ခုကိုတော့ ချန်လှပ်ထားခဲ့သည်။

၎င်းမှာ သာမန်လူများနှင့် ကိုယ်ခံပညာရှင်များသည် မသေမျိုးသွေးကြောများ မရှိကြသဖြင့် ထိုစိမ့်စမ်းရေ၏ အာနိသင်ကို အပြည့်အဝ အသုံးမချနိုင်ခြင်းပင် ဖြစ်သည်။

​“တခြား ဝိညာဉ်စိမ့်စမ်းတွေကိုရော တွေ့ဖူးလား”

ဖန်ချန်က သီလရှင်မ‌လေး ချင်းဟဲကို မေးလိုက်သည်။

​သူမက အသာအယာ ခေါင်းညိမ့်ကာ

“ကျွန်မဆရာရဲ့ ဂူသင်္ကန်းကျောင်းက ဝိညာဉ်စိမ့်စမ်းသေးသေးလေးတစ်ခု အနားမှာ ရှိပါတယ်။း ဒါပေမဲ့ အဲဒီစိမ့်စမ်းက အရမ်းသေးငယ်ပြီး ကျွန်မဆရာ သုံးဖို့လောက်ပဲ ရှိတာပါ ဒီစိမ့်စမ်းကတော့ အနည်းဆုံး ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ရာလောက်ကိုတောင် ထောက်ပံ့ပေးနိုင်ပါတယ်...”

​“ဒါက တကယ်ကို ပစ္စည်းကောင်းပဲ”

ဖန်ချန်က ထိုစိမ့်စမ်းရေကို စိတ်ဝင်တစား ကြည့်ရင်း ဆိုလိုက်သည်။

ဝိညာဉ်ကျောက်တုံး များသည် ဝိညာဉ်စိမ့်စမ်းနှင့် ဆင်တူသော်လည်း သာမန်လူများသည် ဝိညာဉ်ကျောက်တုံးထဲမှ စွမ်းအင်ကို မစုပ်ယူနိုင်ကြပေ။

ဝိညာဉ်စိမ့်စမ်းကမူ ထိုသို့မဟုတ်ဘဲ သာမန်လူများပင် သောက်သုံးရုံဖြင့် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို စုပ်ယူရရှိနိုင်သည်။

​“ဒီဝိညာဉ်စိမ့်စမ်းကိုသာ ဖန်အိမ်တော်ဆီ ရွှေ့လို့ရရင်...”

ဖန်ချန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

​“အဲဒါက မဖြစ်နိုင်သလောက်ပါပဲ သခင်လေး ဒါက သဘာဝရဲ့ ဖန်တီးမှုပါ။ အခြေခံတည်ဆောက်ခြင်းနယ်ပယ် ဒါမှမဟုတ် ဒဏ္ဍာရီလာ ရွှေအမြုတေအဆင့် ပညာရှင်တွေဆိုရင်တောင် သူ့ရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘဲ ရွှေ့ဖို့ဆိုတာ မလွယ်ပါဘူး”

ဟု သီလရှင်မလေး ချင်းဟဲက တိုးတိုးလေး ပြောပြသည်။

​နတ်သမီးယွီကမူ အလွန် စိတ်ဝင်စားနေသည်။ သူမသည် သီလရှင်မလေး ချင်းဟဲနှင့် ဖန်ချန်တို့မှာ လမ်းစဉ်တစ်ခုတည်းကို လျှောက်လှမ်းနေသူများဖြစ်ကြောင်း သိရှိသွားပြီ ဖြစ်သည်။

​ဖန်ချန်က ပြုံးလိုက်သည်။

“ဒါက ကံတရားပဲလို့ပဲ ဆိုရမှာပေါ့”

​“ဒါပေမဲ့ ကျွန်မတို့မှာ ဝိညာဉ်သိုလှောင်လက်စွပ် တွေ ရှိမယ်ဆိုရင်တော့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ မကုန်ခမ်းစေဘဲ ရေအချို့ကို သယ်သွားလို့ ရတာပေါ့ နှမြောစရာကောင်းတာက အဲဒီလို ရတနာမျိုးတွေက လောကမှာ အတွေ့ရနည်းတာပါပဲ”

ဟု သီလရှင်မလေး ချင်းဟဲက နှမြောတသစွာ ဆိုသည်။

​ဖန်ချန်သည် အစပိုင်းတွင် ပြန်ရန် ပြင်ဆင်နေသော်လည်း ထိုစကားကို ကြားသောအခါ စိမ့်စမ်းရေနားတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ရေထဲသို့ လက်ချောင်းလေးဖြင့် အကြိမ်အနည်းငယ် မွှေလိုက်သည်။

ထို့နောက် သူသည် ပြန်ရန် အချက်ပြလိုက်သည်။

​ထိုခဏလေးအတွင်းမှာပင် သူသည် မိမိ၏ ဝိညာဉ်သိုလှောင်လက်စွပ်ထဲသို့ စိမ့်စမ်းရေများကို ဖြည့်တင်းလိုက်ပြီ ဖြစ်သည်။

ထိုရေများသည် ဝိညာဉ်ကျောက်တုံးများ၊ ရွှေဖလား၊ နဂါးပုဆန် နှင့် ရုပ်သေးရုပ်တို့နှင့်အတူ လက်စွပ်ထဲတွင် အေးအေးချမ်းချမ်း တည်ရှိနေကြသည်။ သူတို့ကြားတွင် ထူးခြားသော အတားအဆီးတစ်ခုဖြင့် ပိုင်းခြားထားပုံရသည်။

​စိမ့်စမ်းရေ တစ်ကုဗ မီတာလောက်ဆိုရင် လုံလောက်မှာပါ ဟု ဖန်ချန်က ပြုံးလျက် တွေးလိုက်သည်။

သူသည် ထိုရေများကို ဖခင်၊ မိခင်၊ ဒုတိယဦးလေးနှင့် ဖန်ကျစ်ရွှယ် တို့အတွက် ခွဲဝေရန် စိတ်ကူးထားသည်။

တကယ်လို့ သူတို့ နေမကောင်းဖြစ်လျှင် ဆေးအဖြစ် သုံးနိုင်သလို၊ နေကောင်းလျှင်လည်း ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေမည် ဖြစ်သည်။

​သူတို့ အပေါင်းအပါများရှိရာသို့ ပြန်ရောက်သောအခါ ယွမ်ကျန်းက ချန်တာ နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း လာရောက် တင်ပြသည်။

​ဖန်ချန်က ချန်တာကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

“တင်ပြစရာ ဘာရှိလို့လဲ”

​ချန်တာ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားရိပ်များ ပေါ်လာကာ ဒူးတစ်ဖက် ထောက်လိုက်ပြန်သည်။

“စစ်သူကြီးဖန်ကို ဂါရဝပြုပါတယ်ခင်ဗျာ”

​သူ့ကို ကြိုးတုပ်ထားသည်ကို မြင်သောအခါ ဖန်ချန်က

“သူ့ကို ဖြည်ပေးလိုက်”

ဟု အချက်ပြလိုက်သည်။

​ယွမ်ကျန်းက ချန်တာကို ချက်ချင်း ဖြည်ပေးလိုက်သည်။ လွတ်မြောက်သွားသော်လည်း ချန်တာသည် မြေပြင်တွင် ဒူးထောက်နေဆဲဖြစ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“စစ်သူကြီးဖန် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ကောင်းကင်ဓားအိမ်တော်နားက ဖြတ်သွားတုန်းက တစ်ခုခုကို တွေ့ခဲ့ရပါတယ်...”

​ဟွမ်ဖူကျဲ့နှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။

ချန်တာသည် အရေးကြီးသည့် သတင်းကို တင်ပြလိုသည်ဟု ဆိုခဲ့ရာ၊ ယခု ကောင်းကင်ဓားအိမ်တော်အကြောင်းကို ပြောလာပြီဖြစ်သဖြင့် ၎င်းမှာ ကောင်းကင်ဓားအိမ်တော်ကို သတ်ဖြတ်ချေမှုန်းခဲ့သည့် တရားခံနှင့် ပတ်သက်နေနိုင်သည် မဟုတ်ပါလား။

​“ဆက်ပြောပါ”

ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။

​ချန်တာက သွားကို တင်းတင်းကြိတ်ကာ

“ကျွန်တော် အဲဒါကို မြင်လိုက်တဲ့အချိန်မှာပဲ ကျွန်တော် မမြင်သင့်တာကို မြင်မိသွားပြီဆိုတာ သိလိုက်ပါတယ် အစကတော့ မြောက်ဘက်ဒေသကို ထွက်ပြေးပုန်းအောင်းဖို့ ကြံစည်ခဲ့တာပါ ဒါပေမဲ့ အခု စစ်သူကြီးကိုယ်တိုင် လာစုံစမ်းနေပြီဆိုတော့ ကျွန်တော် မကြောက်တော့ပါဘူး။”

​“အဲဒီနေ့က ကျွန်တော် ကောင်းကင်ဓားအိမ်တော်နားက ဖြတ်သွားတုန်းက လူတစ်ယောက်က သူတို့တပည့်တွေကို သတ်နေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ လက်ဖဝါးတစ်ချက်တည်းနဲ့တင် တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရတွေကို စုပ်ယူလိုက်ပြီး၊ ပြိုင်ဘက်ကို အရေခွံနဲ့ အရိုးပဲကျန်တဲ့ အလောင်းခြောက်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာပါ”

ထိုသို့ပြောရင်း ချန်တာသည် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။ ကိုယ်ခံပညာရှင်တစ်ဦးအနေဖြင့် ထိုကဲ့သို့ ထူးဆန်းသော ကိစ္စမျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။

​“လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်ကို သေချာ မှတ်မိလား”

ဖန်ချန်က မေးလိုက်သည်။

​အားလုံးက ချန်တာကို အာရုံစိုက် ကြည့်နေကြသည်။ ချန်တာ၏ နောက်ထပ်စကားများသည် သူတို့၏ စုံစမ်းစစ်ဆေးမှုအတွက် အလွန် အရေးကြီးသော အချက်အလက်များ ဖြစ်လာနိုင်သည်။ ၎င်းက တရားခံဆီသို့ တိုက်ရိုက် လမ်းညွှန်ပေးနိုင်သည် မဟုတ်ပါလား။

​“ကျွန်တော် သူ့မျက်နှာကို သေချာ မမြင်ရပါဘူးကျွန်တော်က အဝေးကနေ ပုန်းပြီး ကြည့်နေရတာပါ သူက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး လူငယ်လေးတစ်ယောက်ပုံစံ ရှိတယ်ဆိုတာပဲ သိလိုက်ရပါတယ် သူ့ကို မြင်လိုက်ရင် ဒီလောက် လူအမြောက်အမြားကို သတ်ဖြတ်နိုင်မယ့်သူလို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး”

ဟု ချန်တာက တုန်တုန်ယင်ယင် ပြောပြသည်။

​“သေချာ မမြင်လိုက်ရဘူးပေါ့...”

​အားလုံးက အနည်းငယ် စိတ်ပျက်သွားကြသည်။

​“ဒီလိုလုပ် မင်း သဘောတူမယ်ဆိုရင် ခဏလောက် ငါတို့နောက် လိုက်ခဲ့ပါ ငါတို့နဲ့အတူရှိရင် မင်း ထွက်ပြေးနေစရာ မလိုတော့ဘူး တရားခံကို ဖမ်းမိသွားတဲ့အခါမှ မင်းလည်း အေးအေးဆေးဆေး နေနိုင်မှာပေါ့”

ဟု ဖန်ချန်က ပြုံးလျက် အကြံပြုသည်။

​ချန်တာက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိမ့်လိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော် လိုက်ခဲ့ပါ့မယ်”

​“ဒါဆိုရင် ကောင်းကင်ဓားအိမ်တော်ကို အရင်သွားကြတာပေါ့ တပ်မှူးကျွယ်မှာ ဘာသဲလွန်စတွေ ရှိမလဲဆိုတာ ကြည့်ရအောင်”

ဖန်ချန်က ပြုံးလိုက်သည်။

​ထို့နောက် အုပ်စုသည် ကောင်းကင်ဓားအိမ်တော်ရှိရာသို့ အမြန်ဆုံး ခရီးဆက်ကြသည်။

ဖန်ချန်သည် အစက နက်နဲသောဓားဂိုဏ်းသို့ အရင်သွားရန် စိတ်ကူးထားသော်လည်း၊ တပ်မှူးကျွယ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဖြစ်ရပ်မှန် ဖြစ်ပွားခဲ့သည့် နေရာသို့ အရင်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​ကောင်းကင်ဓားအိမ်တော်သည် ပထမဆုံး အသတ်ခံရသည့် နေရာဖြစ်သဖြင့် တရားခံ၏ သဲလွန်စများကို ရှာဖွေတွေ့ရှိရန် အခွင့်အလမ်း အများဆုံး ရှိပေလိမ့်မည်။

​နှစ်နာရီခန့် အကြာတွင်။

​စိမ်းလန်းစိုပြည်သော သစ်ပင်များ ဖုံးလွှမ်းနေသည့် တောင်ကုန်းတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ကောင်းကင်ဓားအိမ်တော်၏ ချန် မိသားစုမှာ ထိုနေရာတွင် အခြေစိုက်ပြီး မိုင်တစ်ရာ ပတ်လည်တွင် အင်အားကြီး သော မိသားစုကြီး ဖြစ်သည်။

ထိုနေရာ ဝန်းကျင်တွင် ချန်မိသားစုနှင့် နီးစပ်သော မြို့ငယ်လေးများစွာ ရှိသည်။ အမှန်စင်စစ် ထိုဒေသရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ချန် ဟူသော မျိုးရိုးအမည်ကို ခံယူထားသူများ ဖြစ်ကြသည်။

​အုပ်စုသည် မြို့ငယ်လေးတစ်ခုကို ဖြတ်သွားသောအခါ ဒေသခံများသည် သူတို့ကို သတိထားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားခြင်းက သူတို့အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေသည်။

​မိသားစု၏ အဓိက အထောက်အပံ့ ပြိုလဲသွားသောအခါ ပြဿနာများ ပေါ်ပေါက်လာတော့သည်။

အခွင့်အရေးကို စောင့်နေသော ရန်သူများသည် တံခါးလာခေါက်ကြသည်။ ချန်မိသားစု၏ အဓိက ဂိုဏ်းချုပ်နေရာကို မဖျက်ဆီးနိုင်သော်လည်း၊ သူတို့သည် သာမန် ပြည်သူလူထုကို ဒုက္ခပေးလာကြသည်။

​ကံကောင်းသည်မှာ မြို့သူမြို့သားများမှာ လုံးဝ လက်နက်ချသူများ မဟုတ်ပေ။ သူတို့သည် စုစည်းကာ အခွင့်အရေးသမား လူဆိုးများကို အင်အားသုံး၍ မောင်းထုတ်နိုင်ခဲ့ကြသည်။

​“ချန်မိသားစုရဲ့ အဋ္ဌမမြောက် ညီအစ်ကို ချန် မင်းတို့ ကောင်းကင်ဓားအိမ်တော် ရှိတုန်းကတော့ သူတို့ရဲ့ အရှိန်အဝါကို အားကိုးပြီး ငါ့ဆီက ချေးထားတဲ့ ငွေစင် သုံးထောင်ကို မပေးဘဲ နေခဲ့တာပေါ့ အခုတော့ သူတို့လည်း မရှိတော့ဘူးဆိုတော့ မင်း ဘယ်သူ့ကို အားကိုးဦးမှာလဲ”

​“အခုချက်ချင်း ငွေစင် သုံးထောင်ကို ပေးစမ်း မပေးရင် ဒီနေ့ မင်းအိမ်ကို မီးရှို့ပြီး မင်းတို့ မိသားစုတစ်ခုလုံးကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်ပစ်မယ်”

​လူအုပ်စုတစ်စုသည် ကြီးမားသော အိမ်တော်ကြီးတစ်ခု၏ ရှေ့တွင် ခြိမ်းခြောက်နေကြသည်။

ပတ်ဝန်းကျင်တွင် ကြည့်နေသူများဖြင့် ပြည့်နှက်နေပြီး အိမ်တော်ရှေ့တွင်မူ အသက်အရွယ်စုံ လူအုပ်စုတစ်စု စုဝေးနေကြသည်။

​ခေါင်းဆောင်ဖြစ်သူမှာ အသက်လေးဆယ်ခန့် ရှိပုံရသည်။ ထိုသူများ၏ ရိုင်းစိုင်းသော ခြိမ်းခြောက်မှုကို ကြားသောအခါ သူက ဒေါသတကြီး ပြန်အော်သည်။

“အဲဒီတုန်းက ငါ မင်းဆီက ငွေစင် သုံးရာပဲ ချေးခဲ့တာ ပြီးတော့ ငါ ခြောက်ရာအထိ အပြည့်အဝ ပြန်ဆပ်ပြီးပြီလေ ငါ မင်းဆီက ဘယ်တုန်းက သုံးထောင် ချေးခဲ့လို့လဲ မောက်မာလွန်းမနေနဲ့ ဝိညာဉ်ကျားဂိုဏ်း”

All Chapters