အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၉၁ - မင်းလည်း သူတို့ဆီ လိုက်သွားသင့်တယ်
"သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား"
ကျင့်ကြံသူတစ်ဦးက ဇဝေဇဝါဖြစ်လျက် ရေရွတ်လိုက်သည်။
ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်နေကြသည်။ ကျိုးရိစန်းလို လူမျိုးက ဘာလို့ သာမန်လူသား စစ်သည်တစ်ယောက်ကို မှတ်မိနေရတာလဲ
ဖန်ချန်သည် ကျိုးရိစန်း၏အနီးသို့ ရောက်သောအခါ ခြေလှမ်းရပ်လိုက်ပြီး မေးလိုက်သည်။
"မင်း ငါ့ကို သိနေတာလား"
"သိတာပေါ့"
ကျိုးရိစန်းက နှာခေါင်းရှုံ့လိုက်သည်။
"လွန်ခဲ့တဲ့ ငါးနှစ်က ဝိညာဉ်သွေးဂိုဏ်းဟာ မင်းကြောင့် သွေးဝိညာဉ်ဆေးလုံး ခြောက်လုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်နိုင်ခဲ့တာလေ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းဟာ ဘာမှနားမလည်ဘဲ ငါ့လက်ထဲမှာ သေရတော့မှာပဲ ငါတို့ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ် သာမန်လူတွေရဲ့ မျက်စိထဲမှာတော့ မင်းက မဟာရှရဲ့ စစ်သူကြီးဖြစ်နေမှာပေါ့၊ ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့ မင်းဟာ ငါအလိုရှိသလို သုံးလို့ရတဲ့ နယ်ရုပ်လေးတစ်ရုပ်သက်သက်ပဲ"
ဖန်ချန်က ပြုံးလိုက်ရုံသာ ပြုပြီး
"ဒါဆို မင်း အခုလောလောဆယ် လက်လှမ်းမနိုင်သေးဘူးပေါ့"
ကျိုးရိစန်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
ဖန်ချန်က ရယ်မောလိုက်သည်။
"မင်းသာ တိုက်ခိုက်နိုင်စွမ်းရှိရင် ဒီလောက် စကားတွေ အများကြီး ပြောမနေဘဲ ငါ့ကို အစောကြီးကတည်းက သတ်ပြီးနေမှာပေါ့"
ဖန်ချန်သည် မြေပြင်ပေါ်တွင် လဲကျနေသော ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ ကျိုးရိစန်းဘက် ပြန်လှည့်လိုက်သည်။
"သူတို့ပြောတာ မှန်တယ် မင်း အခု ကိုးခုမြောက် သွေးကြောကို ဖော်ထုတ်နေတာဆိုတော့ ဘာမှလုပ်လို့မရဘူး တကယ်လို့ မင်းသာ အခု လှုပ်ရှားလိုက်ရင် မင်းရဲ့ သွေးကြောဖော်ထုတ်မှု ပျက်စီးသွားပြီး ချီသန့်စင်ခြင်း နဝမအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်"
ကျိုးရိစန်း၏ မျက်လုံးထဲတွင် အံ့သြရိပ်များ လျှပ်ခနဲ ပေါ်သွားသည်။ ဖန်ချန်က ကျင့်ကြံခြင်းဆိုင်ရာ အခေါ်အဝေါ်များကို အသုံးပြုနေခြင်းမှာ သူသည် ကျင့်ကြံခြင်းအကြောင်းကို အတော်အတန် သိထားသည်ဟု ဆိုလိုခြင်းပင်။ သာမန် ကိုယ်ခံပညာရှင်တစ်ယောက်က ဒါတွေကို ဘယ်လိုလုပ် သိနေရတာလဲ
ဖန်ချန်၏ အပြုံးက ပိုမိုကျယ်ပြန့်လာပြီး သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"မင်း ဇဝေဇဝါ ဖြစ်နေတာ ငါခံစားလို့ရပါတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းဟာ ဘာမှနားမလည်ဘဲ သေသွားရတော့မှာပဲ"
ထိုအချိန်တွင် ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ကြားဖြတ်အော်ပြောသည်။
"ညီလေး မင်း ကျင့်ကြံခြင်းအကြောင်း သိထားမှတော့ ဒီနေရာကနေ အမြန်ပြေးပြီး ငါတို့အတွက် သတင်းပါးပေးပါတော့ မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ မင်းမှာ ဘယ်လို လျှို့ဝှက်လက်နက်ပဲ ရှိရှိ၊ သူ့ရဲ့ ဝိညာဉ်စွမ်းအင် ကာကွယ်ရေးအလွှာ ကို မင်း ဖောက်နိုင်မှာ မဟုတ်ဘူး"
ကျိုးရိစန်းက နှုတ်ခမ်းကို တွန့်ရုံပြုံးလိုက်သည်။
"သူပြောတာ မှန်တယ် မင်း ငါ့ကို အနာတရဖြစ်အောင် မလုပ်နိုင်ဘူး။ အခု ငါ မင်းကို မကိုင်တွယ်နိုင်သေးပေမဲ့ ငါ အဆင့်တက်ပြီးတာနဲ့ မင်းနောက်ကို လိုက်လာခဲ့မယ်။ မင်းရှိတဲ့ မြို့တော်အထိ လိုက်လာပြီး မင်းကို သတ်မယ်"
"မင်းရဲ့ မိသားစုဝင်တွေလည်း သေခြင်းတရားကနေ လွတ်မှာမဟုတ်ဘူး။ မင်းရှေ့မှာတင် သူတို့ရဲ့ သွေးအနှစ်သာရတွေကို တစ်ယောက်ပြီးတစ်ယောက် ငါစုပ်ယူပြမယ်။ မင်းဟာ မျှော်လင့်ချက်မဲ့စွာနဲ့ သူတို့ သေသွားတာကို ထိုင်ကြည့်နေရလိမ့်မယ်။ အဲဒီခံစားချက်က မင်း သေသွားရင်တောင် မင်းကို ခြောက်လှန့်နေလိမ့်မယ်"
ဟု ကျိုးရိစန်းက ရိုင်းစိုင်းစွာ ခြိမ်းခြောက်သည်။
ဖန်ချန်က ခပ်ဟဟ ရယ်လိုက်သည်။
"ငါ ရွှီဟွေ့ကို အစောကြီးကတည်းက ကောင်းရာပို့ပေးလိုက်ပြီ အဘွားကျင်းဟွာလည်း အတူတူပဲ။ အော်... ဟုတ်သားပဲ၊ တာအိုဆရာ ရွှယ်ကတော့ အစောဆုံး သေသွားတဲ့သူပေါ့။"
ဖန်ချန်၏ လက်ထဲတွင် နဂါးတုတ်ကောက် ပေါ်လာသည်။
"မင်းလည်း သူတို့ဆီကို လိုက်သွားပြီး အဖော်စပ်ပေးလိုက်သင့်တယ်"
ထိုသို့ပြောပြီးနောက် သူသည် နဂါးတုတ်ကောက်ကို ကျိုးရိစန်း၏ ခေါင်းပေါ်သို့ အားကုန်လွှဲရိုက်လိုက်တော့သည်။
ကျိုးရိစန်းမှာ ဖန်ချန်၏ စကားကြောင့် မှင်တက်သွားပြီး သူ့ထံသို့ ကျရောက်လာမည့် အန္တရာယ်ကို ခဏမျှ သတိမထားမိလိုက်ပေ။
ရွှီဟွေ့နဲ့ အဘွားကျင်းဟွာတို့ သေသွားပြီ ဟုတ်လား
သူ အံ့သြနေစဉ်မှာပင် နဂါးတုတ်ကောက်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါက သူ့ကို တိုက်ခိုက်လာသည်။
တစ်၊ နှစ်၊ သုံး...
ဝိညာဉ်တံဆိပ် ၁၂ ခု ဖန်ချန်မှာ ဒီလို ရတနာမျိုး ရှိနေတာလား
ကျိုးရိစန်း တုံ့ပြန်ရန် အချိန်မရတော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များက သူ့ကို ကာကွယ်ရန် အသည်းအသန် ထွက်ပေါ်လာသော်လည်း နဂါးတုတ်ကောက်နှင့် ထိတွေ့လိုက်သည်နှင့် ကာကွယ်ရေးအလွှာမှာ ဖန်ခွက်တစ်ခုလို အပိုင်းပိုင်း ကွဲကြေသွားတော့သည်။
ဘာမှ သံသယဖြစ်စရာ မလိုတော့ပေ။ နဂါးတုတ်ကောက်က ကျိုးရိစန်း၏ ဦးခေါင်းခွံကို တည့်တည့်ဆွဲရိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြာအဖြစ် ကြွေကျသွားတော့သည်။ သူ ဖြစ်ပေါ်စေခဲ့သည့် အပြည့်အဝ မသေမျိုးသွေးကြော ရှစ်ခုနှင့် ဖြစ်ပေါ်ဆဲ ကိုးခုမြောက် သွေးကြောတို့မှာလည်း တစ်ခုပြီးတစ်ခု ပျက်စီးသွားကြသည်။
သူ စုပ်ယူထားသော ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲမှ ပြန်လည် ထွက်ခွာသွားပြီး လောကကြီးထဲသို့ ပြန်လည် ပျံ့နှံ့သွားသည်။ ကျိုးရိစန်း ရပ်နေခဲ့သည့် နေရာတွင် ဓားတစ်ချောင်းသာ မြေပြင်ပေါ်သို့ ချွမ်း ကနဲ အသံနှင့်အတူ ကျန်ရစ်တော့သည်။
သူ၏ တည်ရှိမှုဆို၍ ကျန်ရစ်နေသော အငွေ့အသက် အနည်းငယ်သာ ရှိတော့သည်။
ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများကို ဝိုင်းရံထားသည့် နီရဲသော အလင်းတန်းများသည် ကျိုးရိစန်း၏ ပြာများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
သူတို့ လွတ်မြောက်သွားသော်လည်း မည်သူမှ သတိမဝင်လာသေးဘဲ ဖန်ချန်ကိုသာ ကြောင်ကြည့်နေကြသည်။
ချီသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေသည့် ကျင့်ကြံသူတစ်ဦးကို သာမန် ချီအမြုတေအဆင့် ကိုယ်ခံပညာရှင်တစ်ယောက်က သတ်ပစ်လိုက်သည် ဟုတ်လား
"ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ ရတနာ ငါတို့ ကောင်းကင်တောင်ပိုင်းဂိုဏ်းမှာတောင် အဲဒီလို ရတနာမျိုး အများကြီး မရှိဘူး"
တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဖန်ချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ့မှာ သိုလှောင်လက်စွပ်တောင် မရှိဘူးလား ကျင့်ကြံခြင်းလောကမှာ သိုလှောင်လက်စွပ်တွေက အမှန်တကယ် ရှားပါးပုံရသည်။
ဖန်ချန်သည် မြေပြင်ပေါ်မှ ဓားရှည်ကို ကောက်ယူကာ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီး ကျန်ရှိနေသော ကျင့်ကြံသူ ခုနစ်ယောက်ထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားတို့ အဆင်ပြေကြရဲ့လား"
"ငါတို့ အသက်ရှင်ဖို့ မလွယ်တော့ပါဘူး သူငယ်ချင်း... ငါတို့ရဲ့ သွေးအနှစ်သာရတွေ အကုန် စုပ်ယူခံလိုက်ရပြီ။"
နောက်ဆုံး ထွက်သက်ကို ခက်ခဲစွာ ရှူနေရသည့် ကျင့်ကြံသူက သူ၏ဘေးတွင် စိမ်းရောင်ကျောက်ပြား တစ်ခုကို အားယူကာ ချထားပေးသည်။
"ဒီမှာ... ငါတို့ ကြုံခဲ့ရတာတွေကို ဒီထဲမှာ အသေးစိတ် မှတ်တမ်းတင်ထားပါတယ် ဒီကျောက်ပြားကို မီးနိုင်ငံ မှာရှိတဲ့ ကောင်းကင်တောင်ပိုင်းဂိုဏ်းဆီကို ပြန်ပို့ပေးဖို့ မျှော်လင့်ပါတယ်။ ငါတို့ အရမ်း ကျေးဇူးတင်မိမှာပါ..."
ထိုစကားကို ပြောပြီးနောက် သူ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပိတ်သွားပြီး အသက်ဓာတ် ကွယ်ပျောက်သွားတော့သည်။
မကြာမီမှာပင် သူ၏ အပေါင်းအပါများလည်း တစ်ယောက်ပြီးတစ်ယောက် အသက်ထွက်ကုန်ကြသည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့"
ဖန်ချန်က တိုးတိုးလေး ဆိုလိုက်သည်။
သူတို့သာ မသေခဲ့ရင် ဖန်ချန်အတွက် အခက်တွေ့နိုင်သည်၊ အကြောင်းမှာ သူတို့သည် ဖန်ချန်၏ နဂါးတုတ်ကောက်ကို မြင်ဖူးသွားပြီး ကျိုးရိစန်းကို သတ်လိုက်သည်ကိုလည်း သိသွားကြသောကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်သွားသည်မှာ ပို၍ ကောင်းပေသည်။
ထို့နောက် ဖန်ချန်သည် ထိုနေရာကို ရှင်းလင်းကာ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ကျင်းကြီးတစ်ကျင်းတူးကာ ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ ကျင့်ကြံသူများကို မြှုပ်နှံပေးလိုက်သည်။
"နောင်တစ်ချိန်မှာ ဒီနေရာဟာ စိမ်းလန်းစိုပြည်တဲ့ နေရာတစ်ခု ဖြစ်လာမှာ သေချာတယ်"
ဟု ဖန်ချန်က သူ့ဘာသာ ပြောရင်း ထွက်ခွာခဲ့သည်။
သူတို့၏ အလောင်းများမှ ထွက်ပေါ်လာမည့် ဝိညာဉ်စွမ်းအင်များကြောင့် ထိုဒေသတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်လာပေလိမ့်မည်။
လေးနာရီခန့် အကြာတွင်။
ကောင်းကင်ဓားအိမ်တော်။
ဖန်ချန်က လက်စွပ်ကို အသာဝေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ မြေပြင်ပေါ်တွင် ပေါ်လာသည်။
ပထမဆုံး သူ သတိထားမိသည့် ပစ္စည်းမှာ ကျိုးရိစန်း၏ ဓားဖြစ်ပြီး ၎င်းတွင် ဝိညာဉ်တံဆိပ် ၈ ခု ပါဝင်သည်။ ၎င်းမှာ အတော်အတန် ကောင်းမွန်သော ရတနာဖြစ်ပြီး ဝိညာဉ်ကျောက်တုံး အတော်များများနှင့် လဲလှယ်နိုင်သည်။ ဖန်ချန် ကိုယ်တိုင်လည်း သိမ်းထား၍ ရသည်။
နောက်ထပ် သူ တွေ့ရှိသည်မှာ ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်များ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ သူတို့တွင် စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ နီးပါးနှင့် ကျင့်စဉ်ကျမ်းအချို့ ပါဝင်သည်။
ထိုကျင့်စဉ်ကျမ်းများသည် ဖန်ချန် လက်ရှိ အလိုအပ်ဆုံးသော အရာများ ဖြစ်သည်။
"ကျင့်ကြံခြင်းလောကမှာ သူတစ်ပါးကို အလွယ်တကူ မယုံကြည်သင့်ဘူး..."
ဖန်ချန်က ဆင်ခြင်မိသည်။
ဒီဖြစ်ရပ်ကနေ သူ ပစ္စည်းအမြောက်အမြား ရရှိခဲ့သည်။ အခုဆိုရင် သူ့မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
အကယ်၍ ရတနာများကိုပါ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်လိုက်လျှင် သူသည် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဖန်ချန်က ကျမ်းတစ်စောင်ကို ကောက်ယူကာ လှန်ကြည့်လိုက်သည်။
"ခရမ်းရောင်ချီကျင့်စဥ် ဒါကို ငါ့မိဘတွေ စမ်းကြည့်လို့ ရနိုင်တယ်"
၎င်းမှာ ဝိညာဉ်သွေးကျမ်း လို မိစ္ဆာကျင့်စဉ်မဟုတ်ဘဲ ဖြောင့်မတ်သော လမ်းစဉ်၏ ကျင့်စဉ်တစ်ခု ဖြစ်သည်။
ထို့နောက် ဖန်ချန်က အခြားကျမ်းနှစ်စောင်ကို ကောက်ယူလိုက်သည်။
"မီးလုံးအတတ် ရေခဲမြားအတတ် "
မီးလုံးအတတ်မှာ အဘွားကျင်းဟွာ သုံးခဲ့သည့် နည်းလမ်းနှင့် ဆင်တူသည်။ ကျင့်ကြံခြင်းလောကတွင် မီးလုံးအတတ်မှာ အခြေခံကျပြီး အသုံးများသော နည်းလမ်းတစ်ခု ဖြစ်ပုံရသည်။
"ငါ ပြန်ရောက်ရင် မီးလုံးအတတ်နဲ့ ရေခဲမြားအတတ်ကို စမ်းပြီး ကျင့်ကြည့်ရမယ်"
ပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ပြီးနောက် ဖန်ချန်သည် အဆောင် အချို့ကို ထုတ်ကာ ခရမ်းရောင်လျှပ်စီး လက်နက်အဆောင်များကို စတင် ပြုလုပ်တော့သည်။ သူ့အတွက်မူ အဆောင် ပြုလုပ်ခြင်းမှာ ကျင့်ကြံခြင်း လုပ်ငန်းစဉ် တစ်ခုပင် ဖြစ်သည်။
နောက်တစ်နေ့ မနက်တွင်။
ကျွယ်ပန်းရှီသည် ဖန်ချန်ထံသို့ လာရောက်ကာ ကောင်းကင်ဓားအိမ်တော်ကို သတ်ဖြတ်ခဲ့သည့် တရားခံ ဘယ်မှာ ရှိနိုင်မလဲဆိုသည်ကို ဆွေးနွေး အကြံဉာဏ်တောင်းခံသည်။
"အော်... သူ သေသွားပြီ"
ဟု ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။
"သေသွားပြီ ဟုတ်လား"
ကျွယ်ပန်းရှီမှာ ထိတ်လန့်သွားသည်။ တစ်ညတည်းတင် ရှိသေးသည်လေ ကောင်းကင်ဓားအိမ်တော်ကို ချေမှုန်းခဲ့တဲ့ တရားခံက စစ်သူကြီးဖန်ရဲ့ လက်ထဲမှာ သေသွားပြီတဲ့လား ကျွယ်ပန်းရှီမှာ မယုံနိုင်အောင် ဖြစ်နေရသည်။
"ဟုတ်တယ်"
ဖန်ချန်က ခေါင်းညိမ့်ပြသည်။
"ဒါကြောင့် ငါ ဒီနေ့ ပြန်တော့မယ် တပ်ကြပ်ကြီးယွမ်နဲ့ တခြားသူတွေကတော့ မင်းနဲ့အတူ ဒီမှာနေပြီး ပြည်နယ်ကို အုပ်ချုပ်ဖို့ ကူညီပေးလိမ့်မယ်ကိုယ်ခံပညာရှင် အနည်းငယ်ရှိတာကို အခွင့်ကောင်းယူပြီး သာမန်ပြည်သူတွေကို နှိပ်စက်နေတဲ့ ဂိုဏ်းငယ်လေးအချို့ ရှိနေတယ်။ ဒါမျိုးကို ဆက်ပြီး ခွင့်မပြုနိုင်ဘူး"
ဟု ဖန်ချန်က တည်ငြိမ်စွာ ဆိုလိုက်လေသည်။
အခန်း ၉၂ - အဆင့်မြင့်အင်ပါယာ
ဖန်ချန်သည် မြို့တော်သို့ ပြန်ရန် ပြင်ဆင်နေကြောင်း သိလိုက်ရသောအခါ ဟွမ်ဖူကျဲ့ သည် အပြေးအလွှား ရောက်လာသည်။
"တရားခံတွေကို တကယ်ပဲ သတ်လိုက်ပြီလား သခင်လေး"
သူက လုံးဝ မယုံနိုင်ဘဲ အံ့အားသင့်စွာ မေးလိုက်သည်။
ကျွယ်ပန်းရှီထံမှ သတင်းကြားရသောအခါ သူ မယုံနိုင်ခဲ့ပေ။ ကောင်းကင်ဓားအိမ်တော်ကို ချေမှုန်းခဲ့သော တရားခံများသည် ဖန်ချန် ရောက်ရှိလာပြီး တစ်ညတည်းနှင့် အသတ်ခံလိုက်ရသည် ဟုတ်လား
နတ်သမီးယွီနှင့် ချင်းဟဲတို့လည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေကြသည်။
ယွမ်ကျန်းနှင့် သူ၏လူများမှာလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သူတို့သည် စုံစမ်းစစ်ဆေးခြင်း ပညာရပ်များကို လူတိုင်းရှေ့တွင် ထုတ်ကြွားပြပြီး တရားခံကို ဖော်ထုတ်ရန် စီစဉ်ထားခဲ့ကြသော်လည်း... ဖန်ချန်က တစ်ညတည်းနှင့် အရာအားလုံးကို အပြတ်ရှင်းပစ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဖန်ချန်က ခေါင်းညိမ့်ပြကာ
"သူတို့ သေချာပေါက် သေသွားပြီ"
ဟု ဆိုသည်။
၎င်းကို ကြားသော်လည်း အခြားသူများမှာ မယုံနိုင်သေးသော်လည်း ဖန်ချန်၏ စကားကိုသာ ယုံကြည်လိုက်ကြရသည်။
"ငါ ဒီနေ့ပဲ ထွက်ခွာတော့မယ်"
ဖန်ချန်က ဆက်ပြောသည်။
"ယွမ်ကျန်းနဲ့ တခြားသူတွေကတော့ ဒီမှာနေပြီး တောင်ပိုင်းမသေမျိုးပြည်နယ်မှာရှိတဲ့ ဂိုဏ်းတွေကို ကိုင်တွယ်ဖို့ တပ်မှူးကျွယ်နဲ့ ပူးပေါင်းဆောင်ရွက်လိုက်ကြ"
ထို့နောက် ဖန်ချန်က ဟွမ်ဖူကျဲ့ကို ကြည့်ကာ
"မင်းက ချီအမြုတေအဆင့် ကို တက်လှမ်းတော့မှာဆိုတော့ ဒါကိုယူသွားပြီး ကျင့်ကြံတော့"
ဟွမ်ဖူကျဲ့က သက်ပြင်းတစ်ချက်ချကာ
"တိုက်ခိုက်ခွင့် မရလိုက်တာ နှမြောစရာပဲဗျာ..."
ထို့နောက် သူက လက်သီးဆုပ် နှုတ်ဆက်ကာ
"ကျွန်တော် အခုချက်ချင်းပဲ နက်နဲသောဓားဂိုဏ်း ကို ပြန်ပြီး ကျင့်ကြံပါတော့မယ် ချီအမြုတေအဆင့်ကို မရောက်မချင်း ပြန်မထွက်လာတော့ဘူး ခရီးလမ်းတစ်လျှောက် ဘေးကင်းပါစေ သခင်လေးနောင်တစ်ချိန်မှာ ပြန်ဆုံကြတာပေါ့"
ဖန်ချန်က ပြုံးလျက် "
လိုက်ပို့နေစရာ မလိုပါဘူး"
ဟု ဆိုလိုက်သည်။
တစ်နာရီအကြာတွင် ဖန်ချန်နှင့် အမျိုးသမီးနှစ်ဦး မြင်းစီးကာ ထွက်ခွာသွားသည်ကို ယွမ်ကျန်းးနှင့် အခြားသူများက ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
ယွမ်ကျန်းက ကျွယ်ပန်းရှီဘက် လှည့်ကာ
"စစ်သူကြီးဖန်က ကျွန်တော်တို့ကို တပ်မှူးနဲ့ ပူးပေါင်းပြီး တောင်ပိုင်းက ဂိုဏ်းငယ်လေးတွေကို ရှင်းလင်းဖို့ အမိန့်ပေးထားတယ်။ တပ်မှူးကျွယ်က ဒီဒေသကို အကျွမ်းကျင်ဆုံးဆိုတော့... ဘယ်ကနေ စကြမလဲ"
ကျွယ်ပန်းရှီက သူ့ကို တစ်ချက်ကြည့်ကာ ခဏစဉ်းစားပြီးမှ
"ငါ့ဆီမှာ စာရင်းတစ်ခု ရှိတယ် အဲဒီစာရင်းထဲက တတိယတန်းစား အဖွဲ့အစည်းတွေကနေ စကြတာပေါ့"
ဟု ဖြေလိုက်သည်။
ဖန်ချန်က ယွမ်ကျန်းတို့ကို ချန်ထားခဲ့ခြင်းမှာ သူပေးအပ်ထားသည့် တာဝန်ကြောင့်ဖြစ်ကြောင်း သူ သိထားသည်။ အကယ်၍ သူသာ အလုပ်ကို ကောင်းကောင်းမလုပ်လျှင် ယွမ်ကျန်းက ဖန်ချန်ထံ ချက်ချင်း သတင်းပို့မည်မှာ သေချာသည်။
သူသည် ဖန်ချန်ကို စိတ်ဆိုးအောင် မလုပ်လိုသည်မှာ အမှန်ပင်။
မြို့တော်သို့အပြန်လမ်းတွင် ချင်းဟဲမှာ တစ်ခုခုကို ပြောရန် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် စပ်စုလိုစိတ်က အနိုင်ရသွားပြီး မေးလိုက်မိသည်။
"သခင်လေး... ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူကို တကယ်ပဲ သတ်လိုက်တာလား"
နတ်သမီးယွီ၏ နားများမှာလည်း စွင့်သွားသည်။
သူမသည် ဝိညာဉ်သွေးဂိုဏ်းအကြောင်း တစ်ကြိမ်ထက်မက ကြားဖူးထားသဖြင့် အလွန်ပင် စိတ်ဝင်စားနေသည်။
"သူ သေချာပေါက် သေသွားပြီ သူခေါ်လာတဲ့ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေလည်း သေကုန်ကြပြီ။ ဒါပေမဲ့..."
ဖန်ချန်၏ မျက်လုံးများတွင် စိုးရိမ်ရိပ် အနည်းငယ် ပေါ်လာကာ
"ဒါက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတာလောလောဆယ်တော့ မဟာရှက ဘေးကင်းနိုင်ပေမဲ့ အချိန်အတန်ကြာရင် ဝိညာဉ်သွေးဂိုဏ်းက ဘာဖြစ်ခဲ့လဲဆိုတာ စုံစမ်းဖို့ လူလွှတ်မှာ သေချာတယ်"
ချင်းဟဲ၏ မျက်လုံးများ လှုပ်ခတ်သွားသည်။
"ဒါဆို... ကျွန်မ ဂိုဏ်းကို ပြန်ပြီး ဆရာ့ဆီက အကူအညီ တောင်းကြည့်ရင်ကော မဟာရှမှာရှိတဲ့ ဝိညာဉ်သွေးဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူကိုသာ အပြတ်ရှင်းနိုင်ရင် သူတို့ ဘာမှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး"
ဖန်ချန်က သူမကို အံ့သြတကြီး ကြည့်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ"
"လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့အတွက် ဝိညာဉ်သွေးဂိုဏ်းက တပည့်တွေဟာ အများအားဖြင့် သီးခြားစီ လှုပ်ရှားကြတာပါ ဘယ်အဖွဲ့ခေါင်းဆောင်က ဘယ်အင်ပါယာကို ဆေးဖိုအဖြစ် သုံးနေလဲဆိုတာ အထက်လူကြီးတွေက မသိကြဘူး အဲဒါက အကျင့်ပျက်ခြစားမှုတွေကို ကာကွယ်ဖို့ပဲ မဟာရှကို တာဝန်ယူထားတဲ့သူဟာ ကျင့်ကြံသူ အုပ်စုငယ်လေးတစ်ခုရဲ့ ခေါင်းဆောင်ပဲ ဖြစ်လိမ့်မယ်"
အရှင်မ ချင်းဟဲက ခဏတွန့်ဆုတ်ပြီးမှ
"ကျွန်မဆရာက တစ်ခါက ဝိညာဉ်သွေးဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ဖူးလို့ ဒါကို သိခဲ့တာပါ"
ဖန်ချန်၏ မျက်နှာပေး ပြောင်းလဲသွားသည်။
"ဒါဆိုရင်တော့..."
ချင်းဟဲ၏ ဂိုဏ်းမှာ အင်အားမနည်းလှကြောင်း သိသာသည်။ သူမ၏ဆရာမှာ ဝိညာဉ်သွေးဂိုဏ်းမှ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးကို သတ်နိုင်သည်အထိ အစွမ်းထက်ပြီး အရေးကြီးသည့် သတင်းအချက်အလက်များကိုလည်း ရရှိထားသည်။
မဟာရှကို တာဝန်ယူထားသည့် အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူကိုသာ သတ်နိုင်လျှင် မဟာရှမှာ အချိန်အတော်ကြာအောင် စိုးရိမ်စရာ မလိုတော့ပေ။
"မင်းရဲ့ဆရာက မဟာရှကို ကူညီပါ့မလား ဒါက ကြီးမားတဲ့ စွန့်စားမှုတစ်ခုပဲလေ"
ဖန်ချန်က သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ချင်းဟဲ မျက်နှာလေး နီသွားသည်။
"ကျွန်မ မသေချာဘူး၊ ဒါပေမဲ့ စမ်းကြည့်လို့ ရပါတယ်။ ဆရာက ကူညီချင်စိတ် ရှိမှာပါ"
"ကောင်းပြီ၊ ဒါဆိုရင်တော့ လီတောက်ယဲ့ နဲ့ ထျဲမ ကို မင်းနဲ့အတူ ဂိုဏ်းကို လိုက်ပို့ခိုင်းလိုက်မယ် မင်းရဲ့ ကျင့်ကြံခြင်းက နိမ့်သေးတော့ လမ်းမှာ အန္တရာယ်ကြုံရင် ကူညီပေးမယ့်သူ ရှိတာ ပိုကောင်းတယ်"
ဟု ဖန်ချန်က ဆိုသည်။
ချင်းဟဲက ခေါင်းညိမ့်ကာ
"ဟုတ်ကဲ့ပါ"
ဟု ဖြေသည်။
မြို့တော်သို့ ပြန်ရောက်သော် စည်ကားလှသော အရှေ့ဘက်မြို့တံခါးဝတွင် ထူးဆန်းသော လူတစ်စု ပေါ်လာသည်။
သူတို့သည် အယောက်တစ်ရာခန့်ရှိပြီး လျှို့ဝှက်ဆန်းပြားသော အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကာ လက်နက် အပြည့်အစုံ ပါရှိသည်။ သူတို့၏ မြင်းများသည် မာကျောသော ကျောက်ပြားလမ်းပေါ်တွင် ခြေရာများ ထင်ကျန်ရစ်သည်အထိ အားကောင်းကြသည်။
ထိုစိမ်းသက်သော်လည်း အရှိန်အဝါကြီးမားသော တပ်ဖွဲ့ကို မြင်သောအခါ ပြည်သူများမှာ ထိတ်လန့်သွားကြသည်။ သို့သော် အတွေ့အကြုံရှိသူအချို့ကမူ "
သူတို့က အဆင့်မြင့်အင်ပါယာက လူတွေပဲ"
ဟု အော်ဟစ်လိုက်ကြသည်။
"ဒါတွေက အဆင့်မြင့်အင်ပါယာက အိပ်မက်ဆိုး မြင်းစီးတပ်သား တွေပဲ သတင်းတွေအရဆိုရင် သူတို့ထဲက တစ်ယောက်ချင်းစီဟာ ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အအိပ် ပညာရှင်တစ်ယောက်နဲ့ အစွမ်းချင်း တူတယ်တဲ့"
"ရှူး..."
တစ်စုံတစ်ယောက်က အသက်ရှူပင် မှားသွားပြီး ပတ်ဝန်းကျင်ရှိ ကိုယ်ခံပညာရှင်များမှာလည်း အလန့်တကြား ဆွေးနွေးနေကြသည်။
လွန်ခဲ့သော ငါးနှစ်၊ မဟာရှ အထွတ်အထိပ်သို့ ရောက်စဉ်ကပင် ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်များကို တွေ့ရခဲလှသည်။
မြို့တော်တစ်ခုလုံး စုပေါင်းလျှင်ပင် အယောက်တစ်ရာ ပြည့်ရန် ခဲယဉ်းလှရာ ယခုကဲ့သို့ အားနည်းနေသော အခြေအနေတွင် ဆိုဖွယ်ရာ မရှိတော့ပေ။
တပ်ဖွဲ့ကို ဦးဆောင်လာသူမှာ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် စစ်မြင်းပေါ်တွင် လက်နက်အပြည့်အစုံဖြင့် ခန့်ညားစွာ ထိုင်နေပြီး သူ၏ ရေတံခွန်ကဲ့သို့ ရှည်လျားသော ဆံပင်အနက်ရောင်များမှာ ပခုံးပေါ်သို့ ဝဲကျနေသည်။
ပတ်ဝန်းကျင်မှ တီးတိုးသံများကို ကြားရသောအခါ သူ၏ မျက်လုံးများတွင် အထင်သေးရိပ်များ လျှပ်ခနဲ ပေါ်သွားသည်။
နောက်တစ်စက္ကန့်တွင် ဝတ်ပြုရေးဝန်ကြီး ထောင်မင်ရှန်းဦးဆောင်သော မဟာရှ အရာရှိကြီးငယ် ရာပေါင်းများစွာ အပြေးအလွှား ရောက်လာကြသည်။
ထိုအထဲတွင် ကူးဟဲ နှင့် ယိကျိုး အင်ပါယာများမှ ပညာရှိများလည်း ပါဝင်သည်။
လုံဟွေ့ရှင်း မှာ ဝမ်းသာအားရ ဖြစ်နေသည်။
"ဒါ အဆင့်မြင့်အင်ပါယာက လူတွေပဲ။ လုံတု က လူတွေ မဟာရှအကြောင်း တိုင်လိုက်တာ သေချာတယ်"
ထောင်မင်ရှန်းသည် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ထံသို့ ချဉ်းကပ်ကာ ချက်ချင်းပင် ဒူးထောက် အလေးပြုလိုက်သည်။ မဟာရှ အရာရှိများကလည်း နောက်ကွယ်မှ လိုက်၍ ဒူးထောက်ကြသည်။
"ကျွန်တော်မျိုး မဟာရှ ဝတ်ပြုရေးဝန်ကြီး ထောင်မင်ရှန်းပါခင်ဗျာ။ အဆင့်မြင့်အင်ပါယာက ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို အရိုအသေ ပေးအပ်ပါတယ်"
အရာရှိများ ဒူးထောက်သည်ကို မြင်သောအခါ ကြည့်ရှုနေသူ အားလုံးမှာလည်း ရွေးချယ်စရာမရှိဘဲ လိုက်၍ ဒူးထောက်ကြရတော့သည်။
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်နှင့် သူ၏အဖွဲ့မှလွဲ၍ ကျန်သူအားလုံးမှာ ဒူးထောက်နေကြသည်။
နန်းတော်ရှိ မျှော်စင်တစ်ခုပေါ်တွင် ရှောင်ယွီ နှင့် သူ၏မိခင် ကော်တော်ဟွာ တို့သည် ဧကရာဇ်နှင့် မိဖုရားကြီးတို့၏ နောက်တွင် ရပ်နေကြသည်။
မင်းသား၊ မင်းသမီးများနှင့် အခြား ကိုယ်လုပ်တော်များလည်း ဝန်းရံနေကြသည်။
"နှင်းရေစင်အင်ပါယာ က လူတွေ ရောက်လာပြီ။ သူတို့ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာတော့ မဟုတ်ဘူး"
ဧကရာဇ်သည် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်နှင့် အိပ်မက်ဆိုး မြင်းစီးတပ်သားများကို ကြည့်ကာ မျက်နှာပျက်နေသည်။
မိဖုရားကြီးမှာလည်း စိုးရိမ်မကင်း ဖြစ်နေသည်။ လုံတုအင်ပါယာ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းပြီး နယ်စားကြီးရှန်းယွီ ကို သတ်ပြီးကာစမှာပင် နှင်းရေစင်အင်ပါယာက လူလွှတ်လိုက်ခြင်းမှာ အပြစ်ပေးရန် ဖြစ်နိုင်ခြေ အလွန်များသည်။
နှင်းရေစင်အင်ပါယာသည် လုံတုအင်ပါယာက သစ္စာခံထားသော အင်ပါယာဖြစ်ပြီး မဟာရှ၊ ကုဟယ်နှင့် ယိကျိုးတို့မှာလည်း ထိုနည်းတူပင်။
လွန်ခဲ့သော နှစ်များတွင် လုံတုသည် အခွန်များကို နှစ်စဉ်တိုးမြှင့် ဆက်သခဲ့သဖြင့် နှင်းရေစင်အင်ပါယာ၏ မျက်နှာသာပေးမှုကို ရရှိထားသည်။ တစ်ဖက်တွင်မူ မဟာရှမှာမူ အခွန်များကို နှစ်စဉ် လျှော့ချခဲ့သဖြင့် နှင်းရေစင်အင်ပါယာ၏ မကျေနပ်မှုကို ခံနေရခြင်း ဖြစ်သည်။
ဧကရာဇ်သည် မိဖုရားကြီးကို တစ်ချက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒါတွေ အားလုံးက မင်းရဲ့ တူတော်မောင်ကြောင့်ပဲ"
မိဖုရားကြီး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
၎င်းကို မြင်သောအခါ အခြား ကိုယ်လုပ်တော်များမှာ စိတ်ထဲမှ ခိုး၍ ဝမ်းသာနေကြသည်။
ထိုအခွင့်အရေးကို အသုံးချကာ ကော်တော်ဟွာက ရှေ့သို့တိုးပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး... စိုးရိမ်မနေပါနဲ့။ ဒါတွေအားလုံးကို ဖန်ချန်က စခဲ့တာဆိုတော့ သူကိုယ်တိုင်ပဲ နှင်းရေစင်အင်ပါယာကို တောင်းပန်ပြီး ပြေလည်အောင် လုပ်ရမှာပေါ့"