အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
Chapter 35
~
အခန်း ၃၅
~
" မင်္ဂလာပါဗျ.. ကျုပ်တို့ ပြန်တွေ့ပြန်ပြီနော်.. ထမင်း စားပြီးပြီလား.. "
ချောင်မူက ဝမ်းသာအားရ နှုတ်ဆတ်လိုက်၏ ။
အားဖူ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး ဆံပင်များပင် ထောင်နေချေပြီ ။ ဤ သည်က ကြောက်စရာ ကောင်းလွန်းလှ၏ ။
သူ ယခုပင် တောင်အောက်သို့ ကန်ချလိုက်သော အလောင်းမှာ သူ့အား နှုတ်ဆက်နေချေသည် ။ အမွှာညီအကိုများ ဖြစ်မည်လော ။ လူသား မဟုတ်ဘဲ တစ္ဆေများ ဖြစ်နေမည်လော ။ ကျင့်ကြံသူများ ဖြစ်နေမည်လော ။
အားဖူသည် ကျင့်ကြံသူများ၏ ထူးဆန်းသည့် နည်းလမ်းများကို တွေးမိလျှင် စိတ်မသက်မသာ ဖြစ်မိသွား၏ ။
သိုင်းပညာရှင် တစ်ယောက်တွင် သံလက်သီး တစ်စုံသာရှိသည် ။ စိတ်ဝိညာဥ်အား အဓိကလေ့ကျင့်သည့် ကျင့်ကြံသူများတွင်မူ လျို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းများစွာ ရှိလေသည် ။
အားဖူသည် မြို့စားကုံးယန်၏ နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်၍ ကျင့်ကြံသူများ၏ မြင်ဖူးသည် ။
' ငါ ပုံရိပ်ယောင်တွေထဲ ရောက်နေတာများလား.. ငါ အိမ်မက်ထဲကို များ ရောက်နေတာလား.. "
သူ ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်လျှင် နှလုံးခုန်နှုန်း ပိုမြန်လာသည် ။ သူ ချောင်မူ၏ အလောင်းကို တောင်အောက်သို့ ကန်ချခဲ့သော်လည်း မြေပြင်ပေါ်ရှိ သွေးကွက်များမှာ မခြောက်သေး ။ ပြာအိုး အကွဲများလည်း နေရာအနှံ့လွင့်စင်နေပြီး ပြာမှုန်များ ပြန့်ကျဲနေသည် ။
ထိုအခိုက် ချောင်မူ၏ အသံထွက်ပေါ်လာသည် ။
" ဟေး.. အဘိုးကြီး ဘာတွေ ငုံ့ရှာနေတာလဲ.. ကျုပ်တို့ ညီအကိုတွေရဲ့ ဆက်ဆံရေးနဲ့ အတူတူ တိုက်ခိုက်နိုင်တာကို မနာလို ဖြစ်နေတာလား.. အဲ့တာဆိုလည်း ကိုယ့်ဟာကိုယ် ညီအကို တစ်ယောက်လောက်ရှာလေ.. "
ဤစကားကိုကြားလျှင် အားဖူ သွေးအန်လုနီးပါး ဖြစ်သွား၏ ။ သို့သော်လည်း ထူးဆန်းသည့် အရာတစ်ခုကို သူသတိထားမိသွားသည် ။
ဤအသံ ။ ဤစကားပြောပုံ ။ တူလွန်းလှ၏ ။
" လှည့်စားချင်နေတာလား.. မင်းက လူတစ်ယောက်ထဲလို ဟန်ဆောင်ပြီး ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်ချင်တာလား .."
အားဖူက ကြောက်စိတ်ကို မျိုသိပ်၍ ရဲရင့်စွာ ရင်ဆိုင်လိုက်၏ ။
ချောင်မူ၏ အတွင်းအားများ နောက်တစ်ကြိမ်မြင့်တက်လာပြီး သွေးစွမ်းအင်များ ပြန့်နှံ့လာပြန်သည် ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် ထုတ်သုံးလိုက်သည်မှာ သိသာလှသည် ။
' ဘာလို့ သူတို့အားလုံးမှာ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် ရှိနေရတာလဲ.. ဘာလို့ သူတို့အားလုံး ချက်ချင်းတန်းသုံးကြတာလဲ .. သူတို့က သေမှာ မကြောက်ကြဘူးလား.. သူတို့က လူသားတွေ မဟုတ်ကြဘူးလား.. '
အားဖူ၏ စိတ်ထဲတွင် သံသယ တစီတတန်းကြီး ပေါ်လာ၏ ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်သည် နာမည်ကြီးသော်လည်း လူတိုင်း အသုံးပြုနိုင်သည့် အရာမဟုတ်ပေ ။
" သေလိုက်စမ်း.."
အားဖူက သူ့အတွင်းအား အားလုံးကို စုစည်းပြီး ချောင်မူ၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည် ။ သူ အင်အား လျော့မသုံးချင်တော့ ။ ချောင်မူအား အမြန်သတ်ရန်သာ စိတ်ထဲ ရှိတော့သည် ။
" နှုတ်ဆက်ပါတယ်.. "
ချောင်မူက အေးစက်စက်ပြုံးလိုက်ပြီး ခေါင်းထိုးခံလိုက်သည် ။
အားဖူ.... " ....."
အားဖူသည် ချောင်မူအား အလွယ်တကူ သတ်နိုင်လိုက်သော်လည်း မပျော်နိုင် ။ သူ၏ ထိတ်လန့်မှုက ပိုတိုးလာသည် ။ သူ သတိမထားမိခင်မှာပင် သူ၏ အတွင်းအားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေသည် ။
သူ့မျက်နှာမှာ အသက်ရှူ မဝသဖြင့် အစိမ်းရောင်းသန်းလာ၏ ။ အသေခံတိုက်သည့် ရန်သူနှင့် ရင်ဆိုင်ရခြင်းက လွယ်ကူလှသည် မဟုတ်ချေ ။
ရန်သူက မခုခံဘဲ အပြင်းအထန်တိုက်ခိုက်နေချိန်တွင် သူက ဒဏ်ရာမရရှိဘဲ မည်သို့ သတ်ရမည်ကို တွေးနေရသည် ။
" ဒါ လှည့်စားမှု တစ်ခုပဲ ဖြစ်ရမယ်.. ဒါ ပုံရိပ်ယောင်တွေ.. ဒါပုံရိပ်ယောင်တွေပဲ.. "
အားဖူက အားတင်းလိုက်ပြီး ချောင်မူ၏ အလောင်းကို နောက်တစ်ကြိမ်ကန်ချလိုက်သည် ။ သူ ချောက်ကမ်းပါးတွင် မတ်တပ်ရပ်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏ ။ သူ့စိတ်ထဲတွင် ထူးဆန်းသည့် အတွေးတစ်ခု ပေါ်လာသည် ။
' ငါ တကယ်ပဲ ပုံရိပ်ယောင်ထဲ ပိတ်မိနေတာဆိုရင် တဖြည်းဖြည်းနဲ့ အလောင်းတွေ စုပုံလာပြီး အပေါ်အထိ ပြည့်လာမှာလား..'
ထိုအခိုက် နွေဦးလေပြည်က နောက်တစ်ကြိမ် တိုက်ခတ်လာပြန်သည် ။
အားဖူ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်နေ၍ ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည် ။
သူ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြန်သည် ။
" သောက်အဘိုးကြီး.. ခင်ဗျားက ရိုင်းလိုက်တာ.. တစ်ယောက်ယောက်က နှုတ်ဆက်ရင် ပြန်နှုတ်ဆက်ရမယ်ဆိုတာ ခင်ဗျား မိဘတွေ သင်ပေးမထားဘူးလား.. "
" အော်.. မေ့လို့ မေ့လို့.. ခင်ဗျားရဲ့ အသက်နဲ့ဆို ခင်ဗျားမိဘတွေက အရိုးဆွေးနေလောက်ပြီ.. ဘာလို့ ခင်ဗျား မိသားစုဝင်တွေက အနားမှာ မရှိတာလဲ.. ဒါမှမဟုတ် သူတို့အကုန်သေကုန်ကြပြီလား.. "
ချောင်မူက ရန်စလိုက်ပြန်သည် ။
" ငါ့လာပြီး စိတ်ရှုပ်အောင်လုပ်မနေနဲ့.. သေလိုက်တော့.. "
အားဖူက အော်လိုက်သော်လည်း သူ မလှုပ်ရှားရသေးမီ ချောင်မူက အတွင်းအားအကုန်အသုံးပြု၍ ပြေးဝင်လာသည် ။
အားဖူ ထိတ်လန့်သွား၏ ။ သူထိတ်လန့်တကြား အတွင်းအား စုစည်းလိုက်သော်လည်း အတွင်းအား ကုန်ခံနီးဖြစ်သဖြင့် အနည်းငယ် နှေးကွေးသွားသည် ။
ဤ တစ်ခါတွင် ချောင်မူ၏ ဗျူဟာသည် မတူညီတော့ပေ ။
သူ ကျွမ်းကျင်လာသည့် သံချပ်ဝတ် သိုင်းကို သုံး၍ ခုခံလိုက်ပြီး အားဖူ ကို ခါးမှ သိုင်းဖက်လိုက်၏ ။
အားဖူ ရှောင်တိမ်းချိန် မရလိုက် ။
ချောင်မူ ဝင်တိုက်လိုက်သည့် အရှိန်ကြောင့် နှစ်ယောက်လုံး ချောက်ကမ်းပါးမှ လွင့်စင်ကျသွားသည် ။
သူတို့နှစ်ယောက်လုံး၏ နားထဲတွင် ပြင်းထန်သည့် လေစီးကြောင်းကြောင့် တဝီဝီ မြည်နေကြသည် ။
' ငါ သေရတော့မယ်.. '
အားဖူသည် သေရတော့မည်ကို သိလိုက်သော်လည်း ရင်ထဲ မရှင်းသည့် မေးခွန်းတစ်ခုကြောင့် အောက်သို့ သေချာကြည့်လိုက်သည် ။
တောက်အောက်ခြေတွင် ချောင်မူ၏ အလောင်းများ ပြန့်ကျဲနေပြီး ပြုတ်ကျသည့် အရှိန်ကြောင့် တစဆီ ဖြစ်နေသည် ။
' တစ်.. နှစ်..သုံး..စိတ်ပျက်စရာကောင်းလိုက်တာ သုံးလောင်းပဲ ရှိသေးတယ်.. ငါထင်သလောက် မများဘူး.. ခု ငါနဲ့ အတူတူ ခုန်ကျလာတဲ့ ချောင် နောက်တစ်ယောက် နဲ့ဆို လေးလောင်းပေါ့.. အဲ့ မဟုတ်ဘူး.. ငါးလောင်း ဖြစ်ရမယ်.. ငါ့အလောင်းကို ထည့်ရေဖို့ မေ့သွားတယ်.. '
" ဖုန်း... ဖုန်း..."
အလောင်းနှစ်လောင်း တောင်အောက်သို့ ပြုတ်ကျသွားကြသည် ။ သွေးနံ့ကြောင့် ရောက်ရှိနေကြသော ဝံပုလွေရိုင်းများ လန့်ဖျန့်သွားကြသည် ။
သူတို့က အလောင်းများကို ကြည့်၍ မျက်ရည်ဝဲလာ၏ ။ မည်သည့်ကောင်းကင်နတ်ဘုရားမှ သူတို့အား အသားစွန့်ကြဲ နေပါသည်နည်း ။
ဝံပုလွေများက ဝမ်းသာအားရ ခုန်အုပ်၍ ပွဲတော်တည်ကြလေတော့သည် ။ ထို့နောက် တဖန် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ နောက်ထပ် အသားလက်ဆောင်ကို မျှော်လင့်နေကြသည် ။
……………………………..
အပြင်မြို့ရှိ လမ်းကြားအတွင်း ...
လူသူကင်းမဲ့နေသော အိမ်တစ်လုံးအတွင်းတွင် ချောင်မူ မျက်လုံးများကို ဖွင့်လိုက်သည်။
ဤတစ်ခါတွင်တော့ သူသည် ကြိုတင်သတ်မှတ်ထားသော ပြန်လည်ရှင်သန်သည့် အမှတ်ကို သုံးလိုက်၏ ။
' ငါ့ခန္ဓာကိုယ်ကို တောရိုင်းတိရစ္ဆာန်လေးတွေ စားမှာဆိုတော့ ကုသိုလ်တောင် ရသေးတယ်.. '
' နောက် ထပ် လာမယ့် ပြဿနာတွေကို ဘယ်လို ဆက်လုပ်ရမလဲ.. '
' ခု အပတ်အတွက် အသက်ငါးခါ ပြန်ရပေမဲ့ အဘိုးကြီးကို သတ်ဖို့ လေးခါတောင် သေသွားတယ် .. တစ်ခါပဲ ကျန်တော့တာပဲ.. '
ချောင်မူသည် အိမ်ထောင့်မှ ပြင်ဆင်ထားသော ကောက်ရိုးခမောက်ကို ဆောင်းပြီး လှံရှည်တစ်ချောင်းကို ကျောပေါ်တွင် လွယ်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည် ။
မြို့စား၏ လက်ရုံးတစ်ဖက်ကို သတ်နိုင်ရန် အတွက် ဤမျှ ကြိုးစားခဲ့ခြင်း မဟုတ်ပေ ။ သတင်းဖြန့်ရန် အဘိုးကြီး ဟွမ်တို့ကိုစေခိုင်းခဲ့ရပြီး ချောင်စန်းရွှယ်ကို မြို့မှ ထွက်သွား ခိုင်းခဲ့ရသည် ။ ယခု သူ ငါးအကြီးကြီး ဖမ်းရန် အချိန်တန်လေပြီ ။
" ခု မြို့စားမင်း ထမင်း စားပြီးပြီလား မသိဘူး.. "
Chapter 36
~
အခန်း ၃၆
~
သေဆုံးမှုကို အကဲဖြတ်ချက် - C ( အချစ်အတွက် နှစ်ယောက်အတူ လက်တွဲပြီး တောင်ပေါ်မှ ခုန်ချသည်မှာ အဆန်းမဟုတ် )
သက်တမ်းသုံးစွဲမှု -၁ နှစ်
ယခုအပတ်အတွက် အသက်လက်ကျန် - ၁ / ၅
လက်ရှိအသက်: ၃၂ နှစ်
သိုင်း- သက်ရှည်လက်သီး (ကျွမ်းကျင်)၊ စစ်ဘက်လှံသိုင်း( ကျွမ်းကျင် ) ၊ သံတုတ်ချောင်း ( ကျွမ်းကျင် ) ၊ သံချပ်ဝတ် ( ကျွမ်းကျင် ) ၊ ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း ( ကျွမ်းကျင်)
' ငါ အသက် ၃၀ ကျော်လာတာကိုတောင် ငါသတိမထားမိလိုက်ဘူး.. အချိန်ကုန်တာ မြန်လိုက်တာ.. '
ချောင်မူ မျက်လုံးမှိတ်ပြီး သူ့ဝမ်းဗိုက်အောက်ပိုင်းကို အာရုံစိုက်လိုက်သည် ။
ဝမ်းဗိုက်အောက်ပိုင်း ဒန်တျန်ထဲတွင် မမြင်နိုင်သည့် အတွင်းအားများ တဝက်ခန့် ရှိနေသည် ။
အဆင့် ၈ အတွက် တိုးတက်မှု ဘားတစ်ခု ရှိနေလျှင် ၄၀ % မှ ၅၀ % ကြားတွင် ရှိနေမည်ဖြစ်သည် ။ အဆင့် ၈ ၏ အလယ်အလတ် အဆင့်ဟု ယူဆနိုင်ပေသည် ။ အဆင့် ၈ အထွတ်အထိပ်သို့ ရောက်လျှင် ဒန်တျန်အတွင်း အတွင်းအားများဖြင့် ပြည့်နေမည်ဖြစ်ပြီး ဝဲပုံသဏ္ဌာန် လှည့်ပတ်နေမည်ဖြစ်သည် ။
အဆင့်တက်လာတိုင်း ခန္ဓာကိုယ် ကန့်သတ်ချက်များကိုကျော်လွန်သည့် သဘာလွန် စွမ်းရည်များ ပေါ်လာမည်ပင် ။ ယခု အဆင့် ၈ အတွက် ဆုလဒ်မှာ အမြင်အာရုံ ပိုမို ကောင်းမွန်လာခြင်းဖြစ်သည် ။
" အဆင့်မြင့်သေဆုံးမှု အကဲဖြတ်ချက် ရဖို့ဆိုရင် အရင်ဆုံး ရမှတ်တွေ စုမိအောင် လုပ်ရမယ်.. အဲ့တာမှ ရတာပိုများမှာ.. "
လေးနှစ်တာ ပြင်းထန်သည့် လေ့ကျင့်မှု ပြီးသည့်နောက် သံချပ်ဝတ် သိုင်းမှာ ကျမ်းကျင်အဆင့်သို့ ရောက်ရှိနေလေပြီ ။
ထို့ကြောင့် ချောင်မူ သည် အားဖူကို ချောက်ကမ်းပါးပေါ်မှ တွန်းချနိုင်ခဲ့ခြင်းပင် ။
သိုင်းအဆင့် တစ်ခုတက်တိုင်း အတွင်းအား အဆများစွာ တိုးလာသည် ။ အဆင့်တက်ရန် နှစ်ပေါင်းများစွာကြာ ကျိုးစားအားထုတ်ရသည် ။ ထို့ကြောင့် မြို့စားကုံးယန်က အားဖူးအား ချောင်လင်းကို သတ်ရန် စိတ်ချလက်ချ လွှတ်လိုက်ခြင်း ဖြစ်သည် ။
အဆင့်မြင့် သေဆုံးမှု အကဲဖြတ်ချက်ကို ရနိုင်လျှင် ထိရောက်သည့် အချိန်စီမံခန့်ခွဲမှုကြောင့် သိုင်းပညာရပ်များကို ကျွမ်းကျင်အဆင့်အထိ ပို၍မြန်မြန် မြှင့်တင်နိုင်သည် ။
' ငါ အရင် အဲ့လမ်းကို သွားတုန်းက တောကောင်တွေ အများကြီး မြင်ဖူးတယ်.. မမျှော်လင့်တာ မဖြစ်ခဲ့ရင်တော့ တောင်အောက်က အလောင်းတွေကို တောကောင်တွေ စားပစ်လောက်တယ် ..'
' ဒါပေမဲ့.. နောက်ထပ် ဒီလိုမျိုး လုပ်လို့ မရဘူး.. ငါသေရင် ခန္ဓာကိုယ်အကောင်းအတိုင်း ချန်ခဲ့တာက အန္တရာယ်များလွန်းတယ်.. ရုပ်ပျက်ဆင်းပျက်သေတာက အကောင်းဆုံးပဲ.. '
' အခု အသက် တစ်သက် ကျန်သေးတယ်ဆိုတော့ မြို့စားအိမ်တော်ကို သွားမွှေကြည့်ရမယ်.. '
ချောင်မူသည် အသက်ငါးခါ ကုန်ဆုံးပြီနောက် မည်သို့ ဖြစ်မည်ကို မသိချင်ပေ ။ ထို့ကြောင့် ဤအသက် တစ်ကြိမ် ကုန်ဆုံးပြီးလျှင် တစ်ပတ်ခန့် ပုန်းနေရန် ဆုံးဖြတ်လိုက်သည် ။
ချောင်မူသည် သေခြင်းတရားအား ပေါ့ပေါ့ဆဆ မဆက်ဆံဝံ့ချေ ။ မဆိုင်သူများ၏ အသက်ကိုလည်း ငဲ့ညှာပေသည် ။ ထို့ကြောင့် သခင်လေးကုံး သူရဲကောင်းစွပ်ပြုတ်လာပို့ချိန်တွင် ခြိမ်းခြောက်မှု တစ်ခုသာ လုပ်ခဲ့ခြင်းဖြစ်သည် ။
သူ သေရမည်ကို မကြောက်သော်လည်း တခြားသူများတွင် အသက်တစ်သက်သာ ရှိ၏ ။
ချိုင့်ဝှမ်း တိုက်ပွဲတွင် တပ်မှူးကြီးချူးသည် သူ၏ တပ်သား တစ်ရာကို သူနှင့်အတူ မြှုပ်နှံရန် ပြင်ဆင်နေသည်ကို သိသဖြင့် တစ်ကိုယ်တည်းချီတက် တိုက်ခိုက်ခဲ့၏ ။
သူရဲကောင်းစွပ်ပြုတ်ကို စားခြင်းသည်လည်း အဘိုးကြီးဟွမ်အား စိတ်ဒဏ်ရာ မရစေရန်သာဖြစ်သည် ။ သူ မည်မျှပင် ပေါ့ပေါ့ဆဆ နေစေကာမူ ထိုကဲ့သို့ အသားမျိုးအား မစားရဲ ။
နောက်တစ်ရက် သူ မြို့ပြင် ထွက်ရန် စိန်ခေါ်ခဲ့ခြင်းမှာလည်း ချောင်စန်းရွှယ်အား မြို့စား သတိမထားမိစေရန် အာရုံလွဲလိုက်ခြင်း ဖြစ်သည် ။
ယခု သူ့ဘေးတွင် မည်သူမှ မရှိတော့ ။ ကန့်သတ်ချက်များ မရှိတော့၍ သူလုပ်ချင်ရာ လုပ်နိုင်လေပြီ ။
…………..
ကျန်းချန်က စိတ်ဓာတ်ကျစွာဖြင့် စားသောက်ဆိုင်သို့ ပြန်ရောက်လာခဲ့သည် ။
" အရက် တစ်ခွက်လောက် နွှေးပေး.."
သူ အရက်တစ်အိုးဝယ်ရန် ပိုက်ဆံမရှိသော်လည်း အရက်တစ်ခွက်တော့ ဝယ်နိုင်သေးသည် ။ အရက်က နူးညံ့သည့် အူလမ်းကြောင်း အတွင်းဝင်သွားပြီး သွေးကြောများအတွင်း ပြန့်နှံ့ သွားလျှင် သူ၏ သတ္တိများ ပြန်ပေါ်လာသည် ။
' ခဏတာ ကြောက်ရွံ့မိတာက ဘာမှ မဖြစ်ဘူး.. ကြောက်စရာကောင်းတာက ကြောက်ရွံ့မှုကို ကျင့်သားရသွားမှာကိုပဲ.. '
' မြို့စားအိမ်ကို ရောက်တော့ ကြောက်မိတာက လူတိုင်းအဲ့လို ခံစားမိမှာပဲ.. အဲ့ ကြောက်ရွံ့မှုက ငါ့ကို အနိုင်ယူမသွားစေရဘူး.. '
' ယောက်ျားတစ်ယောက်က ရှက်ရွံ့မှုကို ခံစားမိမှ ရဲရင့်လာတယ်တဲ့.. ခုငါ ရှက်မိပြီဆိုတော့ ရဲရင့်ရမယ့် အချိန်ပဲ..'
ကျန်းချန်သည် အရက်သောက်ပြီးနောက် ယုံကြည်မှုများ ပြန်ရလာ၏ ။
သူ့ကိုယ်သူ ရဲဆေးတင်ပြီးနောက် မြို့စားအိမ်တော်သို့ ဦးတည်ပြီး ထွက်ခွာလာခဲ့သည် ။
စံအိမ်တော် တံခါးဝသို့ ရောက်လျှင် ယုံကြည်မှုများ ပျောက်ကွယ်သွားပြန်၏ ။
သူက မျက်မှောင်ကြုံ့ကာ တွန့်ဆုတ်စွာဖြင့် အနီးအနားတွင် လှည့်ပတ်သွားနေသည် ။
' ငါ နားလည်ပြီ.. ခု ပြဿနာက အရက်မှာ ရှိနေတာ.. '
' အရက် မူးအောင် မသောက်ရသေးလို့ တွန့်ဆုတ်နေသေးတာပဲ.. '
သို့သော်လည်း ကျန်းချန်သည် ပြဿနာတစ်ခုကို သတိထားမိသွား၏ ။ သူ့တွင် အရက်သောက်ရန် ပိုက်ဆံမရှိချေ ။
' ဒါဆို ဖြေရှင်းနည်း တစ်ခုပဲ ရှိတယ်.. ငါ အရင် ပိုက်ဆံရှာရမယ်.. ပြီးမှ အရက်ဝအောင်သောက်ပြီး ဒီပြန်လာမယ်.. '
ကျန်းချန်သည် ဤသည်ကို တွေးပြီး လှည့်ပြန်ရန် ပြင်လိုက်၏ ။ သို့သော်လည်း သူ မသိလိုက်ခင်မှာပင် အစောင့်စစ်သည်များက သူ့အနားသို့ ရောက်နေသည် ။
" ရပ်.. ဘယ်သူလဲ.. မင်းဘာလုပ်နေတာလဲ.. "
" မင်း ဒီနားမှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာ ကြာပြီ.. မင်းဘယ်သူလဲ.. မင်းဘာလုပ်နေတာလဲ.. "
ပတ်ဝန်းကျင်တွင် ကင်းလှည့်နေသည့် စစ်သည်များက ကျန်းချန်ကို သတိထားမိသွားပြီး သတိကြီးစွာထား၍ ချဥ်းကပ်လာကြ၏ ။
" ကျုပ် ဘာမှ မလုပ်ပါဘူး .."
ကျန်းချန် ရှင်းပြရန် ကြိုးစားနေစဥ် စစ်သားများ ၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်သည် ကောက်ရိုးခမောက်ကို မြောင်းထဲသို့ ပစ်ချ၍ နံရံကို ခုန်ကျော်ကာ စံအိမ်အတွင်းဝင်သွားသည်ကို မြင်လိုက်ရသည် ။
ထိုသူ၏ လှုပ်ရှားဟန်မှာ ချောမွေ့နေပြီး တွန့်ဆုတ်ဟန် လုံးဝမရှိ ။ ထို့အပြင် မြန်ဆန်လွန်းလှသဖြင့် အဆင့် ၉ သိုင်းပညာရှင်ဖြစ်သူ ကျန်းချန်ကိုယ်တိုင်ပင် ရိပ်ခနဲသာ မြင်လိုက်ရသည် ။
' ချောင်မူလို အများကျိုးအတွက် ဆောင်ရွက်မယ့် နောက်ထပ် သူရဲကောင်းတစ်ယောက်လား.. ဒီလောကကြီးက ရှုပ်ထွေးနေပေမဲ့ သူရဲကောင်းအနည်းငယ်တော့ ရှိနေပါသေးတယ်.. '
ကျန်းချန်သည် ကောက်ရိုးခမောက်ဆောင်းထားသူကို မသိသော်လည်း တရားမျှတမှုကို ရှာဖွေမည့် သူရဲကောင်းဟု မှတ်ယူလိုက်သည် ။
' ငါတွန့်ဆုတ်နေချိန်မှာ သူဘာလို့ ဒီလို ရဲရင့်နိုင်တာလဲ.. '
ကျန်းချန် အတွေးလွန်သွား၏ ။
" ဘာငေးနေတာလဲ.. ငါ မေးနေတာ မကြားဘူးလား.."
" မင်းကမရိုးသားဘူး .."
စစ်သည်များက ဓားလက်ကိုင်ပေါ်တွင် လက်တင်ထားလိုက်ကြ၏ ။
သတိရှိသော အစောင့်အချို့က ကျန်းချန်၏ အကြည့်နောက်သို့လိုက်၍ သံသယဖြစ်စွာ ကြည့်နေကြသည် ။
ကျန်ချန်သည် ဤမြင်ကွင်းကို မြင်လျှင် စိတ်ပိုင်းဖြတ်လိုက်ပြီး..
" ကျုပ်က သာမန် လမ်းသွားလမ်းလာ တစ်ယောက်ပါ.. "
သူက ဓားကို တင်းတင်းဆုပ်ပြီး အတွင်းအားကို ခြေထောက်သို့ ပို့လွှတ်၍ ဝန်းရံထားသည် စစ်သည်များကြားမှ ခုန်ထွက်ပြေးတော့သည် ။
ဖြောင့်မတ်သော သူရဲကောင်း ချောင်မူသည် အမှန်တရားအတွက် အသက်စွန့်ခဲ့ပြီး မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ သူစိမ်းတစ်ဦးသည် တရားမျှတမှုအတွက် အသက်စွန့်၍ မြို့စားအိမ်အတွင်းသို့ ခိုးဝင်သွားသည် ။
ဤ သို့ သူ မလုပ်နိုင် ။ ထို့ကြောင့် သူလုပ်နိုင်သည်ကို အတက်နိုင်ဆုံးကြိုးစားရမည် ။
သူသည် ထွက်ပြေးရန် သူ၏ခန္ဓာကိုယ်နည်းစနစ်ကို လျင်မြန်စွာအသုံးပြုလိုက်ပြီး သူ့နောက်မှ စစ်သားများက အလျင်အမြန် လိုက်လံဖမ်းဆီးကာ တဖြည်းဖြည်း ဝေးရာသို့ ထွက်ခွာသွားကြသည်။
' ချောင်မူ.. မင်းသေရတာ မတရားဘူး.. '
' ဒီလူစိမ်းကို ငါမသိပေမဲ့ သူ့အတွက်အခွင့်အရေး ပိုရအောင် အစောင့်တွေကို ငါမျှားခေါ်သွားမယ်.. '
ထို့နောက် ကျန်းချန်က သိုင်းကွက်ကို အသုံးပြု၍ လျင်မြန်စွာ ထွက်ပြေးသွားပြီး အစောင့်များက နောက်မှ လိုက်ဖမ်းရင်း စံအိမ်တော်မှ တဖြည်းဖြည်း ဝေးကွာလာကြသည် ။