အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
Chapter 37
~
အခန်း ၃၇
~
မြို့စားမင်းစံအိမ်တော် ၏ အနောက်ဘက်မီးဖိုချောင်တွင်...
အိမ်တော် စားဖိုမှူးများက အမဲသားဟင်း ချက်နေကြ၏ ။ မီးဖိုချောင် တစ်ခုလုံးတွင် အသားမွှေးရနံ့များ ပျံ့လွင့်နေချသည် ။ စားပွဲတစ်ခုပေါ်ရှိ ဗန်းပေါ်တွင် အမွေးမနုတ်ရသေးသည့် နွားခေါင်းတစ်လုံး တင်ထား၏ ။
" အားချန်း.. မင်း နေ့ခင်းကြီးအိမ်မက် မက်နေတာလား.. လာကူဟ.. "
စားဖိုမှူးတစ်ဦးက အစေခံလူငယ် တစ်ဦးကို ငေါက်လိုက်သည် ။
" ဘာပြောချင်လို့လဲ ..ဘာလို့ ပါးစပ်ဟစိနဲ့ အဲ့မှာ ရပ်နေတာလဲ.. ဒါ သခင်လေး ချက်ခိုင်းထားတာနော်.. မင်း ခိုးစားရဲရင် ရိုက်သတ်ခံရလိမ့်မယ် .."
" ကျွန်တော် စားချင်လို့ မဟုတ်ပါဘူး.. "
အားချန်းက ဘေးနားရှိ နွားခေါင်းကို စိုက်ကြည့်၍ တိုးတိုးလေး ပြောလိုက်၏ ။
" ဒီ တဟွမ်.. တဟွမ်က ကျွန်တော်တို့အိမ်က လယ်ထွန်တဲ့ နွားကြီးဗျ.. "
" အော်.. မင်းတို့အိမ်ကနွားလား.. မင်း က သခင်ကြီးဆီကို ရောင်းလိုက်တာပေါ့.. "
စားဖိုမှူးက အသားလှီးနေသည်မှာ အနည်းငယ် နှေးသွားသော်လည်း စကားဆက်ပြောလိုက်၏ ။
" ဒီလို ဆိုပေမဲ့.. မင်း အချောင်ခိုနေလို့ မရဘူးလေ.. သခင်လေးသာ သိရင် မင်းအပြစ်ပေးခံရနိုင်ချေများတယ်.. "
" ဟုတ်ကဲ့ပါဗျ.. "
အားချန်းက အလုပ်ဆက်လုပ်လိုက်သော်လည်း အတိတ်မှ ပုံရိပ်များကြောင့် နွားခေါင်းကြီးအား ခဏခဏ လှည့်ကြည့်နေမိသည် ။
နွားများသည် နူးညံ့သိမ်မွေ့သော သတ္တဝါများဖြစ်ကြ၏ ။ ခွန်အားကြီးမားသော်လည်း နူးညံ့သည့် စိတ်ထားကြောင့် ရင်းနှီးလွယ်ကြသည် ။
အားချန်းသည် မြို့ပြင်ရှိ လယ်သမားမိသားစု တစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘများမှ တခြားအလုပ်ခိုင်းလျှင် ညည်းညူတက်သော်လည်း နွားကျောင်းရမည်ဆိုလျှင် အလွန်ပျော်နေသူဖြစ်သည် ။
သူ ငယ်စဥ်တုန်းက အလွန်အရွယ်အစားကြီးသည့် နွားများကို အရမ်းကြောက်ခဲ့၏ ။ သူ့အား ကန်လိုက်လျှင် လွင့်ထွက်သွားမည်ကို စဥ်းစားတိုင်း ကြောက်မိခဲ့သည် ။
နောက်ပိုင်း နွားများနှင့် ရင်းနှီးလာသော အခါမှသာ အစစ်အမှန် အဖော်မွန်များဖြစ်ကြောင်း သိလာခဲ့ရ၏ ။ ဤ တဟွမ်ဆိုသည့် နွားမကြီး ၏ ကျောပေါ်တွင် စီးပြီး ရွာနီးချုပ်စပ် လျောက်လည်ခဲ့ဖူးသည် ။ တဟွမ်သည် သူ ငယ်စဥ်ကစပြီး အရွယ်ရောက်သည်အထိ အနီးကပ်ဆုံး သူငယ်ချင်းဟု ဆိုရသော် မှားမည်မထင် ။
သို့သော်လည်း လွန်ခဲ့သည့် လအနည်းငယ်က အစားအစာ ကပ်ဘေးကြောင့် လယ်နှင့် နွားကို ရောင်းစားခဲ့ရသည် ။
လယ်နှင့် နွားသည် လယ်သမားများအတွက် အသက်သွေးကြော ဖြစ်သဖြင့် အခြားရွေးချယ်စရာရှိလျှင် မည်သူ ရောင်းချလိုပါမည်နည်း ။
သို့သော်လည်း အားချန်းတို့ မိသားစုသည် ဝမ်းနည်းနေရန် အချိန်မရှိပေ ။ သိပ်မကြာခင်မှာပင် အားချန်သည် သူ့ကိုယ်သူ ကျွန်အဖြစ် မြို့စားအိမ်တော်သို့ ရောင်းချခဲ့ပြီး ကျွန်ဖြစ်လာခဲ့သည် ။
" အကိုချန်.. ဒီ အဝါရောင် နွားမကြီးကို သခင်ကြီးတို့ အိမ်တော်က ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ သိလား.. "
အားချန်းက တိုးတိုးလေး မေးလိုက်၏ ။
" သိပ်မသေချာဘူး.. ငွေဒင်္ဂါး နှစ်ပြားလား သုံးပြားလားပဲ.. ဘာလို့ မေးတာလဲ.. "
" ဟင်းးး.. ကျွန်တော့် ထက်တောင် ပိုစျေးရသေးတာပဲ ..ကျွန်တော့်ကို ကျွန်တော် ရောင်းတာ နှစ်ပြားပဲ ရတယ်.. "
အားချန်း က ခဏကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏ ။
စားဖိုမှူး ဘာပြန်ပြောရမည်ကို မသိတော့ ။ သူခဏကြာအောင် စဥ်းစားပြီးမှ...
" အရမ်းကြီး စိတ်ပျက်မသွားပါနဲ့ လောကကြီးက ဒီလိုပါပဲ.. လူတိုင်း ခက်ခဲနေကြတယ့် ခေတ်ဆိုတော့ မသေအောင် စားနေရရင်ပဲ တော်သေးတယ် ပြောရမှာပဲ.. "
" ဟုတ်တယ်.. ဟုတ်တယ်.. လောကကြီးကိုပဲ အပြစ်တင်ရမယ်.. ဒါ သခင်ကြီးကုံးနဲ့ ဘာမှ မှမဆိုင်တာ .."
အားချန်းက စိတ်လှုပ်ရှားစွာဖြင့်...
" တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ငတ်မွတ်ခေါင်းပါးမှုဘေးကိုပဲ အပြစ်တင်ရမယ်.. နာမည်ကြီးပေမဲ့ အသုံးမကျတဲ့ သိုင်းသူတော်စင်ကိုလည်း အပြစ်တင်ရမယ်.. သူ မျိုးနွယ်ခြား တွေကို ရှုံးသွားလို့ လျော်ကြေး အများကြီး ပေးခဲ့ရတာ .. သူ့ကြောင့် တရားရုံးက အခွန်တွေ တိုးတောင်းပြီး ကျွန်တော်တို့ လယ်သမားတွေ ခွေးဖြစ်ရတာ.. ကျွန်တော်တို့ အသက်ရှင်ဖို့.... "
" သောက်ပါးစပ်ကို ပိတ်ထား မင်းသေချင်နေတာလား.. တစ်ယောက်ယောက်ကြားသွားရင် မင်းကို သတ်လိမ့်မယ်.. "
စားဖိုမှူးတစ်ဦးက အမြန်ဝင် တားလိုက်၏ ။ မျိုးနွယ်ခြားဟူသည်ကို သူတို့ နားမလည်သော်လည်း အလွန်ကြောက်စရာကောင်းသည့် သတ္တဝါကြီး ဟု သတ်မှတ်ထားကြသည် ။
ခေတ်ကာလမှ လွင့်ကျလာသော မြူမှုန့် လေးတစ်စကပင် လူသားတစ်ဦး၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာပါက တောင်ကြီးတစ်လုံး ဖြစ်သွားနိုင်သည် ။
သာမန်လူများသည် ဤတောင်ကြီးကို ထမ်းပိုး ထားရသော်လည်း အခွင့်ထူးခံ လူအချို့က ဤတောင်ကြီးပေါ်တွင် နေထိုင်ရင်း ဘဝအား သက်တောင့်သက်သာ ဖြတ်သန်းနိုင်၏ ။ လူတိုင်းတွင် ကိုယ်စီတာဝန်များ ရှိကြစမြဲပင် ။
အားချန်းတို့ စကားပြောနေစဥ် ပြတင်းပေါက်မှ အနက်ရောင် ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ဝင်လာ၏ ။ ထိုသူက လျင်မြန်စွာ တိုက်ခိုက်လိုက်သဖြင့် တစ်ခဏအတွင်း မီးဖိုချောင်ရှိ လူများအားလုံး မေ့လဲ သွားကြသည် ။
ချောင်မူသည် အဆင့် ၈ သိုင်းပညာရှင် ဖြစ်သဖြင့် သာမန်လူများ တုံ့ပြန်ချိန်ပင် မရလိုက်ချေ ။ သူ လှံရှည်ကို အသုံးပြု၍ ရိုက်လိုက်သော်လည်း ခွန်အား ထိန်းချုပ်ထားသဖြင့် မည်သူမှမသေ ။ မေ့သွားရုံသာ ဖြစ်သည် ။
သူ မြို့စားအိမ်တော်သို့ ခိုးဝင်ရန် ပြင်ဆင်ထား၍ အထူးပြုလုပ်ထားသော လှံရှည်ကို မှာယူခဲ့သည် ။ လှံအား နှစ်ပိုင်းခွဲ၍ ရပြီး လှံတို အဖြစ် သယ်ဆောင်နိုင်သည် ။
'' ငါ ထင်ထားတဲ့ အတိုင်း မီးဖိုချောင်ပဲ.. ငါပြင်ဆင်ထားတာ အလကားမဖြစ်တော့ဘူး.. ''
ချောင်မူ တိုးတိုးလေး ရေရွတ်လိုက်၏ ။
ချောင်စန်းရွှယ်သည် မြို့စား ကုံးယန်အား ဝူကျိအသင်းဝင်ဟု သံသယ ရှိ၍ အချိန်ကြာမြင့်စွာ စုံစမ်းခဲ့သည် ။ အိမ်တော်၏ ဖွဲ့စည်းပုံအား သိရှိထားသဖြင့် ချောင်မူသည် မီးဖိုချောင်ရှိရာသို့ တန်းတန်းမတ်မတ်လာနိုင်ခဲ့၏ ။ မီးဖိုချောင်သည် အပြင်ဘက်ခြံဝင်းတွင် တည်ရှိလေသည် ။
စံအိမ်တော်အား အတွင်းအပြင် ခြံဝင်းနှစ်ခု ခွဲထားပြီး အတွင်းခြံဝင်းတွင် မြို့စား၏ မိသားစုဝင်များ နေထိုင်သဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်ထားသည် ။
ချောင်မူသည် အဆင့် ၈ သိုင်းပညာရှင်ဖြစ်သော်လည်း ကိုယ်ဖော့သိုင်း မတက်သဖြင့် အတွင်းခြံဝင်းသို့ တိုက်ရိုက် မဝင်ရဲချေ ။ မီးဖိုချောင်အတွင်းသို့ အရင်ခိုးဝင်ပြီး သူ၏ အကြံအစည်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်သည် ။
သူ ကြည့်ဖူးသမျှ ဇာတ်လမ်းတိုင်းတွင် ဤသို့သာ လုပ်ဆောင်ကြ၏ ။ မီးဖိုချောင်အတွင်းသို့ ခိုးဝင်ပြီး အစေခံများ၏ အဝတ်ကို ဝတ်ကာ အတွင်းခြံဝင်းသို့ ဝင်နိုင်ရန် ကြိုးစားမည်ဖြစ်သည် ။
ထိုကြောင့် ချောင်မူသည်လည်း ဤသို့သာ လုပ်ဆောင်ရန် ကြံရွယ်ထားသည် ။
" အနံ့က မွှေးလိုက်တာ.. "
ချောင်မူသည် စားဖိုမှူးများ၏ စကားဝိုင်းကို မကြားလိုက်ရသဖြင့် ဗိုက်ဆာလာ၏ ။
" မြို့စားအိမ်တော်က လူတွေက ကောင်းကောင်းစားသားပဲ.. ငါ တစ်ခါမှ ဒီလိုမျိုးတွေ မစားဖူးဘူး.. "
ချောင်မူသည် ယခုထက်ထိ ငွေရှာရန် အချိန်မရှိခဲ့ပေ ။ သူ၏ တပ်မှူးဘဝသည်လည်း လစာပင် မရလိုက် ။ အဘိုးကြီးဟွမ်ပေးသော ငွေကိုလည်း သနားသဖြင့် မယူခဲ့ချေ ။
ထို့ကြောင့် ချောင်မူ၏ အကောင်းဆုံး အစားအစာမှာ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားခြင်းသာ ဖြစ်သည် ။
" ဒီနေ့ ငါ့ရဲ့ အသက် သုံးဆယ်ပြည့်.. သုံးဆယ့်တစ်ပြည့်.. သုံးဆယ့်နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပရမယ်.. သုံးနှစ်စာ ဆိုတော့ အမဲသား ပန်းကန် အကြီးကြီး သုံးလုံးစားရမယ်.. "
ချောင်မူ အမဲသားစားရန် ပြင်လိုက်စဥ် သူ၏ အကြည့်က လဲလှောင်းနေသော အစေခံအားချန်းပေါ်သို့ ရောက်သွား၏ ။
အဆင့် ၈ သိုင်းပညာရှင် ဖြစ်သဖြင့် အားချန်း ၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်သွားသည်ကို သတိထားမိလိုက်သည် ။
' မေ့ချင်ယောင် ဆောင်နေတာလား.. ကြောက်လို့ တုန်နေတာပဲ ဒီကလေးက ဉာဏ်တော့ကောင်းသား ..'
အားချန်းသည် အသက် ၁၃ လောက်သာ ရှိသေးသဖြင့် သူ အားလျော့သုံးလိုက်မိခြင်းဖြစ်သည် ။
ချောင်မူက ဟန်ဆောင်နေသော အားချန်းဆီသို့ လျောက်သွားပြီး ကိုယ်ကိုကိုင်းကာ ငုံ့ကြည့်လိုက်သည် ။ ထိုအခိုက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည် ။
' ပြဿနာ မဖြစ်အောင် အကုန်လုံးကို သတ်လိုက်ရမလား.. '
ထို အတွေးပေါ်လာသည်နှင့် အလျင်အမြန် မောင်းထုတ်လိုက်၏ ။
ချောင်မူသည် ကူးပြောင်းလာပြီးနောက် သေဆုံးမှုအကဲဖြတ်ချက်ကို နည်းမျိုးစုံနှင့် စမ်းသပ်ခဲ့သည် ။ စမ်းသပ်မှုတိုင်းတွင် တခြားသူများ၏ ဘဝကို မထိခိုက်ဘဲ ကိုယ်ကိုတိုင် သေလမ်းရှာနည်းကိုသာ သုံးခဲ့၏ ။ သူ တခါတရံ အန္တရာယ်များသည့် အရာတစ်ခုကို တွေးမိသည် ။
သေဆုံးမှု အကဲဖြတ်ချက်သည် လူအများ သိခြင်းကိုသာ ဆုံးဖြတ်ပြီး လူကောင်းဖြစ်ရန် မလိုအပ်ပေ ။
သူသည် လူတစ်ရာ လူတစ်ထောင်ခန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ဖမ်းဆီး ကွက်မျက်ခံရပါက အဆင့်မြင့် အကဲဖြတ်ချက် အဖြစ် ရနိုင်ပေလိမ့်မည် ။
အဆင့်၈ သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ချောင်မူသည် သာမန်လူတစ်ထောင်ကို သတ်လိုလျှင် မြို့စားမင်းအိမ်တော်သို့ ခိုးဝင်ခြင်းထက် ပိုလွယ်၏ ။
သူ သေဆုံးခြင်းကို မကြောက်ရသဖြင့် မဟာယန်၏ ဥပဒေများကို ဂရုစိုက်ရန် မလိုအပ်ချေ ။
သူသာ ထိုသို့ လမ်းစဥ်ကို ရွေးမိပါက ဤကမ္ဘာကြီး၏ ကပ်ဘေးတစ်ခုပင် ဖြစ်လာနိုင်သည် ။ အင်မော်တယ်များပင် သူ့အားမြင်လျှင် ဝေးဝေးရှောင်ကြရပေမည် ။
သို့သော်လည်း လူသားတစ်ယောက်တွင် ကိုယ်ကျင့်တရား၏ အခြေခံ တစ်ခုတော့ ရှိသင့်၏ ။ ဤသည်က ချောင်မူ၏ လုပ်ပုံကိုင်ပုံကို ကြည့်လျှင် အနည်းငယ် ရယ်စရာ ကောင်းနေသော်လည်း သူ့နှလုံးသားထဲတွင် အောက်ခြေစည်းမျဥ်းတစ်ခု ရှိပေသည် ။
ထို့ကြောင့် ချောင်မူသည် ထိုအတွေးကို ဟာသတစ်ခုလိုသာ စဥ်းစားခဲ့ပြီး အလေးအနက် မထားခဲ့ချေ ။
ချောင်မူက သတိလစ်ဟန်ဆောင်နေသည့် အားချန်းကို အမှန်တကယ်သတိလစ်အောင် လုပ်ရန် ပြင်လိုက်စဥ် တံခါး အပြင်ဘက်မှ ခွေးဟောင်သံနှင့် ခြေသံများ ထွက်ပေါ်လာသည် ။
သခင်လေးကုံး၏ အသံက တံခါးဝတွင် ဟိန်းထွက်လာ၏ ။
" ဒီတစ်ခါ အမဲသားချက်ထားတာက မွှေးလိုက်တာ အဝေးကြီးကနေတောင် အနံ့ရနေတယ်.. "
" ကျစ်..ကျစ်.. ခွေးတွေရဲ့ နှာခေါင်းက ကောင်းလိုက်တာ.. အနံထွက်လာတာနဲ့ သူတို့ စားရတော့မယ်ဆိုတာ သိပြီး ..မီးဖိုချောင်ဆီ ပြေးလာကြရော.. "
ချောင်မူ၏ မျက်နှာက မည်းမှောင်သွားသည် ။ သူ စားရန် ပြင်ဆင်နေသည့် အမဲသားဟင်းမှာ ခွေးစာ ဖြစ်နေသည်လော ။
လဲလျောင်း နေသော အားချန် တစ်ယောက် ရုတ်တရက် ကြက်သီးမွေးညှင်းများ ထလာ၍ တုန်ရီသွားသည် ။ အလွန်ကြောက်လန့်သွား၍ မသိစိတ်ဖြင့် သူ့ပေါင်သူ လိမ်ဆွဲမိလိုက်၏ ။
Chapter 38
~
အခန်း ၃၈
~
ချောင်မူ ချက်ချင်းပင် တံခါး အနီးသို့ သွား၍ အပေါက်သေးသေးလေးမှတဆင့် အပြင်သို့ ချောင်းကြည့်လိုက်၏ ။
အဆင့်၈ သိုင်းပညာရှင်ဖြစ်သဖြင့် အမြင်အာရုံ ကောင်းလှပေသည် ။ အပြင်ဘက်မှ သခင်လေးကုံးကို မြင်လိုက်ရသည် ။
သခင်လေးကုံးက ခွေးချည်ကြိုးအား ဆွဲရင်း ခွေးနက်ကြီး နှစ်ကောင်နောက်မှ ပြေးလိုက်လာသည် ။
ခွေးနက်ကြီးများက အမဲသားနံ့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် မီးဖိုချောင်သို့ ပြေးလာနေ၏ ။
ချောင်မူ သေချာ စစ်ဆေးကြည့်လိုက်ရာ သခင်လေးကုံး၏ နောက်မှ ကပ်လိုက်လာသည့် အစေခံများနှင့် အစောင့်များအား မမြင်ရဘဲ အဝေးမှ ကင်းလှည့်နေသည့် အစောင့်များကိုသာ မြင်လိုက်ရသည် ။
' ငါ လှုပ်ရှားလိုက်ရင် ကောင်းမလား.. ဒါပေမဲ့ ခုလှုပ်ရှားလိုက်ရင်လဲ ချက်ချင်း သိသွားကြမှာ.. ဒီအပေါက်ကနေ ငါ မမြင်ရတဲ့နေရာမှာ အစောင့်တွေ ရှိနိုင်သေးတယ်.. '
ချောင်မူ စဥ်းစားနေသည့်အခိုက်တွင် သခင်လေးကုံးက တံခါးရှေ့အထိ ရောက်လာသည် ။ ခွေးနက်ကြီးနှစ်ကောင်က တံခါးကို ပတပ်ရပ်၍ ခုန်တက်ပြီး ကုတ်ခြစ်ကာ အဆက်မပြတ်ဟောင်နေကြသည် ။
" ဟားဟား..ခွေးမသားတွေ.. ဘယ်လိုစားရမလဲ ဆိုတာပဲ အမြဲစဥ်းစားနေတယ်.. "
သခင်လေးကုံးက ရယ်လိုက်ပြီး တံခါးကို ကန်ဖွင့်လိုက်၏ ။ သို့ရာတွင် တံခါးက တုန်ခါသွားသော်လည်း ပွင့်မသွား ။
" အထဲက ကောင်တွေ နားပင်းနေလား ..တံခါးဖွင့်လိုက်စမ်း.. "
" လာပါပြီ သခင်လေး.. လာပါပြီ သခင်လေး.. စိတ်မဆိုးပါနဲ့.. "
ချောင်မူက တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်၏ ။ သူက လှံတို နှစ်ချောင်းကို လှံရှည်အဖြစ် ချိတ်ဆက်လိုက်သည် ။ ထို့နောက် တံခါးကို ဘယ်ဘက်လက်ဖြင့် ဖွင့်လိုက်ပြီး ညာဘက်လက်တွင် ကိုင်ထားသော လှံရှည်ဖြင့် ထိုးလိုက်သည် ။
အတွင်းအား အသုံးပြု၍ ခွေးနက်နှစ်ကောင် လျင်မြန်စွာ ထိုးလိုက်ပြီး မီးဖိုချောင်ထဲသို့ ဆွဲသွင်းလိုက်၏ ။ ချောင်မူ လှုပ်ရှားသည်မှာ လျင်မြန်လှသဖြင့် သခင်လေးကုံး ကြက်သေ သေနေသည် ။
" မင်း....."
သခင်လေးကုံး အော်ရန် ပြင်လိုက်သော်လည်း တံခါးအတွင်းမှ လက်ကြီး တစ်ဖက်ထွက်လာပြီး သူလည်ပင်းမှ ဆွဲမြှောက်ကာ မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားသည် ။
ထို့နောက် မီးဖိုချောင် တံခါးက ပြန်ပိတ်သွား၏ ။
" ချောင်..ချောင်မူ.. မဟုတ်ဘူး.. ချောင်လင်း.."
မြိနေသည့် လှံထိပ်က သခင်လေးကုံး၏ လည်ပင်းအား ထောက်ထား၏ ။
" ရှူး.. "
ချောင်မူက စကားမပြောရန် လက်ဟန်ပြလိုက်သည် ။
သခင်လေးကုံး ချွေးစီးများ စီးကျလာပြီး တစ်ကိုယ်လုံး တုန်ရီနေ၏ ။ သူ ယခင်က ချောင်မူ၏ အရှက်ခွဲ ခံခဲ့ရခြင်းကြောင့် အိမ်မက်ဆိုးများပင် မက်ခဲ့ရသည် ။ ယခု ချောင်လင်း၏ သတ်ဖြတ်ချင်စိတ်က ချောင်မူထက် အဆများစွာ ပိုများ၏ ။ ထို့အပြင် မြို့စားအိမ်တော်ထဲအထိပါ ဝင်လာရဲနေသည် ။
သခင်လေးကုံးသည် ချောင်မူ ဆွဲမြှောက်ထားသည့် အတွက်ကြောင့်သာ မတ်မတ်နေနိုင်ခြင်းဖြစ်သည် ။ သူ၏ ခြေထောက်များက ပျော့ခွေနေလေပြီ ။
ချောင်မူက သခင်လေးကုံးကို ဖမ်းပြီးနောက် တံခါးကို နားဖြင့်ကပ်၍ အသံနားထောင် လိုက်သည် ။ မည်သည့် ဆူညံသံမှ မကြားသဖြင့် သူ၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်သူ ရှိမည် မထင်ရပေ ။
ချောင်မူ အပြင်သို့ အာရုံစိုက်နေစဥ် သတိလစ်ဟန်ဆောင်နေသည့် အားချန်းက မျက်လုံးဖွင့်၍ ခိုးကြည့်လိုက်၏ ။
' သခင်လေးက ..ချောင်မူနဲ့ ချောင်လင်းလို့ ခေါ်လိုက်တာလား ..ငါ ဒီနာမည်တွေကို ကြားဖူးပါတယ်..'
သူက ချောင်မူကို သေချာ စိုက်ကြည့်ပြီးမှ စိတ်သက်သာရာ ရသွားပြီး မျက်လုံးပြန်မှိတ်ကာ လှဲအိပ်နေလိုက်သည် ။
မြို့စားအိမ်တော် အတွင်းသို့ လူဆိုးတစ်ဦး ဝင်ရောက်လာသည်ဟု သူထင်ခဲ့သော်လည်း ချောင်လင်း ဖြစ်နေ၍ သူစိတ်အေးသွားသည် ။ နာမည်ကျော် သူရဲကောင်း ချောင်မူ၏ အကိုဖြစ်၍ လူဆိုးတစ်ဦး ဖြစ်မည်မထင် ။
" သခင်လေးကုံး.. စကားအေးဆေး ပြောရအောင်.. အသံတိုးတိုးပဲ ပြောပါ.. ငါမေးတာပဲ မင်းဖြေရမယ်.. မဟုတ်ရင် ငါ မင်းကို သတ်မယ်.. "
ချောင်မူ၏ စကားများက တိုတိုတုတ်တုတ်သာ ဖြစ်ပြီး အကြည့်က ရေခဲတမျှ အေးစက်နေ၏ ။
သခင်လေး ကုံးက ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏ ။
" ဒီ ချက်ထားတဲ့ အမဲသားတွေက ခွေးစာလား.. "
" ဟုတ်..ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ.. "
သခင်လေးကုံးက သူ ထင်မထားသည့် မေးခွန်းကြောင့် ကြောင်အအ ဖြစ်သွားသော်လည်း ချောင်မူက စိုက်ကြည့်နေသဖြင့် အမြန်ပြန်ဖြေလိုက်၏ ။
" ဝယ်ထားတာ..ဝယ်ထားတာ..ဘယ်သူ့ဆီကမှလဲ မခိုးဘူး.. ဘယ်သူ့ဆီကမှလဲ မလုဘူး.. ပိုက်ဆံပေးပြီး ဝယ်ထားတာပါဗျ.. "
" ကျ..ကျွန်တော့်မှာ ပိုက်ဆံရှိတယ်လေ.. နည်းနည်းလောက်သုံးတာ မမှားဘူးမှတ်လား.."
" အင်း.. အမဲသားဝယ်တာက ကိစ္စမရှိဘူး.. ဒါပေမဲ့ ခွေးကျွေးဖို့ဝယ်တာလား.. "
ချောင်မူက ထပ်မေးသည် ။ သူ ယန်မြို့သို့ စရောက်စဥ်ကတည်းက ဆင်းရဲဒုက္ခများကိုသာ မြင်ခဲ့ရ၏ ။ ငတ်မွတ်ခေါင်းပါးမှုကြောင့် ယန်မြို့ရှိ အိမ်များစွာသည် လူသူကင်းမဲ့နေချေသည် ။ ဒုက္ခသည်များသည် ရှင်သန်နိုင်ရန် ဓားပြလုပ်ရန်မှ လွဲ၍ တခြားနည်းလမ်း မရှိတော့၍ ဓားပြ ဖြစ်လာကြ၏ ။
မြို့တွင်းတွင် ဇိမ်ခံနေသူ ကုံးမိသားစုက လယ်ထွန်သည့် နွားများကို ခွေးစာအဖြစ် ဝယ်ယူနေသည်လော ။
" ကျ..ကျွန်တော် ဘာလုပ်သင့်တာလဲ.. "
သခင်လေးကုံးက ချောင်မူသည် မည်သည့်အတွက်ကြောင့် ဤမျှအထိ မေးနေသည်ကို နားမလည် သဖြင့် မရဲတရဲမေးလိုက်၏ ။
" ကျွန်တော်တို့ အမဲသား ဝယ်တာလည်း စျေးနှိမ်ပြီး မဝယ်ပါဘူးခင်ဗျ.. အမဲသားက ဝယ်ပြီးသားဆိုတော့ ကျွန်တော်တို့ ကြိုက်သလို လုပ်လို့မရဘူးလား..ပိုတာလေး ခွေးကျွေးတာ ဘာမှားနေလို့လဲ.. "
သခင်လေးကုံး၏ အသံက ငိုသံပေါက်လာ၏ ။
ချောင်မူက သခင်လေးကုံးအား ကြည့်ရင်း စကားပုံတစ်ခုကို သတိရမိသွားသည် ။
' ဝက်များသည် အကောင်းအဆိုး ခွဲခြားနိုင်စွမ်းမရှိ... ကျွေးသမျှသာ အငမ်းမရစားတက်၏.. '
ချောင်မူက သခင်လေးကုံး သည် သူ့ကိုယ်သူမမှားဟု ယူဆနေသေးသည်ကို မြင်လျှင် ထပ်မေးလိုက်၏ ။
" မင်းတို့အိမ်က ကျွန်တွေ ဘာစားကြလဲ.. "
" ဟမ်.. ကျွန်တော်မသိဘူး.. ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ.. "
သခင်လေးကုံး က ရှုပ်ထွေးဟန်ဖြင့် ချောင်မူအား ကြည့်လိုက်၏ ။
ချောင်မူက တခဏတာ တိတ်ဆိတ်သွားပြီး ဤကိစ္စကို လက်လျော့လိုက်ကာ ဆက်မေးသည် ။
" ဒီအိမ်တော်မှာ သိုင်းပညာရှင် ဘယ်နှယောက်ရှိလဲ.. "
သခင်လေးကုံးက မြန်မြန်ပြန်ဖြေသည် ။
" ကျွန်တော့် အဖေက အဆင့် ၆.. အဆင့် ၇ က နှစ်ယောက်ရှိတယ်.. တယောက်က ဦးလေးဖူ ..သူ မြို့ပြင်ထွက်သွားတယ် ..နောက်တစ်ယောက်ကို ကျိုးဝမ်လို့ ခေါ်တယ်.. သူက အိမ်မှာရှိတယ်.. အဆင့် ၈ ကတော့ ငါးယောက် ခြောက်ယောက်လောက် ရှိတယ်.. အဆင့် ၉ တွေတော့ မသိဘူး.. "
" အ..အကိုကြီးချောင်လင်း.. စိတ်လျော့ထားနော်.. ဒီမှာ တစ်ခုခု ဖြစ်ရင် သိုင်းပညာရှင်တွေတင်မဟုတ်ဘူး စစ်သည် ထောင်ဂဏန်းလည်း ချက်ချင်းရောက်လာလိမ့်မယ်.. အဲ့ကျ ထွက်ပြေးလို့ ရတော့မှာ မဟုတ်ဘူး..."
ချောင်မူ ပြုံးလိုက်၏ ။ သူထွက်ပြေးရန် ရည်ရွယ်ချက် မရှိ ။ သို့သော်လည်း ဤသိုင်းပညာရှင်များကို ကျော်ဖြတ်၍ မြို့စားကုံးယန်ဆီသို့ မသွားနိုင်မှန်း သူ သိလိုက်၏ ။ မြို့စားထံသို့ ရောက်လျှင်ပင် ချက်ချင်းသေဆုံးရပေမည် ။ သို့ရာတွင် သူ့အတွက် အရှုံးမရှိ၍ ကိစ္စမရှိ ။
" ငါမင်းကို မေးတာပဲဖြေလို့ ပြောထားတယ်လေ.. "
ချောင်မူက လှံကို ရှေ့တိုးပြီး ဖိအားပေးလိုက်ပြီး ...
" ဝူကျိ အသင်းအကြောင်း မင်းသိလား .."
သခင်လေးကုံး ၏ အမူအရာက တစ်ခါမှ မကြားဖူးဟန်ဖြင့် စိတ်ရှုပ်ထွေးသွားသည် ။
" မင်းမသိရင် မင်းက ဘာအသုံးဝင်မှာလဲ.. အိမ်ကမွေးထားတဲ့ ခွေးကြ ဂရုစိုက်နေပြီး ဒါလေးတောင် မသိဘူးလား.. "
ချောင်မူက စိတ်မရှည် ဖြစ်လာပြီး နောက်တစ်ခုထပ်မေးလိုက်သည် ။
" ယန်ဧကရာဇ်ရဲ့ လျို့ဝှက်ခရီးစဥ်အကြောင်း မင်းသိလား.. "
ချောင်မူသည် ရုတ်တရက် သတိရသွား၍ မေးလိုက်ခြင်းဖြစ်သည် ။ ဤရက်များအတွင်း အလုပ်များနေ၍ မူလ ရည်ရွယ်ချက်ကိုပင် မေ့နေ၏ ။
ချောင်မူစကားကို ကြားလျှင် သခင်လေးကုံး မျက်နှာပျက်သွားပြီး...
" မင်း..မင်း ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို သိတာလဲ.. "
မမျှော်လင့်ထားသည့် အကျိုးအမြတ်ရလိုက်၍ ချောင်မူ၏ မျက်လုံးများ မှေးစင်းသွားသည် ။