← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

Chapter 39

~

အခန်း ၃၉

~

' ဒီကလေးက ယန်ဧကရာဇ်ရဲ့သတင်းကို တကယ်သိနေပါလား.. '

ချောင်မူ သည် အရင်က ဘာမှ မသိသည့် သခင်လေးကုံးကို စဥ်းစားမိပြီး သံသယ ဝင်သွား၏ ။

" သခင်လေးကုံး.. လူတစ်ယောက်မှာ အသက်တစ်သက်ပဲရှိတယ်နော်.. လိမ်ညာမပြောသင့်ဘူး.. "

ချောင်မူက သခင်လေးကုံး၏ မျက်လုံးကို စိုက်ကြည့်နေလိုက်၏ ။ သူ စိတ်ပညာနားမလည်သော်လည်း စူးရှသည့် အမြင်အာရုံရှိသည် ။

သခင်လေးကုံးသာ လိမ်နေမည်ဆိုလျှင် ထူးခြားသည့် အပြုအမူတစ်ခုခု လုပ်မည်ဖြစ်သည် ။

" ငါ မလိမ်ဘူး.. "

သခင်လေးကုံးက...

" တကယ်ဆို ဒီလို အရေးကြီးတဲ့ သတင်းကို ငါ သိနိုင်မှာ မဟုတ်ပေမဲ့ ငါ့အဖေကိုယ်တိုင် ပြောပြလို့သိတာ.. "

" သူပြောတာတော့.. ယန်ဧကရာဇ်ကြီးက တစ်လအတွင်း ယန်မြို့ကို လာလိမ့်မယ်တဲ့.. ငါ့ကို ပြဿနာရှာမှာစိုးလို့ ကြိုပြောပြထားတာ.. "

ချောင်မူသည် သားသတ်သမားကျန့်၏ ကုတ်ဝှက်စာ ရခဲ့စဥ်က ဤသတင်းအား သိရန် ​ကြိုးစားခဲ့၏ ။ ယခုအခါတွင်မတော့ လွယ်လင့်တကူရခဲ့လေပြီ ။

" နောက်ထပ် အသေးစိတ်အချက်အလက်တွေ သိသေးလား.. လာမယ့်အချိန် နဲ့ နေရာကိုရော တိတိကျကျ သိလား.. "

ချောင်မူက ထပ်မေးသည် ။

" ဒါ ယန်ဧကရာဇ်နဲ့ ပက်သက်တဲ့ သတင်းလေ.. ငါ့အဖေသာ အဲ့လောက် အဆက်အသွယ်ကောင်းနေရင် ယန်မြို့မှာ နေ နေမှာ မဟုတ်ဘူး.. "

" ဒါပေမဲ့ ယန်ဧကရာဇ် လာမှာက ယန်မြို့ အနီးတဝိုက် ဆို​တော့ တောထဲ သွားမှာ မဟုတ်လောက်ဘူး.. မြောက်ဘက်က ဟဲရန်မြို့ ဒါမှမဟုတ် အနောက်ဘက်က ချင်းမင် တောင်ကို သွားလောက်တယ်.. "

သခင်လေးကုံးက ခန့်မှန်းလိုက်၏ ။

ဟဲရန်မြို့သည် ချောင်စန်းရွှယ်၏ ဇာတိမြို့ဖြစ်ပြီး ယန်မြို့အနီးတွင် တည်ရှိသည့် ပြည်နယ်မြို့တော်အဆင့် မြို့ကြီးတစ်မြို့ ဖြစ်သည် ။

ချင်းမင်တောင်သည် ယန်မြို့၏ အနောက်ဘက်တွင် ရှိပြီး မိုးထိအောင် မြင့်မားနေသည့် တောင်ထိပ်များ ရှိသည် ။ ရံဖန်ရံခါ အင်မော်တယ်များ၏ သတင်းများထွက်ပေါ်တက်၍ ယန်မြို့အနီးတဝိုက် အထင်ကရ နေရာတစ်ခုပင် ။

နားထောင်ပြီးနောက် ချောင်မူ အနည်းငယ် စိတ်ပျက်သွား၏ ။ ဤသည်က သခင်လေးကုံး၏ ခန့်မှန်းချက်များသာ ဖြစ်ပြီး ဧကရာဇ်၏ လမ်းကြောင်းအစစ်အမှန်ကို မသိချေ ။

' အင်း.. ဝူကျိအသင်း လုပ်ကြံမယ့်ပွဲမှာ ငါပါချင်ရင် ဒီ ယန်မြို့မှာ ​နောက်တစ်လလောက်အထိ နေရအုံးမှာပဲ ..'

' ယန်ဧကရာဇ်က အရည်အချင်းမရှိတဲ့ ဘုရင်လို့ ကြားဖူးတယ်.. မကောင်းတဲ့ သူတွေကို ပစားပေးပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွက်တယ်တဲ့ .. သူ့လက်အောက် ငယ်သားတွေကြောင့်ဖြစ်တာ အများဆုံးပေမဲ့ သူလည်း အပြစ်ရှိတာပဲ ..သူ့ကို လုပ်ကြံတာက ကောင်းမှုတစ်ခုလို့ ပြောလို့ရမှာပဲ.. '

ချောင်မူက အများကြီး သိလိုက်ရသော်လည်း စိတ်မရှည်ဟန်ဖြင့်...

" မင်း ဘာသတင်းမှလည်း မသိဘူး.. ငါ့ကို လိမ်နေတာလား.. "

ချောင်မူက မျက်လုံးများ မှေးစင်းလိုက်ပြီး ခြိမ်းခြောက်မှု အပြည့်ဖြင့် ကြည့်လိုက်၏ ။ သူကိုင်ထားသော လှံက အရိပ်တစ်ခုအဖြစ် ရွေ့လျားသွားပြီး သခင်လေးကုံး၏ ဝမ်းဗိုက်ကို ရိုက်လိုက်သည် ။

သခင်လေးကုံး က နာကျင်မှုကြောင့် ပုဇွန်တုပ်ကွေးလို ကွေးနေပြီး အန်လေတော့သည် ။ ဤရိုက်ချက်မှာ အဘိုးကြီးဟွမ်၏ ဇနီးအတွက် လက်စားချေလိုက်ခြင်းပင် ။

နောက်ထပ် လက်စားချေရမည့်သူများ ကျန်နေသေးသည် ။ သခင်လေးကုံး တိုင်းခန်းလှည့်လည်လျှင် အရက်စက်ဆုံးသူများမှာ အနီးကပ် အစေခံများဖြစ်သည် ။

ချောင်မူသည် မီးဖိုချောင်အစေခံများကို စာနာမှုပေးသော်လည်း အနီးကပ် အစေခံများအား ခွင့်လွှတ်မည် မဟုတ်သည့် အပြင် သူသတ်ရန် ကြံရွယ်ထားသူလည်း ရှိ၏ ။

အထူးသဖြင့် မနေ့က ချောင်စန်းရွှယ်၏ အိမ်သို့ အခေါင်းထမ်းလာသူများပင် ။ ထိုလူများ၏ ခွန်အားမှာ သန်မာပြီး သခင်လေးကုံးအတွက် လက်နက်သဖွယ် ဆောင်ရွက်ပေးကြသူများဖြစ်သည် ။

အဘိုးကြီးဟွမ်သည် ချောင်စန်းရွှယ်အစား အသားစွပ်ပြုတ် လုသောက်ခြင်းမှာ ချောင်မူသာ ပေါ်မလာလျှင် ဒုက္ခရောက်မည်ဖြစ်သည် ။

ထို့ကြောင့် ယခု အိမ်တော်သို့ ခိုးဝင်ခြင်းမှာ ထိုအစေခံများကို အဓိက ရှင်းလင်းရန်ပင် ။ ထိုမှသာ အဘိုးကြီးဟွမ်နှင့် ထိုနေ့က လိုက်ပါလာသူ တပ်သားများ အေးအေးချမ်းချမ်း နေနိုင်မည်ဖြစ်သည် ။

" ငါသိတာ ဒါပဲ ရှိတာလေ.."

သခင်လေးကုံး အန်​နေသည်မှာ ရပ်သွားပြီး တောင်းပန်၏ ။

" ဒါ.. ဒါမှမဟုတ် ပိုက်ဆံလို ချင်လား.. မင်း ဒီအိမ်ထဲ ခိုးဝင်လာတာဆို​တော့ တစ်ခုခု လိုချင်လို့မှတ်လား.. "

" ထူးခြားတယ့် သိုင်းကျမ်း ဆိုရင်ရော.. ငါ့ အဖေက အဆင့် ၆ သိုင်းပညာရှင်လေ.. "

" ပြောကြည့် .. ဘယ်လို သိုင်းမျိုးလဲ.. "

ချောင်မူက အလေးအနက်မထားဘဲ မေးလိုက်၏ ။ သခင်လေးကုံးသည် သိုင်းသမား မဟုတ်သဖြင့် အဖိုးတန်သည့် သိုင်းကျမ်းတွေ့လျှင်ပင် သိနိုင်မည်လောဟု သူ သံသယ ဝင်မိသည် ။

" အဲ့စာအုပ်က ထူးခြားတာ သေချာတယ်.. ငါ့အဖေဆို အဲ့တာကို သေချာဖွက်ထားတာ ငါ့ကို မကြည့်ခိုင်းဘူး.. အဲ့တာနဲ့ ငါလည်း သူဖွက်ထားတဲ့ နေရာကနေ ခိုးထားတာ.. ငါ တိတ်တိတ်လေး လေ့ကျင့်နေတာကြာပြီ ခုထိ မအောင်မြင်သေးဘူး.. "

သခင်လေးကုံးက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်၏ ။

" အဲ့စာအုပ်နာမည်က သိုင်းသူတော်စင်စိတ်ဝိညာဥ် ကျမ်းတဲ့.. "

' သိုင်းသူတော်စင်ရဲ့ သိုင်းကျမ်းလား.. ဒါ သာမန်သိုင်းကျမ်း ဟုတ်ပုံမရဘူး.. သိုင်းသူတော်စင် ရေးထားတာလား.. ဝူကျိအသင်းနဲ့ သက်ဆိုင်နေတာလား.. '

' သူ ဝူကျိအသင်းကို မသိဘူးဆိုတော့ လိမ်နေတဲ့ပုံမပေါ်ဘူး.. '

ချောင်မူက ခဏကြာအောင် စဥ်းစားပြီးမှ မေးလိုက်၏ ။

" ဒါဆို အဲ့စာအုပ်က ဘယ်မှာလဲ.. "

သခင်လေးကုံးက...

" အတွင်းခြံမှာ.. ငါ့အိပ်ခန်းထဲမှာ.. "

ချောင်မူက ခဏစဥ်းစားလိုက်ပြီး စွန့်စားရကျိုးနပ်မည်ဟု ဆုံးဖြတ်လိုက်သည် ။ မည်သို့ပင် ဆိုစေကာမူ သူအတွင်းခြံထဲသို့ ဝင်ရမည်ပင် ။

ချောင်မူ၏ ရည်မှန်းချက်မှာ အခေါင်းထမ်းသူများအား အရင်သတ်ပြီး မှ ကုံးယန်အား လုပ်ကြံမည်ဖြစ်သည် ။ လုပ်ကြံမှု မအောင်မြင်လျှင်လည်း အရေးမကြီး ။ အရေးကြီးသည်မှာ ကြီးကျယ်ခမ်းနားစွာ သေဆုံးနိုင်ရန်ဖြစ်သည် ။

" မင်း ရှေ့က သွားရမည်.. ရှုပ်ရှုပ်ယှက်ယှက် မလုပ်နဲ့နော်.. ငါ့လှံရဲ့ အမြန်နှုန်းကို မင်းသိတယ်မလား.. "

ချောင်မူက ခြိမ်းခြောက်လိုက်ပြီးနောက် ဘောင်းဘီချွတ်လိုက်၏ ။ အစေခံ အဝတ်အစားကို လှဲလှန်ရန် ဖြစ်သည် ။

သူ အဝတ်အစားလဲပြီး​နောက် အားချန်းကို ကြည့်လိုက်၏ ။ ထိုသကောင့်သားက အိပ်ပျော်နေလေပြီ ။

" သွားမယ် .."

အစေခံ တစ်ယောက်လို ဝတ်ထားသော ချောင်မူက သခင်လေးကုံး၏ အနောက်မှ ကပ်လိုက်လာပြီး မီးဖိုချောင်အတွင်းမှ ထွက်လာကြ၏ ။ အပြင်သို့ ရောက်လျှင် တံခါး သေချာပိတ်လိုက်သည် ။

မီးဖိုချောင်တွင်းဝယ် လူများလဲကျနေပြီး ခွေးနှစ်ကောင်သေဆုံးနေသည် ။ ဖွက်ထားရန် နေရာမရှိ ။ ဤနေရာသို့ တစ်ယောက်ယောက် ရောက်လာလျှင် ထူခြားမှုကို သိရှိသွားနိုင်သည် ။ ကံကောင်းသည်မှာ ထမင်းစားချိန် မရောက်သေးသဖြင့် မီးဖိုချောင်သို့ လာမည့်သူ နည်းပါးနိုင်သည် ။

ချောင်မူသည် အချိန်များစွာ မရမှန်းသိ၍ သိုင်းကျမ်းကို အရင်ယူရန် ဆုံးဖြတ်လိုက်၏ ။

သူတို့နှစ်ယောက် အမြန်လျောက်လာကြပြီး အစောင့်နှစ်ယောက် စောင့်ကြပ်နေသည့် အတွင်းခြံတံခါးဝသို့ ရောက်လာကြသည် ။

အစောင့်နှစ်ယောက်၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး နားထင်များ ဖောင်းနေသဖြင့် အတွင်းအား ရှိသည့် သိုင်းပညာရှင်များ ဖြစ်မှန်း သိနိုင်သည် ။ သူတို့နှစ်ယောက်က သခင်လေးကုံးကို မြင်လိုက်လျှင် ဖော်ရွေစွာ ပြုံးလိုက်ကြသည် ။

" ဖယ်.. ဖယ်.. ငါလမ်း မပိတ်နဲ့.. "

သခင်လေးကုံး၏ မျက်နှာ ဖြူဖက်ဖြူရော် ဖြစ်နေသော်လည်း ခြေလှမ်းများက လျင်မြန်လှပြီး အစောင့်နှစ်ယောက် ကို လျစ်လျူရှုကာ အတွင်းခြံထဲသို့ ဝင်သွားသည် ။ ချောင်မူက ခေါင်းငုံ့၍ ​နောက်မှ ကပ်လိုက်သွား၏ ။

အစောင့်နှစ်ယောက်က အလျင်အမြန် ဖယ်လိုက်ကြ၍ သခင်လေးကုံးအား ကြောက်ရွံ့ သည်မှာ ထင်ရှားသည် ။

ချောင်မူသည် အတွင်းခြံသို့ ဝင်ရန် ဤမျှ လွယ်ကူနေမည်ဟု ထင်မထားခဲ့ပေ ။

Chapter 40

~

အခန်း ၄၀

~

အပြင်ခြံရှိ မီးဖိုချောင်တွင်...

အားချန်း နိုးလာ၏ ။ သူ ပတ်ဝန်းကျင်အား ကြည့်ပြီးရုတ်တရက် ထိတ်လန့်မိသွားသော်လည်း ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရပြီး တည်ငြိမ်သွားသည် ။

' သခင်လေး အဖမ်းခံထားရတာပဲ.. '

သူ အော်ရန် ပြင်လိုက်သော်လည်း အမဲသားဟင်းများနှင့် ဘေး​တွင် သေနေသည့် ခွေးများကို ကြည့်ပြီး တိတ်ဆိတ်သွားသည် ။

သူ ဆင်းရဲ​မွဲတေသည့်အတွက် ကျွန်ဘဝ ရောက်ရခြင်းကို မည်သူ့ကိုမှ အပြစ်မတင် ။ သူဆင်းရဲသောကြောင့် နွားရောင်းခဲ့ရခြင်းအားလည်း မည်သူ့မှ အပြစ်မတင် ။ သူ ဝမ်းနည်းသော်လည်း ထိုဝမ်းနည်းမှုအား မျိုသိပ်ထားရုံသာ တက်နိုင်သည် ။

သိူ့သော်လည်း တဟွမ်ကြီးအား ခွေးစာအဖြစ် အသုံးပြုနေခြင်းကိုတော့ သူ သည်းမခံနိုင်တော့ပြီ ။

' ဟူး အိမ်ထဲ ခိုးဝင်လာတဲ့ သူခိုးက ငါ့ကို မေ့အောင် ရိုက်သွားတာပဲ.. '

သူ မီးဖိုချောင် တံခါးများကို အတွင်းမှ ချက်ချလိုက်ပြီး ပြန်လှဲအိပ်နေလိုက်၏ ။ သူရဲကောင်းချောင်အတွက် အချိန်အနည်းငယ် ဆွဲပေးရန် သူ ဆုံးဖြတ်လိုက်သည် ။

ချောင်မူသည် အတွင်းခြံသို့ အေးဆေး ဝင်လာနိုင်ခဲ့ခြင်းကို အံ့အားသင့်နေ၏ ။ သူ သခင်လေးကုံး၏ ​နောက်သို့ အနီးကပ် ကပ်လိုက်နေစဥ်တွင် သူ့အား စောင့်ကြည့်နေသည့် အကြည့်များစွာကို အာရုံခံမိလေသည် ။

" အဲ့တာ ဘယ်သူလဲ.. ငါသူ့ကို အရင်က မမြင်ဖူးပါဘူး.. သူ ဘာလို့ သခင်လေးနား အဲ့လောက် ကပ်နေတာလဲ.. "

" ဟေ့ရောင်.. အဲ့လိုကြီး မကြည့်နဲ့ဟ.. သခင်လေးသိရင် အရိုက်ခံရမယ်.. "

သခင်လေးကုံးသည် အစေခံများအား အိပ်ခန်းအတွင်းသို့ ခေါ်သွားဖူးသည်မှာ ထင်ရှား၏ ။

ချောင်မူက ခေါင်းငုံ့ထားရသဖြင့် သခင်လေးကုံး၏ လည်ပင်းကို သာ သေချာစိုက်ကြည့်နေသည် ။

သခင်လေးကုံး အလွန်စိတ်လှုပ်ရှားနေပြီး လည်ပင်းတွင် ချွေးစေးများ ထွက်နေ၏ ။ သူ့အနားသို့ ချဥ်းကပ်လာသည့် အစောင့်တိုင်းကို အော်ဟစ်လွှတ်နေရပြီး သတိထားမိသွားမည်ကို စိုးရိမ်နေသည် ။ အစောင့်များ ချောင်မူကို သတိထားမိသွားလျှင် အရင်သေမည့်သူမှာ သူ သာလျှင်ဖြစ်သည် ။

သူတို့နှစ်​ယောက် ခြံဝင်းအနောက်ဘက်ရှိ အိပ်ခန်းအတွင်းသို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီး မည်သူမှ သတိမထားမိလိုက်ပေ ။

အိပ်ခန်းအား အဖိုးတန် ကြွေအိုးများ ပန်းချီကားများဖြင့် အလှဆင်ထားသည် ။

သခင်လေးကုံးက လှည့်ကွက်များ လုပ်ရန် မကြိုးစားဘဲ အိပ်ရာအောက်မှ စာအုပ်ကို ထုတ်ပေးလိုက်၏ ။

ချောင်မူက ဂရုတစိုက် လှန်လှောကြည့်ပြီးနောက် သူ၏ မျက်ခုံးများမှာ တဖြည်းဖြည်း တွန့်ကွေးလာသည် ။ သူသည် သက်ရှည်လက်သီးနှင့် ထပ်ဆင့်လှိုင်းခွန်အား ကဲ့သို့သော ထိပ်တန်းအဆင့် သိုင်းကျမ်းများကို လေ့ကျင့်ဖူး၍ ဤသိုင်းကျမ်းသည် ထိပ်တန်းအဆင့်ဖြစ်မှန်း သိလိုက်သည် ။

သို့ရာတွင် ပြဿနာ တစ်ခု ရှိနေသည် ။ ဤသိုင်းကျမ်းမှာ အသက်ရှူနည်း များ တိုက်ခိုက်နည်းများ မဟုတ်ဘဲ ဆဋ္ဌမ အာရုံ ( ကြိုတင်သိမြင်မှု) အတွက် ကျင့်ကြံသည့် နည်းလမ်း ဖြစ်နေ၏ ။

' သိုင်းပညာရှင်တွေက အဆင့် ၈ ကနေ အဆင့် ၄ အထိ အာရုံ ငါးပါး တိုးတက်လာတယ် .. ဆဋ္ဌမ အာရုံကို ရချင်ရင် အဆင့် ၃ ကို ရောက်ပြီး စိတ်ဝိညာဥ်အာရုံ ရမှ ဖြစ်နိုင်မှာလေ.. ဒါက အဆင့် ၃ မရောက်ခင် စိတ်ဝိညာဥ်အာရုံကို သန့်စင်ပေးနိုင်တဲ့ကျမ်းပဲ .. "

ချောင်မူက ပါးလွှာသည့် စာအုပ်လေးအား လှန်လှောကြည့်ပြီး အတွေးနက်နေ၏ ။

အဆင့်နိမ့် သိုင်းပညာရှင်များပင် ဆဋ္ဌမအာရုံ ရနိုင်သည့် ဤသိုင်းကျမ်းသည် အဖိုးတန်လွန်းလှသည် ။ သို့ရာတွင် ဤကျမ်းကို လေ့ကျင့်နိုင်ရန် စိတ်ပိုင်းဆိုင်ရာခွန်အား မြင့်မားမှ ရပေမည် ။

အလိုလိုသိစိတ်ဟူသည် တိုင်းတာသည့် စံနှုန်း မရှိ ။ အလွန်ထူးခြားဆန်းကြယ်သည့် အရာတစ်ခုဖြစ်သည် ။ ဤစွမ်းရည်အား လေ့ကျင့်လိုလျှင် မလျော့သောဇွဲနှင့် ခိုင်မာသည့် စိတ်ဓာတ်ခွန်အား လိုအပ်ပေသည် ။

" တန်ဖိုးနည်းနည်း ရှိပေမဲ့ နဲနဲတော့ စိတ်ပျက်စရာပဲ.. နောက်ထပ် ဒုတိယတွဲ ရှိသေးလား.. "

ချောင်မူက စာအုပ်ကို အမြန်လှန်ကြည့်ပြီး သခင်လေးကုံးအား ပြောလိုက်၏ ။

" အဟွတ်.. "

သခင်လေးကုံးက ချွေးစေးများထွက်လာပြီး ချောင်းခြောက် ဆိုးလိုက်ကာ..

" အဖေ့ စာကြည့်ခန်းထဲမှာ​..လျို့ဝှက်ခန်း တစ်ခုရှိတယ်.. အဲ့မှာ ဖွက်ထားတာတွေ အများ​ကြီးပဲ ..သိုင်းကျမ်းအတွက်တောင် သီးသန့်အခန်းတစ်ခု ရှိသေးတယ်.. အဲ့ကို ခေါ်သွားရမလား.. "

' အိုးးး.. မွေးရကျိုးနပ်လိုက်တဲ့ အဖေ့သားလေး.. '

ချောင်မူ ကုံးယန်အတွက် အနည်းငယ် ဝမ်းနည်းပေးလိုက်သည် ။ သူယခု မည်သည်ကိုမှ စိုးရိမ်ရန် မလိုသဖြင့် လိုက်သွားရန် ဆုံးဖြတ်လိုက်၏ ။ သခင်လေးကုံးထံမှ မည်သည့် အဖိုးတန်သည့်အရာများ ထပ်ရနိုင်မည်ကို သူ သိချင်သည် ။

…………..

အချိန်မရတော့သဖြင့် ချောင်မူ နှင့် ကုံးယန်သည် အိပ်ခန်းအတွင်းမှ အမြန်ထွက်လာပြီး ခြံဝန်းအရှေ့ဘက်ရှိ စာကြည့်ခန်းသို့ ဦးတည်လိုက်ကြသည် ။

သခင်လေးကုံး၏ တစ်ကိုယ်လုံးတွင် ချွေးများရွှဲနေပြီး နှလုံးသားများ တဆတ်ဆတ် ခုန်နေ၏ ။ သူ၏ ကြောက်ရွံ့မှုသည် အတုအယောင်မဟုတ်ချေ ။

သို့ပေသည့် ညဏ်များသည့် ကုံးယန်မှ မွေးဖွားလာသူဖြစ်သဖြင့် မောက်မာတက်သူ ဖြစ်သော်လည်း ညဏ်ကောင်းသူဖြစ်၏ ။

' ချောင်လင်းက ငါ့နောက်မှာ ဆိုတော့ ငါ့မျက်နှာကို မြင်ရမှာ မဟုတ်ဘူး.. '

' သူ့စိတိထဲမှာ ငါက ဦးနှောက်မရှိတဲ့ သူပဲ.. ငါ ကြောက်တက်တာ မှန်ပေမဲ့.. သူ့ကို တစ်ခုခု မလုပ်ရင် ငါအမှန်တကယ် သေရလိမ့်မယ်.. '

' ဒီကောင် သိုင်းကျမ်းကြောင့် လောဘတက်နေပြီ.. ဒါ သူ့ရဲ့ အားနည်းချက် ပဲ.. '

သူ၏ ခန္ဓာကိုယ်တွင် ချွေးစေးများ ပိုမိုစီးကျလာပြီး အကြံအစည်များစွာ စဥ်းစားနေသည် ။ သူ ချောင်မူအား ပြောပြခဲ့သည်များက အမှန်တရားကိုးခုနှင့် လိမ်ညာမှု တစ်ခုဖြစ်သည် ။ သူ ပြောခဲ့သမျှ အမှန်တရားအားလုံးသည် လိမ်ညာမှုတစ်ခုတည်း ဆောင်ရွက်ရန်သာ ဖြစ်၏ ။

' ဒီကောင် သေမှာ မှန်ပေမဲ့ သူမသေခင် ငါသေဖို့ များနေတယ်.. ခု ငါ့ကို ကယ်နိုင်တာဆိုလို့ ငါ့အဖေနဲ့ ကျိုးဝမ်ပဲ ရှိတယ်.. '

သခင်လေးကုံးသည် သိုင်းပညာရှင် မဟုတ်သဖြင့် ချောင်မူ၏ အဆင့်ကို မသိပေ ။ သို့သော်လည်း ဦးလေးဖူ ကိုယ်တိုင် ဖြေရှင်းရန် ထွက်သွားသည်ကို သူသိသည် ။ ယခု ဦးလေးဖူ ပြန်မလာဘဲ ချောင်လင်း ပြန်ရောက်လာ၍ သူ့ကို ကယ်တင်နိုင်မည့်သူမှာ အဆင့် ၇ ကျိုးဝမ်နှင့် အဆင့် ၆ သူ့အဖေသာ ဖြစ်မည်ကို သူနားလည်၏ ။

ယခု ထိုသူနှစ်ယောက်လုံးမှာ စာကြည့်ခန်းတွင် ရှိနေသည် ။ သူလိမ်ညာ ခဲ့သည်မှာ ထိုနှစ်ယောက်အကြောင်းကို ဖုံးကွယ်ထားခြင်းပင် ။ ကျိုးဝမ်က စာကြည့်ခန်းအား စောင့်ကြပ်နေပြီး သူ့အဖေမှာ စာကြည့်ခန်းရှိ လျို့ဝှက်ခန်းထဲတွင် လေ့ကျင့်နေသည် ။

' ငါ အဲ့နေရာအထိ ရောက်နိုင်ရင် အသက်ရှင်နိုင်တယ်မလား.. '

သခင်လေးကုံး၏ နှလုံးခုန်သံမှာ ပိုမို မြန်ဆန်လာသည် ။ ယခု ထိုနေရာသို့ ရောက်ရှိရန် ခြေလှမ်းနှစ်ဆယ်သာ ဝေးတော့သည် ။

ကျိုးဝမ်သည် အနီးသို့ ရောက်လာသည့် သခင်လေးကုံးအား ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏ ။

" သခင်လေး ဘာကိစ္စလဲ.. "

" ကျုပ် စာဖတ်မလို့ စာကြည့်ခန်းထဲ သွားမလို့.. "

သခင်လေးကုံးက တွန့်ဆုတ်နေဟန် မရှိဘဲ လေးလေးနက်နက် ပြောလိုက်၏ ။

စာဖတ် မည်လော ။ ကျိုးဝမ်က သခင်လေးကုံးအား အလိုလို မော့ကြည့်မိလိုက်သည် ။ သခင်လေးကုံးက သူ့အား နှစ်ကြိမ် သုံးကြိမ်ခန့် မျက်တောင်ခတ်ပြနေသည်ကို မြင်လိုက်ရ၏ ။

' ဟမ် ဘာလဲဟ.. '

ကျိုးဝမ်က သခင်လေးကုံး၏ နောက်တွင် ရပ်နေသည့် ချောင်မူကို ကြည့်၍ မျက်နှာ ပျက်သွားသည် ။

ထိုအခါမှသာ သခင်လေးကုံး တိတ်တဆိတ်သက်ပြင်းချနိုင်တော့သည် ။

' သူ ငါပြောတဲ့ အဓိပ္ပါယ်ကို နားလည်တာ တော်သေးတာပဲ.. '

ထို့နောက် သူသည် ကျိုးဝမ်၏ လေးနက်သည့် စကားကို ကြားလိုက်ရ၏ ။

" သခင်လေး.. ကျေးဇူးပြုပြီး ယဥ်ကျေးပါ..ကျုပ်ကို မနောက်ပါနဲ့.. ကျုပ် ကျိုးဝမ်က အသက်လည်း ၄၀ ကျော်ပြီ မိန်းမလည်း ရှိတယ်.. ဒီလို ကိစ္စမျိုးကို ကျုပ် စိတ်မဝင်စားဘူး.. "

သခင်လေးကုံး မျက်လုံးပြူးကျယ်စွာဖြင့် ဆွံ့အနေ၏ ။ တချိန်တည်းမှာပင် သူ့နောက်ဘက်မှ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားနိုင်သည့် စူးရှသည့် အကြည့်တစ်ချက်ကို ခံစားမိလိုက်သည် ။

All Chapters