သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လျှို့ဝှက်ချက်များ
Vol. 2 Ch. 185
အတန်ငယ်ကြာပြီးနောက်
ပိုင်ရှောင်ချန်းမှာ စိတ်အေးအေးထားနိုင်လာပြီး ဂိုဏ်းဆီသို့ ဆက်လက်ပြန်လာခဲ့သည်။ မကြာမီ သူ့အနားသို့ အလင်းတန်းများလှည့်ပတ်ပျံသန်းနေပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအားလုံးအပြင် အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများနှင့် ဓမ္မစောင့်ရှောက်သူ များကို တွေ့မြင်ရသည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များ ဖြာထွက်နေကာ အံ့မခန်း အမြန်နှုန်းဖြင့်ပျံသန်းနေကြသည်။ သူတို့အားလုံးမှာ အထက်စီးဆန်ကာ ရိုင်းစိုင်းကြပြီး လုံးဝတဇွတ်ထိုးနိုင်ကြပုံပေါ်သည်။ သူတို့သွားလေရာတိုင်း အတွင်းစည်းဂိုဏ်းသားများမှာ မရိုမသေမလေးစား တစ်ခုမျှမလုပ်ရဲဘဲ လက်ကိုဆုပ်ကိုင်ကာ တရိုတသေလေးစားစွာဖြင့်ဦးညွှတ်လိုက်ကြရသည်။
အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပိုင်ရှောင်ချန်းမှာ သူ၏လမ်းကိုပိတ်ဆို့ထားသည်ဟု ယူဆကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်။ ကံကောင်းသည်မှာ ပိုင်ရှောင်ချန်းက လျင်မြန်စွာရှောင်လိုက်နိုင်ပြီး ချက်ချင်းပင်ဘေးသို့ လွင့်သွားပုံဟန်ဆောင်နိုင်လိုက်သည်။ သူက ပါးစပ်ထောင့်မှ သွေးများယိုစီးသွားအောင်ပင် ပြုလုပ်လိုက်၏။
အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူမှာ ပိုင်ရှောင်ချန်းကို လုံးလုံးလျစ်လျူရှုကာ ဖြတ်သန်းသွားလေသည်။
ထိုနေရာရှိ အခြားအတွင်းစည်းဂိုဏ်းသားများမှာ သတိထားမိဟန်တူသည်။ လက်မောင်း၏အောက်ခြေဘက်ရှိ အစေခံများနေထိုင်ရာ လက်အောက်ပိုင်းမှာ အစေခံတို့သည် လေထဲရှိ အတွင်းစည်းဂိုဏ်းသားများနှင့် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများကိုမော့ကြည့်ကာ သူတို့၏မျက်နှာအမူအယာများမှာလည်း လုံးဝကြောက်ရွံ့ရိုသေနေဟန်ရှိသည်။
"အရမ်းကို မောက်မာလွန်းတယ် " ပိုင်ရှောင်ချန်းက တွေးတောမိလိုက်သည်။ ပထမတွင် ဂိုဏ်းတစ်ခုလုံးမှာ ထိုသို့ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် သူကယခု သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်နေကြောင်းသူ့ကိုယ်သူသတိပေးကာ လက်ကြီးတစ်လျှောက် ပျံသန်းသွားလိုက်သည်။
သူနီးကပ်လာသည်နှင့်အမျှ သွေးရောင်တောက်ပနေသော မန္တန်အစီအရင်ကိုတွေ့ရှိလိုက်ရသည်။ သူ ဖြတ်သန်းသွားသောအခါ အလင်းရောင်တစ်ချက်လက်သွားပြီး သူ၏လမ်းကိုပိတ်ဆို့ခြင်းများ မလုပ်ခဲ့ပေ။ ခဏကြာပြီးနောက် သူက လက်ပေါ်သို့ ရောက်သွားလေသည်။
"ပထမစမ်းသပ်မှုအောင်မြင်ပြီ" သူကအသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။ သူဖြတ်သန်းခဲ့ရသော အလင်းရောင်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကာအကွယ်မန္တန်အစီအရင်ဖြစ်ပြီး ဂိုဏ်းဝင်မဟုတ်သူ မည်သူကိုမဆို ချက်ချင်း ဖော်ထုတ်နိုင်သည်။
လက်၏နောက်ဘက်ပိုင်းက အလွန်ကြီးမားသည်။ ပိုင်ရှောင်ချန်းသည် ထိုလက်ကြီးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်းပေါင်းထားသကဲ့သို့ ကြီးမားလှကြောင်း ချက်ချင်းသဘောပေါက်သွားပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက မည်မျှအစွမ်းထက်ကြောင်း ပိုမိုနားလည်သွားသည်။
အတွင်းစည်းဂိုဏ်းသားများကိုသာ လက်၏နောက်ဘက်ပိုင်းသို့ ဝင်ခွင့်ပြုထားလေသည်။ အပြင်စည်းဂိုဏ်းသားများကိုမူ အထောက်အထားပစ္စည်းမပါပါက ဝင်ခွင့်မပြုပေ။ အကယ်၍ကြိုးစားပြီးဝင်ခဲ့ပါက ပြင်းထန်စွာအပြစ်ပေးခံရပေလိမ့်မည်။ ထိုကဲ့သို့သောပြစ်မှုအတွက် အပေါ့ဆုံးအပြစ်ဒဏ်မှာ ခြေလက်များကိုဖြတ်တောက်ကာ အပြစ်ပေးခြင်းဖြစ်သည်။ အပြစ်ပေးပုံများမှာ ရက်စက်ကြမ်းကြုတ်သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အစဥ်အလာတစ်ခုပင် ဖြစ်နေသည်။ အဆင့်များအကြား ကွာခြားချက်ကလည်း လွန်စွာကြီးမားသည်။
ပိုင်ရှောင်ချန်းက အစပိုင်းတွင်စိတ်လှုပ်ရှားခဲ့သော်လည်း လက်ဆီသို့ရောက်ရှိပြီးနောက် သူနှင့်သူ၏ ထာဝရအသက်ရှည်နည်းပညာရပ် အကြားရင်းနှီးေသာ ဆက်သွယ်မှူတစ်ခုရှိနေပြီး ပို၍တုန်လှုပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ" ယခုထိသူခံစားနေရသည်ကို မယုံကြည်သေးပေ။ သို့သော်မကြာမီ အံ့သြတုန်လှုပ်စရာကောင်းသော အမှန်တရားကို သူ အသိအမှတ်ပြုခဲ့ရသည်။
"ဒီလက်က ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံထားတာပဲ"
ပို၍ တိကျစွာပြောရလျှင် ကောင်းကင်တံတားမြစ်၏ မျက်နှာပြင်အောက်တွင် ထာဝရအသက်ရှည်နည်းပညာရပ်ကို အမှန်ပင်ကျင့်ကြံခဲ့သော ဘီလူးတစ်ကောင်ရှိလေသည်။
ထိုလူ့ဘီလူးကြီးကအလွန်မြင့်မားသောအဆင့်သို့ရောက်ရှိခဲ့ခြင်းကြောင့် လက်နှင့်လက်မောင်းများရှိအရေပြားက အမှန်တကယ်ပင် ထာဝရအရေပြား ဖြစ်နေသည်။
ထိုထာဝရအရေပြားထဲတွင် ရှိနေသည့် အက်ကွဲေကြာင်းများမှ ဘီလူးကြီး၏ ထာဝရအသားဖြစ်သောမြေဆီလွှာကို တွေ့မြင်ရနိုင်သည်။ အောက်ဘက်နေရာတစ်ခုတွင် မမြင်ရနိုင်သော ထာဝရအရိုးရှိလေသည်။
သို့သော် ပိုင်ရှောင်ချန်းအတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းစေသည်မှာ တောင်ထိပ်ငါးခုမှစီးကျသောသွေးရေတံခွန်များဖြစ်ပြီး ထာဝရအပိုင်း၏အမြင့်ဆုံးအဆင့်ဖြစ်သော ထာဝရသွေးများဖြစ်သည်။
"ဘုရားရေ...။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံထားတဲ့လူ့ဘီလူးကြီးရဲ့ လက်မောင်းပေါ်မှာ တည်ဆောက်ထားတာပဲ။ ဒါ့အပြင် သူတို့ကျင့်ကြံတဲ့နည်းတွေက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အစောဆုံးဂိုဏ်းဝင်တွေကနေ ဆင်းသက်လာတယ်ဆိုတာ အရမ်းသိသာတဲ့အပြင် လက်မောင်းကို အခြေခံထားတာပဲ။ အဲဒါဆို သူတို့ရဲ့ပညာရပ်တွေက ငါကျင့်ကြံနေတဲ့ ထာဝရအသက်ရှည်နည်းပညာရပ်ကနေ ဆင်းသက်လာတာပဲပေါ့"
သူသိသမျှကိုအခြေခံရလျှင် ထာဝရအသက်ရှည်နည်းပညာရပ်၏ပထမဆုံး အတွဲမှာ အလွန်မရှားပါးပေ။ ဂိုဏ်းအများအပြား၌ရှိလေသည်။ သို့သော် ကျင့်ကြံရန်ခက်ခဲသောကြောင့် လူအနည်းငယ်သာ ထာဝရရွှေအရေပြားအထိ အောင်မြင်လေသည်။
လူအနည်းငယ်သာလျှင် ပိုင်ရှောင်ချန်းလုပ်ခဲ့သည့် လူသားဘဝ၏ပထမအတားအဆီးကို အောင်မြင်ခဲ့ကြသည်။ တကယ်တမ်းတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးရှိ မည်သူမျှ သွေးလက်ကြီးနှင့် ထာဝရအသက်ရှည်နည်းပညာရပ်အကြား ဆက်နွှယ်မှုကို အမှန်တကယ်မသိကြဟန်တူသည်။
ပိုင်ရှောင်ချန်းသည် ထာဝရရွှေအရေပြားရှိပြီး လူသားဘဝ၏ပထမ အတားအဆီးကို အောင်မြင်ခဲ့သူသာ လက်၏ခေါ်သံကို အာရုံခံသိရှိနိုင်လိမ့်မည်ဟု လုံးဝယုံကြည်နေမိသည်။
သူ၏ယူဆချက်က လုံးဝတိကျမှုမရှိနိုင်ကြောင်း သူ သိသည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြောင်း ပို၍နားလည်လာသည်နှင့်အမျှ ထိုအကြောင်းအရာများကို မှန်ကန်စွာ သူသိနိုင်လိမ့်မည်။
"မြေခဓားကမ္ဘာမှာ စုန့်ချွဲ သုံးခဲ့တဲ့သွေးလုံးက အရမ်းရင်းနှီးနေတယ်လို့ခံစားရတာ အံ့သြစရာမရှိဘူး " စုန့်ချွဲက သူ့အားတိုက်ခိုက်ခဲ့သောသွေးလုံးကို အကျွမ်းဝင်နေသကဲ့သို့ ခံစားခဲ့ရသည့်အကြောင်းရင်းမှာ အမှန်တကယ်တွင် ထာဝရသွေးမှ ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့် ရောက်ရှိပြီးနောက်မှ အသုံးပြုနိုင်သောကြောင့် စုန့်ချွဲသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အထူးပညာရပ်ကို အတင်းအကြပ်ထုတ်လွှတ်နိုင်ခဲ့သည်။
"ဒါကြောင့်မို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေကို အကျွမ်းဝင်နေတယ်လို့ ထင်နေရတာပေါ့။ အခုတော့ ဒါတွေအားလုံးက သဘာဝကျပါတယ်"
စိတ်မှာ တုန်လှုပ်ချောက်ချားမှုများဖြင့်ရှုပ်ထွေးနေကာ သူက လူလိမ်ညမုဆိုး ၏ လမ်းညွှန်မှုနောက်သို့လိုက်ပါနေပြီး အထောက်အထားကျောက်စိမ်းပြားယူရန်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သူပြန်ရောက်ကြောင်းမှတ်တမ်းတင်ရန် စီမံရေးရာဆောင် သို့သွားလိုက်လေသည်။ သူချဥ်းကပ်လာသည်နှင့်အမျှ သူ့ထံသို့အလင်းတန်းတစ်ခုရောက်လာကာ ထိုအလင်းတန်းမှာ အဘိုးအိုတစ်ယောက်အသွင်ပြောင်းလဲသွားသည်။
သူ၏ကျင့်ကြံခြင်း အခြေခံမှာ အခြေခိုင်မာခြင်းအဆင့်တွင်ရှိပြီး ပိုင်ရှောင်ချန်းအား အေးစက်သောအကြည့်ဖြင့် ခေါင်းအစခြေအဆုံးကြည့်လာသောကြောင့် ပိုင်ရှောင်ချန်းမှာ ချက်ချင်းစိတ်လှုပ်ရှားသွားလေသည်။ လက်အားရိုသေစွာ ယှက်လိုက်ကာ လူလိမ်ညမုဆိုး အားအလျင်အမြန်မေးမြန်းလိုက်ပြီးနောက် ထိုသူမှာ စီမံရေးရာဆောင်၏ အကြီးအကဲဖြစ်ကြောင်းသိရှိလိုက်ရသည်။
"ဂိုဏ်းသား ညမုဆိုးက အကြီးအကဲဟန်ကို နှုတ်ခွန်းဆက်သပါတယ်"
" ဒီပြန်လာဖို့အချိန်ကြာရအောင် ဘာတွေများ မင်း လုပ်နေလို့လဲ " အကြီးအကဲဟန်မှာ အေးစက်စွာမေးလိုက်သည်။
" ကျုပ် အပြင်းအထန် ဒဏ်ရာရခဲ့လို့ပါ" သူက သတိထားလျက်ပြန်ဖြေလိုက်လေသည်။
" ကျုပ်ပြန်လည်သက်သာလာဖို့ နေရာတစ်နေရာ ရှာခဲ့ရတယ်။ မကြာသေးမီကမှ ဂိုဏ်းဆီပြန်လာလို့ရတဲ့အထိ ပြန်ကောင်းမွန်လာခဲ့လို့ဗျာ " တခဏမျှ စဥ်းစားပြီးနောက် သူ၏အိတ်ကို ပုတ်လိုက်ကာ အကြီးအကဲဟန်၏အရှေ့သို့ စိတ်စွမ်းအင်ကျောက်တုံးအများအပြားကိုထုတ်ကာ စုပုံလိုက်သည်။
"အကြီးအကဲဟန်…ဒါတွေကို မြေခဓားကမ္ဘာမှာ ကျုပ် ရှာတွေ့ခဲ့တာတွေပါ။ ကျေးဇူးပြုပြီး ယူလိုက်ပါဗျာ။ ပြန်လာတာနောက်ကျတဲ့အတွက် ကျုပ်နဲ့ အကြီးအကဲကြား အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" ပိုင်ရှောင်ချန်းက အနည်းငယ် မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်သည်။
အကြီးအကဲဟန်မှာ မျက်လုံးပြူးသွားပြီး ခဏအကြာတွင် သူ၏အကျီလက်ကိုဝေ့ယမ်းကာ စိတ်စွမ်းအင်ကျောက်တုံးများကို သိမ်းယူလိုက်သည်။ ပိုင်ရှောင်ချန်းအား ခဏပြန်ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
"တချို့လူတွေလည်း ဒီလိုအချိန်မှ ဂိုဏ်းကိုပြန်ရောက်ကြတာပဲကွ။ ကောင်းပြီ... အခုမင်းကဒီပြန်ရောက်နေပြီပဲကွာ။ အဲ့တော့ ကျင့်ကြံခြင်းမှာအာရုံစိုက်ထား...။ လူသားတာအို အခြေခိုင်မာခြင်းအဆင့်ရောက်ဖို့ တခြားအခွင့်အရေးတွေ မင်းရဦးမှာပါ။ အရမ်းကောင်းတယ်...။ အခု.. မင်း သွားလို့ရပြီ"
ပိုင်ရှောင်ချန်းက ချက်ချင်းပဲ ထွက်ခွာလိုက်သည်။ အကြီးအကဲဟန်မှာ သူထွက်သွားသည်ကိုကြည့်ကာ ညမုဆိုး မှာ မြေခဓားချောက်တွင် တစ်ခုခုကို လေ့လာသင်ယူခဲ့ဟန်ရှိသည်ဟု တွေးတောမိလိုက်သည်။
"ကောင်းပြီလေ...။သူက အတော်လေး ပါးနပ်လာတော့ ငါသူ့ကိုခက်ခဲအောင်မလုပ်တော့ဘူး။ အမှန်တကယ်ဆိုရင် ပြန်လာတာနောက်ကျတဲ့အတွက် ကြိမ်ဒဏ်ဆယ်ချက်လောက်တော့ သူ့ကို ရိုက်သင့်တယ်" ထိုသို့ပြောကာ အကြီးအကဲဟန်မှာ ပြန်လည်၍ ပျောက်ကွယ်သွားတော့သည်။
လူလိမ်ညမုဆိုး မှာအံ့အားသင့်သွားသည်။ ပိုင်ရှောင်ချန်းက အကြီးအကဲဟန်အား လာဘ်ထိုးသောနည်းလမ်းမှာ သူ့အားပင့်သက်ရှိုက်သွားစေသည်။ ပိုင်ရှောင်ချန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အလွန်သင့်တော်ကြောင်း သူချက်ချင်း သဘောပေါက်သွားသည်။
ပိုင်ရှောင်ချန်းက ဂိုဏ်းထဲသို့ လျှောက်လာကာ ပတ်၀န်းကျင်ရှိ မြင်ရသမျှ အရာအားလုံးကို အံ့သြမိန်းမောစွာကြည့်နေလေသည်။ ကံမကောင်းစွာပင် လူတိုင်းမှာ အေးစက်စက်ပုံစံရှိကာ သူတို့ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကိုသာ ဆောင်ရွက်နေကြသည်။ လူအများစုမှာ အစောင့်အကြပ်များအလား သူတို့၏မျက်နှာများပေါ်တွင် သတိထားနေသော အရိပ်အေယာင်များကို တွေ့မြင်နိုင်သည်။
လမ်းတလျှောက် လေးကြိမ်၊ငါးကြိမ်မက ဂိုဏ်းသားနှစ်ယောက်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေမှုကို တွေ့ခဲ့ရပြီး သူတို့မှာဆေးလုံးများကိုမှီခိုကာ ဒေါသတကြီး တိုက်ခိုက်နေကြသည်။ သူတို့မှာ တစ်ယောက်၏အသက်ကို နောက်တစ်ယောက်က နှုတ်ယူရန်ရည်ရွယ်နေကြပြီး လူသတ်ငွေ့များကလည်း သူတို့ကိုယ်များမှ ဟုန်းဟုန်းထလျက်ရှိနေကြသည်။ ထိုကဲ့သို့သော ပဋိပက္ခကိုကြည့်ရှုရန် လူအများအပြား မကြာခဏ ကြည့်ရှုကြပြီး တစ်စုံတစ်ယောက်ကသူတို့အား တိုက်ခိုက်လာပါကလည်း လူတိုင်းမှာ မမြင်ချင်ယောင်ဆောင်နေကြလေသည်။
သူက လူတစ်ယောက်သွေးများအန်ကာ ဆိုးဆိုးရွားရွား ချောင်းဆိုးနေသည်ကို တွေ့လိုက်ရပြီး ထိုသူ၏အတွင်းပိုင်းအင်္ဂါများ အစိတ်စိတ်အမွှာမွှာကွဲတော့မည့်ဟန်ရှိသည်ကိုလည်း သူမြင်တွေ့ခဲ့ရသည်။
"စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကမှ ဒီဂိုဏ်းထက်ပိုကောင်းဦးမယ်" ပိုင်ရှောင်ချန်း တွေးမိလိုက်သည်။ "လူတိုင်းဒီမှာရှိနေတာ အံ့သြစရာကောင်းတယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အရမ်းအန္တရာယ်များတာပဲကွာ။ စကားတစ်ချက်မှားတာနဲ့ မင်းတော့အတိုက်အခိုက်ခံရပြီပဲ...."
သူက အထူးသတိထားလျက် လျှောက်လာခဲ့၏။ ကံကောင်းသည်မှာ ညမုဆိုး ကဂိုဏ်းတွင် အလွန်လူသိမများပေ။ ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်၏ မဟာစက်ဝန်းအတွင်းသာရှိသေးသည်။ မည်သူမှ သူ့အား စတင်တိုက်ခိုက်ခြင်းမရှိရာ ရက်စက်ကြမ်းကြုတ်သော အကြည့်များအောက်မှ ရှောင်ဖယ်သွားနိုင်သည်။
သူက ညမုဆိုး ၏ အင်မော်တယ်ဂူသို့ ရောက်ခါနီးတွင် မိန်းကလေးဂိုဏ်းသူငါးဦးပါသော အုပ်စုကို ဖြတ်ကျော်လိုက်ရသည်။ သူတို့ထဲတွင် တုတ်ခိုင်သန်မာဟန်ရှိသော မိန်းကလေးတစ်ယောက်ပါသည်။ သူမက သူ့အားမြင်သွားပြီးအလျင်အမြန်ပင် သူမ၏အဖော်မိန်းကလေးများနှင့်အတူ တခစ်ခစ်ရယ်မောကာ လိုက်ပါလာလေသည်။
"ညမုဆိုး " ထိုမိန်းကလေးမှာ ပြာတာတာ အသံဖြင့် အော်ခေါ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ မရင်းနှီးသောမိန်းမငယ်ကိုကြည့်ကာ ထိတ်လန့်သွားလေသည်။ သူမက တုတ်ခိုင်သန်မာပြီး ကျောက်ပေါက်မာများရှိသောမျက်နှာကိုပိုင်ဆိုင်ထားကာ တင်ပါးများကို ကနွဲ့ကလျ လှုပ်ယမ်းလျက် သူ့ထံသို့လျှောက်လာလေသည်။ သူမ၏မျက်လုံးများတွင် ပြင်းထန်သောဆန္ဒမီးတို့နှင့် တောက်ပနေသည်။
" မင်းကို ငါသိလို့လား" ပိုင်ရှောင်ချန်းက မေးလိုက်သည်။
" လူဆိုးလေး…. " သူမက ဒေါသရောင်လက်နေသာ မျက်လုံးတွေနှင့် မျက်စောင်းထိုးလိုက်ရင်း
" ငါဘယ်သူမှန်း မသိသလိုဟန်ဆောင်မနေစမ်းပါနဲ့ဟယ်။ ဒီကိုလာပြီး ငါ့ကိုပြုံးပြပါဦး.." သူမက တခစ်ခစ်ရယ်မောကာ အနားသို့ရောက်လာပြီး ပိုင်ရှောင်ချန်း၏ပါးအား ညှစ်လိုက်သည်။
သူမ၏လုပ်ရပ်နှင့် တခစ်ခစ်ရယ်မောခြင်းက ပိုင်ရှောင်ချန်းအား ပင့်သက်ရှိုက်သွားစေပြီး သူနောက်သို့ ခြေတလှမ်းဆုတ်လိုက်သည်။
"ကောင်းတယ်...ကောင်းတယ်" မိန်းကလေးကဆက်ပြောလေသည်။ "မြေခဓားချောက်ကို ခဏလေးသွားလိုက်တာနဲ့ နင်ကငါ့ကို မေ့လိုက်တယ်ပေါ့..။ လာ… ငါ့ရဲ့ အင်မော်တယ်ဂူကို အမြန်သွားရအောင်...။ ငါ့မှာနင့်အတွက် ဆေးတွေအများကြီးရှိတယ်" ထိုတုတ်ခိုင်သောမိန်းကလေးမှာ လျှာများကို သပ်လိုက်ရင်း သူ့အား သူမ၏အင်မော်တယ်ဂူဆီသို့ ဆွဲသွားရန် ကြံစည်ဟန်ဖြင့် ရှေ့တစ်လှမ်းတိုးလာသည်။
ပိုင်ရှောင်ချန်းမှာ ခေါင်းများထူပူလာပြီး ပေါက်ကွဲတော့မည်ကဲ့သို့ခံစားလိုက်ရသည်။ သူ၏အကျီလက်ကိုယမ်းလိုက်ကာ သူမ၏လမ်းကြောင်းကို ဟန့်တားလိုက်သည်။
" မင်း ငါ့အသားကို မထိနဲ့နော်.." သူက ဒေါသတကြီးအော်ပြောလိုက်၏။
" အော်..ကောင်းပြီလေ ညမုဆိုး။ ငါ့ဆီကို ဒူးထောက်တောင်းပန် လာတဲ့အခါကျမှ ကြည့်ရသေးတာပေါ့..." သူ့အားဒေါသတကြီးကြည့်လိုက်ပြီးနောက် သူမကလှည့်ထွက်သွားလေသည်။
ပိုင်ရှောင်ချန်းကနောက်ဆုံးတွင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကာ လူလိမ်ညမုဆိုး အား ထိုမိန်းကလေးမှာမည်သူဖြစ်ကြောင်း ချက်ချင်းမေးမြန်းလိုက်သည်။
"အစ်ကိုကြီး...စိတ်မဆိုးပါနဲ့ဗျာ.." သူက ကတိုက်ကရိုက်ပြန်ဖြေလေသည်။
“ သူမက ကျုပ်ကောင်မလေးပါဗျာ "
ပိုင်ရှောင်ချန်းမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားလေသည်။
"ကောင်မလေးလား…မင်းက ထူးဆန်းတဲ့အရသာကိုမှ သဘောခွေ့တဲ့ပုံပဲ "
အမှန်ကတယ်တော့ ညမုဆိုး မှာ အေးစက်စက်ရှိသည့်တိုင် အလွန်ကြည့်ကောင်းသည်။ ပိုင်ရှောင်ချန်းသည် ထိုကဲ့သို့ တုတ်ခိုင်သောမိန်းကလေးနှင့် ညမုဆိုး တွဲနေသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
"အစ်ကိုကြီး..။ ကျုပ်မပြောပြခဲ့တဲ့ အရာတချို့ရှိသေးတယ်" ညမုဆိုး မှာ ငိုတော့မည့်အသံဖြင့်ပြောလေသည်။
" ကျုပ်အတွင်းစည်းဂိုဏ်းသားဖြစ်လာတော့ ကျုပ်ရဲ့တိုးတက်နှုန်းက အရမ်းနှေးခဲ့တယ်။ ဒါကြောင့် ဆေးလုံးတွေအများကြီး လိုအပ်ခဲ့တယ်။ ကျုပ်မှာလည်း ရွေးစရာမရှိတော့တဲ့အတွက်ကြောင့်ပါဗျာ။ အစ်မကြီးစွန်းက ကျင့်ကြံခြင်းမျိုးနွယ်စုတစ်ခုကဗျ..။ ပြီးတော့ဆေးလုံးအများကြီးလည်းရှိတယ်လေ။ သူမမှာ အကောင်းမြင်စိတ်ရှိတာက လွဲရင် ကျန်တာကတော့ အစ်ကိုကြီး မြင်တဲ့အတိုင်းပါပဲ..."