သမားတော်ကြီးပိုင်
Vol. 3 Ch. 36
ရွှီချင်းက သူ့နောက်မှလိုက်နေသောလူကို အာရုံမစိုက်ချေ။ ခေါင်းဆောင်လဲ့ကို ကျောတွင်ပိုးကာ သွားနေရင်း သားရေအိတ်ထဲမှ အဖြူရောင်ဆေးလုံးများကို ထုတ်ကာ ခေါင်းဆောင်လဲ့ကို ကျွေးလိုက်သည်။
အဖြူရောင်ဆေးလုံးများ၏ အာနိသင်ကြောင့်ပေလော၊ ခုနစ်ရွက်မြက်ပင်၏ အစွမ်းကြောင့်ပေလော၊ ခေါင်းဆောင်လဲ့၏အသားအရေက အစိမ်းပုပ်ရောင်ပြောင်းလဲနေရာမှ ရပ်သွားသည်။
ထိုအခိုက် သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏက များပြားနေသည်ဖြစ်၍ အဖြူရောင်ဆေးလုံးများသည်ပင် သူ့ကို အကောင်းပကတိဖြစ်အောင် မစွမ်းဆောင်နိုင်တော့ချေ။
ထိုသို့ဖြင့် ခေါင်းဆောင်လဲ့သည် သတိလစ်နေဆဲပင်။ တားမြစ်နယ်မြေတောအုပ်ထဲတွင် သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက သူ့အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ဖြစ်သွားစေဟန်တူသည်။
သို့ဖြစ်၍ ညသန်းခေါင်ယံ ခရီးဆက်လာစဉ်အတောအတွင်း ရွှီချင်းသည် ဝင်္ကပါမြူခိုးထဲ၌ ပိတ်မိကာ စိတ်ဓာတ်ကျနေသော ရတနာမုဆိုးများကို အဖြူရောင်ဆေးလုံးများဖြင့် အလဲအထပ်လုပ်၍ သူ့နောက်မှ လိုက်စေခဲ့သည်။ သူတိုက သူ့ခြေသံကြားရာအတိုင်း ခရီးဆက်ခဲ့ကြလေသည်။
အမှန်စင်စစ် ထိုလူများအနက် မျက်ကန်းလူတချို့လည်း ရှိခဲ့သေးသည်။ ထိုလူများသည် ရွှီချင်း၏နောက်လိုက်များအတွက် နမူနာယူစရာများဖြစ်သွားကြပြီး သူ့ကို ပို၍ပင် လေးစားသွားကြစေသည်။
သူက ခိုင်မာသောစိတ်ဓာတ်ဖြင့် မွေးဖွားလာသောသူတစ်ယောက်ဖြစ်သည်ဟု အများစုက ခန့်မှန်းနေကြသည်။
ထိုသို့သောလူများသည်သာ ဝင်္ကပါမြူခိုးမှ လွတ်မြောက်နိုင်သည် မဟုတ်ပါလား။
ထိုကဲ့သို့ လူမျိုးများနှင့် ပတ်သက်၍ လွမ်ယာပြောသည်ကို ရွှီချင်း ကြားခဲ့ဖူးသည်။ ပထမဆုံးလူကို အဖြူရောင်ဆေးလုံးများ အလဲအထပ်ဖြင့် ကယ်ဆယ်ခဲ့စဉ်အခါကလည်း ထိုအကြောင်းကို တွေးတောမိခဲ့သည်။ ထို့ကြောင့် ယင်းအခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး သူ့လျှို့ဝှက်ချက် ပေါ်သွားမည်ကို သူ စိတ်မပူချေ။
များမကြာမီ အဖြူရောင်ဆေးလုံးဆယ်လုံးကျော် စုဆောင်းမိလာပြီး ခေါင်းဆောင်လဲ့၏အသားအရေက အစိမ်းပုပ်ရောင်မှ အစိမ်းရောင်ဖျော့ဖျော့သို့ ပြောင်းလဲလာတော့သည်။ သူ၏အသက်ရှူသံသည်လည်း ပုံမှန်နီးပါး ပြန်ဖြစ်လာသည်။
တချိန်တည်းမှာပင် အရိပ်က ကြာရှည်တောင့်မခံနိုင်သည်ကို ရွှီချင်း သတိထားမိလာခဲ့သည်။
သူ ရှေ့ဆက်သွားနေစဉ်အတောအတွင်း ရှေ့တူရှုရှိ မြူခိုးများကို အာရုံခံနိုင်စွမ်းသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် တဖြည်းဖြည်း ဝေဝါးလာသည်။ သူ၏အမြင်အာရုံက တခြားလူများကဲ့သို့ ဖြစ်သွားတော့မည်မှာ မကြာတော့ဟန်တူသည်။
ကံကောင်းထောက်မ၍ အပြင်ဘက်လောကသို့ ရောက်ရန် လက်ကျန်အကွာအဝေးက သိပ်မဝေးတော့ပေ။
သို့ဖြစ်၍ သူ့အမြင်အာရုံ ဝေဝါးစပြုလာသည်နှင့် သူက အရှိန်တင်လိုက်သည်။ ကောင်းကင်ယံ၌ အမှောင်ထုကြီးသည်လည်း နေမင်းကြီး လောကတစ်ခွင် ဖြန့်ကျက်လာသည်နှင့်အမျှ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာသည်။ ထိုစဉ် မနက်ခင်းနေရောင်ခြည်တန်းများက မြေပြင်ပေါ် သက်ဆင်းလာတော့သည်။ ခေါင်းဆောင်လဲ့ကို ပခုံးပေါ်တွင် ထမ်းလာခဲ့သော သူသည် နောက်ဆုံးတွင် သစ်ကိုင်းသစ်ရွက်များကြားမှနေ၍ ခပ်လှမ်းလှမ်းရှိ အပြင်လောကကြီးကို မြင်လိုက်ရသည်။
ရွှီချင်းသည် စိတ်လှုပ်ရှားလာပြီး နယ်နိမိတ်စည်းကို ပြေးသွားကာ တောအုပ်ထဲမှ တဟုန်ထိုး ထွက်ခွာသွားသည်။
အအေးဓာတ်နယ်နိမိတ်ကို သူ ကျော်ဖြတ်လိုက်သည့်အခိုက် အပြင်လောကမှ လေနုအေးလေးများက နွေးထွေးသော နေရောင်ခြည်အလင်းတန်းလေးများကို ဆောင်ကြဉ်းလျက် ရွှီချင်း၏ခန္ဓာကိုယ်ပေါ် သက်ဆင်းလာသည်။
နေရောင်ခြည်များက စူးရှလွန်းသောကြောင့် သူ၏မျက်လုံးများ မှေးသွားရသည်။ သူက နေရာမှာပင် ရပ်လိုက်ပြီး အသက်ဝဝရှူသွင်းလိုက်သည်။
ထိုစဉ် သူ၏နောက်မှလိုက်ပါလာသူများသည်လည်း အပြင်ဘက်နယ်နိမိတ်အစွန်အဖျားကို ရောက်လာသောအခါ အမြင်အာရုံ ပြန်ရလာကြသည်။
သေမင်းနှုတ်ခမ်းဝကို ရောက်ခဲ့ရာမှ လွတ်မြောက်သွားသော ခံစားချက်များနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။
နယ်နိမိတ်စည်းမျဉ်းကို ဖြတ်ကျော်လာသည်နှင့် သူတို့ အပျော်ကြီးပျော်နေကြတော့သည်။ အဘိုးအိုတစ်ယောက်သည် မြေပြင်ပေါ် ဒူးထောက်ကာ မြေကြီးကိုပင် ကုန်း၍ နမ်းရှုံ့လိုက်သည်။
နောက်ဆုံး၌ သူတို့သည် ရွှီချင်း၏ပုံရိပ်နှင့် သူ့ကျောထက်တွင် ရှိနေသော ခေါင်းဆောင်လဲ့ကို မြင်သွားကြသည်။
ရွှီချင်းကိုသိသူ များများစားစား မရှိပါသော်လည်း ခေါင်းဆောင်လဲ့ကို မသိသူ တစ်ယောက်မှ မရှိချေ။
သို့ဖြစ်၍ ခေါင်းဆောင်လဲ့နှင့် ရွှီချင်း၏ပုံရိပ်က သူတို့အမြင်အာရုံထဲ ရောက်သွားသောအခါ ရွှီချင်းကို တစ်ယောက်ပြီးတစ်ယောက် သိသွားကြသည်။
“ ကလေး ”
“ ခေါင်းဆောင်လဲ့ ”
နောက်လိုက်လေးယောက်၊ ငါးယောက်ခန့် တုန်လှုပ်သွားကြပါသော်လည်း ရွှီချင်း၏မျက်လုံးများကို ကြည့်လိုက်သောအခါ သူတို့ အလိုလို တိတ်ဆိတ်သွားသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ယုတ်မာကောက်ကျစ်သောလူများကို ရွှီချင်း၏ သွေအေးသော ဆက်ဆံပုံက သူတို့ကို ထိတ်လန့်စေခဲ့သည်မှာ အမှန်ပင်။
ထို့နောက် ရွှီချင်းက သူတို့ကို လျစ်လျူရှု၍ အကြည့်လွှဲလိုက်သည်။ သူက စခန်းဆီသို့ ပြန်ရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်းမှ လူနှစ်ယောက် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။
သူတို့ကား လွမ်ယာနှင့် ကြက်ခြေခတ်ပင်။ သူတို့က ပြန်ရောက်လာခဲ့ပါသော်လည်း စခန်းမှပင် စောင့်မနေဘဲ တောအုပ်အပြင်ဘက်မှ စိုးရိမ်ပူပန်စွာ စောင့်နေကြခြင်း ဖြစ်သည်။
ခေါင်းဆောင်လဲ့နှင့် တခြားလူများသာ ယနေ့ ပြန်ရောက်မလာလျှင် တောအုပ်ထဲ ပြန်ဝင်၍ ရှာဖွေရန် သူတို့ ဆွေးနွေးနေခဲ့ကြသည်။
ထို့ကြောင့် အဝေးမှ ရွှီချင်း၏ပုံရိပ်ကို လှမ်းမြင်လိုက်ရသောအခါ သူတို့ အပြေးရောက်လာခြင်း ဖြစ်သည်။
ကြက်ခြေခတ်သည် ရွှီချင်း၏ကျောထက်ရှိ ခေါင်းဆောင်လဲ့ကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားပါသော်လည်း ရွှီချင်း၏ခန္ဓာကိုယ်ပေါ် သူ့အကြည့် ရောက်သွားသောအခါ နူးညံ့သွားသည်။
လွမ်ယာ၏မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားပြီး သူမ၏သွေးအေးသော အကြည့်က ရွှီချင်းနောက်ရှိ လူများထံ ကျရောက်သွားသည်။
ထိုလူများ၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူတို့အားလုံး နိုးနိုးကြားကြား ဖြစ်လာကြသည်။
“ သူတို့နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ကြောင့်သာ ကျုပ်တို့ ကံကောင်းသွားတာ၊ ဒီလိုမှမဟုတ်ရင် ခေါင်းဆောင်လဲ့လည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး ”
ရွှီချင်းက လွမ်ယာ၏ လူသတ်ချင်သောစိတ်ကို ပြေလည်စေရန် ရှင်းပြလိုက်သည်။ သူ့နောက်မှ လိုက်ပါလာသူများသည်လည်း စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းများ ချလိုက်ကြသည်။ ယခု ရွှီချင်းကို သူတို့ ကြည့်နေသည့်အကြည့်များထဲတွင် လေးစားမှုများအပြင် ကျေးဇူးတင်ခြင်းများလည်း ပါဝင်နေသည်။ ထို့နောက် သူတို့က လေးစားသည့်အနေဖြင့် လက်သီးများကို ဆုပ်၍ နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ကြက်ခြေခတ်က ရွှီချင်း၏ကျောထက်မှ ခေါင်းဆောင်လဲ့ကို လွှဲပြောင်းယူရန် ရှေ့တိုးလာသော်လည်း ရွှီချင်းက ဟန့်တားလိုက်သည်။
“ ခေါင်းဆောင်လဲ့ ဆက်အိပ်နေပါစေ။ ကျုပ် သယ်နိုင်ပါသေးတယ် ”
ရွှီချင်းက အသက်ဝဝရှူလိုက်သည်။
“ ကောင်းပြီလေ။ အရင်ဆုံး ငါတို့ စခန်းပြန်ပြီး ခေါင်းဆောင်ကို သမားတော်ဆီ ခေါ်သွားကြတာပေါ့ ”
ကြက်ခြေခတ်က ခေါင်းညိတ်လိုက်ပြီး အဖြူရောင်ဆေးလုံးတစ်လုံးကို ခေါင်းဆောင်လဲ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သူက လွမ်ယာနှင့်အတူ ဘေးတစ်ဖက်တစ်ချက်စီမှ လိုက်ပါကာ စခန်းဆီသို့ သူတို့သုံးဦး ပြေးသွားကြသည်။
လမ်းခရီး၌ လွမ်ယာသည် စကားပြောရန် ပါးစပ်တပြင်ပြင် ဖြစ်နေသည်။ နောက်ဆုံး၌ မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။
“ တစ္ဆေရိုင်းကြီး ဘယ်မှာတုံး၊ သွေးအရိပ်အဖွဲ့က အလစ်ဝင်တိုက်တာလား ”
ရွှီချင်းသည် တိတ်ဆိတ်နေပြီး ခဏအကြာ ခပ်တိုးတိုး ပြောလိုက်သည်။
“ တစ္ဆေရိုင်းကြီးက တိုက်ခိုက်နေရင်း သန္ဓေပြောင်းပြီး သေသွားပြီ ”
ထိုစကားတစ်ခွန်းက ကြက်ခြေခတ်နှင့် လွမ်ယာတို့၏ခြေလှမ်းများကို ရပ်သွားစေခဲ့ပြီး တိတ်ဆိတ်သွားစေသည်။ သူတို့၏စိတ်နှလုံးထဲတွင် ပြင်ဆင်ထားပါသော်လည်း ဝမ်းနည်းစိတ်များ ကြီးထွားလာရသည်။ လွမ်ယာမှာ ပို၍ပင် စိတ်ထိခိုက်သွားသည်။
ရွှီချင်း၏ဒုတိယမြောက်စကားတစ်ခွန်းကြောင့် သူတို့သည် တုန်လှုပ်သွားပြီး ရွှီချင်းကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။
“ သွေးအရိပ်အဖွဲ့ မရှိတော့ဘူး ”
ရွှီချင်းသည် ခေါင်းငုံ့ကာ ရှေ့သို့လျှောက်သွားရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ အဲဒါကြောင့် ခေါင်းဆောင်က သေလုမျောပါးဒဏ်ရာရသွားပြီး ဓာတ်နှောတွေ အများကြီး စုစည်းမိသွားတာလား ”
လွမ်ယာသည် အဖြေရသွားသည့်အလား တီးတိုးရေရွတ်လိုက်သည်။ သူတို့ဘေးရှိ ကြက်ခြေခတ်သည် အနည်းငယ် ထူးဆန်းနေပြီး ထိုအဖြေက မဟုတ်နိုင်ကြောင်း တွေးနေသည်။ သူက ရွှီချင်းကို စူးရှစွာ ကြည့်လိုက်ပါသော်လည်း အသေးစိတ်ကိုမူ မမေးမြန်းပေ။
ရွှီချင်းသည် သီချင်းသံနှင့် ပတ်သက်သည့်ဖြစ်ရပ်များကိုလည်း ရှင်းပြခြင်း မပြုချေ။ ယင်းသည် ခေါင်းဆောင်လဲ့၏ လျှို့ဝှက်ချက်ဖြစ်၍ ပြောသင့်၊မပြောသင့် သူနှင့် မဆိုင်ပေ။
ထိုနည်းအားဖြင့် သူတို့သုံးဦးသည် တစ်လမ်းလုံးပြေးလာကာ မကြာခင် စခန်းကို ရောက်သွားသည်။ ထို့နောက် ဤရက်ပိုင်းအတွင်း နာမည်ကြီးနေသော သမားတော်နေထိုင်ရာ အပြင်ဘက်ရှိ မြင်းလှည်းတန်းဆီသို့ ချက်ချင်း သွားလိုက်ကြသည်။ ခေါင်းဆောင်လဲ့၏အသွင်အပြင်က တန်းစီနေသောလူများကို အထိတ်တလန့် ဖြစ်သွားစေသည်။ သတိလစ်နေသော ခေါင်းဆောင်လဲ့ကို ကြည့်၍ သမားတော်တဲ၏အပြင်ဘက်ရှိ လူတန်း၏ရှေ့တွင် ရှိနေသောလူက အလိုက်သိစွာ လမ်းဖယ်ပေးလိုက်သည်။
မိုးကြိုးအဖွဲ့မှ လူအားလုံး တစ်ယောက်ပြီးတစ်ယောက် ရွက်ဖျင်တဲထဲသို့ အလျင်အမြန် ဝင်သွားကြသည်။
တဲကြီးသည် အလွန်ကျယ်ဝန်းပြီး ဆေးနံ့များ သင်းပျံ့နေသည်။ သံချပ်ဝတ်တန်ဆာနှင့် အစောင့်အရှောက်များအပြင် သမားတော်ထံ ရောက်နေသော ဖျားနာနေဟန်ရှိသည့် ရတနာမုဆိုးတစ်ယောက်လည်း ရှိသည်။
ဖျားနာနေသောလူကို ကုသပေးနေသည့်သမားတော်သည် ပိန်လှီနေသော အဘိုးကြီးတစ်ဦးဖြစ်ပြီး ရိုးရှင်းသော်လည်း ပြောင်လက်နေအောင် လျှော်ဖွပ်ထားသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာ၌ အရေးအကြောင်းများ ရှိနေပါသော်လည်း သူ၏မျက်လုံးများက လူတစ်ယောက်၏ စိတ်ထဲအထိ ထွင်းဖောက်၍ ကြည့်နိုင်သည့်အလား ကြယ်ပွင့်လေးများပမာ တောက်ပနေပြီး ဉာဏ်ပညာကြီးမားဟန်တူသည်။
အဘိုးအို၏တစ်ဖက်တစ်ချက်၌ လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ယောက် ရှိနေသည်။ လူငယ်သည် ရွှီချင်းနှင့် သက်တူရွယ်တူဖြစ်ဟန်တူပြီး ကျောက်စိမ်းနက်ခေါင်းစည်းဖြင့် ဆံပင်ကို စည်းထားကာ အဖိုးတန် ပိုးဖဲထည်ကို ဝတ်ဆင်ထားသည်။ ထို့ပြင် ခါးတွင် နဂါးပုံထွင်းထုထားသော ကျောက်စိမ်းပြားလေးကို ချိတ်ထားပြီး အနားသတ်တွင် ရွှေရောင်ပန်းဖွားလေးများ ဖြန့်ကြဲနေသော တရားထိုင်ခုံပေါ်တွင် ထိုင်နေသည်။
လူငယ်လေးမှာ ချောမောပြီး သန့်ရှင်းကြည်လင်သောရုပ်ရည်ရှိပါသော်လည်း အိပ်ငိုက်နေဟန်တူသည်။ လက်တစ်ဖက်က ခါးထောက်ထားပြီး တခြားတစ်ဖက်က ဆေးစာအုပ်ကို ကိုင်ထားသည်။ သူ့၌ စာဖတ်ရန် အားအင်များ ကုန်ခမ်းနေသည့်အလား အချိန်တိုင်း သမ်းဝေနေတော့သည်။
တခြားတစ်ဖက်၌ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ရှည်လျားသောဝတ်စုံကို ဆင်မြန်းထားသည့် မိန်းကလေးတစ်ဦး ရှိသည်။ သူမတွင် သွယ်လျသော မျက်နှာလေးရှိပြီး ဆံပင်ရှည်များက ဖြောင့်စင်းစွာ အောက်သို့ ကျနေသည်။ သူမ၏အသားအရေက နှင်းပွင့်လေးများပမာ ဆွတ်ဆွတ်ဖြူနေပြီး ရည်မွန်ကြော့ရှင်းဟန်ရှိသည်။
သူမ၌ မြောက်မြားစွာသော ကြယ်ပွင့်လေးများပမာ ကြည်လင်တောက်ပသော မျက်လုံးဝိုင်းဝိုင်းကလေးများ ရှိသည်။ ထိုအခိုက် သူမ၏ဘေးရှိလူငယ်လေးက အိပ်ငိုက်နေသည်ကို သတိထားမိသွားပြီး ခပ်ယဲ့ယဲ့ပြုံး၍ သူမ၏လက်ထဲရှိ ဆေးကျမ်းကို ငုံ့ကြည့်လိုက်သည်။
ထိုအပြုံးထဲ၌ သူမ၏မျက်လုံးများသည် လခြမ်းသဏ္ဍာန် ကွေးညွတ်နေပြီး ရှိရင်းစွဲထက် ပို၍ လှပသွားစေသည့်အလားပင်။
ထိုကဲ့သို့ မျက်စလေးချီကာ ပြုံးသွားဟန်လေးသည် သူမ၏လှပကြော့ရှင်းသော အသွင်အပြင်ကို လှစ်ဟပြသလိုက်ပြီး မြင်မိလိုက်သည့် မည်သူမဆို မှင်သက်ငေးမောမိသွားကြမည် ဖြစ်ပေသည်။
ရတနာမုဆိုးများ၌ မြင်ရခဲသော ဖြူစင်သော စိတ်ထားရှိသည့် သူရဲကောင်းနှင့် နတ်မိမယ်စုံတွဲကြောင့် လွမ်ယာမှာ အနည်းငယ် နိမ့်ကျသွားသည့်ပမာ ခံစားလိုက်ရပြီး ကြက်ခြေခတ်သည်ပင် အနည်းငယ် ကြည့်မိသွားသည်။
ရွှီချင်းကတော့ သူတို့လက်များထဲရှိ ဆေးကျမ်းများကို ကြည့်၍ အားကျမနာလိုဖြစ်သွားဟန်တူသည်။ သူက အကြည့်ကို ကပျာကယာ ရုတ်သိမ်းလိုက်ပြီး သူ့ရှေ့ရှိ သမားတော်၌ ပို၍ အာရုံစိုက်လိုက်သည်။
ထိုစဉ် ဆေးလာကုသော ရတနာမုဆိုးကို သမားတော်က ညွှန်ကြားချက်များ ပေးနေသည်။ ရတနာမုဆိုးသည် ကျေးဇူးတင်စကားဆိုကာ ထွက်ခွာသွားပြီး သမားတော်က သူ့လက်များကို ဘေးရှိ ကြေးဇလုံထဲတွင် နှစ်၍ ဆေးကြောကာ ရွှီချင်းနှင့် သူ့အဖော်များကို မော့ကြည့်လိုက်သည်။
သူက သူတို့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး သူ့အကြည့်က ရွှီချင်းအပေါ် ကျရောက်သွားသည်။ သူ့မျက်လုံးများထဲ၌ နက်ရှိုင်းသော အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။ ထို့နောက် သူက ရွှီချင်း၏ ကျောထက်တွင် ရှိနေသော ခေါင်းဆောင်လဲ့ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ သူ့ကို အောက်ချလိုက် ”
ရွှီချင်းသည် မည်သည့်အတွက်ကြောင့်မှန်း မသိပါသော်လည်း အဘိုးအို၏ အကြည့်အောက်တွင် အနည်းငယ် ကြောက်လန့်သွားရသည်။ ဆင်းရဲသားရပ်ကွက်ကို ပြန်ရောက်သွားပြီး သူတို့အား စာသင်ကြားပေးခဲ့သည့်ဆရာအား တွေ့လိုက်ရသည့်အတိုင်းပင်။
ထိုသို့ဖြင့် ကြက်ခြေခတ်၏အကူအညီနှင့် သူတို့နှစ်ဦးက ခေါင်းဆောင်လဲ့ကို ဂရုတစိုက်ချ၍ အဘိုးအိုရှေ့တွင် ပက်လက်ထားလိုက်သည်။
ထိုစဉ် ခေါင်းဆောင်လဲ့သည် တဖြည်းဖြည်း သတိပြန်လည်လာပြီး ရွက်ဖျင်တဲနှင့် သမားတော်၊ ရွှီချင်းနှင့် တခြားလူများကို မြင်သွားသည်။ သူက ကုန်းရုန်းထမည်ပြုစဉ် သမားတော်က မထူးခြားစွာ ပြောလိုက်၏။
“ နေသာသလိုနေပါ ”
ထိုစကားများကြောင့် ခေါင်းဆောင်လဲ့က သမားတော်ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပါသော်လည်း ခေါင်းဆောင်လဲ့က စကားတစ်ခွန်းမဆိုဘဲ ထရန်ပြင်နေဆဲပင်။ ထို့ကြောင့် ကြက်ခြေခတ်က သူ့လက်များကို သွားတွဲပေးလိုက်ရာ ခေါင်းဆောင်လဲ့က ထလာနိုင်ပြီး သမားတော်ကို အရိုအသေပေးလိုက်သည်။
“ အသေးအမွှားဒဏ်ရာလေးကို သူတို့က ကျုပ်ကို ဒီခေါ်လာကြတာ။ သမားတော်ပိုင်ကို ကျုပ် ဒုက္ခမပေးချင်ပါဘူး။ ကျုပ် အဆင်ပြေပါတယ် ”
“ ငါ ဘယ်သူလဲ မင်း သိနေတာလား ”
သမားတော်က စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းဆောင်လဲ့ကို ကြည့်လိုက်သည်။
“ အရင်နှစ်တွေတုန်းက သမားတော်ကြီးပိုင်ကို ကျုပ် မြင်ခဲ့ဖူးတာပါ ”
ခေါင်းဆောင်လဲ့က လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။
သမားတော်ကြီးပိုင်က ခေါင်းဆောင်လဲ့ကို စူးရှစွာကြည့်၍ ဖြည်းညင်းစွာ ပြောသည်။
“ မင်းရဲ့ဒဏ်ရာတွေက သိပ်မပြင်းထန်တော့ဘူး။ ပြီးတော့ မင်းခန္ဓာကိုယ်ထဲက ဓာတ်နှောပမာဏကလည်း ဖိနှိပ်ထားပြီးပြီ။ ဒီတော့ အဲဒါက ကြီးကြီးမားမား ပြဿနာမဟုတ်ဘူး။ စိတ်ပင်ပန်းနွမ်းနယ်နေရတာက မင်းရဲ့ခံစားချက်တွေ မငြိမ်မသက်ဖြစ်ပြီး နှလုံးသွေးကြောတွေ နာကျင်သွားတာကြောင့်ပဲ ”
“ အဲဒါတွေအားလုံးပေါင်းရင် ပြဿနာနည်းနည်းလေးပဲ ဆိုပေမဲ့ ပျောက်အောင် ကုလို့ရတယ်။ ဒါပေမဲ့ အဲဒါက အဓိကအချက်မဟုတ်ဘူး ”
“ အဓိကအချက်က မင်းရဲ့ခန္ဓာကိုယ်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရခဲ့တဲ့ အတွင်းဒဏ်ရာကြောင့်ပဲ။ မင်း အခြေမခိုင်သေးခင် လူတစ်ယောက်က မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့တာကြောင့်လို့ ငါ ထင်တယ်။ မင်းရဲ့လက်ရှိကျင့်ကြံခြင်းက အစကနေ ပြန်လေ့ကျင့်ထားရတာ။ ကျင့်ကြံခြင်းဖျက်ဆီးခံရပြီးတော့ ဒီလောက်အဆင့်အထိ ကျင့်ကြံနိုင်ဖို့ဆိုတာ သိပ်ခက်တယ် ”
“ ပြီးတော့ မင်း အားအလွန်အကျွံ သုံးခဲ့တယ်။ အဲဒီဒဏ်ရာတွေကို ကုသဖို့ဆိုရင် သာမန်ဆေးနဲ့ မရဘူး။ ဒီတော့ ငါလည်း မကုနိုင်ဘူး။ မင်းကို ဆေးညွှန်းပေးလိုက်မယ်။ ဒဏ်ရာပျောက်၊ မပျောက်ကတော့ မင်းကံကြမ္မာပေါ် မူတည်တယ် ”
“ တစ်ခုတော့မှတ်ထား၊ အခုကစပြီး အသက်ရှူနည်း ကျင့်စဉ်ကို ဆက်မကျင့်နဲ့တော့၊ ဒီလိုမှမဟုတ်ရင် ဓာတ်နှောတွေ များလာပြီး မင်းရဲ့ကိုယ်တွင်းဒဏ်ရာလည်း ပြင်းထန်လာလိမ့်မယ်။ ဒါဆိုရင် မင်း သေသွားရမှာပဲ ”
သမားတော်ကြီးပိုင်၏ စကားများကို နားထောင်ပြီး ကြက်ခြေခတ်နှင့် လွမ်ယာတို့နှစ်ဦး ငြိမ်သက်သွားသည်။ ယခင်က ခေါင်းဆောင်လဲ့၏ ကျင့်ကြံခြင်း ဖျက်ဆီးခံခဲ့ရသည့်ဖြစ်ရပ်ကို သူတို့ သိထားဟန်တူသည်။ သို့သော်လည်း ရွှီချင်းသည် ထိုအကြောင်းကို မသိထားရာ ခေါင်းဆောင်လဲ့ကို ကြည့်၍ ရုတ်တရက် တားမြစ်နယ်မြေတောအုပ်ထဲမှ သီချင်းသံနှင့် အမျိုးသမီးဖိနပ်အနီတစ်ရံအကြောင်းကို ပြန်တွေးမိသွားသည်။
“ တခြားနည်းမရှိဘူးလား ”
ကြက်ခြေခတ်က တွေးတွေးဆဆဖြင့် မေးမြန်းလိုက်သည်။
“ ကောင်းကင်ဆေးပင်နဲ့ မြေရတနာအမျိုးအစားထဲ ပါဝင်တဲ့ ကောင်းကင်ကြမ္မာပန်းပွင့်ကို ရှာတွေ့နိုင်ရင်တော့ ဆက်ပြီး ကျင့်ကြံနိုင်မှာပဲ။ အဲဒီလိုအပင်မျိုးတစ်ပင်က ဒီတားမြစ်နယ်မြေတောအုပ်ထဲ ပေါက်နေတယ်လို့ ပြောကြတယ် ”
ကြက်ခြေခတ်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး လွမ်ယာမှာ စိုးရိမ်ပူပန်နေဟန်တူသည်။ ထိုစသ် ရွှီချင်းက ခေါင်းဆောင်လဲ့ကို ကြည့်လိုက်သည်။ သူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်လဲ့က တည်ငြိမ်စွာဖြင့် အနည်းငယ်ပြုံး၍ ကြည့်နေသည်။
“ အဲဒီလောက် မပြင်းထန်ပါဘူး။ ဒါက ဒဏ်ရာဟောင်းပဲလေ။ ငါတို့ သမားတော်ပိုင်ကို ဆက်မနှောင့်ယှက်နဲ့တော့ ”
ခေါင်းဆောင်လဲ့က ပြောလိုက်ပြီး သမားတော်ပိုင်ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်းနှင့် တခြားလူများကို ခေါ်ကာ ထွက်ခွာသွားသည်။
ရွှီချင်းနှင့် တခြားနှစ်ယောက်က သမားတော်ပိုင်ကို လေးစားစွာ ကျေးဇူးတင်စကားများ ဆိုလိုက်ကြပြီး ဆေးညွှန်းနှင့်အတူ ထွက်ခွာသွားသည်။
သို့သော်လည်း ရွှီချင်းသည် စိတ်ထဲတွင် တစ်ခုခုကို တွေးတောနေသည့်အလားပင်။ သမားတော်ပိုင်ကို သူ ကျေးဇူးတင်စကားပြောစဉ်အခါက သမားတော်ပိုင်က သူ့ကို စေ့စေ့စပ်စပ်အကဲခတ်နေသည်ဟု သူ ခံစားနေရသည်။
လမ်းတစ်လျှောက်တွင် မိုးကြိုးအဖွဲ့သည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ခေါင်းဆောင်လဲ့၏ နေအိမ်ကို ပြန်ရောက်သောအခါ ကြက်ခြေခတ်နှင့် လွမ်ယာတို့က တစ်ခုခု ပြောချင်နေဟန် ရှိနေပါသော်လည်း ခေါင်းဆောင်လဲ့က သူတို့ကို နှင်လွှတ်လိုက်သည်။
သူတို့ ထွက်ခွာသွားသောအခါမှသာ ခေါင်းဆောင်လဲ့က အိမ်ထဲမှ ဆေးရွက်ကြီးအနည်းငယ် ယူလာပြီး သားရေအိတ်ထဲမှ ဆေးတံကို ထုတ်လိုက်သည်။ ထို့နောက် ဆေးရွက်ကြီးကို ဆေးတံထဲထည့်၍ မီးညှိလိုက်ပြီး တစ်ရှိုက်သောက်လိုက်သည်။
ထို့နောက် ဆေးလိပ်မီးခိုးငွေ့များကို ပြန်လည်မှုတ်ထုတ်လိုက်သည်။ သူက ရွှီချင်း၏ စိုးရိမ်ပူပန်နေသော အမူအရာကိုကြည့်၍ ဆေးတံကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။
“ တားမြစ်နယ်မြေထဲရောက်နေတုန်းက ဆေးတံသောက်ဖို့ တွေးတောင်မတွေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပြန်ရောက်တော့ ဒီလိုမီးခိုးငွေ့တွေ မှုတ်ထုတ်လိုက်ရတဲ့အရသာက တကယ့်နတ်စည်းစိမ်ပဲ။ အဖိုးတန်ဆေးတွေထက်တောင် ပိုပြီး အာနိသင်ရှိတယ် ”
ရွှီချင်းက စကားပြောရန် ပြင်လိုက်သည်။
“ ဒီနေ့ မင်း ဘာစားချင်လဲ။ ငါ မင်းကြိုက်တာ ချက်ကြွေးမယ်။ ငါ အရက်သောက်တာကိုတော့ အဖော်ပြုပေးရမယ် ”
ခေါင်းဆောင်လဲ့သည် ရွှီချင်း၏စကားကို နားမထောင်ချင်သည့်အလား စကားအပြောမခံပေ။ သို့ဖြစ်၍ ရွှီချင်းက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခဏအကြာ ခေါင်းညိတ်ပြလိုက်သည်။
“ ကျွန်တော် မြွေသား စားချင်တယ် ”