← Chapters

ပင်လယ်ပြင်သို့ ခြေဆန့်လာသည့် လူသစ်ကလေး

Vol. 9 Ch. 135

ပင်လယ်ပြင်သို့ ခြေဆန့်လာသည့် လူသစ်ကလေး

Vol. 9 Ch. 135

မွန်းတည့်ချိန်ဖြစ်၍ နေမင်းကြီးက အရှိန်တညီးညီး ပူပြင်းနေသည်။

ရွှီချင်းသည် လမ်းကြိုလမ်းကြားများထဲ လျှောက်သွားနေရင်း နောင်တချိန် သူ ကူညီလာနိုင်သည့်အခါ ယခုတစ်ခေါက် မှော်လှေကလေးကို ပြုပြင်ပေးခဲ့သည့်အတွက် ကျန်းစန်းအား ကူညီရမည်ဖြစ်ကြောင်း သူ့ကိုယ်သူ ပြောနေသည်။ ယင်းအပြင် အခွင့်အခါသင့်လျှင် ကျိုးချင်ဖုန်းကိုလည်း တစ္ဆေဆန္ဒများအတွက် ပြန်ပေးဆပ်ရပေမည်။

မှော်လှေက ပြုပြင်ပြီးနောက် မည်သည့်ပုံပန်းသွင်ပြင်ရှိနေမည်ကို ရွှီချင်း မသိပါသော်လည်း မှော်လှေအတွက် ကျန်းစန်းအသုံးပြုမည့် ဝိညာဉ်ကျောက်တုံးများက ဝိညာဉ်ကျောက်တုံးနှစ်ရာထက် သာလွန်နေမည်ဟု ရွှီချင်း ခံစားမိသည်။

ထိုကိစ္စကို မှတ်သားထားပြီးနောက် ရွှီချင်းက ဘေးပတ်လည်ရှိ လူအုပ်ကြီးကို ကြည့်လိုက်သည်။ မည်သည့်ထူးခြားချက်ကိုမျှ သူ မမြင်ရပေ။

ရေသူထီးလူငယ် သေဆုံးသွားသည့်ကိစ္စက ပင်မမြို့ကြီးထဲတွင် အုတ်အော်သောင်းနင်း ဖြစ်မသွားခဲ့ပုံရသည်။ လူဆိုးထိန်းဌာနသည်လည်း ထိုနည်းတူပင်။ လူအတော်များများ ထိုအကြောင်းကို မသိကြသေးသည်လည်း ဖြစ်နိုင်သည်။

ရွှီချင်းက စဉ်းစားတွေးတောရင်း မြို့ထဲရှိ အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်သို့ လျှောက်လာသည်။

အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်သည် ဂိုဏ်းသားတိုင်း ပင်လယ်ပြင်သို့ ပထမဆုံးအကြိမ် မထွက်ခင် ရောက်လာရသည့်နေရာဖြစ်သည်။

အဘယ်ကြောင့်ဆိုရသော် အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်က အလွန်အဖိုးတန်သော သတင်းအချက်အလက်ကို သိုလှောင်ထားသည့်အတွက် ဖြစ်သည်။ ထိုစာကြည့်တိုက်၌ နှစ်ပေါင်းများစွာတစ်လျှောက် ပင်လယ်ပြင်သို့ သွားခဲ့ကြသည့် ချီရွှဲ့ထုံဂိုဏ်းသားများ ကြုံတွေ့ရသော ထူးဆန်းအံ့သြဖွယ်ရာများနှင့် ပင်လယ်သတ္တဝါများနှင့် ပတ်သက်သည့် မရေမတွက်နိုင်သော သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။

၎င်းတို့၏တန်ဖိုးက အဖိုးဖြတ်၍ မရပေ။

ထို့ကြောင့် စာအုပ်များကို ကူးယူခွင့်မရှိပေ။ လူတစ်ယောက်က ထိုစာအုပ်များအား ဖတ်ရှုချင်ပါက လူကိုယ်တိုင်သွားရောက်ကာ အဖိုးအခအနည်းငယ်ပေး၍ ဖတ်ရှုနိုင်သည်။

ယင်းအပြင် ဂိုဏ်းသားတစ်ယောက် ပင်လယ်ပြင်သို့ ထွက်သွားခဲ့ပြီး ထူးဆန်းသောအရာတစ်ခု သို့မဟုတ် မမြင်ဖူးသော ပင်လယ်သတ္တဝါတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရပါက အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်သို့ ထိုအကြောင်းကို တင်ပြနိုင်သည်။ ထိုအကြောင်းက မှန်ကန်ကြောင်း အတည်ပြုခံခဲ့ရပါက ဆုချီးမြှင့်ခံရသည်။ သတင်းအချက်အလက်က ပို၍ တန်ကြေးရှိလေ ဆုကြေးငွေက မြင့်မားလေဖြစ်သည်။

သု့ိသော်လည်း သတင်းအချက်အလက်က သက်သေမရှိဘဲ တစ်ဖက်သတ်သတင်းသာ ဖြစ်နေခဲ့ပါက အမှား၊ အမှန် စစ်ဆေးရန်မဖြစ်နိုင်၍ များသောအားဖြင့် အတည်ပြုရန်အချိန်က အလွန် ကြာမြင့်သွားတတ်သည်။ အတည်ပြုရန်အချိန်က နှစ်ပေါင်းရာနှင့်ချီ၍လည်း ကြာမြင့်သွားတတ်သည်။ ယင်းက ဂိုဏ်းသားများ လုပ်ကြံဇာတ်လမ်းများ ဖန်တီး၍ ဆုကြေးငွေထုတ်ယူခြင်းမှ ကာကွယ်ထားခြင်းလည်း ဖြစ်သည်။

သက်သေမပြထားသော သတင်းအချက်အလ်များကို စာကြည့်တိုက်၌ မှတ်တမ်းတင်ထားမည် မဟုတ်ပေ။

စာကြည့်တိုက်၌ စာရင်းပြုစုထားသော မှတ်တမ်းများအားလုံး အမှန်အကန်များ ဖြစ်ကြပြီး ကြိမ်ဖန်များစွာ အတည်ပြုခံထားရပြီးသား ဖြစ်သည်။

ရွှီချင်းသည် ဤနေရာရှိ မည်သည့်သတင်းအချက်အလက်မဆို အကျဉ်းအကြပ်ထဲတွင် သူ့အသက်ကို ကယ်တင်ကောင်း ကယ်တင်နိုင်ကြောင်း သိထား၍ အထူးအလေးထားကာ ဖတ်ရှုနေသည်။

ပင်လယ်ပြင်သို့ သူ သွားမည့်နေရာနှင့်ပတ်သက်၍လည်း သူ စဉ်းစားထားပြီးသား ဖြစ်သည်။

ရေသူထီးလူငယ်၏ သိုလှောင်အိတ်ထဲမှ သူ ရှာတွေ့ခဲ့သော ရေကြောင်းပြမြေပုံက အလွန် နားလည်လွယ်ကာ အသေးစိတ်ကျသည်။ ထိုမြေပုံကို သူ လေ့လာပြီးနောက် ပင်လယ်ပြင်သို့ ယခုတစ်ခေါက် ခရီး၏ပန်းတိုင်အား မြေပုံပေါ်တွင် မှတ်သားထားသော ကျွန်းလေးတစ်ကျွန်းကို သူ ဆုံးဖြတ်ခဲ့သည်။

ထိုကျွန်းလေးသည် အနောက်ဘက်ကျောက်တန်းဟု ခေါ်သည့် ကျွန်းစုတစ်စုနောက်တွင် တည်ရှိနေသည်။ ထိုနေရာတွင် ရေထဲမြုပ်နေသော ကျောက်တန်းများစွာ ရှိပြီး အလွန် အန္တရာယ်များသည်။ ယင်းကျွန်းသည် အနီးအနားရှိ ပင်လယ်ဖွတ်များ အရေခွံလဲကြလေ့ရှိသည့်ကျွန်းဖြစ်ပြီး ပင်လယ်ဖွတ်ကျွန်းအဖြစ် သိကြသည်။

ပင်လယ်ဖွတ်များသည် အလွန်ရက်စက်ကြမ်းကြုတ်ကာ မြင်ရခဲသည်။ ၎င်းတို့သည် စုဝေးနေထိုင်တတ်သော သတ္တဝါများဖြစ်ကြပြီး များသောအားဖြင့် ပင်လယ်နက်ထဲတွင် နေကြသည်။ အရေခွံလဲလှယ်ကြသည့်အခါမှသာ ပင်လယ်ထဲမှ ထွက်လာတတ်သည်။ ယင်းအပြင် ၎င်းတို့လဲထားသည့်အရေခွံများကို တတ်နိုင်သမျှ မြန်ဆန်စွာ ရယူနိုင်မှသာ တန်ဖိုးကြီးမည်ဖြစ်သည်။ အချိန်ကြာသွားလျှင် ထိုအရေခွံများ၏ ဝိညာဉ်စွမ်းအားများ လွင့်ပါးသွားမည်ဖြစ်ကာ တန်ဖိုးမဲ့သွားတတ်သည်။

ထို့ကြောင့် အပြင်လူများအနေဖြင့် ထိုအရေခွံများကို ရရှိနိုင်ရန် အလွန်ခက်ခဲသည်။

ယင်းအပြင် ထိုအရေပြား၏ မာကြောမှုက ဆင်တူကုန်ကြမ်းပစ္စည်းများထက် သာလွန်ပြီး မှော်လှေကုန်ကြမ်းပစ္စည်းများအနက် အဆင့်မြင့်ကုန်ကြမ်းပစ္စည်းအဖြစ် သတ်မှတ်ထားကြသည်။ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ကုန်ကြမ်းပစ္စည်းများက ထိုအရေပြားများကို မယှဉ်နိုင်ပေ။ ယခင်က ထိုအရေပြားကို ဆဋ္ဌမမြောက်တောင်ထိပ်မှဆိုင်ထဲတွင် ရွှီချင်း မြင်ခဲ့ဖူးသည်။ ယင်းသည် ချီစုစည်းခြင်းအဆင့်သုံး ပင်လယ်ဖွတ်တစ်ကောင်၏ အရေပြားသာ ဖြစ်ပါသော်လည်း အစိတ်အပိုင်းတစ်ခုလျှင် ဝိညာဉ်ကျောက်တုံးသုံးဆယ်ကျသင့်သည်။

ထို့ပြင် ပင်လယ်ဖွတ်များ၏ ကျင့်ကြံခြင်းအဆင့်ကိုလိုက်၍ ဈေးနှုန်းများက ခေါက်ခိုက်နေတတ်သည်။ ချီစုစည်းခြင်းအဆင့်ငါး ပင်လယ်ဖွတ်တစ်ကောင်၏ အရေပြားက ဝိညာဉ်ကျောက်တုံးတစ်ရာ့ငါးဆယ် ကျသည်။ ဝိညာဉ်ကျောက်တုံးငါးရာမှ ခြောက်ရာအကြား တန်ကြေးရှိသော ချီစုစည်းခြင်းအဆင့်ရှစ် ပင်လယ်ဖွတ်၏ အရေပြားကိုပင် ရွှီချင်း မြင်ခဲ့ဖူးသည်။

ထိုကဲ့သို့ ကြောက်ခမန်းလိလိ တန်ဖိုးကြောင့် ပင်လယ်ဖွတ်ကျွန်းသည် နှစ်ပေါင်းများစွာ တစ်လျှောက် လူသားမဟုတ်သည့်မျိုးနွယ်များမှ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများ၏ စိတ်ဝင်စားခြင်းခံရသည့်ကျွန်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုကျွန်းက အလွန် အန္တရာယ်များသည်။

လူတစ်ယောက်က ခွန်အားအလုံအလောက်မရှိဘဲ ထိုကျွန်းသို့ သွားခဲ့မည်ဆိုပါက အသက်ရှင်ရန် အခွင့်အရေးနည်းပါးသည်။

ရွှီချင်း၏ပန်းတိုင်က ထိုပင်လယ်ဖွတ်ကျွန်းဖြစ်သည်။

မှတ်တမ်းများကို သူ ဖတ်နေရင်း အချိန်များက တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး ဆည်းဆာချိန်သို့ မသိလိုက်မသိဘာသာ ရောက်လာသည်။ နောက်ဆုံးတွင် ရွှီချင်းသည် စာအုပ်အထူကြီးထဲရှိ အကြောင်းအရာများအားလုံးကို မှတ်မိသွားပြီဖြစ်သည်။ သူ မျက်လုံးများကို မှိတ်၍ ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် ထွက်လာခဲ့သည်။

“ အားလုံးအဆင်သင့်ဖြစ်ပြီ။ မှော်လှေကို စောင့်ဖို့ပဲ ကျန်တော့တယ် ”

ရွှီချင်းက ဆည်းဆာရောင်ခြည်များ ဖြန်းပက်နေသော လမ်းများပေါ် လျှောက်နေရင်း ပင်လယ်ပြင်ကို ငေးကြည့်လိုက်သည်။ သူ၏နားထဲ ရေလှိုင်းသံများ တိုးဝင်လာပြီး မျှော်လင့်ချက်များဖြင့် မျက်လုံးများ ဝင်းလက်လာသည်။

နောက်ဆုံး၌ ဆည်းဆာချိန် ကျော်လွန်သွားပြီး လမင်းကြီး မြင့်တက်လာသောအခါ သယ်ယူပို့ဆောင်ရေးဌာနသို့ ရွှီချင်း ရောက်လာသည်။

တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေခဲ့ကြသော တောက်တိုမယ်ရအလုပ်သမားများသည် အုပ်စုအသီးသီးဖြင့် ပြန်နေကြပြီဖြစ်သည်။ ရွှီချင်း လျှောက်လာသောအခါတွင် ကျန်းစန်းသည် ကုန်ပစ္စည်းပုံကြီးပေါ် ဆောင့်ကြောင့်ထိုင်၍ ဆေးတံသောက်နေသည်ကို မြင်လိုက်ရသည်။

ဖျော့တော့သောလရောင်အောက်၌ ကျန်းစန်း၏ရုပ်သွင်က အနည်းငယ် ဝိုးတစ်ဝါးဖြစ်နေပြီး ထူတစ်လှည့် ပါးတစ်လှည့်ဖြစ်နေသော မီးခိုးငွေ့များကို ဖြတ်၍ သူ့မျက်နှာပေါ်မှ မောပန်းနွမ်းနယ်နေသည့်အရိပ်အယောင်များကိုသာ မြင်ရသည်။

ရွှီချင်း အနည်းငယ် အားတုံ့အားနာ ဖြစ်သွားရသည်။ သူ အနားတိုးကပ်သွားရန်ပြင်လိုက်စဉ် သူ့အကြည့်က ဘေးပတ်လည်ကို ကျရောက်သွားသည်။ သူ ပေါ်လာခြင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသော အလုပ်သမားဂိုဏ်းသားများအနက် ရင်းနှီးသော ပိန်ပိန်ပါးပါးလူရိပ်တစ်ခု ရှိနေသည်။

ထိုလူရိပ်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူနှင့် တစ်သုတ်တည်း ဝင်ရောက်လာခဲ့သော လီကျစ်မေ့ဖြစ်သည်။ လီကျစ်မေ့သည်လည်း ရွှီချင်းကို မြင်သွားသည်။ သူမက တသီးတခြား ဖြစ်နေပါသော်လည်း ပြုံးပြလိုက်သေးသည်။

ထိုအပြုံးက အလွန်ကြင်နာသည်။

ရွှီချင်းသည်လည်း အားပေးသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။ လီကျစ်မေ့ထွက်သွားသည်ကို ကြည့်ပြီးနောက် ရွှီချင်းက ကျန်းစန်း၏ဘေးသို့ လျှောက်လာသည်။

“ မင်း သူ့ကို သိတာလား ”

ကျန်းစန်းက သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

“ သိတယ်။ သူ့နာမည်က လီကျစ်မေ့။ ဂိုဏ်းထဲကို ဝင်လာတုန်းက တစ်သုတ်တည်း အတူဝင်လာခဲ့ကြတာ။ သူက စိတ်မာတယ် ”

ရွှီချင်းက လီကျစ်မေ့၏နောက်ကျောကို လှမ်းကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

ကျန်းစန်း ခေါင်းညိတ်ပြလိုက်သည်။

“ မိန်းမကောင်းလေးပဲ။ မင်းတို့နှစ်ယောက်က သိနေကြတော့ နောက်ကျ ငါ သူ့ကို ဂရုစိုက်ပေးလိုက်မယ် ”

“ ကျေးဇူးတင်ပါတယ် ”

ရွှီချင်းက ကျန်းစန်းကို ကြည့်၍ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“ ဒါက အသေးအဖွဲ့လေးပါ။ သွားကြမယ်။ မင်းရဲ့မှော်လှေဆီ ငါ မင်းကို ခေါ်သွားမယ် ”

ကျန်းစန်းသည် ပြောနေရင်း မျက်လုံးများ ဝင်းလက်သွားသည်။ ကုန်ပစ္စည်းပုံပေါ်မှ သူ ခုန်ဆင်းလိုက်ပြီး ရွှီချင်းကို အနောက်ဘက်ခြမ်းသို့ ခေါ်လာခဲ့သည်။ ယခုတစ်ခေါက်တွင် တခြားကုန်လှောင်ရုံကြီးတစ်ရုံသို့ သူတို့ သွားလိုက်ကြသည်။

သူတို့ အထဲရောက်သည်နှင့် ကြောက်ခမန်းလိလိ အရှိန်အဝါများ ထွက်နေသည့် လှေကြီးတစ်စင်း ရွှီချင်း၏အမြင်အာရုံထဲ ဝင်ရောက်လာသဖြင့် သူ့ခြေလှမ်းများ အလိုလို ရပ်သွားသည်။

ယခုတစ်ခေါက် သူ၏မှော်လှေက လုံးလုံးလျားလျား ပြောင်းလဲသွားတော့မည်ကို သူ သိထားပြီး စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါသော်ငြား သူ၏ရှေ့မှောက်ရှိ မှော်လှေကြောင့် သူ အံ့သြတုန်လှုပ်သွားရဆဲပင်။

လှေထိပ်ဦးရှိ ဧရာမမိကျောင်းခေါင်းကြီးက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရှည်လျားသွယ်လျမနေတော့ဘဲ သိသိသာသာ ပြားသွားသည်။ သို့သော်လည်း ၎င်း၏နဖူးတွင် ထိုးဖောက်မိသည်နှင့် အရာအားလုံးကို ဖောက်ထွင်းနိုင်သည့်အလား နက်မှောင်သော ဦးချိုတစ်ချောင်း ရှိသည်။

ထိုအပြောင်းအလဲသည် မူလက ဟိန်ဟန်များနေခဲ့သော ပုံပန်းသွင်ပြင်ကို တည်ငြိမ်သွားစေပြီး ပို၍ ရက်စက်ကြမ်းကြုတ်သောအသွင်အပြင် ဖြစ်စေသည်။

လှေကိုယ်ထည်က ကြီးကြီးမားမား ပြောင်းလဲသွားသည်။ ၎င်းက ပေနှစ်ရာကျော်ရှည်သော မိုးမခသစ်ရွက်တစ်ရွက်ပုံစံ မဟုတ်တော့ဘဲ အလျားက လျော့သွားကာ အနံတိုးလာသည်။ ခြုံကြည့်လျှင် စိန်ပွင့်ပုံစံလိပ်ခွံတစ်ခုနှင့် ဆင်တူသည်။

လှေပျဉ်ချပ်တိုင်းကို အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး မန္တန်အစီအရင်အင်းကွက်များ သိပ်သည်းထူထပ်စွာ ရှိနေသည်။

လှေ၏ဘေးတစ်ဖက်တစ်ချပ်တွင် ဧရာမဘီးကြီးပုံစံ ခြေထောက်လေးချောင်းရှိသည်။ ၎င်းတို့က ထုတ်နိုင်သွင်းနိုင်ဟန်တူပြီး ကမ်းပေါ်တွင် လှေကို သွားလာနိုင်အောင် လုပ်ပေးသည်။ ထိုဘီးကြီးများထဲတွင် စူးရှချွန်ထက်သော ဆူးများလည်း ဝှက်ထားသည်။

လှေအခန်း၏ အပြောင်းအလဲများသည်လည်း နည်းနည်းနောနော မဟုတ်ပေ။ ယခုအခါ နှစ်ထပ်အိမ်တစ်လုံးပုံစံ ဖြစ်သွားပြီဖြစ်ပြီး မန္တန်အစီအရင်များ ထွင်းထုရန်အတွက် နေရာပို၍ ရလာသည်။

ထိုအရာများအပြင် မျက်စိကို အဖမ်းစားနိုင်ဆုံးမှာ ဧရာမဓားမော့ရွက်တိုင်များ ဖြစ်သည်။

စုစုပေါင်း ရွက်တိုင်ရှစ်တိုင်ရှိပြီး လေးတိုင်က ရှေ့တွင်ရှိကာ နောက်တွင် လေးတိုင်ရှိသည်။ အဝေးမှကြည့်ပါက အတောင်ပံများပေလော၊ စူးရှချွန်ထက်သော ဓားမော့များပေလော ဝေခွဲရခက်နေမိမည်ဖြစ်သည်။

လှေအောက်ခြေ၌ ပင်လယ်သတ္တဝါများ ဝင်ဆံနိုင်သော ဧရာမမြောင်းကြီးတစ်မြောင်း ရှိသည်။

မှော်လှေတစ်ခုလုံးကို ကြည့်ရသည်မှာ ဧရာမသတ္တဝါကြီးတစ်ကောင်အလား ထင်မှတ်ရပြီး ၎င်း၏အရှိန်အဝါက သိပ်သည်းကာ ခြိမ်းခြောက်နိုင်စွမ်း အပြည့် ရှိနေသည်။

“ ဟာ …”

ရွှီချင်း အနည်းငယ် မှင်တက်မိနေသည်။ မှော်လှေ၏အပြောင်းအလဲများက ကြီးမားလွန်းလှသည့်အတွက်ကြောင့် သူ့စိတ်ထဲ တဝီဝီမြည်နေတော့သည်။

ရွှီချင်း၏အမူအရာကိုကြည့်၍ ကျန်းစန်း၏ မောပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်ခြင်းများ နေရာယူလာပြီး သူက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

“ အရင်တစ်ခေါက် မင်းလှေကို ပြုပြင်ထားတာ တော်တော်စုတ်တယ်။ ဒီတစ်ကြိမ်တော့ ငါ မင်းကို အကြီးစား ပြင်ဆင်ပေးလိုက်တယ်။ အဓိက ပြင်ဆင်ထားတာတွေက လှေဝမ်းပိုင်းဖွဲ့စည်းပုံ၊ လှေကိုယ်ထည်ဖွဲ့စည်းပုံ၊ လှေကုန်းပတ်ဖွဲ့စည်းပုံ၊ လှေနံရံဖွဲ့စည်းပုံ၊ လှေဦးပိုင်းနဲ့ ပဲ့ပိုင်းဖွဲ့စည်းပုံ၊ အထပ်မြင့်အဆောက်အအုံပုံစံတွေနဲ့ တခြားဟာတွေပဲ ”

“ လှေဘောင်ကို ငါ အသစ်လဲပေးလိုက်တယ်။ ဒီတော့ လှေက ပိုပြီး တည်ငြိမ်လာမယ်။ လှေဖွဲ့စည်းပုံကို ပြန်လည်ပြုပြင်လိုက်တော့ လှေရဲ့တောင့်တင်းမှုနဲ့ မာကြောမှုက အမြင့်ဆုံးကို ရောက်သွားတယ်။ ပြီးတော့ မင်း နောက်ထပ်အဆင့်မြှင့်လို့ရအောင် ငါ နေရာနည်းနည်း ချန်ပေးထားတယ် ”

ကျန်းစန်းက မှော်လှေပေါ် ခုန်တက်လိုက်သည်။

“ လှေထိပ်ပိုင်းက အမည်းရောင်ဦးချိုထဲကို ဝါးမျိုတတ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ ရိုးတွင်းခြင်ဆီ ထည့်ထားတယ်။ ဒါက ပြိုင်ဘက်ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဝါးမျိုပြီး လှေကုန်းပတ်ပေါ်က မန္တန်အစီအရင်ထဲကို သိုလှောင်ပေးတယ် ”

“ ဒီခြေထောက်လေးချောင်းလည်း ရှိသေးတယ်။ ခြေထောက်တစ်ချောင်းစီမှာ စူးရှချွန်ထက်တဲ့ အပိုင်းအစသုံးထောင့်ခြောက်ရာရှိတယ်။ အန္တရာယ်နဲ့ကြုံလာရင် မင်း အဲဒီအပိုင်းအစတွေကို ပစ်လို့ရတယ် ”

“ ဝိညာဉ်စုစည်းမန္တန်အစီအရင်ကို ငါ ဘာမှမလုပ်ထားဘူး။ ဒါပေမဲ့ မြောင်းကိုတော့ ပိုချဲ့ပေးထားတယ်။ အဲဒီမြောင်းထဲမှာ တစ်ကြိမ်ကို ဝိညာဉ်ကျောက်တုံးငါးဆယ်ထည့်နိုင်တယ်။ အရေးပေါ်အခြေအနေနဲ့ ကြုံရရင် ဒီမှော်လှေက ပျက်စီးသွားပြီး အပိုအစိတ်အပိုင်းတွေက ငါးဖမ်းလှေတစ်စီးအဖြစ် ပြောင်းသွားမယ်။ အဲဒီလှေလေးက အနည်းဆုံး နှစ်ဆလောက် ပိုမြန်မယ် ”

“ ပြီးတော့ ဒီရွက်တိုင်တွေ … ”

ကျန်းစန်းက ဂုဏ်ယူနေသောအမူအရာဖြင့် ရွက်တိုင်များကို ညွှန်ပြလိုက်သည်။

“ အဲဒီရွက်တိုင်တွေကို ငါ ကိုယ်တိုင် လုပ်ထားတာ။ ကြည့်လိုက်ပါဦး ”

ကျန်းစန်းက ပြောရင်းဆိုရင်း ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်၍ သူ့ခြေထောက်အောက်ရှိ မန္တန်အစီအရင်ထဲသို့ ထည့်လိုက်သည်။ ဓားမော့ပုံသဏ္ဍာန်ရွက်တိုင်ရှစ်တိုင်က ချက်ချင်း စုစည်းသွားပြီး အကာအကွယ်အလွှာတစ်ခုအသွင် ဖြစ်သွားသည်။

မှော်လှေကလေးက ခုခံရေးနှင့် တိုက်ခိုက်ရေးကို တစ်ပြိုင်နက်တည်း လုပ်နိုင်သည့် ဧရာမလိပ်ကြီးတစ်ကောင်အလားပင်။

“ ဒီရွက်တိုင်တွေက လှေအတွက် အကာအကွယ်အနေနဲ့ အသုံးချလို့ရတဲ့အပြင် လှေကိုလည်း ပိုပြီး မာကြောခိုင်ခံစေတယ်။ အဲဒီရွက်တွေကို ဖွင့်ပြီးတော့ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိတဲ့ ဓားမော့တွေလိုမျိုးလည်း အသုံးချနိုင်တယ် ”

“ လှေအောက်ခြေက မြောင်းကြီးက တားမြစ်ပင်လယ်ထဲမှာ ဝေလနဂါးကို ကောင်းကောင်း ထိန်းချုပ်နိုင်အောင် လုပ်နိုင်တယ်။ အရေးပေါ်အခြေအနေတွေကြုံလာရင် ဝေလနဂါးကို မင်းထိန်းချုပ်ပြီး လှေကို ခဏလောက် လေပေါ် ပျံတက်သွားအောင် လုပ်လို့ရတယ် ”

“ ရွှီချင်း၊ ဒါက တကယ့်အဆင့်ခုနစ်လှေပဲ။ ဘယ်လိုလဲ၊ မင်း စိတ်ကျေနပ်ရဲ့လား ”

ကျန်းစန်းက မှော်လှေပေါ်မှ ခုန်ဆင်းကာ ရွှီချင်းရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်လိုက်ပြီး မေးကိုမော့၍ တည်ငြိမ်စွာ ပြောလိုက်သည်။

ရွှီချင်း၏ရင်ထဲ ခံစားချက်လှိုင်းများ ရိုက်ခတ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် သူက ကျန်းစန်းကို လက်နှစ်ဖက်ဆုပ်၍ လေးလေးနက်နက် ဦးညွတ်လိုက်သည်။

“ ကျေးဇူးပါအစ်ကိုကြီးကျန်း။ ဒီလှေကို ကျနော် သိပ်သဘောကျပါတယ် ”

“ နောက်ကျမင်းရဲ့လှေကို မှော်လှေအဖြစ် အဆင့်မြှင့်တင်ရင် မင်းရဲ့စွမ်းအင်ရင်းမြစ်ကိုလိုက်ပြီး ငါ မင်းကို ပုံစံဆွဲပေးမယ်။ မှော်လှေက တကယ့်လက်နက်ကွ ”

ကျန်းစန်းက ပညာရှင်တစ်ယောက်၏ ဟန်ပန်မျိုးဖြင့် တည်ငြိမ်စွာ ပြောသည်။ ရွှီချင်း၏ အမူအရာကြောင့် သူ အလွန် ကျေနပ်နေရပါသော်လည်း မောပန်းနွမ်းနယ်ခြင်းများကြောင့် သူ အလိုလို သမ်းဝေလာရသည်။

ထိုသည်ကို ရွှီချင်း မြင်သောအခါ လေးစားစွာဖြင့် နှုတ်ဆက်စကားပြောလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် မှော်လှေကို သိမ်းဆည်းကာ သယ်ယူပို့ဆောင်ရေးဌာနမှ ထွက်လာခဲ့သည်။

သူ ထွက်သွားသောအခါမှသာ ကျန်းစန်းသည် စိတ်ဓာတ်ကျနေသောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။

“ ငါ့ငွေတွေတော့ သွားပါပြီ။ ငါ လက်လွန်ပြီး ကောင်းကောင်းလုပ်ပေးလိုက်တယ်။ ဒီတစ်ခေါက် ငါ တကယ် ရှုံးတာပဲ ”

“ ဒီကလေးက နောက်ကျ အောင်မြင်လာဖို့ပဲ ငါ မျှော်လင့်ရတော့မယ် ”

ကျန်းစန်းသည် နာကျင်မှုကို ကြိတ်မှိတ်၍ ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ပြီး ခေါင်းယမ်းကာ ကုန်လှောင်ရုံထဲမှ ထွက်လာခဲ့သည်။ သူ ထွက်မသွားခင် ရွှီချင်းနှင့် တစ်သုတ်တည်းဝင်လာခဲ့သော ဂိုဏ်းသူအကြောင်းကို တွေးမိလိုက်သည်။ ထို့ကြောင့် အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်၍ စီစဉ်ပေးလိုက်သည်။

“ ငါ ရင်းနှီးထားပြီးပြီဆိုတော့ ဆက်ရင်းနှီးရမှာပဲ။ ရွေးချယ်စရာမရှိဘူး ”

ကျန်းစန်းက ခံစားချက်များဖြင့် သက်ပြင်းချနေစဉ် ရွှီချင်းသည် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး မှော်လှေကို ထုတ်လိုက်သည်။ တဗွမ်းဗွမ်းမြည်သံများ ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ ဧရာမပစ္စည်းကြီးကို ကြည့်ကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ထိုလှေပေါ်သို့ သူ ခုန်တက်လိုက်ပြီး သေချာလေ့လာကြည့်ရှုလိုက်သည်။

ညသည် တဖြည်းဖြည်း ကုန်လွန်လာခဲ့၏။

ထိုညက ရွှီချင်းသည် မှော်လှေ၏အတွင်းနှင့်အပြင်ကို စေ့စေ့စပ်စပ်လေ့လာခဲ့ပြီး ကျန်းစန်း၏ ပညာကိုလည်း သူ လေးစားလာရသည်။ နေမင်းကြီး ပြူထွက်လာပြီး နေရောင်ခြည်တန်းများ ဖြာကျလာသောအခါ သူက အသက်ပြင်းပြင်းရှူ၍ လှေထိပ်ဦးတွင် ရပ်လိုက်သည်။ မိုးကုတ်စက်ဝိုင်းဆီမှ နေမင်းကြီးကို သူ ငေးကြည့်လိုက်ပြီး သူ့မျက်လုံးများ တဖြည်းဖြည်း မှေးလာသည်။

ခဏအကြာ သူသည် ညာလက်ကိုမြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်သည်။

“ ရွက်လွှင့်မယ် ”

ရုတ်တရက် မှော်လှေက တဝုန်းဝုန်းမြည်ဟည်းလာပြီး ဘေးပတ်ဝန်းကျင်မှ ပင်လယ်ရေများ လှိုင်းထသွားသည်။ ထို့နောက် သူ၏အဆင့်ခုနစ်မှော်လှေက ဆိပ်ကမ်းမှ ခွာ၍ တခြားမှော်လှေများမှ ဂိုဏ်းသားများ၏အကြည့်များအောက်တွင် ဆိပ်ကမ်းဂိတ်တံခါးဆီ ခုတ်မောင်းသွားသည်။

၎င်းက လှောင်ချိုင့်မှ လွတ်ထွက်လာသော ဧရာမသားရဲကြီးတစ်ကောင်အလားပင်။

လှေကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်နေသော လုလင်ပျို၏ ဆံပင်ရှည်များက ပင်လယ်လေပြေ၏ ကလူကျီစယ်ခြင်းကြောင့် တဖျပ်ဖျပ်လွင့်နေသည်။ သူသည် ထင်ရှူးပင်တစ်ပင်အလား အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဖြစ်ပြီး သူ၏မီးခိုးရောင်ဝတ်ရုံက လေအဝှေ့တွင် တဖျပ်ဖျပ်လွင့်နေသည်။ ကောင်းကင်ပေါ်မှ မနက်ခင်းနေရောင်ခြည်တန်းလေးများက ဆံပင်ရှည်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ပေါ်ဖြာကျကာ အရောင်မျိုးစုံ ရောင်ပြန်ဟပ်နေတော့သည်။

All Chapters