← Chapters

ကြေးနဂါးလှည်း

Vol. 9 Ch. 136

ကြေးနဂါးလှည်း

Vol. 9 Ch. 136

နေမင်းက တားမြစ်ပင်လယ်ကြီးထဲသို့ စူးရှတောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေပြီး လှိုင်းတံပိုးများက ကောင်းကင်ယံသို့ တဝုန်းဝုန်းပျံတက်၍ ဟစ်အော်နေသည်။

အသံများ လွင့်ပျယ်မသွားခင် ရေလှိုင်းများ ပြန်ကျသွားပြီး ရေစက်ကလေးများ လေထဲ ပြန့်ကျဲသွားကာ ရွှီချင်း၏အကာအကွယ်အလွှာပေါ်သို့ ကျဆင်းသွားသည်။

ရွှီချင်းက လှေထိပ်ဦးတွင် မတ်တတ်ရပ်နေရင်း ပင်လယ်ပြင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထို့နောက် သူ မန္တန်လက်ကွက်များ ဖော်လိုက်ရာ အကာအကွယ်ဝိညာဉ်စွမ်းအားများ လွင့်ပျံသွားပြီး အကာအကွယ်အလွှာပေါ်မှ ဓာတ်နှောများ စိမ့်ဝင်နေသည့် ပင်လယ်ရေစက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကောင်းကင်ယံရှိ နတ်ဘုရား၏မျက်နှာပျက်ကြီးကဲ့သို့ နန်းဟွမ်ဒေသကြီးတစ်ခုလုံးကို ဝန်းရံထားသည့် ဤတားမြစ်ပင်လယ်ကြီးသည် ကျယ်ပြောသည့်အတွက်ကြောင့်သာမက လူတိုင်း၏ ရင်ထဲတွင် ထာဝရပဟေဋ္ဌိသဖွယ် ဖြစ်နေသည့်အတွက်ကြောင့်လည်း အမြဲတမ်း တုန်လှုပ်ချောက်ချားစရာ နယ်မြေတစ်ခု ဖြစ်နေသည်။

ရွှီချင်းက ခေါင်းမော့၍ အဝေးရှိကောင်းကင်ကြီးနှင့် တားမြစ်ပင်လယ်ကို ငေးကြည့်လိုက်သည်။ သူ၏အမြင်၌ ထိုနှစ်ခုက အမည်မသိသော တစ်နေရာအရောက်တွင် စုဆုံသွားဟန်တူသည်။

ပင်လယ်ပြင်ကြီးထဲ၌ ချီရွှဲ့ထုံဂိုဏ်းတစ်လျှောက် သွားလာနေခဲ့သော လှေကလေးများသည် နူးညံ့ညင်သာစွာ လွင့်မျောနေသော ငှက်မွေးတောင်များပမာ မထင်မရှား ရှိနေသည်။

မှော်လှေပေါ်ရှိလူများသည်လည်း ပို၍ပင် သေးနုပ်နေသည်။

ရွှီချင်းက ငြိမ်သက်စွာဖြင့် အဆုံးအစမဲ့တားမြစ်နယ်ပင်လယ်ကြီးကို မျက်စိတစ်စုံးကြည့်၍ သူ့ရင်ထဲ သေးနုပ်သွားသည့်ခံစားချက်မျိုး ဝင်ရောက်လာသည်။

“ အဏ္ဏဝါမှတ်တမ်းမှာတော့ ပင်လယ်ပြင်ကို ပထမဆုံး ခရီးထွက်ဖူးတဲ့ဂိုဏ်းသားအများစုက သူတို့ကိုယ်သူတို့ သေးနုပ်သွားသလို ခံစားလိုက်ရတယ်တဲ့။ ဒါက သူတို့ရင်ထဲက သာမန်အပြောင်းအလဲလေးတစ်ခုပဲ။ ပြီးတော့ သူတို့က ပင်လယ်ပြင်ကို အုပ်စိုးချင်တဲ့စိတ်လည်း ဖြစ်ပေါ်လာတယ်တဲ့ ”

ရွှီချင်းသည် မည်းနက်နေသော အဆုံးအစမဲ့ပင်လယ်ကြီးကို ကြည့်လိုက်သည်။ ယင်းသည် ကြီးမားကျယ်ပြန့်သော ပင်လယ်ကြီးကို ပထမဆုံးအကြိမ် သူ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်း ဖြစ်သည်။

သို့သော်လည်း သူ့စိတ်ထဲတွင် ပင်လယ်ပြင်ကို အုပ်စိုးချင်သည့်စိတ်မျိုး ရှိမနေပေ။

မည်သည့်ကြီးကြီးမားမား ရည်မှန်းချက်များ၊ စိတ်ကူးများလည်း ရှိမနေဘဲ ရက်စက်ကြမ်းတမ်းသော ဤလောကပျက်ကြီးထဲတွင် သူ အသက်ရှည်ရှည်သာ နေချင်သည်။

အနည်းငယ် ကောင်းမွန်သော ဘဝကို ရခဲ့လျှင်တော့ ပို၍ ကောင်းသည်။

ထို့ကြောင့် ရွှီချင်းက အမြဲသတိထားနေရခြင်း ဖြစ်သည်။ သူ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည့်အချိန်မှာပင် ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် အာရုံစိုက်ထားခဲ့သည်။

ထိုသို့ဖြင့် ရေလှိုင်းပုတ်သံများကြားတွင် အချိန်များ ကုန်လွန်လာခဲ့သည်။ မွန်းတည့်ချိန်ကို ရောက်လာပြီး နောက်မှ ဆူဆူညံညံရေလှိုင်းသံများက ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သူ့မျက်လုံးများထဲ စူးရှသောအလင်းတစ်ချက် ဝင်းလက်သွားပြီး လှည့်ကြည့်လိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းဘက်မှ လှေခုနစ်စင်း၊ ရှစ်စင်းခန့် လာနေသည်။ ၎င်းတို့က တရွှီရွှီမြည်သံပေး၍ သွားနေသည့်အတွက်ကြောင့် ဆူဆူညံညံဖြစ်နေရခြင်း ဖြစ်သည်။

ရှေ့ဆုံးမှလှေတစ်စီးမှလွဲ၍ လှေအများစုက အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်လှေများဖြစ်ကြသည်။

ထိပ်ဆုံးမှ မှော်လှေအား ဝိညာဉ်စွမ်းအားအငွေ့အသက်များကို ကြည့်၍ ကောက်ချက်ချရမည်ဆိုပါက အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး ဖြစ်ပေမည်။ ၎င်းက တန်ဖိုးကြီးမားပြီး ကိုယ်ထည်တစ်ခုလုံး ရွှေရောင်ဖြစ်သည်။ ကိုယ်ထည်ပေါ်တွင် ရွှေငှက်မွေးများ ထိုးစိုက်ထားပေရာ နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

မည်းနက်နေသော တားမြစ်ပင်လယ်ထဲ၌ ထိုအရောင်အဝါက ထူးထူးခြားခြား တောက်ပနေပြီး ဒေါင်းတစ်ကောင်ကို တုပ၍ အတောင်ပံဖြန့်ကျက်ရန် ကြိုးစားနေသည့် ရစ်ငှက်တစ်ကောင်အလား သိသိသာသာ ပေါ်လွင်နေသည်။

ဖီးနစ်လှေထိပ်ပိုင်းက ကြော့ရှင်းလှပသင့်ပါသော်ငြား ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသော ရွှေရောင်ကြောင့် ၎င်း၏အသက်ဝိညာဉ် ကင်းမဲ့နေရသည်။ တခြားလူများ မမြင်မှာကို စိုးရွံ့နေသည့်အလား ကြွားလုံးထုတ်နေသကဲ့သို့ ဖြစ်နေပေသည်။

ထိုအခြင်းအရာအားလုံးကို ကြည့်၍ ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၌ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းတမ်းပါသော်လည်း အနည်းဆုံးတော့ စည်းမျဉ်းများ ရှိသေးသည်။ ဥပမာအနေဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများက ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများကို ပင်မမြို့ကြီးထဲတွင် တိုက်ခိုက်သည်မှာ ကြုံတောင့်ကြုံခဲပင်။ သို့သော်လည်း ပင်လယ်ပြင်၌ ခွန်အားနည်းသူက ခွန်အားကြီးသူ၏ အစာဖြစ်သည်ကို သူ သိသည်။

လူသားမဟုတ်သော မျိုးနွယ်များမှဖြစ်စေ၊ လူသားမျိုးနွယ်မှဖြစ်စေ၊ ဂိုဏ်းသားအချင်းချင်းဖြစ်စေ သို့တည်းမဟုတ် တားမြစ်ပင်လယ်ပြင်ကဖြစ်စေ အန္တရာယ်များ နေရာအနှံ့မှ ရောက်လာတတ်သည်။ အကယ်၍ ကံဆိုးမိုးမှောင်ကျပြီး လူသားမဟုတ်သောမျိုးနွယ်မှ ရက်စက်ကြမ်းကြုတ်သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြုံခဲ့မည်ဆိုပါက သေခြင်း၊ ရှင်ခြင်းကို အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်ပေးနိုင်သည်။

မည်သူမဆို တခဏလေးအတွင်း ရန်သူအဖြစ် ပြောင်းလဲသွားနိုင်သည်။

အထူးသဖြင့် ထိုမှော်လှေများ ရောက်ရှိလာပုံက ဟိန်ဟန်များလွန်းပြီး ထိုဖီးနစ်လှေကြီးမှ သူ မုန်တီးသည့်လူတစ်ယောက်၏အသံကြောင့်ပင် ဖြစ်သည်။

ပင်လယ်လေက အနည်းငယ် ကြမ်းတမ်းနေသည်ဖြစ်၍ အသံကို ရှင်းရှင်းလင်းလင်း မကြားရပေ။

“ ဂိုဏ်းတူအစ်မ … ဒီဖီးနစ်လှေအတွက် ကျနော် ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်အထိ သုံးထားလဲဆိုတာကို လူတွေအများကြီးက သိချင်နေကြတာ။ အဲဒီမေးခွန်းကို ကျနော် ဖြေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ သိသွားရင် စိတ်ပျက်သွားမှာမလို့ပဲ။ အစ်မလည်း အဲဒါကို သိပါတယ်။ ကျနော် ကလေးကတည်းက ဝိညာဉ်ကျောက်တုံးတွေ သုံးမကုန်နိုင်အောင် ပေါတာ ”

“ အကြောင်းအရင်းမရှိဘဲ ကျနော် ဂိုဏ်းထဲက လှေအဆင့်သတ်မှတ်ချက်တွေကို လိုက်မေးကြည့်ခဲ့တယ်။ သူတို့က ကျနော့်လှေကို အဆင့်တစ်ဆယ့်ခုနစ်ဆိုပြီး ငြင်းကြတာဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေကို ကျနော် ဂရုမစိုက်ပါဘူး ”

“ ဒီဖီးနစ်လှေအတွက် ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ကုန်သွားလဲ ကျနော် ဂရုမစိုက်ဘူး။ ကျနော် ဂရုစိုက်တာက ဒီလှေက ကျနော့်အိပ်မက်ကို ယူပေးနိုင်မလားဆိုတာပဲ။ ကျနော့်အိပ်မက်က တစ်နေ့ကျ ဝေဟင်မှာ ပျံဝဲမယ့်ဖီးနစ်တစ်ကောင်ဖြစ်ချင်တာ ”

“ ပြီးတော့ အဲဒီအိပ်မက်နောက်ကို လိုက်ရင်း ဘေးနားမှာ ပူပင်သောကတွေ ဝေမျှပေးနိုင်မယ့် မိန်းမလှလေးတစ်ယောက်လည်း ရှိချင်တယ် အစ်မရေ ”

ထိုအသံရှင်က အသင်းခေါင်းဆောင်ပြောခဲ့သည့် ဆန်ကုန်မြေလေး ကျောက်ကျုံးဟန်မှလွဲ၍ တခြားလူမဟုတ်ပေ။

သူသည် ခရမ်းဖျော့ရောင်တာအိုဝတ်ရုံဝတ် မိန်းမပျိုတစ်ယောက်၏ဘေးတွင် ရပ်နေသည်။

ထိုမိန်းမပျိုသည် အသက်နှစ်ဆယ်အရွယ်ရှိပြီး ချစ်စရာကောင်းသော ရုပ်ရည်သွင်ပြင်ရှိသည်။ အဝေးမှကြည့်ပါက သူမသည် လှပကြော့ရှင်းပြီး ခရမ်းရောင်ဝတ်စုံက ပန်းပွင့်လေးများပမာ ဖြစ်နေသည်ကို မြင်ရပေမည်။

သို့သော်လည်း ကျောက်ကျုံးဟန်၏ စကားများကြောင့် ထိုမိန်းမပျို၏ လှပသော မျက်ခုံးမွေးလေးများ မဆိုစလောက် တွန့်ကွေးသွားပြီး မျက်နှာပေါ်တွင် စိတ်မရှည်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုအချိန်၌ ပင်လယ်လေပြေက တဟူးဟူး တိုက်ခတ်လာပြီး ခရမ်းရောင်ဝတ်စုံက လေထဲ တဖျပ်ဖျပ်လွင့်နေသည်။ သူမသည် အဝေးတစ်နေရာရှိ မှော်လှေကလေးပေါ်မှ ရွှီချင်းကို သတိထားမိသွားဟန်တူသည်။

နေရောင်ခြည်အောက်၌ လှေနှစ်စင်းကြားတွင် ဝေလငါးတစ်ကောင်က ရေပြင်မှ ထိုးခွဲကာ လေထဲ ပျံတက်သွားသည်။

၎င်း၏ပါးစပ်မှ ရှေးခေတ်မှ လာဟန်တူသော မြည်ကြွေးသံ ထွက်ပေါ်လာသည်။ ထိုအသံသည် ပု အရာအားလုံးကို အသက်ဝင်သွားစေသည့််အလား ပုလွေသံပမာ ပဲ့တင်ထပ်သွားသည်။

ရေပြင်ပေါ် ၎င်းက ကျဆင်းသွားသောအခါ ရေစက်ကလေးများ လွင့်ပျံတက်လာပြီး အမြင်အာရုံကို ဖုံးကွယ်ပေးလိုက်သည်။

မိန်းမပျို၏မျက်လုံးများထဲတွင် နေရောင်ခြည်က ရောင်စဉ်ခုနစ်သွယ် ကွဲထွက်သွားဟန်တူသည်။ ထိုရောင်စဉ်တန်းများက ရွှီချင်း၏တာအိုဝတ်ရုံကို ရောင်ပြန်ဟပ်သွားပြီး သူ့မျက်နှာကို မမြင်ရတော့ပေ။

သို့သော်လည်း ထိုသို့စွဲဆောင်မှုသည်ပင် မိန်းမပျို၏စိတ်ထဲ စွဲထင်သွားစေသည်။

ထိုသို့ဖြင့် မှော်လှေများက တဖြည်းဖြည်း ဝေးကွာသွားသည်။

ရွှီချင်းက ထိုလှေများကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေသည်။ သူတို့က ဖြတ်သန်းသွားလာရုံသာ ဖြစ်ကြောင်း သူ အတည်ပြုပြီးနောက် ဓားမြှောင်ကို သိမ်းဆည်းကာ ဆက်လက်ကျင့်ကြံလိုက်သည်။

အချိန်များ ကုန်လွန်လာခဲ့သည်။ မှော်လှေက ပင်လယ်ထဲကို နက်ရှိုင်းစွာ ဝင်ရောက်လာမိသည်နှင့်အမျှ ပင်လယ်ကြီး၏ ထူးဆန်းထွေလာများကို ရွှီချင်း မြင်လာရသည်။

ငါးအသေကောင်အုပ်စုများကို သူ မြင်ခဲ့ရသည်။ ထိုငါးအသေကောင်များသည် အသက်ရှင်နေစဉ်ကအတိုင်း စိတ်ဓာတ်ကို ထိန်းထားကြဟန်တူပြီး မှော်လှေအောက်သို့ ငုပ်လျှိုးကာ မည်းနက်နေသော အညစ်အကြေးများအဖြစ် ပြောင်းလဲသွားသည်။

ကြောက်စရာကောင်းသော မဲဂါလိုဒွန်ငါးမန်းရိုင်းကြီးတစ်ကောင်ကိုလည်း သူ မြင်ခဲ့ရသည်။ ထိုငါးမန်းရိုင်းကြီးက ၎င်း၏အစာကို ရက်စက်ကြမ်းတမ်းစွာ ကိုက်ဖြတ်စားသောက်လိုက်သည်။

ယင်းအပြင် တချို့နေရာများကို ရွှီချင်း ဖြတ်သွားသည့်အခါ ပင်လယ်အောက်ခြေမှ အန္တရာယ် အငွေ့အသက်တစ်မျိုး အချိန်တိုင်း လွင့်ပျံ့နေသည်ကို အာရုံခံမိခဲ့ပြီး သူ ပို၍ သတိထားသွားသည်။

ပင်လယ်မှတ်တမ်းထဲတွင် ထိုအကြောင်းကို သူ ဖတ်ထားပြီး ဖြစ်ပြီး ပင်လယ်ပြင်သို့ သွားသည့်အခါ ပုံမှန်ကြုံတွေ့ရတတ်သော အခြေအနေတစ်ခုသာ ဖြစ်ကြောင်း သူ သိထားပါသော်လည်း သတိထားနေဆဲပင်။

တားမြစ်ပင်လယ်ထဲ၌ ဓာတ်နှောများ ပို၍ ထူထပ်သိပ်သည်းသည်။ ပင်လယ်ပြင်တစ်ခုလုံး ဓာတ်နှောများဖြင့် ဖွဲ့စည်းထားသည့်အလားပင်။ ထို့ကြောင့် ရွှီချင်း၏ အရိပ်သည် ယခင်ကထက်ပင် ပို၍ မည်းနက်လာပြီး မင်ရည်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ထိုအခြေအနေကို သူ သတိထားမိပြီးနောက် တွေဝေတွန့်ဆုတ်မနေဘဲ ခရမ်းရောင်သလင်းကျောက်၏အစွမ်းကို လှည့်ပတ်လိုက်ပြီး အရိပ်ကို ကြိမ်ဖန်များစွာ ဖိနှိပ်ထားလိုက်သည်။ ထို့နောက် သူ ရပ်နားလိုက်ပြီး အရိပ်နှင့်ပတ်သက်၍ စိတ်အေးသွားသည်။

ထိုသို့ဖြင့် မှောင်စပျိုးလာခဲ့ပြီဖြစ်သည်။ ရွှီချင်းအတွက် ပင်လယ်ပြင်ပေါ်က ပထမဆုံးအကြိမ် ညတစ်ညကို ဖြတ်သန်းရတော့မည် ဖြစ်သည်။

ဤနေရာက ချီရွှဲ့ထုံဂိုဏ်းနှင့် နီးနေသည့်အတွက်ကြောင့်လားမသိ၊ တစ်နေ့ခင်းလုံး ရွှီချင်းက အန္တရာယ်ကြီးကြီးမားမား မတွေ့ခဲ့ရပေ။

ဆည်းဆာချိန်ရောသောအခါမှသာ ရန်လိုသော ဓားငါးအနည်းငယ် ပင်လယ်ရေပြင်ပေါ် ထွက်လာကြသည်။ ၎င်းတို့က အုပ်စုလိုက် ခုန်ပျံကာ ပင်လယ်ပြင်ပေါ် ပြန်ကျသွားသည်။

ဆည်းဆာနေရောင်ခြည်အောက်၌ ၎င်းတို့၏ စိမ်းဖန့်ဖန့်ခန္ဓာကိုယ်များမှ အဖြူရောင်အလင်းများ ထုတ်လွှတ်နေပြီး ထူးခြားသော အလှတစ်မျိုးကို လှစ်ဟပြသနေသည်။

မှော်လှေနောက်မှ တားမြစ်ပင်လယ်ဝေလနဂါးကြီး လိုက်နေ၍ ထိုဓားငါးများက ရွှီချင်းအနားသို့ မကပ်ဝံ့ကြဟန်တူသည်။ သို့သော်လည်း ရံဖန်ရံ တချို့အကောင်များက မှော်လှေ၏ အကာအကွယ်အလွှာကို ဝင်တိုးကာ ဘန်းခနဲ မြည်သံနှင့်အတူ ပင်လယ်ထဲ ပြန်ကန်ထွက်သွားသည်။

အကာအကွယ်အလွှာကို ထိုဓားငါးများ အရှိန်ပြင်းပြင်း တိုက်ကြသောအခါတွင် ရွှီချင်းက ၎င်းတို့ကို ရှင်းရှင်းလင်းလင်းမြင်လာရသည်။

ထိုငါးများ၌ စူးရှချွန်ထက်သော သွားများ ရှိကြပြီး အလွန် သွေးဆာနေကြဟန်တူသည်။ ၎င်းတို့၏မျက်လုံးများက အနီရောင် တဖျပ်ဖျပ်လက်နေပြီး ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းက လက်ကို ခံစားချက်မဲ့စွာ ဝှေ့ယမ်းလိုက်ရာ ရေစက်ကလေးများ ပေါ်လာပြီး အကာအကွယ်အလွှာအပြင်ဘက်သို့ စိမ့်ဝင်သွားကာ ဓားငါးများ တိုက်မိရာမှ မသေသွားစေရန် ကြားခံအနေဖြင့် ဆောင်ရွက်ပေးလိုက်သည်။

ပင်လယ်မှတ်တမ်းထဲတွင် တားမြစ်ပင်လယ်ထဲသို့ ဂိုဏ်းသားများ သွားသည့်အခါ မလိုအပ်ဘဲ ပင်လယ်သတ္တဝါများကို မသတ်ရန် သတိပေးထားသည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် ပင်လယ်သတ္တဝါများကို သူတို့ ပို၍ သတ်မိလေလေ ပင်လယ်ထဲရှိ ထူးဆန်းသော သတ္တဝါများ၏ အာရုံကို ဆွဲဆောင်မိသွားနိုင်ချေ ပို၍ မြင့်မားလာနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။

မည်သည့်ထူးဆန်းသော သတ္တဝါများဆိုသည်ကိုမူ ပင်လယ်မှတ်တမ်းထဲတွင် ဖော်ပြမထားပေ။ သို့သော်လည်း ပင်လယ်ပြင်သို့ ထွက်သည့် ပထမဆုံးည၌ သူသည် မကျင့်ကြံပေ။ သူ၏စိတ်အာရုံများက မှော်လှေ၏အပြင်ဘက်တွင် ရှိနေပြီး မည်သည့်လှုပ်ရှားမှုကိုမဆို သတိကြီးကြီးထား၍ စောင့်ကြည့်နေသည်။

ပင်လယ်မှတ်တမ်းထဲ ဖော်ပြချက်အရ ညအခါ ပင်လယ်ပြင်၏ အန္တရာယ်အဆင့်သည် နေ့အချိန်ထက် အဆများစွာ မြင့်မားသည်။

ပင်လယ်ပြင်၌ အရာအားလုံး ဖြစ်ပျက်သွားနိုင်သည်။

တားမြစ်ပင်လယ်က ကျယ်ပြန့်ပြီး အန္တရာယ်များ နေရာတိုင်းတွင် ရှိနေပါသော်လည်း အများအားဖြင့် ကံအပေါ် မူတည်ကြောင်းကိုလည်း ပင်လယ်မှတ်တမ်းထဲတွင် ဖော်ပြထားသည်။ လူတချို့က ကံဆိုးပြီး ပင်လယ်ပြင်သို့ ပထမဆုံးနေ့မှာပင် သေသွားကြရသည်။ လူတချို့ကတော့ ကံကောင်းထောက်မ၍ ပင်လယ်ပြင်ထဲ လအနည်းငယ် ကြာမြင့်သွားခဲ့သည့်တိုင်အောင် ဘေးကင်းသွားခဲ့သည်။

ရွှီချင်း၏ ကံက မဆိုးပေ။ ပထမည၌ ရေလှိုင်းသံများနှင့် ပင်လယ်လေပြေ တရွှီရွှီတိုက်ခတ်နေသံများမှလွဲ၍ ထူးခြားသောအရာတစ်ခုမျှ ဖြစ်မလာခဲ့ပေ။

မိုးသောက်ယံရောက်သောအခါ မျက်လုံးများကို မှိတ်၍ စိတ်ကိုအနားပေးရန် ပြင်လိုက်သည်။ ထိုအချိန်၌ မီးတောက်ပေါက်ကွဲသွားသည့်အလား သူ့စိတ်ထဲ ပြင်းထန်သော အန္တရာယ်သတိပေးချက်တစ်ခု မြည်ဟည်းလာသည်။

သူ၏ခန္ဓာကိုယ် ဆတ်ခနဲ တောင့်တင်းသွားပြီး မျက်လုံးများ ပွင့်လာသည်။ မှော်လှေ၏အကာအကွယ်ကို အဆုံးစွန်အထိ သူ ချက်ချင်း အသက်သွင်းလိုက်သည်။

သူ၏မျက်လုံးများ ပွင့်လာသည်နှင့် လှေအောက်ရှိ တားမြစ်ပင်လယ်ဝေလနဂါး၏ မျက်လုံးများလည်း ပွင့်လာသည်။

တားမြစ်ပင်လယ်ဝေလနဂါး၏ မျက်လုံးများသည် ရွှီချင်းအာရုံများ၏ အခွဲတစ်ခုဖြစ်သည်။ ၎င်း မျက်လုံးများဖွင့်လိုက်သည်နှင့် မည်းနက်နေသော ပင်လယ်အောက်တွင် ဘာမှမမြင်ရပါသော်လည်း သွားကြိတ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

ဂျစ်၊ ဂျစ်၊ ဂျစ်

ထိုအသံ လွင့်ပျံလာသည်နှင့် ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။ ယခင်က တားမြစ်နယ်မြေတောအုပ်ထဲတွင် သီချင်းသံကို ကြားခဲ့ရစဉ်အချိန်ကနှင့် ဆင်တူသည်။ ပင်လယ်၏အနက်ရှိုင်းဆုံးနေရာမှ အေးစိမ့်စိမ့်အငွေ့အသတစ်ခုက ပင်လယ်ရေပြင်ပေါ် လွင့်ပျံလာဟန်တူသည်။

ထိုမြင်ကွင်းကြောင့် ရွှီချင်း၏တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး မှော်လှေကလေးကို အကာအကွယ်ပုံစံ ပြောင်းလိုက်သည်။

ဝေလနဂါး၏အကြည့်ဖြင့် အဝေးတစ်နေရာရှိ မည်းနက်နေသော ပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမလူသားတစ်ယောက်ကဲ့သို့ သတ္တဝါတစ်ကောင်ရှိနေသည်ကို သူ မြင်လိုက်ရသည်။

ထိုသတ္တဝါ၏တစ်ကိုယ်လုံးကို အဆက်မပြတ် ရွေ့လျားနေသည့် ခြေလက်များဖြင့် ဖုံးလွှမ်းထားသည်။ ၎င်း၏ကျောပေါ်တွင် အဝေးထိ ဆွဲဆန့်ထားသော သံကြိုးရှည်ကြီးတစ်ချောင်းရှိသည်။ ထိုသံကြိုးရှည်ကြီး၏ အဆုံး၌ ကြေးရောင်နဂါးလှည်းတစ်စီးရှိနေသည်ကို ဝိုးတဝါးမြင်နိုင်သည်။

ထိုနဂါးလှည်းက ဟောင်းနွမ်းနေပြီး ပြာလဲ့လဲ့အရောင်အဆင်းရှိသည်။ သို့သော်လည်း ထိုခပ်မြင့်မြင့်နဂါးလှည်းကြီးက ထူးခြားပြီး ခံ့ညားထည်ဝါသော ကနုတ်ပန်းများ ရှိနေကာ ဧကရာဇ်တစ်ပါးကဲ့သို့ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ထိုအချိန်၌ ဧရာမလူ့ဘီလူးကြီးက ကြေးနဂါးလှည်းကြီးကို ဆွဲ၍ ပင်လယ်ရေအောက်ခြေတစ်လျှောက် သွားနေသည်။ သူ ခြေလှမ်း လှမ်းလိုက်တိုင်း ပင်လယ်တွင် လှိုင်းထန်သွားသည်။

၎င်းက ဖြတ်သန်းသွားရုံသာ ဖြစ်ပုံရသည်။ ယင်းအပြင် ၎င်းက ရွှီချင်းနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိသည်ဖြစ်၍ ရွှီချင်းမှာ ဝိုးတိုးဝါးတားသာ မြင်ရသည်။ သို့သော်လည်း ထိုလူ့ဘီးလူးကြီးက အဝေးတွင် ရှိနေသည့်တိုင်အောင် အံကြိတ်သံများကို သူ ကြားနေရဆဲဖြစ်ပြီး သူ့စိတ်ထဲ ကြောက်လန့်နေဆဲဖြစ်ကာ သူ့ခန္ဓာကိုယ်သည်လည်း အလိုလို တုန်ရီနေရသည်။ သူ၏မျက်လုံးများ မှေးသွားပြီး အလွန် သတိထားနေ၏။

ထိုလူသားပုံစံသတ္တဝါကြီး တဖြည်းဖြည်း ဝေးကွာသွားသည့်အခါမှသာ သူ့ရင်ထဲမှ စိုးရိမ်ပူပန်စိတ်များ လွင့်ပါးပျောက်ကွယ်သွားရသည်။

“ အဲဒါ ဘာကြီးလဲ ”

ရွှီချင်း ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အသက်ပြင်းပြင်းရှူကာ အခန်းလေးထဲမှ ထွက်လာသည်။ ထို့နောက် လှေထိပ်ဦးတွင် ရပ်၍ ပင်လယ်ပြင်ကို သူ ငေးကြည့်လိုက်သည်။

ဝေလနဂါး၏အမြင်အာရုံထဲတွင် ပင်လယ်အောက်ခြေရှိ ဧရာမလူရိပ်ကြီး ထွက်ခွာသွားပြီဖြစ်၍ ဝိုးတဝါးမြင်ကွင်းသာ ရှိတော့သည်။

ထိုအချိန်၌ ကောင်းကင်နှင့်မြေပြင်အကြားရှိ အမှောင်ထုသည်လည်း တဖြည်းဖြည်း လွင့်ပါးသွားပြီး ကောင်းကင်ယံမှ အလင်းဖျော့ဖျော့ ဖြာကျလာသည်။

မည်းနက်နေသော ပင်လယ်ရေပြင်ကို မီးပွားလေးတစ်ခု ထွန်းညှိလိုက်သည့်အလားပင်။ မိုးသားတိမ်စိုင်များသည်လည်း ဝေဟင်တွင် ဆက်လက်လွင့်ပျံနေ၏။

နောက်ဆုံး၌ ကောင်းကင်ကြီးတစ်ခုလုံး အနီရောင်ယှက်သန်းလာသည်။

ရောင်နီလာချိန် ရောက်လေပြီ။

ဘာသာပြန်သူမှတ်စု။ နောက်ဆုံးတော့ ပင်လယ်ထဲကို ရွှီချင်း ရောက်သွားပါပြီ။ အားလုံးပဲ သာယာပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေ…

All Chapters