← Chapters

မြေအောက်နတ်ဆိုးများ၏အတွေးစိတ်ကူး

Vol. 20 Ch. 280

မြေအောက်နတ်ဆိုးများ၏အတွေးစိတ်ကူး

Vol. 20 Ch. 280

အခန်း (၂၈၀) မြေအောက်နတ်ဆိုးများ၏အတွေးစိတ်ကူး

ရေကန်များ ၊ တောအုပ်များနှင့် ကျောက်ဂူများ။

ထိုနေရာများတွင် မြေအောက်နတ်ဆိုးများနေထိုင်တတ်သည်ဆိုလေရာ အဘယ်မှာ အန္တရယ်ကင်းနိုင်ပါမည်နည်း။

မြက်ခင်းလွင်ပြင်များနှင့် ပန်းဥယျာဉ်များသည်သာ အန္တရယ်ကင်းသည့်နေရာများ ဖြစ်နိုင်ပေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးနောက် ကျန်းလန်က အနီးအနားရှိ စိမ့်စမ်းရေကန်တစ်ခုရှိရာသို့ ထွက်ခွာလာခဲ့သည်။ ဤနေရာတွင် မည်သည့်နတ်ဆိုးမှ မရှိနိုင်ပေ။

ယနေ့ မည်သည့်နတ်ဆိုးကိုမှ မသတ်နိုင်လျှင်လည်း နောက်နေ့တွင် အခြားနေရာသို့သွားရောက်ကာ နည်းနည်းပါးပါး ရှာဖွေရမည်ဖြစ်သည်။

ကျူးကျော်သူများကို တိုက်ခိုက်ခြင်းက ရေတိုတိုက်ပွဲမဟုတ်ပေ။

သူရောက်ရှိလာသည့် စိမ့်စမ်းရေကန်က ခွန်လွန်တောင်နှင့် ဝေးလွန်းခြင်းမရှိသဖြင့် အန္တရယ်ကင်းလေသည်။ ယနေ့ မည်သည့်နတ်ဆိုးမှ ရှာမတွေ့လျှင်တော့ သူ လက်ဗလာဖြင့် ပြန်သွားရမည် စြဖ်သည်။

သို့ရာတွင် ကျူးကျော်သူများကို တိုက်ခိုက်ရန် ခွန်လွန်တောင်မှ တပည့်များစွာ ပါဝင်ကြသည်ဖြစ်ရာ ယနေ့တွင် ကျန်းလန်က တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသေးပေ။

ဤနေရာတွင် တစ်ရက်ခန့် အေးအေးဆေးဆေး အနားယူရန် ဆုံးဖြတ်လိုက်သည်။

ရှုခင်းများကလည်း အလွန်လှပလေရာ နောက်တစ်ကြိမ်ဆိုလျှင် ရှောင်ယွိကိုပင် ခေါ်လာရန် စဉ်းစားလိုက်၏။

စိမ့်စမ်းရေကန်အစွန်းတစ်ဖက်တွင် ကျန်းလန် မတ်တတ်ရပ်နေလေသည်။

အနီးပတ်ဝန်းကျင်တွင် လူသူမရှိသလို ၊ သစ်ပင်များကလည်း ကျဲပါးသည်။ နေရာက ကျယ်ပြန့်ခြင်းမရှိသဖြင့် ရှုခင်မျှော်ခင်းတစ်ခုလုံးကို တွေ့မြင်နိုင်သည်။

ပတ်ဝန်းကျင်က သာယာသည်ထင်ရသော်လည်း အနည်းငယ်တော့ ကြမ်းတမ်းသည်။ ဤသို့သော နေရာများတွင် မြေအောက်နတ်ဆိုးများ နေထိုင်ကြမည် မဟုတ်ပေ။

"ဝှစ်"

ကြီးမားသည့် သစ်ပင်ကြီးတစ်ပင်ထက်သို့ ကျန်းလန် ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာလိုက်သည်။

တောင်နှင့်မြစ်ရေ သဘာဝလောကကြီး၏ အခြေအနေကို သတိပြုလေ့လာခြင်းက ကျင့်ကြံခြင်းကို အနည်းနှင့်အများ အထောက်အကူ ဖြစ်စေသည်။ တစ်ခါတစ်ရံ ဤသို့သောအရာများမှ ဉာဏ်အလင်းပွင့်ခြင်းကို ဖြစ်ပေါ်စေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် အနီးအနားတွင် မြေအောက်နတ်ဆိုး ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူက မရှိမှုအာကာသ ၊ ကနဦးအဆင့် ဖြစ်၏။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

ရန်သူတစ်ယောက်လောက်နှင့် ရင်ဆိုင်ရခြင်းကလည်း ကောင်းသည့်ကိစ္စပင်။

ထိုသူကိုတိုက်ခိုက်ရန် ကျန်းလန် သစ်ပင်ထက်မှ ခုန်ဆင်းလိုက်ပြီး မြေပြင်ထက်ခြေချလိုက်မိသည်နှင့် မနီးမဝေးတစ်နေရာတွင် နောက်ထပ် မြေအောက်နတ်ဆိုးတစ်ယောက်ကို ထပ်မံတွေ့ရှိလိုက်ရသည်။

မရှိမှုအာကာသ ၊ အလယ်ဆင့်။

စုစုပေါင်း နတ်ဆိုး (၂)ယောက် ဖြစ်သည်။

ကျန်းလန်အနေဖြင့် သူတို့ကို တိုကခိုက်နိုင်စွမ်း ရှိသည်။ ဤ (၂)ယောက်ကို သတ်ဖြတ်ပြီးလျှင် တောင်ပေါ်မပြန်ခင် နောက်ထပ် (၂)ယောက်လောက်ကိုပင်  ရှာဖွေသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့ဆိုလျှင် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။

သို့သော် မကြာမီ မရှိမှုအာကာသ ၊ ကနဦးအဆင့် နတ်ဆိုးတစ်ယောက် ထပ်ရောက်လာပြန်၏။

စုစုပေါင်း နတ်ဆိုး (၃)ယောက်။

သို့ဆိုလျှင်လည်း ကျန်းလန် တိုက်ခိုက်နိုင်သေးသည်။

မရှိမှုအာကာသ ၊ ကနဦးအဆင့် နတ်ဆိုးကျင့်ကြံသူ (၂)ယောက်ကို သတ်ဖြတ်ရန်မှာ ပြဿနာ မရှိလှပေ။ သူ့အတွက်လည်း ရလဒ်က အတော်လေး ကောင်းမည် ဖြစ်သည်။

သို့သော် ရန်သူကိုသတ်ဖြတ်ပြီးမှ မှတ်တမ်းတင် မှော်ဝင်ပစ္စည်းတွင် စာရင်းတင်သွင်းသင့်သလား စဉ်းစားရမည် ဖြစ်သည်။

ကျန်းလန်က ဆက်ခံသူတပည့် ကိုင်ဆောင်ရသည့် ဓားကို ဆွဲထုတ်လိုက်သည်။

ဤနတ်ဆိုးများဖြင့် ဓားသိုင်းလေ့ကျင့်ရမည် ဖြစ်သည်။

နွားရိုင်းကိုးကောင်စွမ်းအားပြီးလျှင် သူအကျွမ်းကျင်ဆုံးပညာမှာ ဓားသိုင်းဖြစ်၏။ ထို့ပြင် သူ၏ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားသည်လည်း မဆိုးလှပေ။

သို့ရာတွင် ကျင့်ကြံသူအများစုက ဓားသိုင်းကိုပင် သုံးလေ့ရှိရာ ကျန်းလန်သည်လည်း ဓားသိုင်းကိုသာ ဦးစားပေး အာရုံစိုက်ခဲ့သည်။

သို့သော်…

ကျန်းလန် ဓားကွက်မထုတ်ခင်မှာပင် စတုတ္ထမြောက်နတ်ဆိုးနှင့် ပဉ္စမမြောက်နတ်ဆိုး ထွက်ပေါ်လာပြန်၏။ မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ယခုအချိန်တွင် သူ ထွက်ပြေးမည်ဆိုလျှင် မျောက်ဝံဝိညာဉ်မန္တန်ကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်နိုင်သေးသည်။ သူက ခွန်လွန်တောင်လမ်း အနီးအပါးတွင် ရှိနေခြင်း ဖြစ်လေရာ နတ်ဆိုးများ သူ့နောက်သို့ လိုက်လာရဲကြမည် မဟုတ်ပေ။

ကျန်းလန် ဓားကိုအသာပြန်ချလိုက်ပြီး ထွက်ပြေးလွတ်မြောက်ရန်သာ စဉ်းစားလိုက်သည်။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့်ဖြစ်သော်လည်း ဤရန်သူ (၅)ယောက်ကို တစ်ပြိုင်တည်း သတ်ဖြတ်ပစ်ရန်မှာ ခက်ခဲလေသည်။

မကြာမီ ခြောက်ယောက်မြောက်နတ်ဆိုးပေါ်ထွက်လာပြန်၏။

ကျန်းလန် : "…"

ထို့နောက်…

ခုနစ်ယောက်မြောက် ၊ ရှစ်ယောက်မြောက် ၊ ကိုးယောက်မြောက်…

နောက်ဆုံး စုစုပေါင်း နတ်ဆိုး (၃၆)ယောက် ကျန်းလန်ကို ဝိုင်းရံထားလိုက်ကြသည်။

သူ့အနေဖြင့် ဤစိမ့်စမ်းနယ်မြေမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းလားဟု ကျန်းလန် သိချင်သွားသည်။ အဘယ့်ကြောင့် ဤနေရာသို့ နတ်ဆိုးအများကြီး ရောက်ရှိလာရပါသနည်း။

"အံ့အားသင့်သွားလား"

မရှိမှုအာကာသအဆင့် အောင်မြင်ထားသူတစ်ယောက်က ရှေ့သို့ထွက်လာပြီး ကျန်းလန်ကို မေးလိုက်သည်။

ရန်သူအုပ်စုတွင် တန်ခိုးစွမ်းအားအနည်းဆုံးမှာ မူလဝိညာဉ် ၊ အလယ်ဆင့် ကျင့်ကြံသူ ဖြစ်၏။ သို့သော် ဤ (၃၆) ယောက်အုပ်စုသည် အတော်လေး စွမ်းအားမြင့်မားသည်ဟု ဆိုနိုင်သည်။

တိုက်ပွဲအနိုင်ရချင်သောကြောင့် ဤမျှလူအများကြီး ရောက်လာသည်လား။

သို့မဟုတ်…

နတ်ဆိုးမျိုးနွယ်များတွင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် မရှိမှုအာကာသအဆင့် ကျင့်ကြံသူများက အခြားသူများနှင့်ယှဉ်လျှင် ပိုမိုများစွာ ရှိနေသည်လား။

ဒုတိယအချက်က ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ကျန်းလန်က ရှေ့ထွက်လာသူကို တစ်ချက်အကဲခတ်လိုက်သည်။

ထိုသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး မျက်နှာက ပြုံးလျှက် ရှိသည်။ ထိုသူ၏ အမည်က ယင်းလု ဖြစ်၏။

"ကျုပ်တို့လူတွေ ဘာလို့ အများကြီး ရောက်လာရလဲ သိလား"

ယင်းလုက ကျန်းလန်ကို ကြည့်ပြီး မေးလိုက်သည်။

ကျန်းလန် ထိုမေးခွန်းကို မဖြေနိုင်သောကြောင့် ခေါင်းသာ ခါယမ်းပြလိုက်သည်။ သူ တကယ်လည်း အဖြေကို သိရှိခြင်း မရှိပေ။

သို့သော် သူက တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ယင်းလုက ပြုံးလိုက်ရင်း…

"ဘာလို့လဲဆိုတော့ ကျုပ်တို့က မြေအောက်နတ်ဆိုးမျိုးနွယ်တွေ ဖြစ်နေလို့ပဲ"

"နတ်ဆိုးမျိုးနွယ်တွေက မြေအောက်ဂူလိုနေရာမျိုးတွေမှာ နေတတ်ကြတာဆို"

ကျန်းလန်က လွှတ်ခနဲ ရေရွတ်လိုက်သည်။

ဂိုဏ်းတူအစ်ကို ကျိကျန် သူ့ကို ဤသို့ပင် ပြောသွားခဲ့သည် မဟုတ်လား။ ပုံမှန်ဆိုလျှင် အမှားအယွင်း မရှိနိုင်ပေ။

"ဟား ဟား ဟား…"

ကျန်းလန်၏ ရေရွတ်သံကိုကြားသည်နှင့် ယင်းလုက အော်ဟစ်ရယ်မောလိုက်သည်။

အခြားသူများကလည်း ဝိုင်းဝန်းရယ်မောလိုက်ကြ၏။

ယင်းလုက…

"အမှန်ပဲ ၊ ကျုပ်တို့ မြေအောက်နတ်ဆိုးတွေက မှောင်မိုက်တဲ့ မြေအောက်ဂူတွေကို သဘောကျတယ် ၊ အဲဒါတွေက အန္တရယ်ကင်းပြီး ပုန်းအောင်းလို့ ကောင်းတယ်လေ ၊ ဒါပေမဲ့ မင်း သိတဲ့အတိုင်းပဲ ၊ အခု ခွန်လွန်တပည့်တွေအများကြီးက အဲဒီလိုနေရာတွေကိုသွားပြီး ကျုပ်တို့ကို သတ်ဖြတ်ဖို့ ရှာဖွေနေကြပြီ"

"ကျုပ်တို့က အဲဒီမှာနေပြီး လာသတ်တာကို စောင့်နေရမှာလား ၊ ဒါကြောင့် ကျုပ်တို့ ခွန်လွန်တောင်နဲ့ နီးတဲ့နေရာကို ရွေးခြယ်ပြီး ကျုပ်တို့တွေ ပုန်းနေမယ်လို့ ထင်မထားတဲ့နေရာမှာ လာပြီး ပုန်းအောင်းနေကြတာကွ ၊ မင်းတို့လို တစ်ယောက်တည်းခွဲထွက်နေတဲ့တပည့်တွေကိုလည်း သုတ်သင်ပစ်လို့ရတာပေါ့ကွာ"

ထိုသူက ပြောပြီးသည်နှင့် ကျန်းလန်ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

ကျန်းလန် : "……"

သူ ဒီလူတွေကို လျှော့တွက်ခဲ့မိသည်ပဲ။

သူ တောင်ပေါ်ပြန်ရောက်သည့်အခါ သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။

ယင်းလုက…

"ကျုပ်တို့က မြေအောက်ဂူတွေထဲမှာ နေတတ်တယ်ဆိုတာသိရဲ့နဲ့ မင်းက ဘယ်လိုဖြစ်လို့ ဒီနေရာရောက်လာရတာလဲ"

ထို့နောက် သူက စေတနာထားဟန်ဖြင့် စကားဆက်ပြောသည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့က ရက်စက်တတ်တဲ့သူတွေဆိုပေမယ့် မင်းကိုတော့ မခံစားရဘဲ အသက်ထွက်အောင် လုပ်ပေးပါ့မယ်ကွာ"

ကျန်းလန်က သူတို့ကိုကြည့်ပြီး တည်ငြိမ်စွာပင် စကားဆိုသည်။

"ဒီနေရာက အန္တရယ်ကင်းမယ်ထင်လို့ ကျုပ် ရောက်လာရတာပါ ၊ ဒီနေရာမှာ မြေအောက်နတ်ဆိုးတွေ ရှိမနေသင့်ဘူးလေ"

သူက အမှန်အတိုင်းပြောခြင်း ဖြစ်သည်။

ဤနေရာတွင် နတ်ဆိုးများရှိလျှင်လည်း တစ်ယောက် နှစ်ယောက်မျှသာ ရှိမည်ဟု ထင်ခဲ့မိသည်။ ဒီလောက်အများကြီးရှိနေမည်ဟု မည်သူ သိနိုင်ပါမည်နည်း။

သို့ပေသိ ယခုမှတော့ ထွက်ပြေး၍ မဖြစ်နိုင်တော့ပေ။ ထို့ပြင် ယခုတိုက်ပွဲကို သူ၏ အောင်မြင်မှုမှတ်တမ်းအဖြစ် ကျောက်စာတိုင်တွင်လည်း မှတ်တမ်းတင်နိုင်မည် မဟုတ်တော့ပေ။

ယင်းလုက ပြုံးလိုက်ရင်း…

"ဒါတော့ ကံပဲကွာ ၊ ကဲ ခပ်သွက်သွက်လေးသွားလိုက်ကြရအောင် ၊ ကျုပ်က မရှိမှုအာကာသအဆင့် အောင်မြင်ထားတဲ့ တန်ခိုးစွမ်းအားနဲ့ မင်းကို တစ်ချက်တည်း သတ်ပေးမယ်"

ကျန်းလန်က ထိုသူကို ကြည့်လိုက်သည်။

သူတွေ့ဖူးသမျှ ရန်သူများထဲတွင် ဤသူက ခင်မင်စရာအကောင်းဆုံးပင်။

ကျန်းလန်က ယင်းလုကိုကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်…

"ဒီလိုဖြစ်လာပြီဆိုမှာတော့ ကျုပ်ကလည်း အစစ်အမှန်အင်မော်တယ် ၊ အောင်မြင်ထားတဲ့အဆင့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး နွားရိုင်းကိုးကောင်စွမ်းအားနဲ့ မင်းတို့ကို သေလမ်းပို့ရတော့မှာပေါ့ကွာ"

ကျန်းလန်၏လေသံက ခံစားချက်ကင်းမဲ့လျှက် ရှိသည်။

ယင်းလုက ကျန်းလန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး…

"ဟ… အစစ်အမှန်အင်မော်တယ် အောင်မြင်ထားတဲ့အဆင့် ဟုတ်လား ၊ အစစ်… အစစ်အမှန်အင်တော်တယ် ဟုတ်လား"

ထို့နောက် သူ့မျက်ဝန်းထဲမှ မြင်ကွင်းက အေးခဲသွားသည်။

နာကျင်မှုကို လုံးဝမခံစားလိုက်ရသလို သူ သေဆုံးသွားပြီကိုပင် ယင်းလု မသိခဲ့တော့ပေ။

စိမ့်စမ်းရေကန်ငယ်အထက် ၊ ကောင်းကင်ပြင်တွင် သွေးမှုံများ လွင့်ပြန်သွားပြီး သွေးစများက ရေထဲသို့ ကျဆင်းသွားသည်။

အော်ဟစ်သံတစ်ချက်ပင် မကြားရသလို တိုက်ပွဲဖြစ်ပွားသည့်သင်္ကေတစ်ခုမှ မရှိခဲ့ပေ။ သို့သော် ကပ်ဘေးကြီးတစ်ခု၏ ဖြစ်ပေါ်ခဲ့သည့် အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

အေးချမ်းသည့် စိမ့်စမ်းလေးနံဘေးတွင် ခြေသံသဲ့သဲ့ ကြားရလေသည်။

"ရှပ်… ရှပ်"

ခြေသံက ဖြည်းဖြည်းမှန်မှန်ပင် ဖြစ်ပြီး တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားတော့သည်။

***

ချင်းချန်မြို့အပြင်ဘက် ၊ ကျောက်စိမ်းစမ်းချောင်းတောင်။

ကျောက်ဂူတစ်ခုထဲတွင် လူ (၃)ယောက် ရှိနေလေသည်။

"အဲဒါမျိုး ထပ်ဖြစ်ပြန်ပြီ"

သက်လတ်ပိုင်းလူရွယ်တစ်ယောက်က စားပွဲထက်တွင်တင်ထားသည့် သဲဘုတ်ပြားတစ်ခုကို ကြည့်ရင်း ပြောလိုက်သည်။

သဲဘုတ်ပြားထက်တွင် လူတစ်စု ပုံသဏ္ဌန်ရှိနေပြီး ထိုသူများမှာ ချက်ချင်းပင် သဲမှုံများအဖြစ် ပြောင်းလဲသွားကြသည်။ ထိုသူများ သေဆုံးသွားပြီဟု သိနိုင်လေသည်။

လူရွယ်က သူ့နံဘေးမှ လူငယ်ကို ကြည့်လိုက်၏။

လူငယ်က အလွန်တည်ငြိမ်လှပြီး သူ့ပုံစံက လောကကြီးတစ်ခုလုံးနှင့် ကင်းကွာနေသည့်အလား ဖြစ်လေသည်။ ထို လူငယ်၏ အမည်က မြောက်နျန် ဖြစ်သည်။

မြောက်နျန်က မျက်မှောင်ကြုတ်ရင်း တိုးလျသည့်လေသံဖြင့်…

"ဒီလို အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲကို ဘာမှ ခံစားနေစရာ မလိုပါဘူး ၊ ဒါပေမဲ့…"

သူက ပတ်ဝန်းကျင်ကို တစ်ချက်အာရုံခံလိုက်ရင်း စကားဆက်ပြောသည်။

"ကျုပ်တို့ ခွန်လွန်တောင်နဲ့ နီးကပ်လာလေ ခံစားချက်က ထူးဆန်းလာလေပဲ ၊ ကြည့်ရတာ ကျုပ်တို့ မျိုးနွယ်တွေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရတော့မယ် ထင်တယ်"

တတိယမြောက်လူက…

"ဒါဖြင့် ကျုပ်တို့ ခွန်လွန်တောင်နဲ့ ပိုပြီးနီးတဲ့နေရာကို သွားသင့်သလား"

သူက ဆက်ပြောသည်။

"ကျုပ်မှတ်မိတာတော့ ခွန်လွန်တောင်မှာ ကောင်းကင်လှေကားအဆုံးထိတက်နိုင်တဲ့ လူတစ်ယောက်ရှိတယ် မဟုတ်လား ၊ ဒီတစ်ခါတော့ ကျုပ်တို့ သူ့ကို ရှင်းပစ်နိုင်မယ် ထင်ရတာပဲ"

"ကျုပ်ကြားတာတော့ နတ်မိစ္ဆာတွေက ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာကြတယ်လို့ ပြောတယ် ၊ ကျုပ်တို့တွေ ပူးပေါင်းလို့ရနိုင်မယ်ထင်တယ် ၊ ပြီးတော့ နဂါးမျိုးနွယ်တွေလည်း ခွန်လွန်တောင်မှာ ရောက်နေကြတယ် ၊ အားလုံးက ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြမှာပဲ"

ထိုသူ၏ အသံက အေးစက်လျှက် ရှိသည်။

မြောက်နျန်က သဲဘုတ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး…

"အင်း… အဲဒီလူက ခွန်လွန်တောင်ရဲ့ နဝမတောင်ထွတ်က ကျန်းလန်လေ ၊ သူက သိပ်တော့ မရိုးရှင်းလှဘူး ၊ နောက်ဆုံးမှာတော့ ကျုပ်တို့တွေ သူ့ကို သတ်ပစ်ရမှာပါပဲ ၊ သူ့ကိုသတ်ဖို့အတွက် စတေးရတဲ့အရာတွေတောင် ရှိကောင်းရှိလာနိုင်တယ် ၊ ဒါပေမဲ့ အခုချိန်မှာတော့ သူ့ကို လျစ်လျူရှုထားရဦးမယ်"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"ဒီ ထူးဆန်းတဲ့ခံစားချက် ဘာလို့ဖြစ်လာလဲဆိုတာ အရင်ဆုံးသိရအောင် ကြိုးစားရမယ် ၊ ခွန်လွန်တောင်အနားကို ချဉ်းကပ်ဖို့ ကျုပ်တို့တွေ နည်းလမ်းရှာရမယ် ၊ ကျုပ်တို့ကိုယ်ကျုပ်တို့ အရူးလုပ်မိတာဆိုရင်တော့ အသက်ဆုံးရလောက်တဲ့အန္တရယ်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

All Chapters