← Chapters

အခန်း (၇၅၆-၇၅၇)

Vol. 45 Ch. 756-757

အခန်း (၇၅၆-၇၅၇)

Vol. 45 Ch. 756-757

Chapter 756

ကောင်းကင်အမိုးခုံးအဆင့် ၃

“လင်းရှန်... အာရုဏ်ဦးမြို့တော်ဘက်မှာ တစ်ခုခုဖြစ်နေတာများလား’’

ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်လိုက်သော်လည်း လင်းရှန်က ခေါင်းခါပြပြီး သူ၏ မျက်နှာအမူယာမှာ ပို၍ လေးနက်လာသည်။

“တစ်ခုခုဖြစ်ရုံနဲ့ ကျင်းဟိုင်စက်မှုအခြေစိုက်စခန်းကို အာရုဏ်ဦးမြို့တော်က စွန့်ပစ်တာမဖြစ်နိုင်ဘူး။ အခု ငါတကယ် စိတ်ပူနေတာက...’’

“ဘာကို စိတ်ပူတာလဲ’’

“အာရုဏ်ဦးမြို့တော်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမှာကို မင်းစိုးရိမ်နေတာလား’’

ရှင်းဂျီက လှမ်းကြည့်လိုက်သည်၊၊

“ဒါက တကယ်တော့ သိပ်ယုတ္တိမရှိသလိုပဲ’’

ကျင်းဟိုင်သို့ လာရသည့် ရည်ရွယ်ချက်မှာ လူအများရှေ့ ထွက်ပြပြီး အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနှင့် ပူးပေါင်းကာ သူတို့ကိုတိုက်ခိုက်ခြင်းမှ ဟန့်တားရန်ဖြစ်သည်။ သို့သော် ယခု ကျင်းဟိုင်မြို့တစ်ခုလုံး ဆုတ်ခွာသွားသဖြင့် လင်းရှန်၏ အမြင်တွင် အာရုဏ်ဦးမြို့တော်သည် အကြီးစားလှုပ်ရှားမှုတစ်ခုအတွက် ပြင်ဆင်နေသည်ဟု တွေးမိခြင်းမှာ သဘာဝကျပေသည်။

“အတော်ယုတ္တိမရှိဘူး၊၊ ဘယ်လိုပဲတွေးတွေး မဖြစ်သင့်ဘူး’’

“ကျွန်တော်တို့ကို တိုက်ဖို့အတွက် ကျင်းဟိုင်ကို စွန့်ပစ်တာကတော့ နားမလည်နိုင်စရာပဲ’’

ရွှန်းက ပခုံးတွန့်လိုက်ကာ “ဒါမှမဟုတ် ကျွန်တော်တို့ပဲ အများကြီးတွေးနေတာလား၊၊ တခြား... အကြောင်းရင်းတစ်ခုခုရှိနေမလား’’

ဂျစ် ဂျစ်

“သတင်းပို့ပါတယ်၊၊ ဆက်သွယ်ရေးဝင်လာပါတယ်’’

“ချိတ်ဆက်လိုက်’’

ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လင်းရှန်နှင့် အခြားသူများ၏ အံ့အားသင့်နေသော မျက်နှာများကြားတွင် ကျန်းရှု့ဝေ၏ အသံ ပေါ်လာသည်။

“လင်းရှန်၊၊ မတွေ့ရတာကြာပြီနော်’’

လင်းရှန်၏ မျက်ခွံများ လှုပ်ရှားသွားသည်၊၊

“ငါတို့ ဒီနေ့ပဲ တွေ့ခဲ့ကြတာ မဟုတ်ဘူးလား’’

“ကျွန်မဆီက သတင်းစကားကို ရှင်ရတယ်မလား’’

“ဟုတ်တယ်’’

“ကျေးဇူးပဲ၊၊ ဒါနဲ့ ရှင်းဂျီ… ကျွန်မဘက်က ပြဿနာတွေ ဖြေရှင်းပြီးသွားပြီ၊၊ အခု ဂြိုဟ်ပတ်ရထားစက်ရုံကို ကျွန်မ သိမ်းလိုက်ပြီ’’

လင်းရှန်က နားထောင်ရင်း ပို၍ ရှုပ်ထွေးလာကာ နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်သည်။

“နေဦး... ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်က ဘာတွေဖြစ်ကုန်တာလဲ’’

အဓိကထိန်းချုပ်ရေးမျှော်စင်၏ အဆင့်မြင့်ရုံးခန်းတွင် ရပ်နေသော ကျန်းရှု့ဝေသည် အီလက်ထရွန်နစ် အဝေးကြည့်မှန်ပြောင်းဖြင့် ကီလိုမီတာဆယ်ဂဏန်းကျော်အကွာ လေပေါ်တွင် ရပ်နားထားသော တိတ်ဆိတ်မြို့တော်ကို ကြည့်လျက် ဆက်သွယ်ရေးစက်ထဲသို့ ပြောလိုက်သည်။

“ရှင်က မီးကို စမွှေးလိုက်ပြီ၊၊ အခုတော့...’’

“အာရုဏ်ဦးမြို့တော်က စတင်လှုပ်ရှားလာပြီ’’

…

အာရုဏ်ဦးမြို့တော်။

ညအမှောင်ထုအောက်တွင် မြို့ထဲ၌ ဆူပူသောင်းကျန်းမှုများ ပေါက်ကွဲထွက်လာသည်။

ကျိုးမင်ယွမ်၏ ရှင်းလင်းချက်ဗီဒီယိုသည် လှုပ်ခတ်နေသော ရေပြင်ထက်သို့ ကျောက်ဆောင်ကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ပင် ရုတ်ချည်း ရိုက်ခတ်သွားပြီး လူဦးရေ ထူထပ်သော အာရုဏ်ဦးမြို့တော်အတွင်း ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားစေခဲ့သည်။ ဖက်ဒရေးရှင်း အဆင့်မြင့်အရာရှိများ၏ သတင်းမှားဖြစ်ကြောင်း ငြင်းဆိုချက်များသည် ထိရောက်မှုမရှိခဲ့သည့်အပြင် ခရိုင်ဟောင်းနှင့် မြို့ပြင်ရပ်ကွက်များရှိ ဆူပူမှုများကို ပိုမိုပြင်းထန်လာစေခဲ့ရာ ဖက်ဒရေးရှင်းအနေဖြင့် အမိန့်အာဏာတည်မြဲစေရန် ညကင်းလှည့်အဖွဲ့နှင့် မြို့တော်ကာကွယ်ရေးတပ်အပါအဝင် သံချပ်ကာတပ်ဖွဲ့များကိုပါ ချထားခဲ့ရသည်။

လမ်းမများပေါ်တွင် မြို့တော်ကာကွယ်ရေးရဲတပ်ဖွဲ့၏ ပျံသန်းရေးကိရိယာများနှင့် ညကင်းလှည့် လက်နက်ကိုင်တပ်ဖွဲ့များသည် မိုးမျှော်တိုက်များကြား အလျှင်အမြန် သွားလာနေကြပြီး ကြီးမားသော လေသင်္ဘောများကလည်း သတင်းမှားဖြစ်ကြောင်း ငြင်းဆိုချက်များကို ထပ်တလဲလဲ ထုတ်လွှင့်နေသည်။

“ဖက်ဒရေးရှင်း သတိပေးချက်။ သတင်းမှားဗီဒီယိုကို ဖြန့်ဝေတာနဲ့ ဆွေးနွေးတာတွေ ရပ်တန့်ကြပါ။ အဲဒီဗီဒီယိုမှာ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ လှုံ့ဆော်သူ ဒါမှမဟုတ် သတင်းဖြန့်သူ ဘယ်သူမဆို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်း၊ အာရုဏ်ဦးမြို့တော်ကနေ နှင်ထုတ်ခြင်း ဒါမှမဟုတ် တခြားပြစ်ဒဏ်တွေ ချမှတ်ခံရမယ်။ ပြင်းထန်တဲ့ အမှုအခင်းတွေကို ဖက်ဒရေးရှင်းဥပဒေအရ ထောင်ဒဏ်ချမှတ်သွားမှာပါ”

“ဗီဒီယိုရဲ့ မိနစ် ၂:၀၃ ကနေ ၂:၅၁ အထိ၊ မိနစ် ၆:၂၂ ကနေ ၉:၃၂ အထိနဲ့ မိနစ် ၁၂:၀၂ ကနေ ၁၆:၃၃ အထိ အပိုင်းတွေဟာ AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေဖြစ်ပြီး အထူးသဖြင့်...”

“ဖက်ဒရေးရှင်း ဒုဥက္ကဋ္ဌ ကျိုးမင်ယွမ်က ပြင်းထန်တဲ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။ မကြာသေးခင်က မသမာတဲ့ ရည်ရွယ်ချက်ရှိသူတွေနဲ့ အဖွဲ့အစည်းတချို့ဟာ တရားမဝင်လမ်းကြောင်းတွေကနေ သတင်းအမှားတွေ ဖြန့်ဝေနေကြတယ်။ အာရုဏ်ဦးမြို့တော်ဟာ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းကြံစည်နေတယ်၊ တာဝန်ပျက်ကွက်တာနဲ့ အဂတိလိုက်စားမှုတွေ ရှိနေတယ်၊၊ ဖင်းဂါးအုပ်စုကို အကျပ်ကိုင်နေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ဖက်ဒရေးရှင်း အစိုးရရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေဖို့နဲ့ အာရုဏ်ဦးမြို့တော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး မသမာတဲ့ နည်းလမ်းနဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်နေကြတာဖြစ်တယ်။ ဒီလုပ်ရပ်တွေဟာ ဥပဒေရဲ့ စံနှုန်းတွေကို ပြင်းထန်စွာ ချိုးဖောက်နေပြီး လူမှုကျင့်ဝတ်တွေကို နင်းခြေကာ ဖက်ဒရေးရှင်းရဲ့ တရားဥပဒေစိုးမိုးရေးကို ဗြောင်ကျကျစိန်ခေါ်နေတာပဲ ဖြစ်တယ်”

သို့သော်လည်း ခရိုင်ရပ်ကွက်အသီးသီးတွင် ခုခံမှုများ၊ ဆန္ဒပြမှုများနှင့် ဆူပူမှုများမှာ မကြာခဏ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ကွန်ရက်စနစ် ပြန်လည်ကောင်းမွန်လာပြီးနောက် အာရုဏ်ဦးမြို့တော်၏ ပြည်တွင်းကွန်ရက်တွင် တိုင်ကြားစာများ၊ ဆွေးနွေးပွဲများ၊ ဗီဒီယိုများနှင့် ဓာတ်ပုံများမှာ ဒေါသတကြီးဖြင့် ပျံ့နှံ့နေလေသည်။ တစ်စုံတစ်ယောက်က နောက်ကွယ်မှ သွေးထိုးပေးနေခြင်းလည်း ဖြစ်နိုင်သော်လည်း ပေါက်ကွဲမှုအများစုမှာ အာရုဏ်ဦးမြို့တော်၏ ဖိနှိပ်ချုပ်ချယ်သော အုပ်ချုပ်မှုအပေါ် ပြည်သူများ၏ မူလမကျေနပ်ချက်များမှ မြစ်ဖျားခံလာခြင်းပင်ဖြစ်သည်။

“အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းရတယ်လို့… မင်းတို့မရှက်ဘူးလား၊၊ လူရော ဟုတ်ရဲ့လား’’

“မထူးဆန်းတော့ပါဘူး၊၊ ဒီလောက် တံတိုင်းကြီးတွေ မြင့်တာတောင် မြို့ထဲမှာ အနီရောင်သတ္တဝါတွေ ပေါ်လာနိုင်တာက သူတို့ပူးပေါင်းနေကြလို့ကိုး’’

“ဥက္ကဋ္ဌချူ၊ နင့်အိမ်ထဲမှာ သရဲရှိနေတာ နင်သိရဲ့လား’’

“အနောက်ဘက် သဲကန္တာရက ကန္တာရဓားပြတွေက လူတွေ အများကြီးကို ပြန်ပေးဆွဲသွားတာတောင် ဘာမှမလုပ်ဘူး၊၊ တစ်ခုခုတော့ မှားနေပြီ’’

“လူတွေ အများကြီးပျောက်ဆုံးကုန်တာကို ဘာလို့ ဘယ်သူမှ ဘာမှမလုပ်တာလဲ’’

“ဒုဥက္ကဋ္ဌရာထူးက ဆင်းပေးရမယ်၊၊ ဖက်ဒရေးရှင်းက ငါတို့ကို ရှင်းပြချက်ပေးရမယ်’’

“ဒုဥက္ကဋ္ဌ ကိုယ်တိုင်ကတောင် အနီရောင်ကမ္ဘာအဖွဲ့ဝင်ဖြစ်နေမှတော့ ဖက်ဒရေးရှင်းက ငါတို့အားလုံးကို တိရစ္ဆာန်တွေလိုပဲ မြင်တာလား’’

“ကျိုးမင်ယွမ်၊၊ မင်းကို ဒါပဲ...’’

…

အချို့က ဆန္ဒပြကြပြီး အချို့က ဆဲဆိုကြသည်။ တစ်ချိန်တည်းမှာပင် အာရုဏ်ဦးမြို့တော်အတွင်းရှိ အလယ်အလတ်နှင့် အကြီးစားအဖွဲ့အစည်းများကြားတွင်လည်း ပြင်းထန်သော ဆွေးနွေးမှုများ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် ဖီးနစ်၏ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ရောက်ရှိလာခြင်းနှင့် လက်ရှိ တွင်းနက် လှုပ်ရှားမှုများကြောင့် လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်။ ညတွင်းချင်းမှာပင် အမြော်အမြင်ရှိသော ယာဉ်တန်းအုပ်စုအချို့သည် မြို့မှထွက်ခွာရန် စတင်စီစဉ်နေကြပြီး အချို့မှာမူ ညတွင်းချင်းပင် ထွက်ခွာသွားကာ ချင်းပိုနှင့် ယုံကျန်းဆိပ်ကမ်းဘက်သို့ ဦးတည်သွားကြသည်။

ထိုစဉ် စစ်ဘက်ဆိုင်ရာ ကင်းလှည့်သင်္ဘောတစ်စင်းသည် နံပါတ် ၁ တံတိုင်းကို ဖြတ်ကျော်ကာ အမွှာကြယ်မျှော်စင် ကြယ်ဆိပ်ကမ်းဘက်သို့ ပျံသန်းသွားသည်။ ထိန်းချုပ်ခန်းတွင် လုထျန်းယဲ့သည် လေးနက်သော မျက်နှာထားဖြင့် ရှိနေသည်။ သူ၏ ထက်မြက်သော ရုပ်ရည်နှင့် အမြဲတမ်း စေ့ပိတ်ထားသော နှုတ်ခမ်းများက သူ့ကို သဘာဝအတိုင်း ခန့်ညားထည်ဝါစေသည်။ စစ်သားဘဝတွင် နှစ်ပေါင်းများစွာ နေလောင်ထားသော သူ၏ အသားအရေနှင့် ညာဘက်ပါးပေါ်ရှိ အမာရွတ်ရှည်ကြီးက သူ့ကို ပို၍ တည်ကြည်စေသည်။ အရပ် ၁.၉ မီတာ မြင့်သော သူသည် နက်ပြာရောင် သံမဏိမုဆိုးဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤအထူးပြုလုပ်ထားသော ဝတ်စုံမှာ တန်ဝက်ကျော် လေးလံပြီး တိုက်ပွဲဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

သူ၏ ဟဲလ်မက်ကို ဘေးတွင်ချထားကာ လုထျန်းယဲ့သည် အောက်ဘက်ရှိ ရှုပ်ထွေးနေသော လမ်းမများကို အေးစက်စွာ ကြည့်လိုက်ပြီး နက်ရှိုင်းသော လေသံဖြင့် မေးလိုက်သည်။

“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ဘယ်မှာ ဆိုက်မှာလဲ’’

“လက်ရှိမှာ မြို့ပြင်ရပ်ကွက်က ဟဲလန် အရပ်မျက်နှာဘက် ၂၀ ကီလိုမီတာအကွာမှာ ရှိနေပါတယ်၊၊ ဖြတ်သန်းခွင့် စောင့်နေတာပါ’’

လက်ထောက်က ကျယ်လောင်စွာ ပြန်ဖြေသည်။

“ဖြတ်သန်းခွင့်ပေးလိုက်၊ A1 ရပ်နားစခန်း၊ ချန်ဖန်းရဲ့ မီကာတပ်ခွဲကို ခေါ်ပြီး အဲဒီမှာစောင့်နေ’’

“ဟုတ်ကဲ့’’

“ဒါဟာ ဖက်ဒရေးရှင်းပြိုလဲပြီးနောက် ဖီးနစ်က အာရုဏ်ဦးမြို့တော်ဆီ ပထမဆုံးအကြိမ် ပြန်လာတာ ဖြစ်လိမ့်မယ်’’

လုထျန်းယဲ့က သူ့ဘေးတွင် ရပ်နေသော နက်ပြာရောင် ယူနီဖောင်းဝတ် အရပ်ရှည်ရှည်နှင့် လူကို လှည့်ကြည့်ကာ ပြောလိုက်သည်၊၊

“ကောင်းကင်အကာကွယ်ထိုးဖောက်ရေးစီမံကိန်းကို ရှေ့ပြေးစီမံကိန်းအဖြစ် ဘာလို့ ပြောင်းလဲလိုက်ရသလဲဆိုတဲ့ အကြောင်းရင်းကို မင်းသိတယ်မလား”

ချူကျန်းသည် ခန့်ညားသော ရုပ်ရည်ရှိပြီး စစ်ဗိုလ်တစ်ယောက်၏ အရှိန်ဝါရှိသော်လည်း ပညာတတ်တစ်ဦး၏ အငွေ့အသက်လည်း ရောယှက်နေသည်။ သူက အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပြီး မြို့ထဲရှိ မြင့်မားသော အဆောက်အအုံများကို ကြည့်ကာ ပြောလိုက်သည်။

“ကျနော် သိပါတယ်’’

လုထျန်းယဲ့က ခေါင်းညိတ်လိုက်သည်၊၊

“မင်းနဲ့ သူနဲ့မတူတာက လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် မင်းမှာ ကိုယ်ပိုင်အမြင်တွေ ရှိနေလို့ပဲ၊၊ ဒါပေမဲ့ သူ့နေရာမှာ ဝင်ကြည့်မယ်ဆိုရင် ရလဒ်ကတော့ အတူတူပဲ ဖြစ်နေမှာပဲ’’

Chapter 757

ရထားစက်ရုံ ၁

“ရလဒ်က အတူတူပဲဆိုတာ ကျနော်သိပါတယ်။ လူသားတွေ အသက်ရှင်ဖို့အတွက်ဆိုရင် ရှေးရိုးစွဲကိုယ်ကျင့်တရားတွေကို စွန့်လွှတ်ပြီး ဘာမဆိုလုပ်ရမှာပဲ’’

“ဒါဆို မင်းက ရှေ့ပြေးစီမံကိန်းကို ဘာလို့ ဒီလောက်ဆန့်ကျင်နေတာလဲ’’

“ကျနော်က ရှေ့ပြေး စီမံကိန်းကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး’’ ချူကျန်းက အေးစက်စွာ လှည့်ထွက်သွားရင်း ပြောလိုက်သည်၊၊

“မျှော်လင့်ချက်တွေကို စောစောစီးစီး သတ်ပစ်တာက ကမ္ဘာပျက်တာထက် ပိုပြီး ရက်စက်တယ်လို့ ကျနော်ထင်လို့ပဲ...’’

“ပိုရက်စက်တယ် ဟုတ်လား’’

ထွက်ခွာသွားသော ချူကျန်း၏ ကျောပြင်ကို ကြည့်ရင်း လုထျန်းယဲ့၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသော်လည်း ဘာမှထပ်မပြောတော့ပေ။

“ဗိုလ်ချုပ်လု’’

အခြားအရာရှိတစ်ဦး ရောက်လာကာ ပြောလိုက်သည်၊၊

“အခုလေးတင် ဒုဥက္ကဋ္ဌကျိုးဆီက အမိန့်ရပါတယ်၊၊ ကမ္ဘာ့ဗဟိုစီမံခန့်ခွဲရေးခန်းမကို လာဖို့ ပြောနေပါတယ်’’

လုထျန်းယဲ့က လက်ကာပြကာ ထိန်းချုပ်ခန်းဆီသို့ တိုက်ရိုက်လျှောက်သွားသည်။ သူ၏ လေးလံသော ဝတ်စုံမှာ သတ္တုကြမ်းပြင်နှင့် ထိခတ်ကာ တချွင်ချွင်မြည်နေပြီး မထီမဲ့မြင်ပြုသော အသံဖြင့် ပြောလိုက်သည်။

“အခု အချိန်မရှိသေးဘူး၊၊ သူ့ကို စောင့်ခိုင်းလိုက်’’

“ဟုတ်ကဲ့’’

…

ကမ္ဘာ့ဗဟိုစီမံခန့်ခွဲရေးခန်းမအတွင်း အစောင့်ထံမှ သတင်းကြောင့် ကျိုးမင်ယွမ် မျက်နှာပျက်သွားသော်လည်း ဘာခံစားချက်ကိုမှ ဖော်ပြခြင်းမရှိဘဲ မေးလိုက်သည်။

“ဖီးနစ်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက မြို့ထဲ ဝင်လာပြီလား’’

“ဟုတ်ကဲ့၊ မြို့ထဲကို ဝင်လာပါပြီ၊ မိနစ်အနည်းငယ်အတွင်း အမွှာကြယ်မျှော်စင် A1 ရပ်နားစခန်းမှာ ဆိုက်ကပ်ပါတော့မယ်’’

အတွင်းရေးမှူးက သတင်းပို့သည်။

“ဥက္ကဋ္ဌချူ ကိုယ်တိုင်သွားကြိုနေတာလား’’

“ဟုတ်ကဲ့၊၊ တခြားသူ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ သွားတာပါ’’

ကျိုးမင်ယွမ်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ဒီည ဧည့်သည်တွေ ရောက်လာတဲ့အပြင် မြို့ထဲမှာလည်း ဒီလိုကိစ္စတွေ ဖြစ်နေတော့ ငါ ထွက်လာဖို့က တကယ်ကို အဆင်မပြေဘူး’’

သူက ပြောရင်းနှင့် မတ်တတ်ရပ်လိုက်သည်၊၊

“ဒါပေမဲ့ မြို့ထဲက ပြဿနာတွေက ငါ့ကို တကယ် စိုးရိမ်စေတယ်။ ရှောင်လီ… လူဦးရေ ထိန်းချုပ်ရေးဗျူရို၊ မြို့စောင့်တပ်မှူး၊ ညကင်းလှည့်အဖွဲ့၊ သတင်းအချက်အလက်ဌာနနဲ့ မစ္စတာကျန်းတို့ကို ချက်ချင်း အကြောင်းကြားလိုက်… မြို့ရဲ့ အခြေအနေကို တည်ငြိမ်အောင် ဆွေးနွေးဖို့ ဒီကိုလာခိုင်းလိုက်’’

“ဟုတ်ကဲ့၊ ဥက္ကဋ္ဌကျိုး’’

အတွင်းရေးမှူး ထွက်သွားပြီးနောက် ကျိုးမင်ယွမ်၏ အကြည့်က ပြောင်းလဲသွားသည်။ သူက ဆက်သွယ်ရေးစက်ကို ချက်ချင်း နှိပ်လိုက်သည်။

“ဝမ်ဟွေ့ကို အခုချက်ချင်း ငါ့ရုံးခန်းထဲ လာခိုင်းလိုက်’’

…

နံနက်ပိုင်း၊ ၂:၁၂ နာရီ။

ဖီးနစ်၏ Constant Star အဆင့် စစ်သင်္ဘော ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောသည် A1 ရပ်နားစခန်းသို့ ဖြည်းဖြည်းချင်း ဆိုက်ကပ်လာသည်။

ချူကျောက်နန်သည် ကြယ်ဆိပ်ကမ်း၏ ဆိုက်ကပ်ပလက်ဖောင်းပေါ်တွင် ရပ်နေသည်။ သူ၏ အနောက်တွင် တပ်စွဲထားသော ဖက်ဒရေးရှင်းစစ်တပ်သည် သံမဏိတောအုပ်ကြီးကဲ့သို့ ရပ်နေကြသည်။ သူတို့၏ အပြင်ဘက်တွင် အခြားမည်သည့်အရာရှိမှ မရှိပေ။ သူသည် စစ်သည်များ၏ အလယ်တွင် တစ်ယောက်တည်း ရပ်နေပြီး နက်မှောင်သော ကြယ်သင်္ဘော၏တံခါး ဖြည်းဖြည်းချင်း ပွင့်လာသည်ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေသည်။

တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ယခင်က လေတိုက်နေသော အမွှာကြယ်မျှော်စင် ကြယ်ဆိပ်ကမ်းမှာ အကြောင်းရင်းမရှိဘဲ တိတ်ဆိတ်သွားပြီး ကြယ်စုံသော ကောင်းကင်သာ ထင်ရှားနေပုံရသည်၊၊ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက တည်ငြိမ်သော ခြေလှမ်းများဖြင့် ထွက်လာသည်။

အသက် ၅၆ နှစ်ရှိပြီ ဖြစ်သော်လည်း သူ၏ ငွေရောင်ဆံပင်များမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကိုယ်လုံးကိုယ်ပေါက်မှာ ပါးလျသော်လည်း ထင်းရှူးပင်ကဲ့သို့ ထောင်မတ်နေဆဲဖြစ်သည်။

သူ၏ မျက်လုံးများမှာ နက်ရှိုင်းကာ တည်ငြိမ်ပြီး ရေတွက်မရနိုင်သော ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းများကို မြင်တွေ့ခဲ့ရသည့် ရှေးဟောင်းကြယ်တာရာများကဲ့သို့ ရှိနေသည်။ သူသည် ထက်မြက်သော အနက်ရောင် သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်မောင်းများတွင် ဖီးနစ်၏ ရွှေရောင်တံဆိပ်ကို ပန်းထိုးထားသည်။ ကိုယ်တိုင်မတွေ့ဖူးပါက ကြင်နာတတ်ပြီး တည်ကြည်သော တက္ကသိုလ်ပါမောက္ခတစ်ဦးကဲ့သို့ ထင်ရသော ဤအမျိုးသမီးသည် ကမ္ဘာပျက်ကပ်အတွင်း ဖီးနစ်၏ ခေါင်းဆောင် ယဲ့လန်ဖြစ်မည်ဟု မည်သူမှ ခန့်မှန်းမိနိုင်မည်မဟုတ်ပေ။

သူသည် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်မှ ဆင်းလာသည်၊၊ သူမနောက်တွင် အနက်ရောင်စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသာ ပါလာပြီး ချူကျောက်နန်၏ သံမဏိစစ်တပ်အလယ်သို့ လျှောက်လှမ်းလာသည်။

ယဲ့လန် အနားသို့ ရောက်လာသည့်အခါ ချူကျောက်နန်၏ အကြည့်က အနည်းငယ် ပြောင်းလဲသွားပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်ကာ လက်ကမ်းပေးလိုက်သည်။

“ဥက္ကဋ္ဌယဲ့၊၊ အော် မဟုတ်သေးဘူး၊၊ ဗိုလ်ချုပ်ယဲ့လို့ ခေါ်ရမှာပေါ့၊ မတွေ့ရတာ ကြာပြီနော်’’

ယဲ့လန်က ခပ်မှိန်မှိန် ပြုံးလိုက်ပြီး သူ့လက်ကို တုံ့ပြန်နှုတ်ဆက်လိုက်သည်၊၊

“မတွေ့ရတာ ကြာပြီ၊ ဥက္ကဋ္ဌချူ’’

သူတို့နှစ်ဦး၏ လက်များ ခေတ္တမျှ ဆုပ်ကိုင်ထားကြသည်၊ တစ်ဖက်မှာ တည်ငြိမ်ပြီး သန်မာကာ အခြားတစ်ဖက်မှာ သံမဏိကဲ့သို့ ခိုင်မာလှသည်။

ပတ်ဝန်းကျင်ရှိ ဖက်ဒရေးရှင်းစစ်တပ်သည် တိတ်ဆိတ်နေပြီး အဝေးမှ ကြယ်သင်္ဘောအင်ဂျင်သံများသာ ထွက်ပေါ်နေသည်။

ထိုစဉ် ရုတ်တရက် ညလေညင်းတစ်ခု တိုက်ခတ်လာလေသည်။

လေက ခြောက်သွေ့အေးစက်နေပြီး အာရုဏ်ဦးမြို့တော်အတွင်း ဆူပူအုံကြွမှုများ ဖြစ်ပွားနေကာ နေရာတိုင်းတွင် မလုံခြုံမှုနှင့် ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။

မြို့စောင့်တပ်စခန်းနှင့် ညကင်းလှည့်အဖွဲ့များကို အားလုံးနီးပါး ဖြန့်ကျက်ထားရပြီး မြို့ရိုးသုံးထပ်၏ အဓိကဝင်ပေါက်များတွင် ပိတ်ဆို့မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများက ပြင်းထန်စွာ ဖြစ်ပွားနေ၏။ ယာဉ်တန်းကြီးများက မြို့ပြင်သို့ အလုအယက်ထွက်ခွာနေကြသလို တစ်ဖက်တွင်လည်း စားနပ်ရိက္ခာနှင့် ခိုလှုံရာရှာဖွေနေသည့် အုပ်စုငယ်များက အခွင့်ကောင်းယူကာ မြို့ထဲသို့ ခိုးဝင်ရန် ကြိုးပမ်းနေကြသည်။ လူဦးရေထိန်းချုပ်ရေးဗျူရို၏ အချက်ပေးသံများက ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေလေသည်။

မြို့ပြင်လမ်းမများ၏ သံမဏိအတားအဆီးနောက်တွင်မူ ဘီလီယံနှင့်ချီသော ဖုတ်ကောင်များက ဒီရေသဏ္ဌာန် လှိုင်းလုံးကြီးများကဲ့သို့ စီးဆင်းနေကြသည်။

သံမဏိအတားအဆီးအပြင် အာရုဏ်ဦးမြို့တော်တွင် နံပါတ် ၁ မြို့ရိုး၊ နံပါတ် ၂ မြို့ရိုးနှင့် ကြယ်ဆိပ်ကမ်းကာကွယ်ရေးအခြေစိုက်စခန်းဟူသော ခံစစ်ကြောင်းသုံးခုရှိသည်။ လက်ရှိတွင် အလုံခြုံဆုံး ခိုလှုံရာမှာ အမွှာကြယ်မျှော်စင် ကြယ်ဆိပ်ကမ်း၏ အောက်ခြေတွင် တည်ရှိသော မြေအောက်မြို့တော်ပင်ဖြစ်၏။

အမွှာကြယ်မျှော်စင်၏ အထက်ရှိ ကျယ်ဝန်းသော ရှုခင်းကြည့်စင်မြင့်ထက်တွင် လူသူကင်းမဲ့နေပြီး မီးရောင်များ မှိန်ဖျော့နေသည်။ အဆင့်မြင့် မြင်ကွင်းကျယ် ကြမ်းပြင်ထိမှန်ပြတင်းပေါက်များက ပြင်ပမှ လေတိုက်ခတ်သံကိုပင် လုံးဝပိတ်ဆို့ထားသည့်နှယ် ရှိနေသည်။

ယဲ့လန်သည် ပြတင်းပေါက်ရှေ့တွင် ရပ်နေ၏။ မြို့တွင်းနှင့် မြို့ပြင်လမ်းမများပေါ်တွင် မီးရောင်တဖျတ်ဖျတ်နှင့် ယာဉ်တန်းများ အစီအရီရှိနေကာ ဝေးနေသော်လည်း ရုန်းရင်းဆန်ခတ်မှုများမှ ဆူညံသံများသည် သူ့ရှေ့တွင် ရောက်နေသကဲ့သို့ပင်။

“ငါ ဒီမြို့ကနေ နောက်ဆုံးအကြိမ် ထွက်သွားတုန်းကလည်း အခုလိုပဲ ရှုပ်ထွေးနေတယ်။ လူသားတွေဟာ သင်ခန်းစာတွေကို ဘယ်တော့မှ မှတ်သားပုံမရဘူး၊၊ ပျက်စီးခြင်းဆိုတာ အတွင်းကနေ စတင်တာဆိုတာကို အမြဲတမ်း မေ့နေကြတယ်”

ယဲ့လန်၏ အသံက ဇာတ်ကြောင်းပြောသူတစ်ဦးကဲ့သို့ အလွန်တည်ငြိမ်နေသည်။

အနီးရှိ ပြတင်းပေါက်တွင် ရပ်ကာ အာရုံစိုက်နားထောင်နေသော ချူကျောက်နန်က ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ လူအများစုက ပျက်စီးခြင်းက ကံကြမ္မာပဲဆိုတာကို မသိကြလို့လေ။ စာအုပ်တစ်အုပ်လိုပဲ၊၊ အဲ့ဒီမှာ ရှိနေပြီးသားပဲ။ ဘယ်နှစ်ကြိမ်ပဲ ဖတ်ဖတ်၊ ဘယ်လောက်ပဲ အသိတရားတွေရရ၊ ရလဒ်ကတော့ အတူတူပါပဲ”

“ဒီသုံးလအတွင်းမှာ ငါတို့ရဲ့ တွင်းနက်အကြောင်း နားလည်မှုက သိသိသာသာ တိုးတက်လာခဲ့တယ်။ ကျူးကျော်မှုတွေကို ကာကွယ်ဖို့အတွက် အောင်မြင်မှုတွေလည်း တွေ့ထားပြီးပြီ။ နင့်ရဲ့ အမြင်ကရော တစ်ခုခုပြောင်းလဲသွားတာ ရှိလား”

ယဲ့လန်က မေးလိုက်သည်။

“ဖက်ဒရေးရှင်း ပြိုလဲတဲ့နေ့ကတည်းက ငါပြောခဲ့ပြီးသားပါ။ ငါတို့ကြားမှာ ကျင့်ဝတ်ပိုင်း ဒါမှမဟုတ် နိုင်ငံရေးရပ်တည်ချက် ပြဿနာမရှိပါဘူး။ အသက်ရှင်ကျန်ရစ်ဖို့ နည်းလမ်းတွေ ကွဲပြားတာပဲ ရှိတယ်။ ဒီကပ်ဘေးမှာ လူသားတွေက နည်းပညာနဲ့ စစ်အင်အား အားလုံးကို အသုံးချခဲ့ပေမဲ့ အခြေခံအားဖြင့် ငါတို့ ဘာကိုရင်ဆိုင်နေရလဲဆိုတာ မသိသေးဘူးဆိုတာ မင်းနဲ့ငါက နားလည်ထားကြတာပဲ။ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းက သက်ရှိတွေလား။ စကြာဝဠာတွေ ထပ်နေတာလား။ အမှောင်ကမ္ဘာ ကပ်ဘေးလား။ အားလုံးက ခန့်မှန်းချက်တွေပဲ။ ယဉ်ကျေးမှုတစ်ခုက သူ့ရဲ့ အင်အားအားလုံးကို သုံးပြီးတော့တောင် လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းကို ချက်ချင်း အမြစ်ပြတ်သွားစေတာ ဘာကိုဆိုလိုနေလဲဆိုတာ မင်းသဘောပေါက်လား”

သူက ကောင်းကင်ကို ကြည့်ကာ အေးဆေးစွာ ဆက်ပြော၏။

“လူသားတွေရဲ့ အင်အားနဲ့ဆိုရင် သဘာဝဂေဟစနစ်ထဲက အင်းဆက်ပိုးမွှားတစ်မျိုးကိုတောင် ၉၉ ရာခိုင်နှုန်း သုတ်သင်ဖို့ မစွမ်းဆောင်နိုင်ဘူး။ ဒီရှုထောင့်က ကြည့်ရင်တော့ မင်းက ဒီကိစ္စမှာ စကားပြောဖို့ ပိုပြီး အခွင့်အာဏာရှိသင့်တယ် ပါမောက္ခယဲ့”

All Chapters