← Chapters

အခန်း (၇၅၈-၇၅၉)

Vol. 45 Ch. 758-759

အခန်း (၇၅၈-၇၅၉)

Vol. 45 Ch. 758-759

Chapter 758

ရထားစက်ရုံ ၂

ယဲ့လန်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး အောက်ဘက်ရှိ ခမ်းနားသော မြို့တော်၏ ညမြင်ကွင်းကို ကြည့်နေသည်၊၊

“ဒါကြောင့်ပဲ နင်က မြေအောက်မြို့တော်စီမံကိန်းကို လူသိရှင်ကြားကြော်ငြာခဲ့တယ်၊၊ လျှို့ဝှက်ပြီး ထာဝရအဆင့် အေးခဲအိပ်စက်ခန်းတွေကို တည်ဆောက်ခဲ့တာလား။ ပြီးတော့ ထိုးဖောက်ရေးစီမံကိန်းကို ဖော်ဆောင်ပြီး၊၊ ကျိုးမင်ယွမ်ကို နိုင်ငံရေးအရ စစ်မှုထမ်းခေါ်တဲ့ နည်းလမ်းတွေ သုံးခိုင်းခဲ့တယ်။ မျှော်လင့်ချက် အတုအယောင်တွေကို ဖန်တီးခဲ့တာ ဒီအချိန်အတွက်ပဲလား”

ချူကျောက်နန်၏ အကြည့်က ခက်ထန်သွားသည်၊၊

“ဝါဒဖြန့်မှုရဲ့ အနှစ်သာရကတော့ ရှုံးနိမ့်ဖို့ သေချာနေတဲ့ စစ်ပွဲမှာ လူသားတွေကို မျှော်လင့်ချက် ရှိနေစေဖို့ပဲ”

“ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ တကယ်တော့ အနှောင်အဖွဲ့ပဲ”

အခန်းတွင်း၌ တိတ်ဆိတ်သွားပြီး လူနှစ်ဦးက ယှဥ်ရပ်နေကြသည်။ သူတို့၏ အသံများက အခန်းတွင်း ပဲ့တင်ထပ်နေ၏။

“နင့်ရဲ့ ကျိုးကြောင်းဆီလျော်မှုကို ငါအသိအမှတ်ပြုပါတယ် ဥက္ကဋ္ဌချူ”

ယဲ့လန်က ဆက်ပြောသည်၊၊

“ငါ အခု ဒီကို လာတာက နင့်ကို သတိပေးဖို့ပဲ။ ဒီတွေ့ဆုံမှုအတွက် နင့်မှာ ရလဒ်က ကြိုရှိနေပြီးသားပဲ။ အကြောင်းရင်းက ငါတို့ကြားမှာ ဆက်သွယ်မှုနဲ့ နားလည်မှုရှိနေလို့လေ။ ငါတို့အချင်းချင်း သိလာတာ ၂၆ နှစ် ရှိပြီ။ ဒီနားလည်မှုက ပိုနက်ရှိုင်းလေလေ၊ ရလဒ်က လွဲချော်မှု နည်းလေလေပဲ။ ဒါပေမဲ့ ပြဿနာက လူသားတွေနဲ့ အမှောင်ထုကြားမှာတော့ အဲ့ဒီလိုဆက်သွယ်မှုမျိုးမရှိတာပဲ”

“ငါ သိပါတယ်”

ချူကျောက်နန် အနည်းငယ် တုန်လှုပ်သွားသည်၊၊

“ဒါကြောင့် လူသားတွေအတွက် မလွဲမသွေ ရှုံးနိမ့်မယ့် ဒီစစ်ပွဲမှာ ရှေ့ပြေးစီမံကိန်းဟာ ငါတို့ရဲ့ အမြန်ဆုံး တုံ့ပြန်မှုပဲ။ ပါမောက္ခယဲ့… မဟုတ်ဘူး ဗိုလ်ချုပ်ယဲ့။ မင်းနဲ့ငါ သိထားတာက အခြေခံအားဖြင့် ဖီးနစ်နဲ့ အာရုဏ်ဦးမြို့တော်ဟာ အတူတူပဲ။ နှစ်ဖက်လုံးက လောင်းကြေးထပ်နေကြတာပဲ။ ကွာခြားချက်က ငါက ပိုပြီး လက်တွေ့ကျတယ်၊၊ မင်းက ပိုပြီး စိတ်ကူးယဉ်ဆန်တယ်။ ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ အာရုဏ်ဦးမြို့တော်ကို အရောက်လာခဲ့တယ်ဆိုတော့ ငါ့ကို ပေးချင်တဲ့ အကြံဉာဏ်များ ရှိလား”

“မရှိပါဘူး”

“တွင်းနက် ပြန့်ကားလာတာကရော”

ချူကျောက်နန်က ထပ်မေးလိုက်သည်၊၊

“ထိန်းချုပ်လို့ မရဘူး။ လူသားတွေဟာ ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းချုပ်နိုင်ကြဘူး။ မဟုတ်ရင် အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာရဲ့ ပြဿနာတွေ ရှိလာမှာ မဟုတ်ဘူး”

“တည်ရှိနေတာက အကြောင်းပြချက် ရှိလို့ပဲ။ စကြာဝဠာရှင်သန်ခြင်းနိယာမမှာ တစ်ခုပဲ ရှိတယ်။ အဟောင်းတွေကို စွန့်လွှတ်ပြီး ဘယ်လိုနည်းနဲ့မဆို ရှင်သန်ဖို့ပဲ။ အစွန်းရောက်အမှောင်ဂိုဏ်းပဲဖြစ်ဖြစ်၊ ကယ်တင်ခြင်းဂိုဏ်းပဲဖြစ်ဖြစ်… ယုံကြည်ချက်ဆိုတာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ လူသားတွေ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ အနှောင်အဖွဲ့တွေပါပဲ။ ငါလည်း စဉ်းစားဖူးတယ်၊၊ လူသားအားလုံး မျိုးတုံးသွားပြီး အနီရောင်ကမ္ဘာက ထူးခြားတဲ့ ပုံစံနဲ့ ရှင်သန်ကျန်ရစ်မယ်ဆိုရင် ဒါဟာ လူသားယဉ်ကျေးမှု ဆက်လက်တည်ရှိနေတာ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ”

“နင်က ဒီလို ရှုထောင့်က စဉ်းစားနေတာကို ငါအံ့သြမိတယ်”

“အံ့သြတယ် ဟုတ်လား”

ချူကျောက်နန်က အေးဆေးစွာ ပြန်ပြောသည်၊၊

“လွန်ခဲ့တဲ့ ၇၆ နှစ်က ဖီးနစ်ကို စတင်တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဒါပဲလေ။ ဒီအချက်ကိုတော့ မင်း မအံ့သြသင့်ဘူး”

“ဒါဆို ချူကျင်းကရော”

ယဲ့လန်က သူ့ကို ကြည့်ကာ မေးလိုက်သည်။

“နင့်အမြင်မှာ သူက ကျင့်ဝတ်တစ်ခုလား ဒါမှမဟုတ် နည်းလမ်းတစ်ခုလား”

ချူကျောက်နန်၏ အမူအရာတင်းမာသွားပြီး လေးနက်စွာ ပြောသည်၊၊

“သူက ဉာဏ်ကောင်းတဲ့ ကလေးပါ။ သူ ထိုးဖောက်ခြင်းစီမံကိန်းကို လက်လွှဲယူကတည်းက သူနဲ့ငါဟာ လူသားမျိုးနွယ် ရှုထောင့်မှာ ရပ်တည်နေတာပဲ၊၊ သားအဖရှုထောင့်က မဟုတ်ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်းသိထားပြီးသားပါ”

ယဲ့လန် ခေါင်းညိတ်လိုက်သည်၊၊

“ကောင်းပြီလေ”

“ဒါဆို ဖီးနစ်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ချူကျောက်နန်က လက်ကို နောက်ပစ်ကာ ယဲ့လန်ကို ဘေးစောင်းကြည့်လိုက်သည်။

ယဲ့လန်က အရိပ်ထဲတွင် ဖုံးကွယ်နေသော်လည်း ညမြို့တော်၏ မီးရောင်များက ရေကဲ့သို့ တည်ငြိမ်နေသော သူမမျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။ သူမက ချူကျောက်နန်ကို ပြောလိုက်သည်၊၊

“နောက်ဆက်တွဲကိစ္စတွေကို ရှင်းလင်းဖို့ပါ”

စကားဆုံးသည်နှင့် သူမက လျင်မြန်စွာ လှည့်ထွက်သွားပြီး သူမ၏ မြင့်မားသွယ်လျသော ပုံရိပ်မှာ ရှုခင်းကြည့်ခန်းမ၏ အရိပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

…

ကျင်းဟိုင်။

လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး တိတ်ဆိတ်မြို့တော်သည် မြို့အနောက်ဘက်စွန်ရှိ လွတ်နေသော မြေကွက်တစ်ခုပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ ဧရာမ အင်ဂျင်မှ ထွက်ပေါ်လာသော လေပြင်းကြောင့် အချင်း ၂၀ ကီလိုမီတာအတွင်းရှိ သစ်ပင်ခြောက်များ လွင့်စင်သွားလေ၏။

တိမ်စီရင်စု၏ အဓိကကွပ်ကဲခန်းမအတွင်း ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

ယခုညတွင် အနီရောင်ကမ္ဘာက မည်သည့်တိုက်ခိုက်ခြင်းမှ မရှိခဲ့ပေ။ လင်းရှန်က ဤအရာကို တစ်စိတ်တစ်ပိုင်း မျှော်လင့်ထားသော်လည်း အံ့သြနေမိသည်မှာလည်း အမှန်ပင်။ အခြေအနေများက အတော်လေးရှုပ်ထွေးနေသည်။

သူ့အမြင်အရ အနီရောင်ကမ္ဘာကို တားဆီးထားနိုင်ခြင်းမှာ အာရုဏ်ဦးမြို့တော်၏ ကြားဝင်ဖိအားပေးမှုကြောင့် ဖြစ်ရမည်။ သို့သော် လက်ရှိအခြေအနေနှင့် ကျန်းရှု့ဝေ၏ သတင်းအရ အာရုဏ်ဦးမြို့တော်သည် အုပ်စုနှစ်စုကွဲနေပုံရသည်။ ချူကျောက်နန်က တိတ်ဆိတ်မြို့တော်ကို အလောတကြီး မတိုက်ခိုက်လိုဘဲ စေ့စပ်ညှိနှိုင်းရန်နှင့် ကာကွယ်ရန် လိုလားနေသည်မှာ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင်။ ဤသည်မှာ မြို့တွင်း ဆူပူမှုများကို လျှော့ချရန်နှင့် ဖက်ဒရေးရှင်းအုပ်ချုပ်ရေးကို ခြိမ်းခြောက်နေသည့် ကောလာဟာလများကို ထိန်းချုပ်ရန် ဖြစ်သည်။

သို့သော် ကျင်းဟိုင်ကြယ်ဆိပ်ကမ်းမှ အလုံးအရင်းနှင့် ဆုတ်ခွာနေမှုမှာမူ နားမလည်နိုင်စရာဖြစ်နေသည်။ လင်းရှန်သာမက အခြားသူများလည်း ရှုပ်ထွေးနေကြသည်။

“ငါ သိသလောက်တော့ ကြယ်မြို့တော်ကို အာရုဏ်ဦးမြို့တော်လို့ နာမည်ပြောင်းပြီး ကမ္ဘာပျက်မြို့တော်အဖြစ် တည်ထောင်ကတည်းက ချူကျောက်နန်က အစိုးရနဲ့ မြို့ပြရေးရာတွေကို ကိုင်တွယ်တာ အတော်လေးနည်းသွားတယ်။ သူက ကြယ်စင်ခရီးစဥ်မှာပဲ အားသွန်ခွန်စိုက် လုပ်နေတယ်။ အဝေးဂြိုဟ်ယာဉ်စု၊ သုတေသနလုပ်ငန်းတွေ၊ လုထျန်းယဲ့ရဲ့ ကြယ်မြို့တော်ကာကွယ်ရေးတပ်နဲ့ မြေအောက်မြို့တော် ကာကွယ်ရေးကလွဲရင် ကျန်တဲ့ အာဏာအားလုံးက ကျိုးမင်ယွမ်ဆီမှာ ရှိနေတယ်။ ဒါကြောင့် ချူကျောက်နန်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေသလားဆိုတာ ငါ မသေချာပေမဲ့ တစ်ခုတော့ အသေအချာပဲ...”

“ချူကျောက်နန်က သိနေတယ်”

လင်းရှန်က ဖန်သားပြင်ပေါ်ရှိ ကျန်းရှု့ဝေကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းရှု့ဝေက ခေါင်းညိတ်ပြသည်၊၊

“ဒါကြောင့် ဖီးနစ် ရောက်လာတာရယ်၊ ရှင်က အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာ ပူးပေါင်းကြံစည်မှုကို အချိန်ကိုက်ဖွင့်ချလိုက်တာရယ်က ဖက်ဒရေးရှင်းရဲ့ စိုးရိမ်ရေမှတ်ကို ရောက်သွားစေတာပဲလို့ ကျွန်မ ထင်တယ်။ အခုလို အကြီးအကျယ် လှုပ်ရှားနေတာက အာရုဏ်ဦးမြို့တော်က နောက်ထပ် ကြီးမားတဲ့ အစီအစဉ်တစ်ခုကို လုပ်တော့မယ်ဆိုတာ ပြနေတာပဲ”

ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများ တင်းမာသွားကြသည်။ လင်းရှန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်၊၊

“ဖီးနစ်လား... ငါတို့ တကယ်ပဲ ကံကောင်းပုံရတယ်”

ကီကီက သူ့ကို ကြည့်ကာ မေးသည်၊၊

“အာရုဏ်ဦးမြို့တော်က အကုန်ပုံအောပြီး လုပ်တော့မယ်လို့ ရှင်ထင်လား”

“ဖြစ်နိုင်ခြေ အများကြီးရှိတယ်”

ရှီတိယွမ်က အကျယ်ကြီး အော်ပြောလိုက်သည်။

“မဟုတ်ရင် အာရုဏ်ဦးမြို့တော်က ဘာလို့ ဒီလောက်ပျာယာခတ်ပြီး သူ့ရဲ့ စက်မှုအခြေစိုက်စခန်းကို စွန့်ခွာရမှာလဲ”

“အကုန်လုံးစွန့်ခွာတာတော့ မဟုတ်ဘူး”

နန်ကျင်းက ဝင်ပြောသည်။

“လောလောဆယ်တော့ သူတို့က အရင်းအမြစ်တွေနဲ့ အချောထည်ယာဉ်တွေကိုပဲ အများကြီးရွှေ့ပြောင်းနေတာ။ မစ္စကျန်း သိမ်းပိုက်ထားတဲ့ ဂြိုဟ်ပတ်ရထားလမ်းစက်ရုံတွေကလွဲရင် ကြယ်ဆိပ်ကမ်းမှာ ကင်းစောင့်တပ်တွေ ရှိနေသေးတယ်”

“ဒါဟာ ထွက်ပြေးတာနဲ့ အတူတူပဲ”

ချီလီက လက်ပိုက်ကာ ပြောသည်။

“သူတို့ လှုပ်ရှားမှုက ငါတို့ကို ကြောင်သွားစေတာပဲ။ အစကတော့ တိုက်ပွဲကြီး တိုက်ရတော့မယ်လို့ ပြင်ထားတာ… အခုတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”

မိုနီကာက မေးလိုက်သည်၊၊

“ဒါဆို အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာက ကျွန်မတို့ကို အရေးမပါဘူးလို့ သတ်မှတ်လိုက်တာလား”

“အဲ့ဒီလိုပုံစံမျိုး ဖြစ်နေတယ်”

ချန်ဆီရွှမ်ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

အကွာအဝေးတစ်ခုမှာ ရပ်နေတဲ့ ရှင်းဂျီက အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်၊၊

“တကယ်တော့ အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာက ငါတို့ကို အာရုံမစိုက်တာဟာ ငါတို့အတွက် မဆိုးဘူးလို့ ငါထင်တယ်…”

ထိုစကားကြောင့် လူတိုင်းက လင်းရှန်ကို ကြည့်လိုက်ကြသည်။

လင်းရှန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

Chapter 759

ရထားစက်ရုံ ၃

“ခဗျားပြောတာ မှန်တယ်။ အခု အာရုဏ်ဦးမြို့တော်မှာ ရှုပ်ထွေးနေပြီး ဖီးနစ်ရောက်လာတာက သူတို့ကို ပိုပြီး ထိတ်လန့်သွားစေတယ်။ အနီရောင်ကမ္ဘာကတော့ အနှေးနဲ့အမြန် တစ်ခုခုလှုပ်ရှားလာမှာပဲ။ ကောင်းကင်ကြီး ပြိုကျလာရင်တောင် လောလောဆယ်တော့ ဒါတွေက ကျုပ်တို့နဲ့ တိုက်ရိုက်မဆိုင်သေးဘူး။ ငါတို့ ကျင်းဟိုင်ကို ရောက်ပြီဆိုတော့...”

သူက ကျန်းရှု့ဝေကို ကြည့်လိုက်သည်၊၊

“ငါတို့ ရထားတွေကို ပြင်ဆင်ဖို့ မင်းရဲ့ စက်ရုံကို ငှားလို့ရမလား”

ကျန်းရှု့ဝေက ကွပ်ကဲမှုမျှော်စင်မှနေ၍ ကျယ်ပြောလှသော မိုးပျံသံလိုက်လွင့်မျောဆိုက်ကပ်ကွင်းကို ကြည့်ကာ လင်းရှန်ကို ပြောလိုက်သည်၊၊

“တကယ်တော့ ကျွန်မမှာ ပိုကောင်းတဲ့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ တိတ်ဆိတ်မြို့တော်ရဲ့ အကူအညီ လိုလိမ့်မယ်”

“ငါ ခန့်မှန်းကြည့်မယ်၊၊ ကောင်းကင်အမိုးခုံးအဆင့် စီမံကိန်းလား”

ရှင်းဂျီက စိတ်ဝင်တစား မေးလိုက်သည်။

“အခြားအရာတွေလည်း ပါသေးတယ်”

ကျန်းရှု့ဝေ၏ မျက်နှာက လေးနက်နေသည်။

“ဒါက ရှင်တို့ကို အံ့သြသွားစေမှာ အသေအချာပဲ”

ဝုန်း၊၊

တိတ်ဆိတ်မြို့တော် ဆင်းသက်လာစဉ် ပတ်ဝန်းကျင်မှ ဖုတ်ကောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ညအမှောင်ထဲတွင် သန္ဓေပြောင်းသတ္တဝါများက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ သို့သော် တိတ်ဆိတ်မြို့တော်၏ ပင်မကုန်းပတ်တွင် တပ်ဆင်ထားသော လျှပ်စစ်သံလိုက်အမြောက် ရာဂဏန်းနှင့် ကာကွယ်ရေးလက်နက် ထောင်ဂဏန်းက ကြယ်ဖျက်စစ်သင်္ဘောကဲ့သို့ပင် အရပ်မျက်နှာအနှံ့ ပစ်ခတ်ခြေမှုန်းလိုက်ရာ လူအင်အားစိုက်စရာမလိုဘဲ ဖုတ်ကောင်များကို ရှင်းလင်းလိုက်နိုင်၏။

အောက်ဘက်ရှိ ဆိုက်ကပ်ကွင်းတွင် လူများ အလုအယက်လှုပ်ရှားနေကြသည်။ ပေါင်းစည်းယာဉ်တန်းသည် နှစ်ရက်ကြာ အနားယူပြီးနောက် ပြန်လည် အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် လူအပြောင်းအလဲ အချို့ ရှိခဲ့သည်။ အာခီစိုင်းမှ လိုက်ပါလာသော ယာဉ်တန်းနှစ်ခုနှင့် အခြားအဖွဲ့များသည် တိတ်ဆိတ်မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြပြီး သူတို့၏ ယာဉ်များကို အခြားယာဉ်တန်းများသို့ ရောင်းချကာ အရင်းအမြစ်များ လဲလှယ်ယူခဲ့ကြသည်။

လင်းရှန်နှင့် ရှီတိယွမ်တို့ ရှိနေသည့် နေရာတွင် တိတ်ဆိတ်မြို့တော်၏ နောက်ထပ် ပန်းတိုင်မှာ ယုံကျန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ ကြယ်စင်စုခရီးစဉ်အတွက် အဆင့်မြှင့်တင်ရန် ဖြစ်သည်။ ဤသည်မှာ သူတို့အနေဖြင့် ရထားကို ပြန်လည်စတင်ကာ ဂြိုဟ်ပတ်ရထားလမ်းထဲ ဝင်ရောက်ပြီး ထွက်ပြေးခြင်းခရီးစဉ်ကို စတင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

အဖွဲ့မှ ခွဲထွက်သွားကြသည့် လူများ၏ ဆုံးဖြတ်ချက်ကို လင်းရှန် နားလည်ပေးနိုင်ပေသည်။ အများစုမှာ တောက်လျှောက်ထွက်ပြေးနေရသဖြင့် မောပန်းနွမ်းနယ်ကာ မျှော်လင့်ချက်ကင်းမဲ့နေကြပြီ ဖြစ်သည်။ သူတို့ရှေ့တွင် ဘေးကင်းသော ရွေ့လျားမြို့တော်ကြီးရှိနေသဖြင့် ဆက်ပြီး မပြေးလိုကြတော့ခြင်း ဖြစ်၏။ တိတ်ဆိတ်မြို့တော်တွင် နေထိုင်သူ အများစုမှာ ဒီဂျစ်တယ်ရှင်သန်ခြင်းကို ထောက်ခံသူများဖြစ်သဖြင့် အခြားသူများနှင့်စာလျှင် သေခြင်းတရားနှင့် အန္တရာယ်အပေါ် ခံယူချက်မတူကြသည်မှာလည်း သဘာဝပင်။

ရွီး... ဝူး...

ဧရာမ ဆိုက်ကပ်ကွင်း ကုန်းပတ်က ဖြည်းညှင်းစွာ ပွင့်လာသည်။ ဖုတ်ကောင်များ၏ အောက်ဘက်တွင် ကျင်းဟိုင်၏ သယ်ယူပို့ဆောင်ရေး ရထားလမ်းပိုင်းရှိနေ၏။ သူတို့အနေဖြင့် ထိုလမ်းကြောင်းထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ကာ စက်မှုဇုန်ရှိ ရထားစက်ရုံသို့ သွားရောက်ပြီးနောက် ဂြိုဟ်ပတ်ရထားလမ်းထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည် ဖြစ်သည်။

လင်းရှန်သည် အနန္တ ရထားအဖွဲဝင်များကို ဦးဆောင်ကာ အနန္တရထားဆီသို့ ပြန်လာခဲ့သည်။ အင်ဂျင်များ စတင်လည်ပတ်လာပြီး မီးရောင်များ လင်းထိန်သွား၏။ တွဲတိုင်းရှိ လူများမှာ အသင့်အနေအထား ရှိနေကြပြီး ကလေးငယ်များမှာလည်း လီယီနှင့် အခြားသူများ၏ စောင့်ရှောက်မှုဖြင့် တွဲများထဲသို့ ဘေးကင်းစွာ ပြန်ရောက်နေကြပြီ ဖြစ်သည်။ ထိန်းချုပ်ခန်းထဲတွင် ရပ်နေသော ချန်ဆီရွှမ်၏ မျက်နှာမှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။

“ကျင်းဟိုင်နဲ့ ယုံကျန်းဆိပ်ကမ်းကို ဖြတ်ပြီးရင် ပစိဖိတ်သမုဒ္ဒရာပဲ ရှိတော့မယ်။ ဒါဟာ ကျွန်မတို့ ရထားအတွက် နောက်ဆုံးပြင်ဆင်မှု မှတ်တိုင်ပဲ ဖြစ်လိမ့်မယ်”

လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်၊၊

“ဒီနေရာကသာ အနီရောင်ကမ္ဘာရဲ့ အခြေစိုက်စခန်းဆိုရင် အကုန်ချောချောမွေ့မွေ့ဖြစ်ဖို့ မလွယ်ဘူးဆိုတာ မမေ့နဲ့ဦး၊၊ ဒါပေမဲ့...”

သူက ချန်ဆီရွှမ်ကို တစ်ချက်ကြည့်လိုက်သည်၊၊ “ကံကောင်းတာက တိတ်ဆိတ်မြို့တော်ဆိုတဲ့ သစ်ပင်ကြီးကို ခဏလောက် ခိုလှုံလို့ရနေတာပဲ”

ချန်ဆီရွှမ်ကလည်း သူ့ကို ပြန်ကြည့်ကာ မေးလိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်က အရှေ့ဘက်ကိုပဲ တောက်လျှောက် ဦးတည်သွားမယ်ဆိုရင် ရှင်တကယ်ပဲ သူတို့နဲ့ ပူးပေါင်းဖို့ စဉ်းစားထားတာလား”

“ဒါပေါ့” လင်းရှန်က ပြုံးလိုက်သည်၊၊

“ငါက အရူးမဟုတ်ဘူး။ ဒီနေရာမှာ လက်နက်အင်အားလည်း အပြည့်ရှိတယ်၊၊ အဖွဲ့ကလည်း ကြီးတယ်။ ငါ့ရဲ့ ယန္တရားစွမ်းအားကိုလည်း သိုသိုသိပ်သိပ်နဲ့ အသုံးချလို့ရတယ်၊၊ ဘာလို့ မစဉ်းစားဘဲ နေမလဲ”

“လုပ်မနေပါနဲ့၊၊ ရှင်က အဲ့လိုလုပ်မယ့်လူ မဟုတ်ဘူး” ချန်ဆီရွှမ်က ပြုံးကာ ပြောသည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ရှင်က နောက်ထပ် တိတ်ဆိတ်မြို့တော်တစ်ခုလောက်ကို တည်ဆောက်နိုင်ရင်တောင် ရှင်ရဲ့ မလုံခြုံမှုတွေကို ဖြေရှင်းနိုင်မှာ မဟုတ်လို့လေ။ ရှင်းဂျီလိုပဲ ရှင်လည်း ကမ္ဘာမြေကနေ ပျံသန်းထွက်ခွာသွားချင်နေတာ မဟုတ်လား”

လင်းရှန်က သက်ပြင်းချလိုက်သည်၊၊

“ငါလည်း ခေါင်းရှုပ်စရာတွေ မတွေးချင်ပါဘူး၊၊ ဒါပေမဲ့ ဒီစိတ်က မွေးရာပါပါလာတာဆိုတော့ ပြင်လို့မရဘူး ဖြစ်နေတယ်”

“ဒါကြောင့်လည်း ပထမဆုံးဝင်ရိုးစွန်းညထဲက ရထားကို ကောင်းကင်ပေါ် ပျံသန်းနိုင်ဖို့ ရှင်တွေးခဲ့တာပေါ့”

ချန်ဆီရွှမ်က သူ့ကို စိုက်ကြည့်သည်၊၊

“ပြေးနေမှသာ အခွင့်အရေးရှိမယ်ဆိုတာ ရှင်သိနေတာပဲ”

လင်းရှန်၏ အမူအရာ အနည်းငယ် တင်းမာသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ရထားစတင်ရန် ဂီယာတံကို တွန်းလိုက်ပြီး တစ်ဖက်မှလည်း ဆက်သွယ်ရေးစက်ကို နှိပ်ကာ တိတ်ဆိတ်မြို့တော် အဓိကကွပ်ကဲခန်းမရှိ ရှင်းဂျီကို ဆက်သွယ်လိုက်သည်။

“ကျုပ်တို အရင်သွားပြီး ဂြိုဟ်ပတ်ရထား တင်ဆောင်ရေးစက်ရုံရဲ့ ခံစစ်လိုင်းကို သွားပြင်ထားလိုက်မယ်၊၊ ပြီးမှ ခဗျားက်ု အကြောင်းကြားမယ်”

“အိုကေ၊၊ ပြဿနာမရှိဘူး”

ရှင်းဂျီ၏ တည်ငြိမ်သောအသံထွက်ပေါ်လာသည်။

“ငါလည်း ရွှန်းတို့အဖွဲ့ကို ကျင်းဟိုင်ကြယ်ဆိပ်ကမ်းဆီ စုံစမ်းဖို့ လွှတ်ထားပြီးပြီ။ မကြာခင် ငါတို့ ပြန်ဆုံကြတာပေါ့။ အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်ဆီက သတင်းတွေလည်း မကြာခင် ရတော့မှာပါ”

“သတင်းကောင်းဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ”

အနန္တ ရထား၏ ဝေလုံလျှပ်စစ်ခေါင်းတွဲသည် နောက်မှ တွဲများကို ဆွဲကာ ဧရာမ ရထားလမ်းပလက်ဖောင်းထက်မှ နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်ထွက်ခွာလာပြီး တင်ဆောင်ရေးကုန်းပတ်၏ ဆင်ခြေလျောအတိုင်း အရှိန်ဖြင့် ဆင်းသွားသည်။ ပေါင်းစည်းယာဉ်တန်း၏ နောက်တွင်မူ ဟူလုရှို့သည် သူ၏ အဖွဲ့သားများနှင့်အတူ ပစ္စည်းချင်းလဲလှယ်၍ ရရှိထားသော ကမ္ဘာပျက်ကပ်ရထားဖြင့် လိုက်ပါလာသည်။ သူသည် ထိန်းချုပ်ခန်းထဲတွင် တုန်ရီစွာ ရပ်နေရင်း ဆုတောင်းနေမိ၏။

“အရှင်ဘုရား... ဒီတစ်ခါတော့ လူမှန်နောက်ကို လိုက်မိပါစေလို့ ဒီဟူမျိုးနွယ်က ဆုတောင်းပါတယ်”

“ရှင့်မှာ သွားစရာနေရာမှ မရှိတာ”

ဆန်းချန်က ပွင့်လင်းစွာ ဖော်ကောင်လုပ်လိုက်သည်။

“ရှင်းဂျီက ရှင့်ကို ကြည့်မရဘူး၊၊ ပြီးတော့ အာခီစိုင်းမှာတုန်းကလို ကားတစ်စီးတည်းနဲ့ ယာဉ်တန်းကို မမီမှာ ရှင်ကြောက်နေတာလေ။ ဒါကြောင့် ဒါက ကျွန်မတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ”

ဟူလုရှို့ ထိုစကားကြောင့် ရှုံ့မဲ့သွားပြီး ဆန်းချန်ကို မကျေမနပ် ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“မင်း ပြောတာလည်း ဟုတ်ပါတယ်...”

“ဒါဆိုရင်တော့ ကပ္ပတိန်လင်းနောက်ကိုပဲ လုံခြုံမှုအပြည့်နဲ့ လိုက်ကြတာပေါ့၊၊ အရှင်ဘုရား… တပည့်တော် မြို့တိုင်းကို အေးအေးဆေးဆေးဖြတ်ကျော်ပြီး ပစ္စည်းတွေလည်း အများကြီးရပါစေ”

ဆန်းချန် သူ့ကို အံ့သြသလိုကြည့်ကာ တစ်ခုခုပြောချင်သော်လည်း ပြန်မျိုချလိုက်သည်။ ထားလိုက်ပါတော့၊၊ အဆင်ပြေပြေ ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ကြတာပေါ့….

ဝူး... ဝူး...

အရှေ့ဆုံးမှ အနန္တရထား၊ ၎င်းနောက်တွင် ဘုရင်မ မိုနီကာ၊ ဂျိုကာနှင့် နဂါးတောင် ၁ အပါအဝင် အခြားရထား ၁၆ စင်းတို့သည် အလျားဂိတ်ကိရိယာဖြင့် ရထားလမ်းကို မြဲမြံစွာ ကပ်လျက် တိတ်ဆိတ်မြို့တော်ပေါ်မှ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားကြသည်။ ရထားရှေ့မီးများက ရှေ့တွင် စုပြုံနေသော ဖုတ်ကောင်အုပ်ကြီးကို လင်းထိန်သွားစေ၏။

ပေါင်းစည်းယာဉ်တန်းသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဖုတ်ကောင်အုပ်ကြီးထဲသို့ တိုးဝင်သွားရာ ခြေလက်ပြတ်များနှင့် သွေးစများ ချက်ချင်း လွင့်စင်သွားသည်။ ရထားသံမဏိဘီးများအောက်တွင် ရေတွက်၍မရသော ဖုတ်ကောင်များ ကြိတ်ခြေခံလိုက်ရပြီး ကုန်တင်ရထားလမ်းပိုင်းပေါ်တွင် မီးပွင့်များ လွင့်စင်သွား၏။

အနန္တရထား၏ အရှေ့တွင် ဒရုန်းများစွာ ပျံသန်းကာ ရှေ့မှ ဖုတ်ကောင်များကို လျင်မြန်စွာ ရှင်းလင်းပေးနေပြီး တစ်ဖက်မှလည်း လမ်းကြောင်းများကို ပြောင်းလဲပေးနေသဖြင့် ယာဉ်တန်းသညိ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

လက်နက်စခန်းတွင် 1130 အမြောက်သုံးလက်နှင့် G3-လျှပ်စစ်သံလိုက် အမြောက်သုံးလက်တို့က အသင့်အနေအထားရှိနေပြီး အဆက်မပြတ် ပစ်ခတ်နေကြသည်။ ဧရာမသံမဏိနဂါးကြီးသည် ကျင်းဟိုင်မြို့ထဲသို့ တိုးဝင်ကာ ဖုတ်ကောင်များကြားမှ အရှိန်ပြင်းစွာ ဖြတ်သန်းသွား၏။ သံမဏိကျည်ဆန်များနှင့် လျှပ်စစ်သံလိုက်အမြောက်သံများက ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

All Chapters