အခန်း (၇၆၀-၇၆၁)
Vol. 45 Ch. 760-761
Chapter 760
ရထားစက်ရုံ ၄
ကျွီ... ကျွီ...
တုန်ခါနေသော ရထားလမ်းများသာမက ကမ္ဘာပျက်ရထားတွဲအတော်များများမှလည်း စူးရှသော အသံများ ထွက်ပေါ်နေသည်။ ဤသည်မှာ ယခင်က တွင်းနက်ကို ဖြတ်ကျော်စဉ်က ကျန်ရစ်ခဲ့သော ပျက်စီးမှုများကြောင့် ဖြစ်၏။ ၎င်းတို့အနက် နဂါးတောင် ၁ တွင် ပြဿနာများ ပိုမိုပြင်းထန်နေသဖြင့် ရှီတိယွမ်က အချိန်မရှိသောကြောင့် အရေးကြီးဆုံးတွဲအချို့ကိုသာ ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
“အားလုံး သေချာကိုင်ထားကြ၊ အမှောင်အမှတ်အသားတွေ ပြောင်းလဲမှု ရှိမရှိ တွဲတိုင်းက သတိထားကြည့်ပြီး ချက်ချင်း ဖြေရှင်းကြ”
“နားလည်ပါပြီ”
“ကျန်းရှု့ဝေပြောတာတော့ စက်မှုဇုန်မှာ အခြားအသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းတွေ ရှိနေသလို ကြယ်ဆိပ်ကမ်းနားမှာလည်း လက်နက်ကိုင် ကင်းစောင့်တပ်တွေ အများကြီးရှိတယ်တဲ့၊ ငါတို့ သတိထားရမယ်”
ရှီတိယွမ်၏ အသံထွက်ပေါ်လာသည်၊၊ “ဒီလက်နက်ကိုင်တပ်တွေက သန္ဓေပြောင်းသတ္တဝါတွေလောက် အစွမ်းမထက်ပေမဲ့ ငါတို့အတွက်တော့ ပိုခြိမ်းခြောက်နိုင်စွမ်ရှိနိုင်တယ်”
လင်းရှန်က ပြန်ပြောလိုက်သည်၊၊
“ဟုတ်တယ်… ကျန်းရှု့ဝေက စက်ရုံရဲ့ ခံစစ်အမှတ်အသားမြေပုံကို ပို့ပေးထားတယ်။ မကြာခင်မှာ စီမံချက်အတိုင်း ခံစစ်စခန်းတွေကို အမြန် သိမ်းပိုက်ရမယ်၊၊ သူမရဲ့ ဒရုန်းတွေက ကျုပ်တို့ကို ကာကွယ်ပေးလိမ့်မယ်”
ဧရာမ ဂတ်စ်တာဘိုင်အင်ဂျင်၏ ရေခဲခွဲဒိုင်းကာကြောင့် ဖုတ်ကောင်များစွာ ကြေမွလွင့်စင်သွားသည်ကို ကြည့်ရင်း လင်းရှန်သည် ရထားအရှိန်ကို ထိန်းကာ ချန်ဆီရွှမ်နှင့်အတူ သတိအပြည့်နှင့် စောင့်ကြည့်နေ၏။
ယခင်ကဆိုလျှင် လင်းရှန်သည် ဂရေ့စ်ကို ရထားထိန်းချုပ်ရာတွင် ကူညီခိုင်းမည် ဖြစ်သည်။ သူမက ရေဒါနှင့် ဒရုန်းများကို တစ်ပြိုင်နက် ပေါင်းစပ်ကိုင်တွယ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ ထို Aiကို သူကိုယ်တိုင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဖုတ်ကောင်အုပ်ကြားတွင် ကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ခြင်းကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်တော့သည်။
အီး... ဂယား...ဂါး
အခြားတွဲများတွင် အဖွဲ့ဝင်များသည် လက်နက်များကို ကိုင်ဆောင်ကာ သံချပ်ကာ ပြတင်းပေါက်များမှတစ်ဆင့် အပြင်ကို ကြည့်နေကြသည်။ မီးရောင်များအောက်တွင် ထိတ်လန့်ဖွယ် ဖုတ်ကောင်မျက်နှာများကို မြင်တွေ့နေရသော်လည်း သူတို့၏ အမူအရာများမှာ တည်ငြိမ်နေကြ၏။
နံပါတ် ၅ တွင်းနက်မှ ထွက်လာပြီးနောက် သူတို့၏ စွမ်းအားများက သိသိသာသာတိုးတက်လာခဲ့သည်။ ဖုတ်ကောင်အုပ်ကြီးမှာ ရထားကို လမ်းချော်အောင် လုပ်နိုင်သည်မှအပ သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်တော့ပေ။ သူတို့ အစိုးရိမ်ဆုံးမှာ သန္ဓေပြောင်းသတ္တဝါများကြောင့် ဖြစ်ပေါ်လာမည့် အမှောင်အမှတ်အသား တုံ့ပြန်မှုများသာဖြစ်သည်။
သို့သော် ပေါင်းစည်းယာဉ်တန်းသည် ဖုတ်ကောင်ဒီရေကို ဖြတ်ကျော်လာခဲ့သော်လည်း ထူးခြားသော သတ္တဝါများ၏ တိုက်ခိုက်မှုကို မကြုံတွေ့ခဲ့ရပေ။ ဂြိုဟ်ပတ်ရထား တင်ဆောင်ရေးစက်ရုံ၏ သံချပ်ကာ နံရံများသို့ ရောက်ရှိချိန်အထိပင် ဝိညာဉ်လှိုင်းတန်ဖိုးတိုင်းတာစက်သည် မီးလင်းမလာခဲ့ပေ။
ယနေ့ညမှာတော့ အရာအားလုံး မျှော်လင့်ထားတာထက် ပိုပြီး ချောမွေ့နေသဖြင့် လူတိုင်း အံ့သြနေကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ပေါင်းစည်းယာဉ်တန်းသည် ကုန်တင်လမ်းကြောင်းကို ဖြတ်ကာ မြို့လယ်ရှိ စက်မှုဇုန် ခံစစ်ကြောင်းထဲသို့ ဝင်ရောက်လာသည်။ မြင့်မားသော သံချပ်ကာနံရံပေါ်တွင် ဝါကျင့်ကျင့်မီးရောင်များ တဖျတ်ဖျတ်လင်းနေပြီး ဧရာမ သံမဏိတံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာကာ ယာဉ်တန်းကို အထဲသို့ ပေးဝင်လိုက်သည်။
စက်ရုံအတွင်း နေရာကန့်သတ်ချက်ရှိသောကြောင့် လင်းရှန်က ရထားများကို ကြိုတင်ဖြုတ်ထားခဲ့သည်။ စက်ရုံထဲ ရောက်သည်နှင့် အလိုအလျောက် လမ်းကြောင်းပြောင်းစနစ်များက ရထားများကို မတူညီသောလမ်းကြောင်းများဆီသို့ လမ်းညွှန်ပေးလိုက်သည်။
စက်ရုံထဲ ရောက်သောအခါ လင်းရှန် သတိထားမိသည်မှာ ပလက်ဖောင်းပေါ်တွင် စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသော လက်နက်ကိုင်အစောင့်များ၏ အလောင်းများပြန့်ကျဲနေခြင်းပင်။ အနန္တ ရထား ရပ်လိုက်သည်နှင့် လင်းရှန်သည် တာလို့နှင့် လျန်လေးတို့ခေါင်းဆောင်သော တိုက်ခိုက်ရေးအဖွဲ့ နှစ်ဖွဲ့နှင့် ရှုချင်း၏ ကင်းထောက်အဖွဲ့ကို ချက်ချင်း စေလွှတ်လိုက်သည်။ စက်ရုံ ခံစစ်ဧရိယာ၏ ပတ်ဝန်းကျင်တည်ဆောက်ပုံကို လျင်မြန်စွာ လေ့လာခိုင်းပြီး ရထားများ ပို၍ဆိုက်ကပ်လာသည်မျှ တိုက်ခိုက်ရေးအဖွဲ့ဝင်များကို ခံစစ်ကြောင်းကို အင်အားဖြည့်ရန် ထပ်မံ စေလွှတ်လိုက်သည်။
ထိုအချိန်တွင် စက်ရုံအတွင်းမှ လူတစ်စုသည် သေနတ်များကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ထွက်လာကြသည်။ လင်းရှန် ကြည့်လိုက်ရာ ထိုသူအများစုမှာ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များ ဖြစ်ပုံရသည်။ အရှေ့ဆုံးတွင် စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးပါလာပြီး သူမ၏ ဦးထုပ်ကို ချွတာလိုက်သောအခါ ဆံပင်ရှည်များ ဝဲကျလာသည်။ ကျန်းရှု့ဝေသည် လင်းရှန်ထံသို့ လျင်မြန်စွာ လျှောက်လာရင်း အနန္တ ရထားပေါ်ရှိ လက်နက်များနှင့် သံချပ်ကာများကို ကြည့်ကာ ပြောလိုက်သည်။
“မတွေ့တာ ကြာပြီပဲ။ ရှင်လည်း လမ်းတစ်လျှောက်လုံး အဆင်ပြေခဲ့မှာ မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်”
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ လင်းရှန်၏ အမူအရာ ပြောင်းလဲသွားသည်။
“မင်းလူတွေ ဘယ်မှာလဲ”
“အများစုက အာရုဏ်ဦးမြို့တော်မှာ ရှိနေတယ်
ကျန်းရှု့ဝေက ပြောလိုက်သည်။
ထိုအချိန်တွင် ရှီတိယွမ်၊ နန်ကျင်း၊ ချီလီနှင့် မိုနီကာတို့လည်း လျှောက်လာကြသည်။
“ဥက္ကဋ္ဌကျန်း မတွေ့တာ ကြာပြီ”
ရှီတိယွမ်က ရှေ့တိုးကာ နှုတ်ဆက်လိုက်သည်။
ယူပေဆိပ်ကမ်းတွင် နဂါးတောင် ၁ နှင့် ငွေကြယ်ရထားတို့ ပူးပေါင်းအလုပ်လုပ်ခဲ့ကြဖူးသဖြင့် လူတိုင်းသည် သေဘေးမှ အတူတူလွတ်မြောက်လာခဲ့သည့် သံယောဇဉ်နှင့် ယုံကြည်မှုတို့ ရှိနေကြသည်။
“ဟယ်လို ကပ္ပတိန်ရှီ”
ကျန်းရှု့ဝေက ပြောရင်း မိုနီကာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“မိုနီကာလား”
“မင်းတို့ သိကြတာလား”
လင်းရှန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကက်တီးယားမိသားစုရဲ့ ပထမမင်းသမီးကို ကျွန်မက ဘယ်လိုလုပ်မသိဘဲနေမှာလဲ”
မိုနီကာက အေးဆေးစွာ ပြုံးလျက် ကျန်းရှု့ဝေကို ကြည့်လိုက်သည်၊၊
“မစ္စကျန်းကလည်း နှိမ့်ချနေပြန်ပါပြီ။ ကျွန်မက ရှင်နဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ။ ရှင်က လုပ်ငန်းစုကြီးရဲ့ အကြီးအကဲပဲ၊၊ ကျွန်မကတော့ သောင်တင်နေတဲ့ ယာဉ်တန်းတစ်ခုရဲ့ ခေါင်းဆောင်လေးပါ”
“ကမ္ဘာပျက်နေတဲ့ အချိန်မှာ လုပ်ငန်းစုဆိုတာ ရှိသေးလို့လား”
ကျန်းရှု့ဝေက တည်ငြိမ်စွာ ပြောပြီး လင်းရှန်ကို ကြည့်လိုက်သည်။
“နင်က ကပ္ပတိန်လင်းနဲ့ အတူတူရှိနေတယ်ဆိုတော့ ငါတို့က မဟာမိတ်တွေလို့ သတ်မှတ်လို့ ရတာပေါ့”
“ဒါ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ” မိုနီကာက ပြန်ဖြေသည်။
လင်းရှန် ခံစားမိနေသည်၊၊ ဤအမျိုးသမီးနှစ်ဦးကြားတွင် တစ်ခုခုရှိနေပုံရပြီး အခြေအနေမှာ အနည်းငယ် တင်းမာနေသည်။ သို့သော် လက်ရှိတွင် သူသည် ထိုအတိတ်က ကိစ္စများကို စိတ်မဝင်စားနိုင်ပေ။ ကျန်းရှု့ဝေ ပြောသကဲ့သို့ပင် ယခုသည် ကမ္ဘာပျက်နေသည့် အချိန်ဖြစ်သဖြင့် ထိုအရာများက အရေးမပါတော့ပေ။
“အာရုဏ်ဦးမြို့တော်ဘက်မှာ ဘာတွေဖြစ်နေလဲ”
လင်းရှန်က မေးလိုက်သည်။
ကျန်းရှု့ဝေက ချက်ချင်း လှည့်၍ ပြောလိုက်သည်၊၊
“အချိန်မရှိဘူး။ အာရုဏ်ဦးမြို့တော်နဲ့ အနီရောင်ကမ္ဘာက အချိန်မရွေး လှုပ်ရှားလာနိုင်တယ်။ စကားတွေအများကြီး မပြောတော့ဘူး၊၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ”
လင်းရှန်က အချို့သော အစီအစဉ်များကို လုပ်ဆောင်ပြီးနောက် ချန်ဆီရွှမ်နှင့် ကီကီကို သူနှင့်အတူ ခေါ်ဆောင်ကာ ကျန်းရှု့ဝေ၏ နောက်မှ စက်ရုံထဲသို့ လျင်မြန်စွာ လိုက်သွားကြသည်။
ဆိုက်ကပ်ထားသော ရထားများကို ဖြတ်ကျော်စဉ် မိုးများ ပြင်းထန်စွာ ရွာသွန်းနေသည်။ မကြာမီတွင် ညကောင်းကင်ယံအောက်၌ ဧရာမ သံမဏိစက်ရုံကြီးတစ်ခု ပေါ်လာသည်။
ကျန်းရှု့ဝေသည် လင်းရှန်နှင့် အဖွဲ့ကို ရထားတွဲနှင့် တူသော ဓာတ်လှေကားတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး ၎င်းသည် မြေအောက်ထဲသို့ စောင်းလျက် အရှိန်ဖြင့် ဆင်းသွားသည်။
မီတာရာဂဏန်းခန့် ဆင်းပြီးနောက် အရှိန်ပြင်းစွာ မောင်းနှင်နေသော ဓာတ်လှေကားသည် ဖြည်းညှင်းစွာ ရပ်သွားသည်။ လင်းရှန်သည် ကောင်းကင်အမိုးခုံးအဆင့် ရထားကို အရင်မြင်ရလိမ့်မည်ဟု ထင်ထားသော်လည်း ကျန်းရှု့ဝေက သူတို့ကို မြေအောက်ထဲသို့ ခေါ်လာမည်ဟု မမျှော်လင့်ထားပေ၊၊
လင်းရှန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဓာတ်လှေကားတံခါးများ ပွင့်သွားပြီး ဧရာမ မြေအောက် အဆောက်အအုံကြီးတစ်ခု ပေါ်လာသည်။ ချက်ချင်းပင် လူတိုင်းမှာ မှင်တက်သွားကြရသည်။
အကြောင်းမှာ သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့၏ မြင်ကွင်းထဲတွင် ဧရာမ ယန္တရားစက်ရုပ်ကြီးတစ်ရုပ် မတ်တပ်ရပ်နေသောကြောင့် ဖြစ်သည်။ ယခင် စီလန်မြို့က ယူနစ် ၀၁ စက်ရုပ်နှင့် ယှဉ်လျှင် ဤစက်ရုပ်က မကြီးလှပေ၊၊ မီတာ ၅၀ ခန့်သာ ရှိပုံရသည်။ သို့သော် ထူးဆန်းသည်မှာ ၎င်းသည် စက်ရုပ်စစ်စစ် မဟုတ်ပေ။ ဤစက်ရုပ်၏ နေရာအတော်များများတွင် ဇီဝအသားမျှင်များကို လင်းရှန် မြင်နေရသည်။ ဤဧရာမ လူသားပုံသဏ္ဌာန် သတ္တဝါ၏ အရေပြားမှာ မီးခိုးရောင်သန်းနေပြီး ခြောက်သွေ့တင်းမာနေသည်။ လေထုထဲတွင်လည်း အပုပ်နံ့နှင့် ပိုးသတ်ဆေးနံ့များ ရောထွေးနေ၏။ ၎င်းသည် ဧရာမ လူသားပုံသဏ္ဌာန် သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်ပင်၊၊
ထိုယန္တရားပစ္စည်းများမှာ ထိုသတ္တဝါကြီး ဝတ်ဆင်ထားသော သံချပ်ကာများနှင့် တူနေသည်။
“ဒါ... ဒါက ငါတို့ တွင်းနက်ထဲမှာ တွေ့ခဲ့တဲ့ လူသားပုံစံ သန္ဓေပြောင်းသတ္တဝါ မဟုတ်လား”
(အဖြူရောင်မြို့က စောင့်ကြည့်သူသတ္တဝါကို ရည်ညွှန်းပုံရပါတယ်)
“အသက်ရှင်နေတာလား၊၊ သေနေတာလား”
“နည်းပညာအရပြောရင်တော့ သူ သေနေပါပြီ”
ကျန်းရှု့ဝေက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
လူတိုင်း၏ မျက်နှာအမူယာများ ပြောင်းလဲသွားကြပြီး လင်းရှန်၏ မျက်နှာက ခက်ထန်သွားကာ သူက မေးလိုက်သည်၊၊
“... ဒါက အနီရောင်ကမ္ဘာရဲ့ ဖန်တီးမှုဖြစ်တဲ့... အသွေးအသားပေါင်းစပ်ဇီဝသတ္တဝါလို့ ငါ့ကို မပြောနဲ့”
Chapter 761
ဖင်းဂါးအုပ်စု ၁
ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ ခံစားလိုက်ရသည့် တုန်လှုပ်မှုကို ဖော်ပြရန် လင်းရှန်အနေဖြင့် စကားလုံးရှာမရအောင် ဖြစ်နေရသည်။
တွင်းနက်အတွင်း၌ ကြုံတွေ့ခဲ့ရသော အနီရောင်သတ္တဝါကို အသွေးအသားပေါင်းစပ်မှုနှင့် ပတ်သက်သည့် လူသားသန္ဓေပြောင်းမှုတစ်မျိုးဟု နားလည်ပေးနိုင်သော်လည်း ယခုရှေ့တွင် မြင်တွေ့နေရသည့် အရာမှာမူ လူသားတို့၏ နားလည်နိုင်သည် နယ်ပယ်ကို လုံးဝကျော်လွန်နေပြီ ဖြစ်သည်။
“ရှင်ပြောတာ မှန်တယ်၊၊ ဒါဟာ တကယ်ပဲ အနီရောင်ကမ္ဘာရဲ့ လျှို့ဝှက်ထုတ်လုပ်ရေး စက်ရုံတစ်ခုပဲ”
ကျန်းရှု့ဝေသည် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒီနေရာမှာ မူလက အကြီးစား မီကာစက်ရုပ်တွေနဲ့ လေယာဉ်တွေ တပ်ဆင်တဲ့ အလုပ်ရုံဖြစ်ပြီး အထူးလျှို့ဝှက်အဆင့် သတ်မှတ်ထားတယ်။ စစ်ပွဲကာလထုတ်လုပ်မှုတွေအတွက် အဓိကသုံးခဲ့တာ ဖြစ်တယ်။ ကျွန်မလည်း ထုတ်လုပ်ရေးစက်ရုံရဲ့ ပင်မထိန်းချုပ်ရေးဗဟိုကို လွှဲပြောင်းရယူပြီးမှပဲ ဒီလိုနေရာမျိုး ရှိမှန်းသိခဲ့တာ”
“ဒါဆို ဒါက စွန့်ပစ်ထားတဲ့ တည်ဆောက်ရေး အခြေစိုက်စခန်းတစ်ခုပေါ့ ဟုတ်လား”
ချန်ဆီရွှမ်က မေးလိုက်သည်။
“ကျွန်မလည်း မသိဘူး။ အနီရောင်ကမ္ဘာရဲ့ လှုပ်ရှားမှုတွေက အရမ်းလျှို့ဝှက်လွန်းတယ်။ ဒါပေမဲ့ ဖက်ဒရယ်အဆင့် နောက်ခံရှိမှပဲ သူတို့အတွက် ဒီလိုအထူးလျှို့ဝှက်စက်ရုံမျိုးကို စီစဉ်ပေးနိုင်မှာပဲ”
“ဖာ့ခ်… သူတို့တွေ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ”
လင်းရှန်သည် အပေါ်ရှိ ဧရာမ ထူးဆန်းသည့် ဇီဝမျိုးစပ်သတ္တဝါကြီးကို မော့ကြည့်လိုက်သည်။ သူ အင်ပါယာပရောဂျက်တွင် မြင်တွေ့ခဲ့ရသည့် လူသားစက်မှုပညာ၏ အထွတ်အထိပ်ဖြစ်သော၊ စက်ယန္တရားအငွေ့အသက်နှင့် လေးလံထည်ဝါမှုတို့နှင့် ပြည့်နှက်နေသည့် ယူနစ် ၀၁ - ဖန်ကူနှင့်မတူဘဲ ဤအသွေးအသားဖြင့် တည်ဆောက်ထားသည့် ဇီဝမျိုးစပ်သတ္တဝါကြီးသည် ယုတ်ညံ့သည့် မကောင်းသောခံစားချက်ကို ပေးစွမ်းနေသည်။ ပြင်းထန်လှသော ပိုးသတ်ဆေးနံ့မှာလည်း သတ္တဝါများကို ဖော်မလင်ဖြင့် စိမ်ထားသည့် ပြတိုက်ထဲသို့ ရောက်နေသကဲ့သို့ ခံစားရစေပြီး တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
“ကီကီ သွားကြည့်ရအောင်”
“ကောင်းပြီ”
ဘာမှထပ်မပြောတော့ပဲ ကီကီသည် လင်းရှန်ကို ခေါ်ဆောင်ကာ အပေါ်သို့ ပျံတက်သွားပြီး ထူးဆန်းသည့် သန္ဓေပြောင်းခန္ဓာကိုယ်ကြီး၏ အထက်သို့ ရောက်ရှိသွားသည်။
လင်းရှန်သည် ထိုသတ္တဝါကြီးကို ကြည့်လိုက်ရာ သေမျိုးလောကထဲသို့ အတင်းဆွဲခေါ်ခြင်း ခံထားရသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင် လေယာဉ်ရုံ၏ အမှောင်ရိပ်ထဲ၌ ရပ်တန့်နေသည်ကို တွေ့ရ၏။ ယင်း၏ ဦးခေါင်းတွင် သံချပ်ကာတစ်မျိုး မြှုပ်နှံထားပြီး ကျောဘက်တွင် ကြီးမားသော ဦးနှောက်-ကွန်ပျူတာ ထိန်းချုပ်ရေးစနစ် တပ်ဆင်ထားသည်။ ဇီဝဖိနှိမ်ကိရိယာ အကြီးစားနှစ်ခုမှာ ကျောရိုးထဲသို့ ချွန်ထက်သော ဓားနှစ်စင်းကဲ့သို့ ထိုးစိုက်ထားပြီး ဝါကျင်ကျင် အရည်များ ပြည့်နေသည့် ပိုက်လိုင်းများစွာဖြင့် ချိတ်ဆက်ထားကာ ထိုနေရာမှ အနံ့ဆိုးများ ထွက်ပေါ်နေပုံရသည်။
ယင်း၏ လည်ပင်းနှင့် အဆစ်များကို အနီရောင်ထိန်းချုပ်ကိရိယာများဖြင့် ပတ်ထားပြီး သတိပေးသင်္ကေတများ ရေးထိုးထားသည့် သတ္တုပြားများမှာ ထိုသန္ဓေပြောင်းခန္ဓာကိုယ်ကို ကာကွယ်ရန် မဟုတ်ဘဲ ဖိနှိမ်စနစ်နှင့် ထိန်းချုပ်ကိရိယာများကို စောင့်ကြပ်ရန်သာ ဖြစ်သည်။
လင်းရှန်သည် ထိုသတ္တဝါကြီး၏ ဦးခေါင်းကို ကြည့်လိုက်ရာ မျက်လုံးအကာအတွင်း၌ မီးခိုးရောင်နှင့် အပြာဖျော့ရောင်သန်းနေသော မျက်လုံးများကို မြင်လိုက်ရသည်။ အသားများမှာ တောင့်တင်းနေပြီး သေဆုံးနေသည်မှာ ထင်ရှားလှသည်။ သို့သော် သူကြည့်လိုက်သည့် ခဏချင်းမှာပင် ပြင်းထန်သော အမှောင်ထုလှိုင်းတစ်ခု ရုတ်တရက် ဖြတ်ခနဲ ဖြစ်သွားပြီး သူနှင့် ကီကီတို့ နှစ်ဦးစလုံး အေးစက်သောလေပြင်းတိုက်သွားရသလို ခံစားလိုက်ရသည်။ လင်းရှန်သည် သူ၏ မျက်လုံးကို ကာထားသော လက်ကို ဖြည်းညင်းစွာ ချလိုက်သည့်အခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ စိတ်ချောက်ခြားမှုကြောင့်လား မသိသော်လည်း ထိုသတ္တဝါကြီး၏ မျက်လုံးများမှာ စိမ်းဖန့်ဖန့် အရောင်တောက်နေသည်ဟု သူ မြင်လိုက်ရသည်။ ပါးစပ်က ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး အစွယ်များမှာ ဖြည်းဖြည်းချင်း ပြန့်ကားလာကာ လိမ်ယှက်နေသော ကျောရိုးဆီမှ “ကလပ်” ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းရှန် ထိတ်လန့်သွားစဉ်မှာပင် နောက်တစ်ခဏ၌ အရာအားလုံးမှာ ဘာမှမဖြစ်ခဲ့သကဲ့သို့ နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
ယန္တရားများဖြင့် ဖုံးအုပ်ထားသော ထိုသန္ဓေပြောင်းခန္ဓာကိုယ်ကြီးတစ်ခုလုံးကို စက်ရုံ၏ ထိန်းချုပ်ကိရိယာများနှင့် ဟိုက်ဒရောလစ်စနစ်များဖြင့် ပုံသေသတ်မှတ်ထားသည်။ လင်းရှန်သည် ဝိညာဉ်လှိုင်းတန်ဖိုးတိုင်းတာကိရိယာကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်သည်။ အမှောင်အမှတ်အသား မရှိသည့်အပြင် ဝိညာဉ်လှိုင်းတုန်ခါမှု တန်ဖိုးကိုပင် ရှာမတွေ့တော့သဖြင့် ဤသန္ဓေပြောင်းခန္ဓာကိုယ်သည် လုံးဝသေဆုံးသွားပြီဖြစ်ကြောင်း သိသာနေသည်။
“ကီကီ”
လင်းရှန်သည် ထိန်းချုပ်စင်ပေါ်ရှိ ကွန်ပျူတာတစ်လုံးကို လက်ညှိုးထိုးကာ ကီကီကို အချက်ပြလိုက်သည်။
ကီကီက ခေါင်းညိတ်ပြပြီး ချက်ချင်း ပျံသွားစဉ် လင်းရှန်ကမူ သတ္တဝါပေါ်ရှိ ထိန်းချုပ်ကိရိယာနှင့် ဖိနှိမ်စနစ်ကို ယန္တရားစကင်ဖတ်ခြင်း စွမ်းရည်ဖြင့် စစ်ဆေးနေလိုက်သည်။
အောက်ဘက်တွင်မူ ချန်ဆီရွှမ်သည် လင်းရှန် စကင်ဖတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရှု့ဝေကို ချက်ချင်း မေးလိုက်သည်။
“အပေါ်က လူတွေက ဒီလောက်ကြီးမားတဲ့ မြေအောက်တည်ဆောက်ရေးကြီးအကြောင်းကို မသိဘဲ နေနိုင်ပါ့မလား”
ကျန်းရှု့ဝေက ခေါင်းခါပြသည်၊၊
“ဒီအောက်မှာ လျှို့ဝှက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုရှိတယ်။ ကြယ်ဆိပ်ကမ်းအပြင် စစ်ဘက်ဆိုင်ရာ လေဆိပ်တွေနဲ့ အခြေစိုက်စခန်းတချို့ကိုလည်း ချိတ်ဆက်ထားတာ။ အနီရောင်ကမ္ဘာက မြေအောက်မှာ လှုပ်ရှားရတာကို သဘောကျတယ်။ အခုလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်သူမှ လိုက်မစုံစမ်းနိုင်ဘူး”
“မဟုတ်သေးဘူး”
ချီလီက မျက်မှောင်ကြုတ်လျက် ကြီးမားသော ဇီဝမျိုးစပ်သတ္တဝါကြီးကို မော့ကြည့်ကာ မေးသည်၊၊
“ဒါက လက်နက်တစ်ခုအနေနဲ့ သုံးဖို့လား။ သူတို့က ဒီသန္ဓေပြောင်းသတ္တဝါကို ထိန်းချုပ်ဖို့ ကြံစည်နေတာလား”
“ဒါက အနည်းဆုံးတော့ အဆင့် (A) ရှိတဲ့ သန္ဓေပြောင်း သတ္တဝါကြီးပဲ”
နန်ကျင်းက မိုနီကာကို ပြောလိုက်သည်၊၊
“ငါတို့ အဖြူရောင်မြို့ကနေ ဆုတ်ခွာတုန်းက အထပ်မြင့် အဆောက်အအုံပေါ်မှာ ရပ်နေတဲ့ တစ်ကောင်ကို တွေ့ခဲ့တာ မှတ်မိလား”
“မှတ်မိတာပေါ့။ အဲဒီကောင်က အကြီးစား လက်နက်တွေ မပါဘဲနဲ့တော့ ကိုင်တွယ်ရ ခက်လိမ့်မယ်”
မိုနီကာက လက်ပိုက်ထားပြီး မျက်နှာအမူယာက ရှုပ်ထွေးနေသည်၊၊
“တွင်းနက်ထဲက အနီရောင်ကမ္ဘာရဲ့ စမ်းသပ်ခံတွေနဲ့ အနီရောင်သတ္တဝါတွေကို ကြည့်ရသလောက် သူတို့ရဲ့ ပန်းတိုင်က ဒီလို သတ္တဝါတွေထဲကို သူတို့ရဲ့ အသိစိတ်ကို ပြောင်းရွှေ့ဖို့ ဖြစ်ပုံရတယ်။ ဒါပေမဲ့ ကိုယ်ပွားတွေနဲ့ အနီရောင်သတ္တဝါတွေက အနည်းဆုံးတော့ လူနဲ့ နည်းနည်းတူသေးတယ်။ သန္ဓေပြောင်း သတ္တဝါကြီးတွေကော အဲဒီလိုလုပ်လို့ရမှာလား”
“ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”
ရှီတိယွမ်က ခေါင်းညိတ်ထောက်ခံသည်။
“ဒါက သူတို့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား။ ဒါပေမဲ့ ငါ သိချင်တာက သန္ဓေပြောင်းသတ္တဝါတွေကို ထိန်းချုပ်ဖို့ အဲဒီလောက် လွယ်နေရင် လူသားတွေ ဒီလောက် အထိနာပါ့မလား”
“ဒါကြောင့်မို့လို့ ဒါဟာ အလောင်းဖြစ်နေတာပေါ့”
ထိုအချိန်တွင် လင်းရှန်နှင့် ကီကီတို့သည် အပေါ်မှ ဆင်းသက်လာကြပြီး သူတို့၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။
“စစ်ဆေးပြီးပြီ။ ဒါဟာ အနီရောင်သတ္တဝါရဲ့ မှိုမျှင်ဦးနှောက်စက်နဲ့ ဇီဝဖိနှိမ်ရေး နည်းပညာအတိုင်းပဲ။ ဒါပေမဲ့ ဒါက စမ်းသပ်မှုတစ်ခုနဲ့ ပိုတူနေတယ်”
“ဘယ်လို စမ်းသပ်မှုလဲ”
“ကျွန်မလည်း မသိဘူး”
ကီကီသည် လက်ကိုင်ကွန်ပျူတာတစ်ခုကို အသုံးပြုကာ ပြောလိုက်သည်၊၊
“မှတ်တမ်းအချက်အလက်အားလုံး အဖျက်ခံထားရတယ်။ လွန်ခဲ့တဲ့ သုံးရက်ကမှ ဖျက်သွားတာ။ ဒါပေမဲ့ ဒီအရာကြီးက ဒီနေရာမှာ ရှိနေတာ ကြာလှပြီ”
“သုံးရက်ကတည်းကလား”
ချန်ဆီရွှမ်က မျက်မှောင်ကြုတ်သွားသည်၊၊
“ဒါဆိုရင် ကျွန်မတို့ ကျင်းဟိုင်ကို ဝင်လာတာနဲ့ ဘာမှမဆိုင်ဘူးပေါ့”
လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊
“ဟုတ်တယ်။ ဒါက စွန့်ပစ်ထားတဲ့ ကိရိယာတစ်ခုပဲ”
“ဒါက အသုံးဝင်လား”
ကီကီက မျှော်လင့်ချက်အပြည့်ဖြင့် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒါကို နှိုးပြီးတော့ ဧရာမ စက်ရုပ်ကြီးအနေနဲ့ သုံးလို့ရမလား”
“မရဘူး”
လင်းရှန်သည် လက်ကို မြှောက်ကာ ဇီဝမျိုးစပ်သတ္တဝါ၏ ရင်ဘတ်နေရာကို ညွှန်ပြလိုက်သည်။
“ဒါက စက်ရုပ်နဲ့ မတူဘူး။ ဖိနှိမ်စနစ်နဲ့ ထိန်းချုပ် ကိရိယာတွေအပြင် ဒီချပ်ကာတွေပဲ ရှိတာ။ ပြီးတော့ အဲဒီ ချပ်ကာတွေကလည်း လှုပ်ရှားမှု စမ်းသပ်ဖို့အတွက်ပဲ ရည်ရွယ်တာ။ ဒါကြောင့် စွမ်းအင်ယူနစ် အနည်းငယ်ကလွဲရင် ဒါကြီးကို လှုပ်ရှားစေမယ့် ဘာကိရိယာမှ မပါဘူး”
“မောင်းနှင်တဲ့ ကိရိယာ မပါဘူး ဟုတ်လား”
ချီလီက မယုံနိုင်သလို လှောင်ပြုံးပြုံးရင်း ပြောသည်၊၊
“ဒါဆို ဒီအရာကြီးက သန္ဓေပြောင်းသတ္တဝါရဲ့ သက်ရှိခန္ဓာကိုယ်ကိုပဲ အားကိုးပြီး လှုပ်ရှားရတာပေါ့။ ပြီးတော့ အသွေးအသားပေါင်းစပ်ခြင်းဆိုတာကလည်း မြင်းကုန်းနှီးနဲ့ ဇက်ကြိုးလိုပဲလား”