အခန်း (၇၆၄-၇၆၅)
Vol. 45 Ch. 764-765
Chapter 764
အာကာသရထား ၁
“အနည်းဆုံးတော့ အခုအချိန်မှာ သူတို့က မှိုမျှင်တွေနဲ့ ဦးနှောက်ယန္တရားနည်းပညာကို ပေါင်းစပ်ပြီး အဲဒီရွံစရာကောင်းတဲ့ အနီရောင်သတ္တဝါတွေကို တကယ်ဖန်တီးထားနိုင်တာပဲ။ အမှောင်သတ္တဝါတွေကို ဇီဝသက်ရှိတွေလို့ သတ်မှတ်ရင် သီအိုရီအရတော့ ဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါနဲ့ မင်းရဲ့ရထားပေါ်မှာ အဆင့်မြင့် ဇီဝဗေဒ ပါရဂူတစ်ယောက် ရှိနေတာပဲ။ သူမရဲ့ အမြင်ကို မေးကြည့်ဖို့ အကြံပေးချင်တယ်”
“ကောင်းပြီ။ ကြယ်ဆိပ်ကမ်းရဲ့ အခြေအနေက ဘယ်လိုလဲ”
လင်းရှန်က မေးလိုက်သည်။
“အကုန်ရှင်းပြီးပြီ။ အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့လူတွေ အကုန်ထွက်ပြေးသွားကြပြီ”
ရှင်းဂျီ၏ နောက်မှ ရွှန်းက ဝင်ပြောသည်၊၊
“အာကာသတိုက်သင်္ဘော အစိတ်အပိုင်းတချို့နဲ့ မပြီးသေးတဲ့ ပျံသန်းရေးကိရိယာတွေကလွဲရင် အသုံးဝင်တာတွေ အကုန်လုံးကို ဖယ်ရှားပြီးပြီ”
“ဒီလောက်တောင် မြန်တာလား”
“သူတို့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ရှိပုံရတယ်။ ငါ့ရဲ့ ကင်းထောက်အဖွဲ့တွေလည်း ထွက်သွားကြပြီ။ မကြာခင် အာရုဏ်ဦးမြို့တော်ဆီက သတင်းရလိမ့်မယ်”
“ကောင်းပြီ။ ပူးပေါင်းကာကွယ်ရေးကို ဆက်လုပ်ကြတာပေါ့”
စက်မှုဇုန်ရှိ ကြယ်ဆိပ်ကမ်းအခြေစိုက်စခန်းနှင့် အာကာသရထား တင်ဆောင်သည့် စက်ရုံမှာ ၁၀ ကီလိုမီတာခန့်သာ ဝေးပြီး အနောက်ဘက်ဆင်ခြေဖုံးရှိ တိတ်ဆိတ်မြို့တော်နှင့် ပေါင်းလိုက်လျှင် တြိဂံပုံစံ ကာကွယ်ရေးအနေအထား ဖြစ်သွားသည်။ အခု ကြယ်ဆိပ်ကမ်းကို တိတ်ဆိတ်မြို့တော်က လူများက သိမ်းပိုက်လိုက်ပြီဖြစ်ရာ ကျင်းဟိုင်တစ်မြို့လုံးသည် ယာယီအားဖြင့် သူတို့ပိုင်နက်ဖြစ်သွားပြီဖြစ်သည်။
အနီရောင်ကမ္ဘာဘက်မှ အကြီးစား တိုက်ခိုက်မှုများမရှိသလို အာရုဏ်ဦးမြို့တော် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြန်လည်တိုက်ခိုက်မှုလည်း မရှိသေးပေ။ လင်းရှန်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် မြို့ကြီးတစ်မြို့၏ အချက်အချာနေရာကို မထင်မှတ်ဘဲ သိမ်းပိုက်လိုက်ရခြင်း ဖြစ်သည်။
သို့သော် သူသည် အခြားအရာများကို ဂရုစိုက်နေမည့် စိတ်အနေအထားတွင် မရှိပေ။ ထိုအစား သူသည် အနန္တရထားနှင့် ပေါင်းစည်းယာဉ်တန်းမှ ခေါင်းဆောင်များနှင့် အဓိကအဖွဲ့ဝင်များကို ခေါ်ယူလိုက်ပြီး အဖွဲ့တစ်ခု ဖွဲ့စည်းကာ ကျန်းရှု့ဝေ၏ နောက်မှလိုက်၍ အကြီးဆုံးဖြစ်သော နံပါတ် ၁ စက်ရုံဆီသို့ ဦးတည်လိုက်ကြသည်။
စက်ရုံထဲ မဝင်မီ အဝေးရှိ သံလိုက်စွမ်းအင်ဖြင့် လွင့်မျောနေသော ဆိုက်ကပ်ကွင်းအတွင်းမှ ဧရာမ ရထားတွဲကြီးများကို မြင်လိုက်ရသောအခါ လင်းရှန်၏ မျက်နှာတွင် တုန်လှုပ်မှုများ ချက်ချင်းပေါ်လာသည်။
ကျန်ရှိသူများလည်း အံ့အားသင့်နေကြသည်။
“အဲဒါ ဘာကြီးလဲ” လင်းရှန်က မေးသည်။
“စံနှုန်းမီ ကြယ်သင်္ဘောကိုယ်ထည် မော်ဂျူးတွေပဲ။ ပြောရရင်တော့ ကောင်းကင်အမိုးခုံးအဆင့် အာကာသရထားရဲ့ သာမန်ရထားတွဲတွေပေါ့”
ကျန်းရှု့ဝေက ပြောသည်။
“ဒါ... ဒါက ရထားလား။ ကြယ်သင်္ဘောကြီး မဟုတ်ဘူးလား”
ဟူလုရှို့က လင်းရှန်၏ နောက်မှ စိတ်လှုပ်ရှားစွာ လိုက်လာရင်း ဧရာမ ရထားတွဲကြီးကို မြင်သောအခါ မျက်လုံးပြူးသွားသည်။
“ဒါက ရထားလည်း ဟုတ်သလို ကြယ်သင်္ဘောလည်း ဟုတ်တယ်”
ကျန်းရှု့ဝေ၏ ဘေးမှ အကြီးတန်းအင်ဂျင်နီယာတစ်ဦးက အသံကျယ်ကျယ်ဖြင့် မိတ်ဆက်ပေးလိုက်သည်၊၊
“ဒီသင်္ဘောမော်ဂျူးမှာ ကိုယ်ပိုင်မောင်းနှင်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အာကာသရထားဆိုတာ စံနှုန်းမီ မော်ဂျူး အာကာသသင်္ဘောတွေ ဖြစ်ပြီး အကန့်အသတ်မရှိ ချိတ်ဆက်လို့ရတယ်လို့ နားလည်ထားလို့ ရပါတယ်”
“ပင်မသင်္ဘောကြီးကို မြင်တဲ့အခါကျမှ သူတို့ကို ဆက်ပြီး မိတ်ဆက်ပေးလိုက်ပါ”
ကျန်းရှု့ဝေက ပြောလိုက်သည်။
လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေစဉ် လင်းရှန်သည် ချန်ဆီရွှမ်၊ ကီကီတို့နှင့်အတူ အံ့အားသင့်စွာ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် အမှတ် ၁ စက်ရုံဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ စက်ရုံထဲမဝင်မီမှာပင် ခေါင်းပေါ်၌ စက်ရုပ်အုပ်ကြီးသည် စနစ်တကျသွားလာလှုပ်ရှားနေသည်ကို မြင်တွေ့နေရပြီး စက်ကိရိယာများ တပ်ဆင်ဂဟေဆော်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
လင်းရှန်နှင့် သူ၏အပေါင်းအပါများ အမှတ် ၁ စက်ရုံအတွင်း ခြေချလိုက်မိချိန်တွင် ခဏမျှ အသက်ရှူပင် မှားသွားကြသည်။
ဤစက်ရုံမှာ ရိုးရိုးအလုပ်ရုံတစ်ခုမဟုတ်ဘဲ လူလုပ်ချောက်ကမ္ဘာကြီးတစ်ခုအလား ထင်မှတ်ရသည်။ ဘေးတစ်ဖက်တစ်ချက်ရှိ သံမဏိတိုင်ကြီးများသည် မိုးထိအောင် မြင့်မားသည့် သစ်ပင်ကြီးများနှယ် အမိုးခုံးကြီးကို ထောက်မထားသည်။ ထိုချောက်ကမ္ဘာ၏ အလယ်ဗဟိုတွင်မူ ခန့်ညားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခုမှာ သူတို့ရှေ့၌ ထင်ရှားစွာ ပေါ်ထွက်လာသည်။
ကိုယ်ထည်တစ်ခုလုံးကို အနက်ရောင် ကြယ်သင်္ဘောသံချပ်ကာများဖြင့် ဖုံးအုပ်ထားပြီး မီတာ ၂၀၀၀ ကျော် ရှည်လျားသည့် အနက်ရောင် ကိုယ်ထည်ကြီးမှာ တပ်ဆင်ရေး နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ယင်းကို ရထားဟု ခေါ်ဆိုရန်ပင် ခက်ခဲလှပြီး ကောင်းကင်၌ ပျံသန်းနိုင်သည့် ကြယ်သင်္ဘာကြီးတစ်စင်းနှင့် ပို၍ တူနေသည်။
အထူးခြားဆုံးမှာ ထိုဧရာမ ကိုယ်ထည်ကြီးကို အပိုင်းလေးပိုင်း ခွဲခြားထားခြင်းပင် ဖြစ်သည်။ အရွယ်အစားနှင့် ပုံသဏ္ဌာန် ကွဲပြားကြသော်လည်း အားလုံးကို ချိတ်ဆက်လိုက်ပါက အိမ်မှ ထုတ်လိုက်သည့် စကြဝဠာ ဓားရှည်ကြီးတစ်လက်ကဲ့သို့ ခန့်ညားထိတ်လန့်ဖွယ် ကောင်းလှသည်။
“ဝိုး ဒါက ရထားလား” ရှားရှား မျက်လုံးအပြူးသားဖြစ်သွားသည်။
“ဒါက မိုးကုတ်စက်ဝိုင်းအလွန်ကြယ်စင်ခရီး ကြယ်သင်္ဘောထက်တောင် ပိုကြီးသေးတယ်”
ရှုချင်းက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် တာလို့၊ လျန်လေး၊ လော့ယန်နှင့် လီယီတို့အားလုံး အလွန်အံ့အားသင့်နေကြသည်။ မြောင်လု၊ လုချန်နှင့် ရှောင်ယွမ်တို့ကဲ့သို့ လူငယ်လေးများမှာလည်း အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။
“တကယ်ကို အထင်ကြီးစရာပဲ… သောက်ရမ်းမိုက်တယ်”
လုရှင်းချန်က မျက်လုံးများ တောက်ပလျက် လင်းရှန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုလင်း ကျွန်တော်တို့ ဒီယာဉ်ပေါ်တက်ပြီး ကောင်းကင်မှာ စွန့်စားပြီး ဟိုးအဝေးက အဆုံးမဲ့ကြယ်စင်စုတွေဆီကို ခရီးနှင်ကြရအောင်”
“အရမ်း စိတ်ကူးမစောပါနဲ့ဦး”
ကီကီက လက်မြှောက်ကာ သူ့စကားကို ဖြတ်ပြောလိုက်ပြီး အနက်ရောင် ကြယ်သင်္ဘောကို ကြည့်ကာ မေးလိုက်သည်။
“ဒါကြီးက ရထားလမ်းပေါ်မှာ တကယ် ပြေးနိုင်လို့လား”
“ပြေးနိုင်တာပေါ့”
လူအိုကြီးမိုက စိတ်လှုပ်ရှားစွာဖြင့် အပေါ်သို့ မော့ကြည့်ရင်း ယာဉ်အောက်ခြေရှိ ထူးဆန်းသော အနက်ရောင် စွမ်းအင်လမ်းညွှန်ကိရိယာနှစ်ခုကို ညွှန်ပြလိုက်သည်။
“ဒါတွေကို ရထားလမ်းညွှန်လို့ ခေါ်တယ် သံလိုက်ဓာတ်နဲ့ ပျံဝဲနိုင်တဲ့ စွမ်းအင်စက်ကွင်းကို ထုတ်ပေးပြီး ဂြိုဟ်ပတ်ရထားလမ်းအတိုင်း ကပ်ပြီး သွားလာနိုင်အောင် လုပ်ပေးတာ ဂြိုဟ်ပတ်ရထားလမ်းကိုက သံလိုက်ဓာတ်နဲ့ အလျားလိုက်ကိရိယာကို သုံးဖို့ ဒီဇိုင်းဆွဲထားတာဆိုတော့ ဒါက လုံးဝ ဖြစ်နိုင်ခြေရှိတယ်”
“ဟုတ်ပါတယ်”
ကျန်းရှု့ဝေ၏ ဘေးနားရှိ အင်ဂျင်နီယာက ဝင်ရှင်းပြသည်။
“မူလက ဂြိုဟ်ပတ်ရထားလမ်းကို ဝမ်ယွဲ့ဂြိုဟ်ပတ်လမ်းတည်ဆောက်ဖို့အတွက် အပေါ်က အာကာသထဲမှာ သုံးဖို့ ရည်ရွယ်ခဲ့တာပဲ၊၊ ဝမ်ယွဲ့ဂြိုဟ်ပတ်လမ်းက အာကာသမြို့တော်ဖြစ်သလို လကမ္ဘာနဲ့ ဆက်သွယ်ပေးတဲ့ ဘူတာရုံလည်း ဖြစ်တယ်၊၊ ကောင်းကင်အမိုးခုံးအဆင့် အာကာသရထားကိုတော့ ကမ္ဘာနဲ့ လကြား ပစ္စည်းတွေကို ထိထိရောက်ရောက် သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းဆွဲခဲ့တာပဲ၊၊ ဒါပေမဲ့ နည်းပညာအကန့်အသတ်နဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အခက်အခဲတွေကြောင့် ဝမ်ယွဲ့ဂြိုဟ်ပတ်လမ်းအတွက် အီကွေတာ အာကာသဓာတ်လှေကား အစီအစဉ်ကိုပဲ ရွေးချယ်ခဲ့ကြတယ်၊၊ အခုရှိနေတဲ့ ဂြိုဟ်ပတ်ရထားလမ်းကတော့ မြေပြင်ပထမအဆင့် စီမံကိန်းလို့ပဲ ဆိုရမှာပေါ့၊၊ ကမ္ဘာလုံးဆိုင်ရာ သံလိုက်ဆွဲငင်အားသုံး သယ်ယူပို့ဆောင်ရေးဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အများကြီးတိုးတက်စေခဲ့တယ်”
“အခု ဒီကောင်းကင်အမိုးခုံးအဆင့် အာကာသာရထားကြီးကို Ark-7 လို့ အမည်ပေးထားတယ်၊၊ သူ့ရဲ့ အဓိကကိုယ်ထည်ကို လေးပိုင်း ခွဲထားတယ်၊၊ ပထမပိုင်းက အမှတ် ၁ ပင်မတွန်းအားပေးယာဉ် ဖြစ်ပြီး အဲဒီမှာ ခုခံရေးလက်နက်တွေနဲ့ Ai စနစ်ရဲ့ ပင်မထိန်းချုပ်ခန်း ရှိတယ်၊၊ နောက်တစ်ခုက အမှတ် ၂ လုပ်ဆောင်ချက်တွဲဖြစ်ပြီး လမ်းကြောင်းပြစနစ် ကြယ်စင်ခရီးလမ်းညွှန်စနစ်နဲ့ ဆွဲငင်အားကွင်းတွေ ပါဝင်တယ်၊၊ ကောင်းကင်အမိုးခုံးအဆင့်ရထားရဲ့ မဂ္ဂါဝပ် ၅၀၀၀ ထုတ်ပေးနိုင်တဲ့ နူကလီးယား စွမ်းအင်ဗဟိုချက်က ဒီမှာရှိတယ်၊၊ ဒါပေမဲ့ ဆွဲငင်အားကွင်းကတော့ မပြီးသေးဘူး၊၊ အဲဒီမှာပဲ အေးခဲအိပ်စက်ခန်းနဲ့ မျိုးဆက်သစ်သန္ဓေခန်းတွေလည်း ပါဝင်တယ်၊၊ အမှတ် ၃ ယာဉ်ကတော့ ဝန်ထမ်းတွေအတွက် လူနေဇုန်နဲ့ ပင်မကွပ်ကဲခန်းဖြစ်ပြီး အာကာသရထားရဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေအတွက် ဖြစ်တယ်၊၊ နောက်ဆုံး အမှတ် ၄ ကတော့ စွမ်းအင်ခန်းဖြစ်ပြီး အနန္တကြယ်စင်ကောင်းကင်တွန်းအားပေး စက်ပစ္စည်းရှစ်ခု တပ်ဆင်ထားတယ်၊၊ တန်ချိန် ငါးသိန်းရှိတဲ့ မိုးကုတ်စက်ဝိုင်းအလွန်ကြယ်စင်ခရီးသွား ကြယ်သင်္ဘောမှာတောင် အဲဒါမျိုး လေးခုပဲ ပါတယ်”
အင်ဂျင်နီယာကြီးက သူ၏မျက်မှန်ကို ပြင်လိုက်ရင်း ဆက်ပြောသည်။
“ဒါ့အပြင် ဒါက သယ်ယူပို့ဆောင်ရေးအတွက် ဖြစ်လို့ ဂျက်အင်ဂျင်တွေနဲ့ တွန်းအားပေးစနစ် ၂၀၀၀ အပြင် ဒီရထားကြီးရဲ့ အနောက်မှာ ခင်ဗျားတို့ အစောပိုင်းက မြင်ခဲ့တဲ့ စံနှုန်းမီကိုယ်ထည်အပိုင်းပေါင်း ၁၀၀၀ ကျော်ကို ထပ်ချိတ်လို့ ရသေးတယ်၊၊ အဲဒီကိုယ်ထည်တွေကို လူနေထိုင်ဖို့ သုံးမယ်ဆိုရင် တစ်ခုကို အနည်းဆုံး လူတစ်ထောင်လောက် ဆံ့တယ်”
“ဒါဆို ဘာလို့ ဒါကို ရထားလို့ ခေါ်တာလဲ”
လင်းရှန် နားမလည်နိုင်သော်လည်း အလွန်အံ့အားသင့်နေမိသည်။
Chapter 765
အာကာသရထား ၂
“ကျွန်မ ပြောပြီးပြီလေ… ရထားလမ်းပေါ်မှာ ပြေးနိုင်လို့ပါဆို”
ကျန်းရှု့ဝေက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“အဆုံးအစွန် အခြေအနေမျိုးမှာ ကိုယ်ထည်ခိုင်ခံ့မှုသာ ရှိမယ်ဆိုရင် ရှင်တို့ရဲ့ ရထားတွေ အားလုံးကိုပါ ကောင်းကင်ပေါ်အထိ တိုက်ရိုက်ဆွဲတင်သွားလို့ ရတယ်”
“ဒါကြီးက ရူးစရာပဲ” ရှီတိယွမ်က ရယ်မောရင်း ပြောသည်။
“ငါတို့ ရထားတွေမှာ ပျံသန်းဂျက်အင်ဂျင်တွေ မပါဘူးလေ… ဆွဲတင်ခံရရင် ကြိုးတစ်ချောင်းလို တန်းလန်းကြီး ဖြစ်နေမှာပေါ့”
“ကျွန်မက ဥပမာပေးတာပါ”
ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်ရင်း ရှင်းပြသည်။
“အခုလောလောဆယ် မပျံသန်းနိုင်သေးပေမဲ့ ဒါကို ဂြိုဟ်ပတ်ရထားလမ်းရဲ့ တွဲဆွဲယာဉ်အဖြစ် သတ်မှတ်မယ်ဆိုရင် ရထားလမ်း ပြဿနာရှိမှာ မဟုတ်ဘူး၊၊ ကျွန်မတို့သာ ပူးပေါင်းနိုင်မယ်ဆိုရင် ပစိဖိတ်သမုဒ္ဒရာကို အတူဖြတ်ကျော်ပြီး တစ်နေ့မှာ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်ဖို့ ရှင့်မှာ အရည်အချင်း အပြည့်အဝရှိလာလိမ့်မယ်”
“ဒါက အရမ်းအဆင်ပြေတယ်”
ချီလီက ရှေ့သို့တက်လာပြီး လင်းရှန်ကို ပြုံးပြသည်။
“လင်း ငါ့ကိုလည်း ထည့်လိုက်ပါ၊၊ ငါက ပြတင်းပေါက်ပါတဲ့ အခန်း လိုချင်တယ်”
“ဒါဆိုရင် ညီမက ဂြိုဟ်အဆင့်ကြယ်အမြောက်ကို ကိုင်မယ်”
ရှားရှားက စိတ်အားထက်သန်စွာ လက်မြှောက်လိုက်သည်။
“ဟီး.. ကျွန်မက သတင်းအချက်အလက်ဗဟိုစင်တာကို တာဝန်ယူမယ်”
ကီကီက သဘောကျစွာ ရယ်လိုက်သည်။
“ကျွန်တော်က ပိုင်းလော့”
လော့ယန်ကလည်း စေတနာ့ဝန်ထမ်း လုပ်သည်။
“ဟားဟား ဒါဆိုရင် ငါက အင်ဂျင်နီယာချုပ်ပေါ့”
လူအိုကြီးမိုက ရယ်မောကာ ပြောလိုက်သည်။
“ဟဟ.. ဒီလိုအစီအစဉ်မျိုး ရှိမှတော့ ငါ့ရဲ့ နဂါးတောင် ၁ ကို အဆင့်မြှင့်ဖို့ အားထုတ်နေစရာ မလိုတော့ဘူးပေါ့”
ရှီတိယွမ်က လက်ပိုက်ကာ လင်းရှန်ကို ကြည့်လိုက်သည်။
“ညီလေးလင်း… ငါတို့ ပူးပေါင်းကြရအောင် အင်အားချင်း ပေါင်းတာ ပိုကောင်းပါတယ်… မင်းဘယ်လိုထင်လဲ”
ထိုအချိန်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြပြီး ဤဧရာမ အာကာသရထားကြီးကို မြင်တွေ့ပြီးနောက် အားလုံးက ပူးပေါင်းရန် အလွန်ဆန္ဒရှိနေကြသည်။
ဤလူများမှာ တွင်းနက်ထဲရှိ ရထားလမ်းတွင် ပိတ်မိပြီး မျှော်လင့်ချက်ကင်းမဲ့ခဲ့ဖူးသူများ ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာကြီးကို ကောင်းကင်အကာကွယ်က ဖုံးလွှမ်းထားချိန်တွင် ရထားလမ်းအတိုင်း ပြေးနိုင်ပြီး အရေးကြုံလာပါက ကောင်းကင်တွင် ပျံဝဲနိုင်သည့် လက်နက်အင်အား တောင့်တင်းပြီး လုပ်ဆောင်ချက်များစုံလင်သည့် ဤကြယ်စစ်သင်္ဘောကြီးသည် သူတို့အတွက် ကမ္ဘာပျက်ကပ်အတွင်း အသင့်တော်ဆုံး လုံခြုံရေးဗဟိုချက်မကြီးပင်၊၊
လင်းရှန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် တစ်မျိုးခံစားနေရသည်။ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် သူသည် ရှင်းဂျီ၏ စားပွဲဝိုင်းတွင် ပျံသန်းနိုင်၊ ရေငုပ်နိုင်ပြီး ရထားလမ်းပေါ်မှာလည်း သွားနိုင်သည့် ယာဉ်တစ်စီး လိုချင်ကြောင်း ပြောခဲ့ဖူးသည်။ ယခုမူ ဤအာကာသကြယ်စစ်သင်္ဘောကြီးက သူ့ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ လက်တွေ့ ဟုတ်/မဟုတ်ကိုပင် သံသယဝင်လာမိသည်။
“စံနှုန်းမီကိုယ်ထည် အစိတ်အပိုင်းက ဘယ်နှစ်ခု ရှိပြီလဲ”
“သုံးခုရှိပြီ… နောက်ထပ်တစ်ခုက တည်ဆောက်ဆဲပဲ၊၊ ဒါပေမဲ့ အဲဒါလည်း ရပ်သွားတော့မယ်”
ကျန်းရှု့ဝေက ပြောသည်။
“အဲဒါကြောင့် ကျွန်မက တိတ်ဆိတ်မြို့တော်ရဲ့ အကူအညီကို ယူပြီး ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ချင်တာပဲ”
“သူတို့ အကူအညီနဲ့ နောက်ထပ်အပိုင်းတွေ ထပ်ဆောက်ချင်လို့လား”
ကျန်းရှု့ဝေက ခေါင်းညိတ်ပြသည်။
“လက်နက်စနစ်တွေနဲ့ ဆွဲငင်အားကွင်းတွေလည်း ပါတယ်၊၊ ပြဿနာက အခု အာရုဏ်ဦးမြို့တော်က အရင်းအမြစ်အားလုံးကို ပြန်ရုပ်သိမ်းသွားပြီ၊၊ ကျွန်မရဲ့ မူလအစီအစဉ်က စံနှုန်းမီကိုယ်ထည် အနည်းဆုံး ၁၀ခု တည်ဆောက်ဖို့ပဲ၊၊ ဒါပေမဲ့ အခုနှုန်းနဲ့ဆိုရင် မဖြစ်နိုင်တော့ဘူး”
“ကိုယ်ထည်ဆယ်ခုဟုတ်လား…. မင်းမှာ အခု လူတစ်သောင်း ရှိနေတာလား”
“ကျွန်မနဲ့ ကျန်းယွမ်ရဲ့ မဟာမိတ်က အခု အာရုဏ်ဦးမြို့တော်မှာ လူခြောက်သောင်းကျော် ရှိတယ်”
ကျန်းရှု့ဝေက ရှင်းပြသည်။
“လူခြောက်သောင်း” လင်းရှန် လန့်သွားသည်။
“မင်းက ပုန်ကန်ဖို့ ကြံနေတာလား”
ကျန်းရှု့ဝေက ပြုံးသည်၊၊
“ဖင်းဂါးအုပ်စုက လူတွေအပြင် ယူပေဆိပ်ကမ်းကနေ လမ်းမှာ ပူးပေါင်းလာတဲ့သူတွေလည်း ရှိတယ်၊၊ ကျန်တဲ့သူ အများစုကတော့ ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်မှာ စုစည်းထားတယ်၊၊ အားလုံးက အနီရောင်ကမ္ဘာကို ရင်ဆိုင်ဖို့ မဟာမိတ်ဖွဲ့ထားတာဆိုတော့ ကျွန်မတို့သာ အာရုဏ်ဦးမြို့တော်က ထွက်လာရင် ဖင်းဂါးအုပ်စုရဲ့ မဟာမိတ်ယာဉ်တန်းတွေနဲ့ ပေါင်းပြီး ဝင်ရိုးစွန်းဒေသကို သွားမယ်၊၊ ကျွန်မမှာ ငွေကြယ်ရှိတာကိုလည်း မမေ့နဲ့ဦး”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“ကျန်းယွမ်အကြောင်း ပြောမှတော့ ငါမအံ့သြတော့ပါဘူး”
လင်းရှန်သည် ကျန်းယွမ်ကို အလွန်လေးစားခဲ့သည်။ သူသွားလေရာတွင် မိတ်ဆွေများ စုစည်းပြီး ဤမျှကြီးမားသော မဟာမိတ်အဖွဲ့ကြီး တည်ဆောက်နိုင်ခြင်းမှာ သာမန်အရည်အချင်းမဟုတ်ပေ။
“ဘယ်လိုလဲ” ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်။
“အခု တွင်းနက်ရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်လာပြီ၊၊ အချိန်က သိပ်မရှိတော့ဘူး အာရုဏ်ဦးစင်တာက ချုံးကူရေလက်ကြားကို ဖြတ်သွားရင် ကျွန်မတို့အတွက် အမြန်ဆုံးနည်းလမ်းက သမုဒ္ဒရာဖြတ်ကျော်ရထားလမ်းအတိုင်း တောင်အမေရိကကို သွားဖို့ပဲ၊၊ ဒါပေမဲ့ ဝင်ရိုးစွန်းဒေသကို သွားဖို့ဆိုရင် ပင်လယ်ကို ဖြတ်ကျော်တာ ဒါမှမဟုတ် ပျံသန်းတာပဲ လုပ်ရမယ် ရှင့်ရဲ့ အနန္တရထားကတော့ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘူး”
“ငါလည်း အဲဒါကို စဉ်းစားနေတာပဲ”
လင်းရှန်က ပုခုံးတွန့်ရင်း ပြောသည်။
“ကောင်းပြီလေ… လူတွေအားလုံး မနေနိုင်သေးရင်တောင် ရိုးရိုးရထားတွေနဲ့ပဲ ယာယီလိုက်လာလို့ ရတာပဲ၊၊ တိတ်ဆိတ်မြို့တော်ကသာ ကူညီရင် ဒီအာကာသရထားရဲ့ အင်အားက တဖြည်းဖြည်း တိုးတက်လာမှာပဲ”
“မဆိုးဘူး”
“ဒါပေမဲ့ ရှင်းဂျီတို့ အဖွဲ့က ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ အစီအစဉ်မရှိဘူး”
လင်းရှန်က မေးလိုက်သည်။
ကျန်းရှု့ဝေက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဘယ်လို”
လင်းရှန်က ရှင်းဂျီ၏ စိတ်ကူးကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ ကျန်းရှု့ဝေက သက်ပြင်းချလိုက်သည်၊၊
“အော်.. ဒါဆိုရင် အနည်းဆုံး စတုတ္ထမြောက် ကိုယ်ထည်ကိုတော့ ပြီးအောင် လုပ်နိုင်မလား”
“လုပ်နိုင်တာပေါ့”
လင်းရှန် စကားမဆုံးမီမှာပင် သူ၏ ဆက်သွယ်ရေးကိရိယာမှ ဟိုလိုဂရမ်ဖန်သားပြင် ပေါ်လာပြီး ရှင်းဂျီ၏ တည်ငြိမ်သော မျက်နှာပေါ်ထွက်လာသည်။
“စံနှုန်းမီကိုယ်ထည်တွေ တည်ဆောက်ပေးရုံတင် မကပါဘူး၊၊ လက်နက်စနစ်တွေနဲ့ ဆွဲငင်အားကွင်းတွေကိုလည်း ငါ ကူညီပေးမယ်၊၊ ဒီရထားကို အဆင့်မြှင့်ဖို့ ငါ လင်းကို ကတိပေးထားပြီးသား”
“ရှင်က ဒါကို အစောတည်းက ကြံစည်ထားတာလား”
ကျန်းရှု့ဝေက ရှင်းဂျီကို မေးလိုက်သည်။
“ဟုတ်တယ် အမှန်အတိုင်းပြောရရင် တိတ်ဆိတ်မြို့တော်က အမြဲတမ်း လင်းနဲ့ မဟာမိတ်ပဲ၊၊ သူ ဘာပဲလိုချင်လိုချင် ငါ ဖြည့်ဆည်းပေးမှာပဲ”
“ဟေး ခင်ဗျားက ကျုပ်ကို ကျေးဇူးကြွေးရှိလို့ ကူညီတာလေ၊၊ အခုပြောပုံက တစ်မျိုးကြီးလိုပဲ”
လင်းရှန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ဒီကို အမြန်လာခဲ့ပါ… ဟို ဇီဝမျိုးစပ်သတ္တဝါအကြောင်း သုတေသနလုပ်ရဦးမယ်၊၊ ပြီးတော့ ကျန်းရှု့ဝေ ပြောတာ မြေအောက်စက်ရုံတွေက နေရာအတော်များများနဲ့ ဆက်နေတယ်ဆိုတော့ ရွှန်းရဲ့ မီကာတပ်ဖွဲ့တွေနဲ့ ဒရုန်းတွေသုံးပြီး တစ်မြို့လုံးကို စစ်ဆေးတာ ပိုကောင်းမယ်၊၊ မဟုတ်ရင် ကျုပ်တို့ ကျင်းဟိုင်မှာ နေရတာ လုံခြုံမှု ရှိမှာမဟုတ်ဘူး”
“ဒါပေါ့ ဒါပေါ့… ငါ အခုပဲ လာခဲ့မယ်”
ရှင်းဂျီက ပေါ့ပါးစွာပြောပြီး ဆက်သွယ်မှုကို ပိတ်လိုက်သည်။
သူ့ရှေ့ရှိ ကျန်းရှု့ဝေကမူ လင်းရှန်ကို အံ့သြစွာ ကြည့်နေမိသည်။ လင်းရှန်၏ ပေါင်းစည်းယာဉ်တန်းသည် တိတ်ဆိတ်မြို့တော်၏ အကာကွယ်ဖြင့် ကျင်းဟိုင်သို့ ဝင်လာခြင်းဖြစ်သည်ဟု သူမ ထင်ထားခဲ့သော်လည်း အမှန်တကယ်တော့ ရှင်းဂျီက လင်းရှန်၏ အစီအစဉ်များကို နားထောင်နေရခြင်းဖြစ်သည်။
“တိတ်ဆိတ်မြို့တော်က ရှင့်ကို ကျေးဇူးကြွေးရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ကျန်းရှု့ဝေက မေးသည်။
“ဪ ဘာမှ မဟုတ်ပါဘူး”
လင်းရှန်က ပုံမှန်ပင် ပြန်ဖြေသည်။
“ငါက တိတ်ဆိတ်မြို့တော်ကို တွင်းနက်ထဲကနေ ကယ်တင်ခဲ့တယ်၊၊ ပြီးတော့ တိတ်ဆိတ်မြို့တော်ကို ဘေးအန္တရာယ်ကနေ ရှောင်နိုင်အောင် လုပ်ပေးခဲ့လို့ ရှင်းဂျီက ငါ့ကို ကျေးဇူးကြွေးရှိသွားတာပါ”
“ရှင် ဘာပြောလိုက်တယ် တိတ်ဆိတ်မြို့တော်ကို ရှင်က ကယ်တင်ခဲ့တာ ဟုတ်လား”
ကျန်းရှု့ဝေ၏ အမြဲအေးစက်မာနကြီးသော မျက်နှာတွင် ရှားရှားပါးပါးအံ့သြမှုများ ပေါ်လာသည်။ လူအုပ်ထဲရှိ မိုနီကာကမူ ထိုအမူအရာကို မြင်ကာ နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်မိသည်။
“ဒီဇာတ်လမ်းက တကယ့်ကို အံ့သြစရာပဲ ဥက္ကဋ္ဌကျန်းက နားထောင်သင့်တယ်”
မိုနီကာ၏ တိုက်တွန်းမှုကြောင့် ကျန်းရှု့ဝေသည် လင်းရှန်ကို ကြည့်နေသည့် အကြည့်များမှာ စူးရှတောက်ပလာပြီး စိတ်ထဲတွင်လည်း ဝေခွဲမရဖြစ်သွားသည်။ ယူပေလေဆိပ်မှ နှင်းတောထဲက ထွက်လာပုံ စီလန်မြို့တိုက်ပွဲစသည်တို့နှင့် ပတ်သက်၍ ဖီးနစ်တံဆိပ်ဆီမှ သတင်းအချက်အလက်များ ရရှိခဲ့ဖူးသော်လည်း လင်းရှန်က တိတ်ဆိတ်မြို့တော်မှ လူတစ်သောင်းနှင့် ပေါင်းစည်းရထားကို အမှတ် ၅ တွင်းနက်ထဲမှ ကယ်ထုတ်နိုင်ခဲ့လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ဒီလူမှာ ဘယ်လိုထူးခြားတဲ့ အရည်အချင်းတွေ ရှိနေတာလဲ။
“အပိုင်းလိုက် ခွဲထုတ်ထားတဲ့ စံနှုန်းမီကိုယ်ထည်ဆိုတာ တကယ်ကောင်းတဲ့ စိတ်ကူးပဲ”
လင်းရှန်သည် ကျန်းရှု့ဝေ၏ အကြည့်ကို သတိမထားမိဘဲ ဆက်ပြောသည်။
“ဒါဆိုရင် ငါတို့ ပေါင်းစည်းရထားကို ဒီအတိုင်းဆွဲခေါ်သွားလို့ ရပြီ၊၊ မြေပြင်အနေအထားမရွေး သွားနိုင်တဲ့ စနစ်တွေ တပ်နေစရာ မလိုတော့ဘူး”
“မလိုတော့ဘူး လုံးဝ မလိုတော့ဘူး”
ဟူလုရှို့က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။
“ငါတို့ ပျံသွားလို့ ရပြီလေ… ဘယ်လို တောင်စောင်း ဒါမှမဟုတ် အတားအဆီးပဲရှိရှိ ပြဿနာမရှိတော့ဘူး”
“ဟုတ်သားပဲ”
လင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရထား၏ အဆင့်မြှင့်တင်မှုလမ်းကြောင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ပုံမှန်ရထားတွဲများကို ပြုပြင်မွမ်းမံနေရခြင်းထက် ယခုကဲ့သို့ ပျံသန်းနိုင်ပြီး ရထားလမ်းပေါ် သွားနိုင်သည့် အထူးထုတ်လုပ်ထားသော ယာဉ်ကြီးမှာ အလွန်ပင် ပြည့်စုံလှသည်။ ဤ ကောင်းကင်အမိုးခုံးအဆင့်ရှိသော ယာဉ်ကြီးနှင့်ဆိုလျှင် ရထားလမ်းအတွက် စိတ်ပူစရာမလိုတော့သလို ကိုယ်ထည်ကြီးမားသောကြောင့် ၁၁၃၀ စက်အမြောက်များ လျှပ်စစ်သံလိုက်အမြောက်များ ပလာစမာရောင်ခြည်ပေါက်ကွဲစေသော လက်နက်များ ဂြိုဟ်အဆင့်ကြယ်အမြောက်များ တာဝေးပစ်ဒုံးကျည်များနှင့် အာကာသအခြေစိုက် လက်နက်များစွာကို စိတ်ကြိုက် တပ်ဆင်နိုင်မည်ဖြစ်သည်။
မဂ္ဂါဝပ် ၅၀၀၀ ထုတ်ပေးနိုင်သော နူကလီးယား စွမ်းအင်ဗဟိုချက်နှင့်ဆိုလျှင် အတွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပင် လုပ်ကိုင်နိုင်ပြီး လျှပ်စစ်စွမ်းအင်အတွက် ပူပန်စရာ မလိုတော့ပေ။