အခန်း (၇၆၆-၇၆၇)
Vol. 45 Ch. 766-767
Chapter 766
အာကာသရထား ၃
“ဘယ်လိုလဲ ညီလေးလင်း”
ရှီတိယွမ်က စိတ်အားထက်သန်စွာဖြင့် အနားတိုးလာသည်။
“ငါတို့ မဟာမိတ်အဖွဲ့ကြီး ဖွဲ့ကြရအောင်”
“ကျွန်မ သဘောတူပါတယ်” နန်ကျင်းက ခောင်းညိတ်သည်။
“ငါလည်း သဘောတူတယ်” ချီလီက ပြောသည်။
“ကျွန်မကတော့ အစကတည်းက သဘောတူပြီးသားပါ”
မိုနီကာက ပြုံးကာ ပြောသည်။
ခဏချင်းမှာပင် အခြား ရထားယာဥ်တန်းတစ်ဒါဇင်ကျော်မှ ကပ္ပတိန်များကလည်း ပူးပေါင်းရန် ဆန္ဒရှိကြောင်း အပြိုင်အဆိုင် ပြောဆိုကြသည်။ ကျန်းရှု့ဝေက လူအုပ်ထဲမှ လင်းရှန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်မရဲ့ ငွေကြယ်လည်း ပူးပေါင်းလို့ ရမလား ကပ္ပတိန်လင်း”
“မဟုတ်တာ… ငါကတောင် ဖိတ်ခေါ်ရမှာပါ”
လင်းရှန်က သူမကို ပြုံးပြသည်။
“ခင်ဗျားသာ မရှိရင် ဒီကောင်းကင်အမိုးခုံးရထားက ဖက်ဒရေးရှင်းလက်ထဲ ရောက်သွားမှာလေ… ငါကပဲ ကျေးဇူးတင်ရမှာပါ”
ကျန်းရှု့ဝေက ခေါင်းခါပြသည်။
“အကျပ်အတည်းကာလမှာ ပူးပေါင်းဆောင်ရွက်တာက ကွဲပြားနေတာထက် ပိုကောင်းပါတယ်၊၊ အားလုံးက အကောင်းဆုံး ကြိုးစားကြရမှာပဲ၊၊ တစ်ယောက်တည်း မလုပ်နိုင်တဲ့အရာတွေကို အတူတူဆိုရင် လုပ်နိုင်ပါတယ်”
“ကောင်းပါပြီ”
လင်းရှန် ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ဥက္ကဋ္ဌကျန်းက ဒီကောင်းကင်အမိုးခုံးအဆင့်ရထားရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပေးပါဦး၊၊ အဲဒါပြီးမှ မဟာမိတ်အဖွဲ့ရဲ့ တာဝန်ခွဲဝေမှုတွေကို ဆွေးနွေးကြတာပေါ့၊၊ အခုချိန်ကစပြီး ဒီအာကာသရထားက ငါတို့ပိုင်ပြီ”
“ဟေး” ကီကီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ချက်ချင်းပင် ပေါင်းစည်းယာဉ်တန်းတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားသည်။
ဝူး ဝူး ဝူး—
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး တုန်ဟိန်းသွားစေမည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ရထားစက်ရုံ၏ အပေါ်ယံတွင် ဧရာမ ပျံသန်းနေသော မြို့တော်ကြီးတစ်ခုသည် လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ရောက်ရှိလာသည်။ လူများစွာ မော့ကြည့်လိုက်မိရာ ကြီးမားသော လက်နက်များ တပ်ဆင်ထားသည့် ဧရာမ ကုန်းပတ်ကြီးကို မြင်တွေ့လိုက်ရသည်။
တိတ်ဆိတ်မြို့တော်။
မကြာမီမှာပင် သယ်ယူပို့ဆောင်ရေးသင်္ဘော အမြောက်အမြား တစ်စင်းပြီးတစ်စင်း ဆင်းသက်လာကြပြီး ဒရုန်းပေါင်းများစွာမှာလည်း စက်ရုံအတွင်းသို့ အုပ်စုလိုက် ဝင်ရောက်လာကြသည်။
သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်း၏ တံခါးပွင့်လာပြီး ရှင်းဂျီသည် ရွှန်း၊ တိုင်ရီလန်၊ ရူဂျိ ရှီဇီနှင့် အခြားတိတ်ဆိတ်မြို့တော်၏ အဓိကအဖွဲ့ဝင်များနှင့်အတူ ထွက်လာသည်။
“မင်းက အချိန်ဖြုန်းတာ မကြိုက်ဘူးဆိုတော့ အခုပဲ တည်ဆောက်ရေး စလိုက်ရအောင်”
ရှင်းဂျီက ပြုံးလိုက်ပြီး ရွှန်းကို မျက်ခုံးပင့်ကြည့်လိုက်သည်။
“ရွှန်း မင်းက မြေအောက်ရှာဖွေရေးအလုပ်ကို တာဝန်ယူလိုက်”
“နားလည်ပါပြီ”
ရွှန်းက သူ၏ခန္ဓာကိုယ်တစ်နေရာကို နှိပ်လိုက်ရာ နာနိုချပ်ဝပ်များက သူ့ကို ဖုံးအုပ်သွားသည်။ တစ်ချိန်တည်းမှာပင် ACS စက်ရုပ်များ၏ အကူအညီဖြင့် ငွေရောင် စက်ရုပ်ခွေးများနှင့် ရှာဖွေရေးဒရုန်းများသည် နောက်ကွယ်ရှိ သယ်ယူပို့ဆောင်ရေးသင်္ဘောများထဲမှ ထွက်လာကြပြီး အစောပိုင်းက ဇီဝမျိုးစပ်သတ္တဝါတည်ဆောက်ရေး စက်ရုံဟောင်းအတွင်းသို့ ကုန်စည်လမ်းကြောင်းအတိုင်း ဝင်ရောက်ရှာဖွေကြသည်။
လင်းရှန်သည် ကျန်းရှု့ဝေနှင့် အခြား အနန္တမဟာမိတ်အဖွဲ့ဝင်များနှင့်အတူ ကောင်းကင်အမိုးခုံးရထား၏ ပင်မကွပ်ကဲခန်းမသို့ တက်လာပြီး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့် တာဝန်ခွဲဝေမှုများကို ဆွေးနွေးကြသည်။
ဤနေရာတွင် ရှုပ်ရှုပ်ထွေးထွေး မရှိလှပေ၊၊ အဓိကအဖွဲ့ဝင်များမှာလည်း ဤလူများပင် ဖြစ်သည်။ ဝန်ထမ်းများ၏ နေထိုင်ရေးကို စီစဉ်ရန် တိုက်ခိုက်ရေးသမားများနှင့် နည်းပညာရှင်များကို ခွဲခြားရန်နှင့် ၎င်းတို့ကို ကြီးကြပ်ရန် စီမံခန့်ခွဲသူများ ခန့်အပ်ရန်သာ ဖြစ်သည်။ စံနှုန်ူမီကိုယ်ထည် အမြောက်အမြား တည်ဆောက်၍ မပြီးမချင်း မူလပေါင်းစည်းယာဉ်တန်းသည် မပြောင်းလဲဘဲ ရထားလမ်းအတိုင်း ဆက်၍ လိုက်ပါမည် ဖြစ်သည်။ အချိန်မည်မျှ ကြာမည်ကို ရှင်းဂျီထံမှ အတိအကျမသိရသော်လည်း လင်းရှန်အတွက်တော့ ပြဿနာမဟုတ်ပေ။ တိတ်ဆိတ်မြို့တော်မှ ထွက်ခွာပြီးလျှင် သူကိုယ်တိုင် တည်ဆောက်နိုင်စွမ်းရှိသောကြောင့် ကောင်းကင်အမိုးခုံးရထား စီမံကိန်းအပေါ် ယုံကြည်မှုရှိနေခြင်း ဖြစ်သည်။
ပုံစံကြမ်းရှိပြီးသား ဖြစ်သောကြောင့် ပြုပြင်မွမ်းမံမှုများအတွက် စိတ်ပူစရာမလိုဘဲ အစိတ်အပိုင်းများကိုသာ ဆက်တိုက်တည်ဆောက်သွားရုံသာဖြစ်ရာ ယခင်က ကိုယ်တိုင် ဒီဇိုင်းဆွဲရသည်ထက် များစွာလွယ်ကူပေသည်။
ဆွေးနွေးပြီးနောက် လောလောဆယ်တွင် လင်းရှန်သည် အမာခံအဖွဲ့ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များကို ခေါ်ဆောင်ကာ ပင်မယာဉ်ပေါ်သို့ တက်ရောက်၍ အာကာသရထားကို မောင်းနှင်ရန် ဆုံးဖြတ်လိုက်သည်။
နေထိုင်ရေးအတွက် ကလေးများကို ဦးစားပေးမည် ဖြစ်ပြီး အခြားရထားအဖွဲ့ဝင်များမှာမူ ရထားတွဲတိုင်းတွင် တိုက်ခိုက်ရေးသမားများ လိုအပ်သောကြောင့် မူလနေရာမှာပင် ဆက်ရှိနေမည် ဖြစ်သည်။ နေထိုင်ရန် ကိုယ်ထည်အပိုင်းများ မလုံလောက်သေးမီ တိုက်ခိုက်ရေးသမားများကို ရွှေ့ပြောင်းလိုက်ပါက အင်အားနည်းသွားနိုင်သောကြောင့် ဖြစ်သည်။
ထို့နောက်တွင် လင်းရှန်သည် ပေါင်းစည်းရထား၏ အရှည်ကို တဖြည်းဖြည်း ချုံ့ကာ လူများကို အာကာသရထားပေါ်သို့ ရွှေ့ပြောင်းပေးသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လွတ်သွားသော ရထားတွဲများကို ယန္တရားဝါးမျိုမှု စတင်ပြုလုပ်နိုင်မည် ဖြစ်သည်။
အချိန်မှာ နံနက် ၇ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာသော်လည်း ကောင်းကင်သည် မှောင်အတိကျနေဆဲ ဖြစ်ပြီး စက်မှုဇုန်အပြင်ဘက်ရှိ ဖုတ်ကောင်လှိုင်းလုံးကြီးများ၏ အသံက သိသိသာသာငြိမ်သက်သွားသည်။
ရထားယာဥ်တန်းကပ္ပတိန်များသည် မဟာမိတ်ဆွေးနွေးပွဲအပြီးတွင် သူတို့၏ ရထားများသို့ စိတ်လှုပ်ရှားစွာ ပြန်သွားကြပြီး အဖွဲ့ဝင်များကို သတင်းကောင်းပါးလိုက်ကြသည်။ အာကာသရထားပေါ် တက်ရတော့မည်ကို သိလိုက်ရသောအခါ လူထောင်ပေါင်းများစွာသည် ဝမ်းသာအားရဖြစ်နေကြသည်။
လင်းရှန်သည် အာကာသရထားပေါ်မှ ဆင်းလာပြီး အနန္တရထားသို့ပြန်ကာ အနားယူရန် ကြံရွယ်သော်လည်း ကျန်းရှု့ဝေက သူ့ကို စက်ရုံအခန်းတစ်ခုအတွင်း သီးသန့်စကားပြောရန် တောင်းဆိုခဲ့သည်။
“ကောင်းကင်အမိုးခုံးအဆင့်ရထားကို ဖက်ဒရေးရှင်းလက်ထဲကနေ လုယူခဲ့တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အစီအစဉ်တစ်ခုပဲ၊၊ တစ်ချိန်တည်းမှာပဲ ဒါက အရန်အစီအစဉ်လည်း ဖြစ်တယ်၊၊ ရှင်က ကျွန်မနဲ့ ပူးပေါင်းလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး”
ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“အမှန်အတိုင်းပြောရရင် လမ်းတစ်လျှောက် ရှင့်ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်မကို တကယ်ပဲ အထင်ကြီးစေတယ်၊၊ ရှင် ခေါင်းဆောင်မှာကို ကျွန်မ လုံးဝထောက်ခံတယ်”
လင်းရှန်သည် ထိုအေးစက်မာနကြီးသော အမျိုးသမီးကို အံ့သြစွာကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်၊၊
“မင်း ဘာပြောချင်တာလဲ”
ကျန်းရှု့ဝေ၏ အကြည့်များ လှုပ်ရှားသွားပြီး ခေတ္တမျှ ကြည့်နေပြီးမှ စကားစလိုက်သည်။
“ကြယ်သင်္ဘောတစ်စီးရဲ့ စီမံခန့်ခွဲမှု ရှုထောင့်ကနေ ကြည့်ရင် ရှင်က အခု ကပ္ပတိန်တစ်ယောက်မဟုတ်တော့ဘူး၊၊ ရှင်က ကွပ်ကဲရေးမှူးတစ်ယောက် ဖြစ်နေပြီ”
“အဲဒါက အရေးမကြီးပါဘူး ကြိုက်သလို ခေါ်ပါ”
လင်းရှန်က ပုခုံးတွန့်လိုက်သည်၊၊
“ငါတို့က ကမ္ဘာပျက်ကပ်ထဲမှာ အသက်ရှင်ဖို့အတွက် ပူးပေါင်းထားကြတာပဲ ဟန်ဆောင်မှုတွေ မလိုပါဘူး”
“ရှင်က ကျွန်မဆိုလိုရင်းကို နားလည်မှု လွဲနေပြီ”
ကျန်းရှု့ဝေက သူမ၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး အမိန့်ပေးသကဲ့သို့ ပြတ်သားစွာ ပြောလိုက်သည်။
“ရှင်က ကွပ်ကဲရေးမှူးဆိုရင် ကျွန်မကို ရှင့်ရဲ့ ဒုကွပ်ကဲရေးမှူးဖြစ်ခွင့်ပြုပါ”
“ဘာလို့လဲ”
လင်းရှန်က ခပ်ဖွဖွ ရယ်လိုက်သည်။ တကယ်တော့ သူသည် ကျန်းရှု့ဝေ၏ ရည်ရွယ်ချက်ကို အစောပိုင်းကတည်းက ရိပ်မိထားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရှု့ဝေက သူတို့ကို စက်ရုံထဲသို့ ခေါ်လာစဉ်ကပင် သူမကို ဗဟိုပြုသည့် မဟာမိတ်ဖွဲ့ရန် လင်းရှန်ကို စတင်ကမ်းလှမ်းခဲ့သောကြောင့် ဖြစ်သည်။ လင်းရှန် ဒါကို အပြည့်အဝနားလည်ပေသည်။
ကျန်းရှု့ဝေသည် ဖင်းဂါးအုပ်စု၏ အကြီးအကဲဖြစ်သည့်အပြင် ငွေကြယ်ရထားတစ်စင်းတည်းမှာပင် လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲနေရသူဖြစ်ပြီး ဤကောင်းကင်အမိုးခုံးအဆင့် ရထားတည်ဆောက်မှုတွင်လည်း သူမ၏ အဖွဲ့အပေါ် အဓိကမှီခိုနေရသည်။
ထို့အပြင် ကျန်းယွမ်နှင့် ပေါင်းထားသည့် လူခြောက်သောင်းမှာလည်း သူမ၏ လက်အောက်တွင် ရှိနေသည်။ ကျန်းရှု့ဝေသည် လင်းရှန်ကို သူမ၏ လက်အောက်သို့ သိမ်းသွင်းရန် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။
သို့သော် ဆွေးနွေးပွဲများအပြီးတွင် လူတိုင်းက လင်းရှန်ကိုသာ ခေါင်းဆောင်အဖြစ် ထောက်ခံကြသဖြင့် ကျန်းရှု့ဝေ အံ့သြသွားခဲ့ရခြင်းဖြစ်သည်။ သို့သော် လင်းရှန်က ဆွေးနွေးပွဲတစ်လျှောက် စကားများများမပြောခဲ့ပေ။ ဤကောင်းကင်အမိုးခုံးအဆင့်ရထား တည်ဆောက်ရန်နှင့် ထိန်းချုပ်ရန်မှာ တိတ်ဆိတ်မြို့တော်နှင့် လင်းရှန်တို့ကသာ တတ်နိုင်ခြင်းဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း ဤကောင်းကင်အမိုးခုံးရထားတွင် ဆုံးဖြတ်ချက်ချမည့်သူ တစ်ဦးတည်းသာရှိရန် လိုအပ်သဖြင့် သူက ကျန်းရှု့ဝေကို ချော့မော့ကာ မြှောက်ပင့်ပြောနေစရာ မလိုပေ။ သူမဘက်က တရားဝင်ကမ်းလှမ်းလာသည်အထိသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ကျန်းရှု့ဝေဘက်ကမူ မဟာမိတ်အဖွဲ့၏ ဖွဲ့စည်းပုံကို ဤမျှအထိ မမျှော်လင့်ထားခဲ့သော်လည်း တိတ်ဆိတ်မြို့တော်၏ ရှင်းဂျီက လင်းရှန်၏ မဟာမိတ်ဖြစ်နေခြင်းနှင့် တိတ်ဆိတ်မြို့တော်ကိုပင် လင်းရှန် ကယ်တင်ခဲ့သည်ကို သိလိုက်ရသောအခါ လက်ခံလိုက်ခြင်း ဖြစ်သည်။
သူမသည် လင်းရှန်၏ ယူပေဆိပ်ကမ်းမှ စွမ်းဆောင်ချက်များကို ပြန်အမှတ်ရသွားကာ အလွန်အထင်ကြီးသွားခဲ့သည်။ ထို့ကြောင့် ကျန်းရှု့ဝေအတွက်မူ လင်းရှန်သည် သူမ၏နှလုံးသားထဲတွင် ထူးခြားသောနေရာတစ်ခု ရရှိသွားသည်။ ဤသည်မှာ အချစ် သို့မဟုတ် သာမန်ခံစားချက်မျိုး မဟုတ်ဘဲ မာနကြီးသော စိတ်ထဲမှ လေးစားမှုနှင့် လက်တွေဆန်သော စူးစမ်းလိုစိတ်တို့ ပေါင်းစပ်နေခြင်းဖြစ်သည်။
သို့သော် သူမအတွက် အရေးကြီးဆုံးမှာ ဖင်းဂါးအုပ်စုနှင့် အာရုဏ်ဦးမြို့တော်မှ လူခြောက်သောင်းကျော်၏ ကိစ္စများကို ရှင်းလင်းရန်ဖြစ်သောကြောင့် လင်းရှန်က သူမကို အစွန်အဖျားတွင် မထားဘဲ အမြင့်ပိုင်းတွင် ထားရှိရန် လိုအပ်ကြောင်း ပြသခြင်းဖြစ်သည်။
ကျန်းရှု့ဝေသည် စီးပွားရေးသမားတစ်ဦးနှင့် အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဖြစ်သည့်အတိုင်း အရိပ်ပြပြီး ပြောခြင်းမျိုးကို မကျွမ်းကျင်ပေ။ သူမသည် လင်းရှန်နှင့် တိုက်ရိုက်ဆုံးဖြတ်ချက်ချကာ သူမ၏ လိုအပ်ချက်ကို ပြောပြလိုသည်။
“ပထမအချက်က ကျွန်မတို့တွေ အန္တရာယ်တောကနေ အတူတူရုန်းထွက်ခဲ့ကြဖူးတယ်၊၊ အဲဒါကြောင့် ကျွန်မနဲ့ ကျွန်မလူတွေကို ရှင်က ယုံကြည်လို့ ရတယ်၊ ဒုတိယအချက်က ဖင်းဂါးအုပ်စုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ကျွန်မက ရှင့်ရဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေ ဌာနဆိုင်ရာလုပ်ငန်းတွေနဲ့ အကောင်အထည်ဖော်မှုတွေမှာ အကောင်းဆုံး ကူညီပေးနိုင်မယ်၊၊ နောက်ဆုံးအချက်က လေပြင်းမဟာမိတ်ရဲ့ ပါတနာတစ်ယောက်အနေနဲ့ အခု ဒီမှာ ရှိမနေသေးတဲ့ ကျွန်မရဲ့ မဟာမိတ်အဖွဲ့ဝင်တွေအတွက် ကျွန်မက တာဝန်ယူရမယ်၊၊ အဲဒါကြောင့် ကျွန်မက အစွမ်းကုန်ကြိုးစားရမှာပဲ”
ကျန်းရှု့ဝေသည် လင်းရှန်၏ အပြုံးကို မြင်လိုက်ရသဖြင့် သူ ရိပ်မိသွားပြီမှန်း သိလိုက်သည်။ သို့သော် သူမက ဆက်လက်၍ သူ၏ အကြည့်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြည့်ရင်း ပြောလိုက်သည်။
“နောက်ဆုံးတစ်ချက် ကျွန်မက အာဏာကို သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ပဲ၊၊ ကျွန်မက ရှင့်ရဲ့ လက်အောက်မှာ နေဖို့ လက်ခံလိုက်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေရလို့ပဲ၊၊ အဲဒါက ဘာလဲဆိုတော့ ရှင်က…”
“ကယ်တင်ရှင်ပဲ”
Chapter 767
ဒါက အသက်ဝင်နေတယ် ၁
“ကယ်တင်ရှင်... ငါလား”
လင်းရှန် အနည်းငယ် ကြောင်အမ်းသွားသည်။
“နားလည်မှု မလွဲပါနဲ့” ကျန်းရှု့ဝေက ညင်သာစွာ ပြောသည်၊၊
“ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတစ်ခုပါ ရှင့်အနေနဲ့...”
“ငါသိပါတယ်”
လင်းရှန်က သူမစကားကို ဖြတ်ပြောလိုက်ရင်း ပြုံးပြလိုက်သည်၊၊
“မင်းရဲ့ တောင်းဆိုချက်ကို ငါသဘောတူတယ်၊၊ တကယ်တော့ မင်းက ဒါကို အဆိုမပြုခဲ့ရင်တောင် ငါ့မှာလည်း ဒီလို စိတ်ကူးမျိုး ရှိပြီးသားပဲ”
လင်းရှန်က ကျန်းရှု့ဝေကို ဆက်ပြောသည်၊၊
“ငါတို့ အရင်က အတူတူအလုပ်လုပ်ခဲ့ဖူးတယ်ဆိုတော့ မင်းက ငါ့အကြောင်း အနည်းအကျဉ်းတော့ သိမှာပါ၊၊ ငါက ကယ်တင်ရှင် မဟုတ်ဘူး၊၊ ငါ့စိတ်ထဲမှာ အာဏာမက်မောတာ ဒါမှမဟုတ် လူတွေကို အမိန့်ပေးချင်တဲ့ ဆန္ဒမျိုးမရှိဘူး၊၊ အခြေခံအားဖြင့်တော့ ငါက အသက်ရှင်ဖို့အတွက်ပဲ မဟာမိတ်ဖွဲ့ခဲ့တာပဲ၊၊ လူတိုင်းရဲ့ ရည်မှန်းချက်ကလည်း အတူတူပဲမလား၊၊ အဲဒီတော့ စိတ်ကူးယဉ်ဆန်ဆန်ပြောရရင် ငါက ခေါင်းဆောင်လုပ်ဖို့ ဒါမှမဟုတ် တခြားသူတွေထက် သာလွန်နေဖို့ စိတ်မဝင်စားဘူး”
“ဒါပေမဲ့…”
လင်းရှန်၏ အကြည့်များ ထက်ရှသွားပြီး ကျန်းရှု့ဝေကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်၊၊
“ယုတ္တိဗေဒအရ ပြောရရင် ကောင်းကင်အမိုးခုံးအဆင့်ရထားကို ငါတာဝန်ယူမှ ဖြစ်မယ်၊၊ ငါတစ်ယောက်တည်းပဲ ဒါကို တည်ဆောက်နိုင်တယ်၊၊ တိတ်ဆိတ်မြို့တော်ကလည်း ဒီမှာ ဆိုက်ကပ်ရဦးမယ် ဒီရထားရဲ့ နောက်ဆက်တွဲ တည်ဆောက်ရေးတွေ ပြီးမြောက်ဖို့အတွက် ငါ့ရဲ့ ယန္တရားစွမ်းအားက မရှိမဖြစ် လိုအပ်တယ်၊၊ တခြားနည်းလမ်း မရှိဘူး”
ကျန်းရှု့ဝေက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်၊၊
“ရှင်က အခု ကြယ်သင်္ဘောတွေကိုပါ တည်ဆောက်နိုင်နေပြီလား”
“ငါ့အတွက်တော့ ပုံကြမ်းရှိရင် လုံလောက်ပြီ၊၊ တည်ဆောက်ရေး စွမ်းဆောင်ရည် ဘယ်လောက် မြန်မလဲဆိုတာပဲ လိုတယ်”
လင်းရှန်က တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ… အမှန်တော့ ရှင့်ကို ဆန့်ကျင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊၊ ဒါပေမဲ့...”
ကျန်းရှု့ဝေထံမှ အာဏာရှိသော အမျိုးသမီးတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ ဤအမျိုးသမီးသည် ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း လင်းရှန် သိသဖြင့် သူ၏ ရည်ရွယ်ချက်ကို ပြောပြပြီးနောက် လေသံကို ချက်ချင်း ပြောင်းလိုက်သည်။
“စိတ်မပူပါနဲ့.. မင်းက ဥက္ကဋ္ဌကျန်းပါပဲ၊၊ လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲဖို့က ငါ့အတွက်တော့ မဖြစ်နိုင်တဲ့ အရာပဲ၊၊ ငါ့ရဲ့ အဓိကအာရုံစိုက်မှုက ငါတို့ရဲ့ ကမ္ဘာပျက်ကပ်သုံး ကြယ်သင်္ဘောခံစစ်မြို့တော်ကြီး တည်ဆောက်ဖို့နဲ့ အားလုံး အသက်ရှင်ဖို့ပဲ၊၊ စီမံခန့်ခွဲမှုပိုင်းမှာတော့ မင်းက ငါ့ထက် အစွမ်းအစရော၊ အတွေ့အကြုံရော ပိုရှိတာ သေချာပါတယ်”
လင်းရှန်က ပြုံးကာ ဆက်ပြောသည်၊၊
“ဒါပေမဲ့ ဒါရိုက်တာအဖွဲ့ ပုံစံမျိုးတော့ မလုပ်ပါနဲ့ ဇုန်အလိုက် တာဝန်ခွဲဝေတဲ့ ပုံစံပဲ သွားကြရအောင်… ကမ္ဘာပျက်ကပ်ကြီးထဲမှာ ဒါတွေကို အရမ်းရှုပ်ထွေးအောင် လုပ်နေဖို့ မလိုပါဘူး”
လင်းရှန်၏ စကားကြောင့် ကျန်းရှု့ဝေ၏ မျက်နှာမှာ ခေတ္တမျှ အေးခဲသွားပြီး အားရပါးရပြုံးလိုက်သည်၊၊
“ကောင်းပါပြီ၊၊ ဒီနေ့ကစပြီး ရှင်က ကျွန်မရဲ့ ကပ္ပတိန်ပဲ”
သူမက ပြောပြောဆိုဆို လင်းရှန်ကို လက်ကမ်းပေးလိုက်သည်၊၊
“အဆင်ပြေချောမွေ့တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါစေ”
“အဆင်ပြေချောမွေ့တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါစေ”
အခက်အခဲများ ပြေလည်သွားပြီးနောက် လင်းရှန်က ကျန်းရှု့ဝေကို မေးလိုက်သည်၊၊
“အခု ကျန်းယွမ်တို့ အခြေအနေ ဘယ်လိုရှိလဲ”
“အစကတော့ သူက ရှင့်ကို ရှင်းဂျီတို့နဲ့ ညှိနှိုင်းဖို့ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ တိတ်ဆိတ်မြို့တော်ကို အရင်လာဖို့ စီစဉ်ထားခဲ့တယ်၊၊ ဒါပေမဲ့ အာရုဏ်ဦးမြို့တော်မှာ ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်သွားတယ်၊၊ သူ့ဆီက နောက်ဆုံးသတင်းရတာ လွန်ခဲ့တဲ့ သုံးနာရီကပဲ၊၊ မြို့ကို ပိတ်ချလိုက်ပြီဆိုတော့ မိုးမလင်းခင် လူတွေကို အပြင်ထုတ်ဖို့ မဖြစ်နိုင်တော့ဘူး”
လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊
“လူအများကြီး အာရုဏ်ဦးမြို့တော်ကနေ ထွက်ပြေးချင်နေကြတာဆိုတော့ ဖက်ဒရေးရှင်းကတော့ အတော်ဒေါသထွက်နေမှာပဲ”
“သေချာတာပေါ့”
ကျန်းရှု့ဝေက ပြောသည်၊၊
“ရှင့်ရဲ့ နည်းလမ်းတွေက မီးလောင်ရာ လေပင့်ပေးလိုက်သလိုဖြစ်သွားတယ်၊၊ တကယ်တော့ လူဦးရေနဲ့ အရင်းအမြစ်ပြဿနာတွေကြောင့် အာရုဏ်ဦးမြို့တော်က ယာဉ်တန်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကြားမှာ တင်းမာမှုတွေက စုပုံလာနေတာကြာပြီ၊၊ မြေအောက်ကလူတွေ၊ မြေပြင်ကတစ္ဆေတွေ၊ တံတိုင်းအတွင်းက ဒုက္ခတွေ၊ တံတိုင်းအပြင်က လျှို့ဝှက်ချက်တွေဆိုတဲ့ စကားက အဲဒီအခြေအနေကို ဖော်ပြနေတာပဲ နိုင်ငံရေးသမား ကျိုးမင်ယွမ်အပေါ် မကျေနပ်တာတွေရော၊ အနီရောင်သတ္တဝါအန္တရာယ်ကြောင့် စိုးရိမ်တာတွေရော အများကြီးပဲ၊၊ အခုလို ပေါက်ကွဲထွက်လာတာနဲ့ တွင်းနက်ရဲ့ သန္ဓေပြောင်းမှုတွေ ပေါင်းလိုက်တော့ ယာဉ်တန်းကြီးတွေ ထွက်ခွာဖို့ ပြင်ဆင်တာက ပုံမှန်ပါပဲ၊၊ ပုန်ကန်မှုတွေ၊ ပစ်ခတ်မှုတွေ မဖြစ်တာပဲ ကံကောင်းတယ်”
“ဒါဆို အခုချိန်မှာ အာရုဏ်ဦးမြို့တော်က အတွင်းရော၊ အပြင်ရော ပြဿနာတက်နေတာပေါ့၊၊ ဒါပေမဲ့ ချူကျောက်နန်ဘက်က ဘာလို့ ဘာသံမှ မထွက်တာလဲ”
လင်းရှန်က မေးလိုက်သည်။
ကျန်းရှု့ဝေ၏ အမူယာက လေးနက်သွားသည်၊၊
“ချူကျောက်နန်က လူလုံးထွက်ပြခဲတယ်၊၊ မြို့ထဲက လူအများစုက ကျိုးမင်ယွမ်ကိုပဲ ဖက်ဒရေးရှင်းဥက္ကဋ္ဌနဲ့ အာရုဏ်ဦးမြို့တော်ရဲ့ အရှင်သခင်လို့ ထင်နေကြတယ်… ဘာလို့လဲဆိုတော့ သူက မြို့တော်ရဲ့ ကိစ္စတိုင်းကို စီမံခန့်ခွဲနေလို့ပဲ၊၊ ကျွန်မ သိသလောက်တော့ ချူကျောက်နန်နဲ့ ကျိုးမင်ယွမ်တို့ကြားမှာ အုပ်စုချင်း အားပြိုင်မှုတွေ ရှိတယ်”
“စစ်တပ်ကလွဲရင်ပေါ့”
“ဟုတ်တယ်… စစ်တပ်က အင်အား ၁ သိန်း ၃ သောင်း ရှိတယ်၊၊ မူလက ၄ သောင်းကျော်ပဲ ရှိရာကနေ တိုးချဲ့ထားတာပဲ၊၊ အဲဒီမှာ ဆင့်ကဲပြောင်းလဲသူတွေနဲ့ စွမ်းအားရှင်တွေ အများကြီးရှိတယ်၊၊ လက်နက်ခဲယမ်းလည်း ပြည့်စုံပြီး တိုက်ခိုက်ရေးစွမ်းရည်လည်း မြင့်မားတယ်”
“တခြားအဖွဲ့တွေကော”
“မြို့စောင့်တပ်စခန်းမှာ လူနည်းနည်းပဲရှိတယ်၊၊ ပြီးတော့ လူ ၂ သောင်းကျော်ပါတဲ့ လက်နက်ကိုင် ညကင်းလှည့်အဖွဲ့ ရှိတယ်၊၊ ဒါတွေအားလုံးက ကျိုးမင်ယွမ်က ဖွဲ့စည်းထားတာပဲ၊၊ လူဦးရေထိန်းချုပ်ရေးဗျူရို၊ ဘဏ္ဍာတိုက်နဲ့ ဆောက်လုပ်ရေးဗျူရိုလို တခြားဌာနတွေကတော့ သိပ်မပြောပလောက်ပါဘူး၊၊ ကျွန်မရဲ့ သတင်းအရ ကျိုးမင်ယွမ်က လုထျန်းယဲ့ကို သူ့ဘက်ပါအောင် စည်းရုံးနေတယ်၊၊ ဒါပေမဲ့ လုထျန်းယဲ့က နည်းနည်းထူးဆန်းတယ်၊၊ ဖက်ဒရေးရှင်း မပြိုကွဲခင်က သူက မရိန်းတပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးဖြစ်ပြီး စစ်တိုက်တာ ထူးချွန်တယ်၊၊ မြူမီးခိုးမွန်းစတားတိုက်ပွဲကို သူကိုယ်တိုင် ကွပ်ကဲခဲ့တာပဲ၊၊ သူက အဂတိလိုက်စားတာမျိုး မရှိဘူး၊၊ ရှေ့တန်းမှာ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေကို သတ်ရတာပဲ ဝါသနာပါတယ်၊၊ လူအတော်များများက သူ့ကို စစ်မှန်တဲ့ စစ်သားတစ်ယောက်အနေနဲ့ လေးစားကြတယ်”
“ဒါဆို အာရုဏ်ဦးမြို့တော်ရဲ့ တကယ့် ဆုံးဖြတ်ချက်ချသူတွေက ချူကျောက်နန်နဲ့ လုထျန်းယဲ့ပေါ့”
လင်းရှန်က မေးလိုက်သည်။
ကျန်းရှု့ဝေက ခေါင်းညိတ်ပြသည်၊၊
“ဟုတ်တယ်”
လင်းရှန် မျက်မှောင် အနည်းငယ်ကြုတ်သွားသည်၊၊
“ဒါဆိုရင် ကျင်းဟိုင်ကနေ စစ်တပ်တွေကို ပြန်ရုပ်သိမ်းတာနဲ့ ခံစစ်စည်းကို အပြည့်အဝ ကျဉ်းမြောင်းလိုက်တာတွေက ချူကျောက်နန်ရဲ့ အစီအစဉ်တွေပေါ့… ကျိုးမင်ယွမ်နဲ့ ဘာမှ မဆိုင်ဘူးလား”
“မှန်တယ်”
“ဒါဆိုရင်တော့ ရှင်းသွားပြီ”
လင်းရှန် အေးစက်စွာ ပြုံးလိုက်သည်၊၊
“ချူကျောက်နန်ကလည်း အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေတာပဲ၊၊ သူတို့က အမှတ် ၅ တွင်းနက်ကို ဝင်စွက်ဖက်တာအပြင် တခြားဘာတွေ ကြံစည်နေသေးလဲဆိုတာပဲ မသိရသေးတာ”
“ဘာပဲဖြစ်ဖြစ် အမှတ် ၅ တွင်းနက်ရဲ့ လှုပ်ရှားမှုက အသက်ရှင်ကျန်ရစ်သူတွေအတွက် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာနိုင်တယ်၊၊ ဖီးနစ်လည်း ပါဝင်ပတ်သက်နေပြီ၊၊ အခု အနီရောင်ကမ္ဘာကိစ္စကလည်း ပါလာပြန်ပြီဆိုတော့ နောက်ဆိုရင် အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်က တစ်ခုခုလှုပ်ရှားလာကြမှာ သေချာတယ်”
လင်းရှန်၏ မျက်လုံးများ တောက်ပနေသည်၊၊