အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း ၂၀၁ - လှောင်ပြောင်ခြင်းနှင့် ထွက်ပြေးခြင်း
"မင်းလို တိရစ္ဆာန်ကောင်ကများ... ဒီနေ့ ငါ မင်းကို သတ်ပြီး ငါ့ရဲ့ ယွီအာအတွက် ကလဲ့စားချေပေးမယ်။"
သခင်မကြီးကျန့်သည် လုချင်းကို အပိုင်းပိုင်းဆွဲဖြတ်ပစ်ချင်သည့်အလားနှယ် မျက်လုံးများ နီမြန်းလျက်ဖြင့် စိုက်ကြည့်နေလေသည်။
သူမထံမှ အစွမ်းထက်သော မွေးရာပါနယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လုချင်းကို ထိုနေရာတွင်တင် ချုပ်နှောင်ထားနိုင်ရန် ဖိအားပေးလိုက်၏။
"အဲ့ဒီ အဘွားအိုကြီး ဘာတွေ အရူးထနေပြန်တာလဲ"
သခင်မကြီးကျန့်၏ အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် မြို့ထဲရှိ အခြားသော စွမ်းအားကြီး ပုဂ္ဂိုလ်များမှာလည်း ချက်ချင်းပင် သတိပြုမိသွားကြသည်။ တစ်မြို့လုံးကို ဟိန်းထွက်သွားသော ထိုအော်ဟစ်သံကြောင့် ၎င်းတို့သည် နေအိမ်များမှ ထွက်ခွာကာ ကျန့်အိမ်တော်ဆီသို့ ဦးတည်လာကြလေသည်။
တစ်ချိန်တည်းမှာပင် မျှော်စင်ထက်တွင်မူ...
ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါနယ်ပယ် အရှိန်အဝါများ ရှိနေသော်လည်း လုချင်းမှာမူ မည်သို့မျှ ထိခိုက်ခြင်း မရှိပေ။ သူသည် မြန်ဆန်စွာပင် လေးကို တင်လိုက်ပြီး သခင်မကြီးထံသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်လေသည်။
"ရှူး" ဟူသော မြည်သံနှင့်အတူ မြှားမှာ လေထုကို ဖောက်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သခင်မကြီးကျန့်၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
"ဘာ"
သခင်မကြီးကျန့်မှာ အံ့သြသွားလေသည်။
သူမ၏ အရှိန်အဝါအောက်တွင် လုချင်းက ဤမျှ အစွမ်းထက်သော မြှားတစ်စင်းကို ပစ်နိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လုချင်းထံမှ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ထူးခြားသော အရှိန်အဝါကို သူမ အာရုံမရရှိပေ။
ထို့ကြောင့် သူသည် မွေးရာပါနယ်ပယ်သို့ မရောက်သေးကြောင်း ထင်ရှားလှသည်။
မွေးရာပါနယ်ပယ် မဟုတ်လျှင် သူမ၏ အရှိန်အဝါအောက်တွင် မလှုပ်မယှက် ရှိနေရမည် မဟုတ်ပါလော။
သူသည် အဘယ်ကြောင့် ဤမျှ ပြင်းထန်သော မြှားတစ်စင်းကို ပစ်နိုင်ရသနည်း။
ထိုအတွေး ဝင်လာစဉ်မှာပင် မြှားမှာ သူမရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ မမျှော်လင့်ထားသော မြှားကြောင့် သခင်မကြီးမှာ ရှောင်တိမ်းရန် အချိန်မရတော့ပေ။
သို့သော် သူမသည် ရှောင်တိမ်းရန်လည်း ဆန္ဒမရှိပေ။
သူမ၏ ရန်သူတော်ကြီးဖြစ်သော လုချင်း၏ ရှေ့တွင် သူမက အဘယ်ကြောင့် အားနည်းချက် ပြရမည်နည်း။
သူမ၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာပြီး သူမ၏ မွေးရာပါပင်ကိုယ်ချီစွမ်းအင်များ ပေါက်ကွဲထွက်ကာ လက်ထဲမှ နဂါးခေါင်းတောင်ဝှေးဖြင့် မြှားကို ရိုက်ချလိုက်လေသည်။
ဝုန်း
လုချင်း၏ မြှားမှာ ပြင်းထန်လှသော်လည်း သခင်မကြီး၏ စွမ်းအားကြောင့် လွင့်စင်သွားရသည်။
သို့သော် မြှားထဲတွင် ပါရှိသော အရှိန်အဟုန်မှာ နောက်ပြောင်စရာ မဟုတ်ပေ။
အမိုးပေါ်တွင် ရပ်နေသော သခင်မကြီးမှာ ဟန်ချက်မထိန်းနိုင်ဘဲ အမိုးပြားများ ကွဲအက်ကာ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေ၏။ သူမမှာတော့ အောက်သို့ ပြုတ်ကျကာ ဖုန်မှုန့်များ ထသွားလေတော့သည်။
"မင်းလို ကောင်စုတ်လေးကများ"
သခင်မကြီးကျန့်မှာ အံ့သြသလို ဒေါသလည်း ထွက်သွားလေသည်။ မွေးရာပါနယ်ပယ် မရောက်သေးသော သိုင်းသမားလေးတစ်ယောက်၏ လက်ချက်ဖြင့် သူမ ဤမျှ အရှက်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ပိုဆိုးသည်မှာ ထိုသူသည် သူမ အမုန်းဆုံး ရန်သူဖြစ်နေခြင်းပင်။
လုချင်းက ရယ်မောလိုက်သည်။
"ဟားဟား... မွေးရာပါနယ်ပယ် ပညာရှင်ဆိုတဲ့အတိုင်းပဲနော်။ ဒီလောက်လေးနဲ့တောင် မသေဘူးပဲ။"
"ဒါဆိုရင်တော့ ခင်ဗျားနဲ့ ငါ မကစားတော့ဘူး။ သတ္တိရှိရင် လိုက်ဖမ်းကြည့်လိုက်လေ။"
မြှားက အဖွားအိုကို ဒဏ်ရာမရစေခဲ့သည်ကို မြင်သောအခါ လုချင်း မအံ့သြပေ။ မျှော်စင်နှင့် ကျန့်အိမ်တော်မှာ မီတာ ရာဂဏန်း ဝေးကွာလေသည်။ ထိုမျှ ဝေးကွာသော နေရာမှ ပစ်သော မြှားတစ်စင်းက မွေးရာပါနယ်ပယ် ပညာရှင်တစ်ဦးကို ဒဏ်ရာရစေနိုင်ပါက မွေးရာပါနယ်ပယ်မှာ သိပ်ပြီး အားနည်းလွန်းရာ ရောက်ပေလိမ့်မည်။
သူသည် အဖွားအိုကို အရှက်ခွဲရန် မြှားများစွာ ထပ်မံ ပစ်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ သူ၏ အဖိုးတန်သော မြှားများမှာလည်း အများကြီး မကျန်တော့ပေ။
ထို့အပြင် စွမ်းအားကြီးသော အရှိန်အဝါ အများအပြား ချဉ်းကပ်လာသည်ကို သူ အာရုံခံမိနေသည်။
ရန်သူလား မိတ်ဆွေလား မသိနိုင်သဖြင့် ဤနေရာတွင် ဆက်နေရန် မသင့်တော်ဟု သူ ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် အဖွားအိုကို အမိုးပေါ်မှ ရိုက်ချပြီး လှောင်ပြောင်ပြီးနောက် သူသည် မျှော်စင်ပေါ်မှ ခုန်ချကာ ပျောက်ကွယ်သွားလေတော့သည်။
သခင်မကြီးကျန့်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
"မင်းလို ကောင်စုတ်လေးကများ... ထွက်ပြေးချင်နေတာလား"
သူမသည် လုချင်းကို အလွတ်ပေးမည် မဟုတ်ပေ။
သူ မျှော်စင်ပေါ်မှ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူမသည် စိတ်ပူပန်သွားပြီး မျှော်စင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူမသည် လုချင်း ထွက်မပြေးနိုင်စေရန် သူမ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို သုံးကာ သူ၏ အရှိန်အဝါကို ခြေရာခံလိုက်လေသည်။
သို့သော် ကျန့်အိမ်တော်မှ ထွက်ပြီး မျှော်စင်နှင့် နီးကပ်လာစဉ်မှာပင် လုချင်း၏ အရှိန်အဝါမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူမ တွေ့ရှိလိုက်ရ၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သခင်မကြီးကျန့်သည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရပ်တန့်သွားသည်။
ထိုကောင်စုတ်လေးသည် သူမ၏ ဝိညာဉ်အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်းမှ ထွက်မသွားသေးပေ။
သူသည် အရှိန်အဝါကို အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ဖျောက်ကွယ်နိုင်ရသနည်း။
လျှို့ဝှက်သိုင်းကွက်လား ဒါမှမဟုတ် ရတနာတစ်ခုခုလား။
သူမ မယုံနိုင်အောင် ဖြစ်နေစဉ်မှာပင် လုချင်း၏ အရှိန်အဝါမှာ သူမနှင့် ဝေးကွာသော နေရာတစ်ခုတွင် ပြန်လည် ပေါ်ပေါက်လာလေသည်။ ၎င်းမှာ သူမ၏ အာရုံခံနယ်ပယ်မှ လွတ်ထွက်လုနီးပါး ဖြစ်နေပြီး မြို့တံခါးဆီသို့ ဦးတည်နေလေသည်။
"မင်း ထွက်မပြေးနိုင်ပါဘူး"
သခင်မကြီးကျန့်မှာ ဝမ်းသာသွားပြီး နောက်မှ လိုက်လံ ဖမ်းဆီးလေတော့သည်။
သူသည် အရှိန်အဝါကို ဖုံးကွယ်ရန် လျှို့ဝှက်သိုင်းကွက် သုံးသည်ဖြစ်စေ၊ ရတနာ သုံးသည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။
ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက သူ့ကို နောက်တစ်ကြိမ် ပြန်ရှာတွေ့ဖို့ မလွယ်ကူတော့ကြောင်း သူမ သိသည်။
ထိုကောင်စုတ်လေးမှာ သူမ၏ အစီအစဉ်များကို ရိပ်မိနေပြီး အလွန် ဉာဏ်များလှသည်။ အကယ်၍ သူသာ မြို့ပြင်သို့ လွတ်အောင် ပြေးသွားနိုင်ပါက ပုန်းအောင်းသွားမည်ဖြစ်ပြီး သူမလည်း ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
မွေးရာပါနယ်ပယ် ပညာရှင်တစ်ဦး၏ အရှိန်မှာ အံ့မခန်းပင်။
သူမ၏ ပင်ကိုယ်ချီစွမ်းအင်များကို သုံးလျက် သခင်မကြီးမှာ အကွာအဝေးကို လျင်မြန်စွာ လျှော့ချလိုက်၏။
သို့သော် လုချင်းနှင့် မီတာ တစ်ရာခန့် အကွာသို့ ရောက်ရှိလာစဉ်မှာပင် သူ၏ အရှိန်အဝါမှာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူမ တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့သာ ဆက်လက် ပြေးဝင်သွားလေ၏။
ထိုကောင်စုတ်လေးမှာ မြို့ပြင်သို့ ထွက်ပြေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူမ ခန့်မှန်းမိသဖြင့် မြို့တံခါးသို့ အရင် ရောက်ရှိနေပါက သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
အရှိန်အဝါကို ဖုံးကွယ်ရန် ဝိညာဉ်မန္တန်ကို အသုံးပြုရင်း လုချင်းသည် သခင်မကြီးကျန့် သူ့ဆီသို့ အပြင်းအထန် ပြေးလာသည်ကို သတိပြုမိလိုက်သည်။
မြို့တံခါးတွင် သူ့ကို ကြားဖြတ်ဖမ်းရန် ကြိုးစားနေသော သူမ၏ အစီအစဉ်ကိုလည်း သူ နားလည်လိုက်၏။
သို့သော် ဤအရာမှာ သူ၏ အကြံစည်ထဲတွင် ပါရှိပြီးသား ဖြစ်လေသည်။ သူမ ဤမျှ ဉာဏ်မရှိမည်ကိုပင် သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
လုချင်းက စိတ်ထဲမှ တွေးလိုက်သည်။
"ဒါပေမဲ့ မြို့တံခါးမှာ ငါ့ကို ဖမ်းဖို့ကတော့ မလွယ်လှဘူးနော်။"
သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ မျက်ခုံးနှစ်ခုကြားရှိ မြေကမ္ဘာရွေ့လျားမန္တန်မှာ တောက်ပလာပြီး ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားကာ သူ၏ အရှိန်မှာ သခင်မကြီးကျန့်နှင့် တန်းတူ ဖြစ်သွားလေတော့သည်။ သခင်မကြီးမှာမူ ဤအချက်ကို မသိရှိပေ။
မြို့မှာ ကြီးမားပြီး စည်ကားလှသော်လည်း သူတို့ နှစ်ဦးကြားတွင် အိမ်ခြေများစွာ ရှိနေသဖြင့် ဝိညာဉ်အာရုံခံနိုင်စွမ်းဖြင့်သာ တစ်ဦးကို တစ်ဦး အာရုံခံနိုင်ကြခြင်း ဖြစ်သည်။
လက်တွေ့တွင်မူ တစ်ဦးကို တစ်ဦး မြင်တွေ့နိုင်ခြင်း မရှိပေ။ မြေကမ္ဘာရွေ့လျားမန္တန်၏ အကူအညီဖြင့် လုချင်းသည် မြို့တံခါးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။
တံခါးစောင့်များနှင့် လူအုပ်ကြီးမှာ လူရိပ်တစ်ခု ဖြတ်ပြေးသွားသဖြင့် လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့သာ ခံစားလိုက်ရ၏။
ဝုန်း
လူအုပ်ကြီး အံ့သြနေစဉ်မှာပင် နောက်ထပ် ပုံရိပ်တစ်ခု တံခါးဝသို့ ရောက်ရှိလာပြန်သည်။ ထိုသူထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြရသည်။
"သူ ဘယ်မှာလဲ"
သခင်မကြီးကျန့်သည် နီမြန်းသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လုချင်း၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
"အဲ့ဒီ ကောင်စုတ်လေး မြို့ထဲမှာပဲ ပုန်းနေတာလား"
ထိုအတွေး ဝင်လာစဉ်မှာပင် လူအုပ်ကြီး၏ ထူးဆန်းသော မျက်နှာအမူအရာများကို သူမ သတိထားမိလိုက်သည်။ သူမသည် အစောင့်တစ်ယောက်ကို ဆွဲကိုင်ကာ မေးလိုက်သည်။
"အခုလေးတင် လူငယ်တစ်ယောက် မြို့ပြင်ကို ပြေးထွက်သွားတာ မြင်လိုက်လား"
အစောင့်မှာ သခင်မကြီး၏ အေးစက်သော အကြည့်အောက်တွင် တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့။ အခုလေးတင်ပဲ လူရိပ်တစ်ခု ပြေးထွက်သွားတာ တွေ့လိုက်ပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော် သေချာ မမြင်လိုက်ရဘူး။"
တစ်ချိန်တည်းမှာပင် သခင်မကြီးကျန့်သည် လုချင်း၏ အရှိန်အဝါ မြို့ပြင်တွင် ပြန်လည် ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်လေတော့သည်။
အခန်း ၂၀၂ - အကြံအစည်အမျိုးမျိုးနှင့် ဓားတစ်ချက်ဖြင့် လက်မောင်းပြတ်သွားခြင်း
မြို့ပြင်တွင် လုချင်း၏ အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ ကျန့်မိသားစု သခင်မကြီးမှာ အံ့လည်းအံ့သြသွားသလို ဒေါသလည်းဖြစ်သွားရလေသည်။
သူမက ရေရွတ်လိုက်သည်။
"သူက မြို့ထဲကနေတောင် ထွက်သွားပြီလား။ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်ရတာလဲ။"
သူမသည် တစ်ခဏမျှပင် မရပ်တန့်ဘဲ မြို့တံခါးဆီသို့ အစွမ်းကုန် အရှိန်တင်၍ လိုက်လာခဲ့သော်လည်း ထိုကောင်စုတ်လေးကတော့ သူမထက် ဦးအောင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုစဉ် လုချင်း၏ အရှိန်အဝါမှာ ရုတ်ခြည်း အားနည်းသွားပြီး ပြင်းထန်သော ဒဏ်ရာရရှိထားသကဲ့သို့ ဖြစ်သွားသည်ကို သူမ သတိထားမိလိုက်သည်။
သခင်မကြီး ဝမ်းသာသွားသည်။
"ဒီတစ်ခါ နင် ဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့။"
မွေးဖွားပြီးနယ်ပယ် သိုင်းသမားတစ်ယောက်က မွေးရာပါနယ်ပယ် ပညာရှင်တစ်ယောက်ထက် အရှိန်ပိုမြန်နေသည်မှာ ခန္ဓာကိုယ်ကို ထိခိုက်စေသော လျှို့ဝှက်သိုင်းကွက်တစ်ခုခုကို သုံးထား၍သာ ဖြစ်ပေလိမ့်မည်။ မွေးရာပါနယ်ပယ် ပညာရှင်၏ အရှိန်မျိုး ရရှိစေရန် သုံးစွဲရသော သိုင်းကွက်သည် ကြီးမားသော တန်ကြေးပေးဆပ်ရစမြဲ ဖြစ်သည်။ ယခုအခါ သူ၏ အရှိန်အဝါများ လျော့ကျသွားပြီဖြစ်ရာ လျှို့ဝှက်သိုင်းကွက်၏ အချိန်ကုန်ဆုံးသွားပြီး ဘေးထွက်ဆိုးကျိုးများ စတင် ခံစားနေရပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
အချိန်ဆွဲနေပါက လုချင်းသည် သူ့အရှိန်အဝါကို ဖုံးကွယ်၍ ကြောင်နှင့်ကြွက် ကစားတမ်းကစားသလို ပြန်ပုန်းသွားမည်ကို စိုးရိမ်သဖြင့် သူမ ဆွဲကိုင်ထားသော အစောင့်ကို ပစ်ချကာ မြို့ပြင်သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
ကြာရှည်စွာ လိုက်လံဖမ်းဆီးပြီးနောက် သူ၏ အရှိန်အဝါဖုံးကွယ်နိုင်စွမ်းမှာ အချိန်ကန့်သတ်ချက်ရှိပြီး ဆက်တိုက်အသုံးမပြုနိုင်ကြောင်း သူမ ရိပ်မိထားသည်။ သို့မဟုတ်ပါက ဤမျှကြီးမားသော မြို့ကြီးထဲတွင် သူ၏ ဉာဏ်များမှုနှင့် ပေါင်းစပ်လိုက်လျှင် သူမအနေဖြင့် ရှာဖွေရန် ခက်ခဲသွားပေလိမ့်မည်။
သခင်မကြီး မြို့ပြင်သို့ ပြေးထွက်သွားသောအခါ သူမ ပစ်ချခဲ့သော အစောင့်မှာ မြေကြီးနှင့် ပြင်းထန်စွာ ရိုက်မိကာ ခေါင်းကွဲသွားတော့သည်။ အကယ်၍သာ ထိုအစောင့်၌ သိုင်းပညာအခြေခံ မရှိဘဲ အရိုးနှင့် ကြွက်သားအဆင့်သို့ မရောက်ရှိထားပါက ဤပြုတ်ကျမှုကြောင့် အသက်ပင် သေဆုံးသွားနိုင်ပေ၏။
ဘေးနားတွင် ကြောက်လန့်တကြား ပုန်းကွယ်နေသော အဖော်ဖြစ်သူက အပြေးအလွှား လာရောက်ထူမရင်း မေးလိုက်သည်။
"အဘိုးချန်... အဆင်ပြေရဲ့လား။"
အဘိုးချန်က ခါးသက်စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
"အသက်တစ်ဝက်လောက်တော့ ပါသွားပြီ ထင်ပါရဲ့ကွာ။"
သူ၏ သွေးနှင့်ချီစွမ်းအင်များ ဖရိုဖရဲဖြစ်သွားပြီး ကိုယ်တွင်းအင်္ဂါများ နာကျင်နေသဖြင့် အတွင်းဒဏ်ရာရသွားကြောင်း သူ သိလိုက်သည်။ ဤဒဏ်ရာ သက်သာပျောက်ကင်းစေရန် ၁၀ရက်၊၁၅ရက်လောက်တော့ အနားယူရပေဦးမည်။
အဖော်ဖြစ်သူက ပြောလိုက်သည်။
"စောစောကလူက ကျန့်မိသားစုရဲ့ ဘိုးဘေးကြီး မဟုတ်လား။ ဘယ်လိုလူမျိုးမို့လို့ သူ့ကို ဒီလောက် ဒေါသထွက်အောင် လုပ်ရဲတာပါလိမ့်။"
ထိုစကားမဆုံးမီမှာပင် မြို့တံခါးဝသို့ စွမ်းအားကြီးသော အရှိန်အဝါအချို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ ကြောင်အမ်းသွားပြန်သည်။ ထိုအထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခု ပါဝင်လေသည်။
အဘိုးချန်မှာ အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
"မြို့... မြို့စားမင်း။"
မြို့စားမင်းသည် အဘိုးချန်နှင့် သူ့အဖော်ကို မမှတ်မိသော်လည်း ဝတ်စုံကို ကြည့်ခြင်းအားဖြင့် မြို့တံခါးစောင့်များဖြစ်ကြောင်း သိလိုက်သည်။
မြို့စားမင်းက မေးလိုက်သည်။
"မင်း ဒဏ်ရာရသွားတာပဲ။ ဘယ်သူလုပ်တာလဲ။"
မြို့စားမင်း၏ ဂရုစိုက်မှုကို မြင်လိုက်ရသဖြင့် အဘိုးချန်မှာ စိတ်လှုပ်ရှားသွားပြီး လေးစားစွာ ဖြေလိုက်သည်။
"မြို့စားမင်းကို တင်ပြပါတယ်။ နဂါးခေါင်းတောင်ဝှေး ကိုင်ထားတဲ့ အဘွားအိုတစ်ယောက် လက်ချက်ပါ။"
သူသည် သခင်မကြီးကျန့်ကို မကျေနပ်သော်လည်း မကောင်းပြောရဲသည့် သတ္တိမရှိပေ။
ဘေးမှ သပ်သပ်ရပ်ရပ်နှင့် လူကြီးတစ်ဦးက ပြောလိုက်သည်။
"သူပဲ ဖြစ်မယ်။ လူလေး... အဲ့ဒီ အဘွားအိုက မြို့ပြင်ကို ဘာလို့ ထွက်သွားတာလဲဆိုတာ သိလား။"
အဘိုးချန်က အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
"မသိပါဘူးဗျ။ ဒါပေမဲ့ လူတစ်ယောက်နောက်ကို လိုက်နေတဲ့ပုံပါပဲ။ စောစောက လူရိပ်တစ်ခု မြို့ပြင်ကို ပြေးထွက်သွားတယ်လေ။ အဘွားအိုကလည်း 'ကောင်စုတ်လေး' လို့ အော်ဟစ်ဆဲဆိုပြီး လိုက်သွားတာပါဗျ။"
လူကြီးနှင့် သူ့အပေါင်းအပါများက အံ့သြသွားကြသည်။
သူတို့က ရေရွတ်လိုက်သည်။
"ကောင်စုတ်လေး ဟုတ်လား။"
"သူ့ကို ဒီလောက်တောင် ဒေါသထွက်စေတဲ့အပြင်ကိုမှ မြို့ထဲမှာ မွေးရာပါနယ်ပယ် အရှိန်အဝါကို ထုတ်သုံးပြီး အပြင်ထိ လိုက်ဖမ်းရလောက်အောင် ဘယ်သူကများ ရန်စရဲတာပါလိမ့်။"
အဖြစ်အပျက်များမှာ လျင်မြန်လွန်းလှသဖြင့် ကျန့်အိမ်တော်တွင် ဘာဖြစ်ခဲ့သည်ကို ဤမွေးရာပါနယ်ပယ် ပညာရှင်များ မသိကြသေးပေ။ သူတို့သည် အနောက်မှ လိုက်လာကြသူများ ဖြစ်သဖြင့် လုချင်း၏ အရှိန်အဝါကိုလည်း အာရုံမခံမိလိုက်ကြချေ။ လတ်တလောတွင် သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။
မြို့စားမင်းက အေးစက်စွာ နှာမှုတ်လိုက်၏။
"ဟမ့်... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လိုက်ကြည့်ရင် သိရမှာပေါ့။"
"ကျန့်မိသားစုက လူကြီးတွေက မြို့ထဲမှာ မွေးရာပါနယ်ပယ် ဖိအားကို ထပ်ခါတလဲလဲ ထုတ်သုံးနေရုံမကဘူး၊ အခုဆို မြို့တံခါးစောင့်ကိုပါ ဒဏ်ရာရအောင် လုပ်ရဲတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့အိမ်မှာ အသုဘကိစ္စ ရှိနေလို့ ငါ နားလည်ပေးခဲ့ပေမယ့် ချန်ကျိုးမြို့မှာ ဥပဒေမရှိတော့ဘူးလို့ သူ ထင်နေလား မသိဘူး။"
"ကဲ... သွားကြည့်ကြတာပေါ့။"
မြို့စားမင်း ဒေါသထွက်နေကြောင်း လူကြီးနှင့် အပေါင်းအပါများ သိလိုက်ကြသည်။ ချန်ကျိုးမြို့တွင် မွေးရာပါနယ်ပယ် မိသားစုကြီးများနှင့် မြို့စားမင်းအိမ်တော်တို့သည် သိမ်မွေ့သော အာဏာချိန်ခွင်လျှာတစ်ခုကို ထိန်းညှိထားကြရသည်။ ယခုအခါ သခင်မကြီးကျန့်၏ စည်းကျော်မှုများက မြို့စားမင်းကို မနှစ်မြို့ဖွယ် ဖြစ်စေခဲ့ပြီ ဖြစ်သည်။
သူတို့သည် သိုင်းပညာကို အသုံးပြုကာ မြို့ပြင်သို့ ထွက်ခွာသွားကြပြီး မြို့တံခါးစောင့်များကို ကြောင်ငေးကျန်ရစ်စေခဲ့တော့သည်။
..........
"ကောင်စုတ်လေး... မင်း ဘယ်ရောက်ဦးမလဲ ကြည့်ရသေးတာပေါ့။"
လူကြီးနှင့် အပေါင်းအပါများ မြို့ပြင်သို့ ထွက်လာချိန်တွင် ချန်ကျိုးမြို့နှင့် ဆယ်မိုင်ခန့်အကွာ၌ သခင်မကြီးကျန့်သည် လုချင်းကို မျက်ခြည်မပြတ် လိုက်လာနိုင်ခဲ့သည်။
လုချင်း၏ ကြံ့ကြံ့ခံနိုင်မှုကို သူမ အံ့သြနေမိသည်။ မြို့ထဲမှ စတင်လိုက်ဖမ်းချိန်မှစ၍ သူသည် အရှိန်အဝါ ဖုံးကွယ်သည့်နည်းလမ်းကို အကြိမ်ကြိမ် အသုံးပြုခဲ့သည်။ မြို့ပြင်တွင် ကွယ်ဝှက်စရာ နေရာနည်းပါးပြီး ခြေရာလက်ရာများ ထင်ရှားနေ၍သာ သူ့ကို မလွတ်သွားခြင်း ဖြစ်သည်။
ယခုအခါ လုချင်း၏ အရှိန်အဝါမှာ ထပ်မံ အားနည်းသွားပြီး အရှိန်နှေးကွေးလာကာ ခြေလှမ်းများ ယိုင်နဲ့နေသည်ကို တွေ့ရသဖြင့် သူမ စိတ်သက်သာရာ ရသွားတော့သည်။ နောက်ထပ် အသက်ရှူချိန် အနည်းငယ်အတွင်း သူ့ကို ဖမ်းမိတော့မည် ဖြစ်သည်။
မိမိ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သည့်အလား လုချင်းသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျောက်တုံးကြီးတစ်တုံးကို မှီကာ မောဟိုက်နေလေသည်။ သူ၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေသော်လည်း သူမကို စူးရဲစွာ ပြန်ကြည့်နေ၏။
သခင်မကြီးကျန့်က လှောင်ပြောင်လိုက်သည်။
"ပြေးလေ... ဘာလို့ မပြေးတော့တာလဲ။ ကောင်စုတ်လေး... မင်း ဘယ်ရောက်ဦးမလဲ ကြည့်ရသေးတာပေါ့။"
လုချင်း ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ သခင်မကြီးကျန့်သည် အလျင်စလို မလုပ်တော့ပေ။ သူမသည်လည်း ကိုယ်ကို လျှော့လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်သွားကာ သူ၏ မျက်လုံးထဲမှ စူးရဲသော အကြည့်များကို အရသာခံ ကြည့်ရှုနေလိုက်သည်။
သူမက ရက်စက်စွာ ပြုံးရင်း ဆက်ပြောလိုက်သည်။
"ကောင်စုတ်လေး... စိတ်မပူပါနဲ့။ မင်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး ဖြည်းဖြည်းချင်း နှိပ်စက်ပေးမယ်။ အဲ့ဒီအချိန်ကျရင်လည်း အခုလို မျက်လုံးမျိုးနဲ့ ငါ့ကို ဆက်ကြည့်နေနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင် သိပ်ကို ပျင်းဖို့ ကောင်းနေမှာပေါ့။"
သူမ၏ စကားသံများတွင် အမုန်းတရားများ ပြည့်နှက်နေလေသည်။ သူမသည် လုချင်းကို အလွယ်တကူ အသေခံခိုင်းမည် မဟုတ်ဘဲ အရှင်ဖမ်းကာ စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်ဖြတ်ရန် ကြံစည်ထားသည်။
လုချင်းက မည်သည့်စကားမျှ ပြန်မပြောဘဲ သူမကိုသာ စိုက်ကြည့်နေသဖြင့် သူမ ပို၍ပင် ကျေနပ်အားရနေလေသည်။
သူမသည် နဂါးခေါင်းတောင်ဝှေးကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ မမြင်ရသော စွမ်းအင်မျှင်များ ထွက်ပေါ်လာပြီး လုချင်း၏ ခြေလက်များကို ဖြတ်တောက်ရန် ဦးတည်သွားတော့သည်။
သို့သော် စွမ်းအင်မျှင်များ လုချင်း၏ ခြေလက်များကို ထိခါနီးအချိန်တွင် လုချင်းက ရုတ်တရက် တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ နောက်ကျောမှ ကျောက်တုံးကြီး ပေါက်ကွဲထွက်သွားပြီး သူ ပျောက်ကွယ်သွားရာမှ သူမနှင့် နှစ်မီတာအကွာတွင် ပြန်လည် ပေါ်ပေါက်လာလေသည်။
ရွှပ်
မျက်စိကျိန်းမတတ် ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက်၌ သစ်ခေါက်ကဲ့သို့ တွန့်လိမ်နေသော လက်မောင်းတစ်ဖက်က မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့လေသည်။
လုချင်းက မေးလိုက်သည်။
"အဘွားကြီး... ခင်ဗျားက ဘယ်သူ့ရဲ့ခြေနဲ့လက်ကို ဖြတ်မယ်လို့ ပြောလိုက်တာလဲ။"
..........