အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း ၂၀၇ - သိမ်းကျုံးယူခြင်းနှင့် ရတနာရှာဖွေခြင်း
"ဘာတွေ ဖြစ်ကုန်တာလဲ။"
ရုတ်တရက် ကျရောက်လာသော တိုက်ခိုက်မှုကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုစွမ်းအင်များ မည်သည့်နေရာမှ ရောက်လာသည်ကိုတော့ မည်သူမျှ မမြင်လိုက်ကြချေ။
ကျန့်မိသားစု ခေါင်းဆောင်သည် မိမိ၏ ရင်ဘတ်ပေါ်ရှိ အပေါက်ကြီးကို ငေးကြည့်ရင်း ကြောက်လန့်တကြားအမူအရာဖြင့် လဲကျသွားတော့သည်။
မြို့စားမင်းနှင့် အခြားသော မွေးဖွားပြီးနယ်ပယ် ပညာရှင်အချို့သာလျှင် ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်ကြပြီး လမ်းကြောင်းတစ်ခုဆီသို့ အကြည့်ပို့လိုက်ကြ၏။ ထိုစဉ် မီတာတစ်ရာခန့် အကွာရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် လူရိပ်တစ်ခုမှာ လေးတစ်စင်းကို ကိုင်ဆောင်လျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေသည်။
ထိုသူမှာ လုချင်းမှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။
"ဒါက ဘာသဘောလဲ။" စာပေပညာရှင်ပုံစံ လူကြီးက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ငါ ကျန့်မိသားစု အဘွားကြီးကို သတ်တုန်းက ပြောခဲ့သားပဲ... သူ့သားကြီးရဲ့ အုတ်ဂူကို ဖျက်ဆီးပြီး သူ့ကို ငရဲသွားစေရမယ်လို့လေ။ ခင်ဗျားတို့မှာ ဘာကန့်ကွက်စရာ ရှိလို့လဲ။" လုချင်းက အေးစက်စွာ တုံ့ပြန်လိုက်၏။
စာပေပညာရှင်ပုံစံ လူကြီး၏ မျက်နှာမှာ တောင့်တင်းသွားပြီး မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။ ထိုလူကြီး တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လုချင်း၏ မျက်ဝန်းတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထို့နောက် သူသည် မြို့စားမင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။ "မြို့စားမင်း... အခုတော့ သက်သေအခိုင်အမာတွေ ရှိနေပြီဆိုတော့ ကျန့်မိသားစုက သက်ရှိလူသား ယဇ်ပူဇော်တဲ့ ကိစ္စတွေကို ကျူးလွန်ခဲ့တာ သိသာနေပြီလေ။ ခင်ဗျား ဘာလုပ်ရမလဲဆိုတာတော့ သိမှာပါနော်။"
"ဒါပေါ့... သိတာပေါ့။" မြို့စားမင်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... ခင်ဗျားအနေနဲ့ ဒီကိစ္စကို တရားမျှတစွာနဲ့ ကိုင်တွယ်ပြီး ကျန့်မိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ငါ့ရဲ့ နောက်ထပ် မြှားတစ်စင်းက ဘယ်သူ့ဆီ ဦးတည်မလဲဆိုတာ မပြောတတ်ဘူးနော်။"
ပြောပြီးသည်နှင့် လုချင်းသည် သစ်ပင်ပေါ်မှ ခုန်ချကာ ပျောက်ကွယ်သွားတော့လေ၏။ အစမှ အဆုံးအထိ သူသည် ကျန့်မိသားစု ခေါင်းဆောင်ကို စကားတစ်ခွန်းမျှပင် ထည့်မပြောခဲ့ချေ။ ထိုသူမှာ သူ့အတွက် အရေးမပါသော ပိုးမွှားတစ်ကောင်ကဲ့သို့ပင်။
လုချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မြို့စားမင်းနှင့် အခြားသူများမှာ မလှုပ်မယှက် ရပ်နေကြသည်။ သို့သော် သူတို့၏ ရင်ထဲတွင်မူ တိတ်တဆိတ် တုန်လှုပ်နေကြ၏။ လုချင်း တိုက်ခိုက်မှု မလုပ်မီအထိ သူ ရှိနေသည်ကို သူတို့ လုံးဝ မရိပ်မိခဲ့ကြပေ။
သူတို့၏ 'မွေးဖွားပြီးနယ်ပယ် အာရုံခံနိုင်စွမ်း' များမှာ လုချင်း၏ ရှေ့တွင် လုံးဝ အသုံးမဝင်သကဲ့သို့ ဖြစ်နေလေ၏။ ထိုကဲ့သို့ နက်နဲလှသော လှုပ်ရှားမှုများနှင့် လုချင်း ပြသခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားများကြောင့် မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်များမှာ သူ့ကို ပို၍ပင် ရှိန်သွားကြတော့သည်။
ဤမြင်ကွင်းကို ကြည့်နေရသော အခြားသော မိသားစု အင်အားစုများ၏ ခေါင်းဆောင်များမှာလည်း တုန်လှုပ်သွားကြသည်။ မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင် အများအပြား၏ ရှေ့မှောက်တွင် လူသတ်ရဲရုံသာမက ၎င်းတို့ကိုပါ လှောင်ပြောင် ခြိမ်းခြောက်ရဲသည့် လူငယ်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ ပို၍ အံ့သြစရာကောင်းသည်မှာ မြို့စားမင်းနှင့် အခြားသူများမှာ ဒေါသထွက်မည့်အစား ကြောက်ရွံ့သည့် အရိပ်အယောင်များ ပြသနေခြင်းပင် ဖြစ်သည်။
ဤမျှလောက်အထိ လွှမ်းမိုးနိုင်စွမ်း ရှိသော ဤလူငယ်မှာ မည်သူနည်း။ ၎င်းအပြင် သူ၏ စကားအရ ကျန့်မိသားစု၏ ဘိုးဘေးကြီးကိုလည်း သူပင် သတ်ခဲ့သည် မဟုတ်ပါလော။ ခဏချင်းတွင်ပင် အင်အားစု အသီးသီးမှ ခေါင်းဆောင်များမှာ အတွေးကိုယ်စီဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။
"မြို့စားမင်း... နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ။"
မိမိဘေးတွင် သေဆုံးနေသော ကျန့်မိသားစု ခေါင်းဆောင်၏ အလောင်းကို ကြည့်ရင်း ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မျက်နှာရှိသည့် လူတစ်ဦးက မေးလိုက်သည်။
"ဘာလုပ်ရမှာလဲ... လုပ်ထုံးလုပ်နည်းအတိုင်းပဲပေါ့။" မြို့စားမင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ဤအခိုက်၌ ထိုလူမှာ ဝမ်းသာသွားတော့သည်။ ကျန့်မိသားစုတော့ လုံးဝ ပျက်စီးပြီ ဖြစ်ကြောင်း သူ သိလိုက်ရပြီ မဟုတ်ပါလော။ သက်ရှိလူသား ယဇ်ပူဇော်ခြင်း၏ ပြစ်မှုမှာ အလွန်ပင် ကြီးမားလှသည်။ ဘိုးဘေးကြီးနှင့် မိသားစု ခေါင်းဆောင်ပါ သေဆုံးသွားပြီ ဖြစ်ရာ ကျန့်မိသားစုမှာ ချန်ကျိုးမြို့တွင် ခြေကုပ်ယူစရာ နေရာ မရှိတော့ပေ။
မြို့စားမင်း၏ စကားကို ကြားသောအခါ အခြားသော မိသားစု ခေါင်းဆောင်များမှာလည်း အသီးသီး အတွေးဝင်သွားကြလေသည်။
…
မြို့အတွင်း၌မူ လုချင်းသည် လျင်မြန်စွာ လှုပ်ရှားနေသည်။ ကျန့်မိသားစု၏ သားကြီး အုတ်ဂူကို ဖျက်ဆီးပြီး ခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက်၌ သူသည် ထိုနေရာ၌ မနေတော့ဘဲ 'မြေကမ္ဘာရွေ့လျားမန္တန်' ကို အသုံးပြုကာ မြို့အတွင်းသို့ ပြန်ဝင်လာခဲ့သည်။
ကျန့်မိသားစု မည်သို့ ဖြစ်သွားမည်ကို သူ ခန့်မှန်းရန်ပင် မလိုတော့ပေ။ အဘွားအို သေဆုံးကတည်းက သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ၎င်းအပြင် မြင့်မြတ်သောတောင်နှင့် တော်ဝင်မြို့တော်တို့၏ တားမြစ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားခြင်းမှာ လူသိရှင်ကြား ဖြစ်သွားခဲ့ပြီ မဟုတ်ပါလော။
ကျောထောက်နောက်ခံဖြစ်သော မွေးရာပါနယ်ပယ် သိုင်းပညာရှင်လည်း မရှိတော့သလို၊ သြဇာအာဏာလည်း ကျဆင်းသွားပြီ ဖြစ်ရာ ကျန့်မိသားစုမှာ ပျက်သုဉ်းရန်သာ ရှိတော့သည်။
မြို့တော်မှာ စည်ကားသော်လည်း ရှုပ်ထွေးလှသည်။ ဝံပုလွေများကဲ့သို့သော အင်အားစုများမှာ ဟန်ချက်ပျက်သွားသည့် ကျန့်မိသားစုကို ဝိုင်းဝန်း အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ကြပေလိမ့်မည်။ သို့သော် လုချင်းမှာမူ အကောင်းဆုံး အသားတစ်တုံးကို သူများလက်ထဲသို့ အလွယ်တကူ မထည့်လိုပေ။
မကြာမီ လုချင်းသည် ကျန့်အိမ်တော်အတွင်းသို့ ဝင်ရောက်လာသည်။ ယခုအချိန်တွင် အိမ်တော်တစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ ဘိုးဘေးကြီး သေဆုံးသည့် သတင်းမှာ အိမ်တော်တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ မဟုတ်ပါလား။ အစောင့်များနှင့် အစေခံများမှာ အဘွားအိုကို ကြောက်ရွံ့ကြသော်လည်း သူမသည် ကျန့်မိသားစု၏ ကျောရိုးဖြစ်ကြောင်း သူတို့ သိကြသည်။
သူမ ရှိနေသရွေ့ ကျန့်မိသားစုမှာ မြို့၏ အင်အားကြီး မိသားစုတစ်ခု ဖြစ်နေဦးမည် ဖြစ်သည်။ ယခုမူ အားကိုးရာမဲ့သွားကြပြီ ဖြစ်သဖြင့် အိမ်တော်မှာ ပရမ်းပတာ ဖြစ်လုနီးပါး ရှိနေချေပြီ။
လုချင်းသည် ထိုအခြေအနေကို ဂရုမစိုက်ဘဲ သူ၏ အစွမ်းကို အသုံးပြုကာ အိမ်တော်အတွင်း ရှာဖွေတော့သည်။ 'စိတ်ဝိညာဉ်မန္တန်' နှင့် အစွမ်းထက်သော ခွန်အားကြောင့် လုချင်းမှာ မည်သူမျှ မရိပ်မိစေဘဲ ကျန့်အိမ်တော်အတွင်း လွတ်လပ်စွာ သွားလာနေ၏။
မကြာမီ သူ ရှာနေသော နေရာကို တွေ့လိုက်ရတော့၏။ အပ်နှစ်စင်းကို ပစ်ထုတ်ကာ တံခါးဝရှိ အစောင့်နှစ်ဦးကို လဲကျစေပြီးနောက် သူသည် ဓားကို ဆွဲထုတ်ကာ သော့ကို ဖျက်ဆီး၍ တံခါးကို တွန်းဖွင့်လိုက်သည်။
"နာမည်ကြီး မိသားစုဆိုတဲ့အတိုင်း ရတနာတိုက်ကလည်း တကယ်ကြီး ခမ်းနားသားပဲ။"
ရတနာတိုက်အတွင်းသို့ ဝင်လိုက်သောအခါ စင်များပေါ်တွင် ပြည့်နှက်နေသော ပစ္စည်းများကို ကြည့်ရင်း လုချင်း စိတ်လှုပ်ရှားသွားသည်။ သူသည် ရှေ့သို့ လှမ်းသွားရင်း လက်ထဲတွင် အလင်းတန်းတစ်ခုကို ဖန်တီးကာ ပစ္စည်းအားလုံးကို သူ၏ 'ဟင်းလင်းပြင်ချီအိတ်'အတွင်းသို့ သိမ်းကျုံး ထည့်လိုက်လေသည်။
အချိန်က များစွာ မရှိတော့ပေ။ စာပေပညာရှင်ပုံစံလူကြီးနှင့် အခြားသူများ မြို့ထဲသို့ မကြာမီ ပြန်ရောက်လာကြတော့မည်။ လုချင်းမှာ ပစ္စည်းတစ်ခုချင်းစီကို စစ်ဆေးရန် အချိန်မရသဖြင့် အကုန်လုံးကိုသာ ယူပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ အိတ်မှာ ကြီးမားလှသဖြင့် အားလုံး ဆန့်ပေသည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားမှာ အလွန် အစွမ်းထက်သောကြောင့်သာ ဤမျှ များပြားသော ပစ္စည်းများကို တစ်ပြိုင်နက် သိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။
ရတနာတိုက်ကို ပြောင်စင်အောင် သိမ်းဆည်းပြီးနောက် လုချင်း တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ ရတနာတိုက်မှာ ပစ္စည်းများဖြင့် ပြည့်နေသော်လည်း အရည်အသွေးမှာတော့ သူ မျှော်လင့်သလောက် မမြင့်မားပေ။ အဆင့်မြင့်ဆုံး ပစ္စည်းမှာပင် ရွှေရောင်အလင်းတန်း အနည်းငယ် ပါသော အနီရောင်အလင်းတန်းအဆင့်သာ ရှိလေသည်။ ရာစုနှစ်နှင့်ချီသော သမိုင်းကြောင်းရှိသည့် မိသားစုတစ်ခုမှာ ဤထက် ပို၍ ကောင်းသော ရတနာများ ရှိသင့်သည် မဟုတ်ပါလော။
"ကျန့်မိသားစုမှာ လျှို့ဝှက်ရတနာတိုက် ရှိဦးမယ် ထင်တယ်။" လုချင်းက မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။
သူ ရတနာတိုက်မှ ထွက်လာသည်နှင့် စူးရှသောအော်သံတစ်ခုကို ကြားလိုက်ရသည်။ "နင်က ဘယ်သူလဲ... ငါတို့ ရတနာတိုက်ထဲကို ကျူးကျော်ရဲတာလား။"
လုချင်း မော့ကြည့်လိုက်ရာ ဒေါသတကြီး ကြည့်နေသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမနှင့်အတူ အစောင့်နှစ်ဦးနှင့် အစိမ်းရောင် ဝတ်စုံဝတ်ထားသည့် အဘွားအိုတစ်ဦးလည်း ပါလာ၏။ ထိုအမျိုးသမီး၏ အချက်အလက်များကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်လုံးများ တောက်ပသွားတော့သည်။
"ခင်ဗျားတို့ ရောက်လာတာ အတော်ပဲ။ လမ်းပြမယ့်လူ မရှိလို့ စိတ်ပူနေတာ။"
လုချင်း၏ အကြည့်နှင့် ဆုံလိုက်သောအခါ ထိုအမျိုးသမီးမှာ ကျောချမ်းသွားတော့၏။ ထိုစဉ် အစိမ်းရောင် ဝတ်စုံနှင့် အဘွားအိုက သူမ၏ ရှေ့တွင် ကာလိုက်ပြီး "သခင်မ... သတိထားပါ။ ဒီလူက သာမန် မဟုတ်ဘူး။"
အစောင့်နှစ်ဦးမှာလည်း ဓားများကို ဆွဲထုတ်လိုက်ကြသော်လည်း လုချင်း၏ လက်ချက်ဖြင့် ချက်ချင်းပင် လဲကျသွားကြတော့သည်။ လုချင်းသည် အမျိုးသမီးထံသို့ တစ်ခဏချင်း ရောက်သွားပြီး သူမကို ဖမ်းဆီးရန် ပြင်လိုက်တော့၏။ အဘွားအိုမှာ တုန်လှုပ်သွားသော်လည်း သူမ၏ လက်စွပ်အတွင်းမှ ငွေရောင် ဓားပျော့တစ်စင်းကို ထုတ်ကာ လုချင်း၏ လည်ပင်းသို့ တိုက်ခိုက်လိုက်လေသည်။
"ဓားပျော့လား... မဟာသခင်အဆင့်အထိတောင် ရောက်နေတာလား။"
လုချင်း အနည်းငယ် အံ့သြသွားသည်။ ဤအဘွားအိုမှာ 'ကိုယ်တွင်းအင်္ဂါအဆင့်'သို့ ရောက်ရုံမျှသာ ရှိသော်လည်း ဤမျှ ကောင်းမွန်သော ဓားသိုင်း ရှိလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။ သို့သော် သူ၏ ရှေ့တွင်မူ မည်သည့် ဓားသိုင်းမျှ အရာမထင်ချေ။ လုချင်းက လက်ချောင်းဖြင့် ဓားကို ပုတ်ထုတ်လိုက်ပြီးနောက် လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်ရာ အဘွားအိုခင်မျာ နံရံနှင့် ရိုက်မိကာ အသက်ငွေ့ငွေ့သာ ကျန်တော့လေသည်။
"ခင်ဗျားရဲ့ ဓားသိုင်းက ကောင်းပေမယ့် ခင်ဗျားရဲ့ အရှိန်အဝါကတော့ စိတ်ပျက်စရာပဲ။"
ထိုအဘွားအိုသည် ကျန့်မိသားစု အဘွားအို၏ လူယုံတော် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက လူသားယဇ်ပူဇော်မှုတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း လုချင်း သိလိုက်သည်။
"ကျန့်မိသားစုကတော့ တကယ်ကို အမြစ်ကနေ ပုပ်နေတာပဲ။"
လုချင်းသည် တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။ "ကျွန်မကို မသတ်ပါနဲ့... အသက်ချမ်းသာပေးပါ။" သူမက သနားစဖွယ်ပုံစံဖြင့် အသနားခံနေလေ၏။
"ခင်ဗျားက ကျန့်မိသားစုရဲ့ သခင်မမလား။ အသက်ရှင်ချင်ရင် ခင်ဗျားတို့ မိသားစုရဲ့ လျှို့ဝှက် ရတနာတိုက်ကို ခေါ်သွားပေး။ ငါ စိတ်ကျေနပ်ရင် ခင်ဗျားကို အသက်ချမ်းသာပေးမယ်။" လုချင်းက အေးစက်စွာ ပြောလိုက်သည်။
အမျိုးသမီးမှာ လိမ်ညာရန် ကြိုးစားသော်လည်း လုချင်း၏ စူးရှသော အကြည့်အောက်တွင် မဝံ့မရဲနှင့်ပင် ပြောလိုက်ရ၏။ "ကျွန်မ... ကျွန်မ သိသလောက်ဆိုရင် ဘိုးဘေးကြီးရဲ့ အဆောင်ထဲမှာ လျှို့ဝှက်ရတနာတိုက် ရှိနိုင်ပါတယ်။ ကျန်တာတော့ ခုနက အဘွားကြီးပဲ သိပါလိမ့်မယ်။"
လုချင်းသည် အမျိုးသမီးကို ဆေးလုံးတစ်လုံး အတင်းကျွေးလိုက်ပြီးနောက် "ဒါက အဆိပ်ဆေးလုံးပဲ။ နှစ်နာရီအတွင်း ဖြေဆေးမရရင် ခင်ဗျား နာနာကျင်ကျင်နဲ့ သေရလိမ့်မယ်။ အခု လမ်းပြတော့။"
အမျိုးသမီးမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။ လုချင်းသည် အစောင့်တစ်ဦး၏ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနောက် ရုပ်ဖျက်၍ သူမ နောက်မှ လိုက်သွားလေသည်။ လမ်းပြသူ ရှိနေသဖြင့် သူတို့သည် မည်သူမျှ မရိပ်မိစေဘဲ အဘွားအို၏ အဆောင်သို့ ရောက်ရှိလာကြသည်။
"ဒါက ဘိုးဘေးကြီးရဲ့ အဆောင်ပါ။ ကျွန်မအမျိုးသား ပြောတာတော့ ဒီထဲမှာ လျှို့ဝှက်ရတနာတိုက် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ ကျွန်မ တစ်ခါမှတော့ မဝင်ဖူးဘူး။" သူမ၏ အသံတွင် မုန်းတီးမှုအချို့ ပါဝင်နေသည်ကို လုချင်း သတိထားမိလိုက်သည်။
အဆောင်အတွင်းသို့ ဝင်လိုက်သောအခါ လုချင်းသည် သူ၏ နတ်မျက်စိအစွမ်းဖြင့် လျှို့ဝှက်တံခါးတစ်ခုကို လွယ်လွယ်ကူကူပင် ရှာတွေ့လိုက်သည်။ အဘွားအိုမှာ သူမ၏ အခန်းထဲသို့ မည်သူမျှ မဝင်ရဲဟု ယုံကြည်ထားပုံရသည်။ တံခါးမှာ သံမဏိဖြင့် ပြုလုပ်ထားသော်လည်း လုချင်းက ဓားဖြင့် ပိုင်းဖြတ်ကာ ဖျက်ဆီးပစ်လိုက်၏။
တံခါးနောက်ကွယ်ရှိ လမ်းကလေးအတိုင်း လျှောက်သွားသောအခါ၌ အခန်းငယ်တစ်ခုသို့ ရောက်ရှိသွားသည်။
ထိုအခန်းမှာ 'ညလင်းပုလဲလုံး'များကြောင့် လင်းထိန်နေလေ၏။ သို့သော် လုချင်းကို ပို၍ စိတ်လှုပ်ရှားသွားစေသည်မှာ ထိုအခန်းအတွင်းရှိ ပစ္စည်းတစ်ခုကြောင့်ပင် ဖြစ်သည်။
ထိုပစ္စည်းကို မြင်လိုက်ရသောအခါ၌ လုချင်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားတော့လေသည်။
……..
အခန်း ၂၀၈ - မြေဓာတ်ရတနာနှင့် ပန်းအလှလေးကို ရက်စက်စွာဖြင့် ချေမွသူ
"ဒါက ဘာကြီးလဲ။"
လျှို့ဝှက်ရတနာတိုက်ထဲတွင် ပစ္စည်းပစ္စယ သိပ်မများလှချေ။ သစ်သားစင်အနည်းငယ်သာ ရှိပြီး လက်နက်များ၊ ဆေးဖက်ဝင်အပင်များ၊ စာအုပ်များနှင့် ပုလင်းအိုးအချို့ကို တင်ထားလေသည်။ သို့သော် လုချင်းသည် ထိုအရာများကို စိတ်မဝင်စားပေ။
အခန်းထဲသို့ ဝင်ဝင်ချင်း သူ့အာရုံကို ဖမ်းစားလိုက်သည်မှာ အခန်းအလယ်ရှိ အရာဝတ္ထုတစ်ခုပင် ဖြစ်သည်။
၎င်းမှာ ကြက်ဥအရွယ်အစားခန့်ရှိပြီး ချောမွတ်နေကာ မြူခိုးများ ရစ်သိုင်းနေသည့် မြေဝါရောင်ပုလဲတစ်လုံး ဖြစ်လေသည်။ ၎င်းသည် သစ်သားစင်ပေါ်တွင် တင်မထားသော တစ်ခုတည်းသော ပစ္စည်းလည်း ဖြစ်သည်။ ၎င်းကို တင်ထားသည့်အရာမှာ အလယ်တွင် အနည်းငယ် ချိုင့်နေသော သံမဏိစင်မြင့်တစ်ခု ဖြစ်လေသည်။
ဝင်လိုက်သည်နှင့် လုချင်း၏ အလိုစိတ်က ဤအရာသည် သာမန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူသည် ထိုမြေဝါရောင်ပုလဲကို အာရုံစိုက်ကြည့်လိုက်၏။ ခေတ္တမျှ ကြာသည်အထိ ပုလဲနှင့်ပတ်သက်သော မည်သည့်အချက်အလက်မျှ ပေါ်မလာချေ။
လုချင်း ပို၍ ဝမ်းသာသွားသည်။ သူ၏ အတွေ့အကြုံအရ အချက်အလက်ပေါ်ရန် ကြာလေလေ ပို၍ အဖိုးတန်လေလေ ဖြစ်သောကြောင့်ပင်။ သူသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ပုလဲကို မလှုပ်မယှက် စိုက်ကြည့်နေလိုက်၏။
အသက်ရှူချိန် တစ်ဒါဇင်ခန့် ကြာပြီးနောက်တွင် ပုလဲမျက်နှာပြင်မှ ခရမ်းရောင်အလင်းတန်း ဖျော့ဖျော့တစ်ခု ထွက်ပေါ်လာတော့သည်။
"ခရမ်းရောင်အလင်းတန်းအဆင့် ပစ္စည်းပါလား။"
လုချင်း စိတ်လှုပ်ရှားသွားပြီး ပေါ်လာသော အချက်အလက်များကို အမြန်ကြည့်လိုက်လေသည်။
[မြေကမ္ဘာဝိညာဉ်ပုလဲ - မြေဓာတ်အနှစ်သာရမှ မွေးဖွားလာသော မှော်ဝင်ပုလဲဖြစ်ပြီး ထူးဆန်းအံ့ဩဖွယ် စွမ်းဆောင်ရည်များစွာ ပိုင်ဆိုင်ထားသည်။]
[မြေကမ္ဘာ၏ အနက်ရှိုင်းဆုံး၊ မြေဓာတ်စွမ်းအား အသိပ်သည်းဆုံး နေရာများ၌သာ မြေကမ္ဘာဝိညာဉ်ပုလဲကို ပျိုးထောင်နိုင်သည်ဟု ဆိုကြသည်။]
[မြေကမ္ဘာနိယာမ စွမ်းအားများ ပါဝင်ပြီး အကောင်းဆုံးသော သဘာဝဝိညာဉ်လက်နက် သန္ဓေသားလောင်း ဖြစ်သည်။]
[ပေါင်တစ်ထောင်ခန့် လေးလံပြီး သေးငယ်သော်လည်း အလွန်အမင်း လေးလံသည့် ပုလဲဖြစ်သည်။]
...
"မြေကမ္ဘာဝိညာဉ်ပုလဲ... တကယ့်ကို မြေကမ္ဘာဝိညာဉ်ပုလဲ ဖြစ်နေတာပဲ။"
ဤမြေဝါရောင်ပုလဲနှင့် ပတ်သက်သော အချက်အလက်များကို ဖတ်ပြီးနောက် လုချင်း၏ ခံစားချက်မှာ ဝမ်းသာရုံမျှမကတော့ပေ။ လီဟော်ဂိုဏ်း၏ အမွေအနှစ်မှတ်တမ်းများတွင် ဤပုလဲအကြောင်း အသေးစိတ် ပါရှိလေသည်။ ဤသည်မှာ မြေဓာတ်စွမ်းအား အနှစ်သာရမှ မွေးဖွားလာသော ထူးဆန်းသည့် ပုလဲဖြစ်ပြီး ထူးခြားသော စွမ်းရည်များစွာ ပါရှိကာ အလွန်ရှားပါးလှသည်။
မသေမျိုးခေတ်ကာလတွင်ပင် အလွန်အဖိုးတန်သော ရတနာဖြစ်ခဲ့ပြီး ၎င်း ပေါ်ထွက်လာသည်နှင့် ကျင့်ကြံသူများစွာ လုယူတိုက်ခိုက်ကြလေ့ရှိသည်။ ဤကဲ့သို့သော မြေဓာတ်ရတနာမျိုး ကျန့်မိသားစု၏ လျှို့ဝှက်အခန်းထဲတွင် ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
"ကြည့်ရတာ နှစ်ပေါင်းသောင်းချီ ကြာခဲ့တဲ့ ဝိညာဉ်စွမ်းအင်ခန်းခြောက်တဲ့ ခေတ်ကာလကြီးက ဝိညာဉ်ပစ္စည်းအများကြီးကို ဖုန်မှုန့်တွေကြားမှာ မြှုပ်နှံထားလိုက်သလို ဖြစ်သွားပုံရတယ်။ မသေမျိုးခေတ်သာဆိုရင် မြေကမ္ဘာဝိညာဉ်ပုလဲလို ရတနာမျိုးကို ကျန့်မိသားစုက ပိုင်ဆိုင်ခွင့်ရမှာတောင် မဟုတ်ဘူးလေ။"
မြေကမ္ဘာဝိညာဉ်ပုလဲကို ကြည့်ရင်း လုချင်း သက်ပြင်းချလိုက်သည်။ ယခုမှပင် ကျန့်မိသားစုသည် ဤပုလဲကို အဘယ်ကြောင့် သံမဏိစင်ဖြင့် သီးသန့်ထားရှိသနည်း ဆိုသည်ကို သူ နားလည်သွားတော့သည်။ မြေကမ္ဘာဝိညာဉ်ပုလဲတွင် မြေကမ္ဘာနိယာမ စွမ်းအားများ ပါဝင်သောကြောင့် သဘာဝအလျောက် အလွန်လေးလံပြီး သာမန်သစ်သားစင်သည် ၎င်း၏ အလေးချိန်ကို မခံနိုင်သောကြောင့် ဖြစ်ပေသည်။
သူသည် မြေကမ္ဘာဝိညာဉ်ပုလဲကို လှမ်းကိုင်ပြီး မကြည့်လိုက်ရာ သေးငယ်သော်လည်း အလွန်လေးလံကြောင်း တွေ့လိုက်ရသည်။ ချီနှင့်သွေးစွမ်းအင်ကို မသုံးဘဲနှင့်တော့ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် မမနိုင်ပေ။
သူ၏ ကိုယ်တွင်းမှ ချီနှင့်သွေးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် လက်မောင်းမှ သွေးကြောများ ထောင်ထလာကာမှ ပုလဲကို သံမဏိစင်ပေါ်မှ မမြှောက်လိုက်နိုင်လေသည်။
"လေးလိုက်တာ... ဒီပုလဲသေးသေးလေးက အနည်းဆုံး ပေါင်တစ်ထောင်လောက် လေးတာပဲ။"
လက်ထဲတွင် မြေကမ္ဘာဝိညာဉ်ပုလဲကို ချိန်ဆကြည့်ရင်း လုချင်း အံ့သြသွားသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သာမန် မဟာသခင်အဆင့်ထက် အဆများစွာ သာလွန်နေ၍သာ ဖြစ်သည်။ သို့မဟုတ်ပါက အားနည်းသော သိုင်းပညာရှင်ဆိုလျှင် မမနိုင်လောက်ပေ။
အဘယ်ကြောင့်ဆိုသော် ပုလဲသည် သေးငယ်လွန်းသဖြင့် လက်ချောင်းအားဖြင့်သာ မတင်ရသောကြောင့် ဖြစ်သည်။ သာမန် ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်များတွင် ထိုမျှစွမ်းအားကြီးသော လက်ချောင်းအားမျိုး ရှိကြမည် မဟုတ်ချေ။ ကျန့်မိသားစုက ဤရတနာကို လျှို့ဝှက်အခန်းအလယ်တွင် ပေါ်တင်ထားရဲသည်မှာ မဆန်းတော့ပေ။
သူတို့သည် မြေကမ္ဘာဝိညာဉ်ပုလဲ၏ သဘောသဘာဝအမှန်ကို အပြည့်အဝ နားမလည်ကြသော်လည်း ဤပစ္စည်းသည် အလွန်လေးလံသဖြင့် ခိုးယူရန် ခက်ခဲကြောင်း သိထားကြပုံရသည်။ အစောင့်များကို ရှောင်ကွင်းပြီး လျှို့ဝှက်အခန်းထဲသို့ ခိုးဝင်ကာ ပုလဲကို ယူနိုင်လျှင်ပင် ချောချောမွေ့မွေ့ ပြန်ထွက်သွားရန် ခက်ခဲပေလိမ့်မည်။
ကျန့်အိမ်တော်ထဲသို့ တစ်ယောက်တည်း ခိုးဝင်ခြင်းနှင့် ပေါင်တစ်ထောင်လေးသော ပစ္စည်းကို သယ်ပြီး ထွက်ပြေးခြင်းသည် လုံးဝကို မတူညီသော စိန်ခေါ်မှုနှစ်ခု ဖြစ်သည်။ ထို့အပြင် မြေကမ္ဘာဝိညာဉ်ပုလဲ၏ အလေးချိန်ကြောင့် သာမန်အိတ်များဖြင့် ထည့်မရဘဲ လက်ဖြင့်သာ ကိုင်ထားရမည် ဖြစ်သည်။
ပေါင်တစ်ထောင်လေးသော ပစ္စည်းကို လက်ဖြင့် ကိုင်ထားရလျှင် မွေးဖွားပြီးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် အစောင့်များ မသိအောင် ခိုးထွက်နိုင်မည်ဟု အာမမခံနိုင်ပေ။
"ကံကောင်းလို့ ငါ့မှာ ဟင်းလင်းပြင်ချီအိတ် ရှိနေလို့ပေါ့။ မဟုတ်ရင် ဒီပစ္စည်းကို ပြန်သယ်သွားဖို့ တော်တော်ခက်မှာ။"
လုချင်းသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီးနောက်၌ အားစိုက်ကာ မြေကမ္ဘာဝိညာဉ်ပုလဲကို ဟင်းလင်းပြင်ချီအိတ်ထဲသို့ ထည့်လိုက်လေသည်။ မြေကမ္ဘာဝိညာဉ်ပုလဲ၏ လေးလံမှုသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဝိညာဉ်အပေါ်တွင်လည်း ဖိအားသက်ရောက်စေသည်။ အကယ်၍ လုချင်းသာ ဝိညာဉ်အဆောင်ကို မဖွဲ့စည်းရသေးပါက ဟင်းလင်းပြင်ချီအိတ်ထဲသို့ ထည့်နိုင်မည် မဟုတ်ချေ။
မြေကမ္ဘာဝိညာဉ်ပုလဲကို သိမ်းဆည်းပြီးနောက် လုချင်းသည် လျှို့ဝှက်အခန်းထဲရှိ အခြားပစ္စည်းများကို အာရုံစိုက်လိုက်သည်။ သို့သော် ဤကဲ့သို့သော မြေဓာတ်ရတနာကို ရရှိပြီးနောက်တွင် အခြားပစ္စည်းများက သိပ်စိတ်ဝင်စားစရာ မကောင်းတော့ပေ။
ရွှေရောင်အလင်းတန်းအဆင့် ပစ္စည်းအချို့ ပါဝင်သော်လည်း လုချင်း၏ စိတ်က ပို၍ တည်ငြိမ်နေပြီ ဖြစ်သည်။ သူသည် တစ်ခုချင်းစီ လိုက်မစစ်ဆေးတော့ဘဲ အကုန်လုံးကို သိမ်းယူလိုက်ပြီး နောက်မှ ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
လျှို့ဝှက်အခန်းကို ပြောင်သလင်းခါအောင် သိမ်းယူပြီးနောက် လုချင်းသည် ထောင့်တွင်ရပ်နေသော သက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေဆဲ ဖြစ်သော်လည်း မျက်နှာထားကမူ ပို၍ တည်ငြိမ်လာခဲ့ပြီ။ လုချင်း၏အကြည့်ကို မြင်သောအခါ သူမ၏ ခန္ဓာကိုယ်က တုန်တက်သွားပြီး တုန်ရီသော အသံဖြင့် မေးလိုက်သည်။
"ကျွန်မ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလား။"
"ဘာလို့ အဲဒီလို ထင်ရတာလဲ။" လုချင်း အနည်းငယ် အံ့သြသွားသည်။
"ရှင်က လေထဲကနေ ဓားရှည်တစ်လက် ထုတ်ပြလိုက်ကတည်းက ကျွန်မ သိလိုက်ပါပြီ။" သူမက ခါးသီးစွာ ပြောလိုက်သည်။
လုချင်းသည် ဓားရှည်တစ်လက်ကို လေထဲမှ ထုတ်ယူပြသခဲ့သလို ယခုလည်း လျှို့ဝှက်အခန်းထဲမှ ပစ္စည်းအများအပြားကို မရှိတော့သည့်အလား ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့သည်။
ဤနည်းလမ်းများမှာ ဆန်းကြယ်လွန်းလှပေ၏။ ကျန့်မိသားစု၏ သခင်မဖြစ်သည့်တိုင် သိုင်းပညာရှင်များတွင် ဤကဲ့သို့သော ဘုရားပေးသည့်ဆုလာဘ်အလားနှယ် စွမ်းရည်မျိုး ရှိသည်ဟု မကြားဖူးခဲ့ပေ။
မွေးဖွားပြီးနယ်ပယ် ဘိုးဘေးများတွင်ပင် ထိုကဲ့သို့သော မှော်ဆန်သည့် နည်းလမ်းများ မရှိကြချေ။ သို့သော် သိုင်းပညာရှင်များ၏ လျှို့ဝှက်နည်းလမ်းများသည် ဝှက်ဖဲများဖြစ်ပြီး သိသူနည်းလေ ကောင်းလေ ဖြစ်ကြောင်း သူမ သိထားသည်။ လုချင်းသည် သူမရှေ့တွင် ဤနည်းလမ်းများကို မဖုံးကွယ်ထားသဖြင့် သူမ ပြန်ပြောပြမည်ကို စိုးရိမ်ပုံမရချေ။
လူသေများကသာ လျှို့ဝှက်ချက်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်သည် မဟုတ်ပါလော။
"သခင်မက ဉာဏ်ကောင်းတဲ့သူပဲ။" လုချင်းက ချီးကျူးလိုက်သည်။ သို့သော် သူ့စကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီး ဖြစ်သည်။
"ကျွန်မကို လွှတ်ပေးပါလား။ ဒီနေ့ မြင်ခဲ့သမျှ ဘာမှ ထုတ်မပြောပါဘူးလို့ ကျိန်ဆိုရဲပါတယ်။" သူမက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် တောင်းပန်လိုက်သည်။
"သခင်မ...ငါက အဲဒီလိုစွန့်စားမှုမျိုးကို လုပ်လိမ့်မယ်လို့ ထင်နေတာလား။" လုချင်းက ပေါ့ပါးစွာ ပြောလိုက်သည်။ "ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖြူစင်တဲ့ ကြာပန်းလေးလို့ ထင်နေတာလား။ ဒီကျန့်အိမ်တော်ထဲမှာ ခင်ဗျားလက်ချက်နဲ့ သေသွားတဲ့ အစေခံတွေလည်း နည်းမှာ မဟုတ်ပါဘူး။"
ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သို့သော် နောက်တစ်ခဏတွင် လုချင်း၏ ပုံရိပ်သည် သူမရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ညှိုးဖြင့် သူမ၏ မျက်ခုံးနှစ်ခုကြားကို ဖွဖွလေး ထိလိုက်လေသည်။
အားတစ်ချက် စီးဝင်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ် တုန်ခါသွားကာ မျက်ဝန်းအိမ်မှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့လေ၏။