← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း ၂၁၅ - အမည်မဲ့ တာအိုဘုရားကျောင်းနှင့် သည်းထန်သော မိုး

"ဆရာ... ဒီနေ့တော့ မိုးမချုပ်ခင် နောက်မြို့ကို ရောက်မယ်မထင်တော့ဘူး။"

ကျီကျိုးနယ်တစ်ဝိုက်တွင် ပရမ်းပတာ လိုက်လံသောင်းကျန်းနေသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူယုတ်မာတစ်ဦး သူတို့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသည်ကို လုချင်းနှင့် သူ့အဖွဲ့သားများ မသိကြပေ။

ယခုအချိန်တွင် သူတို့သည် ကောင်းကင်ထက်မှ အုံ့မှိုင်းနေသော တိမ်တိုက်များကို ကြည့်ကာ စိတ်ညစ်နေကြလေသည်။

ကောင်းကင်ကြီးသည် မိုးသည်းထန်စွာ ရွာချတော့မည့်ဟန် ရှိနေသော်လည်း သူတို့မှာ လူသူကင်းမဲ့သော တောလမ်းခရီးတွင် ရောက်ရှိနေပြီး နောက်ထပ်မြို့သို့ ရောက်ရန် မိုင်ပေါင်းများစွာ လိုနေသေးသဖြင့် အချိန်မီ ရောက်နိုင်ဖွယ် မရှိတော့ပေ။

"မရောက်နိုင်တော့ဘူးဆိုရင်လည်း မိုးခိုလို့ရမယ့် နေရာတစ်ခုခု ရှာကြတာပေါ့ကွာ။ ဒီနားမှာ ပျက်စီးနေတဲ့ တာအိုဘုရားကျောင်းဟောင်းလေးတစ်ခု ရှိတာ ငါ အမှတ်ရမိတယ်။ အခုချိန်ထိ နေလို့ရသေးလားတော့ မသိဘူး။"

သမားတော်ကြီးသည် ခေါင်းပေါ်မှ ထူထဲသော မိုးတိမ်မည်းကြီးများကို ကြည့်ရင်း မိုးခိုစရာ အမြန်မရှာပါက နောက်ကျသွားနိုင်ကြောင်း သိလိုက်သည်။

ကံကောင်းသည်မှာ သူတို့တွင် မိုးဒဏ်လေဒဏ်ကို ကာကွယ်ပေးနိုင်သည့် မြင်းလှည်းပါလာသဖြင့် မိုးစိုမည့်အရေးကို သိပ်ပူစရာ မလိုပေ။ သို့သော် မိုးများလွန်းပါက မြင်းလှည်းမှာ ရွှံ့ဗွက်ထဲတွင် နစ်ကျွံသွားနိုင်ပြီး ဒုက္ခရောက်နိုင်လေ၏။

သမားတော်ကြီး၏ လမ်းညွှန်မှုဖြင့် မာကူးသည် မြင်းလှည်းကို စွန့်ပစ်ထားသော ဘုရားကျောင်းဟောင်းဆီသို့ မောင်းနှင်သွားလိုက်သည်။ သေချာစွာ ရှာဖွေပြီးနောက်၌ ဟောင်းနွမ်းနေသော်လည်း လေနှင့်မိုးဒဏ်ကို ကာကွယ်ပေးနိုင်မည့် ပင်မဆောင် အကောင်းပကတိ ကျန်ရှိနေသေးသော ဘုရားကျောင်းကို တွေ့ရှိလိုက်ကြလေသည်။

သို့သော် ၎င်းသည် မည်သည့် ဘုရားကျောင်း ဖြစ်ကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်ပင် မရှိတော့ပေ။

"ကဲ... ဒီညတော့ ဒီမှာပဲ အိပ်ကြတာပေါ့။ ဒီမိုးက မကြာခင် တိတ်မယ့်ပုံ မပေါ်ဘူး။ မနက်ဖြန်မှပဲ ခရီးဆက်ကြတာပေါ့။"

သမားတော်ကြီးက ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

လုချင်းနှင့် အခြားသူများလည်း ကန့်ကွက်စရာ မရှိကြပေ။ သူတို့မှာ သာမန်လူများ မဟုတ်ကြသဖြင့် သက်တောင့်သက်သာ မရှိသည်မှလွဲ၍ အပြင်ဘက်တွင် ညအိပ်ရခြင်းမှာ ကြီးမားသော အဆင်မပြေမှု မရှိလှပေ။ အတော်လေး သတ္တိရှိလာပြီဖြစ်သော ရှောင်ယန်ပင်လျှင် ကြောက်ရွံ့သည့်ပုံ မပြချေ။

"ဆရာ... ကျွန်တော် ထင်းခြောက်တချို့ သွားရှာလိုက်ဦးမယ်။ ဒါမှ မီးဖိုပြီး ညစာ ချက်လို့ရမှာ။"

မာကူးက မြင်းလှည်းကို နေရာချနေသည်ကို မြင်သောအခါ လုချင်းက အလိုက်တသိ ပြောလိုက်သည်။

"အေး... သွားလေ။" သမားတော်ကြီးက ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။

ဝေ့ကျိအန်း ကူညီချင်လျှင်တောင်မှ လုချင်းတို့က ခွင့်ပြုကြမည် မဟုတ်ပေ။ မကြာမီမှာပင် လုချင်းသည် ထင်းခြောက်တစ်ပုံနှင့်အတူ ပြန်ရောက်လာလေသည်။

သူ မီးမွေးလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်မှ အုံ့မှိုင်းနေသော တိမ်တိုက်များသည် နောက်ဆုံးတွင်တော့ မိုးရေများကို စတင်သွန်းချလိုက်တော့သည်။

အစပိုင်းတွင် မိုးပေါက်အနည်းငယ်သာ ကျလာသော်လည်း မကြာမီတွင် သည်းထန်စွာ ရွာသွန်းလာရာ လုချင်းနှင့် အပေါင်းအပါများမှာ မိုး၏ ပြင်းထန်မှုကြောင့် လန့်သွားကြလေ၏။

"ဆရာ ဒီဘုရားကျောင်းပျက်လေး ရှိမှန်း သိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် လမ်းမှာတင် ကြွက်စုတ်တွေလို ရွဲကုန်တော့မှာ။"

လုချင်းသည် ၁၀ မီတာအကွာကိုပင် ကောင်းစွာ မမြင်နိုင်လောက်အောင် ထူထဲသော မိုးကန့်လန့်ကာကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

မာကူးနှင့် ဝေ့ကျိအန်းတို့ကလည်း ခေါင်းညိတ်ကာ ထောက်ခံကြလေ၏။ ဝေ့မိသားစုမှ အထူးပြုလုပ်ပေးထားသော မြင်းလှည်းမှာ လေဒဏ်မိုးဒဏ် ခံနိုင်သော်လည်း ဤမျှ သည်းထန်သော မိုးကိုမူ ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

ထိုအချိန်တွင် ရှောင်လီသည် ရှောင်ယန်၏အနားသို့ တိုးကပ်သွားလေသည်။ ၎င်းသည် မိုးရွာသည်ကို မကြိုက်ပေ။

"ဒီမိုးက တကယ်ကို သည်းတာပဲဗျာ။ ဒီလောက်နှစ်တွေအကြာကြီးမှာတောင် ဒီလောက်သည်းတဲ့မိုးမျိုး မမြင်ဖူးဘူး။ ဒီဘုရားကျောင်းပျက်ကြီးအကြောင်း ပြောရရင်... အရင်က ဒီကျောင်းထိုင်ဘုန်းကြီးနဲ့ ကျုပ်က မိတ်ဆွေတွေလေ။ သူ ဆုံးသွားပြီးတဲ့နောက်မှာ ဒီကျောင်းကို ထိန်းသိမ်းမယ့်လူ မရှိတော့ဘဲ တဖြည်းဖြည်း ပျက်စီးလာခဲ့တာပေါ့။"

သမားတော်ကြီးသည် အပြင်ဘက်မှ မိုးရေများကို ကြည့်ရင်း လွမ်းဆွတ်သော လေသံဖြင့် ပြောလိုက်သည်။

လုချင်း၏ စိတ်နှလုံးမှာ အနည်းငယ် လှုပ်ရှားသွားလေသည်။ သမားတော်ကြီးက အတိတ်အကြောင်း ပြောခဲသဖြင့် ဆရာဖြစ်သူ၏ အတိတ်ကို သူ သိပ်မသိရပေ။ ယခုတစ်ကြိမ်မှာတော့ ဆရာဖြစ်သူက အတိတ်က အကြောင်းအရာတစ်ခုကို ရှားရှားပါးပါး ထုတ်ပြောလာခြင်း ဖြစ်၏။

"ဆရာ... အဲဒီကျောင်းထိုင်ဘုန်းကြီးမှာ တပည့်တွေ မရှိဘူးလားဗျ။" လုချင်းက မေးလိုက်သည်။

"မရှိဘူး" သမားတော်ကြီးက ခေါင်းခါလိုက်သည်။ "သူက တစ်ယောက်တည်း သီးသန့်နေတတ်တဲ့သူဆိုတော့ ဘယ်တပည့်ကိုမှ လက်မခံခဲ့ဘူးလေ။"

"အဲဒီကျောင်းထိုင်ဘုန်းကြီးရဲ့ သိုင်းပညာကကောဗျ... အရမ်း တော်လား။" ဝေ့ကျိအန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

သမားတော်ကြီးက ပြုံးလိုက်၏။ "ကျုပ်မိတ်ဆွေက အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ စိတ်ဝိညာဉ် ကျင့်ကြံတဲ့ နည်းလမ်းတချို့လောက်ပဲ လေ့ကျင့်တာပါ။ သိုင်းပညာမှာတော့ ထူးထူးခြားခြား အောင်မြင်မှု မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ထားကတော့ အရမ်းကို မြင့်မြတ်တယ်၊ ကျုပ် အလေးစားဆုံး ပုဂ္ဂိုလ်တစ်ယောက်ပေါ့။"

ဝေ့ကျိအန်းနှင့် မာကူးတို့မှာ ချက်ချင်းပင် လေးစားသွားကြလေသည်။ သူတို့အဖို့ သမားတော်ကြီး၏ မြင့်မားသော ဆေးပညာကျင့်ဝတ်သည်ပင်လျှင် ဤလောကတွင် ရှားပါးလှပြီ ဖြစ်သည်။

သမားတော်ကြီး၏ လေးစားမှုကို ရရှိထားသူဆိုပါက ထိုသူ၏ စိတ်ထားမှာ အလွန်ပင် ထူးကဲမြင့်မြတ်ပြီး တကယ့်ကို လေးစားထိုက်သူ ဖြစ်ပေလိမ့်မည်။

လုချင်း တစ်ဦးတည်းသာ ဆရာဖြစ်သူ၏ စကားအပေါ် သံသယရှိနေလေသည်။ သိုင်းပညာနှင့် ပတ်သက်လာလျှင် ဆရာဖြစ်သူ၏ စကားများကို တစ်ဝက်သာ ယုံရမည်ဟု သူ သိထား၏။

သမားတော်ကြီးသည် သူ့တွင် ပါရမီမရှိကြောင်းနှင့် တိုက်ခိုက်ရသည်ကို မကျွမ်းကျင်ကြောင်း မကြာခဏ ပြောလေ့ရှိသည်။

လက်တွေ့တွင်မူ သူသည် တိုက်ခိုက်ရသည်ကို မနှစ်သက်သည်မှာ မှန်သော်လည်း သူ့တွင် ရှိသော ပါရမီမှာ အလွန် ထူးခြားလှသည်။ သို့မဟုတ်ပါက "ကျန်းမာရေး အာဟာရဖြည့် လက်သီးသိုင်း" ကို မည်သို့ တီထွင်နိုင်မည်နည်း၊ "ရေနှင့်မီး သဟဇာတဖြစ်ခြင်း" သဘောတရားနှင့် မွေးရာပါနယ်ပယ်၏ ပိုင်နက်ကို မည်သို့ သဘောပေါက်နိုင်ပါမည်နည်း။

ထို့ကြောင့် ကျောင်းထိုင်ဘုန်းကြီးတွင် သိုင်းပညာ၌ ထူးခြားသော အောင်မြင်မှု မရှိပါဟု ပြောခြင်းမှာ နှိမ့်ချသော စကားသာ ဖြစ်တန်ရာ၏။ ဤမျှ ခေါင်ပါးသော တောထဲရှိ ဘုရားကျောင်းတွင် တစ်ဦးတည်း နေထိုင်နိုင်သူမှာ မည်သို့လျှင် သာမန်လူ ဖြစ်နိုင်ပါမည်နည်း။

ဝမ်းနည်းစရာမှာ ထိုဘုန်းကြီး ကွယ်လွန်သွားပြီဖြစ်၍ သူတို့ တွေ့ခွင့်မရတော့ခြင်းပင်။

စကားပြောနေကြရင်း လုချင်းသည် အသားပြုတ်ရည် ဆန်ပြုတ်တစ်အိုးကို ကျွမ်းကျင်စွာ ချက်ပြုတ်လိုက်ပြီး လူတိုင်းကို ဝေငှပေးလိုက်လေသည်။ ဆန်ပြုတ်မကြိုက်သော ရှောင်လီအတွက်မူ ငါးခြောက် ပန်းကန်လုံးအကြီးကြီးတစ်လုံး ပေးလိုက်၏။ ဤခရီးစဉ်အတွက် ဝေ့မိသားစုက အထောက်အပံ့များစွာ ပြင်ဆင်ပေးထားသည်မှာ အမှန်ပင်။

သို့သော် လုချင်းက သူ့၏ "ဟင်းလင်းပြင်ချီအိတ်"ကြောင့် ပို၍ပင် ဖြုန်းတီးနိုင်လောက်အောင် ပြင်ဆင်လာခဲ့သေးသည်။ ဥပမာအားဖြင့် ရှောင်လီအတွက် ငါးခြောက်ပိဿာပေါင်းများစွာ ထည့်လာခဲ့၏။ အချိန်မရလိုက်၍သာ ဤမျှလောက် ပါလာခြင်း ဖြစ်သည်။ မဟုတ်ပါက ပိဿာ ၁၀၀ လောက် သူ ထည့်လာမိပေလိမ့်မည်။

သို့သော် လုချင်းသည် မလိုအပ်ဘဲ ချီအိတ်ထဲမှ ပစ္စည်းများကို ထုတ်မသုံးပေ။ လွန်ခဲ့သည့် ရက်များအတွင်း သူတို့သည် မြင်းလှည်းပေါ်မှ ပစ္စည်းများကိုသာ သုံးစွဲခဲ့ပြီး လမ်းခရီးရှိ မြို့များတွင် ပြန်လည် ဖြည့်တင်းခဲ့ကြသည်။ အေးစက်သော မိုးရာသီတွင် ပူပူနွေးနွေး ဆန်ပြုတ်အချို့ သောက်လိုက်ရသဖြင့် လူတိုင်း သက်တောင့်သက်သာ ခံစားလိုက်ကြရလေ၏။

"ညီလေးလုချင်း... မင်းရဲ့ ဟင်းချက်လက်ရာကတော့ တကယ့်ကို ရှယ်ပဲဗျာ။ ဒီလို ရိုးရှင်းတဲ့ အသားဆန်ပြုတ်တောင်မှ မင်းချက်လိုက်ရင် အရသာရှိသွားတာပဲ။"

ဆန်ပြုတ်တစ်ပန်းကန် သောက်ပြီးနောက် မာကူးက လက်မထောင်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။ ဆန်ပြုတ်ကို အားရပါးရ သောက်နေသော ဝေ့ကျိအန်းကလည်း ခေါင်းညိတ်လျက် ထောက်ခံလိုက်လေ၏။

"သိပ်ပြီး အထူးအဆန်းတော့ မဟုတ်ပါဘူးဗျာ။ အသားခြောက်ထဲကို အိမ်လုပ် ဟင်းခတ်အမွှေးအကြိုင်လေး နည်းနည်းထည့်လိုက်တော့ အရသာက နည်းနည်း ထူးသွားတာပါ။" လုချင်းက ပြုံးရင်း ပြောလိုက်သည်။

ခရီးသွားနေစဉ် လတ်ဆတ်သော အသားများ သယ်ဆောင်ရန် မလွယ်ကူပေ။ ထို့ကြောင့် လုချင်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အိမ်တွင် သိုလှောင်ထားသည့် အသားခြောက်များကို ယူလာခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ဤခရီးစဉ်တွင် အသုံးဝင်လာခဲ့လေသည်။

လုချင်းနှင့် အဖွဲ့သားများ ဘုရားကျောင်းထဲတွင် ဆန်ပြုတ်သောက်နေကြစဉ် အပြင်ဘက်မှ မိုးမှာ ပို၍ပင် သည်းလာခဲ့လေ၏။ နောက်ဆုံးတွင် ကောင်းကင်ကြီး ပွင့်သွားသကဲ့သို့နှယ် ရေများ ဒလဟော စီးကျလာတော့သည်။

ခေါင်မိုးစွန်းများမှ ရေတံခွန်များပမာ စီးကျနေသော ရေများကို ကြည့်ရင်း လုချင်းတို့ အနည်းငယ် စိုးရိမ်လာကြသည်။ ပင်မဆောင်၏ ခေါင်မိုး ပြိုကျသွားမည်ကိုသော်လည်းကောင်း၊ ရေကြီးပြီး အထဲသို့ ဝင်လာမည်ကိုသော်လည်းကောင်း သူတို့ စိုးရိမ်ပူပန်နေခဲ့ကြ၏။

ကံကောင်းသည်မှာ ပင်မဆောင်သည် ဟောင်းနွမ်းနေသော်လည်း ခိုင်ခံ့စွာ တည်ဆောက်ထားပြီး မြင့်မားသော နေရာတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မိုးတိတ်သွားသည့်တိုင်အောင် အဆောက်အဦး ပြိုကျခြင်း၊ ရေဝင်ခြင်းများ မဖြစ်ခဲ့သဖြင့် လုချင်းတို့ သက်ပြင်းချနိုင်ခဲ့ကြသည်။

သို့သော် သမားတော်ကြီးမှာ စိုးရိမ်နေဆဲပင်။ "ဒီမိုးက ပုံမှန်မဟုတ်ဘူး။ အရမ်းသည်းလွန်းတယ်။"

လုချင်း၏ စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။ ဤမိုးသည် ကမ္ဘာလောကကြီး အပြောင်းအလဲ ဖြစ်ပြီးနောက် ပထမဆုံး ရွာသွန်းသော မိုးဖြစ်သည်။ ၎င်း၏ ပြင်းထန်မှုသည် တစ်စုံတစ်ခုသော နိမိတ်လက္ခဏာ ဖြစ်နေနိုင်ပါသလား။

သမားတော်ကြီးသည်လည်း ထိုအချက်ကို တွေးမိပုံရသည်။ လုချင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူ၏ စိုးရိမ်ပူပန်မှုမှာ ပို၍ပင် နက်ရှိုင်းလာလေသည်။ ပင်မဆောင်ကြီးထဲတွင် တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွား၏။

သို့သော် တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ပေ။

လုချင်းသည် ဤသည်းထန်သော မိုး၏ နိမိတ်အကြောင်း စဉ်းစားနေစဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်လေသည်။ တချိန်တည်းမှာပင် ရှောင်လီ၏ နားရွက်များကလည်း ထောင်သွား၏။

ခဏအကြာတွင် သမားတော်ကြီးလည်း ခေါင်းမော့လာလေသည်။ မာကူးနှင့် ဝေ့ကျိအန်းတို့သာ ဘာမှမသိဘဲ ရှိနေကြသေးသည်။ သို့သော် မကြာမီမှာတော့ သူတို့လည်း အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရတော့သည်။

...

အခန်း ၂၁၆ - ထူးဆန်းသော ဖြစ်ရပ်နှင့် အေးစက်သော မိစ္ဆာချီ

"မြန်မြန်... ရှေ့မှာ ဘုရားကျောင်းပျက်တစ်ခု ရှိတယ်ဟေ့။ အဲဒီမှာ မိုးခိုကြတာပေါ့။"

"ရှောင်ရို့... နည်းနည်းလောက်ပဲ သည်းခံပါဦး။ မိုးခိုစရာ တွေ့ပြီ။"

"ဘုရားကျောင်းထဲ ရောက်တာနဲ့ မီးဖိုပြီး နွေးအောင် လုပ်ပေးမယ်နော်။ သမီး အဆင်ပြေသွားမှာပါ။"

ဆူညံသံများနှင့်အတူ လူငါး၊ ခြောက်ယောက်ခန့် ပင်မဆောင်ထဲသို့ ဝင်ရောက်လာကြလေသည်။ သူတို့အားလုံး မိုးရေများ ရွှဲရွှဲစိုနေကြပြီး ပုခုံးပေါ်တွင် အထုပ်များကိုယ်စီနှင့် ဖြစ်သည်။ အချို့မှာတော့ လက်နက်များကို ကိုင်ဆောင်ထားကြသဖြင့် သာမန်လူများ မဟုတ်ကြောင်း သိသာလှ၏။

ထိုအထဲမှ တစ်ဦးမှာ မိန်းကလေးငယ်တစ်ဦးကို ကျောပိုးထားလေသည်။

သူတို့ ခန်းမထဲသို့ ဝင်ရောက်လာပြီး လူရှိနေသည်ကို တွေ့သောအခါ ခေတ္တမျှ တွန့်ဆုတ်သွားကြသော်လည်း မိမိတို့၏ ကိစ္စကိုသာ အမြန် အာရုံစိုက်လိုက်ကြသည်။ လုချင်းနှင့် အဖွဲ့သားများကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် သူတို့သည် အခြားတစ်ဖက်သို့ အလျင်အမြန် သွားကာ မိန်းကလေးကို ချပေးလိုက်ကြသည်။

မိန်းကလေး၏ အခြေအနေမှာ ကောင်းပုံမရပေ။ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းများ ပြာနှမ်းနေကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ သူမ၏ ကိုယ်မှ သွေးနံ့သင်းသင်းပင် ရနေပြီး သတိလစ်မတတ် ဖြစ်နေ၏။

"ရှောင်ရို့... ရှောင်ရို့... သတိထားစမ်း။"

သူမကို သယ်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားက သူမ၏ ပုခုံးကို လှုပ်ကာ နှိုးနေလေသည်။ မိန်းကလေးက မျက်လုံးကို အားယူဖွင့်ကြည့်ပြီး "အဖေ" ဟု အားပျော့စွာ ခေါ်လိုက်ကာ သတိပြန်လစ်သွားတော့သည်။

"ရှောင်ရို့"

သက်လတ်ပိုင်း အမျိုးသားမှာ လန့်ဖျပ်သွားပြီး သူမကို ထပ်မံ လှုပ်နှိုးပြန်သည်။ သူမ၏ အသက်ရှူသံများ အားပျော့လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများမှာ စိုးရိမ်စိတ်ကြောင့် နီရဲလာလေသည်။

"ဆရာ... ဘယ်လို လုပ်ကြမလဲ။"

အခြားသူများလည်း အလားတူ စိုးရိမ်နေကြ၏။ သူတို့၏ ခရီးဆောင်အိတ်များမှာ လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး သူတို့တွင် ဆေးဝါးလည်း ပါမလာသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

"လူကြီးမင်း... ဒီကောင်မလေးကို ကျုပ် ကြည့်ပေးလို့ ရမလား။"

သူတို့တွေ အကြံကုန်နေချိန်၌ နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

သူတို့ မော့ကြည့်လိုက်သောအခါ၌ ကြင်နာသနားတတ်သော မျက်နှာထားနှင့် အဘိုးအိုတစ်ဦး သူတို့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

ထိုသူမှာ သမားတော်ကြီးချန်ပင် ဖြစ်၏။ အမှန်တကယ်တွင် ထိုမိန်းကလေးကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာထားမှာ လေးနက်သွားခဲ့ပါသည်။ မိန်းကလေး သတိလစ်သွားပြီးနောက် သက်လတ်ပိုင်း အမျိုးသားနှင့် သူ့အဖွဲ့သားများ အကူအညီမဲ့နေသည်ကို မြင်သောအခါ၌ သူ ဝင်မပြောဘဲ မနေနိုင်တော့ပေ။

"အဘိုးက ဘယ်သူလဲဗျ။" သက်လတ်ပိုင်း အမျိုးသားက တွန့်ဆုတ်စွာ မေးလိုက်သည်။

"ကျုပ်က သမားတော်တစ်ယောက်ပါ။ ရောဂါနဲ့ ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အတွေ့အကြုံ နည်းနည်း ရှိပါတယ်။ အကူအညီ ပေးနိုင်မလားလို့ပါ။" သမားတော်ကြီးက ကြင်နာစွာ ပြောလိုက်သည်။

"သမားတော် ဟုတ်လား... ဒါဆို အရမ်းကောင်းတာပေါ့။" သက်လတ်ပိုင်း အမျိုးသားမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အမြန်လမ်းဖယ်ပေးလိုက်သည်။ "ကျေးဇူးပြုပါ ဆရာကြီး... ကျုပ်သမီးလေးက ဒဏ်ရာရထားတဲ့အပြင် ဒီမိုးထဲမှာ အကြာကြီးမိုးမိသွားတာပါ။ အခု သတိလစ်နေပါပြီဗျ... ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဗျာ။ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။"

"သမီးလေးကို အရင် ကြည့်ခွင့်ပေးပါဦး။"

သမားတော်ကြီးသည် ကိုယ်ကို ကိုင်းလိုက်ပြီး မိန်းကလေး၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ သူ၏ လက်ချောင်းများမှာ သူမ၏ လက်ကောက်ဝတ်ကို ထိလိုက်သည်နှင့် သူ့မျက်နှာထားကလည်း ရုတ်ချည်းပင် ပြောင်းလဲသွားတော့လေ၏။

"အားချင်း... 'နှလုံးကာကွယ်ဆေးရည်' တစ်ခွက် ချက်ချင်း ပြင်ဆင်လိုက်။ မီးပြင်းပြင်းနဲ့ မြန်မြန် ကျိုပေး။"

"ရှောင်ယန်... ဆရာ့ဆေးသေတ္တာ ယူခဲ့။"

"ဟုတ်ကဲ့ ဆရာ"

လုချင်းသည် ဆရာဖြစ်သူ၏ လေသံတွင် အလျင်လိုမှုကို သတိထားမိလိုက်သဖြင့် မိန်းကလေး၏ အခြေအနေ ဆိုးရွားကြောင်း သိလိုက်သည်။ သူသည် အိတ်ထဲမှ ဆေးဖက်ဝင်အပင်များကို အမြန် ထုတ်ယူလိုက်၏။ ရှောင်ယန်ကလည်း အခြေအနေကို နားလည်သဖြင့် သမားတော်ကြီး၏ ဆေးသေတ္တာကို ချက်ချင်း ယူလာပေးလေသည်။

ဒါကို မြင်တော့မှ သက်လတ်ပိုင်း အမျိုးသားနှင့် အဖွဲ့သားများ စိတ်အနည်းငယ် အေးသွားကြသည်။ ဆေးဖက်ဝင်အပင်များနှင့် ဆေးသေတ္တာပါ ပါလာသည်ကို ကြည့်ခြင်းအားဖြင့် ဤအဘိုးအိုသည် သမားတော်အစစ်ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်၏။

သမားတော်ကြီးသည် ဆေးသေတ္တာကို ယူပြီး အပ်အိတ်တစ်ခုကို ထုတ်လိုက်သည်။ မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ အပ်အချို့ စိုက်လိုက်ပြီးနောက် ခေါင်းမော့လာကာ သက်လတ်ပိုင်း အမျိုးသားကို ပြောလိုက်သည်။ "လူကြီးမင်း... ခင်ဗျားသမီးရဲ့ အခြေအနေက အတော်လေး စိုးရိမ်ရတယ်။ ကျုပ် သူ့ကို အပ်စိုက်ကုသမှု ချက်ချင်း လုပ်ပေးဖို့ လိုတယ်။ ပြီးတော့ သူ့ရဲ့ စိုရွှဲနေတဲ့ အဝတ်အစားတွေကိုလည်း လဲပေးရမယ်။ ဘယ်သူ ကူညီပေးနိုင်မလဲ။"

သက်လတ်ပိုင်း အမျိုးသားက အမြန် ပြန်ဖြေလိုက်သည်။ "ချန်လင်... မင်းရဲ့ဆရာတူညီမလေး အဝတ်အစားလဲဖို့ကို မင်းက ကူညီပေးလိုက်။"

"ဟုတ်ကဲ့ ဆရာ" အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ရှေ့ထွက်လာလေသည်။

သို့သော် သူမ၏ မျက်နှာတွင် အခက်အခဲ ဖြစ်နေပုံပေါ်၏။ "ဆရာ... လမ်းမှာ အထုပ်တွေ ပျောက်ကုန်တော့ ကျွန်မတို့ အဝတ်အစားတွေ အကုန် စိုကုန်ပြီလေ။ မစိုတဲ့အဝတ် မရှိတော့မှာ စိုးတယ်ရှင့်။"

သက်လတ်ပိုင်း အမျိုးသားလည်း ထိုအချက်ကို သတိရသွားပြီး အကူအညီတောင်းသည့် မျက်လုံးများဖြင့် သမားတော်ကြီးကို ကြည့်လိုက်လေသည်။

သမားတော်ကြီးကလည်း ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျုပ်တို့ဆီမှာ သန့်ရှင်းတဲ့ အဝတ်အစားတချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ယောကျ်ားလေးဝတ်တွေ ဖြစ်နေတာ... အဆင်ပြေပါ့မလား။"

ရှောင်ယန်မှလွဲ၍ လုချင်းတို့ အဖွဲ့တွင် အားလုံးက ယောကျ်ားသားများသာ ဖြစ်သဖြင့် အမျိုးသမီးဝတ် အဝတ်အစားများ ပါမလာသည်မှာ သဘာဝပင်။

"နယ်လှည့်ခရီးသွားတွေမို့လို့ ဒီလိုအသေးစိတ်ကိစ္စတွေကို သဘောမထားပါဘူးဗျာ။ ကျေးဇူးပြုပြီး အဝတ်အစား ငှားပေးပါ... ကျုပ် တန်ဖိုးအတိုင်း ပြန်ပေးပါ့မယ်။" သက်လတ်ပိုင်း အမျိုးသားက အမြန် ပြောလိုက်သည်။

"အရေးကြုံနေတဲ့အချိန်မှာ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျိအန်း... သန့်ရှင်းတဲ့ အဝတ်အစားတချို့ ယူလာပေးလိုက်။"

"ဟုတ်ကဲ့။"

ထို့နောက်၌ ဝေ့ကျိအန်းက အဝတ်အစားများ ယူလာပေးလေသည်။

ချန်လင် ဟုခေါ်သော အမျိုးသမီးငယ်က မိန်းကလေးကို ပွေ့ချီပြီး သမားတော်ကြီးနောက်သို့ လိုက်ကာ အတွင်းဆောင်ဘက်သို့ ဝင်သွားကြသည်။ ရှောင်ယန်ကိုလည်း ကူညီရန် ခေါ်သွားလေ၏။

ဒါကို မြင်တော့မှ သက်လတ်ပိုင်း အမျိုးသားမှာ စိတ်ချလက်ချ ဖြစ်သွားတော့သည်။ သမားတော်ကြီးမှာ သူ့အဘိုးအရွယ်ခန့် ရှိနေပြီး ကလေးမလေးတစ်ယောက်ကပါ ကူညီပေးနေသဖြင့် မလျော်ကန်သော အပြုအမူများအတွက် စိတ်ပူစရာ မလိုတော့ပေ။

"ရှောင်ယန်... ဒီအစ်မကြီးရဲ့ ကိုယ်ကို ခြောက်အောင် သုတ်ပေးပြီးတော့ အဝတ်လဲဖို့ ကူညီပေးလိုက်နော်။"

သမားတော်ကြီးသည် မိန်းကလေး၏ ကိုယ်ပေါ်မှ အပ်များကို ဖယ်ရှားပြီးနောက် ကျောခိုင်းကာ မှာကြားလိုက်သည်။

"ဟုတ်ကဲ့~" ရှောင်ယန်က လိမ္မာစွာ ပြန်ဖြေလိုက်သည်။

ချန်လင်သည် ရှောင်ယန်၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ကြည့်ပြီး တွေဝေသွားသည်။ သို့သော် သတိလစ်နေသော ဆရာတူညီမလေးကို တစ်ယောက်တည်း အဝတ်လဲပေးရန် ခက်ခဲမည်ဖြစ်သဖြင့် သဘောတူလိုက်ရ၏။ ရှောင်ယန် စတင်ကူညီသောအခါ၌ ချန်လင်ခင်မျာ အံ့သြသွားရလေသည်။

ရှောင်ယန်သည် သေးငယ်သော်လည်း အတော်လေး သန်မာသဖြင့် သူတို့နှစ်ဦးပေါင်းကာ အဝတ်အစားများကို လွယ်ကူစွာဖြင့် လဲပေးနိုင်ခဲ့ကြလေ၏။

မိန်းကလေး အဝတ်အစားလဲပြီးသည်နှင့် သမားတော်ကြီးက ပြန်လှည့်လာကာ အပ်များကို ထုတ်ယူပြီး စနစ်တကျ အပ်စိုက်ကုသမှုကို စတင်တော့သည်။ သမားတော်ကြီး၏ ဆေးပညာမှာ ထူးကဲလှပြီး အတွေ့အကြုံကလည်း ရင့်ကျက်လှပေ၏။ အပ်စိုက်မှတ်များကို ရှာဖွေရာတွင် သူ၏ တိကျမှုမှာ အံ့မခန်းပင်။

အဝတ်အစားပေါ်မှတစ်ဆင့်ပင် အပ်ကို တိကျစွာ စိုက်နိုင်လေသည်။

မကြာမီ အပ်စိုက်ကုသမှု ပြီးဆုံးသွားသောအခါ၌ မိန်းကလေး၏ အသက်ရှူနှုန်းမှာလည်း တည်ငြိမ်သွားပြီး ဖြူဖပ်ဖြူရော်မျက်နှာတွင် သွေးရောင်အနည်းငယ်ပြန်သန်းလာချေတော့သည်။

ကုသမှုပြီးသွားသည့်နောက်၌ သမားတော်ကြီးသည် သူမ၏ သွေးခုန်နှုန်းကို ဆက်လက် စစ်ဆေးနေပြီး မျက်နှာထားမှာ ပိုမို၍လေးနက်လာခဲ့လေ၏။ ထိုသည်ကို မြင်သောအခါ၌ ချန်လင်သည် ဆရာတူညီမလေး၏ အခြေအနေကို မေးရန် ပြင်လိုက်သည်။

"ဆရာ... ဆေးရပါပြီ။"

ကံကောင်းစွာပင် အပြင်ဘက်မှ လုချင်း၏ အသံထွက်လာသဖြင့် သမားတော်ကြီး၏ မျက်နှာထားမှာ ပြေလျော့သွားသည်။

"ယူခဲ့လိုက်။"

မိန်းကလေးကို ဆေးတိုက်ပြီးနောက် ရှောင်ယန်နှင့်အတူ ပင်မဆောင်သို့ ပြန်ထွက်လာသောအခါ၌ သက်လတ်ပိုင်း အမျိုးသားနှင့် အဖွဲ့သားများမှာ ချက်ချင်းပင် ရောက်လာကြ၏။

"ဆရာကြီး... ကျုပ်သမီးအခြေအနေ ဘယ်လိုလဲဗျ။"

"ကံကောင်းလို့ အချိန်မီ ရောက်လာတာပါ။ အခြေအနေက တည်ငြိမ်သွားပါပြီ။ ဒဏ်ရာတွေကိုလည်း ရွှေအနာကျက်လိမ်းဆေး လိမ်းပေးထားပါတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ စောင့်ကြည့်ဖို့ လိုသေးတယ်... ဆေးနှစ်ခွက်လောက် ထပ်သောက်ရဦးမယ်။" သမားတော်ကြီးက ပြောလိုက်သည်။

"ကျုပ် သွားကြည့်လို့ ရမလား။"

"ရပါတယ်... ဒါပေမဲ့ လူအများကြီး ပြုံမဝင်တာ အကောင်းဆုံးပါပဲ။"

သက်လတ်ပိုင်း အမျိုးသားက မှာလိုက်၏။ "တာ့ရှား... မင်းတို့ အပြင်မှာ စောင့်နေကြ။ ငါ ရှောင်ရို့ကို သွားကြည့်လိုက်ဦးမယ်။"

သူ့သမီး၏ သက်သာလာသော အခြေအနေကို မြင်ပြီးနောက် သူ ပြန်ထွက်လာပြီး သမားတော်ကြီးကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ "ကျုပ်သမီးရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။"

သူ့သမီး၏ စောစောက အခြေအနေကို ပြန်တွေးရင်း သူ ကြောက်ရွံ့နေမိသည်။ အသက်ကင်းမဲ့တော့မလို ဖြစ်နေသော သူမကို ကြည့်ရင်း သူ့သမီးလေး သေရတော့မည်ဟုသာ သူ ထင်ခဲ့မိသည်။

"ဒီလောက်ကြီး ယဉ်ကျေးမနေပါနဲ့ဗျာ။ လူနာကို ကုပေးတာက ကျုပ်တာဝန်ပါပဲ။" သမားတော်ကြီးက ညင်သာစွာဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ လူကြီးမင်းတို့ရဲ့ သွေးခုန်နှုန်းကိုပါ ကျုပ် စစ်ဆေးကြည့်လို့ ရမလား။"

"သွေးခုန်နှုန်းစစ်မယ် ဟုတ်လား။" သက်လတ်ပိုင်း အမျိုးသားက ကြောင်သွားသည်။ သူကိုယ်တိုင်ကတော့ ဘာမှ မခံစားရပေ။ မိုးသည်းထန်စွာ ရွာသော်လည်း သူ့ကျင့်ကြံမှုကြောင့် မိုးစိုရုံဖြင့်တော့ ဖျားနာမည် မဟုတ်ချေ။

"ကျန်းမာရေး ကောင်းတယ်ဆိုပြီး ရောဂါမဝင်နိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ ရောဂါဆိုတာ ကိုယ် သတိတောင်မထားမိတဲ့ အရာသေးသေးလေးတွေကနေ စတာပါ။" သမားတော်ကြီးက လေးနက်စွာ ပြောလိုက်သည်။

သမားတော်ကြီး၏ စောစောက ဆေးပညာစွမ်းရည်ကို သတိရလိုက်ပြီးနောက်၌ သက်လတ်ပိုင်း အမျိုးသားက လက်ခံလိုက်တော့သည်။ "ဒါဆိုရင် ဆရာကြီးကိုပဲ ဒုက္ခပေးရပါတော့မယ်။"

သူ လက်ကမ်းပေးလိုက်ရာ သမားတော်ကြီးက လက်ချောင်းနှစ်ချောင်းဖြင့် သူ၏ လက်ကောက်ဝတ်ကို အသာအယာ ထိလိုက်၏။ တစ်ချိန်တည်းမှာပင် မွေးရာပါနယ်ပယ် စစ်မှန်သောချီအနည်းငယ်သည် သက်လတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားလေ၏။

ခဏအကြာတွင် သမားတော်ကြီးသည် သူ့ချီကို ပြန်ရုတ်သိမ်းလိုက်ပြီး ပုံမှန်မျက်နှာထားဖြင့် ပြောလိုက်သည်။ "တပည့်တွေကိုပါ စစ်ဆေးကြည့်လို့ ရမလား။"

သက်လတ်ပိုင်း အမျိုးသားသည် သူ့ကိုယ်သူ အစစ်ဆေးခံပြီးဖြစ်၍ ငြင်းစရာ အကြောင်းမရှိပေ။ သူက လှမ်းခေါ်လိုက်၏။ "တာ့ရှား... ဒီကိုလာပြီး အအေးမိတာ ရှိ ၊ မရှိ သမားတော်ကြီးဆီမှာ အစစ်ဆေးခံကြ။"

"ဟုတ်ကဲ့။" တပည့် ယောက်ျားလေး သုံးယောက်ကလည်း ချက်ချင်းကို ရောက်လာကြသည်။

သမားတော်ကြီးက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးပေးလိုက်သည်။

ထိုသည်ကို ကြည့်နေသော လုချင်းသည် ဆရာဖြစ်သူ၏ အပြုအမူမှာ ဒီနေ့ အနည်းငယ် ထူးခြားနေသည်ဟု ခံစားမိလိုက်သည်။ သို့သော် သူသည် သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ဤလူများကို စစ်ဆေးကြည့်ပြီးဖြစ်ရာ သံသယဖြစ်စရာ မတွေ့ရပေ။ သူတို့သည် လူဆိုးများ မဟုတ်ကြ။ ဆရာဖြစ်သူကို နောက်မှ မေးကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။

"ဘယ်လိုလဲ ဆရာကြီး။" သမားတော်ကြီး စစ်ဆေးပြီးနောက် သက်လတ်ပိုင်း အမျိုးသားက မေးလိုက်သည်။

"ကံကောင်းတာက ခင်ဗျားတို့အားလုံး ကျန်းမာရေး ကောင်းပါတယ်။ အအေးဓာတ် နည်းနည်း ဝင်နေတာလောက်ပဲ ရှိတာပါ။ ဂျင်းပြုတ်ရည်တစ်ခွက်လောက် သောက်လိုက်ရင် ပျောက်သွားမှာပါ။" သမားတော်ကြီးက ပြုံးရင်း ပြောလိုက်သည်။ "အားချင်း... သူတို့အတွက် ဂျင်းပြုတ်ရည် လုပ်ပေးလိုက်။"

"ဟုတ်ကဲ့ ဆရာ။" လုချင်းက ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး။" သက်လတ်ပိုင်း အမျိုးသားက အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး လုချင်းကိုလည်း ဦးညွှတ်လိုက်သည်။ "ကျေးဇူးပါပဲ လူလေးရာ။"

မိုးထဲတွင် ကြာမြင့်စွာ နေခဲ့ရသဖြင့် သူတို့ခန္ဓာကိုယ်ကို နွေးထွေးစေမည့် အရာတစ်ခုခု လိုအပ်နေသည်မှာ အမှန်ပင်။

"ကိစ္စမရှိပါဘူးဗျာ။ ဒါနဲ့ လူကြီးမင်းနာမည်က ဘယ်သူလဲ မသိဘူး။" သမားတော်ကြီးက မေးလိုက်သည်။

"ကျုပ်နာမည်က ဖန်ထောင်ပါ။ ဆရာကြီးရဲ့နာမည်လေးများ သိခွင့်ရမလားဗျ။" သက်လတ်ပိုင်း အမျိုးသားက လေးစားစွာ ဖြေလိုက်သည်။

"ကျုပ်နာမည်က ချန် ပါ။ သမားတော်ချန် လို့ ခေါ်လို့ရပါတယ်..."

သမားတော်ကြီးနှင့် ဖန်ထောင်တို့ စကားပြောနေကြစဉ် လုချင်းက ဂျင်းပြုတ်ရည် ကျိုပေးနေလေ၏။ ဖန်ထောင်တို့ အဖွဲ့ အထုပ်အပိုးများ ပျောက်ဆုံးလာသည်ကို သိသဖြင့် သူတို့ကိုပါ ပူပူနွေးနွေး ဆန်ပြုတ်တစ်အိုး ထပ်ချက်ပေးလိုက်သည်။

လုချင်း၏ စေတနာကို မြင်သောအခါ ဖန်ထောင်တို့အဖွဲ့မှာ ပို၍ပင် ကျေးဇူးတင်သွားကြတော့၏။

မိုးထဲလေထဲ လမ်းလျှောက်လာရသဖြင့် ဗိုက်အရမ်းဆာနေကြပြီဖြစ်ရာ ချက်ချင်းပင် စားသောက်လိုက်ကြတော့သည်။ ထို့နောက် သူတို့အားလုံး အံ့သြသွားကြလေ၏။

"လူလေး... ဒီဆန်ပြုတ်ထဲ ဘာတွေ ထည့်ထားတာလဲ။ အရသာရှိလိုက်တာကွာ။"

တာ့ရှား ဟုခေါ်သော ဗလတောင့်တောင့်နှင့် လူငယ်က မနေနိုင်ဘဲ ပြောလိုက်သည်။

"အိမ်လုပ် အသားခြောက်တွေပါ... ဘာမှ ထူးထူးခြားခြားမပါပါဘူး။" လုချင်းက ပြုံးရင်း ဖြေလိုက်သည်။

"ဒီလို တောခေါင်ခေါင် ဘုရားကျောင်းပျက်ထဲမှာ ဒီလောက် အရသာရှိတဲ့ အသားဆန်ပြုတ် စားရလိမ့်မယ်လို့ ထင်မထားမိဘူး။ လူလေးရဲ့ ဟင်းချက်လက်ရာက တကယ့်ကို ရှယ်ပဲ။" ဖန်ထောင်ကလည်း ချီးကျူးလိုက်သည်။ အခြားတပည့်များမှာမူ ခေါင်းမဖော်နိုင်အောင် စားသောက်နေကြလေ၏။

အစားအသောက်ကြောင့် အဖွဲ့နှစ်ဖွဲ့ကြားရှိ ဆက်ဆံရေးမှာ သိသိသာသာကို ကောင်းမွန်သွားသည်။ စကားစမြည် ပြောဆိုရင်း အချိန်များကလည်း တရွေ့ရွေ့ဖြင့် ကုန်လွန်သွားခဲ့လေ၏။ အပြင်ဘက်တွင် မိုးအနည်းငယ် တိတ်သွားသော်လည်း လုံးဝ ရပ်မသွားဘဲ မိုးချုပ်သည်အထိ ဆက်ရွာနေလေသည်။

ထိုအချိန်အတွင်း သမားတော်ကြီးသည် မိန်းကလေးကို အကြိမ်ကြိမ် သွားကြည့်ပြီး နောက်ထပ် ဆေးတစ်ခွက် တိုက်လိုက်သည်။

"လူကြီးမင်းဖန်... သမီးဖြစ်သူရဲ့ အခြေအနေက တိုးတက်လာပါပြီ။ မနက်လောက်ဆို သတိရလာမှာပါ။ ကောင်းကောင်း အနားယူလိုက်ရင်တော့ ပြန်ကောင်းသွားမှာပါ" သမားတော်ကြီးက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သမားတော်ကြီး" ဖန်ထောင် ဝမ်းသာသွားလေသည်။

"ကဲ... မိုးလည်း ချုပ်ပြီ။ တစ်နေ့လုံးလည်း ခရီးသွားထားရတော့ အနားယူသင့်ပြီ။ ညဘက် သမီးဖြစ်သူ နေမကောင်းဖြစ်ရင် ကျုပ်ကို လာခေါ်နိုင်ပါတယ်။"

"ကျေးဇူးပါပဲဗျာ။"

သမားတော်ကြီး ထွက်သွားပြီးနောက် မာကူးက စောင်တစ်ထည် ယူလာပေးသည်။

"လူကြီးမင်းဖန်... ဒီစောင်က ကျုပ်ဆရာက ခင်ဗျားသမီးအတွက် သီးသန့် ပေးလိုက်တာပါ။ သူက အအေးမိထားတာဆိုတော့ ညဘက် အအေးဒဏ်မခံနိုင်ဘူးတဲ့။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ စောင်အပို သိပ်မရှိလို့ နောက်ထပ် မပေးနိုင်တာကိုတော့ နားလည်ပေးပါဗျာ။"

ဤခရီးစဉ်တွင် မာကူးသည် မြင်းလှည်းမောင်းသူအဖြစ် ဟန်ဆောင်ထားသဖြင့် လူစိမ်းများရှေ့တွင် သမားတော်ကြီးကို "ဆရာ" ဟုသာ သုံးနှုန်းလေ့ရှိသည်။

"ဒါက လုံလောက်တာထက်တောင် ပိုနေပါပြီ။ သမားတော်ကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။"

ဖန်ထောင်သည် စောင်ကို မြင်လိုက်ရသောအခါ အလွန် ဝမ်းသာပြီး ကျေးဇူးတင်သွားလေသည်။

ညဘက် အအေးဒဏ်ကို သူ့သမီး မည်သို့ ခံနိုင်မည်နည်းဟု သူ ပူပန်နေခဲ့ခြင်း ဖြစ်သည်။ ဤစောင်သည် ကောင်းကင်ဘုံက ပေးသနားလိုက်သည်နှင့် တူလှပါ၏။ သူနှင့် သူ့တပည့်များမှာမူ သန်မာကြသဖြင့် တစ်ညတာ အအေးဒဏ်ကိုတော့ ကောင်းစွာ ခံနိုင်ရည် ရှိကြပေသည်။

ဖန်ထောင်က သူ့သမီးအတွက် စောင်ကို ပြင်ဆင်ပေးနေချိန်တွင် ပင်မဆောင်၏ အခြားတစ်ဖက်၊ ကန့်လန့်ကာ ခြားထားသော နေရာ၌ လုချင်းသည် သမားတော်ကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်နေလေသည်။ သမားတော်ကြီးထံမှ ထူးခြားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို နှစ်မီတာပတ်လည်အထိ လွှမ်းခြုံထားသည်။

"ဆရာ... စောစောက လူကြီးမင်းဖန် နဲ့ သူ့တပည့်တွေရဲ့ သွေးခုန်နှုန်းကို စစ်ဆေးတုန်းက သူတို့ဆီမှာ တစ်ခုခု မှားနေတာ ရှိလို့လားဗျ။" လုချင်းက မေးလိုက်သည်။

ထူးဆန်းသည်မှာ သူ၏ အသံသည် သူတို့ အနီးတစ်ဝိုက်တွင်သာ ကြားရပြီး အနီးနားရှိ ဝေ့ကျိအန်းနှင့် မာကူးတို့ပင် မကြားရချေ။

"ဟုတ်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အေးစက်တဲ့ မိစ္ဆာချီအငွေ့အသက်တချို့ကို ငါ တွေ့လိုက်ရတယ်။ အထူးသဖြင့် ဒဏ်ရာရထားတဲ့ ကောင်မလေးဆီမှာ ပိုဆိုးတယ်။" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။

"အေးစက်တဲ့ မိစ္ဆာချီ ဟုတ်လား။" လုချင်း လန့်သွားသည်။

"ဟုတ်တယ်။ ပုံမှန်ဆိုရင် သူတို့က မိုးမိရုံနဲ့ အအေးမိတာလောက်ပဲ ဖြစ်မှာ။ ဒါပေမဲ့ အခုတော့ အေးစက်တဲ့ မိစ္ဆာချီဝင်နေတယ်လေ... ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။" သမားတော်ကြီး၏ မျက်နှာထားမှာ လေးနက်နေလေ၏။

လုချင်း၏ စိတ်ကူးများ လှုပ်ရှားသွားသည်။ "ဆရာ သံသယရှိတာက..."

"ဒီနေ့ရွာတဲ့ မိုးက ပုံမှန် မဟုတ်ဘူး။ အခု မိစ္ဆာချီ ဝင်ရောက်တာနဲ့ ပေါင်းစပ်လိုက်ရင် အရမ်း သံသယဖြစ်စရာ ကောင်းနေပြီ။" သမားတော်ကြီးက ပြောလိုက်သည်။ "အားချင်း... မင်း ပြောဖူးတယ်နော်... ကမ္ဘာကြီးမှာ အပြောင်းအလဲကြီး ဖြစ်လာပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာမယ်လို့လေ။ ဒါပေမဲ့ ဒီနေ့မိုးကို ကြည့်ရတာ ဝိညာဉ်စွမ်းအင် နိုးထတာအပြင် တခြားအရာတွေပါ ပြန်ပေါ်လာမှာကို ငါ စိုးရိမ်မိတယ်။"

လုချင်း တိတ်ဆိတ်သွားလေ၏။ ဆရာဖြစ်သူ ပြောသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။

ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်းနှင့် ပတ်သက်ပြီး သူ နားလည်ထားသည်မှာ "လှည့်လည်သွားလာသူ မသေမျိုး"၏ မှတ်စုများမှ ဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်ကိုယ်တိုင်လည်း ဝိညာဉ်စွမ်းအင် နိုးထခြင်းကို မကြုံဖူးခဲ့သဖြင့် ကမ္ဘာ့နိယာမများ၏ အတိအကျ ပြောင်းလဲမှုကို မသိနိုင်ပေ။

ဒီနေ့မိုးကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်စွမ်းအင် နိုးထရုံ သက်သက်မဟုတ်ကြောင်း သိသာနေသည်။ လုချင်းသည် ဆရာဖြစ်သူ စောစောက ခံစားခဲ့ရသော ကောင်းကင်၏ သတိပေးချက်ကို ပြန်သတိရလိုက်ပြီး စိတ်လေးလံသွားမိလေ၏။

ထို့နောက်တွင်တော့ ဆရာနှင့် တပည့်နှစ်ဦးစလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြတော့လေသည်။

All Chapters