အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း ၂၁၇ - အမှန်တရားနှင့် ဝန်ခံခြင်း
"ဆရာ... ဖန်ရို့ရဲ့ ဒဏ်ရာက ရိုးရှင်းမနေဘူး။ ဓားဒဏ်ရာနဲ့ တူတယ်။ ပြီးတော့ လူကြီးမင်းဖန်ရဲ့ ကျင့်ကြံမှုကလည်း ကိုယ်တွင်းအင်္ဂါအဆင့်ကို ရောက်နေပြီ။ သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူက သာမန်လူ မဖြစ်နိုင်ဘူး။"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လုချင်းက ပြောလိုက်လေသည်။
သူ၏ နတ်မျက်စိစွမ်းရည်သည် လောကရှိ အချက်အလက်အားလုံးကို ထွင်းဖောက်မြင်နိုင်သော်လည်း အကန့်အသတ်မရှိသည်တော့ မဟုတ်ပေ။ အချို့သော ကျပန်းသဘောတရားများတော့ ရှိနေတတ်သည်။ ယခုအကြိမ်တွင်လည်း ဖန်ထောင်နှင့် အခြားသူများထံမှ ဖန်ရို့၏ ဒဏ်ရာရရှိရသည့် အကြောင်းရင်းကို သူ ရှာမတွေ့ခဲ့ချေ။
သမားတော်ကြီးက ပြောလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ်... ငါတို့က သမားတော်တွေလေ။ လူနာကို ကုသပြီး အသက်ကယ်ဖို့က အဓိကပဲ။ ရန်ငြိုးဖွဲ့တာတွေ၊ လက်စားချေတာတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရမယ်။"
လုချင်းက ခေါင်းညိတ်လိုက်သည်။
"တပည့် နားလည်ပါပြီ။"
သူသည် သူတို့ပတ်လည်ရှိ ထူးခြားသော အရှိန်အဝါများကို အာရုံခံမိသဖြင့် ချီးကျူးလိုက်မိသည်။
"ဆရာ့ရဲ့ မွေးရာပါနယ်ပယ်ကတော့ တကယ်ကို အံ့ဩစရာပါပဲဗျာ။ ကျွန်တော် ဘယ်တော့များမှ အဲဒီအဆင့်ကို ရောက်မလဲမသိဘူး။"
သမားတော်ကြီးက ရယ်မောရင်း ဆူငေါက်လိုက်လေသည်။
"လာပြီး မြှောက်ပင့်မနေနဲ့။ မင်းရဲ့ ပါရမီက ငါ့ထက် အများကြီး သာပါတယ်။ မကြာခင် ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာတော့မှာဆိုတော့ ငါ့အဆင့်ကို မင်း ရောက်ဖို့ သိပ်ကြာမှာ မဟုတ်ပါဘူး။"
လုချင်း၏ ကျင့်ကြံမှုပါရမီကို သူ အသိဆုံး ဖြစ်သည်။ သူ၏တပည့် မွေးရာပါနယ်ပယ်သို့ မရောက်သေးခြင်းမှာ မလုပ်နိုင်၍မဟုတ်ဘဲ တမင်သက်သက် ထိန်းချုပ်ထားခြင်းဖြစ်သည်ဟုပင် သူ သံသယရှိနေမိသည်။ သို့မဟုတ်ပါက သိုင်းပညာစတင်သင်ယူပြီး လအနည်းငယ်အတွင်း ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိခဲ့သော လုချင်းအနေဖြင့် နှစ်နှစ်ကြာသည်အထိ အဆင့်မတက်သေးခြင်းမှာ ယုတ္တိမရှိပေ။
သို့သော် သမားတော်ကြီးသည် လုချင်း၌ ကိုယ်ပိုင်အစီအစဉ်များ ရှိတတ်ကြောင်း သိထားသဖြင့် ဘယ်သောအခါမျှ မမေးမြန်းခဲ့ချေ။
ဆရာနှင့်တပည့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် အိပ်စက်အနားယူကြတော့သည်။
ရှောင်ယန်မှာမူ ရှောင်လီကို ပွေ့ဖက်ရင်း အိပ်ပျော်နေပြီဖြစ်သလို ဝေ့ကျိအန်းသည်လည်း အိပ်ပျော်နေပြီ ဖြစ်သည်။
ညပိုင်းကင်းစောင့်ရန်အတွက် မာကူးက တာဝန်ယူထားပြီး ညဉ့်နက်ပိုင်းတွင် လုချင်းက တာဝန်ကို လွှဲပြောင်းယူမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ခရီးသွားနေချိန်တွင် အမြဲတမ်း သတိရှိရမည် မဟုတ်ပါလော။
လုချင်းနှင့် အခြားသူများ အနားယူနေကြစဉ် အတွင်းခန်းမဆောင်၌ ဖန်ထောင်နှင့် သူ၏လူများသည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။
တပည့်ဖြစ်သူ တာ့ရှားက ပြောလိုက်သည်။
"ဆရာ... အခု မိုးတွေသည်းပြီး ဒီမှာ ပိတ်မိနေတာ... ဆရာတူညီမလေးကလည်း ဒဏ်ရာ ပြင်းထန်နေတုန်းပဲ။ တိမ်လွှာစီးဂိုဏ်းက လူတွေများ လိုက်မှီလာရင် ဘယ်လိုလုပ်မလဲ။"
ဖန်ထောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"မဖြစ်နိုင်ပါဘူး... ဒီတစ်ခါ ငါတို့ ထွက်ပြေးလာတဲ့ လမ်းကြောင်းက တော်တော်လေးကို ဝေးလံခေါင်ဖျားတယ်။ ပြီးတော့လည်း မိုးသည်းနေတာမို့လို့ ခြေရာတွေလည်း ပျောက်ကုန်လောက်ပြီ။ တိမ်လွှာစီးဂိုဏ်းက လူတွေ ငါတို့ကို အလွယ်တကူတော့ ရှာတွေ့မှာ မဟုတ်ဘူး။"
တာ့ရှားက ဒေါသတကြီး ပြောလိုက်သည်။
"တိမ်လွှာစီးဂိုဏ်းက တကယ့်ကို ယုတ်မာလွန်းတယ်။ ငါတို့အိမ်တော်က သူတို့ကို နှစ်တိုင်း ငွေတွေ အများကြီး ဆက်သနေတာတောင် ငါတို့ကို ရန်ရှာရဲတယ်တဲ့လေ။ အဲဒီသခင်လေးဆိုတဲ့ကောင်က ဆရာတူညီမလေးကို မယားငယ်အဖြစ်တောင် လိုချင်နေသေးတယ်။ ဆရာ... ဘာလို့ အဲဒီတုန်းက သူ့ကို ဓားတစ်ချက်တည်းနဲ့ အပြတ်ရှင်းခွင့် မပေးခဲ့တာလဲဗျာ။"
ဖန်ထောင်က သက်ပြင်းချလိုက်သည်။
"တကယ်လို့ သခင်လေးကို ငါတို့ သတ်ခဲ့မိရင် ထွက်ပေါက်မရှိဘဲ လမ်းဆုံးသွားလိမ့်မယ်။ တိမ်လွှာစီးဂိုဏ်းက အရမ်းဗိုလ်ကျတာ။ သူတို့မှာ မွေးရာပါနယ်ပယ် ဘိုးဘေးတစ်ယောက် ရှိနေတယ်။ အဲဒီသခင်လေးက ဘိုးဘေးရဲ့ တစ်ဦးတည်းသော မြစ်လေးပဲ။ သူသာ သေသွားရင် တိမ်လွှာစီးဂိုဏ်းက ဒေါသတကြီးနဲ့ ငါတို့ကို လိုက်ရန်ရှာတော့မှာလေ။ အဲ့လိုသာဆို ဒီလောကမှာ ငါတို့အတွက် နေစရာနေရာ ရှိတော့မှာကို မဟုတ်ဘူး။"
တာ့ရှားက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒါပေမဲ့ ဆရာ... အခု အဲဒီသခင်လေးကို မသတ်ခဲ့တာတောင် တိမ်လွှာစီးဂိုဏ်းက လိုက်ဖမ်းနေတာပဲလေ။ ဘာများကွာခြားတာရှိလို့လဲ။"
"သွေးကြွေး မရှိသရွေ့တော့ ညှိနှိုင်းလို့ ရနိုင်ပါသေးတယ်။ ချင်းကျိုးမှာရှိတဲ့ ကွေ့ယွမ်ဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ ငါ အဆက်အသွယ် ရှိတယ်။ ငါတို့သာ ချင်းကျိုးကို ရောက်အောင်ပြေးပြီး ကွေ့ယွမ်ဂိုဏ်းကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းနိုင်ရင် တိမ်လွှာစီးဂိုဏ်းနဲ့ ရန်ငြိုးကို ဖြေဖျောက်နိုင်ကောင်းပါရဲ့။"
တာ့ရှား ငြိမ်သက်သွားသည်။ သခင်လေး၏ မျက်နှာကို ပြန်မြင်ယောင်ရင်း သူ၏ဆရာ အလွန်အမင်း အကောင်းမြင်လွန်းနေသည်ဟု ခံစားလိုက်ရ၏။ ထိုကဲ့သို့ လက်စားချေတတ်သော စိတ်ဓာတ်ပိုင်ရှင်သည် အရှက်ကွဲခဲ့ရပြီးမှ ပြန်လည်သင့်မြတ်ရန် သဘောတူပါမည်လော။
တာ့ရှား၏ အမြင်တွင်တော့ ထိုလူယုတ်မာကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ နောက်ဆုံးတွင် သူတို့အားလုံး သေဆုံးသွားရလျှင်ပင် အနည်းဆုံးတော့ တစ်ယောက်ယောက်ကို သူတို့နှင့်အတူ ခေါ်သွားနိုင်မည် မဟုတ်ပါလော။
ရင်းနှီးကျွမ်းဝင်သော အစောင့်များနှင့် အစေခံများကို တိမ်လွှာစီးဂိုဏ်းသားများက သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို တွေးမိတိုင်း တာ့ရှား၏ ရင်ထဲ၌ ဒေါသများ ဟုန်းခနဲ ထွက်ပေါ်လာလေသည်။ သူသာ လုံလောက်သော အစွမ်းအစရှိလျှင် တိမ်လွှာစီးဂိုဏ်းကို တစ်ယောက်တည်း ဝင်ရောက်စီးနင်းပြီး ကလဲ့စားချေပစ်လိုက်မည်ပင်။
သို့သော် တပည့်တစ်ယောက်အနေဖြင့် မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ ဆရာ၏ ဆုံးဖြတ်ချက်ကို လိုက်နာရုံသာ တတ်နိုင်လေသည်။
ဖန်ထောင်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဒါက ငါ့ရဲ့ မျှော်လင့်ချက်သက်သက်ပါပဲ။ ငါတို့ ချင်းကျိုးကို မရောက်ခင် တိမ်လွှာစီးဂိုဏ်းက လူတွေ လိုက်မှီလာရင်တော့ သေတဲ့အထိ တိုက်ခိုက်ရမှာပဲ။ တာ့ရှား... တကယ်လို့ တိမ်လွှာစီးဂိုဏ်းက လူတွေ ဒီဘုရားကျောင်းကို ရောက်လာခဲ့ရင် သမားတော်ကြီးချန်တို့နဲ့ မပတ်သက်ကြောင်းကို ပြဖို့ မမေ့နဲ့။ သူတို့က ငါတို့ကို ကူညီခဲ့တာ... ကျေးဇူးကို ဒုက္ခနဲ့ မတုံ့ပြန်သင့်ဘူး။"
"စိတ်ချပါ ဆရာ။ ဒါပေမဲ့... တိမ်လွှာစီးဂိုဏ်းက လူတွေက သမားတော်ကြီးချန်တို့ကိုပါ ရန်ရှာရင် ဘယ်လိုလုပ်မလဲ။"
လိုက်လံဖမ်းဆီးသူများ မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း သူ မမေ့နိုင်ပေ။
ဖန်ထောင် တုံ့ဆိုင်းသွားပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း သမားတော်ကြီးချန်တို့ ထွက်ပြေးဖို့ အချိန်ရအောင် ငါတို့ သူတို့ကို တိုက်ခိုက်ရင်း တားထားပေးကြတာပေါ့။"
...
မျက်လုံးမှိတ်လျက် လဲလျောင်းနေသော လုချင်း၏ နှုတ်ခမ်းများ ကွေးညွှတ်ကာ အပြုံးတစ်ခု ပေါ်လာလေသည်။
ဖန်ထောင်နှင့် အခြားသူများ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသော်လည်း သိုင်းပညာရှင်တစ်ဦးဖြစ်သော လုချင်း၏ ရှေ့မှောက်တွင် ထိုအသံများသည် ကြီးမားသော လျှို့ဝှက်ကြံစည်မှုတစ်ခုကဲ့သို့ ကျယ်လောင်စွာ ကြားနေရသည်။
ဖန်ထောင်တို့အုပ်စုတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း အတည်ပြုပြီးနောက် လုချင်း စိတ်သက်သာရာရသွားကာ အိပ်ပျော်သွားတော့သည်။
ထိုညသည် မည်သည့် ပြဿနာမျှမရှိဘဲ ကုန်လွန်သွားခဲ့သည်။ ဖန်ထောင်၏ သမီးဖြစ်သူမှာလည်း ထူးခြားမှု မရှိသကဲ့သို့ ညသန်းခေါင်တွင် လုချင်းတို့ကို အနှောင့်အယှက်မပေးခဲ့ချေ။
ဒုတိယပိုင်း ညကင်းစောင့်တာဝန်ကို လုချင်း ယူထားသဖြင့် သူသည် မနက်စာပြင်ဆင်ရန် စောစောထလိုက်သည်။ ထို့ကြောင့် လူတိုင်း နိုးလာကြချိန်တွင် မွှေးကြိုင်သော ရနံ့တစ်ခုကို ရရှိလိုက်ကြလေသည်။
ဖန်ထောင်က အလုပ်ရှုပ်နေသော လုချင်းကို မြင်၍ အံ့သြစွာ မေးလိုက်သည်။
"သခင်လေးလု... စောလှချည်လား။"
လုချင်းက ပြုံးလိုက်သည်။
"အကျင့်ပါနေလို့ပါ။ လူကြီးမင်းဖန်... ခင်ဗျားတို့အတွက်လည်း မနက်စာ ပြင်ဆင်ထားပါတယ်။ ပြီးတော့ ဒီဆေးဆန်ပြုတ်က မိန်းကလေးဖန်အတွက်ပါ။ သူ မကြာခင် နိုးလာလောက်ပြီလို့ ကျွန်တော် ခန့်မှန်းမိတယ်။"
"တကယ်လား..."
ဖန်ထောင်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး ဆက်မေးရန် ပြင်လိုက်စဉ် ချန်လင် အမည်ရှိသော မိန်းကလေးတစ်ဦးက ခန်းမထဲမှ ပြေးထွက်လာလေသည်။
"ဆရာ... ဆရာတူညီမလေး သတိရလာပြီ။"
"ရှောင်ရို့လေး တကယ် သတိရလာပြီလား။"
သမီးဖြစ်သူ သတိရလာခြင်းနှင့် လုချင်း၏ ဟောကိန်းထုတ်မှု တိကျမှန်ကန်ခြင်းတို့ကြောင့် ဖန်ထောင်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားရသည်။
"သခင်လေးလု... ခွင့်ပြုပါဦး။"
"နေပါဦး လူကြီးမင်းဖန်။ သမီးဖြစ်သူ နိုးလာပြီဆိုတော့ ဒီဆေးဆန်ပြုတ်ကို ယူသွားလိုက်ပါ။ ရောဂါအကြီးအကျယ် ဖြစ်ထားတာဆိုတော့ အားပြန်ပြည့်ဖို့ လိုတယ်လေ။"
လုချင်းက ဆေးဆန်ပြုတ်ပန်းကန်ကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးလု။"
ဖန်ထောင်က ကျေးဇူးတင်စွာဖြင့် ဆန်ပြုတ်ကို ယူကာ ခန်းမထဲသို့ အလျင်အမြန် ဝင်သွားလိုက်ရာ သမီးဖြစ်သူ ထထိုင်နေသည်ကို သူ မြင်လိုက်ရ၏။
"အဖေ..."
ဖန်ထောင်ကို မြင်လိုက်ရသောအခါ ဖန်ရို့က အားနည်းစွာ ခေါ်လိုက်သည်။
"ရှောင်ရို့... သမီး သတိရလာပြီပဲ။ ဘယ်လိုနေသေးလဲ။"
ဖန်ထောင်က အလျင်စလို မေးလိုက်သည်။
"အများကြီး သက်သာသွားပါပြီ။ အဖေ... သမီးတို့ အခု ဘယ်ရောက်နေတာလဲ။"
သမီးဖြစ်သူမှာ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို မှတ်မိခြင်း မရှိကြောင်း ဖန်ထောင် သတိပြုမိလိုက်သည်။ အမှန်စင်စစ် ဤဘုရားကျောင်းသို့ မရောက်မီကပင် သူမသည် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ရာ မမှတ်မိသည်မှာ ဆန်းတော့မဆန်းပေ။
ဖန်ထောင်က ရှင်းပြလိုက်သည်။
"အဖေတို့ အမည်မဲ့ ဘုရားကျောင်းတစ်ခုကို ရောက်နေတာ။ သမီး ဒဏ်ရာရပြီး အအေးမိသွားလို့ အခြေအနေ စိုးရိမ်ရတဲ့အထိ ဖြစ်သွားခဲ့တယ်လေ။ ကံကောင်းလို့ ဒီမှာ မိုးခိုနေတဲ့ သမားတော်ကြီးချန်က ကူညီပေးလို့ သမီး အသက်ဘေးကနေ လွတ်ခဲ့တာ။"
"သမီး အဝတ်အစားတွေက..."
ဖန်ရို့ မျက်နှာရဲသွားသည်။ သူမ၏ အဝတ်အစားများမှာ သူမဟာမဟုတ်ဘဲ ယောကျ်ားဝတ် အဝတ်အစားများ ဖြစ်နေသည်ကို သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ သူမ မေးမြန်းချင်သော်လည်း သူမ၏ ဆရာတူအစ်မက ဖခင်ဖြစ်သူကို အကြောင်းကြားရန် ပြေးထွက်သွားပြီး ဖြစ်နေသည်။
"သမီးရဲ့ အဝတ်အစားတွေကိုလည်း သမားတော်ကြီးချန်တို့ဆီက ငှားဝတ်ထားတာ။ သူတို့အားလုံးက ယောကျ်ားလေးတွေဆိုတော့ ယောကျ်ားဝတ်တွေပဲ ရှိတာလေ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သမီးရဲ့ ဆရာတူအစ်မကပဲ အဝတ်အစား လဲပေးခဲ့တာပါ။"
ထိုအခါမှ ဖန်ရို့ သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင် သမားတော်ကြီးချန်က သမီးအပေါ် တကယ်ပဲ ကျေးဇူးကြီးတာပဲ။ သမီးကိုယ်တိုင် သွားပြီး ကျေးဇူးတင်စကား ပြောမှ ဖြစ်မယ်။"
"မလောပါနဲ့ဦး။ သမားတော်ကြီးချန်တို့ နိုးလာရင် အဖေ သမီးကို လိုက်ပို့ပေးပါ့မယ်။"
"ဟုတ်ကဲ့ပါ။"
ဖန်ရို့ တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။ ရုတ်တရက် သူမသည် ထူးခြားသော ရနံ့တစ်ခုကို ရလိုက်သဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ရာ ဖခင်ဖြစ်သူ၏ လက်ထဲမှ ပန်းကန်လုံးဆီမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အဖေ... လက်ထဲက ဘာကြီးလဲဟင်။ အရမ်းမွှေးတာပဲ။"
ဖန်ရို့ တံတွေးမြိုချလိုက်မိသည်။ မနေ့ကတည်းက သူမ ဘာမှမစားရသေးချေ။ ထိုရနံ့က သူမကို ချက်ချင်း ဗိုက်ဆာလာစေသည်။
"ဪ... အဖေ မေ့တော့မလို့။ ဒါက သမားတော်ကြီးချန်ရဲ့ တပည့် သခင်လေးလု ချက်ပေးလိုက်တဲ့ ဆေးဆန်ပြုတ်လေ။ ဒီမနက် သမီး နိုးလာလိမ့်မယ်လို့ သူက ပြောတယ်။ သူပြောတဲ့အတိုင်း ကွက်တိပဲ။ တကယ်ကို အမြော်အမြင် ရှိတဲ့လူပါပဲ။"
ဖန်ထောင်က ဆန်ပြုတ်ကို သမီးဖြစ်သူထံ ကမ်းပေးလိုက်သည်။
"ရှောင်ရို့... သမီး ဘာမှမစားရတာ နှစ်ရက်နီးပါး ရှိနေပြီ။ ပူတုန်းလေး သောက်လိုက်ဦး။"
"ဆေးဆန်ပြုတ်လား"
ဖန်ရို့ အံ့သြစွာ ကြည့်လိုက်သည်။ သူမ၏ အတွေ့အကြုံအရ ဆေးဆိုလျှင် ခါးသက်ပြီး မျိုချရခက်သည်ချည်းသာ။ သို့သော် ဤဆန်ပြုတ်မှာ အလွန်မွှေးကြိုင်နေသဖြင့် ထူးဆန်းနေသည်။
ဖန်ရို့သည် စူးစမ်းချင်စိတ်ဖြင့် တစ်ဇွန်းခပ်ကာ မြည်းစမ်းကြည့်လိုက်သည်။ ထို့နောက်၌ သူမ၏ မျက်လုံးများ အရောင်တောက်သွားကာ ပို၍ပင် မြိန်ရေယှက်ရေ စားသုံးလေတော့သည်။
ထိုအရာကို မြင်လိုက်ရမှ ဖန်ထောင်လည်း စိတ်သက်သာရာရသွားတော့သည်။
မကြာမီ ဖန်ရို့သည် တစ်ပန်းကန်လုံး ကုန်စင်အောင် စားလိုက်ပြီး ပန်းကန်ခွံကို ဖခင်ဖြစ်သူထံ နှမြောတသဖြစ်စွာဖြင့် ပြန်ပေးလိုက်လေသည်။ နောက်ထပ် ပန်းကန်အနည်းငယ် ထပ်သောက်နိုင်သည်ဟု ခံစားရသော်လည်း အခုမှ ပြန်လည်သက်သာလာစ ဖြစ်သဖြင့် အလွန်အကျွံ မစားသင့်မှန်း သူမ သိထားသည်။
"ဆရာ... သမားတော်ကြီးချန် လာနေတယ်။"
ဖန်ထောင် ပန်းကန်လုံးကို လှမ်းယူလိုက်စဉ်မှာပင် တပည့်ဖြစ်သူ တာ့ရှားက လာရောက်သတင်းပို့လေသည်။
"အထဲကို ဖိတ်လိုက်ပါ..."
ဖန်ထောင် အမြန်ပြောလိုက်သည်။
"လူကြီးမင်းဖန်... သမီးဖြစ်သူ သတိရလာပြီဆိုလို့ ကျုပ် လာကြည့်တာပါ။"
သမားတော်ကြီးက ပြုံးရွှင်စွာဖြင့် ဝင်လာလေသည်။
"ဟုတ်ပါတယ်... သမီးလေး အခုပဲ သတိရလာပြီး သခင်လေးလု လုပ်ပေးတဲ့ ဆေးဆန်ပြုတ် တစ်ပန်းကန်လည်း သောက်ပြီးပါပြီ။ ကျေးဇူးပြုပြီး သမီးလေး အပြည့်အဝ သက်သာလာပြီလားဆိုတာ စစ်ဆေးပေးပါဦး သမားတော်ကြီးချန်။"
"သွေးခုန်နှုန်း စမ်းကြည့်ပါရစေ။"
သမားတော်ကြီးသည် ဖန်ရို့အနားသို့ တိုးကပ်သွားသည်။ မိန်းကလေး၏ နူးညံ့သိမ်မွေ့ပုံက သူမကို စိတ်လက်ပေါ့ပါးစေသဖြင့် သူမ၏လက်ကို သဘာဝကျကျပင် ကမ်းပေးလိုက်သည်။
သမားတော်ကြီးသည် သူမ၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများ တင်လိုက်ပြီး သေချာစွာ အာရုံခံပြီးနောက် လက်ကို ပြန်ရုတ်လိုက်လေသည်။
"ဂုဏ်ယူပါတယ် လူကြီးမင်းဖန်။ သမီးဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲက အအေးဓာတ်အများစုကို ဖယ်ရှားပြီးပါပြီ။ ပခုံးပေါ်က ဒဏ်ရာကလည်း ကျက်နေပါပြီ။ နည်းနည်းလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ။"
"ကျေးဇူးတင်ပါတယ် သမားတော်ကြီးချန်။"
ဖန်ထောင်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး သမားတော်ကြီးကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ရှင်။"
ဖန်ရို့လည်း ကျေးဇူးတင်စကားဆိုရန် ထဖို့ပြင်လိုက်သော်လည်း သမားတော်ကြီးက ညင်သာစွာ ပြန်လှဲစေလိုက်သည်။
"ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးကွယ်။ သမီးက အခုမှ သက်သာလာတာဆိုတော့ များများအနားယူသင့်တယ်။"
ထို့နောက် သူက ထပ်ပြောလိုက်သည်။
"လူကြီးမင်းဖန်... ကျုပ်တပည့်က မနက်စာတချို့ ပြင်ဆင်ထားတယ်။ စိတ်မရှိဘူးဆိုရင် အတူတူ လာစားကြပါလား။"
ထိုအခါ၌ ဖန်ထောင်နှင့် တပည့်များသည် အလွန်ပင် ကျေးဇူးတင်သွားကြတော့၏။ မကြာမီ လူတိုင်း မီးဖိုဘေးတွင် ဝိုင်းဖွဲ့ကာ စားသောက်ကြတော့သည်။
လုချင်း ပြင်ဆင်ထားသော မနက်စာမှာ ဝက်ပေါင်ခြောက်ထမင်းတစ်အိုးကြီးနှင့် တောဟင်းရွက်ဟင်းချို တစ်အိုးသာ ဖြစ်သော်လည်း ဖန်ထောင်နှင့် တပည့်များသည် အားပါးတရ စားသောက်ကြလေသည်။ လုချင်း၏ လက်ရာ ကောင်းမွန်လွန်းသောကြောင့်သာမက သေရေးရှင်ရေး ရုန်းကန်နေရချိန်တွင် ပူပူနွေးနွေး ထမင်းတစ်နပ် စားရခြင်းမှာ ရှားပါးသော ကောင်းချီးတစ်ခု ဖြစ်သောကြောင့်ပင်။
"သမားတော်ကြီးချန်... မိုးက နောက်ထပ် တစ်ရက် နှစ်ရက်လောက် ရွာဦးမယ့်ပုံပဲ။ ခင်ဗျားတို့ ဘယ်လို အစီအစဉ် ရှိလဲ။"
မနက်စာ စားပြီးနောက် ဖန်ထောင်က မေးလိုက်သည်။
"ဘာလုပ်နိုင်မှာလဲဗျာ။ ကျုပ်တို့က မြင်းလှည်းနဲ့ ခရီးသွားတာလေ... မိုးရွာထဲ သွားဖို့ အဆင်မပြေဘူး။ မိုးတိတ်မှပဲ ဆက်သွားနိုင်တော့မှာပေါ့။"
သမားတော်ကြီးက ပြန်ဖြေလိုက်သည်။
ဖန်ထောင်မှာ ဝမ်းသာရမလို၊ စိတ်ပူရမလို ဖြစ်နေလေသည်။ သမားတော်ကြီးချန်တို့အဖွဲ့ မိုးထဲလေထဲ ထွက်ခွာသွားပါက သူတို့အတွက် သတင်းကောင်း မဟုတ်ပေ။ သမီးဖြစ်သူ၏ ဒဏ်ရာ အခြေအနေကြောင့် အေးစက်သော မိုးရေနှင့် ထပ်မံ ထိတွေ့၍ မဖြစ်ချေ။ ဤဝေးလံခေါင်ဖျားသော ဘုရားကျောင်းတွင် တစ်ဖွဲ့တည်း ကျန်ရစ်ခဲ့ပါက ပို၍ ခက်ခဲပေလိမ့်မည်။
သို့သော် သမားတော်ကြီးချန်တို့ ဆက်နေမည်ဆိုလျှင် တိမ်လွှာစီးဂိုဏ်းမှ လူများ လိုက်မလာဘူးဟု မည်သူ အာမခံနိုင်မည်နည်း။ သဘောကောင်းသော သမားတော်ကြီးကို ဒုက္ခပေးသလို ဖြစ်သွားမည်ကို သူ မလိုလားပေ။
အတ္တနှင့် ကိုယ်ကျင့်တရားကြား လွန်ဆွဲရင်း ဖန်ထောင်မှာ ဝေခွဲမရ ဖြစ်နေသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးကို ထောက်ချင့်၍ တိမ်လွှာစီးဂိုဏ်းမှ လူများသည် မိုးမတိတ်မချင်း လိုက်လာကြမည် မဟုတ်ဟု ဖန်ထောင် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အခြေအနေကို လောလောဆယ် ဖုံးကွယ်ထားရန် သူ ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင် သမားတော်ကြီးချန်ကို နောက်ထပ် ခဏလောက် ဒုက္ခပေးရဦးမှာပေါ့။ ကျွန်တော့်မှာ ရွှေဒင်္ဂါးတချို့ ရှိပါတယ်။ နည်းပေမဲ့လည်း ကျွန်တော့်ရဲ့ ကျေးဇူးတင်တဲ့သဘောအနေနဲ့ လက်ခံပေးပါ။"
ဖန်ထောင်သည် သူ၏အိတ်ကပ်ထဲမှ ရွှေဒင်္ဂါးတချို့ကို ထုတ်ယူကာ သမားတော်ကြီးထံ ကမ်းပေးလိုက်သည်။
သမားတော်ကြီးသည် အနည်းဆုံး ငွေသားအချို့ တန်ဖိုးရှိမည့် ရွှေဒင်္ဂါးများကို ကြည့်ကာ ပြုံးလိုက်ပြီး တစ်ပြားတည်းသာ ယူလိုက်လေသည်။
"ဒီလောက်ဆိုရင် သမီးဖြစ်သူရဲ့ ကုသစရိတ်နဲ့ ဆေးဖိုးအတွက် လုံလောက်တာထက်တောင် ပိုနေပါပြီ။ ကျန်တာတွေကိုတော့ လူကြီးမင်းဖန်ပဲ ပြန်သိမ်းထားလိုက်ပါ။"
"ဒါပေမဲ့ သမားတော်ကြီးချန်..."
ဖန်ထောင်က ဆက်ပြောချင်သော်လည်း သမားတော်ကြီးက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။
"လူကြီးမင်းဖန်... ကျုပ်တို့ သမားတော်တွေက အသက်ကယ်ဖို့ ကုသပေးတာပါ။ အကျိုးအမြတ်အတွက် မဟုတ်ဘဲ နှလုံးသားဆန္ဒအတိုင်း လုပ်ကြတာပါ။"
သမားတော်ကြီး၏ အတင်းအကျပ် ငြင်းဆန်မှုကို မြင်လိုက်ရသဖြင့် ဖန်ထောင်သည် ကျန်ရှိသော ရွှေဒင်္ဂါးများကို ပြန်သိမ်းလိုက်ရလေသည်။ သမားတော်ကြီးအပေါ်ထားရှိသော သူ၏ လေးစားမှုမှာ ပိုမိုကြီးထွားလာသလို အားနာစိတ်လည်း ပိုတိုးလာလေ၏။
ဝေခွဲရခက်သော အမူအရာကို ပြသရင်း နောက်ဆုံးတွင် ဖန်ထောင်သည် ဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။
"သမားတော်ကြီးချန်... ကျွန်တော် ခင်ဗျားကို ရှင်းပြစရာ တစ်ခု ရှိနေတယ်..."
...
အခန်း ၂၁၈ - မြေကမ္ဘာဝိညာဉ်ပုလဲ၏ တာအိုစည်းချက်များနှင့် အေးဆေးတည်ငြိမ်သော အချိန်ကာလ
"သမားတော်ကြီးချန်... အမှန်အတိုင်း ပြောရရင် ကျွန်တော်နဲ့ တပည့်တွေက အပျော်ခရီးထွက်လာကြတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့က ထွက်ပြေးလာကြတာပါ..."
ထို့နောက် ဖန်ထောင်သည် သူတို့ ကြုံတွေ့နေရသော အကြပ်အတည်းကို သမားတော်ကြီးချန်အား အမှန်အတိုင်း ရှင်းပြလိုက်လေသည်။
"...သမားတော်ကြီးချန်... တိမ်လွှာစီးဂိုဏ်းက တပည့်တွေ ဘယ်အချိန် လိုက်မှီလာမလဲဆိုတာ ကျွန်တော် မသိဘူး။ သူတို့က သဘောကောင်းတဲ့လူတွေ မဟုတ်ဘူး။ သူတို့သာ ဒီဘုရားကျောင်းကို ရောက်လာရင် ခင်ဗျားတို့ကိုပါ ဒုက္ခပေးမှာ စိုးရိမ်မိတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ခင်ဗျားတို့ စောစောစီးစီး ထွက်သွားတာ အကောင်းဆုံးပါပဲ။"
"လူကြီးမင်းဖန် ဒီလောက်တောင် နာကျင်စရာကောင်းတဲ့ အတွေ့အကြုံတွေ ကြုံခဲ့ရမယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ ဒါပေမဲ့ အပြင်မှာ လေတွေမိုးတွေက သည်းနေတုန်းပဲ။ လမ်းတွေကလည်း ရွှံ့ဗွက်တွေနဲ့ပဲ ဖြစ်နေမှာ။ ကျုပ်တို့ရဲ့ မြင်းလှည်းက အခုထွက်သွားရင်တောင် ခရီးဝေးဝေး ရောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဒီကို ရောက်တောင်ရောက်နေပြီပဲဟာ... ဆက်နေကြတာပေါ့။ တိမ်လွှာစီးဂိုဏ်းဆိုတာ ယွင်ကျိုးက ဂိုဏ်းကြီးပဲဟာ... အဲ့ဒီလောက်ကြီးတော့ အကျိုးသင့်အကြောင်းသင့် မလုပ်ဘဲနဲ့ မနေလောက်ပါဘူး။ ကျုပ်တို့က သူတို့နဲ့ ရန်ငြိုးမှမရှိတာ... သူတို့ ရောက်လာရင်တောင် ကျုပ်တို့ကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး။ လူကြီးမင်းဖန်... စိတ်ပူမနေပါနဲ့။"
ဖန်ထောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် သမားတော်ကြီးချန်သည် ထိတ်လန့်သွားပုံမရဘဲ သူ့ကို ပြန်လည် နှစ်သိမ့်ပေးလေသည်။
ဘေးတွင် ရပ်နေသော တာ့ရှားက ဝင်မပြောဘဲ မနေနိုင်တော့ချေ။
"သမားတော်ကြီးချန်... ခင်ဗျား မသိလို့ပါ။ တိမ်လွှာစီးဂိုဏ်းက နာမည်ကြီး ဂိုဏ်းလို့ ပြောကြပေမဲ့ တကယ်တမ်းကျတော့ အရမ်း ဗိုလ်ကျတာ။ ယွင်ကျိုးမှာဆိုရင် သူတို့ကို နည်းနည်းလေး မကျေနပ်အောင် လုပ်မိတဲ့ မိသားစုတွေ၊ အင်အားစုအငယ်စားတွေဆိုရင် အရိုက်ခံရတာတို့၊ အသိမ်းခံရတာတို့ ဖြစ်ကုန်တာချည်းပဲ။"
"သူတို့ရဲ့ အင်အားကို ထိန်းပေးနိုင်တဲ့ တခြားဂိုဏ်းတွေကော ယွင်ကျိုးမှာ မရှိဘူးလား။"
လုချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဖန်ထောင်က သက်ပြင်းချလိုက်သည်။
"ယွင်ကျိုးမှာ ပထမတန်းစား ဂိုဏ်းကြီး သုံးဂိုဏ်း ရှိပါတယ်။ တိမ်လွှာစီးဂိုဏ်းက အင်အားအကြီးဆုံးပဲ။ သူတို့ဂိုဏ်းမှာ မွေးရာပါနယ်ပယ် ဘိုးဘေးတစ်ယောက်မက ရှိတယ်လို့ ပြောကြတယ်။ အဲ့ဒါကြောင့် သူတို့က ဗိုလ်ကျနေရင်တောင် တခြားအင်အားစုတွေက သူတို့ကို ဘာမှမလုပ်နိုင်ကြဘူးလေ။"
"သြော်... အဲဒီလိုကိုး။"
လုချင်း ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါကြောင့် သမားတော်ကြီးချန်... ကျွန်တော်တို့က တိမ်လွှာစီးဂိုဏ်းကို ပြစ်မှားထားမိတော့ ခင်ဗျားတို့ကိုပါ ထိခိုက်မိမလားဆိုတာ ပြောဖို့ခက်တယ်။ ကျေးဇူးပြုပြီး သတိထားကြပါဗျာ။"
ဖန်ထောင်က လေးနက်စွာ ထပ်မံ သတိပေးလိုက်သည်။
"ကောင်းပါပြီ... မိုးတိတ်တာနဲ့ ကျုပ်တို့ ထွက်သွားပါ့မယ်။"
သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်သည်။
ဖန်ထောင် ပါးစပ်ဟလိုက်သော်လည်း မုန်တိုင်းထဲတွင် သူ့ကျေးဇူးရှင်ကို ထွက်သွားခိုင်းရန် မဖြစ်နိုင်သည်ကို တွေးမိပြီး ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။ သူသည် အပြင်ဘက်မှ အုံ့မှိုင်းနေသော ရာသီဥတုကို စိုးရိမ်တကြီး ငေးကြည့်နေလေသည်။
ထိုသို့ဖြစ်နေသော ဖန်ထောင်ကို ကြည့်ရင်း မာကူးက ရယ်ချင်မိသွားသည်။ သူတို့ရှေ့မှောက်ရှိ လူများ မည်မျှ အစွမ်းထက်ကြောင်း ဤလူများ တွေးမိကြမည် မဟုတ်ပေ။
လုချင်းနှင့် သမားတော်ကြီးချန်တို့က သူတို့၏ အစွမ်းအစအမှန်ကို ကောင်းစွာ ဖုံးကွယ်ထားသောကြောင့် ထိုသို့ဖြစ်ရသည်က ဆန်းတော့မဆန်းပေ။ နှစ်ယောက်စလုံးက ချီနှင့်သွေးအဆင့် ကျင့်ကြံသူများအဖြစ်သာ ထုတ်ဖော်ပြသထားကြသည်။ သူတို့အဖွဲ့ထဲတွင် အပြင်ပန်းအားဖြင့် အသန်မာဆုံးမှာ ကြွက်သားနှင့်အရိုးအဆင့် ပြည့်စုံခြင်းသို့ ရောက်နေသည့် မာကူးနှင့် ကြွက်သားနှင့်အရိုးအဆင့် အောင်မြင်မှုအသေးစားအဆင့်ကို ရောက်နေသည့် ဝေ့ကျိအန်းတို့သာ ဖြစ်ကြသည်။ ဂိုဏ်းကြီးတစ်ခုအတွက်မူ ထိုမျှသော အင်အားသည် ပြောပလောက်စရာ မရှိသဖြင့် ဖန်ထောင် စိတ်ပူနေသည်မှာ အံ့သြစရာ မဟုတ်ချေ။
သို့သော် ဖန်ထောင်သည် ကျေးဇူးကို ရန်ငြိုးဖြင့် တုံ့ပြန်တတ်သူ မဟုတ်သဖြင့် သူ့ကို ကူညီရသည်မှာ အချည်းနှီး မဖြစ်ပေ။ ဖန်ထောင်နှင့် သူ့အဖွဲ့ တိတ်ဆိတ်သွားခြင်းကြောင့် ခန်းမအတွင်းရှိ လေထုမှာ အနည်းငယ် လေးလံလာသည်။
ထိုအချိန်တွင် ပျင်းရိလာကြသော ရှောင်ယန်နှင့် ရှောင်လီတို့သည် အိတ်ထဲမှ သားရဲစစ်တုရင်တစ်စုံကို ထုတ်ယူကာ ကစားရန် လုချင်းထံ ခွင့်တောင်းကြသည်။
သမားတော်ကြီးချန်ကလည်း ဆေးစာအုပ်တစ်အုပ်ကို ထုတ်ယူကာ အေးအေးဆေးဆေး ဖတ်ရှုနေလေသည်။
လုချင်းနှင့် မာကူးတို့သည်လည်း ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။
လုချင်းသည် မျက်ခုံးကြားရှိ စွမ်းအားအချက်အချာနေရာတွင် စိတ်နှစ်ကာ မြေကမ္ဘာဝိညာဉ်ပုလဲကို တိတ်တဆိတ် သန့်စင်နေလေသည်။ မြေကမ္ဘာဝိညာဉ်ပုလဲတွင် ဝိညာဉ်အမှတ်အသား ပြုလုပ်ထားပြီး ပိုင်ဆိုင်ကြောင်း သတ်မှတ်ထားသော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ဝိညာဉ်စွမ်းအင်ဖြင့် ပိုမို သန့်စင်ရန် လိုအပ်သည်။
ထို့အပြင် မြေကမ္ဘာ၏ အထွတ်အထိပ် ရတနာတစ်ခုဖြစ်သည့် မြေကမ္ဘာဝိညာဉ်ပုလဲတွင် တာအိုစည်းချက်များ ပါရှိလေသည်။ ၎င်းကို သန့်စင်ရင်း လုချင်းသည် ထိုတာအိုစည်းချက်များကိုပါ အာရုံခံမိပြီး ယင်းတို့ကို နားလည်သဘောပေါက်ခြင်းက သူ့အတွက် များစွာ အကျိုးရှိမည်ဟု ခံစားမိသည်။
လုချင်းနှင့် အခြားသူများ စကားပြောရပ်လိုက်ပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မကြာမီ စစ်တုရင်ရွှေ့သော အသံများက ဖန်ထောင်နှင့် သူ၏လူများကို အာရုံဖမ်းစားသွားလေသည်။
အစပိုင်းတွင် လုချင်းနှင့် အခြားသူများ ကစားနေသည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း လှည့်ကြည့်လိုက်သောအခါ ရှောင်ယန်နှင့် အမဲရောင်သားရဲတစ်ကောင်က စစ်တုရင်ခုံရှေ့တွင် လေးလေးနက်နက် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
ရှောင်ယန်၏ ရင်ခွင်ထဲတွင် အမြဲနေလေ့ရှိသော အမဲရောင်သားရဲ ရှောင်လီကို သူတို့ မှတ်မိနေသည်။
သမားတော်ကြီးချန်တို့အဖွဲ့သည် သာမန်လူများနှင့်မတူသဖြင့် ချမ်းသာသော မိသားစုများ အိမ်မွေးတိရစ္ဆာန် မွေးလေ့ရှိသည့်အတိုင်း သာမန်အိမ်မွေးတိရစ္ဆာန် တစ်ကောင်ဟုသာ သူတို့ ယူဆထားခဲ့ကြသည်။
သို့သော် ယခုအခါ ရှောင်လီက ရှောင်ယန်နှင့် အလေးအနက်ထား စစ်တုရင်ထိုးနေသည်ကို မြင်လိုက်ရသောအခါ ဖန်ထောင်နှင့် သူ့အဖွဲ့တို့ မှင်သက်သွားကြတော့၏။
"စစ်တုရင် ထိုးတတ်တဲ့ သားရဲတစ်ကောင်လား။ ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါလား။"
"မအံ့သြကြပါနဲ့ဗျာ။ ရှောင်လီက ရှောင်ယန်ရဲ့ ငယ်သူငယ်ချင်းလေ။ သူတို့က အတူတူ ကစားနေကျပါ။ သူတို့ ဆူညံနေရင် တိုးတိုးကစားခိုင်းလိုက်ပါ့မယ်။"
ဖန်ထောင်တို့အဖွဲ့၏ အံ့သြနေသော မျက်နှာများကို ကြည့်ရင်း သမားတော်ကြီးချန်က စာအုပ်ထဲမှ ခေါင်းမော့ကာ ပြောလိုက်သည်။
"ရ... ရပါတယ်ဗျာ။"
ဖန်ထောင်က သိချင်စိတ်ကို မထိန်းနိုင်ဘဲ အမြန်ပြန်ဖြေလိုက်သည်။
"သမားတော်ကြီးချန်... ဒီသားရဲလေးက တကယ်ပဲ စစ်တုရင် ထိုးတတ်တာလား။"
"ဟုတ်ပါတယ်... သူ့နာမည်က ရှောင်လီပါ။ သူ့ရဲ့ ဉာဏ်ရည်က တော်တော်မြင့်တော့ လူတွေရဲ့ အပြုအမူတချို့ကို အကဲခတ်ရင်း သင်ယူထားတာလေ။"
သမားတော်ကြီးချန်က ရှင်းပြလိုက်သည်။
ဖန်ထောင်နှင့် သူ့လူများက အံ့သြသွားကြသည်။ သားရဲတစ်ကောင်က ဤမျှ ဉာဏ်ရည်မြင့်မားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။ ကျော်ကြားသော တောင်တန်းများပေါ်ရှိ မျောက်ဝိညာဉ်သားရဲများသည် လူများနှင့် ဆက်သွယ်နိုင်သည်ဟု ဒဏ္ဍာရီများ ရှိသော်လည်း ဤအမဲရောင်သားရဲသည်လည်း ၎င်းတို့ထက် မလျော့နည်းကြောင်း ထင်ရှားနေသည်။
သိချင်စိတ်ဖြင့် သူတို့သည် ရှောင်ယန်နှင့် ရှောင်လီ ကစားနေသည်ကို ဝိုင်းကြည့်ကြလေသည်။ ခဏအကြာတွင် သူတို့ ထပ်မံ အံ့သြသွားကြပြန်၏။
"ရှောင်ယန်... သမီး ဘာစစ်တုရင် ကစားနေတာလဲ။ ကျားတွေရော ကြွက်တွေရော ပါပါလား။"
"ဒါက သားရဲစစ်တုရင်လေ... သိပ်ပျော်ဖို့ကောင်းတာ။"
ရှောင်ယန်က ရွှင်လန်းစွာ ပြောလိုက်ပြီး ရှောင်လီ၏ အရုပ်တစ်ရုပ်ကို လျင်မြန်စွာ စားလိုက်သည်။
အမဲရောင်သားရဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိုအကွက်ကို မျှော်လင့်မထားခဲ့ပုံရသည်။
"သားရဲစစ်တုရင်လား"
ဖန်ထောင်နှင့် သူ့လူများမှာ တစ်ခါမှ မကြားဖူးသော ကစားနည်းဖြစ်သဖြင့် ပို၍ နားမလည်နိုင် ဖြစ်သွားကြသည်။
"ကျုပ်ရဲ့ တပည့်လေး ပျင်းနေတုန်း ထွင်ထားတဲ့ ကစားနည်းတစ်ခုပါ။ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်။ ရှောင်ယန်နဲ့ သူ့အဖော်တွေ ကစားဖို့ သက်သက်ပါပဲ။ ဆန်းပြားတဲ့အရာ မဟုတ်လို့ မရယ်ကြပါနဲ့ဗျာ။"
သမားတော်ကြီးချန်က တခစ်ခစ် ရယ်မောလိုက်သည်။
"သြော်... အဲဒီလိုကိုး။"
ဖန်ထောင် ခေါင်းညိတ်လိုက်သည်။ သားရဲစစ်တုရင်၏ စည်းမျဉ်းများမှာ တကယ်ပင် ရိုးရှင်းပြီး အကောင်ကြီးက အကောင်ငယ်ကို စားသည့် ပုံစံမျိုးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အထူးတလည် သင်ယူစရာမလိုသဖြင့် ရှောင်လီကဲ့သို့ သားရဲတစ်ကောင်ပင် ကစားနိုင်ခြင်း ဖြစ်လေသည်။
ကစားပွဲမှာ သူတို့ ထင်ထားသလောက် မရှုပ်ထွေးကြောင်း သိလိုက်ရသဖြင့် ဖန်ထောင် စိတ်သက်သာရာရစွာ ပြုံး၍ ခေါင်းခါလိုက်မိသည်။ ရှောင်လီသည် နက်နဲသော နည်းဗျူဟာများပါသည့် စစ်တုရင်မျိုးကို ကစားတတ်သည်ဟု တွေးမိပြီး သူ ခေတ္တမျှ ကြောက်လန့်သွားခဲ့မိပါ၏။ ထိုသို့သာဆိုလျှင် တော်တော်လေးကို တုန်လှုပ်စရာ ကောင်းပေလိမ့်မည်။
ရိုးရှင်းသော်ငြားလည်းပဲ တာ့ရှားနှင့် လူငယ်ပိုင်းများသည် ကစားပွဲကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။ သူတို့၏ အချိန်အများစုကို သိုင်းကျင့်စဉ်များ လေ့ကျင့်ရာတွင်သာ ကုန်ဆုံးစေသဖြင့် ဤကဲ့သို့သော ဖျော်ဖြေရေးပုံစံသစ်ကို အလွန် စိတ်ဝင်စားနေကြလေသည်။
လုချင်းနှင့် အခြားသူများက ဘုရားကျောင်းထဲတွင် မိုးတိတ်မည့်အချိန်ကို အေးအေးလူလူ စောင့်ဆိုင်းနေကြစဉ် မိုင်ပေါင်းရာချီဝေးသော နေရာရှိ မှောင်မိုက်သော ဂူတစ်ခုထဲတွင်မူ စုတ်ပြတ်သတ်နေသော လူတစ်ယောက်သည် ပြန့်ကျဲနေသော ကျောက်တုံးများကို စိုက်ကြည့်ရင်း ဒေါသစိတ်များ ပိုပြီး ပြင်းထန်လာနေလေ၏။