← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ဒီတစ်ခါတော့ ကျိုးထောင်ဟွားလည်း စဥ့်အိုးပေါ်သို့ ကိုယ်ကိုကိုင်း၍အတွင်းမှ ပြောင်းလဲမှုများကို စောင့်ကြည့်နေလေသည်။ ဖားလောင်းနတ်ဆိုးတစ်ကောင်သည် အမြန်ဆုံးပြောင်းလဲသွားသည်ကို သူမတွေ့လိုက်ရ၏။ ၎င်း၏အမြီးသည် တဖြည်းဖြည်းတိုတောင်းလာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။ ဒူးရင်းသီးနတ်ဆိုး အံ့သြတကြီး အော်ဟစ်လိုက်၏။

"ဒါက ဖားပေါက်စနတ်ဆိုးလား"

"အမေ... အမေ..."

ထို့အပြင် ဖားလောင်းတစ်ကောင်တည်း ဖားပေါက်စနတ်ဆိုးအဖြစ် ပြောင်းလဲသွားခြင်းမဟုတ်ပေ။ မကြာမီမှာပင် ဖားပေါက်စနတ်ဆိုးတစ်ကောင်ပြီးတစ်ကောင် စဥ့်အိုးထဲမှခုန်ထွက်လာကြသည်။ သူတို့သည် စဥ့်အိုးကိုဝိုင်းရံထားကြပြီး ကျိုးထောင်ဟွားကို "အမေ... အမေ..." ဟုခေါ်ဆိုနေကြ၏။ ကျိုးထောင်ဟွားသည် ဖားပေါက်စနတ်ဆိုးတစ်ကောင်ထံသို့ လက်ကမ်းပေးလိုက်ရာ လိမ္မာပါးနပ်သော ဖားပေါက်စနတ်ဆိုးလေးသည် သူမလက်ဖဝါးပေါ်သို့ခုန်တက်လာလေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးပြီး သူမလက်ဖဝါးပေါ်သို့ ကျရောက်လာချိန်တွင် ယားကျိကျိနှင့် အေးစိမ့်စိမ့် ခံစားချက်လေးကို ရရှိစေ၏။

နှစ်တစ်ရာကျော် ကျင့်ကြံခြင်းစွမ်းအား ပါဝင်သော အမြုတေသုံးလုံးသည် ဖားလောင်းနတ်ဆိုး ၄၂ကောင်စလုံးကို ဖားပေါက်စနတ်ဆိုးများအဖြစ်ပြောင်းလဲပေးနိုင်ခဲ့သည်။ ဤရလဒ်အတွက် ကျိုးထောင်ဟွားအတော်လေးကျေနပ်နေမိ၏။ ဖားပေါက်စနတ်ဆိုးလေးများကိုကြည့်ရင်း ကျိုးထောင်ဟွားရုတ်တရက် အကြံတစ်ခုရလာသည်။ သူမသည် ဖားပေါက်စနတ်ဆိုးလေးကောင်ကို ယူဆောင်ပြီး ရွာလူကြီးကိုရှာရန် ပန်းထိုးအလုပ်ရုံသို့သွားလိုက်၏။ သူမပခုံးပေါ်ရှိ ချစ်စရာကောင်းသော ဖားပေါက်စလေးများကို လူတိုင်းသဘောကျနေကြသည်။ သူတို့လေးများသည် သေးငယ်သိမ်မွေ့ပြီး စိမ်းဝါရောင်ရှိသော သူတို့အရေပြားများသည် မှိန်ဖျဖျအလင်းရောင်များဖြင့် တောက်ပနေကြရာ တကယ့်ကိုလှပလွန်းလှ၏။

"ထောင်ဟွား ညည်းပခုံးပေါ်က ဖားလေးတွေကို ဘယ်ကဝယ်လာတာလဲ၊ အဘွား မြေးလေးအတွက် တစ်ကောင်လောက် ဝယ်ချင်လို့"

အဘွားချူ မေးလိုက်သည်။ ကျိုးရှန့်အန်းသည် ဖားလေးများ၏မျက်လုံးများ လှုပ်ရှားနေသည်ကို သတိထားမိပြီးပြောလိုက်သည်။

"အရုပ်တွေမှ မဟုတ်တာ"

ကျိုးလျန်ဟွားသည်လည်း တစ်ခုခု ထူးခြားနေကြောင်းခံစားမိသဖြင့် အနားသို့ တိုးကပ်လာပြီးအံ့ဩတကြီးပြောလာ၏။

"ဟယ် အသက်ရှင်နေတာတွေပဲ"

သူမပခုံးပေါ်ရှိ ဖားပေါက်စနတ်ဆိုးလေးများကို လူတိုင်းစူးစမ်းလိုစိတ်ဖြစ်နေကြသည်ကို တွေ့လိုက်ရသဖြင့် ကျိုးထောင်ဟွားက ရှင်းပြလိုက်သည်။

"သူတို့က သာမန်ဖားလေးတွေမဟုတ်ပါဘူး၊ တကယ်တော့ ဖားပေါက်စနတ်ဆိုးလေးတွေပါ"

ထိုစကားကို ကြားသောအခါ လူတိုင်းအံ့သြသွားကြသည်။ နတ်ဆိုးတွေ ဟုတ်လား။ ကျိုးရှန့်အန်း အားကျစွာဖြင့်ပြောလာ၏။

"ထောင်ဟွား မင်းက နောက်ထပ်ဖားပေါက်စနတ်ဆိုးလေးကောင်ကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလား တကယ်တော်တာပဲ"

ထောင်ဟွားရဲ့တာအိုအစွမ်းတွေကတော့ တစ်ကယ်ကိုယှဉ်နိုင်စွမ်းမရှိပါဘူးလေ။

"အစ်ကိုရှန့်အန်း သူတို့ကလေးကောင်တည်းမဟုတ်ဘူး၊ ညီမတို့အိမ်မှာ ၃၈ကောင် ကျန်သေးတယ်"

ကျိုးထောင်ဟွားသည် ရွာလူကြီးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"အဘိုးရွာလူကြီး ဒီဖားပေါက်စနတ်ဆိုး လေးကောင်ကို ကျွန်မတို့ရွာရဲ့ ကာကွယ်ရေးအဖွဲ့မှာ ထားချင်လို့ပါ၊ အဲ့ဒါမှ သူတို့ကရွာကို အတူတူကာကွယ်ပေးနိုင်မှာ၊ အရပ်လေးမျက်နှာကို တစ်ကောင်စီပေါ့၊ ဖားပေါက်စနတ်ဆိုးလေးတွေရှိနေရင် နတ်ဆိုးဝိညာဉ်တွေပဲဖြစ်ဖြစ် တခြားအန္တရာယ်တွေပဲဖြစ်ဖြစ်ကြုံလာရရင် ပိုလုံခြုံသွားတာပေါ့"

"ကောင်းပြီလေ ဒီဖားပေါက်စနတ်ဆိုး လေးကောင်ကို အဘိုးအခုပဲသွားပို့ပေးလိုက်မယ်"

ရွာလူကြီးသည် ကျိုးထောင်ဟွားကို အပြည့်အဝယုံကြည်သဖြင့် သူမစကားကို သံသယမရှိဘဲလက်ခံလိုက်သည်။ သို့သော် ပန်းထိုးအလုပ်ရုံရှိ အချို့လူများသည် ကျိုးထောင်ဟွားပခုံးပေါ်မှ ဖားပေါက်စနတ်ဆိုးလေးကောင်ကိုကြည့်ပြီး သံသယဝင်လာကြ၏။ ကျိုးရှန့်ကျူးမှ စိုးရိမ်တကြီးပြောလိုက်သည်။

"ဒီဖားပေါက်စနတ်ဆိုးလေးတွေက သေးသေးလေးတွေလေ၊ တကယ်ရော တစ်ခုခု လုပ်နိုင်ပါ့မလား၊ အရင်ကတွေ့ခဲ့ရတဲ့ ဖားပြုတ်နတ်ဆိုးတွေဆို အရမ်းကြီးပြီးဖျက်ဆီးအားလဲအရမ်းကောင်းတာ၊ ပြီးတော့ ကိုယ်လုံးမှာလည်း အဆိပ်ရှိတဲ့ အကျိအချွဲတွေဖုံးနေတာလေ၊ ငါတို့ရဲ့ရေကာတာကို မျက်စိတစ်မှိတ်အတွင်း သူတို့ဖျက်ဆီးပစ်ခဲ့လို့ ငါတို့အဖွဲ့တောင်လဝက်လောက် အချိန်ယူပြီးပြန်ပြင်ခဲ့ရတာမလား"

သူသည် ဖားပြုတ်နတ်ဆိုး တောနက်ထဲသို့ထွက်ပြေးသွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသလို ကျိုးထောင်ဟွားမှ ဖားပြုတ်နတ်ဆိုးနှစ်ကောင်ကို တိုက်ခိုက်ခဲ့သည်ကိုလည်းမြင်ခဲ့ရသည်။ ထိုဖားပြုတ်နတ်ဆိုးများမှာ ရုပ်ဆိုးပြီးကိုယ်လုံးကြီးများရှိကာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ဒီဖားပေါက်စနတ်ဆိုးလေးကောင်လို သိမ်မွေ့လှပပြီး အန္တရာယ်မရှိတဲ့ပုံမပေါက်ဘူး။ ဖန်းချွမ်လည်း ထောက်ခံပြောဆိုလိုက်သည်။

"ငါလဲအတွေးတူတယ်၊ ဒီဖားပေါက်စနတ်ဆိုးလေးတွေက သိပ်အစွမ်းရှိမယ့်ပုံ မပေါ်ပါဘူး"

လူတိုင်း ထိုအကြောင်းကိုတွေးတောနေစဉ် ရှန်းမင်အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

"လှပပြီး သေးငယ်နေတာက အားနည်းချက် မဟုတ်ဘူး၊ အရည်အချင်းမရှိဘူးလို့လည်း မဆိုလိုဘူးလေ"

ထိုစကားကိုကြားသောအခါ အဘိုးရှန့်ဖျင်သည် ကျိုးရှန့်ကျူးနှင့်ဖန်းချွမ်တို့ထံ ချက်ချင်းမျက်စောင်းထိုးလိုက်ပြီး ဆူပူလိုက်သည်။

"မင်းတို့က ကိုယ်လုံးကြီးကြီးရုပ်ဆိုးဆိုးနဲ့ရွံစရာကောင်းမှ အသုံးကျတယ်လို့ထင်နေတာလား၊ ထောင်ဟွားအိမ်က ဒူးရင်းသီးနတ်ဆိုးကို အသုံးမကျဘူးလို့ ဘယ်သူပြောရဲလဲ"

ကျိုးရှင်းဟွာချက်ချင်း ဝင်ပြောလိုက်သည်။

"ဒူးရင်းသီးနတ်ဆိုးက အရမ်း အစွမ်းထက်တာနော်၊ သူက အသက်ခြောက်နှစ်အရွယ် ကလေးပုံစံပေါက်နေလို့ အထင်မသေးလိုက်နဲ့၊ ပြီးခဲ့တဲ့တစ်ခေါက် စေ့စပ်တာဖျက်သိမ်းဖို့ လန်မိသားစုဆီသွားတုန်းကဆို သူတို့အစေခံတွေက ငါတို့ကိုဖမ်းချုပ်ထားဖို့ ကြိုးစားကြတာ၊ လူဒါဇင်နဲ့ချီပြီး ငါတို့ကိုဖမ်းဖို့ ကြိုးစားကြပေမယ့် ဒူးရင်းသီးနတ်ဆိုးက အနံ့ဆိုးတွေ ထုတ်လွှတ်လိုက်တာနဲ့ အစေခံတွေ ငါတို့ကိုမဖမ်းနိုင်တော့ဘူးလေ၊ ညီမထောင်ဟွားမွေးထားတဲ့ နတ်ဆိုးတိုင်းမှာ သူတို့ကိုယ်ပိုင်အထူးစွမ်းရည်တွေရှိမယ်လို့ ငါယုံကြည်တယ်"

မျိုးနွယ်စုခေါင်းဆောင်လည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြလာသည်။

"ရွာကိုကာကွယ်ဖို့ နတ်ဆိုးတွေရှိနေတာက လုံးဝမရှိတာထက်တော့ သေချာပေါက်ပိုကောင်းတာပေါ့"

ရွာလူကြီးနှင့် ကျိုးထောင်ဟွားတို့ ရွာလုံခြုံရေးအဖွဲ့ရှိရာသို့ ရောက်ရှိလာပြီး ရွာသားများထံ ဖားပေါက်စနတ်ဆိုးများ ပေးအပ်သောအခါ အချို့ကယခင်မေးခွန်းမျိုးကိုပင် မေးမြန်းကြသည်။

ဖန်းရှန်းသည် ကျိုးထောင်ဟွားမှ ကြက်ဥအရွယ်ခန့်ရှိသော ဖားပေါက်စနတ်ဆိုးလေးကို သူ့ပခုံးပေါ် တင်ပေးလိုက်သည်အားကြည့်ပြီး အထင်သေးသောလေသံဖြင့်မေးလိုက်၏။

"ညီမထောင်ဟွား သူကဘာလုပ်နိုင်လို့လဲ"

ရွာလူကြီးမှာ သူ့ခေါင်းကိုဖြတ်ရိုက်လိုက်သည်။

"စကားမများနဲ့၊ မင်းတို့နှစ်ယောက်တည်း ဒီမှာရပ်နေတာထက်တော့ သေချာပေါက် ပိုကောင်းတာပေါ့"

ဖန်းရှန်းသည် ရွာလူကြီး၏ ဆူပူမှုကိုခံလိုက်ရသော်လည်း မကျေနပ်သေးပေ။

ကျိုးထောင်ဟွား သူ့အတွေးများကိုရိပ်မိသဖြင့် ရှင်းပြလိုက်သည်။

"ဖားပေါက်စနတ်ဆိုးလေးမှာ မြင်ကွင်းကျယ်ရှိတယ်လေ၊ သူကခေါင်းမလှည့်ဘဲနဲ့ သူ့ဘေးဘက်နဲ့ အနောက်ဘက် ဧရိယာအများစုကိုမြင်နိုင်တယ်၊ ပြီးတော့ သူ့အမြင်အာရုံက အရမ်းဝေးဝေးထိကိုမြင်နိုင်တာ"

ကျိုးထောင်ဟွားစကားပြောနေစဉ် ဖားပေါက်စနတ်ဆိုးလေးသည် ဖန်းရှန်းခေါင်းပေါ်သို့ ခုန်တက်သွားလေသည်။ အရင်က သူ့အမေဖြစ်သူနှင့်အတူရှိနေ၍သာ အမေ့ပခုံးပေါ်ထိုင်နေခဲ့ခြင်းပင်။ ဖန်းရှန်းကိုတော့ ပေါ့ပေါ့ဆဆသာသဘောထားလိုက်သည်။ ရုတ်တရက် ဖားပေါက်စနတ်ဆိုးလေး၏မျက်လုံးများ လှုပ်ရှားသွားပြီးပြောလာ၏။

"အမေ ကောင်မလေးတစ်ယောက်လာနေတယ်"

ဖန်းရှန်းနှင့် ကျိုးရှန့်ဟူတို့မှာ အစပိုင်းတွင် ထိတ်လန့်သွားကြသည်။ ဒီဖားပေါက်စနတ်ဆိုးလေးက စကားပြောတတ်တယ်ပေါ့။ ချက်ချင်းပင် သူတို့နှစ်ဦးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ကြသည်။ သူတို့ရပ်နေသည့်နေရာသည်လူစိမ်းများ ရွာထဲသို့ဝင်ရောက်လာနိုင်သော ရွာလမ်းမရှေ့တွင်ဖြစ်ပြီး တောင်ပေါ်တွင် ဖြစ်ပျက်နေသည်များကိုလည်း မြင်တွေ့နိုင်သည်။ သို့သော် သူတို့ဘယ်အရပ်မျက်နှာကိုကြည့်ကြည့် ကောင်မလေးတစ်ယောက်ကို မဆိုထားနှင့် လူတစ်ယောက်ကိုမှမတွေ့ရပေ။ ရွာလူကြီးလည်း ထို့နည်းတူပင်။ သို့သော် ဖားပေါက်စလေးပြောသော အရပ်မျက်နှာမှာ ရွာထဲသို့ဝင်ရောက်လာသော လမ်းဘက်ပင်ဖြစ်သည်။

တစ်ကယ်ကြီး ကောင်မလေးတစ်ယောက်က ဒီလမ်းကနေ ရွာထဲကိုဝင်လာနေတာများလား။ သူတို့မမြင်ရပေမယ့် ဖားလေးကမြင်နေရတာဖြစ်နိုင်တယ်။ ထိုအချိန်တွင် ဖန်းရှန်း ရုတ်တရက်စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ်လိုက်သည်။

"ကြည့်လိုက်ကြစမ်း တစ်ကယ်ပဲ ကောင်မလေးတစ်ယောက် လာနေတယ်ကွ၊ ကျိုးဖုန်းရဲ့ခယ်မ ကျန်းကျိုးအာနဲ့ တူတယ်"

"ဘုရားရေ တစ်ကယ့်ကိုအံ့ဩစရာပဲ၊ ဒီလောက်အဝေးကြီးကနေ ကျန်းကျိုးအာ ဒီလမ်းပေါ်မပေါ်လာခင်ကတည်းက သူကသိနေပြီပဲ"

ယခုအချိန်တွင်တော့ ဖားပေါက်စနတ်ဆိုးလေး၏အဝေးထိမြင်နိုင်စွမ်းကို ဖန်းရှန်း အပြည့်အဝယုံကြည်သွားလေပြီ။ ဖားပေါက်စလေးက သူတို့နဲ့အတူ ရွာကိုကာကွယ်ပေးမည်ဆိုလျှင် ရွာထဲသို့တစ်ယောက်ယောက်ခိုးဝင်လာမည်အား စိုးရိမ်စရာမလိုတော့ပေ။ သူတို့မမြင်နိုင်လျှင်တောင် ဘယ်သူမှသူတို့အကဲခတ်မှုကိုလွတ်မြောက်နိုင်မည်မဟုတ်တော့ပြီ။ ဖန်းရှန်းပြောနေစဉ်မှာပင် ကျန်းကျိုးအာ သည် သူတို့အနီးသို့ရောက်ရှိလာလေပြီပင်။ သူမ၏အစ်မဖြစ်သူ ကျန်းချွေ့အာသည် ကျိုးကျားရွာသို့အိမ်ထောင်ကျသည်မှာ သုံးလရှိပြီဖြစ်ပြီး အကြိမ်များစွာလာရောက်လည်ပတ်ဖူးသဖြင့် ရွာလူကြီးနှင့် အထူးသဖြင့် ကျိုးထောင်ဟွားကို သူမသိရှိနေပြီဖြစ်သည်။ ကျိုးထောင်ဟွားသည် ရှန်းမင်၏စေ့စပ်ထားသူဖြစ်ကြောင်းလည်း သူမသိ၏။ သူမအစ်မ,မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပင် သူတို့နှစ်ဦးစေ့စပ်ခဲ့ကြသည်လေ။ ဒါကြောင့် ရှန်းမင်က သူမဘက်လှည့်မကြည့်ခဲ့တာပေါ့။

"အဘိုးရွာလူကြီး"

ကျန်းကျိုးအာသည် ရွာလူကြီးကို နှုတ်ဆက်ပြီးနောက် အမြန်ထွက်ခွာသွားလေသည်။ ကျိုးရှန့်ဟူသည် သူမ၏သွယ်လျသောကိုယ်လုံးလေးကို ငေးကြည့်နေမိ၏။ သူမ၏အနည်းငယ်ဟောင်းနွမ်းနေသော အပြာရောင်အဝတ်အစားလေးသည် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် သူမ၏ခါးကျဥ်းကျဥ်းလေးနှင့် ပြည့်ဖြိုးသောတင်ပါးများကို ပိုမိုပေါ်လွင်စေသည်။

"အဲ့ဒါ ဘယ်သူလဲ"

ကျိုးရှန့်ဟူ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။

All Chapters