← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

"ကျိုးဖုန်းရဲ့ ခယ်မကျန်းကျိုးအာလေ"

ရွာလူကြီး ရှင်းပြလိုက်သည်။ ဖန်းချွမ် အံ့အားသင့်သွားပြီး ကျိုးထောင်ဟွားကို ကြည့်လိုက်၏။

"ဒါဆိုသူက ညီမထောင်ဟွားနဲ့ ဆွေမျိုးတော်တယ်‌ပေါ့၊ ထောင်ဟွားက ကျိုးဖုန်းရဲ့ဝမ်းကွဲညီမလေ"

ကျိုးထောင်ဟွား : ......

ကျန်းကျိုးအာ၏မျက်လုံးများမှာ သူမကိုရှင်းရှင်းလင်းလင်း မှတ်မိနေသော်လည်း တမင်သက်သက်မသိချင်ယောင်ဆောင်နေခြင်းဖြစ်သည်။ သူမ ရှန်းမင်နှင့်စေ့စပ်ထားခြင်းကြောင့် ကျန်းကျိုးအာကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ခြင့်ဖြစ်နိုင်၏။ ယခုဆိုလျှင် သူမ၏ဝမ်းကွဲယောင်းမ ကျန်းချွေ့အာမှာ သူမ၏ပန်းထိုးအလုပ်ရုံ၌ ပန်းထိုးနေပြီး ရှန်းမင်လည်းထိုနေရာ၌ရှိနေသည်။ ဤသည်ကိုတွေးမိပြီး ကျိုးထောင်ဟွား ပန်းထိုးအလုပ်ရုံဆီသို့အမြန်ပြေးသွားလိုက်၏။ သူမမှာ မင်္ဂလာဆောင်တော့မည့်သူဖြစ်၍ တခြားမိန်းမကိုရှန်းမင်အပေါ် လက်ပါခွင့်ပြုမည် မဟုတ်ပေ။ အလုပ်ရုံထဲ ဝင်ဝင်ချင်းမှာပင် ကျန်းကျိုးအာမှ ရှန်းမင်ကိုစူးစိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။

ရှန်းမင် ပန်းထိုးသင်နေသည်မှာ လဝက်ကျော်လေးသာရှိသေးသဖြင့် သူ့ကျွမ်းကျင်မှုမှာ ဟန်မကျသေးပေ။ သူ၏အချိုးမကျသော အပ်ချုပ်လက်ရာကိုမြင်သောအခါ ကျန်းကျိုးအာတစ်ယောက်မနေနိုင်ဘဲ ရှေ့တိုးကာအကြံပေးချင်လာသည်။

"အစ်ကိုရှန်းမင် ချုပ်ရိုးတွေကကျဲလွန်းတယ်၊ ဒီလိုလေးဖြစ်ရမှာ"

ကျန်းကျိုးအာပြောရင်း ရှန်းမင်လက်ထဲမှ အပ်နှင့်အပ်ချည်ကို လှမ်းယူရန်ပြင်လိုက်သည်။ ကျိုးထောင်ဟွား၏ မျက်လုံးများ ချက်ချင်းအေးစက်သွားပြီး ရေခဲလွှာပါးပါးလေးဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားကာ သူမပါးပြင်လေးများလည်း အနည်းငယ်ဖောင်းတက်လာ၏။ သူမရောက်လာသည်ကို အခြားလူအားလုံး လှမ်းကြည့်လိုက်ကြသည်။ ကျန်းချွေ့အာသည် ညီမဖြစ်သူကျန်းကျိုးအာအား သတိပေးရန်လုပ်လိုက်၏။ ကျန်းကျိုးအာမှ ရှန်းမင်လက်ထဲရှိအပ်နှင့်အပ်ချည်ကို ယူတော့မည့်ဆဲဆဲတွင် ရှန်းမင်သည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး တယ်လီပို့စ်သုံးလိုက်သကဲ့သို့ သူမမျက်စိရှေ့မှ အစအနဖျောက်သွားလေသည်။ ရှန်းမင် လေသံမာမာဖြင့်ပြောလိုက်၏။

"ငါက ငါ့မိန်းမရဲ့လူပဲ၊ ငါ့အနားကနေဝေးဝေးနေ"

ကျန်းကျိုးအာ၏ဆန့်တန်းထားသောလက်သည် လေထဲတွင်တောင့်ခဲသွားသည်။ ရှန်းမင်၏စကားနှင့် သူမကိုရှောင်ဖယ်သွားမှုအပြင် လူတိုင်းအကြည့်များ သူမအပေါ်ကျရောက်နေသည်ကိုမြင်သောအခါ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံးနီမြန်းသွားလေ၏။ ဒီလောက်များတဲ့လူတွေရှေ့မှာ သူမဘယ်တုန်းကမှအရှက်မကွဲခဲ့ဖူးပေ။ ကျန်းချွေ့အာ အမြန်ဆူပူလိုက်သည်။

"ကျိုးအာ ဘာလို့ပြေးသွားတာလဲ၊ အခုချက်ချင်းပြန်လာခဲ့"

ရှန်းမင်နှင့် ထောင်ဟွားတို့ စေ့စပ်ထားပြီးဖြစ်ကြောင်း လူတိုင်း သိကြသည်။ စေ့စပ်ပြီးသား ယောက်ျားတစ်ယောက်နှင့် ရင်းနှီးစွာနေလိုသော ကျိုးအာ၏လုပ်ရပ်သည် သူမဂုဏ်သိက္ခာကိုပါထိခိုက်စေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမကအသက် ၁၅နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မကျသေးသူဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကျန်းချွေ့အာတစ်ခုကိုတော့ သေချာသွား၏။ သူမညီမသည် ရှန်းမင်ကို တကယ်ချစ်မိနေခြင်းဖြစ်သည်။ အစ်မဖြစ်သူအသံကိုကြားသောအခါ ကျန်းကျိုးအာသည် ခေါင်းအမြန်ငုံ့ထားပြီး သူမအနားသို့ပြန်လျှောက်သွားသည်။အစ်မဖြစ်သူဆွဲခေါ်လာသဖြင့် ပန်းထိုးအလုပ်ရုံထဲမှ ထွက်ခွာလာပြီးနောက်မှသာ မျက်နှာပေါ်ရှိပူလောင်နေသော ခံစားချက်လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။

ရှန်းမင်သည် ကျန်းကျိုးအာကိုရှောင်လွှဲပြီးနောက် ကျိုးထောင်ဟွား၏ဒေါသထွက်နေသောမျက်နှာကိုမြင်လိုက်ရသည်။ အတော်လေးသူသဘောတွေ့သွားရ၏။ ညီမထောင်ဟွား သဝန်တိုနေတာပဲ။

ထောင်ဟွားသဝန်တိုနေတဲ့ မျက်နှာလေးကအရမ်းချစ်ဖို့ကောင်းနေရော။ ကျန်းကျိုးအာကို သူလျင်မြန်စွာရှောင်ဖယ်သွားသည်ကိုမြင်လိုက်ရပြီးနောက် ကျိုးထောင်ဟွား၏မျက်နှာထားမှာဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားလေသည်။ ကျန်းချွေ့အာသည် ကျန်းကျိုးအာကို ကျိုးအိမ်ဟောင်းသို့ခေါ်သွားပြီးနောက် အပြင်းအထန်ဆူပူကြိမ်းမောင်းလေတော့၏။ ကျန်းချွေ့အာ တံခါးကိုဆောင့်ပိတ်လိုက်ပြီး ဒေါသတကြီးတိုးတိုးလေးပြောလိုက်သည်။

"နင်ရူးနေလား ကျိုးအာ ရှန်းမင်ကို နင်ဘယ်လောက်ပဲ သဘောကျကျ နင့်စိတ်ထဲက အဲဒီအတွေးကိုဖျောက်ဖျက်လိုက်စမ်းပါ၊ သူနင့်ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နင်ကလဲသူ့ကို သဘောကျခွင့်မရှိဘူး၊ သူ့အတွက်နဲ့ နင့်ဂုဏ်သိက္ခာနဲ့ အနာဂတ်ကိုဖျက်ဆီးမခံနဲ့၊ ငါ့ယောင်းမလျန်ဟွားကိုသာကြည့် သူ့ဂုဏ်သိက္ခာ လုံးဝပျက်စီးသွားပြီဆိုတော့ အခုအောင်သွယ်တွေတောင် ဘယ်သူ့ကိုမှမမိတ်ဆက်ပေးရဲတော့ဘူး၊ ကျိုးအိမ်ဟောင်းက လူတွေအားလုံးလဲ သူ့အိမ်ထောင်ရေးကို လက်လျှော့လိုက်ကြပြီ၊ တစ်သက်လုံး အိမ်မှာပဲထားဖို့ပြင်ဆင်နေကြတာ၊ နင်ရော သူလိုမျိုး အိမ်ထောင်မပြုရဘဲ တစ်သက်လုံးအိမ်မှာ အပျိုကြီးလုပ်ပြီးနေချင်လို့လား"

ကျန်းချွေ့အာသည် ပုံမှန်အားဖြင့်နူးညံ့သိမ်မွေ့သူဖြစ်သော်လည်း ယနေ့တွင်မူ ကျန်းကျိုးအာကို လေသံမာမာဖြင့်ဆူပူကြိမ်းမောင်းနေလေ၏။ သူမစကားများကိုကြားသောအခါ ကျန်းကျိုးအာမျက်နှာပေါ်တွင် မျက်ရည်များစီးကျလာပြီး မြေကြီးထဲသာ ခေါင်းဝှက်ထားချင်စိတ် ပေါက်သွားလေသည်။ အချိန်အတော်ကြာပြီးနောက် ကျန်းချွေ့အာ၏ဆူပူမှု ပြီးဆုံးသွားလေ၏။ သူမမေးလိုက်သည်။

"ငါအခုပြောတာတွေနားလည်လား"

ကျန်းကျိုးအာ ငိုယိုရင်းငိုသံဖြင့်ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ငါသူ့ကိုသဘောကျတယ်လေ၊ သူ့ကိုမြင်ရင် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘူး"

ကျန်းချွေ့အာ သူမကိုကယ်မရတော့ဟု ခံစားလိုက်ရသည်။

"ဒီနေ့ကစပြီး ကျိုးကျားရွာကိုထပ်မလာနဲ့တော့၊ နင့်ကိုမြန်မြန်အိမ်ထောင်ချပေးဖို့ အဖေနဲ့အမေ့ကို ငါပြောလိုက်မယ်၊ ကဲ တိတ်တော့ မျက်ရည်တွေကိုသုတ်လိုက်၊ ဒီနေ့နင့်ကို ညစာစားဖို့ဒီမှာပေးမနေတော့ဘူး၊ အခုချက်ချင်းပြန်တော့"

ကျန်းချွေ့အာ အလွန်ဒေါသထွက်နေသည်။ ယခင်က အစ်မအကြီးဆုံးတစ်ယောက်အနေဖြင့်ရှိခဲ့သော နူးညံ့မှုမျိုး လုံးဝမရှိတော့သလို ကျိုးအိမ်ဟောင်းတွင် မြေးအကြီးဆုံး၏ဇနီးအနေဖြင့်ရှိခဲ့သော သဘောထားကြီးမှုမျိုးလည်းမရှိတော့ပေ။ ကျိုးလဲ့မှလွဲ၍ကျိုးအိမ်ဟောင်းမှလူတိုင်းသည် ပန်းထိုးအလုပ်ရုံတွင်ရှိနေကြသည်။ ကျန်းကျိုးအာယနေ့လုပ်ခဲ့သော မိုက်မဲသည့်လုပ်ရပ်ကို ကျိုးအိမ်ဟောင်းမှ လူတိုင်းမြင်တွေ့ခဲ့ကြသလို ရွာသားအများစုလည်းမြင်ခဲ့ကြ၏။ သူမသည် ယောက္ခမမိသားစုရှေ့တွင်သာမက ရွာတစ်ရွာလုံးရှေ့တွင်ပါ အရှက်ကွဲခဲ့ရသည်။ ကျန်းကျိုးအာသည် သူမ၏အစ်မဖြစ်သူမှ ရက်အနည်းငယ်နေခိုင်းဖို့မပြောနှင့်၊ ညစာစားဖို့ပင်မခေါ်ဘဲ သူမကိုအိမ်ပေါ်မှနှင်ချနေသည်အား တတွေ့လိုက်ရရာ ရှက်ရွံ့မှုနှင့်ဒေါသတို့ဖြင့် အပြင်သို့ ပြေးထွက်သွားပြီး မျက်ရည်များသည်ဆည်ကျိုးပေါက်သကဲ့သို့ ထိန်းမနိုင်သိမ်းမရစီးကျလာလေသည်။ ခါးခါးသီးသီးငိုကြွေးနေသဖြင့် သူမသည် ခြေဖဝါးအောက်ရှိ လမ်းကိုလုံးဝဂရုမစိုက်မိပေ။

နောက်ဆုံးသတိထားမိလိုက်ချိန်၌ သူမသည် ကျိုးကျားရွာ၏ရွာလမ်းမအတိုင်းမသွားမိဘဲ တောင်ကုန်းတစ်ခုပေါ်သို့တက်လာမိနေသည်ကိုသိလိုက်ရ၏။ ရှေ့သို့နည်းနည်းထပ်လျှောက်သွားလျှင် ညီညာပြန့်ပြူးသော ရွာလမ်းမဆီပြန်ရောက်သွားမလိုမျိုး ပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်သည်။

*ရှပ် ရှပ်*

သူမ ဆက်လျှောက်ရန်ပြင်လိုက်စဉ် နောက်ဘက်မှ တိုးညင်းသောလှုပ်ရှားသံ တစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

မှောင်လာပြီဖြစ်ရာ သူမသေချာမမြင်ရပေ။ တောင်ခါးပန်းတွင်တစ်ယောက်တည်း လမ်းလျှောက်နေရသဖြင့် သူမ၏ကြောက်ရွံ့မှုမှာပိုမိုကြီးထွားလာသည်။ သူမ ခြေလှမ်းများကိုခပ်မြန်မြန်လျှောက်လိုက်ပေသိ သူမလှုပ်ရှားလိုက်သည်နှင့် နောက်ဘက်မှအသံမှာပိုကျယ်လာကြောင်းကြားလိုက်ရ၏။ ကြောက်ရွံ့မှုနှင့် စူးစမ်းလိုစိတ်တို့ကြောင့် သူမနောက်သို့လှည့်ကြည့်လိုက်မိသည်။

ထိုနေရာတွင် ခန္ဓာကိုယ်အနည်းငယ်ဝဖြိုးသော အမျိုးသားတစ်ဦးသည် သူမနောက်သို့ကပ်ပါလာပြီး မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုရှိနေလေ၏။

"မိန်းကလေးကျန်း ဒီလောက်ညဉ့်နက်မှ အိမ်ပြန်မလို့လား၊ ကျိုးကျားရွာမှာပဲတစ်ညလောက် မအိပ်တော့ဘူးလား"

ထိုအမျိုးသားမှာထိုသို့ပြောရင်း သူမထံသို့တစ်လှမ်းချင်းချဉ်းကပ်လာသည်။

သူ့ခြေသံများသည် ကျန်းကျိုးအာ၏နှလုံးသားကို သံတူရွင်းကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ဖြစ်နေ၏။

"ရှင် ရှင်က ဟို....."

ရွာထဲဝင်လာစဉ်၌ သူ့ကိုသူမမြင်ဖူးသည်။ ထိုလူသည် ကျိုးကျားရွာမှရွာသားတစ်ဦး ဖြစ်၏။ ကျိုးရှန့်ဟူပြုံးဖြဲဖြဲလုပ်ကာပြောလာသည်။

"ငါ ခုနကပန်းထိုးအလုပ်ရုံကိုဖြတ်သွားရင်း မင်း ရှန်းမင်ကိုသဘောကျလို့ ဖြားယောင်းချင်နေတယ်ဆိုပြီးပြောနေကြတာကို ကြားလိုက်တယ်၊ မင်းကအဲ့ဒီလောက်တောင်ဖြစ်ချင်နေမှတော့ ငါကပဲမင်းကိုကောင်းကောင်းလေး အလိုဖြည့်ပေးရင်ရောဘယ်လိုလဲ"

ပြောပြောဆိုဆိုနှင့် ကျိုးရှန့်ဟူသည်ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ သူမလမ်းကိုပိတ်ဆို့လိုက်ပြီး ကျန်းကျိုးအာ၏ပိန်သွယ်သွယ်လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။

"!!!"

ကျန်းကျိုးအာမျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး သူမလည်ချောင်းကို မမြင်ရသောလက်တစ်ဖက်မှညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ အကူအညီတောင်းရန် အော်ဟစ်ချင်သော်လည်း အသံထွက်မလာခဲ့ပေ။

ကျိုးရှန့်ဟူ၏ချွေးနံ့ကြောင့် သူမရွံရှာမူးဝေသွားပြီး ခေါင်းကိုအသည်းအသန် ခါရမ်းကာ ထွက်ပြေးရန်လှည့်လိုက်သော်လည်း သူမခြေထောက်များသည် ခဲဆွဲခံထားရသည့်အလား လေးလံနေလေသည်။ ကျိုးရှန့်ဟူ ရမ္မက်ပြင်းပြစွာပြုံးလိုက်ပြီး ကတိပေးလာ၏။

"မင်းကို ငါမနှိပ်စက်ပါဘူးလို့ ကတိပေးပါတယ်၊ အိမ်ကစုန်းမအိုကြီးကို ကွာရှင်းပြီးရင် မင်းကိုငါလက်ထပ်မယ်"

*ဖြန်း*

ကျိုးရှန့်ဟူ စကားမဆုံးခင်မှာပင် အနီရောင်ကြာပွတ်တစ်ခုက သူ့ဘယ်ဘက်ပါးပြင်ကို ရိုက်ချလိုက်လေသည်။

*ဖြန်း ဖြန်း ဖြန်း*

ကျိုးရှန့်ဟူသည် ပါးရိုက်ချက်ဒါဇင်နှင့်ချီပြီး ဆက်တိုက်အရိုက်ခံရသကဲ့သို့ အရိုက်ခံလိုက်ရရာ လုံးဝမှင်သက်သွားပြီး ခေါင်းများမူးဝေသွားလေသည်။ ပြာဝေနေသော အသိစိတ်ထဲတွင် ဖားပေါက်စလေးတစ်ကောင်မှ ၎င်း၏လျှာရှည်ကြီးကိုထုတ်ပြီး သူ့နားရွက်ကိုရိုက်နေသည်ဟုပင် မြင်ယောင်လိုက်ရ၏။ ဖားပေါက်စနတ်ဆိုး၏လျှာမှ ကျိုးရှန့်ဟူကို ရိုက်ပုတ်လိုက်သည်အားမြင်သောအခါ ကျန်းကျိုးအာမှာ အစပိုင်းတွင် ထိတ်လန့်ဖျပ်သွားခဲ့သည်။ ထို့နောက် သူမမှတ်ဉာဏ်များ လျင်မြန်စွာ အလုပ်လုပ်သွားပြီး စောစောက ရွာအဝင်ဝတွင် ကျိုးထောင်ဟွားလက်ဖဝါးပေါ်၌ ဤကဲ့သို့သတ္တဝါလေးကို မြင်ခဲ့ရကြောင်း ပြန်သတိရလိုက်၏။

ဒါ ကျိုးထောင်ဟွား မွေးထားတဲ့နတ်ဆိုးများလား။ ဖားပေါက်စနတ်ဆိုးသည် ဦးစွာလျှာဖြင့် ရိုက်ပုတ်လိုက်ရာ ကျိုးရှန့်ဟူ မူးဝေပြီးအကူအညီမဲ့သွားလေသည်။ ထို့နောက် ပူဖောင်းတစ်လုံးထုတ်လွှတ်ပြီး သူ့ကိုအတွင်းထဲတွင် ပိတ်လှောင်လိုက်လေ၏။ ကျိုးရှန့်ဟူ ပူဖောင်းထဲတွင်ပိတ်မိသွားသည်ကို မြင်လိုက်ရသောအခါ ကျန်းကျိုးအာသက်ပြင်းချနိုင်သွားသော်လည်း သူမအာရုံကြောများ တင်းမာနေဆဲဖြစ်သည်။

"အဆင်ပြေရဲ့လား"

ကျိုးထောင်ဟွားအသံမှာ ရုတ်တရက် သူမအနောက်မှထွက်ပေါ်လာသည်။ ကျန်းကျိုးအာ လှည့်ကြည့်လိုက်ရာ သူမကိုတွေ့လိုက်ရပြီး အကြောင်းပြချက်မရှိဘဲ သူမမျက်ရည်များ ပြင်းပြင်းထန်ထန်စီးကျလာပြီး ကျိုးထောင်ဟွားကိုချက်ချင်း တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်လေ၏။

All Chapters