← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

သူမအသံများ တုန်ယင်နေပြီး ငိုကြွေးရင်းပြောလာ၏။

"ညီမထောင်ဟွား သူက..... သူက အစ်မကို အခွင့်အရေးယူဖို့ ကြိုးစားတယ်"

ကျိုးထောင်ဟွား ဝက်ခေါင်းကဲ့သို့ရောင်ရမ်းနေအောင် အရိုက်ခံထားရသော ကျိုးရှန့်ဟူကို ကြည့်လိုက်သည်။ သူမသည် နံပါတ်တစ်ဖားပေါက်စနတ်ဆိုး၏ခေါ်သံကို ကြားလိုက်ရသဖြင့် ချက်ချင်းအပြေးရောက်လာခဲ့ခြင်းပင်။

ဖားပေါက်စနတ်ဆိုး၏အမြင်အာရုံသည် နေ့ဘက်တွင်သာမက ညဘက်တွင်လည်း အလွန်ကောင်းမွန်လေသည်။ ပုံမှန်အားဖြင့် ရိုးသားပုံပေါက်သော ကျိုးရှန့်ဟူသည် ဤမျှယုတ်မာသောသူဖြစ်လိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့မိပေ။

ဤလူသည် အိမ်ထောင်ကျပြီးသားဖြစ်၍ ဇနီးအပြင်အသက်ဆယ်နှစ်အရွယ်သားတစ်ယောက်ပင်ရှိနေ၏။ ဒါတောင်ဒီလိုယုတ်မာတဲ့အတွေးတွေ ရှိနေသေးတယ်ပေါ့လေ။

"နံပါတ်တစ် သူ့ကိုရွာလူကြီးအိမ်ဆီ တိတ်တဆိတ်ခေါ်သွားလိုက်၊ ဒီကိစ္စကို ရွာလူကြီးဖြေရှင်းလိမ့်မယ်"

ကျိုးထောင်ဟွား အမိန့်ပေးလိုက်သည်။

ယခုတော့ ကျိုးရှန့်ဟူအမှန်တကယ်ကြောက်လန့်သွားလေပြီ။ တကယ်လို့ သူ့ကိုသာ ရွာလူကြီးအိမ်သို့ခေါ်သွားလျှင် သူတော့ကိစ္စပြတ်ပြီဖြစ်သည်။ ရွာလူကြီးမှာရွာစည်းကမ်းနှင့်အညီ သေချာပေါက် သူ့ကိုအပြစ်ပေးပေလိမ့်မည်။ ပူဖောင်းကိုအမြန်ပုတ်လိုက်ပြီး ကျိုးထောင်ဟွားကို သူတောင်းပန်လိုက်သည်။

"ထောင်ဟွား ကျေးဇူးပြုပြီး ဦးလေးကို လွှတ်ပေးပါ၊ ဦးလေးက သူ့လက်ကိုကိုင်ရုံလေးပါ ဘာမှမလုပ်ရသေးပါဘူး"

"ပါးစပ်ပိတ်ထားစမ်း"

ကျိုးထောင်ဟွား သူ့ကိုရွံရှာဟန်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ပူဖောင်းပေါ်တွင် အသံပိတ်အဆောင်တစ်ခု ကပ်လိုက်လေသည်။ ထိုအချိန်မှစ၍ ကျိုးရှန့်ဟူ အတွင်းထဲမှ မည်မျှပင်အော်ဟစ်နေပါစေ သူတို့ထပ်မကြားရတော့ပေ။ အမှောင်ထုကို အကာအကွယ်ယူ၍ ဖားပေါက်စနတ်ဆိုးလေးသည် ပူဖောင်းကိုထိန်းချုပ်ကာ ရွာထဲမှနေ၍ မည်သူမှမသိအောင် တိတ်တဆိတ်ပျံသန်းသွားလေသည်။

ကျိုးထောင်ဟွားမှာ ဤမျှတွေးခေါ်မြော်မြင်တတ်ပြီး ကျိုးရှန့်ဟူပြဿနာရှာကာ သူမ၏ဂုဏ်သိက္ခာကိုမဖျက်ဆီးနိုင်စေရန် ရွာလူကြီးအိမ်သို့တိတ်တဆိတ် ခေါ်သွားပေးလိမ့်မည်ဟု ကျန်းကျိုးအာထင်မထားခဲ့မိပေ။ သူမ ကျိုးထောင်ဟွားမျက်နှာကို ဘေးဘက်မှနေခိုးကြည့်လိုက်သည်။ လရောင်သည် ကျိုးထောင်ဟွားမျက်နှာပေါ်သို့ကျရောက်နေပြီး သူမမျက်နှာဘေးဘက်ကိုပိုမိုနူးညံ့လှပသွားစေ၏။ မျက်နှာကောက်ကြောင်းတိုင်းသည် သေသေချာချာထုဆစ်ထားသကဲ့သို့ဖြစ်နေပြီး မျက်စိမခွာနိုင်လောက်အောင်လှပလွန်းလှသည်။ ကျန်းကျိုးအာ သူမမျက်နှာကိုငေးကြည့်ရင်း ရင်ထဲတွင်လှိုင်းဂယက်လေးများ ထသွားလေ၏။ သူမသည် ကျိုးထောင်ဟွားရုပ်ရည်သွင်ပြင်ကိုသာမက လမင်းကဲ့သို့ ဖြူစင်သော သူမစိတ်နှလုံးကိုပါ လေးစားသွားမိသည်။ ကျန်းကျိုးအာမှာ ကျိုးထောင်ဟွားလက်ကို တိတ်တဆိတ်လှမ်းကိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

"ညီမထောင်ဟွား အစ်မကြောက်နေတုန်းပဲ၊ အစ်မလက်ကိုကိုင်ပြီး အတူတူလျှောက်သွားပေးလို့ရမလား"

ကျိုးထောင်ဟွားသည် သူမအနေဖြင့် ဟိုလူယုတ်မာကျိုးရှန့်ဟူကြောင့် ထိတ်လန့်နေဆဲဖြစ်မည်ဟု တွေးလိုက်မိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းကျိုးအာ အသာခေါင်းငုံ့လိုက်ရာ သူမနှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာလေ၏။

"ညီမထောင်ဟွားက အရမ်းသဘောကောင်းတာပဲ"

အစ်ကိုရှန်းမင်က သူမကိုဒီလောက် သဘောကျတာ အံ့သြစရာမဟုတ်တော့ပါဘူး။ သူက တခြားဘယ်မိန်းကလေးကိုမှတောင် လှည့်မကြည့်ဘူးလေ။ ညီမထောင်ဟွားကလည်း အရမ်းကောင်းတာပဲ။ တကယ်လို့ သူမသာယောင်္ကျားလေးတစ်ယောက်ဖြစ်ခဲ့ရင် ညီမထောင်ဟွားကို သေချာပေါက်လက်ထပ်မိမှာ။ ကျန်းကျိုးအာနှင့် ကျိုးထောင်ဟွားတို့သည် ရွာလူကြီးအိမ်ဆီသို့ လက်ချင်းချိတ်ကာ လျှောက်သွားကြလေသည်။ အကြောင်းပြချက်မရှိဘဲ ကျိုးထောင်ဟွားနှင့် အတူလမ်းလျှောက်ရသည်ကို ကျန်းကျိုးအာ အလွန်လုံခြုံသည်ဟု ခံစားနေရ၏။ ကျိုးထောင်ဟွားက အရာအားလုံးကို စွမ်းဆောင်နိုင်သလိုမျိုးပင်။

သူတို့နှစ်ဦး ရွာလူကြီးအိမ်ထဲသို့ဝင်ပြီး ခြံဝင်းတံခါးကို ပိတ်လိုက်သည်နှင့် ကောင်းကင်မှပူဖောင်းတစ်လုံး ကျဆင်းလာလေသည်။ ရွာလူကြီး၊ အဘွားယန်နှင့် အခြားသူများသည် ပူဖောင်းကြီးကိုအံ့သြတကြီးကြည့်နေကြ၏။ ကျိုးရှန့်ယွဲ့မှာ အံ့ဩတကြီးဖြင့်ပြောလာသည်။

"ဒီထဲမှာ လူတစ်ယောက်ပါလာတယ်၊ သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ"

ထိုစဉ်မှာပင် ရွာလူကြီး မှတ်မိသွားသည်။

"ရှန့်ဟူလား"

ရွာလူကြီး သူ့ကိုမှတ်မိသွားသည်ကိုတွေ့လိုက်ရသောအခါ ကျိုးရှန့်ဟူမျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ သေချာပေါက်ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် ပူဖောင်းထဲတွင် ကြောက်လန့်တကြားကွေးကွေးလေးနေရင်း လုံးဝစိတ်ပျက်အားလျော့နေပုံပေါက်နေ၏။

"ထောင်ဟွား ကျိုးရှန့်ဟူက ဘာလုပ်လို့လဲ"

ရွာလူကြီးသည် ကျိုးထောင်ဟွားစရိုက်ကို အသိဆုံးဖြစ်သည်။ သူမက အကြောင်းပြချက်မရှိဘဲ ဒီကိုလူတစ်ယောက် ပို့လာမှာမဟုတ်ဘူး။

"အဘိုးရွာလူကြီး သမီးအိမ်အပြန်လမ်းမှာ သူကရုတ်တရက်ပေါ်လာပြီး သမီးကိုမကောင်းတာလုပ်ဖို့ ကြိုးစားတယ်လေ၊ ကံကောင်းလို့ ညီမထောင်ဟွားရဲ့နတ်ဆိုးလေးက အချိန်မီပေါ်လာပြီး သမီးကို ကယ်တင်ပေးခဲ့လို့သာ ပြီးတော့ သူ့ကိုလည်း ဒီပူဖောင်းကြီးထဲမှာပိတ်လှောင်လိုက်တာပါ"

ကျန်းကျိုးအာသည် ရွာလူကြီးရှေ့တွင် ဒူးထောက်ထိုင်ချပြီး ရှင်းပြလိုက်သည်။

ရွာလူကြီး အံ့အားသင့်သွားရ၏။ သူသည် မလှုပ်မယှက်ထိုင်နေပြီး ဘာမှလည်းပြန်မပြော ငြင်းလည်းမငြင်းဆန်သော ကျိုးရှန့်ဟူကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းကျိုးအာပြောသမျှမှန်ကန်ကြောင်းသိလိုက်သည်။ ရွာလူကြီး အလွန်ဒေါသထွက်သွားရ၏။ ရွာထဲတွင်ဖားပေါက်စနတ်ဆိုးလေးများထားရှိပြီးနောက် ပထမဆုံးတွေ့ရှိရသောလူယုတ်မာမှာ သူတို့ရွာမှ ရွာသားတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ ကျိုးရှန့်ဟူကို သူလက်ညှိုးငေါက်‌ငေါက်ထိုးကာ ဆူပူလိုက်သည်။

"မင်း မင်း မင်းက ဒီလိုအလုပ်မျိုးလုပ်ရက်တယ်ပေါ့လေ"

ရွာလူကြီးသည် ကျိုးရှန့်ဟူအပေါ်အလွန်တရာ စိတ်ပျက်သွားရသည်။ သူတို့ရွာကနေ ဒီလိုယုတ်မာတဲ့လူမျိုးထွက်ပေါ်လာခဲ့တာကိုး။ ကျန်းကျိုးအာ၏ဂုဏ်သိက္ခာကို မထိခိုက်စေရန်အတွက် ရွာလူကြီးသည် အခြား အကြောင်းပြချက်တစ်ခုကို အသုံးပြုပြီး ရွာစည်းကမ်းကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရွာလုံခြုံရေးတာဝန်ကိုပျက်ကွက်ကြောင်း ဖားပေါက်စနတ်ဆိုးလေးမှ သတင်းပို့လာသည်ဟုသာအကြောင်းပြ၍ ကျိုးရှန့်ဟူကို ဝါးရင်းတုတ်ဖြင့်အကြိမ်တစ်ရာအပြစ်ပေးမည်ဖြစ်ပြီး ရွာလုံခြုံရေးအဖွဲ့မှလည်း ထုတ်ပယ်မည်ဖြစ်၏။ ထို့ပြင် တကယ်လို့ ယနေ့ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကိုသာ အပြင်၌လျှောက်ပြောရဲလျှင် ရွာမှနေချက်ချင်းနှင်ထုတ်ပစ်မည်ဟုလည်း ရွာလူကြီးမှ ကျိုးရှန့်ဟူကို သတိပေးလိုက်သေးသည်။

ကျိုးရှန့်ဟူ ပူဖောင်းထဲမှထွက်လာသောအခါ ညီအစ်ကိုနှစ်ယောက်ဖြစ်ကြသော ကျိုးကွမ်းမင်နှင့် ကျိုးကွမ်းရုန်တို့က သူ့ကိုခုံတန်းလျားပေါ်တွင်ဖိချုပ်ထားလိုက်ပြီးနောက်ဆုံးတွင် ကျိုးကွမ်းလျန်မှ အပြစ်ပေးခြင်းကို ဆောင်ရွက်လေသည်။

ကျိုးကွမ်လျန်သည် ဝါးရင်းတုတ်ကိုမြင့်မြင့်မြှောက်လိုက်ပြီး "ရွှီး"ကနဲစူးရှရှလေတိုးအသံနှင့်အတူ ကျိုးရှန့်ဟူတင်ပါးကို ရိုက်ချလိုက်လေ၏။ ဝါးရင်းတုတ်မှ အသားကိုရိုက်မိသွားသောအခါ ဖုန်းကနဲပြတ်သားသည့်အသံထွက်ပေါ်လာပြီး ကျိုးရှန့်ဟူ တစ်ကိုယ်လုံးတုန်ရီသွားကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။ သူ့မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ချက်ချင်းဖြတ်သန်းသွား၏။ ဒုတိယရိုက်ချက် ထိမှန်သွားသောအခါ သူ့ဘောင်းဘီစုတ်ပြဲသွားပြီး သွေးထွက်နေသော ဒဏ်ရာကြီးချက်ချင်း ပေါ်လာကာ အရေပြားများရောင်ရမ်းပြီး နီရဲလာလေသည်။ ကျိုးထောင်ဟွားနှင့် ကျန်းကျိုးအာနှစ်ဦးစလုံး ထိုမြင်ကွင်းကိုကြည့်ပြီး မျက်နှာလွှဲလိုက်ကြ၏။ ရိုက်ချက်တစ်ချက်ချင်းစီတိုင်းတွင် ကျိုးရှန့်ဟူသည် အော်ဟစ်သံများထွက်ပေါ်လာပြီး ထိုအသံသည်ကျိုးကျားရွာတစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

ရွာသားအများအပြားသည် မည်သူအော်ဟစ်နေကြောင်း သိချင်နေကြ၏။

"အဲ့အသံက ရွာလူကြီးအိမ်ကလာနေသလိုပဲ"

ရွာလူကြီးနှင့် အိမ်နီးချင်းဖြစ်သော ကျိုးရှန့်လင်သည် တံခါးကိုစိုးရိမ်တကြီးခေါက်လိုက်သည်။

"အဘွားယန် အဆင်ပြေရဲ့လား"

အဘွားယန် ခြံဝင်းတံခါးကိုဖွင့်ပေးလိုက်ပြီး ကျိုးရှန့်လင်ဝင်လာပြီးနောက် အခြားရွာသားများလည်း နောက်မှလိုက်ပါလာကြသည်။ ကျိုးရှန့်ဟူတင်ပါးများ စုတ်ပြဲပြီးသွေးများထွက်နေသည်ကို တွေ့လိုက်ရပြီး သွေးများသည် သူ့ခန္ဓာကိုယ်မှစီးကျကာ မြေကြီးကိုအနီရောင်ဆိုးပေးနေလေ၏။ ရိုက်ချက် ၈၀ပြည့်သောအခါ ကျိုးရှန့်ဟူခြေထောက်များ စတင်တုန်ယင်လာပြီး ပတ်ဝန်းကျင်ရှိရွာသားများထံ သနားစဖွယ်မျက်လုံးများဖြင့်ကြည့်လာသည်။

ကျိုးအိမ်ဟောင်းတွင်

ကျိုးရှင်းဟွာမှာ ကျန်းချွေ့အာထံပြောလိုက်၏။

"ယောင်းမ ခုနက ကျိုးအာနဲ့ထောင်ဟွား အရှေ့ဘက်ကို အတူတူလျှောက်သွားတာတွေ့လိုက်သလိုပဲ"

"ဘာ"

ကျန်းချွေ့အာ အံ့သြတကြီးအော်ဟစ်လိုက်သည်။ သူမညီမက အိမ်မပြန်သေးဘူးလား။ အရှေ့ဘက်ဆိုတာ ရှန်းမင်ရဲ့အိမ်ရှိတဲ့ဘက်‌လေ။ သူမ ကျိုးထောင်ဟွားဆီတန်းသွားပြီး ရှန်းမင်ကို သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းဖို့ တောင်းဆိုမလို့လား။ သူမ ဘယ်ကနေများ ဒီလောက်ယုံကြည်မှုတွေရနေတာလဲ။ ကျန်းချွေ့အာသည် ညစာချက်ရန်ပင်မေ့သွားပြီး ဆေးကြောထားသော ဆန်များကို ကျိုးရှင်းဟွာလက်ထဲသို့ထည့်ပေးလိုက်သည်။ ဤအချိန်တွင် ကျန်းချွေ့အာသည် ကျန်းကျိုးအာကို ကျိုးကျားရွာတွင်နေခွင့်ပြုပြီး ပြဿနာရှာခွင့် ပေးကာ ဟေးနျိုရွာသို့သူမကိုယ်တိုင်ပြန်မပို့ခဲ့မိသည်ကို နောင်တရနေမိ၏။

ကျန်းချွေ့အာသည် ရှန်းမင်အိမ်ဆီသို့ အပြေးအလွှားသွားနေစဉ် ထင်မထားပါဘဲ ရွာလူကြီးအိမ်မှအမျိုးသားတစ်ဦး၏အော်ဟစ်သံကို ကြားလိုက်ရပြီး ထိုနေရာတွင် လူအုပ်ကြီးစုရုံးနေသည်ကို တွေ့လိုက်ရသည်။ သူမ ထိုနေရာ၌ဘာဖြစ်နေသည်ကိုသွားမကြည့်အားဘဲ ရှန်းမင်အိမ်သို့ တန်းတန်းမတ်မတ်သွားလိုက်သော်လည်း ခြံဝင်းတံခါးအားတင်းတင်းကျပ်ကျပ်ပိတ်ထားပြီး အိမ်ထဲတွင်လည်း မှောင်မည်းနေသည်ကို တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ ရှန်းမင်ပြန်မရောက်သေးပုံရသည်။ သူမ နဖူးကိုရိုက်လိုက်မိ၏။ ရှန်းမင်ကအိမ်မပြန်ခင် ကျိုးမိသားစုအိမ်မှာ ညစာစားလေ့ရှိသည်ကို ရုတ်တရက် သတိရသွားသည်။ တကယ်လို့ သူတို့ကရှန်းမင်အိမ်မှာမရှိဘူးဆိုရင် ဘယ်ရောက်နေကြမလဲ။

ကျန်းချွေ့အာ စိုးရိမ်ပူပန်နေစဉ် ရွာလူကြီးအိမ်ရှေ့မှဖြတ်သွားရင်း ခြံဝင်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ သူမရှာနေသော လူနှစ်ယောက် ထိုနေရာတွင် ရပ်နေသည်ကို ထူးထူးဆန်းဆန်းတွေ့လိုက်ရသည်။ သူတို့သည် ရွာစည်းကမ်းအရအပြစ်ပေးခံနေရသော ကျိုးရှန့်ဟူကို ကျောပေးလျက် ရပ်နေကြ၏။ ဘာတွေ ဖြစ်နေတာလဲ။ သူတို့နှစ်ယောက်ကြားက လေထုကြည့်ရတာ တစ်ခုခုမှားနေသလို ဘာလို့ ခံစားနေရတာပါလိမ့်။ ထိုအချိန်တွင် ကျိုးရှန့်ဟူ၏ဇနီးဖြစ်သူ ရန်ရှီမှာအပြေးအလွှား ဝင်ရောက်လာသည်။ ကျိုးရှန့်ဟူတင်ပါးပေါ်ရှိ သွေးသံရဲရဲမြင်ကွင်းကိုတွေ့လိုက်ရသောအခါ သူမ အော်ဟစ်ပြီးတားဆီးရန် ကြိုးစားလေတော့၏။ ကျိုးကွမ်းမင်မှာ သူမကိုတားဆီးရင်းပြောလိုက်သည်။

"ရှန့်ဟူမိန်းမ ရှန့်ဟူက ရွာစည်းကမ်းကို ချိုးဖောက်ခဲ့တာ၊ သူ့ကိုဝါးရင်းတုတ်နဲ့ ရိုက်ချက် တစ်ရာအပြစ်ပေးရမယ်"

"ထပ်ရိုက်ရင် သူသေတော့မှာပေါ့"

ရန်ရှီ အော်ဟစ်လိုက်သည်။ သို့သော် သူမမှာ မိန်းမသားတစ်ယောက်သာဖြစ်သဖြင့် ကျိုးကွမ်းမင်၏ခွန်အားကို မယှဉ်နိုင်ဘဲ ကျိုးရှန့်ဟူရိုက်ချက် တစ်ရာပြည့်အောင် အရိုက်ခံရသည်ကို အကူအညီမဲ့စွာရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ငါ့ရှန့်ဟူက ဘာရွာစည်းကမ်းကို ချိုးဖောက်ခဲ့လို့လဲ"

ရန်ရှီ နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။

"သူကရွာကို သေချာမကာကွယ်နိုင်ခဲ့ဘူး၊ ဒါကြောင့် သူ့ကိုရွာလုံခြုံရေးအဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီ"

ရွာလူကြီး ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့အကြည့်များမှာ ကျိုးရှန့်ဟူပေါ်သို့ထပ်မံကျရောက်သွား၏။

"တကယ်လို့ သူနောက်တစ်ခါ စည်းကမ်းထပ်ဖောက်ရဲရင် ရွာကနေနှင်ထုတ်ပစ်မယ်"

ဤသည်မှာ ကျိုးရှန့်ဟူကိုသတိပေးလိုက်ခြင်းလည်းဖြစ်သလို ခြိမ်းခြောက်လိုက်ခြင်းလည်းဖြစ်သည်။ ကျိုးရှန့်ဟူရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး အကြည့်ကိုအလျင်အမြန် လွှဲလိုက်၏။ ရန်ရှီ ဆန္ဒပြလိုက်သည်။

"ငါ့ရှန့်ဟူက ရွာကိုသေချာမကာကွယ်နိုင်ခဲ့ဘူးလို့ ဘာကသက်သေပြစရာရှိလို့လဲ"

"ဖားပေါက်စနတ်ဆိုးလေးက သက်သေပဲလေ၊ သူ သတင်းလာပို့တာ"

ရန်ရှီ ဒေါသတကြီးဖြင့် တစ်စုံတစ်ရာထပ်ပြောရန်ပြင်လိုက်စဉ် ခုံတန်းလျားပေါ်တွင်မှောက်လျက်သားဖြစ်နေသည့် ကျိုးရှန့်ဟူမှာ ဆူငေါက်လိုက်တော့သည်။

"မင်းက ဘာလာဝင်ပါနေတာလဲ၊ ဒီမိန်းမယုတ် ငါဒီလောက်အရိုက်ခံထားရတာကို ငါ့ကိုဆေးခန်းခေါ်သွားရမယ်ဆိုတာမသိဘူးလား"

ကျိုးရှန့်ဟူ၏ရက်စက်ဟန်ဖြင့်မျက်လုံးများသည် ရန်ရှီအပေါ်ကျရောက်သွားသည်။ ဒီနေရာမှာ ရွာလူကြီးနဲ့ဆက်ပြီး ငြင်းခုံနေရတာ အရှက်ရစရာကောင်းလှ၏။ သူမက အိုလာတဲ့အပြင်ဝကဝသေး တစ်ကယ်ရွံစရာကောင်းတယ်။ ဒီလိုမိန်းမမျိုးနဲ့ အိမ်ထောင်ကျတာ သူတော့ကံဆိုးတာပဲ။ ရန်ရှီ ချက်ချင်းပါးစပ်ပိတ်သွားပြီး သူ့ကိုသွားတွဲရန် ရိုကျိုးဟန်ဖြင့်သွားလိုက်သည်။ သို့သော် ကျိုးရှန့်ဟူတင်ပါးများသည် လုံးဝမလှုပ်ရှားနိုင်တော့ပေ။ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် အလွန်အမင်းနာကျင်မှုကို ခံစားနေရသည်။ နောက်ဆုံးတွင် ကျိုးရှန့်ဟူကို ထမ်းစင်ဖြင့်သာ အိမ်ပြန်ခေါ်သွားရလေ၏။ လူတိုင်း ထွက်ခွာသွားပြီးနောက် ကျန်းချွေ့အာသည် ချက်ချင်းရှေ့တိုးလာပြီး ကျန်းကျိုးအာကိုအသံတိုးတိုးဖြင့်မေးခွန်းထုတ်လိုက်သည်။

"နင်ကဘာလို့ ဒီမှာရှိနေသေးတာလဲ၊ ထောင်ဟွားကိုလိုက်နှောင့်ယှက်ပြီး နင်ဘာလုပ်ချင်နေတာလဲ”

All Chapters