← Chapters

အခန်း (၁၄၄)

Vol. 15 Ch. 144

အခန်း (၁၄၄)

Vol. 15 Ch. 144

ကျန်းကျိုးအာကို ရှင်းပြခွင့်မပေးတော့ဘဲ သူမ ကျိုးထောင်ဟွားကိုတောင်းပန်လိုက်သည်။

"ထောင်ဟွားရေ ကျိုးအာက အကြောင်းအကျိုးမသိတတ်လို့ပါ စိတ်ထဲမထားပါနဲ့နော်၊ ဒီနေ့ပန်းထိုးအလုပ်ရုံ အပြင်ရော အထဲမှာပါ သူလုပ်ခဲ့တဲ့ကိစ္စတွေအတွက် သူ့ကိုယ်စားအစ်မကပဲ တောင်းပန်ပါတယ်"

"ယောင်းမ အထင်လွဲနေပြီ၊ ကျိုးအာက ညီမဆီလာကပ်တာမဟုတ်ပါဘူး၊ သူ အန္တရာယ်ကြုံနေလို့ ဖားပေါက်စနတ်ဆိုးလေးက ညီမကိုလှမ်းခေါ်တာနဲ့ အတူတူဆုံသွားကြတာပါ"

ကျိုးထောင်ဟွား တောင်ခါးပန်းတွင်ဖြစ်ပျက်ခဲ့သမျှကို ကျန်းချွေ့အာအား ပြန်လည်ပြောပြလိုက်သည်။ ကျန်းချွေ့အာသည် ကြောက်ရွံ့မှုမပြယ်သေးဘဲ တကယ်လို့သာ ဖားပေါက်စနတ်ဆိုးလေး အချိန်မီမပေါ်လာခဲ့ရင် ဘာတွေဖြစ်သွားမလဲဆိုတာကို တွေးတောင်မတွေးရဲပေ။ ခြံဝင်းထဲတွင် အခြားလူများရှိနေသဖြင့် သူတို့သုံးယောက် အသံနှိမ့်ကာ စကားပြောနေကြသည်။ ကျန်းချွေ့အာသည် စိတ်ခံစားမှုများကိုအများကြီးမပြရဲဘဲ ကျန်းကျိုးအာထံစိတ်မကောင်းစွာဖြင့်သာ ကြည့်နေမိ၏။ သူမ ကျန်းကျိုးအာကို တိုးတိုးလေးသတိပေးလိုက်သည်။

"အခု အစ်မနဲ့အိမ်ပြန်လိုက်ခဲ့၊ မနက်ဖြန်မနက်ကျရင် အစ်မကိုယ်တိုင် နင့်ကိုဟေးနျိုရွာဆီပြန်ပို့ပေးမယ်"

ကျိုးထောင်ဟွားနှင့် ရွာလူကြီးမိသားစုကို ကျေးဇူးတင်စကားပြောပြီးနောက် ကျန်းချွေ့အာသည် ကျန်းကျိုးအာကိုခေါ်ဆောင်သွားလေသည်။ ကိစ္စအားလုံး ရှင်းလင်းသွားပြီး ကျိုးထောင်ဟွားအိမ်ပြန်ရန်ပြင်လိုက်စဉ် နောက်လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင်ရပ်လျက် သူမကိုပြုံးကြည့်နေသော ရှန်းမင်ကိုတွေ့လိုက်ရ၏။ သူ့ထောင်ဟွားက တကယ့်ကို သဘောကောင်းတာပဲ။ ကျိုးရှန့်ဟူကိုလည်း အပြစ်ပေးနိုင်ခဲ့သလို ကျန်းကျိုးအာရဲ့ဂုဏ်သိက္ခာကိုလည်း ကာကွယ်ပေးနိုင်ခဲ့တယ်လေ။

"ညီမထောင်ဟွား အဒေါ်ချမ်ကညစာပြင်ထားပြီ၊ အိမ်ပြန်ပြီးထမင်းစားကြစို့"

ရှန်းမင်ထိုသို့ပြောရင်း ကျိုးထောင်ဟွားလက်ကိုဆွဲကိုင်ကာ သူတို့နှစ်ဦးကျိုးမိသားစုအိမ်ဆီသို့ အတူလျှောက်သွားကြလေသည်။ နောက်တစ်လဆိုလျှင် သူတို့မင်္ဂလာဆောင်ကြတော့မည်ပင်။ နောက်တစ်လအတွင်း ကျိုးမိသားစုနှင့် ရှန်းမိသားစုနှစ်ဖက်စလုံးသည် ပစ္စည်းများစွာပြင်ဆင်ရသဖြင့် အလုပ်များနေကြသည်။

ကျိုးမိသားစုတွင် ချမ်ရှီနှင့်ကျိုးအာ့ရှုတို့ ကူညီပေးသော်လည်း ရှန်းမိသားစုတွင်မူ ရှန်းမင်တစ်ယောက်တည်းသာရှိ၏။ သူသည်မြို့ထဲသို့ သွားပြီး ပရိဘောဂအသစ်များဝယ်ယူကာ အိမ်အတွင်းအပြင်အကုန်လုံးပြုပြင်မွမ်းမံလိုက်သည်။ နောက်ဆုံးတော့ သတ္တမလ ၆ရက်နေ့သို့ရောက်ရှိလာခဲ့လေပြီ။ ထုံးစံအရ သတို့သမီး၏လူကြီးမိဘများမှာ သူမ၏ခန်းဝင်ပစ္စည်းများကို ဖြည့်ဆည်းပေးရမည့်နေ့ဖြစ်သည်။

အဘွားစွင်းမှ ငွေလက်ကောက်တစ်စုံ၊ ကျိုးရှီမှ ငွေနားကပ်တစ်စုံနှင့် ဝမ်ရှီမှငွေဆွဲကြိုးတစ်ကုံးဖြည့်ဆည်းပေးကြ၏။ သူမ၏ဝမ်းကွဲယောင်းမ ကျန်းချွေ့အာပင်လျှင် ကျိုးထောင်ဟွားအတွက် ပါးနီတစ်ဘူးလက်ဆောင်ပေးပြီး ကျိုးရှင်းဟွာမှာ မန်ဒရင်းဘဲများရေကစားနေပုံပန်းထိုးထားသော ခေါင်းအုံးစွပ်တစ်စုံကို ပေးလေသည်။ ကျန်းချွေ့အာနှင့်တွယ်ကပ်နေတတ်သော ကျန်းကျိုးအာလည်းရောက်လာပြီး ကျိုးထောင်ဟွားအတွက် ပိုးသားပန်းပွင့်တစ်စုံယူလာပေး၏။ ကျိုးရှန်းရှန့်သည်လည်း ယနေ့ပြန်လာပြီး ကျိုးထောင်ဟွားကို နှုတ်ခမ်းဆိုးဆေးတစ်ဘူး လက်ဆောင်ပေးလေသည်။ ကျိုးအိမ်ဟောင်းမှပေးသော တန်ဖိုးကြီးလက်ဆောင်များကို မြင်လိုက်ရသောအခါ ကျိုးထောင်ဟွား၏အမေဘက်မှအဘွားနှင့် အဒေါ်နှစ်ယောက်တို့သည် သူတို့ယူလာသော အနီရောင်ပိတ်စသုံးပေမှာ အလွန်နည်းပါးလွန်းသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။

ကျိုးအိမ်ဟောင်းကလူတွေနဲ့ ကျိုးမိသားစုက မတည့်ကြဘူးမလား။ ဘာဖြစ်လို့ ထောင်ဟွားမင်္ဂလာဆောင်အတွက် ငွေလက်ဝတ်ရတနာတွေပေးကြတာလဲ။ ကျိုးကျားရွာက ချမ်းသာလာလို့ လူတွေကလည်း ရက်ရောလာကြတာများလား။

"ထောင်ဟွား အဘွားတို့မိသားစုက သမီးတို့ရွာလောက် မချမ်းသာဘူးကွဲ့၊ ဒီအနီရောင်ပိတ်စကို သိမ်းထားလိုက်နော်၊ အဘွားရဲ့စေတနာလို့ သဘောထားလိုက်ပါ"

အဘွားသည် အနီရောင်ပိတ်စသုံးပေကို ကျိုးထောင်ဟွားလက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။ အထည်သားမှာ အလွန်ကြမ်းတမ်းလှပြီး တစ်ပေကိုလေးပြားသာပေးရသည့် ဈေးအပေါဆုံးအထည်ကြမ်းဖြစ်ကြောင်းသိသာလှ၏။

ကျိုးထောင်ဟွားအပြုံးမှာ တောင့်ခဲသွားသည်။ သူမစကားမပြောနိုင်ခင်မှာပင် ကျန်းကျိုးအာမှ ဝင်မပြောဘဲမနေနိုင်တော့ပေ။

"ထောင်ဟွားရဲ့အဘွား မြေးမလေးရဲ့မင်္ဂလာဆောင် ခန်းဝင်ပစ္စည်းကို ၁၂ပြား တန်ပဲပေးတာလား၊ ကျွန်မသိသလောက်တော့ ရှင်တို့ဟို့ကျောင်းရွာက အရမ်းမချမ်းသာပေမယ့် စိုက်ပျိုးရေးအထွက်နှုန်းတော့မဆိုးပါဘူး၊ တစ်နှစ်ကို ငွေသုံးတေးလောက်တော့ရကြတာပဲမလား"

ထိုစကားကိုကြားသောအခါ အဒေါ်နှစ်ယောက်၏မျက်နှာထား ပြောင်းလဲသွားသည်။ သူတို့မိသားစုဝင်ငွေမှာ ကောင်းမွန်သော်လည်း ဤငွေများသည် သူတို့မိသားစုအတွက်သာဖြစ်ပြီး ပြင်ပလူများအတွက်မဟုတ်ပေ။ လက်ရှိမှာလည်းအနည်းဆုံးတော့ အနီရောင်ပိတ်စ သုံးပေကိုမပေးမဖြစ်၍သာပေးရခြင်းပင်။ သူတို့သဘောဆို တစ်ပေလောက်သာပေးချင်၏။ မည်သို့ပင်ဆိုစေကာမူ ကျိုးမိသားစုဆီမှနေ မည်သည့်အကျိုးအမြတ်မှရနိုင်မည်မဟုတ်ရာ ခန်းဝင်ပစ္စည်းများပိုပေးနေလည်းအလကားပင်ဖြစ်သည်။ အဒေါ်ကြီးမှ ဝင်ပြောလာ၏။

"စေတနာက အဓိကပါပဲ၊ ဒါ့အပြင် ကျိုးမိသားစုက အခုဆိုအရမ်းချမ်းသာနေပြီလေ၊ အုတ်အိမ်နဲ့နေပြီး နွားလှည်းတောင် စီးနေနိုင်တာ၊ ငါတို့ထက် အများကြီးချမ်းသာတော့ ဒီလိုအသေးအမွှားလေးတွေကို ဂရုစိုက်နေမှာမဟုတ်ပါဘူး ဟုတ်တယ်မလား ထောင်ဟွား"

ကျိုးထောင်ဟွားသည် အဒေါ်ကြီး၏လောဘကြီးပြီး ကောက်ကျစ်သောမျက်လုံးများကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါပေါ့ အဘွား၊ ဦးလေးနဲ့ အဒေါ်တို့ ပြီးတော့ ဝမ်းကွဲမောင်နှမတွေလာနိုင်ရင်ကို ရပါပြီ၊ ဒါပေမဲ့ အဒေါ်ကြီးကိုသတိပေးစရာတစ်ခုတော့ရှိတယ်၊ သမီးတို့အိမ်မှာ နတ်ဆိုးတွေအများကြီးရှိတယ်နော်၊ ခုနကမြင်ခဲ့တဲ့ ငါးကောင်တည်းမဟုတ်ဘူး နောက်ထပ်၃၈ကောင်လဲရှိသေးတယ်၊ သူတို့က ဒီအိမ်မှာပဲနေကြတာ၊ အဒေါ်တို့ သတိမထားမိလောက်ပေမယ့် သူတို့ကအိမ်ကို အရမ်းကာကွယ်ကြတယ်လေ၊ တကယ်လို့ တစ်ယောက်ယောက်ကသာ အိမ်ထဲကနေ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်လောက်ယူသွားရင်တောင် သူတို့ ချက်ချင်းပေါ်လာလိမ့်မယ်"

တကယ်တမ်းတွင် ချမ်ရှီနှင့် သူမမိဘဆွေမျိုးများသည် စိတ်ဝမ်းကွဲနေသည်မှာကြာပြီဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း သူမမှာသူတို့နှင့်ဆက်ဆံရေး သိပ်မလုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ချမ်မိသားစုသည် သူတစ်ပါးအပေါ် အမြတ်ထုတ်ရသည်အား အလွန်နှစ်သက်သောကြောင့်ဖြစ်သည်။ ချမ်ရှီနှင့် ကျိုးအာ့ရှုတို့ ကျိုးအိမ်ဟောင်းမှခွဲထွက်ကာစအချိန်၌ပင် သူတို့သည် ထမင်းအလကားလာစားရန်မမေ့ခဲ့ကြပေ။ လက်ဗလာဖြင့် လာကြသော်လည်း အပြန်တွင်‌တော့ခြင်းတောင်းအပြည့်ဖြင့် ပြန်သွားကြပြီး အိမ်မှဘာမဆို ယူဆောင်သွားတတ်ကြသည်။ အကယ်၍ပေါ်တင်ယူခွင့်မပေးလျှင် ခိုးသယ်သွားကြလေ၏။ သို့သော် ကျိုးမိသားစုတွင်လည်း ကျွေးမွေးရမည့် ပါးစပ်သုံးပေါက်ရှိပြီး ရှင်သန်ရပ်တည်ရဦးမည်ဖြစ်ရာ နောက်ဆုံးတွင် ချမ်ရှီ ဒေါသထွက်ပြီး ချမ်မိသားစုကိုအိမ်ထဲ ဝင်ခွင့်မပြုတော့ပေ။

ဤတစ်ကြိမ် ချမ်မိသားစုထပ်မံရောက်ရှိလာရခြင်းမှာ ချမ်ရှီမှာ သူတို့ကိုအလကားလာစားခွင့်မပြုတော့သော်လည်း သူမမိဘများကို ပုံမှန်နှစ်သစ်ကူးလက်ဆောင်များ ပေးနေဆဲဖြစ်သောကြောင့်ဖြစ်သည်။ အဒေါ်ကြီး၏မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး အပြုံးဖြင့်ဖုံးကွယ်ကာ ပြောလိုက်၏။

"ထောင်ဟွား ညည်းကဘာတွေပြောနေတာလဲ၊ အဒေါ်ကြီးက အဲ့လိုလူမျိုးမလို့လား"

ကျိုးထောင်ဟွား၏နှုတ်ခမ်းမှာအနည်းငယ်တွန့်ကွေးသွားပြီး သူမဘာမှ ဆက်မပြောတော့ပေ။ အခန်းလေးခန်းထဲတွင် ဖားပေါက်စနတ်ဆိုး ၃၈ကောင်ရှိနေသည်။ ဤဖားပေါက်စလေးများသည် လုံခြုံရေးကင်မရာများကဲ့သို့ လုပ်ဆောင်ကြပြီး မည်သည့်လှုပ်ရှားမှုကိုမဆို ထောက်လှမ်းသိရှိကာ သူတို့၏ကာကွယ်ရေးစနစ်ကို အလိုအလျောက် သက်ဝင်စေ၏။ အဒေါ်ကြီးသည် သူမပေးသော အနီရောင် ပိတ်စသုံးပေကိုချထားပြီးနောက် ခြံဝင်းထဲရှိငန်းခြံဆီသို့ ပြေးသွားလေသည်။ မည်သူမှ သူမကိုသတိမထားမိသည်အား တွေ့လိုက်ရသဖြင့် ခြံထဲသို့ဝင်ကာ ငန်းဥနှစ်လုံးခိုးယူရန်ပြင်လိုက်၏။ ငန်းဥများသည် အလွန်တန်ဖိုးရှိသည်။ ငန်းတစ်ကောင်၏အစာသည် ကြက်သုံးကောင်ကိုကျွေးနိုင်သဖြင့် ငန်းမွေးမြူသူအလွန် နည်းပါး၏။ ထို့ပြင် ငန်းဥစားသော ကလေးများသည် ဉာဏ်ကောင်းသည်ဟု ယုံကြည်ကြသဖြင့် ခြံထဲတွင်ငန်းဥနှစ်လုံးကိုမြင်လိုက်ရသောအခါ အိမ်ယူသွားရန် ပထမဆုံးအသိစိတ်ဝင်လာခြင်းပင်။

သို့သော် သူမလက်လှမ်းလိုက်သည်နှင့် ဥများကိုပင်မထိရသေးမီ တစ်စုံတစ်ရာမှ သူမလက်မောင်းကို ရုတ်တရက်ရိုက်ပုတ်လိုက်လေသည်။ ပူလောင်သော နာကျင်မှုကြောင့် သူမအသက်ရှူမှားသွားရ၏။

သေချာကြည့်လိုက်ရာ စိမ်းဝါရောင်ဖားငယ်လေးတစ်ကောင်ဖြစ်နေသည်။ ဒီအကောင်လေးက သူ့ကိုရိုက်ရဲတယ်ပေါ့လေ။ ဒေါသထွက်သွားသဖြင့် အဒေါ်ကြီးသည် ၎င်းကိုဖမ်းပြီးသတ်ရန် ကြိုးစားသော်လည်း သတ္တဝါလေးသည် မယုံနိုင်လောက်အောင် လျင်မြန်ဖြတ်လတ်လှသည်။ သူမ လုံးဝဖမ်းမမိသည့်အပြင် လှောင်ပြောင်ကစားခြင်းကိုပင် ခံနေရ၏။ သူမဖမ်းဖို့ လက်လျှော့လိုက်ပြီး ငန်းဥများကို ဆက်ယူရန်ကြိုးစားသော်လည်း သူမလက်အားထပ်အရိုက်ခံလိုက်ရပြန်သည်။ ဤအချိန်ရောက်မှတော့ အဒေါ်ကြီးဉာဏ်နည်းလျှင်တောင် ဤအကောင်လေးမှာ ကျိုးထောင်ဟွား မွေးထားသော နတ်ဆိုးဆိုသည်အားသဘောပေါက်သွားလေပြီ။

ဒီလောက်ပစ္စည်းသေးသေးလေးမှအစ သေချာစောင့်ကြပ်နေသည်ဖြစ်ရာ အဒေါ်ကြီး ဒေါသတကြီးဖြင့်ငန်းခြံထဲမှ ထွက်လာခဲ့သည်။ ထင်တဲ့အတိုင်းပဲ လူတွေက ချမ်းသာလေလေ ပိုကပ်စေးနှဲလေလေပဲ။ ထိုညတွင် ကျိုးရှင်းဟွာနှင့် ကျန်းကျိုးအာတို့နှစ်ဦးစလုံးသည် ကျိုးထောင်ဟွားနှင့် အတူအိပ်ရန် အပြိုင်အဆိုင်ဖြစ်နေကြသည်။ သူတို့သည် သတို့သမီးနှင့် အတူရှိနေချင်ကြသည်လေ။ တစ်ယောက်မှာ သူမအစ်မဝမ်းကွဲဖြစ်ပြီး နောက်တစ်ယောက်မှာတော့ သူမဝမ်းကွဲယောင်းမ၏ ညီမ ဖြစ်သည်။ ကျန်းချွေ့အာသည် ကျန်းကျိုးအာ၏ ခေါင်းမာမာဖြင့်ကြိုးစားနေမှုကိုမြင်သောအခါ ခေါင်းကိုက်လာသည်ဟု ခံစားလိုက်ရ၏။

"ရှုပ်မနေနဲ့တော့ ငါနဲ့ပြန်လိုက်ခဲ့"

ကျန်းကျိုးအာကို ခေါ်သွားသည်အားမြင်သောအခါ ကျိုးရှင်းဟွာသူမအတွက် အခွင့်အရေးရပြီဟု ထင်လိုက်သော်လည်း ကျိုးရှန်းရှန့်မှဝင်ပြောလိုက်သည်။

"ဒီည ညီမထောင်ဟွားနဲ့ အိပ်ရမယ့်နေရာက အစ်မရဲ့နေရာပဲ၊ အစ်မမင်္ဂလာဆောင်တုန်းကလဲ သူအစ်မနဲ့အတူအိပ်ပေးခဲ့တာလေ၊ ဒါကြောင့် အခုအစ်မအလှည့်ပဲ၊ ဒါ့အပြင် ရှင်းဟွာ နင်ကအိမ်ထောင်မကျသေးတဲ့ မိန်းကလေးလေ၊ ငါ့အတွေ့အကြုံကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

သူမစကားကြောင့် ကျိုးရှင်းဟွာသာမက ကျိုးထောင်ဟွားပါ မျက်နှာနီရဲသွားကြသည်။ နောက်ဆုံးတွင် ကျိုးရှန်းရှန့်သာ ထိုနေရာကိုရရှိသွားလေ၏။ ကျိုးထောင်ဟွား စိုးရိမ်နေဟန်ဖြင့်မေးလိုက်သည်။

"အစ်မရှန်းရှန့် ဒီညယန်ကျားရွာကိုမပြန်တာ တကယ်အဆင်ပြေရဲ့လား"

ကျိုးရှန်းရှန့်မှာ အိမ်ထောင်သည်ဖြစ်နေပြီပင်။ ကျိုးရှန်းရှန့်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း လုံးဝဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ညီမမင်္ဂလာမဆောင်ခင် တစ်ညမှာ ညီမနဲ့အတူအိပ်ရမယ်ဆိုတာ မနေ့ကတည်းက ဖုန်းရှို့ကိုပြောပြီးသားပါ"

ချမ်ရှီဝင်လာပြီး ကျိုးရှန်းရှန့်နှင့်ကျိုးထောင်ဟွားတို့ အတူအိပ်နေသည်ကိုမြင်သောအခါ သူမမျက်နှာပေါ်တွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာလေသည်။

"ရှန်းရှန့် သမီးရောက်နေတာကောင်းတာပေါ့၊ ဒီညထောင်ဟွားကို သင်ခန်းစာ တချို့သင်ပေးလိုက်ပါဦး"

ထိုသို့ပြောပြီးနောက် ချမ်ရှီမှာ ကျိုးထောင်ဟွားကို သတိပေးလိုက်သည်။

"ထောင်ဟွား အဲဒီစာအုပ်ကိုထုတ်ပြီး ပြန်ဖတ်ဖို့မမေ့နဲ့နော်"

ချမ်ရှီထွက်သွားသည်နှင့် ကျိုးရှန်းရှန့်မှ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘာစာအုပ်လဲ၊ အဲ့ညကငါဖတ်ခဲ့တဲ့ စာအုပ်ပဲလား"

ကျိုးထောင်ဟွား ခေါင်းအုံးအောက်မှ ထုတ်ပေးလိုက်၍ ကျိုးရှန်းရှန့်ဖွင့်ကြည့်လိုက်ရာ တကယ်ပင်အတိအကျတူညီနေသည်ကို တွေ့လိုက်ရသည်။ ကျိုးထောင်ဟွားသည် ရုပ်ပြစာအုပ်ထဲမှပုံများကို မြင်သောအခါ ရှက်ရွံ့မှုကြောင့် သူမမျက်နှာမှာချက်ချင်းနီရဲသွားလေ၏။

"အစ်မရှန်းရှန့် အစ်မမင်္ဂလာဦးညတုန်းက နာလားဟင်”

All Chapters