အခန်း (၁၄၅)
Vol. 15 Ch. 145
ကျိုးရှန်းရှန့်မျက်နှာ ချက်ချင်းနီရဲသွားလေသည်။ အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာရှိသော်လည်း သူမသည် ကျိုးထောင်ဟွားနား,နားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်၏။
"သူက ညင်သာပါတယ် သိပ်မနာပါဘူး၊ ဒါပေမဲ့ နည်းနည်းတော့နာတာပေါ့၊ မနက်ဖြန်ညကျရင် သူ့ကိုနည်းနည်းပိုညင်သာဖို့သာပြောလိုက် သိပ်မနာလောက်ပါဘူး"
ကျိုးရှန်းရှန့်မှနည်းနည်းနာသည်ဟုပြောလာသည်အားကြားသောအခါ ကျိုးထောင်ဟွား မျက်နှာမဲ့သွားသည်။ သူမနာမှာကြောက်တယ်လေ။ ကျိုးရှန်းရှန့်အိမ်ထောင်ကျသည်မှာ နှစ်လကျော်ပြီ ဖြစ်ပြီး အတွေ့အကြုံရှိသူတစ်ယောက်အနေဖြင့် ကျိုးထောင်ဟွားအားအတွေ့အကြုံများစွာ မျှဝေပေးခဲ့သည်။
၎င်းသည် ရုပ်ပြစာအုပ်ထဲမှ ရိုးရှင်းသော ပုံများထက် အများကြီးပိုမိုနက်ရှိုင်းလှသည်။
"ညီမထောင်ဟွား အစ်မစကားနားထောင်၊ နောက်ကျရင် ညီမပျော်ရွှင်ရမှာသေချာတယ်"
ကျိုးထောင်ဟွား သူမပခုံးကိုရှက်ရွံ့ဟန်ဖြင့်တွန်းကာ တိုးတိုးလေးပြောလိုက်၏။
"သိပါပြီ"
နောက်တစ်နေ့ မိုးမလင်းခင်မှာပင် ချမ်ရှီသည် ကျိုးထောင်ဟွားကို အိပ်ရာမှဆွဲထူပြီး မိတ်ကပ်လိမ်းခြယ်ပြင်ဆင်ပေးရန် မှန်ရှေ့တွင် ထိုင်ခိုင်းလိုက်သည်။ ကျိုးထောင်ဟွားသည် ရွာအနောက်ဘက်စွန်းမှ အရှေ့ဘက်စွန်းသို့သာ ပြောင်းရွှေ့ရမည် ဖြစ်သော်လည်း ချမ်ရှီသည်သူမကို ပြင်ဆင်ပေးနေစဉ် မခွဲနိုင်မခွာရက်ဖြစ်နေသေး၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ဟွားလေး အရွယ်ရောက်လာပြီး အိမ်ထောင်ပြုရန်အဆင်သင့်ဖြစ်နေပြီပင်။ ချမ်ရှီမှ ရုတ်တရက်ငိုချလိုက်သည်ကိုမြင်သောအခါ ကျိုးထောင်ဟွားရင်ထဲတွင် ဆို့နင့်သွားပြီး မိခင်ဖြစ်သူနှင့်မခွဲခွာလိုသော ထူးဆန်းသည့်ခံစားချက်တစ်ခု ပေါ်လာလေသည်။ သူမ ဤကမ္ဘာတွင် နေထိုင်လာခဲ့သည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး ချမ်ရှီသည် သူမအားယခင်ဘဝ၌ တစ်ခါမှမရရှိခဲ့ဖူးသော မိခင်မေတ္တာများကို အများကြီးပေးစွမ်းခဲ့၏။ သူမမတ်တတ်ရပ်လိုက်ပြီး ချမ်ရှီ၏မျက်ရည်များကိုသုတ်ပေးကာ သူမကိုဖက်လိုက်သည်။
"အမေ သမီးကနေ့တိုင်းပြန်လာခဲ့မှာပါ"
ချမ်ရှီ သူမကိုတွန်းဖယ်လိုက်ပြီး ကိုယ့်မျက်ရည်ကိုယ်သုတ်လိုက်သည်။
"အိမ်ထောင်ကျပြီးတဲ့သူက ဘယ်လိုလုပ် နေ့တိုင်းမိဘအိမ်ပြန်ပြေးလာလို့ရမလဲ"
"ဒါပေမဲ့ ပန်းထိုးအလုပ်ရုံက ဒီမှာရှိတာပဲလေ၊ ဒါကြောင့် သမီးနေ့တိုင်းပြန်လာရမှာ သေချာတာပေါ့"
ချမ်ရှီသည် ရယ်လည်းရယ်ချင်သလို ဒေါသလည်းထွက်ချင်သွားပြီး နောက်ဆုံးတွင်မှာကြားလိုက်သည်။
"သမီးနဲ့ရှန်းမင်တို့ အတူတူကောင်းကောင်းမွန်မွန်နေကြရမယ်နော်၊ အချင်းချင်း နားလည်မှုလဲရှိရမယ်၊ ပြဿနာဖြစ်လာရင်တောင် စည်းလွတ်ဘောင်လွတ်မပြောရဘူး၊ ဒေါသလဲတန်းမထွက်ရဘူးနော်၊ ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကိုရှာရမယ် နားလည်လား"
"အမေ သမီးနားလည်ပါတယ် စိတ်မပူပါနဲ့၊ သမီး အစ်ကိုရှန်းမင်အပေါ်အလျှော့ပေးပါ့မယ်"
ကျိုးထောင်ဟွား နှစ်သိမ့်လိုက်သည်။ သူမသည် စိတ်ခံစားမှုနောက်လိုက်လေ့ရှိသူမဟုတ်သဖြင့် ချမ်ရှီ၏စိုးရိမ်ပူပန်မှုများမှာမဖြစ်နိုင်ဟု သူမခံစားရ၏။ ယောင်္ကျားတွေနဲ့ ပတ်သက်လာရင် အော်ဟစ်ဆူပူတာထက် ချော့မော့တာကပိုအလုပ်ဖြစ်ပါတယ်။ ရှန်းမင်ကို သူမလက်ထဲကနေမလွတ်သွားအောင် ထိန်းထားနိုင်မည်ဟု သူမယုံကြည်မှုရှိ၏။ ခဏအကြာတွင် ကျိုးရှန်းရှန့်အပြေးရောက်လာပြီးအော်ပြောလိုက်သည်။
"သတို့သားလာကြိုနေပြီ၊ ရှန်းမင်က ထောင်ဟွားကိုအိမ်ခေါ်ဖို့ လူရှစ်ယောက်ထမ်း ဝေါယာဉ်သုံးထားတယ်ဟေ့"
ရှန်းမိသားစုအိမ်သည် ကျိုးမိသားစုနှင့် သိပ်မဝေးလှပေ။ မင်္ဂလာလမ်းလျှောက်အဖွဲ့သည် လမ်းတစ်လျှောက်အိုးစည်ဗုံမောင်းများ တီးခတ်ပြီး ဗြောက်အိုးများဖောက်ကာ ခမ်းနားကြီးကျယ်စွာဖြင့်ရောက်ရှိလာသည်။ လူရှစ်ယောက် တည်ငြိမ်စွာထမ်းလာသော လူရှစ်ယောက်ထမ်းဝေါယာဉ်ကို ရွှေရောင်ပန်းပွားများ၊ တောက်ပသောပိုးသားပန်းပွင့်များဖြင့် အလှဆင်ထားပြီး နေရောင်အောက်တွင် တောက်ပနေလေ၏။ တောက်ပသော အနီရောင် မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားသော ရှန်းမင်သည် လမ်းလျှောက်အဖွဲ့ရှေ့ဆုံးမှနေ ယုံကြည်မှုရှိစွာ လျှောက်လှမ်းလာပြီး သူ့မျက်နှာပေါ်တွင် ဖုံးကွယ်မရသောပျော်ရွှင်မှုများ အထင်းသားပေါ်လွင်နေလေသည်။
"ဘုရားရေ လူရှစ်ယောက်ထမ်းဝေါယာဉ်တဲ့ ခမ်းနားလိုက်တာ"
"ငါတို့ရွာမှာမင်္ဂလာဆောင်ဖို့ လူရှစ်ယောက်ထမ်းဝေါယာဉ်သုံးတာ ဒါပထမဆုံးအကြိမ်ပဲ"
ရွာသားများသည် မင်္ဂလာလမ်းလျှောက်အဖွဲ့နောက်မှလိုက်ပါလာကြပြီး မြင်ကွင်းကိုကြည့်ရှုကာ ပျော်ရွှင်မှုများကိုမျှဝေခံစားနေကြသည်။ အိုးစည်ဗုံမောင်းသံများ နီးကပ်လာသည်နှင့်အမျှ ကျိုးထောင်ဟွား၏စိတ်ခံစားမှုများ ရုတ်တရက်ပိုမို တင်းမာလာလေ၏။ ဒီနေ့ သူမမင်္ဂလာဆောင်ရတော့မည်ပင်။ မင်္ဂလာလမ်းလျှောက်အဖွဲ့ ကျိုးမိသားစုအိမ်သို့ ရောက်ရှိလာချိန်တွင် ကျိုးထောင်ဟွားသည် အဝတ်အစားနှင့်မိတ်ကပ်ပြင်ဆင်ပြီးနေပြီဖြစ်သည်။ ဖီးနစ်သရဖူနှင့် ပန်းထိုးဝတ်ရုံများကို ဝတ်ဆင်ထားပြီး အနီရောင်ပိုးသားများဖြင့် လွှမ်းခြုံထားသောသူမသည် မျက်စိကျိန်းမတတ်လှပလွန်းလှ၏။ ချမ်ရှီမှာ ကျိုးထောင်ဟွားခေါင်းပေါ်ကို အနီရောင်ပဝါစလွှမ်းခြုံပေးလိုက်သည်။ ကျိုးထောင်ဟွားတွင် အစ်ကိုရောမောင်ပါမရှိသဖြင့် သူမအစ်ကိုဝမ်းကွဲကျိုးယွီမှသူမကို ကျိုးမိသားစုအိမ်ထဲမှနေ၍ သတို့သမီးဝေါယာဉ်ထဲသို့ ပွေ့ချီသွားပေးလေ၏။ အနီရောင်ပဝါစကြောင့်ရယ်လားတော့မသိ ရွာသားများ၏ပျော်ရွှင်သော ရယ်မောသံများသည် ပိုမိုရှင်းလင်းလာသလိုခံစားလိုက်ရသည်။ ဝေါယာဉ်ရပ်တန့်သွားသည်ထိ သူမလက်ချောင်းများကို စိုးရိမ်တကြီးပွတ်သပ်နေမိ၏။ ထို့နောက်လက်တစ်ဖက်ပေါ်လာသည်ကို ပဝါစအောက်မှနေမြင်လိုက်ရသည်။
"ညီမထောင်ဟွား ကိုယ့်အိမ်ရောက်ပြီ၊ ဝေါယာဉ်ပေါ်က ဆင်းရမယ့်အချိန်ပဲ"
ရင်းနှီးနေသော ရှန်းမင်အသံပင်။ ကျိုးထောင်ဟွား၏စိုးရိမ်မှုများ အနည်းငယ် လျော့ကျသွားသည်။ သူမလက်ကို ရှန်းမင်၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ပြီး ရှန်းမိသားစုအိမ်ဆီသို့ ဦးဆောင်ခေါ်သွားခွင့်ပြုလိုက်၏။ ပတ်ဝန်းကျင်ရှိ လူများမှာ အော်ဟစ်လိုက်ကြသည်။
"သတို့သမီး ရောက်လာပြီဟေ့"
ရှန်းမိသားစုခြံဝင်းရှေ့တွင် အနီရောင် မီးပုံးများ အမြင့်ကြီးချိတ်ဆွဲထားပြီး မြေပြင်ပေါ်တွင် ကျက်သရေရှိသောအနီရောင်ကော်ဇောခင်းထားကာ ဧည့်အဆောင်တွင်း၌ အမွှေးတိုင်စားပွဲများဖြင့်ပြည့်နှက်နေလေသည်။
"ပထမအကြိမ် ဦးညွှတ်ခြင်းအနေနဲ့ ကောင်းကင်နှင့် မြေကြီးကိုကန်တော့ပါ"
မင်္ဂလာအခမ်းအနားမှူးမှ ကျယ်လောင်စွာ ကြေညာလိုက်သည်နှင့် ရှန်းမင်သည် ကျိုးထောင်ဟွားကိုလှည့်စေပြီး ဧည့်ခန်းဆောင်အပြင်ဘက်ကို မျက်နှာမူကာ ကောင်းကင်နှင့်မြေကြီး၏ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတင်ရှိကြောင်း လေးလေးနက်နက်ဦးညွှတ်ကန်တော့လိုက်ကြလေသည်။
"ဒုတိယအကြိမ် ဦးညွှတ်ခြင်းအနေနဲ့ မိဘများကိုကန်တော့ပါ"
ရှန်းမင်၏မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်ရာ ကျိုးထောင်ဟွားမိဘများဖြစ်သော ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သာထိုင်နေရသည်။ သူတို့သည် သမီးကိုအိမ်ထောင်ချပေးရမည့်သူများဖြစ်သော်လည်း ယခုအခါ ရှန်းမိသားစုအိမ်တွင် မောင်နှံသစ်၏ကန်တော့ခြင်းကို ခံယူနေရသဖြင့် ရင်ထဲတွင်ပျော်ရွှင်မှုများပြည့်နှက်နေသော်လည်း မျက်လုံးများတွင်တော့မျက်ရည်များ ရစ်သိုင်းနေကြ၏။ သူတို့နှစ်ဦး အတူတကွ ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ကို ဦးညွှတ်ကန်တော့ပြီး မိဘများ၏ပြုစုပျိုးထောင်ပေးမှုအတွက် ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ကြသည်။
"မောင်နှံနှစ်ဦး အပြန်အလှန်ဦးညွှတ်ပါ"
ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ အချင်းချင်း မျက်နှာမူကာရပ်လိုက်ပြီး လေးလေးနက်နက်ဦးညွှတ်ကြလေသည်။
အနီရောင်ပဝါစကြားမှနေ၍ ကျိုးထောင်ဟွားသည် ရှန်းမင်၏လေးနက်စွာဦးညွှတ်မှုကြောင့်ပေါ်လာသော သူ့ခေါင်းနောက်ဘက်ကိုမြင်လိုက်ရပြီး သူမနှုတ်ခမ်းများပေါ်တွင် အပြုံးလေးတစ်ခုဖြစ်ပေါ်လာလေ၏။ ရှန်းမင်၏ဦးညွှတ်မှုမှာ ကျိုးထောင်ဟွားထက် ပိုလေးနက်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်းရယ်မောလိုက်ကြသည်။ မင်္ဂလာအခမ်းအနားပြီးဆုံးသွားပြီး ကျိုးထောင်ဟွားကို မင်္ဂလာအခန်းသို့ ကျိုးရှင်းဟွာမှတွဲခေါ်သွားလေ၏။
"ညီမထောင်ဟွား အစ်ကိုရှန်းမင်က သူ့ခေါင်းအုံးဘေးမှာ သရေစာတချို့ရှိတယ်တဲ့၊ ဗိုက်ဆာရင်ယူစားလိုက်နော်"
ထိုသို့ပြောပြီးနောက် ကျိုးရှင်းဟွာထွက်သွားလေသည်။ ထိုစကားကိုကြားသောအခါ ကျိုးထောင်ဟွား သူမတကယ်ဗိုက်ဆာနေပြီမှန်းသိလိုက်၏။ ယနေ့မနက် အိပ်ရာနိုးကတည်းမှ ချမ်ရှီတစ်ယောက် သူမကိုမိတ်ကပ်ပြင်ပေးရန် မှန်ရှေ့ကိုဆွဲခေါ်သွားခဲ့၍ပင်။ သူမခေါင်းအုံးဘေးရှိ အထုပ်ကိုယူကြည့်လိုက်ရာ အတွင်း၌ စွန်ပလွံသီးအစာသွပ်မုန့်တစ်ခုကို တွေ့လိုက်ရသည်။ တစ်ကိုက်,ကိုက်ကြည့်လိုက်ရာ အပြင်ဘက်အခွံလေးမှာ ကြွပ်ရွနေပြီး အတွင်းအနှစ်တွင်စွန်ပလွံသီးနံ့သင်းနေကာ ချိုသော်လည်းမအီပေ။
စားပြီးသွားသောအခါ သူမကုတင်ပေါ်တွင် စွန်ပလွံသီးများ၊ တရုတ်ဆီးသီးများ ပြန့်ကျဲနေသည်ကို သတိထားမိလိုက်သည်။ ၎င်းသင်္ကေတအဓိပ္ပာယ်မှာ ထင်ရှားလှ၏။ ပဝါစအောက်ရှိ ကျိုးထောင်ဟွားပါးပြင်များ ပူလောင်လာလေသည်။
ယနေ့ ရှန်းမင်နှင့်ကျိုးထောင်ဟွားတို့ မင်္ဂလာဆောင်ကြသဖြင့် ရွာတစ်ရွာလုံး အောင်ပွဲခံနေကြ၏။ လူတိုင်းမှာ ရှန်းမင်ကို ဂုဏ်ပြုကြပြီး အရက်ခွက်များလာတိုက်ကြလေသည်။ ကျိုးရှန့်အန်းသည် တောက်ပသောအနီရောင်မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားသည့် ရှန်းမင်ကိုကြည့်လိုက်ပြီးနောက် မင်္ဂလာအခန်းဆီသို့လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ ရှန်းမင်နဲ့ထောင်ဟွား လက်ထပ်သွားကြပြီ။ ထောင်ဟွားနှင့်ရှန်းမင်တို့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြဖို့ကို သူမျှော်လင့်ပါ၏။ တကယ်လို့ ရှန်းမင်သာ ထောင်ဟွားကို အနိုင်ကျင့်ရဲလျှင် ပထမဆုံးအပြစ်ပေးမည့်သူမှာ သူဖြစ်လာလိမ့်မည်။ ထိုသို့တွေးရင်း သူအရက်ခွက်ကိုယူကာ ရှန်းမင်ထံသို့ လျှောက်သွားလိုက်သည်။
"ရှန်းမင် မင်းနဲ့ထောင်ဟွား ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်၊ ငါ့မှာညီမအရင်းမရှိပေမယ့် ထောင်ဟွားကို ငါ့ညီမအရင်းလို သဘောထားတာပါ၊ တကယ်လို့ မင်းသာငါ့ညီမကို အနိုင်ကျင့်ရဲရင် ငါကသူ့မိသားစုအနေနဲ့ သေချာပေါက်သူ့ဘက်က ရပ်တည်ပေးမှာပဲ"
ကျိုးရှန့်အန်း သတိပေးလိုက်သည်။ ရှန်းမင်မှာ ကျိုးရှန့်အန်း ထောင်ဟွားကိုသဘောကျမှန်းသိထားသဖြင့်ပြန်ဖြေလိုက်၏။
"မင်း အဲဒီအခွင့်အရေးရမှာမဟုတ်ပါဘူး၊ ထောင်ဟွားနဲ့ငါက ကျိန်းသေကိုပျော်ပျော်ရွှင်ရွှင်နေသွားကြမှာ"
ထိုသို့ပြောပြီးနောက် ရှန်းမင်သည် အရက်ခွက်ကို ကျိုးရှန့်အန်းဘက်သို့ မြှောက်ပြကာ တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ကျိုးရှန့်အန်းလည်း မှုန်ကုပ်ကုပ်ဖြင့် သူ့ခွက်ထဲမှအရက်များကိုအကုန်သောက်လိုက်၏။ အပြန်တွင် ကျိုးရှင်းဟွာနှင့် ကျန်းကျိုးအာတို့စားပွဲကိုဖြတ်သွားစဉ် သူတို့နှစ်ဦးကြားသို့ ကိုယ်ကိုကိုင်းလိုက်ပြီး သတိပေးလိုက်သည်။
"ရှန်းမင်က ညီမထောင်ဟွားနဲ့လက်ထပ်ပြီးပြီ၊ မင်းတို့နှစ်ယောက် မင်းတို့အတွေးတွေကို စိတ်ထဲမှာပဲထားတာပိုကောင်းမယ်၊ တကယ်လို့ ညီမထောင်ဟွားရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးရဲရင် မင်းတို့ကိုငါလုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး"
ကျန်းကျိုးအာ သူ့ထံမျက်ခုံးပင့်ပြလိုက်ပြီး လေသံမာမာဖြင့်ပြန်ဖြေလိုက်သည်။
"ရှင်ဘာတွေးနေလဲဆိုတာ ကျွန်မ,မသိဘူး မထင်နဲ့၊ ညီမထောင်ဟွားက ရှန်းမင်နဲ့ လက်ထပ်ပြီးပြီ၊ တကယ်လို့ ရှင်သာသူတို့ရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးရဲရင် ရှင့်ကိုအရင်ဆုံး အေးအေးချမ်းချမ်းနေခွင့်မရအောင်လုပ်ပစ်မယ်"
ကျိုးရှင်းဟွာလည်း လေသံနှိမ့်ပြီးထောက်ခံပြောဆိုလာသည်။
"ငါရောပဲ"
ကျိုးရှန့်အန်း သူတို့နှစ်ယောက်ထံ ပေကပ်ကပ်ဖြင့်ပြန်ကြည့်ရာ ကျိုးရှင်းဟွာနှင့် ကျန်းကျိုးအာတို့ကလည်း အလျှော့မပေးဘဲပြန်ကြည့်ကြလေသည်။ ကျိုးရှန့်လင်သည် ရှန်းမင်ကို အားကျစွာဖြင့်ကြည့်နေမိ၏။ သူကတော့ ၁၉နှစ်နဲ့အိမ်ထောင်ကျသွားပြီ။ ငါကတော့ အသက် ၂၀ရှိနေပြီကို ခုထိအိမ်ထောင်မကျသေးဘူး။ သူအရက်ခွက်ကိုယူပြီး ကျိုးလျန်ဟွားထံသို့ လျှောက်သွားလိုက်သည်။
"ညီမလျန်ဟွား အစ်ကို့မိသားစုရဲ့ဆေးပင်စိုက်ခင်းတွေကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ အရက်တစ်ခွက်တိုက်ပါရစေ"
"အာ အဲ့ဒီကိစ္စလား၊ ရှင်ကကျွန်မကို ပိုက်ဆံပေးပြီးပြီပဲလေ ရှန့်လင်"
ကျိုးလျန်ဟွား အမြန်မတ်တတ်ရပ်လိုက်သည်။ တစ်နေ့ကို ဆယ်ပြားဖြင့် ထိုစဉ်က သူမ ကျိုးရှန့်လင်၏ဆေးပင်စိုက်ခင်းလေးမူကို ကူညီစောင့်ရှောက်ပေးခဲ့ရာ ပိုက်ဆံအများအပြားစုမိခဲ့၏။ သူတို့ဘက်မှဆူညံသံများကိုကြားလိုက်ရသဖြင့် ကျိုးရှင်းဟွာ၊ ကျန်းကျိုးအာ နှင့် ကျိုးရှန့်အန်းတို့ သူတို့ဘက်သို့လှည့်ကြည့်လာကြသည်။ ကျိုးရှန့်လင်မှ ကျိုးလျန်ဟွားထံမေးလိုက်သည်ကို သူတို့ ကြားလိုက်ရ၏။
"လျန်ဟွား ကိုယ့်ကိုလက်ထပ်မလား”