အခန်း (၁၄၆)
Vol. 15 Ch. 146
"ကိုယ့်မိသားစုမှာ အခုဆိုအုတ်အိမ်တစ်လုံးရှိနေပြီ၊ ပြီးတော့ ပိုက်ဆံတချို့လဲစုထားတယ်၊ နောက်လနည်းနည်းနေရင် နွားလှည်းတစ်စီးဝယ်နိုင်တော့မှာပါ"
ကျိုးလျန်ဟွား - "!!!"
သူမထင်ယောင်ထင်မှားဖြစ်နေသည်အထင်ဖြင့် အံ့သြတကြီးမော့ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် ရွာသားများ၏ရယ်မောသံနှင့် စကားပြောသံများဖြင့်ပြည့်နှက်နေပြီး သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းဖြစ်ရာ သူတို့ပြောနေသည်များကို မည်သူကမှဂရုမစိုက်ကြပေ။ ကျိုးလျန်ဟွား သေချာမကြားလိုက်ဟန်ဆောင်ပြီး ပြန်ထိုင်ရန်ပြင်လိုက်စဉ် သူမဘေးနားရှိ ကျိုးရှင်းဟွာနှင့်အခြားနှစ်ယောက်၏အကြည့်များကို ရုတ်တရက် သတိထားမိလိုက်သည်။
တစ်ခဏချင်းမှာပင် ကျိုးလျန်ဟွား၏မျက်နှာ နီရဲသွားတော့၏။ ကျိုးရှန့်လင်မှ ကျိုးလျန်ဟွားကို အမှန်တကယ်သဘောကျနေလိမ့်မည်ဟု ကျိုးရှင်းဟွာ၊ ကျန်းကျိုးအာနှင့် ကျိုးရှန့်အန်းတို့ လုံးဝထင်မထားခဲ့ကြပေ။
ကျိုးရှင်းဟွာ ကျိုးရှန့်လင်ကိုကြည့်လိုက်သည်။ အရင်ကဆို သူသည်ပျင်းရိပြီး တိုးတက်လိုစိတ်မရှိခဲ့သော်လည်း သူ့မိခင်ရွှီရှီ ကွယ်လွန်သွားပြီးကတည်းမှ အချိန်ဖြုန်းခြင်းမရှိတော့ဘဲ လုံ့လဝီရိယရှိရှိကြိုးစားလုပ်ကိုင်လာခဲ့၏။ အုတ်အိမ်တစ်လုံးဆောက်လုပ်နိုင်ခဲ့ပြီး ဆေးပင်ခင်းလေးမူကိုလည်းပိုင်ဆိုင်ထားသည်။ လက်ရှိသူ့ပိုင်ဆိုင်မှုများဖြင့်ဆိုလျှင် ဇနီးတစ်ယောက်ရရှိရန် ခက်ခဲမည်မဟုတ်သော်လည်း သူသည် ဂုဏ်သိက္ခာကျဆင်းနေသော သူမ၏ဒုတိယဝမ်းကွဲအစ်မကို လက်ထပ်ချင်နေ၏။ မည်သည့်ရှုထောင့်မှကြည့်ကြည့် ကျိုးလျန်ဟွား သူ့ကို လက်ထပ်ရသည်မှာ နစ်နာစရာမရှိပေ။
ကျိုးရှင်းဟွာသည် ကျိုးရှန့်လင်ကို ဆွဲထား၍ပြောလိုက်သည်။
"အိမ်ထောင်ရေးဆိုတာ မိဘတွေဆုံးဖြတ်ပြီး အောင်သွယ်တွေက စီစဉ်ပေးရတဲ့ကိစ္စကြီးလေ၊ တစ်ကယ်လို့ ရှင်သာကျွန်မရဲ့ဝမ်းကွဲအစ်မကို တစ်ကယ်လက်ထပ်ချင်တယ်ဆိုရင် အောင်သွယ်တော်ယိုကို ကျွန်မတို့ကျိုးအိမ်ဟောင်းဆီ တင်တောင်းငွေလာပို့ခိုင်းလိုက်ပေါ့"
"ရှင်းဟွာ"
ကျိုးလျန်ဟွား ကျိုးရှင်းဟွာထံအသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သော်လည်း ကျိုးရှန့်လင်ကိုမူ မော့မကြည့်ရဲပေ။
"ငါ နားလည်ပြီ၊ လျန်ဟွား ကိုယ့်ကိုစောင့်နေနော်"
ကျိုးရှန့်လင် ထိုသို့ပြောပြီးနောက်ထွက်ခွာသွားရာ ကျိုးလျန်ဟွားတစ်ယောက်တည်း ရင်ထဲဗလောင်ဆူလျက် ကျန်ရစ်ခဲ့လေသည်။ ကျိုးရှင်းဟွာနှင့် အခြားနှစ်ယောက်မှာ သူမအနားရောက်လာကြပြီးပွစိပွစိပြောကြတော့၏။
"လျန်ဟွား သူက နင့်ကိုတစ်ကယ်သဘောကျနေတယ်ဆိုတာမသိခဲ့ဘူးလား"
"သူက ဘာလို့ဆေးပင်စိုက်ခင်းတွေကိုကူစောင့်ရှောက်ခိုင်းပြီး နေ့တိုင်းဆယ်ပြားပေးရတာလဲလို့ ငါတွေးနေတာ၊ သူကအဲ့အချိန်ကတည်းက နင့်ကိုစိတ်ဝင်စားနေခဲ့တာကိုး"
ကျိုးလျန်ဟွားသည် သူတို့စကားများကိုနားထောင်ရင်း ခေါင်းကိုပိုငုံ့လိုက်ပြီး သူမမျက်နှာသည်လည်း တစ်စထက်တစ်စနီရဲလာလေတော့သည်။ ရှန်းမင် ဧည့်သည်များအားလုံးကို နှုတ်ဆက်ပို့ဆောင်ပြီးချိန်တွင် မှောင်နေပြီပင်။ ကျိုးအာ့ရှုနှင့် သူ၏ဇနီး၊ ကျိုးအိမ်ဟောင်းမှလူများသည် ခြံဝင်းကိုသန့်ရှင်းရေးနှင့် နေရာချထားရာတွင်ကူညီပေးပြီးမှ ထွက်ခွာသွားကြသည်။ ရှန်းမင် ခြံဝင်းတံခါးကိုပိတ်လိုက်ပြီး မင်္ဂလာအခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေ၏။ တဖျပ်ဖျပ်လက်နေသော ဖယောင်းတိုင်အနီများသည် အခန်းကို နွေးထွေးသောအလင်းရောင်ဖြင့် လင်းထိန်စေသည်။ ကုတင်ဘောင်ကိုမှီ၍ အိပ်ပျော်လုနီးပါးဖြစ်နေသော ကျိုးထောင်ဟွားသည် တံခါးဖွင့်သံကြောင့် လန့်နိုးသွားလေ၏။
"ထောင်ဟွား ပင်ပန်းနေပြီလား"
ရှန်းမင်မှ အနီရောင်ပုဝါစကိုအသာ,မ,တင်လိုက်ရာ သူမ၏မက်မွန်ပန်းကဲ့သို့မျက်နှာလှလှလေး ပေါ်လာလေသည်။ ကျိုးထောင်ဟွား ခေါင်းကို အသာငုံ့လိုက်ပြီး ရှက်သွေးဖြာသွားရလေ၏။
အခန်းထဲတွင် ဖယောင်းတိုင်အနီများဖြင့်ပြည့်နှက်နေပြီး သူမအောက်ရှိစောင်တွင် အနီရောင်မန်ဒရင်းဘဲများ ပန်းထိုးထားသည်။ အခန်းထဲတွင် သူတို့နှစ်ယောက်တည်းသာရှိနေပြီး ကျိုးထောင်ဟွား အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲတွင်တင်းကြပ်လာသလို ခံစားလိုက်ရ၏။
ရှန်းမင်သည် ကျိုးထောင်ဟွား၏ရှုပ်ထွေးလှသောခေါင်းအဆင်တန်ဆာများကို ဖယ်ရှားပေးလိုက်ရာ သူမ၏ရေတံခွန်အလားကျဆင်းနေသော နက်မှောင်တောက်ပသည့် ဆံနွယ်ရှည်များပေါ်လွင်လာလေသည်။
ကျိုးထောင်ဟွားအား ဤပုံစံမျိုးဖြင့်ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောအခါမှ သူတို့အိမ်ထောင်ရေးသည် တစ်ကယ့်လက်တွေ့ဖြစ်ကြောင်း နောက်ဆုံး သူခံစားလိုက်ရ၏။ ဘီးတစ်ချောင်းကိုယူ၍ သူမဆံနွယ်ရှည်များကို အသာအယာသူဖြီးသင်ပေးလိုက်သည်။
ထို့နောက် မတ်တတ်ရပ်ပြီး မင်္ဂလာဦးအရက်တစ်ခွက်ကိုငှဲ့ကာ နှစ်ယောက်အတူသောက်လိုက်ကြလေ၏။ သစ်သီးအရက်သည် ချိုမြိန်လှပြီး ချိုမြိန်သောထိုအရည်များ လည်ချောင်းထဲသို့စီးဆင်းသွားသည်နှင့်အမျှ ရင်ထဲထိပါ ချိုမြိန်မှုနှင့်ပျော်ရွှင်မှုများပျံ့နှံ့သွားသည်ကို ရှန်းမင်ခံစားလိုက်ရသည်။ သို့သော် ကျိုးထောင်ဟွားမှာတော့ မင်္ဂလာဦးအရက်ကိုသောက်ပြီးနောက် ပို၍ပင်စိုးရိမ်တကြီး ဖြစ်နေပုံရ၏။ အရက်ခွက်ကို သူပြန်သိမ်းကာ မေးလိုက်သည်။
"ညီမထောင်ဟွား ဗိုက်ဆာနေပြီလား၊ အစ်ကို မီးဖိုချောင်ထဲသွားပြီးတစ်ခုခု နွှေးပေးမယ်လေ"
"မလိုပါဘူး အစ်ကိုဝယ်ထားပေးတဲ့ သရေစာတွေ ညီမစားထားပါတယ်"
ထိုစကားကိုကြားသောအခါ ရှန်းမင်သည် သူမကိုအသာအယာပွေ့ဖက်လိုက်ပြီး ပြောလာ၏။
"ညီမထောင်ဟွား အစ်ကိုဗိုက်ဆာနေတယ်"
ကျိုးထောင်ဟွား သူ့ကိုတစ်ခုခုသွားစားရန် တိုက်တွန်းဖို့ပြင်လိုက်စဉ် သူ့နှုတ်ခမ်းများမှာတိုးကပ်လာပြီး သူမအားနမ်းရှိုက်လိုက်ရာ အခန်းတွင်းလေထုသည် ချက်ချင်းပင် ပိုမိုရင်းနှီးနွေးထွေးလာလေသည်။ ရှန်းမင်၏ ပူနွေးသောအသက်ရှူငွေ့များကို သူမရှင်းရှင်းလင်းလင်းခံစားနေရပြီး စကားမပြောနိုင်ခင်မှာပင် သူ့လှုပ်ရှားမှုနှင့်အတူ ကုတင်ပေါ်သို့လဲကျသွားလေ၏။ သူမခါးထက်ရှိလက်သည် အပေါ်သို့ဖြည်းညှင်းစွာရွေ့လျားလာသည်။ နွေရာသီဖြစ်၍ အဝတ်အစားပါးပါးသာဝတ်ထားရာ သူထိတွေ့သမျှနေရာတိုင်းမှာ အလွန်တရာပူလောင်လာသည်ဟု ကျိုးထောင်ဟွားခံစားလိုက်ရ၏။ ရုတ်တရက် ရုပ်ပြစာအုပ်ထဲမှပုံရိပ်များနှင့် ကျိုးရှန်းရှန့်ပြောပြခဲ့သည်များမှာ သူမခေါင်းထဲဖြတ်ပြေးသွားသည်။
ရှန်းမင်ရင်ဘတ်ပေါ်သို့ လက်တင်ကာအားနှင့်တွန်းဖယ်လိုက်ပြီး သူမပြောလိုက်၏။
"နေဦး ခဏလေးနေဦး"
"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"
ရှန်းမင်အသံမှာ အက်ရှနေပြီး မျက်လုံးများတွင်လည်း လိုလားတောင့်တမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ပြည့်နှက်နေသည်။
"အစ်ကိုရှန်းမင် ညီမတစ်ခုတွက်ကြည့်လိုက်ဦးမယ် ခဏစောင့်"
"???"
ရှန်းမင် သူမထံမယုံကြည်နိုင်ဟန်ဖြင့်ကြည့်နေမိသည်။ သူတို့ရဲ့မင်္ဂလာဦးညမှာ ဘာတွေများတွက်ချင်ကြည့်မှာလဲ။ သို့သော် ကျိုးထောင်ဟွားတွက်ချက်နေစဉ် သူမ၏လေးနက်သော မျက်နှာထားကို မြင်လိုက်ရသဖြင့် သူ့ဆန္ဒများကို မြိုသိပ်ကာ သူမပြီးဆုံးမည့်အချိန်ကို ကုတင်ပေါ်တွင် တိတ်တဆိတ်ထိုင်စောင့်နေရုံသာတတ်နိုင်တော့သည်။ နောက်ဆုံး ကျိုးထောင်ဟွား လက်ပြန်ချလိုက်ပြီး သူမမျက်နှာထက်တွင် သက်သောင့်သက်သာရှိသောအပြုံးတစ်ခုပေါ်လာသည်ကို သူ တွေ့လိုက်ရ၏။ စူးစမ်းလိုစိတ်ဖြင့် သူမေးလိုက်သည်။
"ညီမထောင်ဟွား ခုနက ဘာတွေတွက်လိုက်တာလဲ"
ရှန်းမင်မျက်လုံးများထဲတွင် ရယ်မောဟန်များဖြင့်ပြည့်နှက်နေသည်။ ဒီည သူတို့ ကလေး ဘယ်နှယောက်ရမလဲတို့ ယောကျာ်းလေးလား မိန်းကလေးလားဆိုတာကို ညီမထောင်ဟွားတွက်နေတာဖြစ်ရမယ်။ ကျိုးထောင်ဟွား ရှက်ရွံ့ဟန်ဖြင့်ပြန်ဖြေလိုက်သည်။
"မင်္ဂလာဦးညမှာ နာမလား မနာဘူးလားဆိုတာကို ညီမ ခုနကတွက်ကြည့်လိုက်တာ"
ရှန်းမင်မျက်ဝန်းအိမ်များ အနည်းငယ် ပြူးကျယ်သွားပြီး မျက်နှာထက်တွင်ရှက်သွေးဖြာလာကာ ကျိုးထောင်ဟွားထံကြည့်သည့်အကြည့်များမှာလည်း ပိုမိုစူရှလာလေ၏။
"တွက်ချက်ကြည့်တော့ ဘယ်လိုအဖြေထွက်လဲ"
"မနာဘူးတဲ့"
ကျိုးထောင်ဟွားပြောပြီးနောက် ရှန်းမင်ဘက်သို့လှည့်ကာ မှာကြားလိုက်သည်။
"အစ်ကိုရှန်းမင် ခဏနေရင် ညင်ညင်သာသာလေးလုပ်ရမယ်နော်"
သူမ၏ရှက်ရွံ့နေပြီး အပြစ်ကင်းစင်ကာ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် ရှန်းမင်၏အလိုရမ္မက်များပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရသည်။ သူ့ရင်ထဲမှ ဆန္ဒများကို ဆက်လက်မမြိုသိပ်နိုင်တော့ရာ တိုးငြင်းအက်ရှနေသောအသံဖြင့်ကတိပေးလိုက်၏။
"အစ်ကို အရမ်း အရမ်းကိုညင်သာပါ့မယ်"
သူ့လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းများဖြင့် သူမဆံနွယ်များကို အသာပွတ်သပ်ကာ ဆံနွယ်များမှသည် ပါးပြင်ဆီသို့ ရွေ့လျားသွား၏။ ထိုလှုပ်ရှားမှုသည် တန်ဖိုးကြီးရတနာတစ်ခုကို ထိတွေ့နေရသကဲ့သို့ ညင်သာလှသည်။ ဖြည်းဖြည်းချင်းအနားကပ်သွားပြီး သူ့နှုတ်ခမ်းများမှာ သူမနှုတ်ခမ်းများပေါ်သို့ နူးညံ့သောအချစ်များပြည့်နှက်စွာဖြင့် အသာအယာကျရောက်သွားလေ၏။ သူ့နှုတ်ခမ်းများမှာ နောက်သို့ရွေ့သွားပြီး သူမနားရွက်ဖျားလေးကို ဖွဖွလေးကိုက်ခဲလိုက်ရာ ကျိုးထောင်ဟွား တစ်ကိုယ်လုံးတုန်ရီသွားပြီး သူမလက်များမှာ သူ့အင်္ကျီလက်စကို မသိစိတ်ဖြင့်ဆုပ်ကိုင်မိသွားလေသည်။ ရှန်းမင်နှုတ်ခမ်းများ သူမလည်တိုင်တစ်လျှောက် ရွေ့လျားသွားစဉ် ကျိုးထောင်ဟွား ခေါင်းကိုအနည်းငယ် စောင်းလိုက်ကာ သူမမျက်လုံးများထဲတွင်လည်း ရှက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေလေ၏။
ရုတ်တရက် သူမခါးပတ်ကြိုးဖြုတ်ချခံလိုက်ရပြီး ဖုံးကွယ်ထားသည်တို့မြင်သာပေါ်လွင်သွားသည်ကို ခံစားလိုက်ရသည်။
ရှန်းမင်အနမ်းများ သူမလည်တိုင်အခြေသို့ ဆက်တိုက်ရောက်ရှိသွားစဉ် ကျိုးထောင်ဟွားမှာ ဝိညာဉ်စွမ်းအင်များသည် ယခင်ကထက် မြောက်များစွာပိုမိုပြည့်ဝတိုးပွားလာသည်ကို ခံစားလိုက်ရ၏။ အလွန်အမင်းပြည့်ဝလာသော ဝိညာဉ်စွမ်းအင်ကြောင့်လား အခြားအရာတစ်ခုခုကြောင့်လားရယ်မသိပေသိ သူမသည် လောကီခံစားချက်နှင့်မတူသော နှစ်သက်ဖွယ်ပျော်ရွှင်ကြည်နူးမှုမျိုးကို ခံစားလိုက်ရသည်။
သူတို့နှစ်ဦး နူးညံ့သောမင်္ဂလာစောင်ပေါ်တွင် ယှဉ်လျက်လှဲလျောင်းနေကြပြီး လိုက်ကာများလည်း အသာယိမ်းနွဲ့နေကာ နီရဲရဲဖယောင်းတိုင်မီးရောင်သည် သူတို့၏ယှက်နွှယ်နေသော အရိပ်များကို လင်းထိန်နေစေ၏။ သူမလက်လှမ်းပြီး ရှန်းမင်၏ကျောပြင်ကိုဆုပ်ကိုင်ကာ သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်လေသည်။