အခန်း (၁၄၇)
Vol. 15 Ch. 147
အခန်းထဲတွင် ချိုမြိန်သောအငွေ့အသက်များပြည့်နှက်နေပြီး သန်းခေါင်ယံအချိန်ရောက်မှသာ ကုတင်လိုက်ကာများပိတ်ချလိုက်ရလေသည်။ ကျိုးထောင်ဟွား၏ နီရဲနေသောမျက်နှာလေးကိုကြည့်ရင်း သူမသည် ပွင့်လန်းနေသောမက်မွန်ပန်းလေးတစ်ပွင့်နှင့်တူသည်ဟု ရှန်းမင်ခံစားလိုက်ရ၏။
"ညီမထောင်ဟွား အစ်ကိုရေနွေးသွားတည်လိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် ရှန်းမင်သည် ကျိုးထောင်ဟွားနဖူးလေးကို အသာနမ်းလိုက်ပြီး ကုတင်ပေါ်မှထသွားလေသည်။ သူ့ကျောပြင်ပေါ်ရှိ ကုတ်ခြစ်ရာအချို့ကို ကျိုးထောင်ဟွား မတော်တဆမြင်လိုက်ရသဖြင့် သူမမျက်လုံးများ ဟိုဒီဝေ့ဝဲသွားပြီး ရှက်ရွံ့စွာဖြင့် စောင်ကိုခေါင်းမြီးခြုံလိုက်လေ၏။ ဒါပေမယ့် တွက်ချက်လိုက်တဲ့ဟောကိန်းက တစ်ကယ်ကိုတိကျတာပဲ။ သူမခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များပြည့်လျှံနေသလို ယခုအချိန်တွင် သူမ၏ကျင့်ကြံခြင်းအဆင့်သည် ရွှမ်ရွှဲ့တာအိုဂိုဏ်းချုပ်ကြီးတစ်ယောက်နှင့် တူညီနေပြီပင်။ သူမသည် လက်တစ်ဖက်ကိုခေါင်းအုံးပြီး ကုတင်ပေါ်တွင်အေးဆေးသက်သာစွာလှဲလျောင်းကာ ခြေထောက်များကိုလွှဲယမ်းနေပြီး သူမမျက်လုံးများထဲတွင် ညစ်တစ်တစ်အရိပ်အယောင်တစ်ခု လင်းလက်နေလေသည်။
မင်္ဂလာဦးညတစ်ညတည်းဖြင့် ဤမျှများပြားသောဝိညာဉ်စွမ်းအင်များရရှိလိုက်ရာ သူမအနေဖြင့် တစ်ကယ်ကိုရွှေတွင်းတူးမိခြင်းပင်။ ရှန်းမင်ရေနွေးယူလာသောအခါ ကျိုးထောင်ဟွားတစ်ယောက် ကုတင်ပေါ်တွင်ပြုံးဖြီးဖြီးဖြင့် လှဲနေသည်ကိုတွေ့လိုက်ရသည်။
"အစ်ကို့ကိုလက်ထပ်ရလို့ အဲ့လောက်တောင် ပျော်နေတာလား"
ရှန်းမင်မေးလိုက်သည်။ ကျိုးထောင်ဟွားအကြည့်များ သူ့ထံရောက်ရှိသွားပြီး သူမ၏ကြာရိုးလေးများအလား ဖြူဖွေးနေသော လက်မောင်းလေးများဖြင့် သူ့လည်ပင်းကို သိုင်းဖက်ကာပြောလိုက်၏။
"ဒါပေါ့ အစ်ကိုရှန်းမင်ကိုလက်ထပ်ရတာ ညီမအတွက် အမြတ်ကြီးပဲ"
အိမ်ထောင်ကျပြီးနောက် ဝိညာဉ်စွမ်းအင် အားဖြည့်ဖို့ နည်းလမ်းအသစ်တစ်ခုကို သူမဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။ မြန်ဆန်တဲ့အပြင် အများကြီးလည်းရတယ်လေ။ ဒီအချိန်ကစပြီး ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားမှာကို သူမပူပန်စရာမလိုတော့ဘူး။
သူမ၏ချွဲနွဲ့နေသောအသံကို ကြားလိုက်ရသဖြင့် ရှန်းမင်၏ဖိနှိပ်ထားသော ရမ္မက်ဆန္ဒများပြန်လည် တောက်လောင်လာလေသည်။ သူ့လက်ထဲမှတဘက်ကို ချထားလိုက်ပြီး ကျိုးထောင်ဟွားကိုပြောလိုက်၏။
"ထောင်ဟွား ကိုယ့်တို့ရဲ့မင်္ဂလာဦးညကို ဆက်ကြရအောင်"
"ဟင်"
ဒါပေမယ့် သူမဆီမှာဝိညာဉ်စွမ်းအင်တွေ အလုံအလောက်ရှိနေပြီလေ။ ဘာလို့ မင်္ဂလာဦးညကိုဆက်ရဦးမှာလဲ။ ရှန်းမင် သူမကိုငြင်းဆန်ခွင့်မပေးတော့ဘဲ သူ့နှုတ်ခမ်းများဖြင့် သူမနှုတ်ခမ်းများကို ပိတ်ဆို့ပစ်လိုက်လေသည်။ ရှန်းမင်၏ခွန်အားများမှာလည်း မယုံနိုင်လောက်အောင် ပြည့်ဝနေလေ၏။ တစ်နာရီခန့်သာသူအိပ်ပြီး ကျိုးထောင်ဟွားအတွက် မနက်စာချက်ပြုတ်ရန်ထသွားလေသည်။ ကုတင်ပေါ်မှ သူကောက်ထားသော စွန်ပလွံသီးများကို အခွံခွာပြီးစွန်ပလွံသီးဆန်ပြုတ်ပြုတ်ကာ ကြက်ဥ နှစ်လုံးကြော်လိုက်၏။ ချမ်ရှီထံမှ နှစ်လကျော်ကြာသင်ကြားမှုခံယူပြီးနောက် ရှန်းမင်၏ဟင်းချက်စွမ်းရည်မှာ အများကြီး တိုးတက်လာခဲ့သည်ဟုဆိုရပေမည်။
"ထောင်ဟွား စားပြီးရင် ပန်းကန်တွေနဲ့တူတွေကို စားပွဲပေါ်မှာပဲထားခဲ့လိုက်နော်၊ အစ်ကို နောက်မှဆေးလိုက်မယ်"
ဆန်ပြုတ်နှစ်ပန်းကန်ကုန်အောင်စားပြီးနောက် ရှန်းမင်ခြံဝင်းထဲသို့ အဝတ်လျှော်ရန်ထွက်သွားလေသည်။ ကျိုးထောင်ဟွားပြုံးမိသွားပြီးပြောလိုက်သည်။
"အစ်ကိုရှန်းမင် ဒီအိမ်ကညီမတို့နှစ်ယောက်စလုံးနဲ့ဆိုင်တာပဲလေ၊ ညီမလဲခြေပြတ်လက်ပြတ်ဖြစ်နေတာမှ မဟုတ်တာ အတူတူလုပ်ကြတာပေါ့၊ အစ်ကိုကအဝတ်လျှော် ညီမကပန်းကန်ဆေးမယ်"
ရှန်းမင်ရယ်မောလိုက်ပြီး ကျိုးထောင်ဟွားစကားကြောင့် သူ့ရင်ထဲတွင်အလွန်တရာနွေးထွေးသွားသလိုခံစားလိုက်ရသည်။
"ကောင်းပါပြီကွာ နေ့လယ်စာဘာစားချင်လဲ၊ အစ်ကို ချက်ပေးမယ်"
အိမ်ထောင်ကျတာ တစ်ကယ်ကောင်းတာပဲ။ မနက်စောစောနိုးလာတော့ အိမ်မှာ ကိုယ်ချစ်ရတဲ့သူရှိနေတယ်။ အိမ်အလုပ်တွေအတူတူလုပ်တယ်။ စကားတွေ အတူတူပြောလို့ရတယ်လေ။
"အစ်ကိုရှန်းမင်ချက်သမျှ အကုန်ကြိုက်တယ်"
ကျိုးထောင်ဟွား မျက်လုံးလေးပြူးကာ ပြောလိုက်သည်။ သူမကို ဤကဲ့သို့ပုံစံဖြင့်မြင်လိုက်ရသောအခါ ရှန်းမင်တုံ့ဆိုင်းသွားပြီး သူ့ခြေလှမ်းများရပ်တန့်သွားလေ၏။ သူ စားပွဲဆီသို့ပြန်လျှောက်လာပြီး ကျိုးထောင်ဟွားထံသနားစဖွယ် အသံဖြင့် ပြောလာသည်။
"ညီမထောင်ဟွား အစ်ကိုဗိုက်ဆာနေပြီ"
"ဟမ် ခုနလေးတင် ပန်းကန်လုံးအကြီးကြီးနှစ်လုံးစာ စားထားတာမဟုတ်ဘူးလား"
ရှန်းမင်လက်မှာ အောက်သို့လျှောဆင်းသွားပြီး သူမ၏ခါးသိမ်သိမ်လေးကို ဆုပ်ကိုင်လိုက်သည်။
"ဘယ်နေရာက ဆာနေတာလဲ"
ချက်ချင်းပင် ကျိုးထောင်ဟွားမျက်လုံးများ ပြူးကျယ်သွားလေသည်။ ဘာပဲဖြစ်ဖြစ် သူမလည်း အတွေ့အကြုံရှိသွားပြီဖြစ်ရာ နားလည်သင့်သည်ကိုနားလည်နေပြီပင်။ သူမသည် တမင်မျက်နှာတည်ထားလိုက်ပြီး ရှန်းမင်ကိုတွန်းဖယ်လိုက်သည်။ တစ်ကယ်လို့ သူသာဆက်နေ,နေရင် မကောင်းတာတစ်ခုခုဖြစ်လာမည်ကို သူမကြောက်မိပါ၏။ ရှန်းမင် အဝတ်လှန်းပြီးနောက် အပြင်သို့ထွက်သွားလေသည်။ ကျိုးထောင်ဟွား ယနေ့ ပန်းထိုးအလုပ်ရုံသို့မသွားပေ။ သစ်ပင်အောက်ရှိခုံပုလေးပေါ်ထိုင်ပြီး အက်ရာပါသောတောင်တစ္ဆေဒင်္ဂါးကို ထုတ်ယူလိုက်သည်။ ယခုအချိန်တွင် အရာရာမတူညီတော့ပေ။ သူမဝိညာဉ်စွမ်းအင်များမှာ တစ်ခါမှမဖြစ်ဖူးသည်ထိ ပြည့်လျှံနေပြီပင်။
သူမ လက်ချောင်းလေးဖြင့် တစ်ချက်ခေါက်လိုက်ရာ တောင်တစ္ဆေဒင်္ဂါးသည် လက်ထဲမှလွင့်ထွက်သွားပြီး ချက်ချင်းပင် ၎င်းအပေါ်ရှိ အတားအဆီးကျိုးပဲ့ပျက်စီးသွားလေသည်။ သူမ ၎င်းကို အမှုန့်ဖြစ်သည်ထိ ချေမွပစ်ရန်ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်၏။ သို့သော် သူမ အလွန်အမင်းထိတ်လန့်သွားပြီး လက်ကိုပြန်ရုတ်လိုက်လေသည်။ ကျိုးထောင်ဟွား အသံတိုးတိုးဖြင့်ရေရွတ်လိုက်၏။
"ဒီထဲမှာ ဒီလောက်ကြီးမားတဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားတာလား"
ကျိုးထောင်ဟွား တောင်တစ္ဆေဒင်္ဂါးကို အင်္ကျီရင်ဘတ်ထဲထည့်လိုက်ပြီး ရှန်းမိသားစုခြံဝင်းတံခါးကိုပိတ်ကာ ပန်းထိုးအလုပ်ရုံဆီသို့ အမြန်လျှောက်သွားလိုက်သည်။ သူမ ဒီလျှို့ဝှက်ချက်ကို ရွာလူကြီးကို သွားပြောမှဖြစ်မယ်။
ပန်းထိုးအလုပ်ရုံအတွင်းတွင်
ရှန်းမင် ဝင်လာသည်နှင့် ရွာသားအများအပြားမှာ သူ့ထံဂုဏ်ပြုစကားပြောလာကြသည်။
"သတို့သားလေးရှန်းမင်ရေ ဂုဏ်ယူပါတယ်ကွာ"
ရုတ်တရက် တစ်စုံတစ်ယောက်မှမေးလာ၏။
"မင်း တစ်ယောက်တည်းလား ထောင်ဟွားရော ဘယ်မှာလဲ"
"ထောင်ဟွားက ဒီနေ့အိမ်မှာ တွက်ချက်ကြည့်စရာရှိတယ်ဆိုလို့ ပန်းထိုးအလုပ်ရုံကိုလာမှာ မဟုတ်ဘူး"
ရှန်းမင် စကားပြောပြီးသည်နှင့် ကျန်းရှီသည် အတင်းပြောတတ်သော ထိုရွာသားကိုလှမ်းဆွဲလိုက်သည်။ အိမ်ထောင်ကျကာစ မိန်းမတစ်ယောက်ဆိုတာ ယောင်္ကျားသားဘက်က သိပ်မငြင်သာရင် အရမ်းပင်ပန်းတတ်တယ်လေ။ ထောင်ဟွား ဒီနေ့အိမ်မှာနားနေတာက လုံးဝ သဘာဝကျတဲ့ကိစ္စပဲမလား။ ဒါ့အပြင် ရှန်းမင်က အရပ်ရှည်ပြီး သန်မာတယ်ဆိုတော့ မနေ့ညက ထောင်ဟွားတစ်ယောက် အတော်လေးခံစားခဲ့ရမှာ သေချာတယ်။ ကျန်းရှီနှင့် အခြားသူများ၏အဓိပ္ပာယ်ပါပါ ပြုံးစိစိလုပ်နေမှုများကို သတိမထားမိသော ရှန်းမင်သည် ပြန်ထိုင်ပြီးပန်းဆက်ထိုးနေလေသည်။
ယောင်္ကျားတစ်ယောက်ဆိုတာ ဇနီးနဲ့ သားသမီးတွေကို ကျွေးမွေးဖို့ပိုက်ဆံပိုရှာရမယ်လေ။
ထောင်ဟွားရဲ့ဗေဒင်ဟောကိန်းက အရမ်း တိကျတော့ သူတို့အနာဂတ်ကလေးက ယောကျာ်းလေးလား မိန်းကလေးလား၊ ဘယ်အချိန် မွေးမလဲဆိုတာကို နေ့လည်ကျရင် သူမကိုကြည့်ခိုင်းရမယ်။ ခဏအကြာတွင် ကျိုးထောင်ဟွား ရုတ်တရက် ဝင်လာကာ သူမ၏လန်းဆန်းတက်ကြွပြီး အလွန်ကောင်းမွန်နေသော အခြေအနေကိုမြင်လိုက်ရသဖြင့် လူတိုင်းအံ့ဩသွားကြသည်။ အထူးသဖြင့် အမျိုးသမီးများပင်။ ကျိုးထောင်ဟွားအသွင်အပြင်သည် သူတို့မျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေလေ၏။ သူမပိုလှလာသည်ဟုပင် လူတိုင်းခံစားလိုက်ရသည်။ သူမအသားအရေမှာ ပိုမိုချောမွေ့ဖြူဖွေးလာသလို ဆံနွယ်များမှာလည်း ပိုမိုတောက်ပနေလေ၏။
သူတို့မယုံနိုင်အောင်ဖြစ်သွားရသည်။ တချို့လူတွေက အိမ်ထောင်ကျပြီးရင် လုံးဝပြောင်းလဲသွားနိုင်တာပဲ။ လူတစ်ယောက်က ဘယ်လိုလုပ်ဒီလောက်တောင် ကွာခြားနေရတာလဲ။ ချမ်ရှီပင်လျှင် သူမ၏အသွင်အပြင်ကြောင့် အံ့အားသင့်သွားရသည်။ စောစောက ရှန်းမင်ပန်းထိုးအလုပ်ရုံသို့ တစ်ယောက်တည်းရောက်လာစဉ်၌ သူမအနည်းငယ်စိုးရိမ်နေခဲ့မိ၏။ လူတိုင်း၏မျက်နှာထားများကို လုံးဝသတိမထားမိသော ကျိုးထောင်ဟွားသည် ရွာလူကြီးထံသို့တန်းလျှောက်သွားလိုက်သည်။
"အဘိုးရွာလူကြီး သမီးနဲ့ခဏလောက် လိုက်ခဲ့ပေးပါလား ပြောစရာရှိလို့"
ကျိုးထောင်ဟွား ရွာလူကြီးကိုဘေးနားရှိ ကျိုးမိသားစုအိမ်သို့ခေါ်သွားပြီး ခြံဝင်းတံခါးကို သေချာပိတ်လိုက်ကာ မည်သူမှခိုးနားမထောင်စေရန် ဖားပေါက်စနတ်ဆိုးလေးများကို သေချာ စောင့်ကြည့်ခိုင်းထားလိုက်သည်။
ရွာလူကြီး ဇဝေဇဝါဖြစ်သွားရ၏။ ကျိုးထောင်ဟွားက ဘာလို့ဒီလောက်တောင် သတိထားနေရတာလဲ။
"သမီးထောင်ဟွား ဘာဖြစ်လို့လဲ"
ရွာလူကြီး မေးလိုက်သည်။ ပန်းထိုးအလုပ်ရုံတွင် သီးသန့်အခန်းများရှိပြီး ထောင်ဟွားမှာ ပုံမှန်အားဖြင့် ထိုနေရာမှာသာဆွေးနွေးလေ့ရှိ၏။ ကျိုးထောင်ဟွားသည် ရွာလူကြီးကိုအရင်ထိုင်ခိုင်းလိုက်ပြီးနောက် တောင်တစ္ဆေဒင်္ဂါးကိုထုတ်လိုက်သည်။
"အဘိုးရွာလူကြီး ဒါကို မှတ်မိလား"
"ဒါက သမီးကျိုးကွမ်းလေ့အိမ်ကနေ ယူလာတာမလား၊ သူ စိတ်ဆတ်နေတာက ဒါ့ကြောင့်ပဲဆို"
ကျိုးထောင်ဟွား ဆက်ပြောသည်။
"အဲဒါက သမီးတို့ရွာမှာ နတ်ဆိုးတွေ အများကြီးပေါ်လာရတဲ့ အကြောင်းရင်းပဲ၊ ကျိုးမိသားစုဘိုးဘေးတွေကို ဒီမှာ အခြေချဖို့ညွှန်ကြားခံခဲ့ရတာ၊ ကျိုးကျားရွာတစ်ရွာလုံးက တခြားလူတစ်ယောက်ရဲ့ နယ်ရုပ်လေးသက်သက်ပဲ၊ ဒီနေရာက အနာဂတ်မှာ စစ်ဘုရင်တွေအလုအယက် တိုက်ခိုက်ကြမယ့် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်နေတယ်၊ ဘယ်စစ်တပ်ကမဆို သမီးတို့ရွာကိုမြေလှန်ပစ်နိုင်တဲ့အပြင် ရွာကိုပါဖျက်ဆီးပြီး လူတိုင်းကို သတ်ပစ်သွားကြမှာ”