အခန်း (၁၄၈)
Vol. 15 Ch. 148
ကျိုးထောင်ဟွား ထိုစကားပြောပြီးသည်နှင့် ရွာလူကြီးခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့လဲကျသွားလေသည်။ ကံကောင်းစွာပင် ကျိုးထောင်ဟွား လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီး သူ့ကိုဖမ်းထိန်းထားနိုင်ခဲ့၏။
"အဘိုးရွာလူကြီး အဆင်ပြေရဲ့လား"
ရွာလူကြီးသည် သူမ၏တွဲကူမှုဖြင့် ဧည့်ခန်းမဆောင်သို့ ပြန်သွားထိုင်လိုက်သည်။ ဤအချိန်တွင်တော့ ရွာလူကြီးမျက်နှာမှာ ဖြူဖျော့နေတော့၏။ ကျိုးထောင်ဟွားစကားများကို သူလုံးဝ သံသယမရှိပေ။ သို့သော် ရွာဖျက်ဆီးခံရပြီး လူတွေသေကျေရမည့်အကြောင်း တွေးမိသောအခါ သူ့ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှက်သွားလေသည်။ သူမေးလိုက်၏။
"သမီးထောင်ဟွား အဲ့လူတွေကစစ်သားတွေလေ လူအင်အားလဲများတယ်၊ အစွမ်းလဲထက်တယ်၊ ထက်မြက်တဲ့ ဓားတွေနဲ့ မြန်ဆန်တဲ့မြင်းတွေလဲရှိကြတယ်၊ အဘိုးတို့က ဘယ်လိုလုပ်ပြီးဝင်စွက်ဖက်နိုင်မှာလဲ"
ပြန်လည်ခုခံမှုမှန်သမျှက မြန်မြန်သေဖို့ပဲ ဖြစ်လာမှာမလား။ ရုတ်တရက် သူအခြားတစ်ခုကိုတွေးမိသွားသည်။
"သူတို့က ဘယ်တော့လာကြမှာလဲ၊ အဘိုးတို့တွေ အခုပဲအိမ်တွေနဲ့ဆေးပင်စိုက်ခင်းတွေကိုစွန့်လွှတ်ပြီး ထွက်သွားသင့်တာလား"
ထိုသို့ပြောလိုက်သော်လည်း သူကြိုးကြိုးစားစားတည်ဆောက်ခဲ့ရသော အုတ်အိမ်နှင့် ရောင်းချရန်အဆင်သင့်ဖြစ်နေပြီဖြစ်သော ဆေးပင်စိုက်ခင်းများကိုတွေးမိသောအခါ ရွာလူကြီးရင်ထဲတွင် အလွန်အမင်းနှမြောတသမှုများဖြင့်ပြည့်နှက်သွားရသည်။ ရွာတိုင်း၏လယ်ယာမြေများသည် ကျိုးကျားရွာကဲ့သို့ ဆေးပင်များစိုက်ပျိုးရန် သင့်တော်သည်မဟုတ်ပေ။ အခြားရွာများတွင် စပါးအထွက်နှုန်းကောင်းကြသော်လည်း ဂျုံခင်းတစ်မူမှရရှိသော ဝင်ငွေသည် ဆေးပင်တစ်မူစိုက်ပျိုးခြင်းမှရရှိသော ဝင်ငွေကိုမယှဉ်နိုင်ပေ။
"အဘိုးရွာလူကြီး သူတို့ကနောက်ခြောက်လနေမှ ရောက်လာမယ်လို့ သမီးတွက်ထားတယ်၊ သမီးတို့ အခုကတည်းကရွာကိုစတင်ကာကွယ်လို့ရပါတယ်၊ ဥပမာအနေနဲ့ သမီးတို့ရွာကို ပတ်လည်ဝိုင်းပြီး မြို့ရိုးတစ်ခု အရင်ဆောက်လို့ရတယ်၊ အဲ့လိုဆိုရင် သူတို့လာတဲ့အခါမြို့ရိုးကို ကျော်တက်ရမှာမလို့ နောက်ထပ်ကာကွယ်ရေးအလွှာတစ်ခု ထပ်တိုးသွားတာပေါ့"
ကျိုးထောင်ဟွားအကြံပြုလိုက်သည်။
ရွာလူကြီး အနည်းငယ်အံ့အားသင့်သွားပြီးမေးလာ၏။
"အဘိုးတို့ကျိုးကျားရွာတစ်ရွာလုံးကို ဝိုင်းထားရမှာလား"
ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ သမီးတို့တောင်တွေကိုပါဝိုင်းထားသင့်တယ်၊ အဲ့ဒါမှ သမီးတို့ရွာက ဆယ်ရက် လဝက်လောက်အပြင်မထွက်ရရင်တောင် ထင်းအလုံအလောက်နဲ့ ဗိုက်ဆာရင်လဲ တောင်ပေါ်တက်ပြီးအစာရှာလို့ ရမှာလေ"
သူမစကားကိုကြားသောအခါ ရွာလူကြီး ခေါင်းကို ဆက်တိုက်ငြိမ့်လိုက်မိသည်။ သို့သော် ဤမျှကျယ်ဝန်းသောဧရိယာကြီးကို မြို့ရိုးဆောက်ရန်အတွက် ငွေကြေးနှင့် လူအင်အားအလွန်စိုက်ထုတ်ရမည်ပင်။
"လူအင်အားမလောက်ရင် လူငှားကြတာပေါ့၊ ငွေကြေးကတော့ လူတိုင်းကပန်းထိုးတာနဲ့ ဆေးပင်စိုက်ပျိုးတာကနေ ပိုက်ဆံရှာနိုင်နေကြတာပဲ၊ လူတိုင်းသာနည်းနည်းစီထည့်ဝင်ကြမယ်ဆိုရင် အိမ်ခြေ၁၆၀ရှိတဲ့ သမီးတို့ရွာကတတ်နိုင်ပါတယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွား တေးကိုးထောင်ကို ထုတ်ယူလိုက်သည်။
မူလက သူမသည်မြင်းတစ်ကောင်ဝယ်ရန် ငွေလုံလောက်အောင် စုဆောင်းထားရန် စီစဉ်ထားသော်လည်း ယခုအခါ ရွာအတွက် ဤငွေများကိုမြို့ရိုးဆောက်ရာတွင်သာ အသုံးပြုချင်သွား၏။ ငွေစက္ကူများကို မြင်လိုက်ရသောအခါ ရွာလူကြီးမှင်သက်သွားရသည်။ ငွေများကို ကျိုးထောင်ဟွားထံ ချက်ချင်းသူပြန်ပေးချင်သွား၏။
"သမီးထောင်ဟွား ဒါကအရမ်းများလွန်းတယ်၊ ပြန်ယူထားလိုက်နော် နောက်မှလူတိုင်းကို အဘိုးသွားပြောပြီး အလှူငွေ ထည့်ခိုင်းလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ဒါက သမီးတစ်ယောက်တည်း ကိစ္စမဟုတ်ဘဲ ရွာသားအားလုံးရဲ့ကိစ္စပဲလေ"
ရွာလူကြီးအမြင်တွင် တေးကိုးထောင်ဆိုသည်မှာ မည်သည့်မြို့ရိုးမျိုးကိုမဆိုတည်ဆောက်ရန် လုံလောက်နေပြီပင်။
"အဘိုးရွာလူကြီး မြို့ရိုးဆောက်တယ်ဆိုတာ ပထမခြေလှမ်းပဲရှိသေးတာပါ၊ အနာဂတ်မှာ ရွာအတွက်ငွေလိုမယ့် တခြားနေရာတွေ ရှိလာဦးမှာပဲ၊ တကယ်လို့ တခြားတော်ဝင်နွယ်ဖွားတွေရဲ့စစ်တပ်တွေသာ သမီးတို့ရွာမှာမြို့ရိုးရှိနေတာမြင်သွားရင် သူတို့တိုက်ခိုက်ချင်လာမှာပဲ၊ သမီးတို့သာ လက်နက်တချို့မဝယ်ထားရင် ဘယ်လိုလုပ်ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာလဲ၊ သူတို့က သေချာပေါက်မြို့ရိုးကို ဖောက်ဝင်လာမှာအဲ့အချိန်ကျရင် သမီးတို့ရွာပျက်စီးသွားမှာပဲလေ"
ကျိုးကျားရွာရှိ ရွာသားအားလုံးအတွက် ဤတော်ဝင်နွယ်ဖွားများ၏ စစ်တပ်များကြောင့် သူတို့မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်နိုင်ရန် သူတို့ကိုယ်သူတို့ ကာကွယ်ကြရမည်ဖြစ်သည်။ ကျိုးထောင်ဟွားစကားများကိုကြားပြီးနောက် ရွာလူကြီး၏မျက်နှာထားသည် ပိုမို လေးနက်သွားလေ၏။ အကယ်၍ခြောက်လအကြာတွင်သာ စစ်ဖြစ်လာပါက ကျိုးကျားရွာသားများ ထွက်ပြေးကြလျှင်တောင် စစ်ဘေးစစ်ဒဏ်ပရမ်းပတာအခြေအနေ၌ ဤအိမ်ခြေ ၁၆၀သည် ကျိုးကျားရွာတွင် ဆက်နေသည်ထက် ပိုမိုကောင်းမွန်စွာ အသက်ရှင်သန်နိုင်မည်ဟု အာမခံရန်ခက်ခဲလှသည်။
ထို့ပြင် ကျိုးကျားရွာရှိအိမ်တိုင်းလိုလိုတွင် ခရီးရှည်သွားရန်မတတ်နိုင်သော သက်ကြီးရွယ်အိုတစ်ဦး သို့မဟုတ် နှစ်ဦးစီရှိနေကြ၏။ သူရွာလူကြီးဖြစ်လာချိန်တွင်မှ သူ့ပခုံးပေါ်၌ ဤမျှကြီးမားလေးလံသောတာဝန်ကြီး ကျရောက်လာလိမ့်မည်ဟု ရွာလူကြီး တစ်ခါမှထင်မထားခဲ့မိပေ။
ကံကောင်းစွာပင် ထောင်ဟွားမှ သူ့ကို အချိန်မီသတိပေးခဲ့သည်။ ယခုမှစ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် နောက်မကျသေးပေ။
"သမီးထောင်ဟွား အဘိုးနားလည်ပါပြီ၊ အဘိုး အခုပဲပန်းထိုးအလုပ်ရုံကိုသွားပြီး လူတိုင်းကို ဒီအကြောင်းပြောပြလိုက်မယ်၊ ဒါမှ သူတို့လဲအိမ်ပြန်ပြီး မြို့ရိုးဆောက်ဖို့ အလှူငွေတွေယူလာနိုင်ကြမှာ"
ထိုသို့ပြောပြီးနောက် ရွာလူကြီးသည် ဘေးအိမ်ရှိပန်းထိုးအလုပ်ရုံဆီသို့ အလျင်အမြန် လျှောက်သွားလေသည်။ ဤကိစ္စသည် အလွန်အရေးကြီးပြီး တစ်ခဏမျှပင် နှောင့်နှေးနေ၍မရပေ။ သူ့အမြင်တွင် မြို့ရိုးဆောက်ရန်လူငှားဖို့သာ လိုအပ်သည်။ တောင်ပေါ်တွင် ကျောက်တုံးများရှိပြီး အုတ်အနည်းငယ်ဝယ်ရန်သာလိုအပ်၏။ ကျိုးထောင်ဟွားသည် ထွက်ခွာသွားသောရွာလူကြီး၏ကျောပြင်ကိုကြည့်နေပြီး သူမမျက်နှာထားမှာတော့တင်းမာနေဆဲပင်။ ခိုင်ခံ့သောမြို့ရိုးတစ်ခုတည်းနှင့် လုံးဝမလုံလောက်သေးဟု သူမခံစားရသည်။ တော်ဝင်နွယ်ဖွားတစ်ဦး၏ စစ်တပ်တွင် လူသောင်းချီရှိ၏။ တကယ်လို့ သူတို့သာလူအင်အားသုံးပြီး တိုက်ခိုက်လာလျှင် ကျိုးကျားရွာ၏အိမ်ခြေ ၁၆၀မှာခုခံနိုင်မည်မဟုတ်ပေ။
ထိုစဉ်မှာပင် ခြံဝင်းထဲရှိဖားပေါက်စနတ်ဆိုးလေးများကို သူမရုတ်တရက် မြင်တွေ့လိုက်ရသည်။ ရုတ်တရက် ကျိုးထောင်ဟွားမျက်လုံးများတောက်ပသွားပြီး ချက်ချင်းအကြံတစ်ခု ရလာလေ၏။ သူမတွင် နတ်ဆိုးငါးကောင်၊ တောင်ပေါ်ရှိ နတ်ဆိုးလေးများတစ်သိုက်နှင့် ဖားပေါက်စနတ်ဆိုးလေးဆယ့်နှစ်ကောင်ရှိနေသည်။ မြို့ရိုးဆောက်ပြီးသွားသည်နှင့် ဤနတ်ဆိုးအားလုံးကို သူမအသုံးပြုနိုင်ပြီပင်။ သို့သော် မြို့ရိုးသည် ကျိုးကျားရွာကိုဝန်းရံထားသော တောင်တန်းကြီးတစ်ခုလုံးကိုပတ်လည်ဝိုင်းရမည်ဖြစ်သည်။ ဒီနတ်ဆိုးအရေအတွက်လေးက နည်းနည်း တော့နည်းလွန်းနေတယ်။
ဖားပေါက်စနတ်ဆိုးအရေအတွက်မှာ များပြားသော်လည်း သူတို့သည်ငယ်ရွယ်သေးပြီး သူတို့ခွန်အားမှာလည်း အနည်းငယ်အားနည်းနေသေးသည်။ ဘေးရှိ ပန်းထိုးအလုပ်ရုံတွင်း ရွာလူကြီး ဝင်လာသည်နှင့် ကျိုးကျားရွာအပြင်ဘက်တွင် မြို့ရိုးတည်ဆောက်မည့် အစီအစဉ်အကြောင်း လူတိုင်းကိုစတင်ပြောပြလိုက်၏။
"မင်းတို့အားလုံး သတိထားမိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ငါတို့ရွာမှာ နတ်ဆိုးဝိညာဉ်တွေနဲ့ နတ်ဆိုးတွေ လူတွေကို လာဒုက္ခပေးတာတွေခံစားခဲ့ရတယ်၊ ဒါတွေက ငါတို့ကျိုးကျားရွာဟာ ထူးခြားတဲ့ရွာတစ်ရွာဖြစ်နေလို့ပဲ၊ ငါတို့ရဲ့ ဘိုးဘေးတွေ ဒီမှာစတင်အခြေချကတည်းက ကျိုးကျားရွာကနယ်ရုပ်လေး တစ်ရုပ်ဖြစ်ခဲ့ရတယ်၊ လတ်တလော မဟာရှတစ်တိုင်းပြည်လုံးမှာ စစ်ပွဲတွေဖြစ်ပွားနေပြီး နောက်ထပ်ခြောက်လနေရင် ဒီနေရာက စစ်ဘုရင်တွေအတွက် စစ်တလင်းဖြစ်လာတော့မယ်၊ ဒါကြောင့် ငါတို့ရွာကိုကာကွယ်ဖို့အတွက် ခြောက်လအတွင်း မြို့ရိုးတစ်ခုတည်ဆောက်ရမယ်"
ရွာသားအများစုသည် ပန်းထိုးအလုပ်ရုံတွင်စုဝေးနေကြပြီး ရွာလူကြီး၏စကားများကိုကြားသောအခါ အားလုံးထိတ်လန့်သွားကြသည်။
"ဘာရယ် စစ်ပွဲကဒီအထိတောင် ရောက်လာပြီလား"
အဘွားစွင်း မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။ အခုမှပဲ သူတို့ကကောင်းမွန်တဲ့ဘဝကို ရရှိလာကြတာလေ။ အုတ်အိမ်နဲ့နေပြီး နွားလှည်းတောင်စီးနေရပြီ။
သူမမြေးလေး အိမ်ထောင်ကျပြီး မြေးမလေးထောင်ဟွား အောင်မြင်လာသည်ကို မြင်တွေ့ရသဖြင့် ယခုမှစ၍စည်းစိမ်ချမ်းသာများကို ခံစားရတော့မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ ဤကဲ့သို့သော ကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု သူမလုံးဝ ထင်မထားခဲ့မိပေ။
"ဒါဆိုရင် မြို့ရိုးဆောက်နေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ထွက်ပြေးကြတာပေါ့"
ယွမ်ရင်ရှင်းအော်ဟစ်လိုက်သည်။ ယွမ်မိသားစုသည် လွန်ခဲ့သောအနှစ် ၂၀၌ဇာတိရွာတွင် ရေကြီးပြီးနောက် ဤနေရာသို့ထွက်ပြေးလာခဲ့ကြခြင်းပင်။ ပြီးခဲ့သည့် တစ်နှစ်အတွင်း သူတို့၏လူနေမှုအဆင့်အတန်း တဖြည်းဖြည်းတိုးတက်လာခဲ့သော်လည်း အသက်နှင့်ယှဉ်လျှင် ငွေကြေးသည်ဘာမှမဟုတ်ပေ။ ယွမ်ရင်ရှင်း စကားပြောပြီးနောက် မျိုးနွယ်စုခေါင်းဆောင်မှပြောလာ၏။
"မင်းတို့က ဘယ်ကိုထွက်ပြေးနိုင်မှာလဲ၊
ကျိုးကျားရွာတစ်ရွာတည်းမှာပဲ စစ်ဖြစ်နေတယ်လို့ မင်းကထင်နေတာလား၊ အခုချိန်မှာ တခြားနေရာတွေမှာလည်း စစ်ဖြစ်နေကြတာပဲ၊ မဟာရှားတစ်ခွင်မှာရှိတဲ့ တော်ဝင်နွယ်ဖွားတိုင်းက စစ်သားတွေ စုဆောင်းနေကြတယ်၊ မြင်းတွေကလဲ အဆမတန်ဈေးကြီးနေတယ်၊ တကယ်လို့ မင်းသာ ကျိုးကျားရွာကနေထွက်သွားရင် စစ်တပ်ထဲအတင်းအကြပ်ထည့်ခံရနိုင်တယ်”