← Chapters

အခန်း (၁၄၉)

Vol. 15 Ch. 149

အခန်း (၁၄၉)

Vol. 15 Ch. 149

ကျိုးကျားရွာမျိုးနွယ်စုခေါင်းဆောင် စကားပြောပြီးနောက် ထိုနေရာတွင်ရှိနေသော လူငယ်ဖြစ်စေ လူကြီးဖြစ်စေ အမျိုးသားအားလုံး ကြောက်ရွံ့မှုကိုခံစားလိုက်ကြရသည်။ စစ်တပ်ထဲအတင်းအကြပ်ထည့်သွင်းခံရပြီဆိုရင် အသက်ရှင်လျက်နှင့်ပြန်လာနိုင်ရန် အခွင့်အရေးလုံးဝမရှိသလောက်ပင်။

ကျိန့်ရှီမှာ သူမဘေးရှိကျိုးရှန့်အန်းကို ချက်ချင်းမှာကြားလိုက်၏။

"ရှန့်အန်း ဒီရက်ပိုင်းထဲ ကြက် ဘဲနဲ့ ငန်းတွေကိုမြို့ထဲသွားမရောင်းနဲ့တော့၊ အမေပဲ သွားရောင်းမယ်"

သူမနှင့်ကျိုးကွမ်ခွင်းတို့တွင် ဤသားတစ်ယောက်တည်းသာ ရှိသည်။

တကယ်လို့ သူသာစစ်တပ်ထဲအဆွဲခံရရင် သူမနှင့်ကွမ်ခွင်းတို့ ဘယ်လိုအသက်ဆက်ရှင်နိုင်တော့မည်နည်း။ ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်တို့၏စကားကို နားထောင်ပြီးနောက် အဘိုးရှန့်ဖျင်မေးလိုက်သည်။

"ဒါဆိုရင် ငါတို့ကျိုးကျားရွာအတွက် အလုံခြုံဆုံးတစ်ခုတည်းသော နည်းလမ်းက မြို့ရိုးဆောက်ဖို့ပဲပေါ့"

ရွာလူကြီး ခေါင်းငြိမ့်လိုက်သည်။

"မြို့ရိုးဆောက်ဖို့အတွက် လူတိုင်းဆီက အလှူငွေလိုအပ်တယ်၊ အိမ်ပြန်ပြီးပိုက်ဆံသွားယူကြချေ၊ အဘိုးပန်းထိုးအလုပ်ရုံရဲ့ သီးသန့်အခန်းထဲမှာစောင့်နေမယ်၊

အိမ်ထောင်စုတစ်စုချင်းစီရဲ့ အလှူငွေတွေကို အဘိုးစာရင်းမှတ်မယ်၊ တကယ်လို့ ဘယ်မိသားစုကမှ အလှူငွေမထည့်ချင်ဘူးဆိုရင်တော့ အခုပဲပစ္စည်းတွေသိမ်းပြီး ကျိုးကျားရွာကနေ ထွက်သွားလို့ရပြီ"

ထိုစကားကိုကြားသောအခါ လူတိုင်းမျက်နှာများ မှုန်ကုပ်သွားကြသည်။ အလှူငွေမထည့်ဘူးဆိုသည်မှာ ရွာမှနှင်ထုတ်ခံရမည်ဟု ဆိုလိုခြင်းပင်။ မကြာမီမှာပင် လူတိုင်းပန်းထိုးအလုပ်ရုံထဲမှ ထွက်ခွာသွားကြ၏။ ရွာသားများ အိမ်ပြန်သည့်လမ်းတွင် ယွမ်ရင်ရှင်းမှပြောလိုက်သည်။

"ငါတို့မြို့ရိုးဆောက်ဖို့ ပိုက်ဆံလှူလိုက်ရင်တောင် တကယ်ပဲလုံခြုံပါ့မလား၊

မဟာရှားတိုင်းပြည်မှာ တော်ဝင်နွယ်ဖွားတွေရော စစ်သားတွေရောအများကြီးပဲလေ၊ တစ်ကယ်လို့ ငါတို့သာ ပိုက်ဆံလဲပေးလိုက်ရသေး ဒီမှာပဲသေသွားရတယ်ဆိုရင်ဘယ်လိုလုပ်မလဲ"

ကျိုးရှန့်ဟူ ချက်ချင်းဝင်ထောက်ခံသည်။

"ဟုတ်တယ်၊ အခုငါတို့ရွာက အရင်ကထက် ပိုက်ဆံရှာရလွယ်လာတယ်ဆိုပေမယ့် ဒီပိုက်ဆံတွေကပင်ပင်ပန်းပန်းရှာထားရတာ၊ လုံးဝအလဟဿအဖြစ်မခံနိုင်ဘူး၊ ငါ့ကိုမေးရင်တော့ ပိုက်ဆံလှူမယ့်အစား ငါတို့ပစ္စည်းတွေသိမ်းပြီး အခုပဲ ထွက်သွားသင့်တယ်၊ နောက်ခြောက်လလောက်ထိ ငါတို့ရွာကိုစစ်သားတွေလာဝိုင်းမှာမဟုတ်သေးဘူးလို့ ရွာလူကြီး ပြောခဲ့တယ်မလား၊ ငါတို့အခုချိန်ထွက်ပြေးရင် ခြောက်လကြာတဲ့အခါ အဝေးကြီးကိုရောက်နေလောက်ပြီ၊ အဲ့ဒီစစ်သားတွေက ငါတို့ကိုဘယ်လိုလုပ် ဖမ်းမိနိုင်တော့မှာလဲ"

ကျိုးရှန့်ဟူစကားပြောပြီးသည်နှင့် ယွမ်ရင်ရှင်း ချက်ချင်းသဘောတူထောက်ခံလိုက်သည်။ အဘိုးရှန့်ဖျင်မှာ ဘေးဘက်သို့လျှောက်သွားရင်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"ငါက အသက်ကြီးပြီ၊ ၆၂နှစ်တောင်ရှိပြီမလို့ ဒီအသက်အရွယ်နဲ့ အပြင်မှာအငတ်ဘေးကြုံရရင် ငါ့ဘိုးဘေးတွေဆီမရောက်ခင် နှစ်လတောင်ခံပါ့မလားမသိဘူး၊ ရွာလူကြီးအတွက် ငါအိမ်ပြန်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်"

အဘွားဖုန်းကလည်း ထောက်ခံပြောဆိုလိုက်သည်။

"ငါက၆၆ နှစ် ငါ့ယောင်္ကျားက ၆၇နှစ် ငါတို့ဘယ်လောက်တောင် အသက်ရှင်နိုင်ဦးမလဲမသိဘူး၊ ပိုက်ဆံယူဖို့ ငါတို့လည်း အိမ်ပြန်မယ်"

အဘွားစွင်းလည်းပြောလိုက်သည်။

"ငါက သူတို့လောက် အသက်မကြီးပေမယ့် ငါ့မြေးမလေး ထောင်ဟွားကို ငါယုံတယ်၊ ငါ့မြေး‌မပြောရင် သေချာပေါက် အလုပ်ဖြစ်မှာပဲ"

ကျိုးထောင်ဟွား၏အကူအညီကိုရရှိဖူးသော အခြားရွာသားများလည်း ထိုနည်းတူတွေးတောကြသည်။ နောက်ဆုံးတွင် ကျိုးရှန့်ဟူနှင့်ယွမ်ရင်ရှင်းတို့သာကျန်ရစ်ခဲ့ပြီး နှစ်ဦးစလုံးသည် အလွန်အမင်းစိတ်လှုပ်ရှားကာ ပစ္စည်းများသိမ်းဆည်း၍ ရွာမှထွက်ခွာရန် ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သို့သော် ငွေကြေးနှင့် ပစ္စည်းဥစ္စာများကိုယူဆောင်သွားရန် လွယ်ကူသော်လည်း ဆေးပင်စိုက်ခင်းများနှင့် အိမ်ကိုတော့ယူဆောင်သွား၍မရပေ။ ထို့ကြောင့် သူတို့သည် လိုချင်သူများရှိမရှိ အိမ်နီးချင်းများထံ ချက်ချင်းစုံစမ်းမေးမြန်းပြီး ဈေးပေါပေါဖြင့် ရောင်းချရန်ကမ်းလှမ်းခဲ့ကြသည်။ သို့သော် ငွေသားချည်းသက်သက်ဖြင့်သာရောင်းချင်၏။ ယွမ်ရင်ရှင်းအိမ်သည် ကျိုးရှန့်လင်အိမ်နှင့် မဝေးလှပေ။ ဆေးပင်စိုက်ခင်းများရောင်းမည်ဟုကြားသောအခါ ကျိုးရှန့်လင်ချက်ချင်းသွားရောက်စုံစမ်းလေသည်။

"အစ်ကိုယွမ် ခင်ဗျားရဲ့ဆေးပင်စိုက်ခင်းက တစ်မူကိုဘယ်လောက်လဲ"

သူသည် ယခင်ကပျင်းရိခဲ့ပြီး အခြားသူများနှင့်အတူ မြေရှင်းရာတွင်မပါဝင်ခဲ့သဖြင့် ဆေးပင်စိုက်ခင်းလေးမူသာရှိသည်။ ဤတစ်ကြိမ် ယွမ်ရင်ရှင်းမြေရောင်းခြင်းသည် သူ့အတွက်သတင်းကောင်းဖြစ်၏။ ဆေးပင်စိုက်ခင်းများကို တစ်နှစ်လျှင်သုံးကြိမ်စိုက်ပျိုးနိုင်ပြီး ငွေအတော်အတန်ရရှိနိုင်သည်။ သူ့မိသားစုအတွက် အနာဂတ်တွင်ငွေကြေး လိုအပ်မည့် နေရာများစွာရှိသေး၏။

"ရှန့်လင် ငါတို့ရွာမှာလယ်မြေကောင်း တစ်မူကိုလေးတေးပေးရတယ်၊ ငါစိုက်ထားတဲ့ ဆေးပင်တွေကလဲရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီ၊ တစ်မူကိုအနည်းဆုံးသုံးတေးလောက်တော့ ရနိုင်တယ်၊ ဒါကြောင့် မင်းငါ့ကို ခုနစ်တေး ပေးရမယ်"

ယွမ်ရင်ရှင်း ပြောလိုက်သည်။ ယွမ်မိသားစုတွင် လယ်မြေကောင်းလေးမူရှိပြီး မြေရှင်းထားသောနောက်ထပ်မြေငါးမူရှိကာ ရှင်းလင်းထားသောမြေများကို တစ်မူလျှင် သုံးတေးဖြင့်ရောင်းချ၏။

ထိုစကားကိုကြားသောအခါ ကျိုးရှန့်လင် အနည်းငယ်မျက်မှောင်ကြုတ်သွားရသည်။ တစ်ကယ်လို့ သူသာဝယ်လိုက်ရင် သေချာပေါက်အမြတ်အစွန်းရမှာ သေချာသော်လည်း သူ့တွင်တေးငါးဆယ်သာရှိ၏။ သူသည် မူလကနွားလှည်းတစ်စီးဝယ်ရန် ထိုငွေများကို စုဆောင်းထားရန်စီစဉ်ခဲ့သော်လည်း ရှန်းမင် မင်္ဂလာဆောင်သည်ကိုမြင်ပြီးနောက် ကျိုးအိမ်ဟောင်းသို့ တင်တောင်းငွေ ပေးအပ်ရန်စီစဉ်ခဲ့ပြီး ကျိုးလျန်ဟွားနှင့် သူ့မင်္ဂလာဆောင်အတွက် စုဆောင်းထားရန်ပြောင်းလဲစဉ်းစားခဲ့သည်။

သို့သော် ယခုအခါ အလှူငွေထည့်ဝင်ရန်နှင့် ယွမ်မိသားစု၏ဆေးပင်စိုက်ခင်းများ ဝယ်ယူရန်လိုအပ်လာသဖြင့် တင်တောင်းငွေအတွက် မလုံလောက်တော့ပေ။ နောက်ဆုံးတွင် ကျိုးရှန့်လင်အံကြိတ်ကာ လေးဆယ့်သုံးတေးအကုန်ခံပြီး ယွမ်မိသားစု၏မြေဩဇာကောင်းသော လယ်မြေလေးမူနှင့် မြေရိုင်းငါးမူကို ဝယ်ယူလိုက်သည်။ ယွမ်ရင်ရှင်း ငွေရပြီးနောက် ဝမ်းသာအားရဖြင့် အိမ်ပြန်ရန် ပြင်လိုက်၏။ ယခုဆေးပင်စိုက်ခင်းများအား ရောင်းပြီးသွားပြီဖြစ်ရာ နေအိမ်သာကျန်တော့သည်။

"အစ်ကိုယွမ် ပြန်ဖို့ မလောပါနဲ့ဦး၊ ကျွန်တော့်ကိုမြေဂရန်ပေးလေ၊ ပြီးရင် နောက်ပိုင်းပြဿနာမရှိအောင် မြို့နယ်ရုံးကိုသွားပြီး အတူတူနာမည်ပြောင်း မှတ်ပုံတင်ကြတာပေါ့"

အနာဂတ်၌ ဘာဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ရာ ယွမ်ရင်ရှင်းမှ နောက်ပိုင်း ပြဿနာရှာမည်ကိုကာကွယ်ဖို့ မြို့နယ်ရုံးတွင်မှတ်ပုံတင်ရန် လိုအပ်လေသည်။

"ကောင်းပြီလေ ရှန့်လင် စိတ်မပူပါနဲ့၊ ငါ ယွမ်ရင်ရှင်းက ပြန်လာမှာမဟုတ်တော့ပါဘူး၊ ခဏစောင့် ငါ့အိမ်ကို ဘယ်သူဝယ်ချင်သေးလဲဆိုတာ သွားကြည့်လိုက်ဦးမယ်၊ ပြီးရင် အမည်ပေါက်ပြောင်းဖို့ မြေဂရန်တွေယူပြီး မြို့နယ်ရုံးကိုသွားကြတာပေါ့"

ယွမ်ရင်ရှင်း အာမခံလိုက်သည်။ သို့သော် ရွာရှိအိမ်တိုင်းတွင် အိမ်ကိုယ်စီရှိပြီးသားဖြစ်ရာ မည်သူမှထိုအရာကိုမလိုအပ်ကြပေ။ နောက်ဆုံးတွင် ဘေးအိမ်မှအဘွားချူသည် ပရိဘောဂများအစုံအလင်နှင့် ခြံဝင်းကျယ်ကြီးတစ်ခု အပါအဝင် အခန်းလေးခန်းကို ဆယ်တေးတည်းဖြင့်ဝယ်ယူနိုင်ကြောင်း တွေ့ရှိသွားသဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။ ကလေးများ နေထိုင်ရန် နေရာပိုမိုကျယ်ဝန်းလာစေရန် နောက်ပိုင်းတွင် ခြံဝင်းနှစ်ခုကိုပေါင်းစပ်ရန် သူတို့စီစဉ်ထား၏။ ထိုသို့ပြုလုပ်ခြင်းအား မိသားစုခွဲသည်ဟုမသတ်မှတ်နိုင်ပေ။ ယွမ်ရင်ရှင်း၏အိမ်နှင့် မြေရောင်းချပြီးသွားပြီပင်။ ကျိုးရှန့်ဟူသည်လည်း သူ့အိမ်နှင့်မြေကို ရောင်းချချင်သော်လည်း ရန်ရှီမှာ လုံးဝငြင်းဆန်လေသည်။ ကျိုးရှန့်ဟူ အလွန်ဒေါသထွက်သွားပြီး သူ့ညာလက်ကိုမြှောက်ကာ သူမကိုပါးရိုက်ချလိုက်၏။

"မိန်းမယုတ် ဒီအိမ်မှာ ဘယ်တုန်းကမင်းဆုံးဖြတ်ခွင့်ရသွားတာလဲ၊ ငါကရောင်းမယ်ဆိုရင် ရောင်းမှာပဲ"

ပါးရိုက်ခံရသဖြင့် ရန်ရှီပါးစပ်မှသွေးများ ထွက်လာသော်လည်း သူမခေါင်းငုံ့မခံပေ။

"ဒီမိသားစုက ဘာကိုမှရောင်းဖို့ ကျွန်မသဘောမတူဘူး"

သို့သော် သူမစကားမဆုံးခင်မှာပင် မျက်နှာပေါ်သို့ နောက်ထပ်ပါးရိုက်ချက်ပြင်းပြင်းတစ်ချက်ကျရောက်လာပြီး ချက်ချင်းပင် သူမမျက်နှာတစ်ခြမ်း ရောင်ရမ်းသွားလေသည်။ ကျိုးရှန့်ဟူ ဆဲဆိုလိုက်၏။

"ဒီအိမ်မှာ ဘယ်တုန်းကမင်းဆုံးဖြတ်ခွင့်ရသွားတာလဲ၊ ရွာစည်းကမ်းနဲ့ ငါအပြစ်ပေးခံရပြီး တစ်လလုံးဖင်နာနေရတာကို အခွင့်ကောင်းယူပြီး ငါ့ခေါင်းပေါ်တက်-ျီးပါလို့ရတယ်မထင်နဲ့၊ ငါ့ရှေ့ကဖယ်စမ်း မင်းကိုကြည့်ရတာ အန်ချင်လာပြီ"

အသက်ဆယ်နှစ်အရွယ် ကျိုးယွဲ့ဖေးသည် ရန်ရှီမှ ကျိုးရှန့်ဟူ၏လမ်းကိုပိတ်ဆို့ထားသည်အားမြင်သောအခါ သူ့မျက်နှာလေးလည်း မာထန်သွားလေသည်။

"အမေ အဖေ့ကိုဒေါသထပ်ထွက်အောင်မလုပ်ပါနဲ့တော့"

ကျိုးယွဲ့ဖေး၏ ရွံရှာနေဟန်လေသံမှာ ကျိုးရှန့်ဟူနှင့်အတိအကျတူညီနေလေသည်။ ရုတ်တရက် ရန်ရှီသည်ရေခဲဂူထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ကျိုးရှန့်ဟူ သူမကိုရိုက်နှက်စဉ်ကပင် ဤမျှထိရင်နင့်အောင်မခံစားခဲ့ရပေ။

ရုတ်တရက် သူမတစ်ခုခုကိုနားလည်သွားသကဲ့သို့ဖြစ်သွားသည်။ တစ်ကယ်တော့ သားဖြစ်သူအပေါ်ထားရှိခဲ့သော သူမ၏ချစ်ခြင်းမေတ္တာသည် တစ်စက်လေးမျှပင် တုံ့ပြန်မေတ္တာပြန်မရခဲ့ပေ။

သူမ၏သား ကျိုးယွဲ့ဖေး သည် သူ့အဖေနှင့်တစ်ထေရာတည်းပင်။

"ကျိုးရှန့်ဟူ ကျွန်မတို့ကွာရှင်းကြရအောင်"

မမျှော်လင့်ဘဲ စိတ်သက်သာရာရသွားသောခံစားချက်ဖြင့် ရန်ရှီပြောလိုက်သည်။

All Chapters