အခန်း (၁၅၀)
Vol. 15 Ch. 150
ကျိုးရှန့်ဟူကို အိမ်နှင့်မြေ မရောင်းစေချင်သော အကြောင်းရင်းမှာ သူမ၏သားဖြစ်သူ ကျိုးယွဲ့ဖေးအတွက်ပင် ဖြစ်သည်။ သူလေးမှာ အသက်ဆယ်နှစ်သာ ရှိသေးရာ အငတ်ဘေးကြုံချိန်၌ အိမ်နှင့်ဝေးရာတွင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ကျိုးရှန့်ဟူနှင့် အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာပင် ယောက္ခမနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ရာ အိမ်ရှိ ကိစ္စကြီးငယ်မှန်သမျှ အဝဝကို သူမသာ ဦးစီးလုပ်ကိုင်ခဲ့ရ၏။ ယောက်ျားနှင့် သားဖြစ်သူအတွက် သူမမှာ မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့ရသော်လည်း ကျိုးရှန့်ဟူမှာမူ မထင်လျှင်မထင်သလို သူမကိုပါးရိုက်တတ်သည်။ အရင်ကတော့ သားဖြစ်သူမျက်နှာနှင့် သူမသည်းခံခဲ့၏။
"!!!"
ကျိုးရှန့်ဟူမှင်သက်သွားပြီး သူနားကြားမှားသည်ဟု ထင်လိုက်မိသည်။ ခေါင်းလှည့်ကြည့်ပြီး သေချာအောင် သူထပ်မေးလိုက်၏။
"မင်း ခုနကဘာပြောလိုက်တယ်"
"ကျိုးရှန့်ဟူ ကျွန်မကွာရှင်းချင်တယ်"
ဤစကားများအားပြောလိုက်ချိန်တွင် ရန်ရှီ၏ရင်ထဲအံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ ကျိုးရှန့်ဟူ အလွန်တရာဝမ်းသာသွားရ၏။ သူမနှာခေါင်းကို သူလက်ညှိုးထိုးပြီး ဆူဆဲလိုက်သေးသည်။
"ရန်ချွန်းမေ မင်းရူးနေလား၊ မင်းကတစ်ကယ်ကြီး ကွာရှင်းချင်တယ်ပေါ့လေ၊ ဒါပေမဲ့ မင်းကိုငါပြောထားမယ်နော်၊ ငါတို့ ကွာရှင်းပြီးတာနဲ့ ငါ့ဆီလာကပ်ဖို့မစဉ်းစားနဲ့၊ ငါတို့သားကို ငါပိုင်တယ် ဒီအိမ်က ပစ္စည်းအားလုံးကလဲ ငါ့ဟာတွေချည်းပဲ၊ မင်းတစ်ပြားမှ ယူသွားလို့မရဘူး"
ရုပ်ဆိုးဆိုးဖြင့်ဝတုတ်နေသည့် ဤမိန်းမကြီးရန်ချွန်းမေကို သူသဘောမကျတော့သည်မှာကြာပြီဆိုသော်ငြား သူမမှ သားတစ်ယောက်မွေးပေးထားပြီး အလုပ်လည်းကြိုးစားလှရာ ကွာရှင်းဖို့ရန်အကြောင်းပြချက်မရှိခဲ့ပေ။ သို့သော်ယနေ့တော့ ရန်ချွန်းမေမှ ကွာရှင်းဖို့ရန်ကိုယ်တိုင်အစပြုလာသည်ဖြစ်ရာ နတ်ဘုရားမစခြင်းပင်ဖြစ်၏။
"သားကိုလဲ မလိုချင်ဘူး၊ ပိုက်ဆံလဲမလိုချင်ဘူး၊ ဘာမှကိုမလိုချင်တာ ကျွန်မကိုကွာရှင်းပေးဖို့ပဲ လိုချင်တယ်"
ရန်ချွန်းမေ သားအဖနှစ်ယောက်ထံတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ သူမထံတွင် အရည်အချင်းရှိရာ ပန်းထိုးအလုပ်ရုံ၌ နေ့တိုင်းပန်းထိုးပြီးကိုယ့်ကိုကိုယ် ကျွေးမွေးစောင့်ရှောက်ရန်ပိုက်ဆံရှာနိုင်၏။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ"
ကျိုးရှန့်ဟူ ထိုစကားအားသုံးကြိမ်တိတိ ပြောလိုက်သည်။ အိမ်နှင့်ဆေးပင်စိုက်ခင်းအတွက် ဝယ်လက်ရှာတွေ့သွားပြီးနောက်မှာ သူသည်ရန်ချွန်းမေကို မြို့နယ်ရုံးဆီခေါ်သွားပြီး ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးကာမှတ်ပုံတင်လိုက်၏။ ကွာရှင်းစာချုပ်သုံးစောင်ရှိသည်။ တစ်စောင်မှာ ကျိုးရှန့်ဟူအတွက်ဖြစ်ကာ တစ်စောင်မှာ ရန်ချွန်းမေအတွက် ဖြစ်ပြီး တတိယတစ်စောင်ကိုတော့ မြို့နယ်ရုံး၌ မှတ်တမ်းတင်သိမ်းဆည်းထားလိုက်၏။ ယွမ်ရင်ရှင်းနှင့် ကျိုးရှန့်ဟူတို့၏ အိမ်များ၊ ဆေးပင်စိုက်ခင်းများကို ဝယ်ယူခဲ့ကြသူများသည် ကျိုးရှန့်ဟူ၏အပြုအမူကိုမြင်ပြီး ရန်ချွန်းမေအတွက် မခံမရပ်နိုင်ဖြစ်သွားကြသည်။
အဘွားဖုန်း ပြောလိုက်၏။
"ချွန်းမေ အဘွားတို့မိသားစုက အိမ်ကို ဝယ်လိုက်တယ်ဆိုပေမယ့် ငါတို့မှာနေစရာအလုံအလောက်ရှိပါတယ်၊ ညည်း အဲ့ဒီမှာပဲဆက်နေပါ၊ တခြား ဘယ်မှသွားမနေပါနဲ့"
သူတို့အားလုံးမှာ အိမ်နီးချင်းများဖြစ်ရာ ရန်ချွန်းမေတစ်ယောက် အပြင်ဘက်၌အိပ်ရမည်ကိုမကြည့်ရက်ကြပေ။
"ကျေးဇူးတင်ပါတယ် အဘွားဖုန်း အဘွားရဲ့ကျေးဇူးကို နောက်ကျရင် ကျွန်မပြန်ဆပ်ပါ့မယ်"
ရန်ချွန်းမေ အဘွားဖုန်းကို သုံးကြိမ်တိတိ ဦးချကန်တော့ရင်း ပြောလိုက်သည်။ ကျိုးရှန့်ဟူလှည့်ကြည့်ပြီး လူအုပ်ကြီးထံ နှာခေါင်းရှုံ့ပြကာ ယွမ်ရင်ရှင်းတို့နှင့်အတူ ကိုယ့်နွားလှည်းကိုယ်မောင်း၍ ထွက်ခွာသွားကြလေ၏။ သူတို့အနေဖြင့် ဤနေရာကိုဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။ နောက်ခြောက်လနေလျှင် ကျိုးကျားရွာမှာ စစ်တလင်းဖြစ်တော့မည်အားသိသိကြီးနှင့်ဆက်နေသည့်သူများမှာ လူမိုက်များပင်ဖြစ်သည်။ ရန်ချွန်းမေထံတွင် တစ်ပြားမှမရှိတော့ချေ။ သူမပန်းထိုးအလုပ်ရုံသို့ ပြန်ရောက်လာချိန်တွင် လူတိုင်းမှ ရွာလူကြီးဆီအလှူငွေ ထည့်နေကြသည်ကိုတွေ့လိုက်ရ၏။ အများစုမှာ တေးနှစ်ဆယ် သုံးဆယ်လောက်ထည့်ကြပြီး ဆယ်တေးအောက်ထည့်သည့်သူ နည်းနည်းသာရှိသည်။
"ထောင်ဟွား အစ်မကိုဆယ်တေးလောက် ကြိုထုတ်ပေးလို့ရမလား"
ရန်ချွန်းမေ ကျိုးထောင်ဟွားထံပြောလိုက်သည်။ ကျိုးထောင်ဟွားမှာ ရန်ချွန်းမေကွာရှင်းလိုက်ပြီဆိုသည်ကို မသိသေးပေ။ သို့သော် ရန်ချွန်းမေထံ သူမကြည့်လိုက်ရာ ယခင်ကဖုံးလွှမ်းနေသောမှိုင်းညို့ညို့ အငွေ့အသက်များမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။
"ယောင်းမချွန်းမေ ဒီရက်ပိုင်းကောင်းတဲ့ကိစ္စတွေ ဘာတွေဖြစ်ထားသေးတာလား"
ကျိုးထောင်ဟွားအမေးကိုကြားလိုက်ရချိန်တွင် ရန်ချွန်းမေ၏ ယခင်ကတင်းမာနေသောမျက်ဝန်းများမှာ ချက်ချင်းတောက်ပလာပြီး ရိုးသားစွာပင်ပြုံးပြလာလေသည်။ သူမညာဘက်ပါးပြင်မှာ ရောင်ရမ်းနေဆဲဆိုပေသိ သူမအပြုံးကြောင့် လူများမှာ ထိုအရာကိုလုံးဝသတိမထားမိတော့ဘဲ သူမ၏တောက်ပသောမျက်လုံးများကိုသာ သတိထားမိကြတော့၏။
"ထောင်ဟွား အစ်မကွာရှင်းလိုက်ပြီလေ၊ ကျိုးရှန့်ဟူနဲ့ သူ့သားက ကျိုးကျားရွာကနေ ထွက်သွားကြပြီ၊ အခု အစ်မနဲ့သူတို့ ဘာမှမပတ်သက်တော့ဘူး၊ ပစ္စည်းဥစ္စာ ဘာမှမရခဲ့ပေမယ့် အစ်မ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေတွေ့ရှိသွားပြီ၊ အရင်ဆယ်နှစ်လုံးလုံး အစ်မသူတို့ကို အလုပ်အကျွေးပြုခဲ့ရတယ်၊ ကျိုးရှန့်ဟူရဲ့အမူအရာကို အမြဲတမ်း အကဲခတ်နေခဲ့ရပြီး မကြာမကြာ သူပါးရိုက်တာကိုလည်း ခံခဲ့ရတယ်၊ အဲ့ဒီလို ဘဝမျိုးကို အစ်မစက်ဆုပ်နေပြီ၊ ဆယ်နှစ်လုံးလုံး အစ်မအလိုလိုက်ထားခဲ့တဲ့ သားကလဲကျေးဇူးကန်းတဲ့ကောင်လေးပါပဲ၊ သူက သူ့အဖေနောက်ကိုလိုက်သွားတယ်လေ၊ အခုမှပဲ အစ်မတစ်ကယ်ကို စိတ်ပေါ့ပါးသွားသလိုခံစားရတယ်"
ရန်ချွန်းမေ သူမပျော်ရွှင်မှုအကြောင်းကို သွက်သွက်လက်လက် ပြောပြနေသည်။ ကျိုးထောင်ဟွားလည်း လုံးဝတုံ့ဆိုင်းမနေဘဲ ဆယ်တေးကိုကြိုထုတ်ပေးလိုက်၏။
"အစ်မချွန်းမေ နောက်ကျရင် အခက်အခဲ တစ်ခုခုရှိရင် ညီမကိုသာပြောပါ၊ ညီမ ကူညီနိုင်သရွေ့ လုံးဝငြင်းမှာမဟုတ်ဘူးနော်"
ရန်ချွန်းမေထံတွင် ကိစ္စကောင်းတစ်ခုခု ဖြစ်လာတော့မည်ကို ကျိုးထောင်ဟွား မြင်နိုင်နေသည်။ ရန်ချွန်းမေ အပြုံးလေးနှင့် ကျေးဇူးတင်စကားပြောလိုက်ပြီး ရွာလူကြီးဆီ ဆယ်တေးယူသွားကာ အလှူငွေစာရင်းသွားသွင်းလိုက်၏။ ဤငွေဆယ်တေးကို အမြန်ဆုံးပြန်ရှာပြီး အိမ်တစ်လုံးဆောက်နိုင်သည်ထိ ပိုက်ဆံရှာဖို့ သူမသန္နိဋ္ဌာန်ချထားလိုက်သည်။ ရွာလူကြီးမှာ ရွာထဲ၌အလှူငွေအားလုံး ကောက်ခံပြီးသွားချိန်တွင်မှ ယွမ်ရင်ရှင်းနှင့် ကျိုးရှန့်ဟူတို့ အိမ်နှင့်လယ်မြေများကိုရောင်းပြီး ရွာမှနေပြောင်းရွှေ့သွားကြပြီကို သိလိုက်ရ၏။ ထို့ပြင် ကျိုးရှန့်ဟူမှာ ရန်ချွန်းမေကိုကွာရှင်းလိုက်ပြီး သူမအတွက် ငွေတစ်ပြားမှမချန်ထားခဲ့ဘဲ ထွက်သွားခဲ့သည်။ ရွာလူကြီး ဆူဆဲလိုက်မိ၏။
"ခံစားချက်မရှိတဲ့ လူယုတ်မာကောင် အရင်တစ်ခေါက်က သူ့ကိုအချက်တစ်ရာထဲမပေးခဲ့သင့်ဘူး၊ သူ့ကိုအိပ်ရာထဲကနေ လုံးဝမထနိုင်တော့အောင် အချက်နှစ်ရာလောက်ပေးလိုက်သင့်တာ"
ကျိုးမိသားစု၏ဆွေစဉ်မျိုးဆက်ထဲ၌ ဤကဲ့သို့လူယုတ်မာမျိုးပါလာလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ ငွေများကိုစီစဉ်ပြီးနောက် ရွာလူကြီးသည် ရွာထဲရှိပန်းရန်ဆရာအနည်းငယ်ကို ကိုယ်တိုင်သွားရှာပြီး မြို့ရိုးကိုဘယ်လိုတည်ဆောက်မည်အား ဆွေးနွေးလိုက်သည်။ ကျိုးထောင်ဟွား ပေးထားသော မြေပုံကြမ်းများကို သူထုတ်ပြလိုက်၏။ မြို့ရိုး၏လားရာနှင့် နေရာချထားမှုမှာ တောင်၏မြေမျက်နှာသွင်ပြင်ပေါ် မူတည်ပြီး အဓိကနေရာများနှင့် တောင်ကြားလမ်းများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ ရွာထဲရှိပန်းရန်ဆရာများအံ့အားသင့်သွားကြ၏။ ရွာလူကြီး၏ သားအကြီးဆုံးကျိုးကွမ်းမင်မှာ ပန်းရန်ဆရာတစ်ယောက်ဖြစ်သလို ကျိုးကွမ်ခွင်းနှင့် ကျိုးကွမ်းဖာတို့လည်း ပန်းရန်ဆရာများဖြစ်ကြသည်။ မြေပုံကိုကြည့်ပြီးနောက် ကျိုးကွမ်းမင်မှရွာလူကြီးကိုပြောလိုက်၏။
"အဖေ ထောင်ဟွားကမြို့ရိုးကို တောင်တန်းတွေ ချောက်ကမ်းပါးတွေ မတ်စောက်တဲ့တောင်စောင်းတွေနဲ့ မြစ်တွေ ရေကန်တွေနားမှာ တည်ဆောက်ချင်နေတာပဲ၊ ပြောရရင်ဒါတွေအားလုံးက မဟာဗျူဟာမြောက်နေရာတွေချည်းပဲလေ"
ကျိုးကွမ်ခွင်းနှင့် ကျိုးကွမ်းဖာတို့ကလည်း သဘောတူကြောင်းခေါင်းငြိမ့်လိုက်ကြသည်။ ကျိုးကွမ်ခွင်းမှာ မြေပုံကြမ်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ရွာလူကြီး ကျွန်တော်တို့ရွာက ဘာလို့ဒီလောက် မဟာဗျူဟာမြောက်နေရာဖြစ်နေလဲဆိုတာ ကျွန်တော်နားလည်ပြီထင်တယ်၊ တစ်ကယ်လို့ ကျွန်တော်သာ စစ်သူကြီးတစ်ယောက်ဆိုရင် ဒီနေရာကို အရင်ဆုံးသိမ်းပိုက်မှာပဲ၊ ပြီးတော့ ထောင်ဟွားဆွဲထားတဲ့ ဒီပုံကြမ်းနဲ့ဆိုရင် သေချာပေါက် ဒီလိုမြို့ရိုးမျိုးကို တည်ဆောက်မိလိမ့်မယ်၊ ဒီလိုမြို့ရိုးမျိုးနဲ့ဆိုရင် ဘယ်သူမှဖောက်ဝင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ခံစားရတယ်"
ချက်ချင်းပင် သူတို့လေးယောက်သည် မည်သည့်ပစ္စည်းများ ပြင်ဆင်ရမည်၊ တည်ဆောက်ရန် ပတ်ဝန်းကျင်ရွာများမှ လူမည်မျှငှားရမည်ကို စတင်ဆွေးနွေးကြလေသည်။ အလုပ်သမားအင်အားများများလိုအပ်သဖြင့် ပန်းရန်ဆရာများချည်းနှင့် လုံလောက်မည်မဟုတ်ပေ။ တခြားအလုပ်သမားများလည်း လိုအပ်လိမ့်မည်။ ပါဝင်မည့် လူအရေအတွက်များပြားသဖြင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များ စနစ်တကျရှိစေရန် သီးသန့်တာဝန်ခံများ၊ အစားအသောက် ထောက်ပံ့ပေးမည့်သူများနှင့် ကြီးကြပ်ရေးမှူးတချို့လည်း လိုအပ်၏။ ရွာလူကြီးမှာ လူသုံးယောက်ကို မြို့ရိုး တည်ဆောက်မည့်အကြောင်းရှင်းပြပြီးနောက် ရန်ချွန်းမေ၏ငွေဆယ်တေးကို ပြန်ပေးရန် သူမအိမ်သို့သွားလိုက်သည်။
"ရန်ရှီ မင်းရဲ့စေတနာကို ငါသိပါတယ်၊ ပိုက်ဆံကို ပြန်ယူထားပြီး မင်းကိုယ်မင်းသာအရင်ဂရုစိုက်လိုက်ပါ"
ရွာလူကြီးမှာ ထိုသို့ပြောရင်း ရန်ချွန်းမေလက်ထဲ ပိုက်ဆံထည့်ပေးရန်ကြိုးစားသော်လည်း သူမရှောင်လိုက်သည်။
"ရွာလူကြီး ရွာသားတစ်ယောက်အနေနဲ့ ရွာဒုက္ခရောက်နေချိန်မှာ ဘယ်လိုလုပ်မကူညီဘဲ နေနိုင်မှာလဲ၊ ကျွန်မမှာ ပုံမှန်အားဖြင့် အသုံးစရိတ်သိပ်မရှိပါဘူး၊ ဟိုလူယုတ်မာကျိုးရှန့်ဟူက အိမ်နဲ့မြေကို ရောင်းသွားပေမယ့် အဘွားချူက ဒီအိမ်မှာ ကျွန်မကိုနေခွင့်ပြုထားတယ်၊ ခြံထဲက ဟင်းသီးဟင်းရွက်တွေကိုလဲ စိတ်ကြိုက်ခူးစားလို့ရတယ်၊ ထောင်ဟွားကလဲ ပန်းထိုးအလုပ်ရုံမှာ ကျွန်မရဲ့လုပ်အားခကို မလျှော့ဘူးလို့ပြောထားတယ်၊ ဆယ်တေးကို ကျွန်မအဆင်ပြေတဲ့အချိန်မှပြန်ဆပ်လို့ရတယ်တဲ့"
သူမ၏ပြတ်သားမှုကိုမြင်သောအခါ ရွာလူကြီးလည်း ငွေဆယ်တေးကိုပြန်ပေးရန် လက်လျှော့လိုက်ပြီး သူ့တောင်းထဲမှ ဆန်ဆယ်ကျင်းနှင့် ကြက်ဥအလုံးနှစ်ဆယ်ကို ထုတ်ပေးလိုက်သည်။
"ဒါလေးတွေ ယူထားလိုက်၊ နောက်ကျအခက်အခဲတစ်ခုခုရှိရင် ငါ့ကိုသာလာပြောလှည့် ကြိတ်မှိတ်ပြီးဒုက္ခခံမနေနဲ့"
ထို့နောက် ဒေါသတကြီးနှင့် သူဆက်ပြောလိုက်သည်။
"ရွာဒုက္ခရောက်နေချိန်မှာ ယွမ်ရင်ရှင်းနဲ့ ကျိုးရှန့်ဟူဆိုတဲ့ ခွေးကောင်နှစ်ကောင်က သူတို့ရဲ့အိမ်တွေ၊ မြေတွေကိုချက်ချင်းရောင်းပြီး ထွက်ပြေးသွားကြတယ်၊ သူတို့ မိသားစုနှစ်စုကို ငါတို့ကျိုးကျားရွာကနေပယ်ဖျက်ဖို့ ငါအခုပဲမြို့အုပ်ရုံးကိုသွားတော့မယ်၊ ရန်ရှီ အခုကစပြီး မင်းကကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့မယ်၊ မင်းရဲ့အိမ်ထောင်စုစာရင်းလုပ်ဖို့ မြို့အုပ်ရုံးကို ငါသွားလိုက်မယ်၊ မင်းကငါတို့ ကျိုးကျားရွာရဲ့ရွာသူအဖြစ် ဆက်ရှိနေမှာပါ"
အိမ်ထောင်စုစာရင်း ဟုတ်လား။
ရန်ရှီ : သူမရဲ့ကံကောင်းခြင်းတွေရောက်လာပြီပဲ။