အခန်း (၁၄)
Vol. 2 Ch. 14
ကျီချောင်ချင်မျက်နှာကြောင့် လူအုပ်ကြီးလည်း ခပ်ဝေးဝေးဆုတ်လိုက်ကြသည်။
ရှန်ကျွင်း မတ်တပ်ထရပ်ပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများကို ခံစားချက်မဲ့စွာသုတ်လိုက်သည်။
သူ့ ဖြူဖျော့နေသော မျက်နှာနှင့် ယိုင်နဲ့နဲ့ဖြစ်နေသော ခြေလှမ်းကြောင့်သာမဟုတ်ပါက သူ ဒဏ်ရာရခဲ့သည်ဟု မည်သူမျှ ထင်လိမ့်မည်မဟုတ်ပေ။
ကျီချောင်ချင်သည် ဝါးအိမ်အတွင်းမှ ဝိဉာဉ်ကျောက်တုံးများကို အသုံးပြု၍ ရှန်ကျွင်း၏ဒဏ်ရာများကို ကုသပေးနေစဉ် ရှန်ကျွင်းဦးနှောက်တွင် ပြဿနာရှိနေမည်ဟု သူမ သံသယဝင်လာသည်။
"ရှင် ဘာလို့ ပြန်မတိုက်တာလဲ ?"
ဤသို့အကြောင်းမဲ့ ဒဏ်ရာရခဲ့လျှင် ရွှံ့ရုပ်ဆိုလျှင်တောင် ဒေါသထွက်မိမည်။ ရှန်ကျွင်း၏စွမ်းရည်ဖြင့်ဆိုပါက မိုကွေချီကို သတ်ပစ်ရန် လုံလောက်သည်ထက် ပိုနေသည်။
ရှန်ကျွင်း : "သက်ရှိအားလုံး ဒုက္ခခံစားရတယ်၊ ကယ်တင်ခြင်းကို ပထမဦးစားပေးရမယ်၊ ရန်ငြိုးတွေ ထပ်မတိုးသင့်ဘူး၊ မင်းနဲ့ငါက လမ်းမတူဘူး၊ အခု ခွဲခွာရမယ့် အချိန်ရောက်ပြီ"
ထိုသို့ပြောပြီးနောက် သူသည် နောက်ကြောင်းပြန်မကြည့်ပဲ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။ သူသည် ကောင်းကင်ရှိ လမင်းပမာ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသည်။
ကျီချောင်ချင်သည် ဤလူမှာ ပုံမှန်အတွေးရှိသူမဟုတ်သည်ကို သတိပြုမိလိုက်ပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိသည်။
သို့သော် သူမသည် သူ့ကို ဒီအတိုင်းထွက်သွားခွင့်ပေး၍ မရသေးပေ။ သူမသည် လက်ရှိတွင် မသန်မစွမ်းဖြစ်နေပြီး မည်သည့်အရာမှ မလုပ်နိုင်ပေ။
ကံအားလျော်စွာ ရှန်ကျွင်းတွင်လည်း ဝိဉာဉ်စွမ်းအင်မရှိသော်ငြား သူသည် အရာများစွာကို လုပ်ဆောင်နိုင်ပြီး ထျန်းရွှမ်ဂိုဏ်း၏အကာအရံသည် ဝိဉာဉ်စွမ်းအင်မရှိသော သာမန်လူများကို မတိုက်ခိုက်နိုင်ပေ။
ထို့ကြောင့် သူမသည် ရှန်ကျွင်းအင်္ကျီလက်ကို ဆွဲကိုင်ပြီး "ရှန်ကျွင်း... ကျွနုံ ဒီဘဝမှာ ဘယ်သူနဲ့မှ ကျေးဇူးကြွေး တင်မခံချင်ဘူး၊ ဒါပေမယ့် ရှင် ကျွန်မကို ကယ်ခဲ့တယ်၊ ဒါကြောင့် ကိစ္စပြတ်သွားအောင် ကျွန်မဘက်က တစ်ခုခုလုပ်ပေးမယ်ဆိုဘယ်လိုလဲ ?"
ရှန်ကျွင်းသည် ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ကျီချောင်ချင်၏တောက်ပသော မျက်လုံးများကို သတိပြုမိကာ တိတ်ဆိတ်သွားခဲ့သည်။
သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက် လျှောက်လိုက်၊ရပ်လိုက်ဖြင့် တပည့်များစွာကို ရှောင်တိမ်းကာ လူသူကင်းမဲ့သော ခန်းမဆောင်တစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
သူတို့ဝင်သည်နှင့် နံရံတစ်ခုလုံးရှိအဆင့်မြင့်ဝိဉာဉ်ကျောက်တုံးများကြောင့် မျက်စိများပင် ကျိန်းစပ်သွားလုနီးပါးဖြစ်သွားသည်။
မကြာမီ သူမသည် ချန်ခွန်းအိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်ပြီး
"ဒီပစ္စည်းတွေက ဒဏ်ရာတွေကို ကုသဖို့အတွက်ပဲ၊ ဒီနေရာက ဆေးတွေလောက် ထိရောက်တဲ့ ဆေးဝါးတွေ ဒီလော ကမှာ မရှိဘူး၊ ဒါက ထျန်းရွှမ်ဂိုဏ်းရဲ့လျှို့ဝှက်ကျင့်စဉ်စာ... အဟမ်း အဟမ်း! ဒါက ကျွန်မ အပင်ပန်းခံရေးသားထားတဲ့ စာအုပ်ပဲ၊ အားလုံး ရှင့်ကိုပေးလိုက်ပြီ၊ ဒါတွေက ဝိဉာဉ်ကျောက်တုံးတွေ... ယူသွားပါ၊ ဒါက ကောင်းကင်ဘုံကလက်နက် ၊ ထျန်းရွှမ်ဂိုဏ်းရဲ့ရတနာပဲ၊ အားလုံးယူသွား လိုက်..."
ရှန်ကျွင်းသည် မှတ်ဉာဏ်များ ဆုံးရှုံးခဲ့ပြီး ပြင်ပကိစ္စများကို နားမလည်သူ ဖြစ်သော်လည်း တစ်ခုခုမှားနေသည်ကို ခံစားမိသည်။
"ဒီပစ္စည်းတွေက..."
ကျီချောင်ချင်သည် အသံကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။
"ဒီပစ္စည်းတွေက ကျွန်မ ဟာတွေချည်းပဲ၊ အခု ရှင့်ကို အား လုံးပေးလိုက်ပြီ၊ ကျွန်မ အရမ်းရက်ရောတယ်မဟုတ်လား"
"မလိုအပ်ဘူး"
ရှန်ကျွင်းသည် ပစ္စည်းများကို စိတ်မဝင်စားဘဲ လှည့်ထွက်သွားခဲ့သည်။
ကျီချောင်ချင်သည် သူ ကြိုက်နှစ်သက်သော ပစ္စည်းများကို သူ့ချန်ခွန်းအိတ်ထဲသို့ အမြန်ထည့်လိုက်ပြီးနောက် ရှန်ကျွင်းထံ အပြေးသွားကာ သူ့အင်္ကျီလက်ကိုဆွဲကိုင်လိုက်သည်။
သို့သော် ရှန်ကျွင်းသည် သူမ ချဉ်းကပ်လာမည်ကိုကြိုသိနေသည့်ပမာ ချက်ချင်းဆိုသလို ဘေးဘက်သို့ နှစ်လှမ်းအမြန်တိုးလိုက်ပြီး ကျီချောင်ချင် လက်ကိုရှောင်တိမ်းသွားသည်။
သို့သော် ကျီချောင်ချင်၏ကျင့်စဉ်အဆင့်မှာ ယခင်ကလိုမဟုတ်တော့ဘဲ သူမသည် ကိုယ်ခန္ဓာကိုထိန်းချုပ်ရန်လျင် မြန်လွန်းနေသောကြောင့် သူ့မျက်နှာသည် ရှန်ကျွင်း နောက် ကျောပေါ် တည့်တည့်တိုက်မိသွားသည်။
ကျီချောင်ချင်သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်ပြီး သူ့မျက်နှာအစိတ်အပိုင်းများပင် ရွေ့သွားတော့မလို ခံစားလိုက်ရသည်။ ထိုသို့ ဖြစ်နေသော်လည်း သူ ဤရှုပ်ထွေးမှုများကြားမှ သိုလှောင်အိတ်ကို ရှန်ကျွင်း အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်သည်။
ရှန်ကျွင်းမျက်နှာသည် အေးစက်သွားပြီး သူ ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။ သူသည် ကျီချောင်ချင်နှင့် ချက်ချင်းအကွာအဝေးတစ်ခုခြားလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။
"နှုတ်ဆက်ပါတယ်"
ကျီချောင်ချင်သည် သူ့မျက်နှာ သူ ပွတ်သပ်ကာသက် ပြင်းချလိုက်သည်။
"သွား သွား၊ မြန်မြန်သွားလိုက်၊ ရှင် မသွားမှာကိုပဲ ကျွန်မ ကြောက်နေခဲ့တာ၊ ကျွန်မက ဘယ်သူ့ကိုမှ ကျေးဇူးတင်ကြွေး မတင်ခံချင်ဘူး၊ ရှင် ကျွန်မကို ကယ်ခဲ့တယ်၊ ကျွန်မက ရှင့်ကို အသုံးချခဲ့တယ်၊ အခုတော့ ကြေသွားပြီ"
ဤသို့ပြောနေစဉ် ကျီချောင်ချင်သည် အဝေးမှ အနီရောင်ဝတ်စုံကို သတိထားမိလိုက်သည်။
သူမအောက်ကို ငုံ့ကြည့်လိုက်သောအခါ သူဝတ်ဆင်ထားသည့် အပြာရောင်ဝတ်စုံမှာ အလွန်အရုပ်ဆိုးနေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူ့ဆရာဖြစ်သူမှာ လွန်ခဲ့သောနှစ်များက သူမ၏အပြာရောင်ဝတ်စုံကိုချီးမွမ်း ခဲ့ပြီး သူမသည် ထိုအချိန်ကတည်းက ဤအ၀တ်ကိုဝတ် ဆင်ခဲ့သော်လည်း ယခုအခါတွင် သူမ ပြောင်းလဲသင့်သည်ဟု ခံစားလိုက်ရသည်။
ကျီချောင်ချင် ခန်းမဆောင်မှ ထွက်လာသောအခါ သူမကို မည်မျှကြာကြာ စောင့်ဆိုင်းနေသည်မသိသော လီမင်လော့ကိုတွေ့လိုက်ရသည်။
လီမင်လော့သည် ကျီချောင်ချင်သည် ၀တ်မြဲအတိုင်း၀တ်တက်သော အပြာရောင်ဝတ်ရုံကိုချွတ်ကာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်ကိုသတိပြုမိလိုက်သည်။ ဤဝတ်စုံသည် တောက်ပနေပုံရကာ သူမကို တမူထူးခြားနေသည်။ ကျီချောင်ချင်သည် အလွန်လှပသူဖြစ်ပြီး အနီရောင်ဝတ်စုံသည် သူမ၏ဖြူဖွေးသောအသားအရေကို ပိုမိုပေါ်လွင်စေပြီး တောက်ပသော နေထွက်ချိန်တွင်ပေါ်လာသည့် နတ် သမီးတစ်ပါးပမာ လှပနေသည်။
လီမင်လော့မျက်နှာထက် အံ့သြသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ရှစ်ကျဲ.. ကျွန်တော် အချိန်ကိုက် ရောက်လာတာပဲ"
(ရှစ်ကျဲ = စီနီယာအစ်မ)
ကျီချောင်ချင်မှာ စိတ်ကောင်းဝင်နေပြီး သူ့ လက်ကောက် ဝတ်ပေါ်ရှိ ပုတီးများကိုပြင်လိုက်သည်။
"ရှစ်တိ၊ ငါ ထျန်းရွှမ်ဂိုဏ်းကို ပြန်မလာတာ အရမ်းကြာသွားပြီ၊ ငါနဲ့အတူ လမ်းလျှောက် ထွက်ချင်လား?"
(ရှစ်တိ = ဂျူနီယာမောင်လေး)
လီမင်လော့ ပြုံးလိုက်သည်။
"သေချာတာပေါ့!"
နေဝင်သွားပြီဖြစ်ပြီး ရာသီဥတုမှာ သာယာနေသောကြောင့် တိမ်များပင် လှပနေသည်။ မီးတောက်သဖွယ် တိမ်တိုက်ကြီးများသည် မိုးကုတ်စက်ဝိုင်းတစ်လျှောက် ရွေ့လျားနေပြီး ၎င်းတို့၏ အလင်းရောင်မှာ ကျီချောင်ချင်အပေါ်ဖြာကျနေသည်မှာ ရွှေမှုံရွှေစများ ဖြန့်ကျဲထားသလိုထင်ရသည်။
ကျီချောင်ချင်သည် သူ့ဘေးတွင် ရပ်နေသော်လည်း သူမသည် မကြာမီ ထွက်ခွာသွားနိုင်သည်ဟု ခံစားလိုက်ရပြီး သူ့အတွက် ဘယ်တော့မှနေမည်မဟုတ်ကို ခံစားမိသည်။
လီမင်လော့သည် ကျီချောင်ချင် လက်ကိုလှမ်းဆုပ်ကိုင်လိုက်သည်။
ကျီချောင်ချင်သည် ရုန်းထွက်ရန် ကြိုးစားသော်လည်း မရုန်းနိုင်သောကြောင့် လီမင်လော့ ဦးဆောင်ခေါ်ဆောင်သွားသည်ကို လက်ခံလိုက်သည်။
လီမင်လော့သည် သိသိသာသာ ဝမ်းသာနေသည်။
"ရှစ်ကျဲက ရှစ်တိရဲ့ လက်ကိုဆွဲခေါ်ပြီး ဂိုဏ်းထဲကို ခေါ်လာခဲ့ပြီး လမ်းညွှန်ပေးခဲ့တာ၊ ရှစ်တိရဲ့ကျင့်စဉ်နည်းတွေကို သင်ပေးခဲ့တာလည်း ရှစ်ကျဲပဲ၊ အဲ့တုန်းက ရှစ်တိက ရှစ်ကျဲနဲ့ အမြဲအတူရှိချင်တယ်လို့ တွေးခဲ့တာ"
ကျီချောင်ချင် လက်သည် သစ်ပင် ပင်စည်တစ်ခုကိုညင် သာစွာပွတ်သပ်လိုက်ပြီး အတိတ်က အမှတ်ရစရာများကို ပြန်လည် အမှတ်ရလိုက်သည်။
"ဒီနေရာက ငါတို့ အရပ်တိုင်းခဲ့တဲ့နေရာပဲ၊ နင် စရောက်တုန်းက ကြောင်လေးလိုပဲ၊ ငါ့လောက်ထိ အရပ်မရှည်မှာကို အမြဲစိုးရိမ်နေခဲ့တာ"
လီမင်လော့မျက်လုံးများ လင်းလက်သွားကာ "အဲ့တုန်းက ရှစ်တိ တွေးမိတာက ရှစ်ကျဲလောက် အရပ်မရှည်ရင် ရှစ်ကျဲကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာပဲလေ"
သူ့ငယ်ရွယ်စဉ်က ခံစားချက်များသည် ဖြူစင်ပြီး ချစ်စရာကောင်းလှသည်။
ထျန်းရွှမ်ဂိုဏ်းသည် ကျယ်ပြန့်သော်လည်း လီမင်လော့၏ ကျင့်စဉ်မှာ အလွန် အားကောင်းသည်။ တစ်နာရီပင် မကြာမီ သူသည် ဂိုဏ်းတစ်ခုလုံးကို လေ့လာစူးစမ်းခဲ့ပြီးဖြစ် သည်။ ကျီချောင်ချင် လက်သည် တောင်ထိပ်တိုင်းရှိ သစ်ပင်တိုင်းကို ထိတွေ့ခဲ့သည်။
အဆုံးတွင် လီမင်လော့သည် ကျီချောင်ချင်ကို ရေခဲချိုး ဖျက်တောင်ထိပ်နှင့် အလွန်ဆင်တူသော တောင်ထိပ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။ ဤသည်မှာ လီမင်လော့၏ နယ်မြေဖြစ်သည်။
ဝါးတောထဲတွင် စက္ကူလိပ်ပြာများ ပြည့်နှက်နေသည်။
"ရှစ်ကျဲ... ဒီစက္ကူလိပ်ပြာတွေကို မှတ်မိသေးလား?"
လီမင်လော့သည် ပြေလျော့နေသော စက္ကူလိပ်ပြာတစ်ကောင်ကို ပြန်ခေါက်လိုက်ပြီး ညင်သာစွာလှုပ်ခါလိုက်ကာ လွှတ်တင်လိုက်သည်။
စက္ကူလိပ်ပြာများသည် အသက်ဝင်လာသည့်ပမာ ပျံသန်းသွားပြီးမှ အဆုံးတွင် ရပ်တန့်သွားသည်။
ကျီချောင်ချင်သည် လမ်းလျှောက်ရသည်ကို ပင်ပန်းလာသဖြင့် ကျောက်ထိုင်ခုံပေါ် ထိုင်လိုက်သည်။
လီမင်လော့သည် သူမ၏ဘေးနားတွင် ကပ်လျက် ထိုင်လိုက်သည်။
"အဲ့တုန်းက ရှစ်တိ ဂိုဏ်းထဲကို စဝင်တုန်းက ဘာမှမသိသေးတဲ့အပြင် အကြိမ်ပေါင်းများစွာ ဖျားနာခဲ့တာ၊ အဲ့တုန်းက ရှစ်ကျဲလည်း ငယ်ငယ်လေးပဲ ရှိသေးတာ ဒါပေမဲ့ ရှစ်တိကို ရင်ခွင်ထဲထည့်ပြီး စက္ကူလိပ်ပြာတွေနဲ့ နှစ်သိမ့်ပေးခဲ့တယ်၊ ထျန်းရွှမ်ဂိုဏ်းမှာ ရှစ်တိအပေါ် ရှစ်ကျဲကအကောင်းဆုံးလူမှန်း ရှစ်တိ အမြဲတမ်းသိခဲ့ပါတယ်"
ကျီချောင်ချင်သည် ထိုအဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိသောအခါ အနည်းငယ်ပြုံးလိုက်သည်။ သူမ မျက်လုံးများ မော့ကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။
"နင့်အပေါ် ငါအကောင်းဆုံးဆိုတာသိရက်သားနဲ့ ဘာလို့ ငါ့ကို သစ္စာဖောက်ခဲ့တာလဲ၊ ငါ နားမလည်နိုင်ဘူး၊ နင်က အလိုဆန္ဒကြောင့်မျက်စိကွယ်တဲ့ ကျိုးကျွင်းလန်နဲ့မတူဘူး၊ နင် အရမ်းတော်တာ၊ ဒါဆို ဘာလို့ အဲ့တုန်းက လင်းရှန်းရှန်းရဲ့ ဖြားယောင်းတာကိုခံခဲ့ရတာလဲ'
ဆယ်နှစ်ကြာသွားပြီဖြစ်သောကြောင့် လီမင်လော့သည် ပိုမိုအားကောင်းလာကာ ယခုအခါတွင် ချုပ်တည်းမှုမရှိဘဲပြောဆိုနိုင်ပြီဖြစ်သည်။
သူသည် ကျီချောင်ချင်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူတို့လက်ချောင်းများမှာ ရောယှက်နေသည်။