ငါက ထျန်းရွှမ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးအကြီးအကဲ ကျီချောင်ချင်၊ ဂိုဏ်းထဲမှာ ဆရာဖြစ်သူက ကာကွယ်ပေးသလို ရှစ်ရှုန်း၊ ရှစ်ကျဲတွေကလည်း ငါ့ကို ချစ်ကြတယ်။ ရှစ်တိနဲ့ရှစ်မေ့တွေကလည်း လေးစားကြတယ်။ ငါ ငယ်ငယ်လေးတည်းက ငါ့ ဂိုဏ်းနဲ့ လောကကြီးကိုကာကွယ်ဖို့သစ္စာဆိုခဲ့တယ်။ ငါ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် လောကကိုဖျက်ဆီးနေတဲ့ မကောင်းဆိုးဝါးအင်အားစုတွေကို ငါ တစ်ယောက်တည်း ရင်ဆိုင်စိန်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်စုကြာအောင် ပြည်သူတွေရဲ့ငြိမ်းချမ်းရေးကို ငါ တစ်ယောက်တည်း ကာကွယ်စောင့်ရှောက်ပေး ခဲ့တယ်။ ငါ့ကိုယ်ခန္ဓာက မကောင်းဆိုးဝါးဝိညာဉ်ရဲ့ဖျက်ဆီးခြင်းကိုခံစားနေရတဲ့အတွက် ညတိုင်းအသည်းခိုက်အောင်နာကျင်မှုကို ခံစားနေခဲ့ရပေမယ့် အဲ့တာတွေအားလုံးကို ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲလက်ခံခဲ့တယ်။ အဲ့အချိန်မှာ ငယ်ငယ်လေးကတည်းကစေ့စပ်ထားတဲ့ ဂိုဏ်းခေါင်းဆောင်က လင်းရှန်းရှန်းလို့အမည်ရတဲ့ မိန်းကလေးတစ်ယောက်ကို ဂိုဏ်းကိုခေါ်လာခဲ့တဲ့အချိန်ကစပြီး ဂိုဏ်းထဲမှာရှိတဲ့ လူတိုင်းပြောင်းလဲသွားကြတော့တာပဲ။ ငါ့ဆရာက သည်းမခံတတ်တဲ့သူလို့ စွပ်စွဲခဲ့သလို ရှစ်ရှုန်းနဲ့ ရှစ်ကျဲတွေကလည်း ငါ့ရဲ့ဆိုးယုတ်ကြမ်းကြုတ်မှုကို စက်ဆုပ်ရွံရှာကြသတဲ့ ရှစ်တိနဲ့ ရှစ်မေ့တို့ကလည်း ငါ့ကို သေစေချင်ကြတယ်။ ငါ ဘာအမှားမှ မလုပ်ခဲ့မိဘဲ လူတိုင်း ငါ့ကိုပဲ ပြစ်တင်ရှုတ်ချနေကြတယ်။ တနေ့မှာ တစ္ဆေမျိုးနွယ်စုရဲ့အကြွင်းအကျန်တွေ ငါတို့ ထျန်းရွှမ်ဂိုဏ်းကိုကျူးကျော်လာခဲ့တယ်။ ငါ ဂိုဏ်းကိုကာကွယ်ဖို့အတွက် အသက်တောင်မငဲ့ကွက်ဘဲ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ဦးဆောင်တဲ့ရှစ်ရှုန်းက လင်းရှန်းရှန်းကိုကယ်တင်ဖို့အတွက်နဲ့ ငါ မမျှော်လင့်ထားတာကို အခွင့်ကောင်းယူပြီး ချောက်ကမ်းပါးပေါ်ကနေ ရက်ရက်စက်စက်တွန်းချခဲ့တယ်။ ငါ နှစ်ပေါင်းများစွာ ဂိုဏ်းကိုကာကွယ်ခဲ့တာက ရုတ်တရက်ဆိုသလို ဟာသတစ်ခုဖြစ်သွားခဲ့ရတော့တာပဲ။ ဘယ်သူမှမသိလိုက်တာက ငါ အဲ့ချောက်ကမ်းပါးအောက်မှာ မသေသွားခဲ့ဘူး။ အေးစက်ခက်ထန်ပြီးမြင့်မြတ်စင်ကြယ်ဟန် ရှိတဲ့ အလှလေးတစ်ယောက်က ငါ့ကိုကယ်တင်ပေးခဲ့တယ်။ သူက အနက်ရောင်ဝတ်စုံဝတ်ထားပြီး လောကီကိစ္စတွေကို စိတ်မဝင်စားဟန်နဲ့ ခပ်လှမ်းလှမ်းကရပ်ကြည့်နေခဲ့တယ်။ ဒေါသအ လျောက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ငါ့ဆီ ချဉ်းကပ်လာပြီး ချောက်နက်အောက်ဆုံးကနေဆွဲထုတ်ပေးခဲ့တယ်။ ကျင့်စဉ်တွေအားလုံးဆုံးရှုံးသွားပြီး အသုံးမဝင်တဲ့အခြေအနေသို့ရောက်ရှိသွားခဲ့တဲ့ ငါ့ကို သဘာဝအလျောက်မှတ်ဉာဏ်မရှိတဲ့ သူက ငါ့အတွက် လုံးဝစိမ်းသက်တဲ့ သူစိမ်းဖြစ်ပေမယ့် ငါ့ကို စိတ်ရင်းနဲ့ပြုစုစောင့်ရှောက်ပေးခဲ့ရှာတယ်။ ဒါ့ကြောင့် ငါ သူ့ကို ဂိုဏ်းကိုပြန်ခေါ်လာပြီးတော့ ထျန်းရွှမ်းဂိုဏ်းကိုဖျက်ဆီးခဲ့တယ် အဲ့နောက် ငါ ဘာမှမလိုချင်တော့တဲ့အတွက် လွတ်လပ်ပေါ့ပါးတဲ့ကျင့်ကြံသူအဖြစ်ပဲ နေလိုက်ချင်တော့တယ်။ ဒါပေမယ့်လည်း လွတ်လပ်တဲ့ကျင့်ကြံသူတစ်ယောက်ရဲ့ဘဝဆိုမှတော့ ပုံမန်အတိုင်းနေရမယ့် ဘဝမဟုတ်အောင်ကို ကံကြမ္မာက ဖန်တီးထားသေးတယ်၊ ငါနဲ့တွေ့တဲ့သူတိုင်းမှာ ချို့ယွင်းချက်တွေ တစ်ခုမဟုတ် တစ်ခုရှိနေတတ်တယ်။ နူးညံ့သိမ်မွေ့ပြီးကြင်နာတတ်ပုံရတဲ့ ဧကရာဇ်ငယ်လေးက တကယ်တော့ အမှန်တရားကိုမျက်ကွယ်ပြုပြီးချီးမွမ်းပြောဆို တတ်တဲ့လူဖြစ်တဲ့အပြင် သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မင်းဆရာကိုလည်း ခဏခဏခိုးကြည့်နေတတ်သေးတယ်။ အရမ်းစည်းကမ်းတင်းကျပ်ပုံရတဲ့ဖုန်းလိုက်ဂိုဏ်းက အကြီးဆုံးရှစ်ရှုန်းက တကယ်တော့ ခွေးတစ်ကောင်ကတောင် စက်ဆုပ်ရွံရှာရ လောက်တဲ့ အချစ်ရူးတစ်ယောက်သာသာပဲ။ သူငယ်ချင်းတွေအတွက် မီးထဲ၊ ရေထဲ ခုန်ဝင်ဖို့အသင့်ဖြစ်နေပါတယ်ဆိုတဲ့ ရှစ်တိက တကယ်တော့ သူလိုချင်တဲ့ အချစ်ကိုမရနိုင်တဲ့ ခွေးပေါက်လေးတစ်ကောင်လိုဖြစ်နေခဲ့တာပဲ။ လွတ်လပ်တဲ့ကျင့်ကြံသူတစ်ဦးရဲ့ဘဝက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းပေမယ့် ငါ အခုလောက် လွတ်လပ်ပြီး ပျော်ရွှင်ခဲ့ရဖူးတယ်လို့ မခံစားဖူးခဲ့ဘူး။ ဒါ့ပြင်... ငါ မျက်လုံးဖောက်ထုတ်ခဲ့တဲ့ ရှစ်တိက နတ်ဆိုးလမ်းစဉ်ကိုဝင်သွားပြီး ဘာ့ကြောင့် သူ့ကိုချစ်ပေးဖို့တောင်းဆိုနေရတာလဲ ? ငါ သတ်ဖို့ကြံစည်ခဲ့တဲ့ ရှစ်စွမ်းကကော ဘာ့ကြောင့် ငါ့ကို အိမ်ပြန်ခေါ်ဖို့အတွက် သူ့အသက်ကိုစွန့်စားနေရတာလဲ ? ငါ တခြားသူတွေဆီက လိုလားတောင့်တခြင်းကိုခံနေရချိန်မှာ ငါ့ကို တစ်နပ်မှမလွတ်အောက် ချက်ပြုတ်ကျွေးမွေးနေတဲ့၊ ချက်ပြုတ်ရာမှာ စိတ်အားထက်သန်နေတဲ့ ငါ့ရဲ့ ချစ်လှစွာသော ချစ်သူလေးက ရုတ်တရက်ဆိုသလို သူ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ဇွန်း ယောက်ကိုဆွဲယူလိုက်ပြီး အစွမ်းထက်တဲ့သိုင်းပညာရှင်တွေကို အခက်အခဲမရှိအနိုင်ယူနိုင်တဲ့အပြင် ဘာစွမ်းအားမှထုတ်မသုံးနိုင်အောင် လုပ်ခဲ့သေးတယ်။ အားလုံးပြီးသွားတော့ သူ ငါ့လက်ကို တင်းတင်းဆုပ်လိုက်ပြီး "အားကျီ မကြောက်နဲ့" လို့ပြောလာတယ်။ တကယ်တော့ ငါ့ ဘဝက လိမ်လည်လှည့်ဖြားမှုတွေနဲ့ပြည့်နှက်နေခဲ့တာ၊ အချိန်တိုင်း ဓားသွားပေါ် လမ်းလျှောက်နေရသလို ခံစားရတယ်၊ ခြေလှမ်းတစ်လှမ်း မှားလိုက်တာနဲ့ ချောက်ကမ်းပါးထဲကျရောက်သွားနိုင်တယ် ဒါပေမယ့် ငါ တစ်ခါမှမကြောက်ခဲ့ဖူးဘူး။ ရိုးရိုးလေးပဲ သူရှိနေလို့လေ။ သူ့ကြောင့် ငါနဲ့သက်ဆိုင်တဲ့နေရာကိုရှာတွေ့ခဲ့ရတာ...။

