← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

🍃 Chapter 51

ကျီချောင်ချင်နှင့်သူမ၏အဖွဲက ရှေ့မှာမဆင်မခြင် တိုက်ခိုက်နေတုန်း တိတ်တဆိတ်လိုက်လာသည့် ကလေးများမှာဒုက္ခရောက်ကုန်ကြသည်။ ဒေါသထွက်နေသောနတ်ဆိုးကျင့်ကြံသူများ၏လက်ချက်နှင့် တစ်ယောက်ပြီးတစ်ယောက် နှိပ်စက်သတ်ဖြတ်ခံလိုက်ရသည်။ တချိုကအပိုင်းပိုင်းခုတ်ထစ်ပြီး အစားခံလိုက်ရသည်။ တချိုကျတော့ခေါင်းဖြတ်ခံရပြီး မြိုရိုးပေါ်မှာချိတ်ဆွဲခံထားရပြီး လင်းတများက ဖြည်းဖြည်းချင်းစားသောက်ဖိုလာကြသည်။

သူတို၏ဝိညာဉ်များကိုတော့ ရုပ်သေးရုပ်များအဖြစ်ပြောင်း လဲပစ်လိုက်ကြသည်။ တချိုကိုတော့ ကျင့်ကြံရေးဂိုဏ်းများဆီပြန်လွှတ်ပြီး ကိုယ့်လူအချင်းချင်းပြန်သတ်ခိုင်းသည်။ တချိုကျတော့ နတ်ဆိုးဂိုဏ်းများမှာကျင့်ကြံဖို အားဖြည့်ပစ္စည်းအနေနှင့်အသုံးချခံလိုက်ရသည်။

"ဂိုဏ်းကြီးတွေထဲက ကလေးတွေအကုန်လုံးနီးပါး သေဆုံးကုန်ကြတယ်"

ကျီချောင်ချင် ခေတ္တရပ်တန့်လိုက်သည်။ ရှန်ကျွင်း သူမကိုလှမ်းကြည့်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် ကျောချမ်းဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေမှုကိုတွေ့လိုက်ရသည်။

ရှန်ကျွင်း မေးလိုက်သည်။

"ပြီးတော့ရော"

ကျီချောင်ချင် ရယ်မောလိုက်သည်။

"ပြီးတော့ အဲဒီကလေးကအရမ်းဒေါသထွက်သွားပြီး ဧရာမဖီးနစ်ငှက်ကြီးအဖြစ်ပြောင်းလဲသွားတယ်၊ ထောင်ကိုဖောက်ထွက်ပြီး နတ်ဆိုးဂိုဏ်းတွေရဲ့ နယ်မြေဆီပြေးသွားပြီး မိစ္ဆာတွေသရဲတွေအကုန်လုံးကိုမီးရှိသတ်ပစ်လိုက်တယ်၊ ကလေးတွေရဲ့ဝိညာဉ်တွေအကုန်လုံးကိုကယ်တင်ပြီး ကြာစွယ်တွေနဲ့ ခန္ဓာကိုယ်တွေဖန်တီးပြီးတော့ အကုန်လုံးကိုပြန်ရှင်အောင်လုပ်ပေးလိုက်တယ်၊ အဲဒီအချိန်ကစပြီး ဂိုဏ်းကြီးတွေအားလုံး နေရာအသီးသီးပြန်ရောက်သွားကြပြီး ငြိမ်းငြိမ်းချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ ပြန်နေထိုင်ကြတော့တယ်"

ရှန်ကျွင်း၏ မျက်နှာထားမှာ အနည်းငယ်အေးစက်သွားသည်။

"အဓိပ္ပာယ်မရှိတာ"

ကျီချောင်ချင် ရယ်မောလျက်ထထိုင်လိုက်သည်။

"ရှန်ကျွင်း... ရှင် အခုတော်တော်တိုးတက်လာပြီပဲ၊ ကျွန်မပြောပြသမျှ ပုံပြင်တွေအကုန်လုံးက လုပ်ဇာတ်တွေချည်းပဲ၊ အရင်တုန်းက ရှင်သတိမထားမိဘူး၊ ဒီတစ်ခါတော့သတိထားမိသွားပြီပဲ!"

ရှန်ကျွင်း သူမကိုလှည့်မကြည့်တော့ပေ။ သူသည် သိသိသာသာပင် ဒေါသထွက်သွားပုံရသည်။ ထူးဆန်းသောအရိပ်အယောင်တစ်ခုမှာ ကျီချောင်ချင်၏မျက်လုံးထဲတွင်ဖြတ်ပြေးသွားသော်လည်း သူမပြုံးပြီးပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ၊ ကျွန်မ မစတော့ပါဘူး၊ လိုရင်းကိုပြောကြရအောင်"

ကျီချောင်ချင် လေးနက်စွာပြောလိုက်သည်။

"ရှန်ကျွင်း... ဟိုမင်းသားငါးသာ ကျွန်မကိုကျီမင်းဆက်ဆီ

မခေါ်လာခဲ့ရင်တောင်ကျွန်မကဒီကိုလာမှာပဲ၊ နတ်ဆိုးချေမှုန်းရေးစစ်ပွဲတုန်းက ကျွန်မရဲ့ အစွမ်းထက်တဲ့ကျင့်ကြံမှုနည်းစနစ်တွေကိုသုံးပြီး မိစ္ဆာ၊ သရဲ၊ မကောင်းဆိုးဝါး မျိုးနွယ်စု သုံးခုလုံးကို တစ်ယောက်တည်း ချိပ်ပိတ်ခဲ့တယ်၊ ချိပ်ပိတ်ဖိုအတွက်အစီအရင်တွေလိုတယ်၊ အစီအရင်တွေက အစီအရင်မျက်လုံးတွေကိုသယ်ဆောင်သူအနေနဲ့ သုံးရတယ်၊ အဲဒီတုန်းက အစီအရင်မျက်လုံးငါးခုလုံးကိုကျွန်မကိုယ်ပေါ်မှာပဲထားခဲ့တယ်"

ထိုအချိန်တုန်းက ကြောက်စရာကောင်းသော မြင်ကွင်းသည် ယခုထိတိုင်သူမမျက်လုံးထဲတွင် ကွက်ကွက်ကွင်းကွင်းမြင်ယောင်နေတုန်းပင်။ ကျီချောင်ချင် အသက်ရှူနှုန်းကိုလျှော့ချလိုက်သည်။

"မျိုးနွယ်စုသုံးခုလုံးကို အောင်မြင်စွာချိပ်ပိတ်လိုက်တဲ့အချိန်မှာပဲ ကျွန်မခန္ဓာကိုယ်က အစီအရင်ထဲမှာ ဖိနှိပ်ထားတဲ့နတ်ဆိုးအငွေ့အသက်တွေကြောင့် တိုက်ရိုက်လောင်ကျွမ်းသွားတယ်၊ ကျွန်မအသက်ကို ဆွဲဆန့်ဖိုအတွက် ဆရာက ကျွန်မကိုယ်ထဲကအစီအရင်လေးခုကိုထုတ်ပြီး တခြားဂိုဏ်းတူလူတွေရဲ့ ကိုယ်ပေါ်မှာထည့်ပေးလိုက်တယ်၊ ကျွန်မကိုယ်ထဲကအစီအရင်မျက်လုံးကိုအဓိကအနေနဲ့ထားပြီး ကျန်တဲ့အစီအရင်မျက်လုံးလေးခုကဝန်းရံကူညီပေးမှ ချိပ်ပိတ်မှုက ခိုင်မာပြီးကြာရှည်ခံမှာလေ"

"စစ်ပွဲတုန်းက ဆရာကလူတွေကိုပိုကယ်တင်နိုင်ဖို့ သူ့ကျန်းမာရေးကိုဂရုမစိုက်ခဲ့ဘူး၊ ကျွန်မကိုအစီအရင်မျက်လုံးကိစ္စကူညီဖြေရှင်းပေးပြီးတာနဲ့ သူလည်း အကန့်အသတ်ရောက်သွားပြီး တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားတယ်၊ ကျွန်မကျန်းမာရေးကလည်းသိပ်မကောင်းဘူး၊ ပေတစ်ထောင်လောက်ရှည်တဲ့နတ်ဆိုးအငွေ့အသက်တွေက ကျွန်မရဲ့အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့တယ်၊ ကျွန်မကျင့်ကြံမှုအဆင့်ကလည်း ဘယ်တော့မှတိုးတက်လာမှာမဟုတ်တော့ဘူး၊ ထျန်းရွှမ်ဂိုဏ်းကလည်း အကြီးအကျယ်ပြန်လည်တည်ဆောက်ဖို့လိုအပ်နေတယ်၊ လူတိုင်းကလည်း ကိုယ်စီကိုယ်စီအတွေးတွေနဲ့ပေါ့ ဒါကြောင့် ကျွန်မလည်းတံခါးပိတ်ကျင့်ကြံဖို့ရွေးချယ်လိုက်တယ်၊ ဒါပေမဲ့ နှစ်တစ်ရာကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ ဝိညာဉ်စွမ်းအားတွေ တဖြည်းဖြည်းပျောက်ကွယ်နေတာကိုတွေ့လိုက်ရတယ်၊ တစ်ချိန်တည်းမှာပဲ တခြား အစီအရင်မျက်လုံးလေးခုကိုအာရုံမခံနိုင်တော့ဘူး၊ တကယ်လို့များ အဲ့ဒီအစီအရင်မျက်လုံးတွေကမရိုးသားတဲ့သူတွေလက်ထဲရောက်သွားပြီး မျိုးနွယ်စုသုံးခုကိုချိပ်ပိတ်ထားတဲ့ မဟာအစီအရင်ကြီးကိုဖျက်ဆီးလိုက်ရင် လောကကြီးအတွက်တကယ့်ကပ်ဘေးကျပြီပဲ၊ ကျွန်မမသေခင်မှာ အစီအရင်မျက်လုံးအားလုံးကိုစုစည်းပြီး ဆရာဆီအပ်နှံခဲ့မှ စိတ်ဖြောင့်ဖြောင့်နဲ့သေနိုင်မှာ"

ကျီချောင်ချင်က ဖြောင့်မတ်သူကြီးပမာပြောလိုက်သည်။

"ချန်ကျင်းကျစ်က အစီအရင်မျက်လုံးတွေထဲကတစ်ခုပဲ၊ သူ့ကိုယ်ထဲကအစီအရင်မျက်လုံးကို ထုတ်ပြီးယူသွားချင်တယ်"

ကျီချောင်ချင်သည် သူမ၏လက်ကိုဖြန့်လိုက်ရာ အပြာရောင်နှင့်အဖြူရောင်ရောစပ်နေသော ကျောက်စိမ်းပုတီးစေ့တစ်လုံးသည် သူမ၏ လက်ဖဝါးထဲတွင်ပေါ်လာသည်။

ရှန်ကျွင်း မော့ကြည့်လိုက်သည်။

"အမှန်အတိုင်းပြော"

ကျီချောင်ချင်သည် စကားများစွာပြောခဲ့သဖြင့် အမောဆို့နေရာမှ ချက်ချင်းအော်လိုက်သည်။

"ကျွန်မ အမှန်အတိုင်း ပြောနေတာ!"

ရှန်ကျွင်း လက်သီးဆုပ်လိုက်ပြီးခေါင်းလွှဲကာ သူမကိုဆက်မကြည့်တော့ပေ။

"လူလိမ်"

ကျီချောင်ချင် ပြန်အော်လိုက်သည်။

"ကျွန်မ မလိမ်ပါဘူးဆို"

ရှန်ကျွင်းက အေးစက်စွာမေးလိုက်သည်။

"အစီအရင်မျက်လုံးငါးခုလုံးသာ မင်းဆီရောက်လာရင်နတ်ဆိုးအငွေ့အသက်တွေက မင်းခန္ဓာကိုယ်ကို လောင်ကျွမ်းသွားစေလိမ့်မယ်လို့ မင်းပဲပြောခဲ့တယ်မလား၊ အဲဒါကိုမင်းကဘယ်လိုစုစည်းမှာလဲ"

ဪ... ဒါကြောင့်ကိုး၊ ကျီချောင်ချင် အသက်ပြင်းပြင်းရှုလိုက်သည်။

"ဒါကြောင့် ရှင့်အကူအညီလိုတာပေါ့၊ ရှင့်မှာ ဝိညာဉ်စွမ်းအားမရှိပေမဲ့ ရှင်ကအရမ်းသန်မာတယ်၊ အနည်းဆုံးတော့ ထျန်းရွှမ်ဂိုဏ်းမှာ ရှင့်ကိုနိုင်တဲ့သူမရှိဘူး၊ ချန်ကျင်းကျစ်ဆီက အစီအရင်မျက်လုံးရပြီးတာနဲ့ ကျွန်မရှင့်ကိုပေးလိုက်မယ်၊ အစီအရင်မျက်လုံးတွေဆီက နတ်ဆိုးအငွေ့အသက်တွေကို ကျွန်မတို့ မျှဝေခံစားကြတာပေါ့၊ ဒီနည်းနဲ့မှ အစီအရင်မျက်လုံးငါးခုလုံးကိုပြန်ယူလာနိုင်မှာ၊ ဘာလို့ရှင့်ကိုပဲ အကူအညီတောင်းတာလဲလို့မမေးနဲ့၊ ဘာလို့လဲဆိုတော့ ဂိုဏ်းထဲကလူတချို့ကပြောင်းလဲသွားပြီ၊ သူတို့ကိုယုံလို့ရသေးလားဆိုတာ မသေချာတော့ဘူး"

သူမတို့ လမ်းတစ်လျှောက်လုံး အထင်လွဲမှုများရှိခဲ့သော် လည်း ရှန်ကျွင်း၏အကျင့်စာရိတ္တကိုတော့ သူမ ဘယ်တော့မှသံသယမဝင်ခဲ့ပေ။

ကျီချောင်ချင် သူ့ကိုယုံကြည်သည်။ ရှန်ကျွင်းသည် မြင်းဇက်ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ သူမ၏ အကြောင်းပြချက်များသည် တော်တော်ယုတ္တိရှိသည်ဟု သူမကိုယ်သူမထင်မိသည်။ သူမသည် ရှန်ကျွင်းဆီမှသဘောတူမည့်စကားကိုစောင့်နေတုန်း ရုတ်တရက်သူကမေးခွန်းတစ်ခုမေးလာသည်။

"မင်းက ဘာလို့သေရမှာလဲ"

ဤမေးခွန်းက တကယ့်ကိုရယ်စရာပင်။ လောကကြီးထဲက လူတိုင်းသေရမှာပဲလေ၊ သူမကစောစောသေရရုံလေးပဲ...

ကျီချောင်ချင် ပြန်ဖြေလိုက်သည်။

"ကျွန်မလည်းမသေချင်ပါဘူး၊ ဖြစ်နိုင်ရင် ဘယ်သူ့ထက်မဆိုပိုအသက်ရှင်ချင်တာပေါ့"

သူမ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဘဝမှာ ကိုယ်မလုပ်နိုင်တဲ့ကိစ္စတွေအမြဲရှိစမြဲပဲ၊ လောကကြီးကိုကာကွယ်ဖို့အတွက် မျိုးနွယ်စုသုံးခုကို အရင်တုန်းကကျွန်မချိပ်ပိတ်ခဲ့တယ်၊ အခုလည်းဒီလိုပါပဲ၊ ရှန်ကျွင်း... လူတိုင်းမှာ ဘဝရည်မှန်းချက်ကိုယ်စီရှိကြတယ်၊ လောကကြီးကိုကာကွယ်ဖို့ဆိုတာ ကျွန်မရဲ့ရည်မှန်းချက်ပဲ"

ကျီချောင်ချင် စိတ်ထဲတွင်အပြစ်ရှိသလိုခံစားလိုက်ရသည်။ ရှန်ကျွင်း၏မျက်နှာမှာ ခံစားချက်မဲ့နေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှာ လောကကြီးနှင့်ကင်းကွာနေသောအငွေ့အသက်များထွက်ပေါ်နေသည်။

အေးစက်ပြီးအထက်စီးဆန်လိုက်ပုံက... ထိတွေ့လို့မရတဲ့လမင်းလိုလို၊ ကျော်ဖြတ်လို့မရတဲ့နှင်းဖုံးတောင်တန်းကြီးလိုလိုပါပဲ...

၎င်းကိုမြင်တော့ ကျီချောင်ချင်မနေနိုင်ဘဲမေးလိုက်သည်။

"ရှန်ကျွင်း... ရှင့်မှာရော လုပ်ချင်တာဘာမှမရှိဘူးလား၊ ရှင်အတိတ်မေ့နေပေမဲ့ တစ်သက်လုံး ဒီလို တွေဝေပြီးလမ်းပျောက်နေလို့မရဘူးလေ၊ ဘဝမှာ ရှေ့ဆက်ဖို့ ရည်မှန်းချက်တစ်ခုရှာတွေ့မှဖြစ်မယ်၊ မဟုတ်ရင်အရမ်းနာကျင်ရလိမ့်မယ်"

ေချာစဉ်းစားကြည့်ပါက ကိုယ်ဘယ်သူလဲဆိုတာ မသိ၊ ကိုယ့်ဇာစ်မြစ်ကိုနားမလည်၊ ဘယ်သွားရမှန်းမသိဘဲ တစ်ယောက်တည်းလျှောက်လှမ်းနေရတာက အခုချက်ချင်းသေသွားရင်တောင် လောကကြီးထဲမှာ ဝမ်းနည်းပေးမယ့်သူမရှိသလိုပဲ၊ အဲဒီခံစားချက်က အရမ်းနာကျင်စရာကောင်းမှာပဲ...

"ငါ မင်းကို ကတိပေးတယ်"

ရှန်ကျွင်း ပြောလိုက်သည်။

"သဘောတူပြီနော်!"

ကျီချောင်ချင် မြင်းကိုပုတ်ပြီး ရှန်ကျွင်းဘေးနားကို အမြန်လျှောက်သွားကာ စိတ်မရှည်စွာဖြင့်လက်ကမ်းပေးလိုက်သည်။

🍃 Chapter 52

"ရှင် ကျွန်မအတွက် ပထမဆုံးလုပ်ပေးရမယ့်ကိစ္စက ဒီညကျွန်မနဲ့အတူအိပ်ပေးဖိုပဲ၊ ကျွန်မခန္ဓာကိုယ်က နတ်ဆိုးအငွေ့အသက်တွေနဲ့ လောင်ကျွမ်းနေတာ၊ ညတိုင်းနာကျင်လွန်းလို သတိတောင်မကပ်ချင်ဘူး၊ အဲဒါရှင်လည်းသိမှာပါ"

ကျီချောင်ချင်၏ မျက်လုံးများတောက်ပလာသည်။

"ဒါပေမဲ့ ရှင့်ကိုထိလိုက်ရင် နာကျင်မှုတွေသက်သာသွားတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီးကူညီပေးပါ အစ်ကိုကြီးရှန်ကျွင်းရေ... နော်~"

ရှန်ကျွင်းမှာ ကြောင်အမ်းသွားသည်။ ထိုနောက် သူ၏ ကျောက်စိမ်းကဲ့သိုဖြူဖွေးသောမျက်နှာမှာ ရုတ်တရက်ရဲတက်လာသည်။

"အရှက်မရှိတဲ့မိန်းမ"

ရှန်ကျွင်း ဤသိုတုံပြန်လိမ့်မည်ဟု ကျီချောင်ချင် မထင် ထားခဲ့ပေ။ သူမ ဘာမှားပြောမိလဲဆိုတာတောင်မစဉ်းစားနိုင်ခင်မှာပင် ရှက်နေသောသူ့မျက်နှာလေးမှာလှလွန်းသဖြင့် မျက်လုံးမခွာနိုင်အောင်ဖြစ်နေမိသည်။

လမ်းခရီးတစ်လျှောက်လုံး ရှန်ကျွင်းသည် ကျီချောင်ချင်အား စကားတစ်ခွန်းမျှမဆိုခဲ့ပေ။ ကျီချောင်ချင်သူ့အနားသို ချဉ်းကပ်ရန်ကြိုးစားတိုင်း ရှန်ကျွင်းသည် မြင်းကိုအရှိန်မြှင့်ကာ ရှေ့သိုထွက်သွားလေ့ရှိပြီး သူမနှင့်စကားမပြောချင်သည့်ပုံပေါက်နေသည်။ သိုသော် ကျီချောင်ချင်သည် ပုန်ကန်လိုစိတ်ရှိသူဖြစ်သည်။ ရှန်ကျွင်းက သူမကိုဝေးဝေးနေရန် ကြိုးစားလေ သူမကပို၍နီးကပ်အောင်လုပ်လေဖြစ်သည်။ သူကစကားမပြောဘဲရှောင်လေလေ သူမကအတင်းအကျပ် စကားပြောလေလေဖြစ်သည်။

သူတိုနှစ်ယောက်သည် လမ်းတစ်လျှောက်လုံး အဆင်မပြေဖြစ်နေခဲ့ကြပြီး အဆုံးတွင် မြင်းများ မောပန်းနွမ်းနယ်၍လဲကျလုနီးပါးဖြစ်နေချိန်မှသာ မြိုတော်တံခါးဝသိုရောက်ရှိလာကြသည်။ အဝေးသို လှမ်းကြည့်လိုက်ရာ မြိုတော်တံခါးဝတွင် နန်းတွင်းကိုယ်ရံတော်များ အစောင့်အကြပ်ထူထပ်စွာချထားသည်ကို ကျီချောင်ချင်သတိပြုမိလိုက်သည်။ ဖြတ်သန်းသွားလာသူအလွန်နည်းပါးပြီး ဖြတ်သွားသူအများစုမှာလည်းကြောက်ရွံနေပုံရကာ နန်းတွင်းကိုယ်ရံတော်များကို လွန်စွာကြောက်လန့်နေသကဲ့သိုရှိသည်။

ကျီချောင်ချင် မြိုတော်မှထွက်ခွာစဉ်က ပြည်သူများသည် မြင်းလှည်းပေါ်မှလူကိုမော့ကြည့်ရဲကြသော်လည်း ယခုအခါတွင်မူ ကြောက်ရွံ၍တုန်လှုပ်နေကြသည်။ ဤကွာခြားချက်ကြောင့် ကျီချောင်ချင်သည် မြင်းပေါ်မှချက်ချင်းဆင်းလိုက်သည်။ ရှန်ကျွင်းသည်လည်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း အာရုံခံမိပြီးမြင်းပေါ်မှလိုက်ဆင်းလာသည်။ သူတိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပုန်းခိုရန်နေရာတစ်ခုကိုအမြန်ရှာလိုက်ကြသည်။

ကျီချောင်ချင်သည် အဆောင်စာရွက်နှစ်ရွက်ကို အသုံးပြုပြီး သူမနှင့်ရှန်ကျွင်းတို၏ရုပ်သွင်ကို ပြောင်းလဲလိုက်သည်။ မဟာကျီတိုင်းပြည်တွင် နိုင်ငံသားတိုင်း၌ ငါးပုံသဏ္ဍာန်တိုကင်ပြားတစ်ခုစီရှိကြပြီး ၎င်းတွင် နာမည်၊ဇာတိနှင့်သက်ဆိုင်ရာနံပါတ်များကိုအသေးစိတ်ဖော်ပြထားသည်။ နန်းတွင်းကိုယ်ရံတော်များသည် ဝင်ထွက်သွားလာသော မြိုသူမြိုသားတိုင်း၏တိုကင်ပြားများကို စေ့စပ်သေချာစွာမှတ်တမ်းတင်ထားသဖြင့် အတုပြုလုပ်ရန်မဖြစ်နိုင်ပေ။ အမှောင်ထုကိုအကာအကွယ်ယူ၍ ကျီချောင်ချင်နှင့်ရှန်ကျွင်းတိုသည် ခြေရာဖျောက်မန္တန်များကို အသုံးပြုကာ တိတ်တဆိတ် မြိုရိုးကိုကျော်တက်ပြီး မြိုတော်ထဲသိုဝင်ရောက်ခဲ့ကြသည်။

မထင်မှတ်ထားစွာပင် ပုံမှန်အားဖြင့်စည်ကားနေတတ်သောမြိုတော်ကြီးမှာ လူသူကင်းမဲ့လုနီးပါးဖြစ်နေသည်။ လမ်းသွားလမ်းလာများသည် သုတ်ခြေတင်သွားလာနေကြပြီး လမ်းမတစ်ခုလုံး တည်ငြိမ်အုံမှိင်းနေကာ ဆိုးရွားသောနိမိတ်တစ်ခုကို ခံစားနေရသကဲ့သိုရှိသည်။

ထိုညတွင် မြိုတော်တစ်ဝှမ်း၌မီးအနည်းငယ်သာ လင်းနေသည်။ ကျီချောင်ချင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပြင်းပြင်းထန်ထန်အာရုံခံမိလိုက်သည်။ သူတိုရောက်ရှိနေသောလမ်းမှာအလွန် ငြိမ်သက်နေသော်လည်း မြိုတော်အနှံတွင်အေးစက်သောသတ်ဖြတ်ခြင်းအရှိန်အဝါလွှမ်းခြုံနေသည်ဟု သူမခံစားရသည်။ လေထုထဲတွင် သွေးများစိမ့်ဝင်နေသကဲ့သိုဖြစ်နေပြီးသွေးညှီနံ့ကိုပင်သူမရနေသည်။

ကျိီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီး မန္တန်အစွမ်းမကုန်ခင်တွင် ရှန်ကျွင်းကိုခေါ်ဆောင်ကာ ကုမိသားစုအိမ်တော်သိုသွားလိုက်သည်။ ကုမိသားစု အိမ်တော်၏တံခါးမကြီးမှာ ပွင့်လျက်သားရှိနေသော်လည်းမည်သူမျှရှိမနေပေ။ အပြင်ဘက်မှ အတွင်းသိုလှမ်းကြည့်လိုက်လျှင် ခြောက်ခြားဖွယ်ကောင်း သောလေထုကိုသာခံစားရလေသည်။

ဝင်ပေါက်ဝတွင် သွေးကွက်များနေရာအနှံရှိနေသဖြင့် မည်မျှကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်မျိုးဖြစ်ပျက်ခဲ့သည်ကို လွယ်ကူစွာ မှန်းဆနိုင်သည်။

ထိုအချိန် ရှန်ကျွင်းက ရုတ်တရက်ပြောလိုက်သည်။

"ဒီနားမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ဖြစ်ထားတယ်"

ကျီချောင်ချင်နှင့်ရှန်ကျွင်းတို့ အမြန်သွားကြည့်လိုက်ရာ ချမ်းသာကြွယ်ဝပုံရသောခြံဝင်းတစ်ခုတွင် နန်းတွင်းကိုယ်ရံတော်များ အများအပြားတည်ငြိမ်စွာ ရပ်နေကြသည်ကိုတွေ့လိုက်ရသည်။ ရှေ့ဆုံး၌ ဧကရာဇ်ကျီချန်သဲ၏ ဘက်တော်သား ကိုယ်ရံတော်တစ်ဦးရပ်နေသည်။ ထိုကိုယ် ရံတော်ရှေ့မှောက်တွင် လူအုပ်ကြီးမှာဒူးထောက်နေကြပြီး ရှေ့ဆုံးအုပ်စုမှာ ကုဖေးရန်၏ဘက်မှဝန်ကြီးများဖြစ်ကြသည်။

နန်းတွင်းကိုယ်ရံတော်တစ်ဦး ရှေ့ထွက်လာပြီး အမိန့်ပြန် တမ်းတစ်ခုကိုထုတ်ကာအေးစက်စွာ ကြေညာလိုက်သည်။

"တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကျိုးမင်ဖန်ဟာ သစ္စာဖောက်ကုဖေးရန်နဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးအတွက်ဂိုဏ်းဖွဲ့ခြင်း၊ မကောင်းမှုတွင်ပါဝင်ပတ်သက်ခြင်း၊ ပြည်သူများကို ဒုက္ခပေးခြင်းနဲ့ နန်းတွင်းကိုနှောင့်ယှက်ခြင်းတို့ ပြုလုပ်ခဲ့တယ်၊ ဥပဒေအရသူ့ကိုကွပ်မျက်ရမယ်!"

ကိုယ်ရံတော်ပြောပြီးသည်နှင့် ထိုအရာရှိနှင့်သူ့မိသားစုဝင်များသည်ငိုကြွေးကြတော့သည်။ နန်းတွင်းကိုယ်ရံတော်များသည် သူတို့ကိုဝမ်းနည်းပူဆွေးခွင့်မပေးဘဲ ချက်ချင်းပင် ဓားများကိုဆွဲထုတ်ကာ ခုတ်ထစ်သတ်ဖြတ်ကြတော့သည်။

၎င်းတို့သည် အသက်အရွယ်ကျားမ မရွေးပင် တောင်းပန်အသနားခံမှုများကို လျစ်လျူရှုကာ လျင်မြန်ပြတ်သားစွာပင် လည်လှီးသတ်ဖြတ်လိုက်ကြသည်။ အိမ်ထဲရှိခွေးကိုပင်အလွတ်မပေးကြချေ။

"နိုင်ငံရေးအားပြိုင်မှုဆိုတာ ချက်ချင်းပြောင်းလဲသွားနိုင်တယ်၊ မျက်စိတစ်မှိတ်အတွင်းမှာ အခြေအနေတွေပြောင်းပြန်ဖြစ်သွားနိုင်တယ်၊ တကယ်လို့ ရှင်က သူတို့ကိုကူညီလိုက်ရင် မနက်ဖြန်ကျရင်သေရမယ့်သူကဧကရာဇ်ဖြစ်သွားနိုင်တယ်၊ အဲဒီကျရင်ရှင်ဘာလုပ်မလဲ၊ ကျွန်မတို့ကျင့်ကြံသူတွေက ဒီကိစ္စတွေမှာ ဝင်မပါသင့်ဘူး"

သူမသည် ဝင်တားရန်ကြိုးစားနေသော ရှန်ကျွင်းကို ပြန်ဆွဲထားပြီး နားလည်မိလိုက်သည်မှာ ကုဖေးရန် သေဆုံးပြီးပြီးချင်းတွင် ကျီချန်သဲသည်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုစတင်ခဲ့ခြင်းဖြစ်သည်။ ကုဖေးရန်၏ဘက်တော်သားများကို ရှင်းလင်းရာတွင် သက်ကြီးရွယ်အို၊အမျိုးသမီး၊ ကလေးပါမကျန်ချမ်းသာမပေးခဲ့ပေ။

ဤကဲ့သို့ ရက်စက်သောလုပ်ရပ်များကြောင့် သူ စိတ်လောနေသည်ဟု ကျီချောင်ချင်ခံစားလိုက်ရသည်။ ဤရက်စက်ပုံသည် သူ၏ ပုံမှန်ကြင်နာတတ်သော အုပ်ချုပ်မှုပုံစံနှင့်ကိုက်ညီမှုမရှိပေ။ နန်းတွင်းကိုယ်ရံတော်များကို အရာရှိများ၏အိမ်များသို့ဝင်ရောက်စီးနင်းခိုင်းခြင်း၊ တာလီဘုရားကျောင်း တနည်းအားဖြင့် တရားရုံး၏စစ်ဆေးမေးမြန်းခြင်းမရှိဘဲချက်ချင်းအပြစ်ပေးခြင်းနှင့် တိုက်ရိုက်ပင် လည်လှီးသတ်ဖြတ်ခြင်းအပါအ၀င် အစရှိသည့် အမိန့်မျိုးပေးခြင်းသည် အလွန်အန္တရာယ်များပြီး ပြည်သူများအကြား ထိတ်လန့်မှုကိုဖြစ်စေလိမ့်မည်။ အကယ်၍ကုမိသားစုသာ ယခုအချိန်တွင် လက်တုံ့ပြန်လိုက်ပါက သူတို့အောင်မြင်သွားနိုင်သည်။

ကျီချန်သဲသည် လိပ်တစ်ကောင်ပမာ နှစ်ပေါင်းများစွာသည်းခံခဲ့ရသဖြင့် အဆုံးတွင်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခြင်းပေလား?

၎င်းတိုနှစ်ယောက် နန်းတော်သိုရောက်လာကြသည်။ နန်းတော်ကြီးမှာတိတ်ဆိတ်ငြိမ်သက်နေသော်လည်း ထိုတိတ်ဆိတ်မှုအောက်တွင် အန္တရာယ်အငွေ့သက်များဖုံးလွှမ်းနေမှန်းသိသာလှသည်။

ရှန်ကျွင်းက လှမ်းတားလိုက်သည်။

"ငါတို နန်းဦးတံခါးပေါက်ကနေဝင်လိုမဖြစ်ဘူး"

ကျီချောင်ချင်က ပြတ်သားစွာတုံပြန်လိုက်သည်။

"ကျီချန်သဲရူးသွပ်နေပြီ၊ သူကအကုန်လုံးကို သုတ်သင်ရှင်းလင်းချင်နေတာ... အဲ့ဒီအထဲမှာ ကျွန်မတိုအပြင် ချန်ကျင်းကျစ်လည်းပါသွားနိုင်တယ်၊ သူ့ကိုလည်းအရှင်ထားမှာမဟုတ်ဘူး၊ ကျွန်မတိုနန်းတွင်းထဲဝင်ပြီးသူ့ကိုသွားရှာကြစို"

ရှန်ကျွင်း ခေါင်းညိတ်လိုက်သည်။

ကျီချန်သဲသည် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ် စဉ်းလဲသူဖြစ်သည်။ သူသည် နန်းတော်အတွင်း၌ လူများအသုံးပြုနိုင်သမျှသောအစီအရင်၊ စစ်ဗျူဟာမှန်သမျှကိုခင်းကျင်းထားလေသည်။ ကျီချောင်ချင်သည် နတ်ဆိုးစစ်ပွဲအတွေ့အကြုံကြောင့် ကျင့်ကြံသူများ၊ နတ်ဆိုးများ၊ သားရဲများနှင့် သရဲတစ္ဆေများ၏အစီအရင်များကို အာရုံခံနိုင်စွမ်းရှိသည်။

သိုသော် သာမန်လူသားများသည် နတ်ဆိုးစစ်ပွဲတွင်မပါဝင်ခဲ့ကြသဖြင့် လူသားများ၏စစ်ဗျူဟာအစီအရင်များကိုမူနားမလည်ချေ။ ထိုကြောင့် ဘေးကင်းစေရန်အတွက် ၎င်းတိုနှစ်ယောက်မှာမြင်းများကိုစွန့်ခွာကာ လူသူကင်းမဲ့သည့် လမ်းကြောင်းများကိုရွေးချယ်ပြီး သတိကြီးစွာဖြင့် ဝင်ရောက်ခဲ့ကြသည်။ အချိန်အတော်ကြာလှည့်ပတ်ရှာဖွေပြီးနောက် ကျီချောင်ချင်သည် ချန်ကျင်းကျစ်၏အဆောင်တော်အပြင်ဘက်သို ရောက်ရှိလာခဲ့သည်။

ကျီချောင်ချင်သည် ပြတင်းပေါက်မှတဆင့် ခန်းမဆောင်အတွင်းသိုခုန်ဝင်လိုက်သည်။ သူမ လိုက်ကာနောက်သိုရောက်ရှိသွားပြီး ရှေ့ဆက်တိုးရန်ပြင်လိုက်စဉ် တစ်စုံတစ်ခုကိုသတိပြုမိကာ လှည့်ကြည့်လိုက်သည်။ ရှန်ကျွင်းမှာမူ လိုက်ပါဝင်ရောက်လာခြင်းမရှိဘဲ အရပ်ရှည်ရှည်ခံ့ခံ့ညားညားဖြင့် အပြင်ဘက်၌သာ ရပ်တန့်ကျန်ရစ်ခဲ့ပုံမှာအစောင့်တစ်ဦးအလားပင်။

All Chapters