အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
🍃 Chapter 107
ရှန်ကျွင်းသည် နှစ်သစ်ကူးပွဲတော်ဆိုသည်မှာ ဘာမှန်းမသိသော်လည်း ကျီချောင်ချင် ပုံမှန်ထက် ပိုပျော်ရွှင်နေသည်ကိုမြင်သောအခါသဘောတူလိုက်မိသည်။
"ကောင်းပြီ"
၎င်းတိုနှစ်ယောက် အပေါ်ထပ်သိုတက်လာကြချိန် အစားအ သောက်များမှာပူနွေးနေဆဲပင်။ ကျီချောင်ချင် အခန်းထဲဝင်လိုက်သည်နှင့် မွှေးကြိုင်သော ရနံ့တစ်မျိုးကိုရလိုက်သည်။ သူမ စားပွဲတွင်ဝင်ထိုင်ပြီး ဟင်းတစ်လုပ်စားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားသည်။
"ဒီနေ့ စားဖိုမှူးလက်ရာတော်လှချည်လား၊ မနေ့ကထက်ပိုကောင်းတယ်!"
ရှန်ကျွင်းမျက်ဝန်းထဲတွင် အပြုံးရိပ်လေးတစ်ခု ယှက်သန်းသွားသည်။ သူသည် မျက်လွှာချလျက် ဘာမှမပြောဘဲ ကျီချောင်ချင်အတွက် ဟင်းများသာ ထည့်ပေးနေလိုက်သည်။
ကျီချောင်ချင်သည် အတော်များများစားပြီးမှ စားပွဲပေါ်ရှိ ဟင်းပွဲအများစုမှာကြွပ်ရွပြီး လတ်ဆတ်ကာ သူမအကြိုက် ဟင်းပွဲများဖြစ်နေသည်ကိုသတိထားမိလိုက်သည်။ သူမအကြိုက်ကို မည်သူ့ကိုမှမပြောဖူးသောကြောင့် စားဖိုမှူး ဘယ်လိုလုပ်သိနေမှန်း သူမ စဉ်းစားမရချေ။
ကျီချောင်ချင်သည် ကိုယ့်ဘာသာတွေးရင်းနှင့် မေးလိုက်မိသည်။
ရှန်ကျွင်းက တည်ငြိမ်စွာပြောလိုက်သည်။
"အရင်တုန်းက ကျီတိုင်းပြည်မှာ မင်း မုန့်တွေ ခဏခဏစားတာကိုကြည့်ပြီး ဒီလိုအရသာမျိုး ကြိုက်မယ်ထင်လိုပါ"
မုန့်တွေစားတာလောက်ကြည့်ပြီး သူမရဲ့အကြိုက်ကို သိနိုင်ရုံတင်မကဘူး စားဖိုမှူးကိုပါသွားပြောပေးထားတယ်တဲ့လား? ကျီချောင်ချင်တစ်ယောက် ရှန်ကျွင်းကိုလက်မထောင်ပေးချင်သွားသည်။ ဒီလို ဂရုစိုက်တတ်တဲ့အမျိုးသားမျိုးက တကယ်ရှားမှရှားပဲ...
"ရှန်ကျွင်း... ရှင်က တကယ့်ကိုပြည့်စုံလွန်းတာပဲ၊ ရှင့်ရဲ့ အနာဂတ်ဇနီးသည်ကိုတောင် မနာလိုဖြစ်ချင်လာပါပြီနော်! ရှင် ဘယ်လိုမိန်းကလေးမျိုးနဲ့တွေ့မလဲ မသိဘူး၊ သူမကသိပ်ကံကောင်းမှာပဲ"
ကျီချောင်ချင်သည် ရှန်ကျွင်းကိုချီးကျူးစကားများ ပြောဆိုခြင်းဖြင့် သူမ၏မြှောက်ပင့်မှုကို ဖော်ပြရန်ကြိုးစားလိုက်သော်လည်း ထင်မှတ်မထားစွာပင် ထိုစကားများပြောလိုက်သည်နှင့် ရှန်ကျွင်း မျက်နှာထား အေးစက်သွားတော့သည်။
ကျီချောင်ချင် "?"
ဒီလူ ဘာလို ထူးထူးဆန်းဆန်းတွေဖြစ်နေရတာလဲ၊ သူ့ကိုချီးကျူးလိုက်ရင် မျက်နှာကြီးက ဘာလို သုန်မှုန်သွားရတာလဲ?
ကျီချောင်ချင်စားသောက်ပြီးနောက် ရှန်ကျွင်းသည် သူမ၏ ဒဏ်ရာများကို ဝိညာဉ်စွမ်းအင်ဖြင့်ကုသပေးသည်။ ဒဏ်ရာများမှာနက်သော်လည်း အသက်အန္တရာယ်မရှိသဖြင့် သူမ လျင်မြန်စွာပြန်လည်ကောင်းမွန်လာပြီး ဟိုဒီပြေးလွှားနိုင်ပြီဖြစ်သည်။
ကျီချောင်ချင်သည် အမြဲတမ်း အငြိမ်မနေတတ်သူဖြစ်ရာ တည်းခိုခန်း၏မီးဖိုချောင်အသေးလေးကို ငှားရမ်းလိုက်သည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များပြင်ဆင်နေစဉ် ရှန်ကျွင်းကို ပန်းပွင့်ဖတ်များ ချေခိုင်းထားလိုက်သည်။
ထွက်ပေါ်လာသောအခိုးအငွေ့များကြားတွင် ကျီချောင်ချင်၏နဖူးပေါ်၌ ချွေးသီးချွေးပေါက်များကျလာသည်။ သူမချွေးထွက်နေသည်ကို သတိထားမိလိုက်ပြီး သူမကိုယ်သူမ သာမန်လူသားတစ်ယောက်နှင့်ပိုတူလာပြီဟု တွေးလိုက်မိသည်။ အစောကပင် အစာငတ်ပြီး သေလုနီးပါးဖြစ်ခဲ့ရသည်။ ယခုလည်း အလုပ်လေးနည်းနည်းလုပ်ရုံနှင့် ချွေးများထွက်နေသည်။
ရုတ်တရက် လက်ကိုင်ပုဝါတစ်ထည်ရောက်လာပြီး ကျီချောင်ချင်၏နဖူးမှ ချွေးများကိုသုတ်ပေးလိုက်သည်။
သူမမော့ကြည့်လိုက်ရာ ရှန်ကျွင်းသည် ချွေးစိုသွားသောလက်ကိုင်ပုဝါကို သူ့အိတ်ကပ်ထဲသို ပေါ့ပေါ့ပါးပါးပင် ထိုးထည့်လိုက်သည်ကိုတွေ့လိုက်ရသည်။
ကျီချောင်ချင်သည် ရှန်ကျွင်းနှင့်စတွေ့ခဲ့စဉ်က အကြောင်းကို ပြန်သတိရသွားသည်။ ထိုစဉ်က သူနှင့်အနီးကပ်မနေရန် တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့ဖူးသည်။ အကယ်၍ သူမသာအနားကပ်သွားလျှင် စူးစူးဝါးဝါးအကြည့်ခံရမည့်အပြင် စိတ်ဆိုးပြီး သူမကို ရိုက်ချင်ရိုက်တတ်သည်။
ကျစ်၊ အခုကျတော့လည်း သိပ်ပြီးဂျီးမများတော့ပါလား၊ အရင်တုန်းကဟာတွေက ဟန်ဆောင်နေတာတွေပဲနေမှာ..
၎င်းတိုနှစ်ဦး နေ့ခင်းတစ်ပိုင်းလုံးအလုပ်ရှုပ်နေကြပြီး ဖော်စပ်ထားသောဝိုင်ကို တည်းခိုခန်းရှိဇီးပန်းပင်အောက်တွင် မြှုပ်နှံသိမ်းဆည်းလိုက်ကြသည်။ ထိုနောက် စားပွဲထိုးလေးကို ဝိညာဉ်ကျောက်တုံးများ ပေးကာ သေချာစောင့်ကြည့်ပေးရန်နှင့် အခြားသူများမထိစေရန် မှာကြားခဲ့သည်။
ညစာစားပြီးနောက် ၎င်းတို့နှစ်ယောက်ရုပ်ဖျက်ကာ လမ်းပေါ်သို့ထွက်လာကြသည်။
တရုတ်နှစ်သစ်ကူးနီးနေပြီဖြစ်သဖြင့် နေရာတိုင်းတွင် ဆိုင်များနှင့်စည်ကားနေသည်။ လမ်းမများပေါ်တွင် လူများပြည့်နှက်နေပြီး မိသားစုလိုက်ဈေးဝယ်ထွက်သူများ၊ ပျော်ပါးနေသူများဖြင့် နေ့စဉ်ဘဝ၏ သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းများကို တွေ့မြင်နေရသည်။
"ရှန်ကျွင်း... နောက်နှစ်နွေရာသီကျရင် ဒီကိုပြန်လာနော်၊ ဝိုင်က မွှေးပြီးလတ်ဆတ်နေမှာ... အရသာ မြည်းကြည့်ပြီးရင် ရှင် ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး"
"ဘာလို့ အတူတူပြန်မလာတာလဲ"
ရှန်ကျွင်း သူမဘေးမှ လျှောက်လာရင်းမေးလိုက်သည်။
ကျီချောင်ချင်သည် ဇီးပန်းပင်ရှိရာဘက်သို့လှမ်းကြည့်လိုက်သည်။ နောက်နှစ်နွေရာသီတွင် သူမ ပြန်လာနိုင်မည်မဟုတ်သလို ရှန်ကျွင်းလည်း ပြန်လာနိုင်မည်မဟုတ်လောက်ပေ။ ယခု ဤသို့ပြောလိုက်သည်မှာလည်း သူ့ကိုပျော်စေချင်လို့သာဖြစ်သည်။
ထိုသို့တွေးမိပြီး ကျီချောင်ချင်ပြုံးလိုက်ကာရှန်ကျွင်း၏လက် မောင်းကိုချိတ်လျက် သူ့အနားသို့ တိုးကပ်သွားသည်။
"ဘာလို့လဲဆိုတော့ ကျွန်မမှာဝိညာဉ်စွမ်းအင်မှမရှိတာ၊ ရှင်ကပဲ ပြန်လာယူမှရမှာပေါ့! ဝိုင်တစ်အိုးအတွက်နဲ့ ကျွန်မ ဟိုပြေးဒီပြေးမလုပ်ချင်ပါဘူး၊ အဲ့အခါကျရင် ရှင့်ကိုပဲဒုက္ခပေးရမှာ!"
နီးလွန်းတယ် သူတို့ အရမ်းနီးကပ်လွန်းနေပြီ...
ကျီချောင်ချင်သည် ရုတ်တရက် သမင်မလေးတစ်ကောင်လို သူ့ရှေ့တွင်ပေါ်လာပြီး သက်ဝင်လှုပ်ရှားစွာပြုံးပြနေသည်။ အကယ်၍ နတ်ဆိုးများကိုတိုက်ဖျက်ရသည့် တိုက်ပွဲများသာမရှိခဲ့ပါက ကျီချောင်ချင်သည် ယခုလိုမျိုးဖြူစင်ကာ နူးညံ့ပြီးချစ်စရာကောင်းသူလေးဖြစ်နေပေလိမ့်မည်။
ရှန်ကျွင်းသည် ခြေလှမ်းများရပ်တန့်သွားပြီး သူ့မျက်လုံးများကို ကျီချောင်ချင်မျက်နှာပေါ်မှ ခွာ၍မရနိုင်အောင် ဖြစ်နေ သည်။
ယခုအချိန် သူ၏ခံစားချက်ကိုဖော်ပြရန်ခက်ခဲနေပြီး ခေါင်းထဲတွင် မူးဝေနောက်ကျိနေကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ကျီချောင်ချင်သည် သူမကိုစိုက်ကြည့်ကာ ကြောင်ပြီးရပ်နေသောရှန်ကျွင်းကိုမြင်လိုက်ရသဖြင့် သူမမျက်နှာကိုပင် အလိုအလျောက် စမ်းမိသွားသည်။
"ကျွန်မ မျက်နှာမှာညစ်ပတ်နေတာရှိလို့လား၊ ဒါမှမဟုတ် ဆံပင်တွေရှုပ်ပွနေလို့လား"
ထိုအခါမှ ရှန်ကျွင်းအသိပြန်ဝင်လာပြီး သူ၏ ရင်ဘတ်ထဲတွင် မိုးကြိုးပစ်သကဲ့သို့ ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်နေသည်ကို သတိထားမိလိုက်သည်။ ကျီချောင်ချင်သည် သူ့အနားတွင်ကပ်လွန်းနေသဖြင့် သူ့နှလုံးခုန်သံကို ကြားသွားမည်စိုးသောကြောင့် မျက်နှာကို ကပြာကယာလွှဲလိုက်ရသည်။
"မ... မဟုတ်ပါဘူး... ကိုယ့်... ကိုယ့်အဝတ်အစားတွေ နည်းနည်းညစ်ပတ်နေလို့ပါ"
သူ ပြောပြောဆိုဆိုနှင့် သူမကိုရှောင်ဖယ်ချင်သည့်အလား ရှေ့သို့ သုတ်ခြေတင်ထွက်သွားတော့သည်။
ကျီချောင်ချင်သည်တော့ ရှန်ကျွင်းသည် အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်သူမှန်း သိသော်လည်း သူ့ကိုအစအဆုံးကြည့် လိုက်သည့်အခါ ဘာမှညစ်ပတ်နေတာမတွေ့ရပေ။ ထားလိုက်ပါတော့... ရှန်ကျွင်းက တစ်ခါတလေကျရင်လည်း အဲ့ဒီလိုပါပဲ၊ သူမ ကျင့်သားရနေပါပြီ
ကျီချောင်ချင်သည် သူ့နောက်သို့အမြန်လိုက်သွားပြီး လှမ်းမြင်နေရသော မုန့်ဆိုင်တန်းလေးကိုလက်ညှိုးထိုးပြကာ ပြုံးရွှင်စွာပြောလိုက်သည်။
"ကျွန်မ မုန့်စားချင်တယ်၊ ဝယ်ကျွေး!”
သကြားရုပ်ဆိုင်၏ ဆိုင်ရှင်လှမ်းကြည့်လိုက်ချိန် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး သူ့ထံသို့ လျှောက်လှမ်းလာသည်ကိုတွေ့လိုက်ရသည်။ ၎င်းတို့၏ရုပ်ရည်သွင်ပြင်မှာ သာမန်မျှသာဖြစ်သော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော ကျက်သရေနှင့် ဟန်ပန်အမူအရာမှာမူ လူအုပ်ကြားထဲတွင်ထူးခြားခန့်ညားနေသည်။
ဆိုင်ရှင်ကပြုံးလိုက်ပြီး ဖော်ရွေစွာမေးလိုက်သည်။
"သခင်လေးတို့လင်မယား ဘယ်လိုပုံစံလေးလုပ်ပေးရမလဲဗျ"
လင်မယား?
ကျီချောင်ချင်သည် ရှန်ကျွင်းကိုလှမ်းကြည့်လိုက်ရာ သူ့မျက် နှာထား ပြောင်းလဲခြင်းမရှိသည်ကို မြင်သောအခါလင်မယား ဟူသောအသုံးအနှုန်းကို သူသတိမထားမိလိုက်ဟု ခန့်မှန်းလိုက်သည်။ ကျီချောင်ချင်သည် ရှင်းပြရန်ရည်ရွယ်ချက်မရှိသော်လည်း သူ့ကို အခွင့်အရေးယူသလိုမဖြစ်ချင်ပေ။
"သူ့ပုံစံ လုပ်ပေး!"
လူကဲခတ်ညံ့သောဆိုင်ရှင်က လေသံချက်ချင်း ပြောင်းသွားပြီး ခပ်သွက်သွက်ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ မိန်းကလေး!"
ထိုအခါမှ ရှန်ကျွင်းသည် ကျီချောင်ချင်၏စကားကို သတိ ထားမိလိုက်သည်။ သူ့အကြည့်သည် ကျီချောင်ချင်အပေါ်သို့ ပေါ့ပေါ့ပါးပါးကျရောက်လာပြီး
"ဘာလို့ ကိုယ့်ပုံစံလုပ်ချင်တာလဲ"
ကျီချောင်ချင်သည် လက်ကိုကုတ်ခြစ်မည့်ဟန်လုပ်ပြကာ ပြောလိုက်သည်။
"ဒါပေါ့... ရှင့်ကိုဝါးစားပစ်ချင်လို့လေ၊ ရှင့်ကိုစားပြီးသွားရင် ရှင်က ကျွန်မအပိုင်ဖြစ်သွားပြီ!"
ရှန်ကျွင်း ခေတ္တမျှကြောင်သွားပြီးနောက် ဆိုင်ရှင်ဘက်သို့လှည့်ကာ တည်ငြိမ်စွာဆိုလိုက်သည်။
"သူမ ပုံစံလုပ်ပေးပါ"
ဆိုင်ရှင်က ပြုံးလိုက်ပြီး "ခဏလေး စောင့်ပါခင်ဗျာ"
ထိုအချိန်တွင် အမျိုးသမီးငယ်တစ်ဦးသည် သကြားရုပ်ဆိုင်ရှင်ထံသို့အပြေးအလွှားရောက်လာသည်။ အမျိုးသမီးက ဆိုင်ရှင်ကို ဖြောင်းခနဲနေအောင်ရိုက်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် သူ့နဖူးမှချွေးများကိုသုတ်ပေးလေသည်။
"ထမင်းစားဖို ဘာလိုပြန်မလာတာလဲ၊ ဗိုက်ဆာနေပြီမလား! ရှင်သာ တစ်ခုခုဖြစ်သွားရင် သမီးနဲ့ ကျွန်မက ဘယ်လိုလုပ်အသက်ဆက်ရှင်ရမလဲ"
ဆိုင်ရှင်သည်မှာ အရိုက်ခံလိုက်ရသော်လည်း စိတ်မဆိုးဘဲ ကျီချောင်ချင်နှင့်ရှန်ကျွင်းကို စစ်မှန်သော အပြုံးဖြင့်ပြုံးပြလိုက်သည်။
"မနက်ဖြန်ညက နှစ်သစ်ကူးအကြိုညလေ၊ ကိုယ် ပိုက်ဆံပိုရှာချင်လိုပါကွာ"
အမျိုးသမီးက ဆိုင်ရှင်၏ငွေမက်မှုကိုညည်းညူနေသော် လည်း အစားအသောက်ပြင်ဆင်ပေးနေသည့် လက်များကမူ သွက်လက်နေသည်။ စားပွဲထောင့်တွင် ရိုးရှင်းသောထမင်းဟင်းများခင်းကျင်းပြီးမှသာ ဧည့်သည်ရှိနေသည်ကို သူမသတိထားမိသွားသည်။ သူမသည် ချက်ချင်း ယဉ်ကျေးစွာပြုံးပြလိုက်ပြီး အစားအသောက်များကိုအရောင်လွင့်နေသောဝါဂွမ်းစတစ်ခုဖြင့် အမြန်ဖုံးအုပ်လိုက်သည်။
ရာသီဥတုကအေးလွန်းသဖြင့် အစားအသောက်များ အေးစက်သွားမည်ကိုစိုးရိမ်ရသည်။ သကြားရုပ်လုပ်ရန် အချိန်ခဏလေးသာကြာမည်ဖြစ်သော်လည်း အမျိုးသမီးသည် ခင်ပွန်းသည်ကို ထမင်းအေး၊ ဟင်းအေးများ မစားစေချင်ပေ။
သကြားရုပ်လုပ်ပြီးသွား၍ ပိုက်ဆံရှင်းပြီးနောက် ကျီချောင်ချင်နှင့်ရှန်ကျွင်းတိုသည် နောက်လှည့်ကာ လမ်းလျှောက်ထွက်လာခဲ့ကြသည်။
🍃 Chapter 108
၎င်းတိုနှစ်ဦး အဝေးသိုရောက်လာသောအခါ အမျိုးသမီးက ဆိုင်ရှင်အား ကျန်းမာရေးဂရုစိုက်ရန်နှင့် အလုပ်ကိုဖိလုပ်မနေရန် ပွစိပွစိမှာကြားနေသံကို ရှန်ကျွင်းကြားလိုက်ရသည်။ အမျိုးသမီးသည် စကားများသော်လည်း စိတ်အနှောင့်အ ယှက်မဖြစ်ရဘဲ ထူးဆန်းစွာပင် စိတ်အေးချမ်းမှုကိုပေးစွမ်းနေသလိုခံစားရသည်။
ကျီချောင်ချင်သည် လူ့ပြည်မှသကြားရုပ်ကို ယခင်က တစ်ခါမှမစားဖူးခဲ့ပေ။ နတ်ဆိုးချေမှုန်းစစ်ပွဲကာလသည် အလွန်ရှည်ကြာလွန်းပြီး ဖိနှိပ်ချုပ်ချယ်လွန်းသည်။ သူမသည် စစ်စခန်းတွင်ကြီးပြင်းခဲ့ရသူ ဖြစ်သည်။
သူမ၏မိသားစုရှိ လူကြီးများအားလုံးနီးပါးသေဆုံးကုန်ကြပြီဖြစ်ရာ သူမ၌ ဤအရာများကို ခံစားကြည့်ခွင့်မရှိခဲ့သလို၊ မည်သူကမျှလည်း သူမကိုဝယ်မကျွေးခဲ့ကြပေ။
ယခုတော့ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ကျီချောင်ချင်သည် သကြားရုပ်၏ ခေါင်းပိုင်းကိုကိုက်စားကြည့်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် ချိုမြိန်နေသည်ကိုတွေ့လိုက်ရသည်။
အရသာရှိလိုက်တာ!
ထိုစဉ် ရှန်ကျွင်းမေးလာသည်ကို ကျီချောင်ချင် ကြားလိုက်ရသည်။
"သူတိုက ဘာလို အဲ့ဒီလို အဆင်ပြေနေကြတာလဲ"
"လင်မယားတွေပဲဟာ၊ အဆင်ပြေနေရမှာပေါ့"
ကျီချောင်ချင်သည် စဉ်းစားမနေတော့ဘဲ ပြန်ဖြေလိုက်သည်။
"လင်မယား?"
ရှန်ကျွင်းက ကျီချောင်ချင်ကို ကြည့်လိုက်သည်။
ကျီချောင်ချင်သည် သူနားမလည်ဟုထင်သွားသဖြင့် ရှင်းပြလိုက်သည်။
"လင်မယားဆိုတာ တစ်သက်လုံးအတူတူနေထိုင်သွားကြမယ့်လူတွေလေ၊ လူ့လောကမှာ လင်မယား မဖြစ်ခင် အရင်ဆုံး နှစ်ဖက်မိဘတွေကစေ့စပ်ကြောင်းလမ်းရတယ်၊ ပြီးရင် မင်္ဂလာလက်ဆောင်တွေလက်ခံရတယ်၊ တင်တောင်းရတယ်၊ မင်္ဂလာရက်သတ်မှတ်ရတယ်၊ ပြီးမှ မင်္ဂလာဆောင်ကျင်းပရတာ၊ အဲ့ဒါတွေအကုန်လုပ်ပြီးမှ မိသားစုတစ်ခု ဖြစ်လာတာ၊ ရှင်ရော နည်းနည်းတော့ရှုပ်တယ်မထင်ဘူးလား?"
ရှန်ကျွင်းသည် လင်မယားဆိုတာ တစ်သက်လုံး အတူတူနေထိုင်သွားကြမယ့်လူတွေ ဆိုသည့် စကားကိုသဘောကျသွားပြီး ရှုပ်ထွေးသည်ဟုမထင်မိပေ။ ဆိုင်ရှင်နှင့် သူ့ဇနီးသည်တို တစ်သက်လုံးအတူတူနေထိုင်ပြီး ချစ်ချစ်ခင်ခင်ရှိနေကြသည်ကို ကြည့်ရသည်မှာ ကြည်နူးစရာကောင်းလှသည်။
ကျီချောင်ချင်နှင့်သာ ထိုကဲ့သို ထာဝရအတူနေခွင့်ရမည်ဆိုလျှင် သူ ရုတ်တရက်ဝမ်းသာမိသွားသည်။ ကျီချောင်ချင်ရော ထိုသိုခံစားရမလားဟု သူတွေးမိလိုက်သည်။
"ကိုယ်..."
"ရှင် လက်ထဲက သကြားရုပ်ကိုစားဦးမှာလား"
ကျီချောင်ချင်၏သကြားရုပ်မှာ ကုန်သွားပြီဖြစ်ရာ သူမသည် ရှန်ကျွင်းလက်ထဲမှ သကြားရုပ်ကိုလိုချင်တပ်မက်သောမျက်လုံးများဖြင့် ကြည့်နေပြီး၊ မျက်လုံးကိုအသုံးပြု၍ ရှန်ကျွင်း စွန့်လွှတ်လာအောင်ကြိုးစားနေသည်။
ရှန်ကျွင်းသည် ကျီချောင်ချင်နှင့်တူသော သူ့လက်ထဲမှ သကြားရုပ်ကိုကြည့်လိုက်သည်။ ထိုနောက် ကျီချောင်ချင်၏ မျှော်လင့်ချက်ကုန်ဆုံးသွားသော အကြည့်အောက်မှာပင် သကြားရုပ်ကို သူ့ သိုလှောင်အိတ်ထဲသို ဖြည်းညှင်းစွာထည့်သိမ်းလိုက်တော့သည်။
သူက ပြောလိုက်သည်။
"ကိုယ် မင်းကိုတခြားဟာ ဝယ်ကျွေးမယ်"
"ကျွန်မ စောစောကဟာပဲလိုချင်တာ၊ ရှန်ကျွင်းကောကော... ကျွန်မကိုပေးပါနော်!"
ရှန်ကျွင်း မျက်နှာရဲတက်သွားသည်။
"လျှောက်ပြောမနေနဲ့"
"ကျွန်မ လျှောက်ပြောနေတာပဲလေ၊ ရှန်ကျွင်း... ကောကောလို~"
ရှန်ကျွင်းသည် ကပြာကယာပင် သကြားရုပ်ကို ကျီချောင်ချင် လက်ထဲထည့်ပေးလိုက်ပြီး နောက်လှည့်မကြည့်ဘဲထွက်သွားလေတော့သည်။
ကျီချောင်ချင်သည် ပျော်ရွှင်စွာဖြင့် သကြားရုပ်ကို ယူလိုက်သည်။ ရှန်ကျွင်းက သိပ်ရှက်တတ်လွန်းတာကို၊ သူမက သူ့အကြောင်းကောင်းကောင်းမသိဘဲနေမလား၊ သူမ မော့ကြည့်လိုက်သောအခါ ရှန်ကျွင်း ပျောက်သွားသည်။ ထို့ကြောင့် သူမ စားသောက်ဆိုင်တစ်ဆိုင်ရှာပြီး သူ့ကိုထိုင်စောင့်နေလိုက်သည်။
စားသောက်ဆိုင်သည် လူများနှင့်စည်ကားနေပြီး ခန်းမဆောင်တွင် လူအများအပြားစားသောက်နေကြသည်။ ကျီချောင်ချင် ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် စားပွဲဝိုင်းများတွင် ဓားကိုယ်စီဖြင့်ထိုင်နေကြသော ကျင့်ကြံသူအများအပြားကိုသတိထားမိလိုက်သည်။ ၎င်းတို့သည် အရက်သောက်ရင်း စကားပြောနေကြသည်။
ထိုခဏ၌ ကျီချောင်ချင်၏အပြုံးများပျောက်ကွယ်သွားသည်။ လက်ရှိ သူမ၏သာမန်ရုပ်ရည်သွင်ပြင်ကိုအားကိုးလျက် ကျင့်ကြံသူအုပ်စုထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်သွားလိုက်သည်။
"ဒီတစ်ခါတော့ ငါတို့ တကယ်ဒုက္ခရောက်ပြီ၊ ဘယ်သူကထင်မှာလဲ... ကျီချောင်ချင်ဘေးမှာ အဲ့လောက် စွမ်းအားကြီးတဲ့ပညာရှင် ရှိနေလိမ့်မယ်လို့"
ကျီချောင်ချင် ပြုံးလျက် ဝိုင်ခွက်ကိုမြှောက်လိုက်သည်။ သူမဘာမှမသိသော်လည်း လူအုပ်ကြီးနှင့်အတူ လိုက်အော်လိုက်သည်။
"ဟုတ်ပ!"
"ဘယ်သူကမယုံပဲနေမှာလဲ၊ အဲ့မိစ္ဆာမ ကျီချောင်ချင်သည် နတ်ဆိုးချေမှုန်းစစ်ပွဲတုန်းက အဖြစ်ဆိုးကိုပြန်အသက်သွင်းချင်နေတာ! သူက တပည့်တွေအများကြီးကိုဖမ်းပြီး ဂိုဏ်းတွေကိုခြိမ်းခြောက်ဖို့လုပ်နေတာလေ၊ အဲ့ဒီတုန်းက မိစ္ဆာကောင်တွေနဲ့ဘာကွာလို့လဲ!"
"နှမြောစရာပဲ၊ ကလေးတွေကိုသွားပြန်ခေါ်တဲ့ ကျင့်ကြံသူတွေ အကုန်လုံးသေကုန်ကြပြီ၊ ကလေးတွေအများစုလည်း အသတ်ခံလိုက်ရတယ်၊ ကျန်တဲ့ ကလေးတွေဆိုတာလည်း စိတ်ဒဏ်ရာတွေရကုန်ကြပြီ"
"သနားစရာကောင်းလိုက်တာ၊ မိစ္ဆာမကျီချောင်ချင်ရဲ့ ချစ်သူက သူတို့ချစ်ရတဲ့သူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာမြင်တော့ ဘယ်လိုလုပ် စိတ်ဒဏ်ရာမရဘဲနေမလဲ"
ကလေးတွေကိုသွားပြန်ခေါ်တဲ့ ကျင့်ကြံသူတွေ အကုန်လုံး သေကုန်ကြပြီ? ကလေးတွေအများစုလည်းအသတ်ခံလိုက်ရတယ်?
ကျီချောင်ချင်သည် သူတို့ပြောသမျှတစ်ခွန်းချင်းစီကိုနားလည်သော်လည်း အားလုံးကိုဆက်စပ်ကြည့်လိုက်သည့်အခါ အခြေအနေကို ကောင်းကောင်း သဘောမပေါက်နိုင်ဖြစ်နေသည်။
သူတို့ပြောနေကြသော ချစ်သူဆိုသည်မှာ ရှန်ကျွင်း ဖြစ်ရမည်။ သို့သော် ကျီချောင်ချင်သည် သူ့အကျင့်စရိုက်ကိုကောင်းစွာသိသည်။ အလွန်ဆုံးရှိလှ သူမကိုခေါ်ထုတ်ဖို့အတွက် ကျင့်ကြံသူ တစ်ယောက်စ၊ နှစ်ယောက်စလောက်ကို မလွှဲသာမရှောင်သာ သတ်ခဲ့ရခြင်းဖြစ်လိမ့်မည်။ အဲ့နေ့က ကျင့်ကြံသူအားလုံးကို သူ ဘယ်လိုလုပ်သတ်နိုင်ပါ့မလဲ? အဲ့ဒီ အပြစ်မဲ့တဲ့ ကလေးတွေကိုရော သူ ဘယ်လိုလုပ်တိုက်ခိုက်ရက်မှာလဲ?
ဤကိစ္စမှာ နောက်ကွယ်က အကြောင်းအရာများစွာရှိလိမ့် မည်။ ကျီချောင်ချင်သည် ရှန်ကျွင်းက လူအများကြီးသတ်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ သူမ သတိမေ့နေတုန်းတစ် ယောက်ယောက်က ရှန်ကျွင်းယောင်ဆောင်ပြီး ဝင်သတ်သွားတာများလား?
ကျီချောင်ချင်သည် ထိုသည်မှာအဖြစ်နိုင်ဆုံးပဲဟု တွေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ နာကျင်ခံစားရသောမျက်နှာထားဖြင့် မေးလိုက်သည်။
"တကယ်ကြီး အဲ့လိုဖြစ်ခဲ့တာလား! မိတ်ဆွေကျင့်ကြံသူတို့ရေ... ကျေးဇူးပြုပြီးပြောပြကြပါဦး၊ ကျီချောင်ချင်ရဲ့ ချစ်သူဆိုတာ ဘယ်လိုပုံစံလဲ? ကျွန်မ သူ့ကို မသတ်နိုင်ရင်တောင် သူ့ကိုစောင့်ကြည့်ပေးလို့ရတာပေါ့၊ တကယ်လို့တွေ့ခဲ့ရင် ဂိုဏ်းကြီးတွေကို အကြောင်းကြားပေးမယ်လေ၊ သူ့ကိုလုံးဝလွှတ်ပေးလို့မဖြစ်ဘူး!"
"အဲ့ဒီလူ ဘယ်လိုပုံစံလဲဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ သိရသလောက်ကတော့ သူက မိစ္ဆာပူးသလိုဖြစ်သွားပြီး လူတွေကိုလိုက်သတ်နေတာတဲ့"
ထိုစကားကို ကြားလိုက်ရချိန် ကျီချောင်ချင် သက်ပြင်းချလိုက်မိသည်။ တစ်ယောက်ယောက်က အဲ့ဒီကျင့်ကြံသူတွေကိုသတ်လိုက်ပြီး သူမနဲ့ ရှန်ကျွင်းကို မတော်တဆကယ်တင်လိုက်တာဖြစ်မည်။ မည်သို့ပင်ဖြစ်စေ လောကကြီးတွင်ရှိသမျှလူတိုင်း မိစ္ဆာပူးရင်သာပူးသွားမည်၊ ရှန်ကျွင်းသည်တော့ ဖြစ်နိုင်စရာအကြောင်းမရှိပေ။ သူ့အတွက် လူသတ်ရသည်မှာ သေတာထက်တောင် ပိုနာကျင်ရသေးသည်။
ကျင့်ကြံသူများသည် ကျီချောင်ချင်ကို သတိထားမိသွားကြသည်။
"နေပါဦး... မင်းက ဘယ်ဂိုဏ်းကလဲ"
"အမှန်အတိုင်းပြောရရင် ကျွန်မက အရင်တုန်းကထျန်းရွှမ် ဂိုဏ်းကတပည့်ပါ၊ နောက်ပိုင်းကျတော့ ကျွန်မရဲ့ကျင့်ကြံမှုအစွမ်းတွေက အရမ်းညံ့ဖျင်းလာတော့ ထျန်းရွှမ်ဂိုဏ်းမှာဆက်နေရမှာရှက်တာနဲ့ ခြေရာမဲ့ကျင့်ကြံသူအဖြစ် ခံယူလိုက်တာပါ၊ ပြောရင်းဆိုရင်းနဲ့ ထျန်းရွှမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကြီး ဘယ်လိုနေလဲမသိဘူးနော်? ထျန်းရွှမ်ဂိုဏ်း ဖြစ်ရပ်ပြီးကတည်းက အထက်ပိုင်းနေရာတွေကသွားလို့မရတော့ဘူးလေ၊ ကျွန်မလည်း အဲ့ဒီကိုမသွားနိုင်တော့ဘူး၊ ဂိုဏ်းချုပ်ကြီးများ စိတ်ဆိုးနေမလားမသိဘူး"
ကျင့်ကြံသူများက စပ်စုချင်စိတ်ဖြင့်မေးလာသည်။
"မင်းတို့ ခြေရာမဲ့ကျင့်ကြံသူတွေက တကယ့်ကို လောကကြီးနဲ့အဆက်ပြတ်နေကြတာပဲ၊ မင်းမသိဘူးလား? ထျန်းရွှမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကြီးက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ တရားကျင့်ရာကနေထွက်လာပြီး အခု ချန်ချင်းဂိုဏ်းမှာ ဧည့်သည်အဖြစ်ရောက်နေတယ်လေ၊ မိစ္ဆာမကျီချောင်ချင် လုပ်ခဲ့တာတွေကို သိပြီးနောက်ပိုင်း သူ တော်တော်လေးဝမ်းနည်းနေတယ်လို့ကြားတယ်"
"ငါ မမှားဘူးဆိုရင် ဂိုဏ်းချုပ်ကြီးက သူ့ဂိုဏ်းကို ကိုယ်တိုင် ကိုယ်ကျ သန့်စင်တော့မယ်ထင်တယ်"
ကျင့်ကြံသူများဆွေးနွေးနေကြစဉ် ကျီချောင်ချင် မသိမသာ ပြုံးလိုက်မိသည်။ ရှန်တုပိုင် ကျင့်ကြံရာမှ ထွက်လာပြီဟု သူမထင်မထားခဲ့ပေ။ အမှန်တွင် ထျန်းရွှမ်ဂိုဏ်းချုပ်ကြီး၊ ရှန်ကျွင်းကို ပြုစုပျိုးထောင်ပေးခဲ့သောဆရာသခင်သည် သူ့မိသားစုသံယောဇဉ်ကိုဘေးဖယ်ထားပြီး ဂိုဏ်းကိုသန့်စင်မလားအား ကျီချောင်ချင်လည်း အလွန်သိချင်နေမိသည်။
ထိုအချိန်တွင် ကျီချောင်ချင်သည် သူမအား စောင့်ကြည့်နေသော ဝိညာဉ်အာရုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။
ထိုဝိညာဉ်အာရုံပိုင်ရှင်သည် အလွန်အမင်းစွမ်းအားကြီးမားလှသည်။ ကျီချောင်ချင်၏ ရုပ်ဖျက်ထားသောအဆောင်သည် ထိုလူကို လုံးဝလှည့်စားနိုင်မည်မဟုတ်ပေ။
ရှန်ကျွင်း အနီးအနားတွင်ရှိနေသေးကြောင်းသတိရလိုက်သဖြင့် ကျီချောင်ချင်သည် ဝိုင်အေးအေးကို တစ်ငုံတည်းမော့သောက်လိုက်ပြီး ထွက်သွားရန် မတ်တတ်ရပ်လိုက်သည်။
အနီးနားရှိကျင့်ကြံသူတစ်ဦးက သူမ၏ရိုင်းစိုင်းမှုကို မြင်သောအခါ အင်္ကျီလက်စကိုလှမ်းဆွဲလိုက်သည်။
"ဟေ့? မင်းက ငါတိုဝိုင်ကိုသောက်ပြီး နှုတ်တောင် မဆက်ဘဲ ထွက်သွားချင်တာလား၊ မင်းက ငါတိုကို တော် တော်လေးမလေးမစားလုပ်တာပဲ!"
ကျီချောင်ချင် နှုတ်ခမ်းကိုမဲ့လိုက်သည်။
"ရှင်ကဘာမိုလိုလဲ? ရှင်က ကျွန်မ အာရုံစိုက်တာခံရဖို ထိုက်တန်တယ်များထင်နေလား"