← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

ရှန်ကျွင်း ဆင်းမလာပေ။ သူသည် လက်နှစ်ဖက်ကိုနောက် ပစ်လိုက်ရာ မည်သည့်အားမှ မစိုက်ထားသလိုပေါက်နေသော်လည်း ကျီချောင်ချင်မှာမူ မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။

ကျီချောင်ချင်သည် အားအင်ချင်းမမျှကြောင်း သိလိုက်ရသဖြင့် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ ထိုစဉ် စားပွဲထိုးတစ်ဦး ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ ဦးတည်ချက် ပြောင်းလိုက်ပြီး ထိုလူကို ကြိုးဖြင့် ဖမ်းချုပ်ရန် ကြံစည်လိုက်သည်။

သခင်ဖြစ်သူက ခွင့်မပြုဘဲနှင့် အင်မော်တယ်ချုပ်နှောင်ကြိုးသည် လွှတ်ပေးမည် မဟုတ်ပေ။ အကယ်၍ စားပွဲထိုးသာ ကျီချောင်ချင်၏ ထောင်ချောက်ထဲ ဝင်သွားပါက သူတို့နှစ်ယောက်၏ ထိုသို့အားပြိုင်နေမှုနှင့်ဆိုလျှင် လည်ပင်းညှစ် အသတ်ခံလိုက်ရပေလိမ့်မည်။

ရှန်ကျွင်းသည် စားပွဲထိုးက သူမ ထောင်ချောက်ထဲ ဝင်တော့မည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရှေ့သို့နှစ်လှမ်းတိုးကာ စားပွဲထိုးကို ရှောင်ကွင်းပြီး ကျီချောင်ချင် ဘေးနားသို့ ရောက်လာသည်။

ကျီချောင်ချင် ရှန်ကျွင်းကို လှောင်ရယ်ရန် ပြင်လိုက်စဉ် သူ့မျက်နှာထားသည် တင်းမာနေပြီး သူ့ ညာဘက်လက်မှာ ရေခဲချိုးဖျက်ဓား၏ လက်ကိုင်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမကို ချက်ချင်းပင် တိုက်ခိုက်တော့မည့်ဟန်ပေါ်နေသည်။

ကျီချောင်ချင်သည် သူမ လွန်သွားပြီဟု သိလိုက်ရသဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ဘေးစားပွဲသို့ ပြောင်းဝင်ထိုင်လိုက်သည်။

"အစ်ကိုတို့... ဘယ်ကလာကြတာလဲ၊ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုက ကုကျိုးကို သွားမလို့ပါ၊ ခုနက ပြောနေတဲ့ ကပ်ရောဂါဆိုတာ ဘာကိုပြောတာလဲ"

ဘေးစားပွဲတွင် မိသားစုဝင် ၅ ဦး ထိုင်နေကြသည်။ အကယ်၍ ရှန်ကျွင်းသာ ရေခဲချိုးဖျက်ဓားကို အသုံးပြုလိုက်ပါက ဓားမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားကြောင့် ထိုသူများ အသက်ဆုံးရှုံးသွားနိုင်သည်။

ရှန်ကျွင်း ဓားကို ပြန်သိမ်းလိုက်သော်လည်း သူ့မျက်ဝန်းများမှာ ပို၍ပင် အေးစက်လာသည်။

ထိုမိသားစု ၅ ယောက်မှာ သူတို့ သေလုနီးပါးဖြစ်သွားသည်ကို လုံးဝ သတိမထားမိလိုက်ကြပေ။ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကျီချောင်ချင်ကို ပြောလိုက်သည်။

"ကလေး... ကုကျိုးကိုမသွားနဲ့၊ အဲ့ဒီက ကပ်ရောဂါက သာမန် ကပ်ရောဂါ မဟုတ်ဘူးကွ၊ အထဲမှာ လူတွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာတွေလည်းရှိတယ်"

ရှန်ကျွင်း အနည်းငယ် ကြောင်သွားသည်။ ကျီချောင်ချင် မယုံကြည်နိုင်စွာ မေးလိုက်သည်။

"လူတွေကို ဒုက္ခပေးတဲ့ မိစ္ဆာ ဟုတ်လား၊ ကျွန်မတို့ မဟာကျီတိုင်းပြည်အနှံ့မှာ နတ်ဘုရားဆင်းတုတွေ၊ နတ်စင်တွေ ရှိနေတာပဲ၊ ဘယ်ကတုံးအတဲ့ မိစ္ဆာကောင်ကများ မဟာကျီတိုင်း ပြည်ကို လာပြီး လူတွေကို ဒုက္ခပေးရဲရတာလဲ"

သက်လတ်ပိုင်း အမျိုးသားက ခေါင်းခါလိုက်ပြီး သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေသည်။

"လွန်ခဲ့တဲ့ တစ်လလောက်က ကုကျိုးက လူတွေဆီမှာမိန်းမအရေပြားတွေ ရုတ်တရက်ပေါ်လာကြတယ်၊ တချို့က လက်ပေါ်မှာ၊ တချို့က ဗိုက်ပေါ်မှာ၊ တချို့ကခြေထောက်တွေမှာပေါ့၊ အရေပြားက နူးညံ့ပြီးချောမွေ့နေတယ်၊ အစပိုင်းမှာတော့ ဒေသခံတွေက ဖုန်းရွှေကြောင့် ကောင်းကျိုးပြုတယ်လို့ ထင်ခဲ့ကြပေမဲ့... ရက်တွေကြာလာတော့ ညဘက်တွေမှာ သူတို့က မိန်းမပုံစံဖြစ်လာကြတယ်၊ ရယ်မောတာတွေ၊ ဆဲဆိုတာတွေ၊ သီချင်းဆိုကပြတာတွေ လုပ်လာကြတယ်"

သန်းခေါင်ယံအချိန်တွင် သန်မာထွားကျိုင်းသော ယောက်ျားကြီးများက နှုတ်ခမ်းနီများဆိုးကာ ကပြဖျော်ဖြေကြပြီး ၎င်းတို့ အသံများမှာ ထူးခြားစွာ မိန်းမဆန်နေသဖြင့် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ကြောက်စရာကောင်းသော အရာတစ်ခုခုကို တွေးမိလိုက်သည့်အလား ထိုမိသားစု ၅ ယောက်၏မျက်နှာထားများမှာ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"တခုခုမှားနေပြီဆိုတာ လူတိုင်း သိလိုက်ကြပေမဲ့ နတ်ဘုရားဆီ ဆုတောင်းတော့ နောက်ကျသွားပြီ၊ သူတို့ရဲ့ အရေပြားတွေက တလွှာပြီးတလွှာ ကွာကျလာတာ၊ သူတို့ကိုယ်တိုင် အသိစိတ်ကပ်လျက်သားနဲ့ အရေခွံတွေ ကွာကျတာကို ထိုင်ကြည့်နေရပြီး နောက်ဆုံးတော့ အရေခွံမရှိတော့တဲ့... လူသားတွေ ဖြစ်သွားကြတာပဲ"

အရေခွံမရှိဘဲနှင့် လူတစ်ယောက်သည် နာရီပေါင်းများစွာ အသက်ဆက်ရှင်နိုင်သည်။ ထိုနာရီပိုင်းအတွင်း သူတို့သည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကိုသာမက အခြားသူများ၏ မိစ္ဆာကောင်သဖွယ် ကြည့်ရှုခြင်းကိုပါ ခံစားရမည်ဖြစ်သည်။ မျှော်လင့်ချက်မဲ့စွာဖြင့် ကိုယ့်သေဆုံးမှုကို ကိုယ်တိုင်စောင့်ကြည့်ရပေမည်။ သူမကိုပြောနေသော ထိုအမျိုးသား၏ မျက်နှာရှိအရေပြားမှာ ကြမ်းတမ်းနေသော်လည်း လည်ပင်းရှိအရေပြားမှာမူ ဆယ်ကျော်သက်မိန်းကလေးပမာ နူးညံ့နေသည်ကို ကျီချောင်ချင် သတိထားမိလိုက်သည်။

ထိုအမျိုးသားသည် ကျီချောင်ချင်၏ အကြည့်ကို သတိမထားမိဘဲ သူ့စိတ်ခံစားချက်ထဲတွင်သာ နစ်မြောနေသည်။

"ဗုံကျွန်းတစ်ခုလုံး ဒီရောဂါဆန်း ကူးစက်ခံနေရပြီ၊ ဒါ မိစ္ဆာလက်ချက်ပဲဖြစ်ရမယ်၊ မိစ္ဆာရှိနေတာ သေချာတယ်!"

သူပြောနေလျက်မှ ကျီချောင်ချင်၏ လက်ကို လှမ်းဆွဲလိုက်သည်။ ကျီချောင်ချင်သည် ပြတ်သားစွာပင် သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမ မတ်တတ်ရပ်ရန် ပြင်လိုက်စဉ်မှာပင် ရှန်ကျွင်းသည် ရုတ်တရက်ဆိုသလို သူမ၏ ကော်လံစကို အနောက်မှဆွဲကိုင်လိုက်ပြီး ထိုမိသားစုနှင့် ဝေးရာသို့ ဆွဲခေါ်ထုတ်လိုက်သည်။

ထိုမိသားစုသည် ရှန်ကျွင်း၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားပုံရသည်။ သက်လတ်ပိုင်း အမျိုးသားသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကယောင်ခြောက်ခြားဖြစ်လာသည်။

"စုန်းမ! ငါ မင်းကို မကြောက်ဘူးကွ! မင်း လာရဲရင် လာခဲ့၊ မင်းကို သတ်ပစ်မယ်!"

အစောင့်များ အပြေးအလွှား ရောက်ရှိလာသော်လည်း ကျီချောင်ချင်က တားလိုက်သည်။

"သူတို့ကို မထိနဲ့!"

အစောင့်များက ထိုမိသားစုကို ဝိုင်းထားလိုက်ကြသည်။ ကျီချောင်ချင်က

"ရှန်ကျွင်း... ဒီလူတွေမှာ ကံကြွေးရှိလား"

ရှန်ကျွင်း ခေါင်းခါလိုက်သည်။

"သူတို့ လည်ပင်းမှာ ဝတ်ထားတဲ့ အနီရောင်ကြိုးတွေဆီမှာ နတ်ဘုရားစွမ်းအား ဖျော့ဖျော့လေး ရှိနေတယ်"

"နတ်ဘုရားစွမ်းအား ဟုတ်လား"

ကျီချောင်ချင်အံ့သြသွားသည်။ သူမ ထိုမိသားစုကိုကြည့်လိုက်ရာ သူတို့တစ်ယောက်စီတိုင်း၏ လည်ပင်းတွင် အနီရောင် ကြိုးတစ်ကြိုးစီ ဝတ်ဆင်ထားသည်ကို သတိထားမိလိုက်သည်။

နတ်ဘုရား ဆိုသည်မှာ ဒဏ္ဍာရီများအရ ကမ္ဘာလောကစတင်ဖြစ်ပေါ်စဉ် ဖရိုဖရဲဖြစ်နေချိန်ကသာ ရှိခဲ့သည်။ နတ်ဘုရားများသည် စည်းမျဥ်းများကို တည်ဆောက်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့ကြပြီး သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ရန် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ သို့သော် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် လောကကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နတ်ဘုရားစွမ်းအားမဆိုနှင့် နတ်ဘုရားများပင်မရှိတော့ချေ။

ကျီချောင်ချင် အနည်းငယ် စဉ်းစားရခက်သွားသည်။

"ယုံကြည်မှု အားကောင်းရင် နတ်ဘုရားတွေကို မွေးဖွားပေးနိုင်ပါတယ်" ရှန်ကျွင်းက ပြောလိုက်သည်။

"သူတို့ကို ကာကွယ်ပေးထားတာ ကုကျိုးက နတ်ဘုရားတွေ ဖြစ်လောက်တယ်"

ရုတ်တရက်ဆိုသလို ထိုမိသားစုထဲမှ အဘွားအိုတစ်ယောက် သည် သည်းမခံနိုင်တော့သည့်အလား အော်ဟစ်ကာအစောင့် တစ်ဦးထံသို့ ပြေးဝင်သွားလေသည်။ ကျီချောင်ချင် ချက် ချင်းပြေးသွားပြီး အစောင့်ကို လက်ဝါးဖြင့်တွန်းထုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် အဘွားအိုကို မလှုပ်ရှားနိုင်အောင် ချုပ််ထားရန် အဆောင်တစ်ခုကိုထုတ်လိုက်သည်။

ဘေးသို့ တွန်းထုတ်ခံလိုက်ရသော အစောင့်သည် အစပိုင်းတွင် မယုံကြည်နိုင် ဖြစ်နေသော်လည်း နောက်ပိုင်းတွင် အခြေအနေကို သဘောပေါက်သွားပြီး သူ့ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များပေါ်လာသည်။

ရှန်ကျွင်းသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ချေမွလိုက်ရာ ဝိညာဉ်စွမ်းအင် ဖျော့ဖျော့လေးများသည် သူ့လက်များကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်း၏ သိုလှောင်အိတ်ထဲမှ လျှော်ကြိုးတစ်ချောင်းထွက်ပေါ်လာပြီး ရှန်ကျွင်းသည် ကြိုးစတစ်ဖက်ကို ကိုင်ကာ ထိုအုပ်စုကို တင်းကျပ်စွာ ချည်နှောင်လိုက်လေသည်။ ကျီချောင်ချင် မျက်ခုံးပင့်လိုက်မိသည်။ သူမလည်း ယခင်က ထျန်းရွှမ်ဂိုဏ်းတွင် လူသတ်ရန်အတွက် ဝိညာဉ်ကျောက်တုံးများ အသုံးပြုကာ အစီအရင်များကို ဖန်တီးခဲ့ဖူးသော်လည်း ရှန်ကျွင်းမှာ ဤမျှအထိ ကျွမ်းကျင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ကုကျိုးက လူတွေ ဒီဘက်ကို ထွက်ပြေးလာကြတာပဲ၊ အခုကစပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ကုကျိုးကိုသွားတဲ့ လမ်းတိုင်းမှာ အစောင့်တွေ ချထားခိုင်း လိုက်၊ ကုကျိုးကနေ ဘယ်သူ့ကိုမှ အထွက်မခံနဲ့!"

ကျီချောင်ချင်၏ မျက်နှာထားတွင် လျစ်လျူရှုမှု၊ ယုတ်မာကောက်ကျစ်မှု၊ ထေ့ငေါ့မှုနှင့် ဉာဏ်များ၊ အထင်သေးမှုတို့သာ တွေ့ရလေ့ရှိပြီး ယခုကဲ့သို့ လေးနက်တည်ကြည်သော မျက်နှာထားမျိုးကို ရှန်ကျွင်း တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူမသည် လူတိုင်းကို အလိုအလျောက် နာခံချင်စိတ် ပေါက်အောင်လုပ်နိုင်သည်။

"ငါ့အမိန့်မရဘဲ ဘယ်သူ့အမိန့်နဲ့မှ မလုပ်ရဘူး! နားလည်လား"

အစောလေးတင် ကျီချောင်ချင်သည် ဦးဆောင်ထွက်သွားကာ အဆင့်နိမ့် အစောင့်တစ်ယောက်ကို သူမ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးခဲ့သည်။ ယခုအခါ မည်သည့် အစောင့်ကမှ ကျီချောင်ချင်ကို သံသယမဝင်ကြတော့ပေ။

အစောင့်များသည် ချက်ချင်းဆိုသလို ပြန်ဖြေလိုက်ကြသည်။

"နားလည်ပါပြီ!"

ကျီချောင်ချင် ခေါင်းညိတ်လိုက်ပြီး အစောင့်များကို အနား ယူရန် ပြောလိုက်သည်။ သူမနှင့် ရှန်ကျွင်းတို့ အပေါ်ထပ်သို့ တက်ကာ အခန်းထဲဝင်လိုက်ကြသည်။ ကျီချောင်ချင်သည် အနောက်ဘက်ဝင်းထဲသို့ မျက်နှာမူထားသော ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

ယခုအချိန်တွင် အတော်လေး မှောင်နေပြီဖြစ်ပြီး လရောင်ကို မိုးတိမ်မည်းများက ဖုံးကွယ်ထားသည်။ တည်းခိုခန်း အနောက်ဘက်ဝင်းထဲမှ ရှုခင်းများမှာ ဝါးတားတားဖြင့် သဲသဲကွဲကွဲမမြင်ရသလောက်ပင်။

ရှန်ကျွင်းက "ဒါ ကပ်ရောဂါ မဟုတ်ဘူး"

အမှန်လည်း ကပ်ရောဂါနှင့် မတူပေ။ သူတို့ ပြောသလိုသာ ဆိုမိစ္ဆာလက်ချက်ဖြစ်ဖို့ ပိုများသည်။

ကျီချောင်ချင် တခဏ စဉ်းစားလိုက်ပြီး အဆောင်တစ်ခုကို ထုတ်လိုက်သည်။ သူမ လက်ကို ဝှေ့ယမ်းလိုက်ရာ အဆောင်သည် တိတ်တဆိတ် လေပေါ်သို့ မြောက်တက်သွားသည်။

သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ စမ်းသပ်သည့် အဆောင်က ကုကျိုးဘက်အရပ်တွင် မိစ္ဆာဝိညာဉ်လက္ခဏာ မပြပေ။ ထို့အပြင် ၎င်းနေရာသည် ဝိညာဉ်စွမ်းအားကြွယ်ဝသဖြင့် စည်ပင်ဝပြောသော နယ်မြေတစ်ခုဖြစ်သင့်ပြီး ကပ်ရောဂါကျရောက်စရာ အကြောင်းမရှိပေ။သူမ ထိုသို့ တွေးနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။

All Chapters