← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

ကုဖေးရန်မျက်နှာမှာ ခေတ္တမျှ မည်းမှောင်သွားသည်။ သူ ဒီလောက်အများကြီး ပြောနေတာကိုတောင် ကျီချောင်ချင်က တစ်ခွန်းမှ ပြန်မပြောတဲ့အပြင် သူ့မြင်းလှည်းလုံးပေါ်မှာထိုင်ပြီး သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ရှန်ကျွင်းကိုပဲမြူဆွယ်နေတယ်!

ကျီချောင်ချင်သည် ကုဖေးရန်၏ မျက်နှာထားကို သတိထားမိလိုက်သည်။ သူမသည် ဆိုဖာများပေါ်မှီချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ရှင်က မဟာကျီမင်းဆက်ကို သခင်ပြောင်းစေချင်တာလား၊ ဘယ်သူနဲ့လဲ? ရှင်နဲ့လား"

ကုဖေးရန် "မိန်းကလေးရှန်... နောက်ပြောင်မနေပါနဲ့၊ မဟာကျီမင်းဆက်က အမြဲတမ်း ကျီမျိုးရိုးပဲဖြစ်နေမှာပါ၊ ကျွန်တော်က မဟာကျီမင်းဆက် ဆက်လက်စည်ပင်ဝပြောဖို့ပဲ မျှော်လင့်တာပါ"

ကျီချောင်ချင် နှုတ်ခမ်းမဲ့လိုက်ပြီး ကောက်ကျစ်သော မျက် နှာထားဖြင့် "ဟုတ်လို့လား၊ အမတ်ချုပ်က အဲဒီလိုပြောရတာ မရှက်ဘူးလား၊ မနေ့ညက နန်းတော်ထဲမှာ အမတ်ချုပ် လွှတ်လိုက်တဲ့ လုပ်ကြံသူတွေကြောင့် ကျွန်မ သေလုနီးပါး ဖြစ်ခဲ့ရတာလေ၊ အခုကျတော့ အမတ်ချုပ်က ကျွန်မကို ရှင့်ဘက်ပါစေချင်တယ်လို့ ပြောနေပြန်ရော! နည်းနည်းနောက် ကျသွားပြီလို့ မထင်ဘူးလား"

ရှန်ကျွင်းသည် ရုတ်တရက် ကုဖေးရန်အား မော့ကြည့်လိုက်သည်။

ကူဖေးရန်သည် ပရိသတ်ရှေ့၌ ဟန်ဆောင်နေစဉ် ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အရှက်ရသွားသည်။ ထို့နောက် သူ၏ မျက်နှာထားမှာ လုံး၀အေးစက်သွားသည်။

ကျီချောင်ချင်မှာ အလွန်ကောက်ကျစ်လွန်းသည်။ အစကတည်းက သူမသည် သူနှင့် ပူးပေါင်းဖို့ စိတ်ကူးမရှိခဲ့ဘဲ သူ့ပုံပြင်များကို နားထောင်နေခဲ့ပြီးမှ ထုတ်ပြောလာခြင်းဖြစ် သည်။ သူမသည် သူ့ကို အရူးတစ်ယောက်လို သဘောထားနေခြင်းဖြစ်သည်။

"ရှင် ကျွန်မကို သတ်ချင်နေမှန်း ရိပ်မိသွားတာကိုအံ့သြနေ တာလား"

ကျီချောင်ချင်သည် သိုလှောင်အိတ်ထဲမှ ခေါက်ယပ်တောင်ကို ထုတ်ကာပေါ့ပေါ့ပါးပါး ဖြန့်လိုက်သည်။

"လူ့စိတ်ဆိုတာ တကယ်ပဲ နားလည်ရခက်တယ်၊ ဒါပေမဲ့ အလိုဆန္ဒတွေကတော့ ခန့်မှန်းရလွယ်ပါတယ်၊ အတိုချုပ်ပြောရရင် အာဏာ၊ ငွေကြေး နဲ့ ဂုဏ်သိက္ခာ... ဒီသုံးမျိုးထဲက တစ်ခုခုပဲပေါ့၊ ရှင်ကတော့ အာဏာကိုမက်မောတာပဲ၊ ကျွန်မ ရှိနေတာက ရှင့်လမ်းခရီးအတွက် အတားအဆီးဖြစ်နေတာကိုး"

ကျီချောင်ချင် ခေါက်ယပ်တောင်ကို ပိတ်လိုက်ရာ သူမ၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ စူးရှနေသည်။

"အမတ်ချုပ်ကု... နောက်တစ်ခါ သရုပ်ဆောင်ရင် ပိုပြီးသတိ ထားမှဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မက ချန်ကျင်းကျီလို အလွယ်တကူ အလိမ်ခံရမယ့် ငတုံးမဟုတ်ဘူးလေ"

ကုဖေးရန် ရုတ်တရက် လှောင်ရယ်လိုက်သည်။ သူ ကျီချောင်ချင်အပေါ် စိတ်ဝင်စားမိသွားကြောင်း သေချာသွားသည်။ သူ့တွင် လုပ်စရာရှိသော အရေးကြီးကိစ္စများသာ မရှိပါက ထိုမိန်းမကိုအမှန်ပင် သိမ်းပိုက်ပစ်ချင်မိသည်။ သူမသည် အလွန်ဉာဏ်များလွန်းသလို လှပလွန်းသဖြင့် မမြင်ချင်ယောင်ဆောင်ရန်မှာ ခက်ခဲလွန်းလှပေသည်။

ခရီးလမ်းမှာ မည်သည့်အခက်အခဲမျှ မရှိဘဲ ဖြောင့်ဖြူးချောမွေ့နေခဲ့သည်။ လူအုပ်ကြီးသည် ရိက္ခာနှင့် အထောက်အပံ့များ ဖြည့်တင်းရန် တည်းခိုခန်းတစ်ခု၌ ရပ်နားလိုက်ကြသည်။ ယခုညအတွက် ဤနေရာတွင် အနားယူကြမည်ဖြစ်ပြီး နောက်တစ်နေ့တွင် ကုကျိုးနယ်မြေအတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်သည်။

ကျီချောင်ချင်နှင့် ကုဖေးရန်တို့ ကတောက်ကဆဖြစ်ခဲ့သည့်နေ့မှစ၍ ကုဖေးရန်သည် ကျီချောင်ချင်ရှေ့တွင် ပေါ်လာလေ့ မရှိတော့ပေ။ သူမလည်း မျက်စိနောက်စရာမရှိဘဲ အေးအေး ဆေးဆေးနေရသဖြင့် ပျော်ရွှင်နေမိသည်။

ကျီချောင်ချင်သည် လွန်ခဲ့သော ရက်အနည်းငယ်က စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်သည်။ ရှန်ကျွင်းနှင့်အတူရှိနေလျှင် ညဘက်တွင် သူမ၏ ခန္ဓာကိုယ်မှာ ကိုက်ခဲနာကျင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမသည် နောက်တစ်ညတွင် နာကျင်မှုကိုမခံစားရရန် ရှန်ကျွင်းနှင့်တစ်ညလုံး အတူနေလေ့ရှိသည်။ ကျီချောင်ချင်သည် ရှန်ကျွင်းကို လူသားအပူပေးစက် သဖွယ်သဘော ထားပြီး သူမ စိတ်ရှိသည့်အခါတိုင်း သူ့အနားတွင် ကပ်၍လှဲနေတတ်သည်။

ကျီချောင်ချင် မြင်းလှည်းပေါ်မှ ဆင်းတော့မည်ကို မြင်သောအခါ ရှန်ကျွင်းက ပြောလိုက်သည်။

"လွှတ်လိုက်တော့... ငါ မင်းကို ကာကွယ်ပါ့မယ်"

ကုဖေးရန်၏ လုပ်ကြံမှုကို ကာကွယ်ရန်အတွက် သူမ သူ့ကို ကြိုးတုပ်ထားခြင်း ဖြစ်ကြောင်း သူ ရိပ်မိနေခဲ့သည်။

ကျီချောင်ချင် ခေါင်းစောင်းလိုက်ပြီး မြင်းလှည်းပေါ်မှ ဆင်းရန် မလောဘဲ "ကျွန်မအသက်ကို ရှင့်လက်ထဲ အပ်ထားရလောက်အောင် ကျွန်မကို ငတုံးလို့ထင်နေလား"

ရှန်ကျွင်း၏ မျက်နှာထားသည် အနည်းငယ် အေးစက်သွားသည်။

"ငါမလိမ်ဘူး၊ ပြီးတော့ မင်း ငါ့ကို မဖြည်ပေးရင် ငါ မြင်း လှည်းပေါ်က ဆင်းမှာမဟုတ်ဘူး"

ကျီချောင်ချင် ချက်ချင်း သဘောပေါက်လိုက်သည်။ သူက မျက်နှာပျက်ရမှာ ကြောက်နေတာပဲ...

သူမသည် အမျိုးသားဝတ်စုံ ဝတ်ဆင်ထားသောကြောင့် မသင့်လျော်သောပုံစံဖြင့် တွဲချည်ခံထားရလျက် လူကြားထဲထွက်ရမည်မှာ အမှန်ပင်ကြည့်မကောင်းလှပေ။

ကျီချောင်ချင် "အရင်တုန်းက ရှင် ကျွန်မကို ဇွတ်အတင်း ကြိုးတုပ်တုန်းကကျတော့ ရှက်ရကောင်းမှန်း မသိဘူးလား"

"အဲဒါက ယာယီပဲလေ"

ထိုစဉ်က ရှန်ကျွင်း သတိမထားမိခင် ကျီချောင်ချင်သည် ထွက်ပြေးရန်သာ အမြဲကြိုးစားနေသဖြင့် သူ ဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ ယခု ကျီချောင်ချင်က ထွက်ပြေးမည့်ပုံ မပေါ်တော့သဖြင့် သူသည် သူမနှင့် တွဲချည်မခံချင်တော့ပေ။

ကျီချောင်ချင်သည် အဆောင်တစ်ခုကို ထုတ်လိုက်ပြီး အင်မော်တယ်ချုပ်နှောင်ကြိုးပေါ်သို့ ကပ်လိုက်ရာ ကြိုးမှာ မျက်စိဖြင့် မမြင်နိုင်သည်အထိ ပျောက်ကွယ်သွားသည်။

"ဒါက ကိုယ်ပျောက်အဆောင်ပဲ၊ သက်မဲ့ပစ္စည်းတွေကိုပဲ ဖျောက်လို့ရတယ်၊ အခုဆို ဘယ်သူမှ ကြိုးကို မမြင်ရတော့ဘူး၊ ကဲ... ဆင်းလို့ ရပြီလား"

ထိုသို့ပြောပြီးနောက် ကျီချောင်ချင် မြင်းလှည်းပေါ်မှ ဦးစွာ ဆင်းလိုက်သည်။ ကျီချောင်ချင် မြင်းလှည်းပေါ်မှ ဆင်းလာသည်ကို မြင်လိုက်သောအခါ အပြင်ဘက်ရှိ အစောင့်များ သည် ချက်ချင်းပင် အရိုအသေပေးရန် ပြင်လိုက်ကြသည်။ သို့သော် ရှန်ကျွင်းက သူမအနောက်မှ ကပ်လိုက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာထားများ တောင့်တင်းသွားကြသည်။

ရှန်ကျွင်းသည် ကုဖေးရန်၏လူဖြစ်ကြောင်း သိသာနေသည်။ အမျိုးသားဝတ်စုံဝတ်ထားသော အမျိုးသမီး ကျီချောင်ချင်သည် အမျိုးသားတစ်ဦးဖြစ်သူ ရှန်ကျွင်းနှင့် ရက်အနည်း ငယ်ကြာအောင် အတူစား၊ အတူအိပ်နေခဲ့ခြင်းက အတင်း အဖျင်း ပြောစရာများဖြစ်လာစေသည်။

ကျီချန်သဲ၏ လက်အောက်ခံဖြစ်သော အစောင့်များသည် ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ တည်းခိုခန်းထဲသို့ အတူဝင်သွားသည်ကို မြင်သောအခါ အချင်းချင်း တီးတိုး မပြောဆိုပဲမနေနိုင်တော့ပေ။

"ဘာတွေဖြစ်ကုန်တာလဲ၊ မိန်းကလေးရှန်က အမတ်ချုပ်ရဲ့ လူ ဖြစ်သွားပြီလား"

"အရှင်မင်းမြတ်က မိန်းကလေးရှန်ကို တာဝန်ကြီးကြီးမားမားတွေ အပ်နှင်းထားခဲ့တာလေ၊ သူက ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ ထင်မထားမိဘူး..."

"ခေါင်းဆောင်နဲ့တိုင်ပင်ပြီး အရှင်မင်းမြတ်ဆီ သတင်းပို့လိုက်ရမလား၊ ပိုစိတ်ချရတဲ့လူ လွှတ်ပေးဖို့လေ"

"မတုံးစမ်းပါနဲ့ကွာ၊ ရက်တော်တော်ကြာနေပြီ၊ အရှင်မင်းမြတ်က လူလွှတ်လိုက်ရင်တောင် အချိန်မီမှာမဟုတ်ဘူး၊ ကုကျိုး အခြေအနေက လျစ်လျူရှုထားလို့ မရဘူး၊ မိန်းကလေးရှန် ပြန်ပါလာအောင် ငါတို့ပဲ ဝိုင်းနားချကြည့်ကြတာပေါ့"

ရှန်ကျွင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်‌ကွေးသွားပြီး စိတ်မရှည်သည့်အရိပ်အယောင်များ ပေါ်လာသည်။ တည်းခို ခန်း ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ ဧည့်သည်များအတွက် ဖွင့်ထားဆဲဖြစ်ပြီး လူအနည်းငယ်ထိုင်ကာ သောက်စားနေကြသည်ကို တွေ့လိုက်ရသည်။

ကျီချောင်ချင် ထိုင်ရန် ပြင်လိုက်စဉ် ရှန်ကျွင်းက အပေါ်ထပ်သို့ တက်သွားရန်ပြင်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး သူ့ခြေလှမ်းများကို တားဆီးလိုက်သည်။

သူသည် လှေကားပေါ်တွင်ရပ်လျက် လှည့်ကြည့်လာကာ အေးစက်စွာ ပြောလိုက်သည်။

"အပေါ်ထပ်မှာ သွားစားမယ်"

အပေါ်ထပ်မှာ စားတော့ ဘာထူးမှာမို့လို့လဲ?

ကျီချောင်ချင် ကြိုးကို တင်းကျပ်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။

"ဒီမှာပဲ စားရအောင်"

All Chapters