အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
🍃 Chapter 153
"နားထောင်စမ်း၊ အခု ကျင့်ကြံသူမျိုးနွယ်စုတွေက မင်းကို လုံးဝယုံကြည်နေကြပြီ၊ ငါကတော့ မင်းရဲ့ ရှည်လျားတဲ့ဘဝထဲက ဖြတ်သွားဖြတ်လာ ခရီးသည်တစ်ယောက်သက်သက်ပဲ၊ ပြန်တော့"
ရှန်ကျွင်း ပြောတာမှန်သည်။ မြေပြင်ပေါ်ရှိ ဂိုဏ်းပေါင်းစုံမှလူတိုင်းသည် ကျီချောင်ချင်အတွက် အားပေးဟစ်ကြွေးနေကြသည်။ သူတို့ သူမအပေါ် ဘာတွေလုပ်ခဲ့ကြသလဲဆိုတာကို မေ့နေကြပုံရသလို ကျီချောင်ချင်ကလည်း အတိတ်ကိုမေ့သွားပြီဟု အားလုံးကယူဆထားကြသည်။
ကျီချောင်ချင် အောက်ဘက်ရှိလူများကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မဝင်စားစွာဖြင့်အကြည့်လွှဲကာ ရှန်ကျွင်းကိုသာ ဆက်လက်စိုက်ကြည့်နေသည်။
"သူတို့က ကျွန်မအတွက်ဘာမှအဓိပ္ပာယ်မရှိဘူး ရှန်ကျွင်း၊ ရှင်ပြောဖူးတယ်လေ၊ ကျွန်မနဲ့အတူ တောင်ပိုင်းနယ်စပ်ကိုလိုက်ခဲ့မယ်ဆို၊ အခု ကျွန်မ ကတိတည်ဖို့ရောက်လာတာ၊ ရှင်ကတိဖျက်ရင် ရှင့်ကိုကြိုးတုပ်ပြီး ဖမ်းခေါ်သွားရမယ်ဆိုရင်တောင် တောင်ပိုင်းနယ်စပ်ကို ရောက်အောင်ခေါ်သွားပြီး ပိတ်လှောင်ထားပစ်မယ်"
ရှန်ကျွင်းသည် အဆုံးတွင် ကျီချောင်ချင်၏စကားကြောင့် သရော်သလိုရယ်မောလိုက်သည်။
နတ်ဆိုးများနှင့် သရဲများကလည်း ဝါးလုံးကွဲ ရယ်မောကြပြန်သည်။ မြေပြင်ပေါ်ရှိကျင့်ကြံသူများသည် ကျီချောင်ချင်နှင့် ရှန်ကျွင်းဘာပြောနေကြသည်ကိုမသိသော်လည်း ရယ်သံများကိုမူရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ကျီချောင်ချင်၏ ယခုအပြုအမူမှာ လုံးဝအရှက်ရစရာပင်။ သူမက ရှန်ကျွင်းကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ? တကယ့်ကိုရယ်စရာကောင်းလိုက်တာ!
ရှန်ကျွင်းသည် သူမကိုလှောင်ပြောင်နေသည်ဟု ကျီချောင်ချင်လည်း ထင်မိသည်။ သူမသည် ယခုအခါ လောကတွင် တစ်ပါးတည်းသောနတ်ဘုရားဖြစ်နေသော်လည်း ရှန်ကျွင်းကိုအနိုင်မယူနိုင်သေးပေ။ သူ၏ကျင့်ကြံဆင့်မှာ လူအများလက်လှမ်းမမီနိုင်သောအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
အမှန်တော့ သူမ ပြောလိုက်သောစကားများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။
သို့သော် မီးရောင်အောက်တွင် ရှန်ကျွင်း၏မျက်ဝန်းများထဲ၌ မျက်ရည်စတစ်ချို့ လက်ခနဲဖြစ်သွားသည်ကို ကျီချောင်ချင်မြင်လိုက်ရသည်။
သူမ အမြင်မှားတာနဲ့တူတယ်…
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုလှည့်ပင်မကြည့်တော့ပေ။
"ဒီအခြေအနေထိရောက်လာမှတော့ နောက်ပြန်လှည့်လိုမရတော့ဘူး၊ ငါလည်း နောက်ပြန်မလှည့်ချင်တော့ဘူး၊ ငါ့လက်ကို မင်းသွေးတွေမပေပါစေနဲ့... ဖယ်လိုက်တော့"
ကျီချောင်ချင်ရင်ထဲတွင် ဒေါသမီးများတောက်လောင်လာသည်။
"ဝမ်းနည်းစရာပဲ... ကျွန်မကတော့ဖယ်မပေးနိုင်ဘူး၊ ရှင် တစ်ယောက်ယောက်ကိုသတ်ချင်ရင် ကျွန်မကို အရင်သတ်မှရမယ်"
ရှန်ကျွင်း အဆုံးတွင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလေသည်။ သူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အဆုံးအစမဲ့သောစွမ်းအားများ ပါဝင်နေသကဲ့သိုခံစားရသည်။ ကျီချောင်ချင်သည် ဝိညာဉ်စွမ်းအားများကို ခွင်းလွန်ဓားထဲသိုစီးဆင်းစေပြီး သူ၏တိုက်ခိုက်မှုကို တည်ငြိမ်စွာခုခံလိုက်သည်။ ထိုနောက် ရုတ်တရက်လှည့်ကာ ရှန်ကျွင်းထံသို ပျံသန်းသွားပြီး မျက်နှာကိုဓားဖြင့်ပိုင်းချလိုက်သည်။
ဝုန်း
ကျီချောင်ချင်နှင့် ရှန်ကျွင်းတို အပြန်အလှန် တိုက်ခိုက်နေကြစဉ် ထိုအခွင့်အရေးကိုအသုံးချပြီး ထော့်ပါကျီက အော်ဟစ်လိုက်သည်။
"တိုက်ကြ!"
မရေမတွက်နိုင်သောနတ်ဆိုးသတ္တဝါများသည် ဖုန်းလိုင်ဂိုဏ်းပိုင်နက်ထဲသို အလုအယက်ဝင်ရောက်လာကြသည်။ ဖုန်းလိုင်ဂိုဏ်းတစ်ခုလုံး နတ်ဆိုးစွမ်းအင်များလွှမ်းခြုံသွားလေသည်။ နတ်ဆိုးသတ္တဝါများသည် အရူးအမူးသတ်ဖြတ်နေကြပြီး ကျင့်ကြံသူများနှင့် သာမန်လူများ၏အသက်ဓာတ်များကို စုပ်ယူနေကြသည်။ အရိုးခေါင်းများစွာသည် နတ်ဆိုးစွမ်းအင်အကူအညီဖြင့် သက်ရှိများကိုဝါးမြိုစားသောက်နေကြသည်။ တစ်ခဏချင်းမှာပင် ဖုန်းလိုင်ဂိုဏ်းနယ်မြေတစ်ခုလုံး ငရဲဘုံအလားဖြစ်သွားလေတော့သည်။
ကောင်းကင်ကြီးမှာသွေးရောင်လွှမ်းနေပြီး နေရာတိုင်းတွင် မီးတောက်များပြည့်နှက်နေသည်။
ခွင်းလွန်ဓားနှင့် နတ်ဆိုးစွမ်းအင်အချိုရိုက်ခတ်မိသွားစဉ် ရှန်ကျွင်း၏လက်ကောက်ဝတ်တွင်ဝတ်ဆင်ထားသော ဗုဒ္ဓပုတီးကုံးကို ကျီချောင်ချင်သတိထားမိလိုက်သည်။ အဲဒါ သူမ သူ့ကိုပေးခဲ့တဲ့ပုတီးပဲ...
ကျီချောင်ချင် မေးလိုက်သည်။
"ရှန်ကျွင်း... ရှင်ကနတ်ဆိုးဖြစ်နေပြီပဲ၊ ဘာလို အဲ့ဒီ့ ပုတီးကိုဝတ်ထားသေးတာလဲ၊ အဲဒါက နတ်ဆိုးစွမ်းအင်နဲ့ဓာတ်မတည့်ဘူးလေ၊ နေ့တိုင်းဝတ်ထားရတာ နေရထိုင်ရခက်မနေဘူးလား?"
ထိုစကားကိုကြားသောအခါ ရှန်ကျွင်း၏နတ်ဆိုးစွမ်းအင်များသည် ခွင်းလွန်ဓားနှင့်လူချင်းခွဲလိုက်သည်။ သူသည် လက်ကောက်ဝတ်မှပုတီးကို ဂရုမစိုက်သလိုဆွဲဖြုတ်လိုက်ရာ အနီရောင်ကြိုးမျှင်လေး ပြတ်တောက်သွားပြီး မရေမတွက်နိုင်သောပုတီးစေ့များ မြေပြင်ပေါ်သိုပြန့်ကျဲကျကာ နေရာအနှံလွင့်စင်သွားလေသည်။
ရှန်ကျွင်းသည် ကျန်ရစ်နေသောပုတီးစေ့တစ်လုံးကို မောက် မာစွာကောက်ယူလိုက်သည်။ သူ့မျက်နှာထားမှာရွံရှာမှုနှင့် အေးစက်သော လှောင်ပြောင်မှုများရောနှောနေသည်။
"မြင်လား... ငါတိုကြားကပတ်သက်မှုက ဒီပုတီးစေ့တွေလိုပဲ၊ ပြိုကွဲသွားဖို ဘာအားမှစိုက်ထုတ်နေစရာမလိုဘူး၊ ပြန်ဆက်ဖိုလည်းမဖြစ်နိုင်တော့ဘူး၊ ငါ့အပေါ် ဘာမျှော်လင့်ချက်မှထပ်မထားနဲ့တော့! အရင်က ရှန်ကျွင်းက အရမ်းကိုတုံးအလွန်းတယ်... အခု ငါက မင်းတိုအားလုံးကို ငါ့ခြေထောက်အောက်မှာ နင်းချေပစ်ချင်တာပဲသိတော့တယ်!"
ပုတီးစေ့လေးများပြုတ်ကျသွားသည်ကို ကြည့်ရင်း ကျီချောင်ချင်၏ကိုယ်ထဲတွင် စိမ့်ခနဲအေးသွားသည်။ အတိတ်ကရှန်ကျွင်းဆိုသူ ထာဝရပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူမ အဆုံးတွင်နားလည်လိုက်လေသည်။
"ရှန်ကျွင်း... ရှင်က ဒီလောက်တောင်ခေါင်းမာနေမှတော့ ကျွန်မလည်း ယဉ်ကျေးနေစရာမလိုတော့ဘူး"
ကျီချောင်ချင်သည် ဝိညာဉ်စွမ်းအားများကို ခွင်းလွန်ဓားထဲသိုအကုန်လောင်းထည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမလက်လျှော့ပေးရန်အစီအစဉ်မရှိတော့ပေ။
"ကျွန်မ ရှင့်ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကိုဖျက်ဆီးပစ်မယ်၊ ပြီးရင် ရှင့်ကိုဖမ်းချုပ်ထားမယ်! ရှင် အသိစိတ်ပြန်ဝင်လာမှ ပြန်လွှတ်ပေးမယ်! အဲဒီကျရင် ရှင်လုပ်ချင်တာလုပ်တော့! ရှင် ဒီလောကကြီးကို ဖျက်ဆီးပစ်ချင်ရင်တောင် ကျွန်မ တစ်ခွန်းမှဝင်မပြောဘူး!"
ရှန်ကျွင်းက လှောင်ပြောင်လိုက်သည်။
"မင်း လုပ်နိုင်မယ်ထင်လိုလား?"
ကျီချောင်ချင် ပြန်ပြောရန်ပြင်လိုက်စဉ် ဖေးယွမ် ရုတ်တရက်ပေါ်လာပြီး ရှန်ကျွင်းကိုလက်ဝါးဖြင့်ရိုက်လိုက်သည်။
ဘုန်း!
ရှန်ကျွင်းက ဖေးယွမ်နှင့် လက်ဝါးချင်းတိုက်ရိုက် ရင်ဆိုင်လိုက်ရာ သူတိုကြားရှိလေထုမှာ ရုတ်တရက် တွန့်လိမ်သွားသည်။ ဖေးယွမ်၏ဆံထိုးမှာ ဝိညာဉ်စွမ်းအားကြောင့်လွင့်စင်သွားပြီး ဒွါရခုနစ်ပေါက်လုံးမှ သွေးများစီးကျလာသည်။ ရှန်ကျွင်း၏လက်ချက်ကြောင့် သူ၏အတွင်းကလီစာများ ဒဏ်ရာရသွားမှန်းသိသာလှသည်။
ကျီချောင်ချင် တုန်လှုပ်သွားသည်။ ဖေးယွမ်နှင့် ဆရာတော်ချင်းချီတိုသည် တာအိုလမ်းစဉ်ကို လိုက်စားသူများဖြစ်ကြပြီး ကြီးမားသောကုသိုလ်ကံများပိုင်ဆိုင်ထားကြသည်။ အကယ်၍ ရှန်ကျွင်းသာ ဖေးယွမ်ကိုသတ်လိုက်ပါက သူ၏ နတ်ဆိုးအော်ရာသည် အဆပေါင်းများစွာမြင့်တက်လာလိမ့်မည်။ ထိုကြောင့်လည်း ရှန်တုပိုင်က အစောတုန်းက ဆရာတော်ချင်းချီကို ဖမ်းဆီးပြီးသွေးပဲယူကာ မသတ်ခဲ့ခြင်းဖြစ်သည်။
ယခု ရှန်ကျွင်း၏အော်ရာသည် နတ်ဆိုးတစ်ကောင်နှင့်မခြားတော့ပေ။ သူသည် လောကတွင် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်နေသည်။ အကယ်၍ သူ၏မကောင်း ဆိုးဝါးစွမ်းအင်များ ပိုမို ပြင်းထန်လာပြီး ကောင်းကင်ဘုံကအာရုံခံမိသွားပါက နောက်ဆက်တွဲအကျိုးဆက်များကို တွေးကြည့်ရန်ပင်ခက်ခဲလှသည်။
ကျီချောင်ချင်စိတ်ပူသွားပြီး သူတိုနှစ်ဦးကြားက တင်းမာမှုကိုဖြိုခွင်းရန် ခွင်းလွန်ဓားကိုသုံးဖိုပြင်လိုက်သည်!
ထိုစဉ် ရှန်ကျွင်းနှင့်ဖေးယွမ်တို လူချင်းခွာလိုက်ကြသည်။ ဖေးယွမ် ပါးစပ်မှသွေးတစ်လုပ်အန်ထွက်လာသည်။ သူ့မျက်လုံးများသည် ရှန်ကျွင်း၏ နတ်ဆိုးစွမ်းအားဖိအားကိုမခံနိုင်တော့ဘဲ သွေးမျက်ရည်များ စီးကျလာကာ မျက်လုံးကွယ်သွားလေတော့သည်။
ဖေးယွမ် မြေပြင်ပေါ်သိုပြုတ်ကျလာသည်ကို ကျီချောင်ချင်က ဝိညာဉ်စွမ်းအားသုံးပြီးအရှိန်လျှော့ကာဖမ်းထိန်းလိုက်သည်။ ထိုနောက် ရှန်ကျွင်းဆီသွားရန် ပြင်လိုက်စဉ် ဖေးယွမ်က သူမ၏လက်ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။
"ကလေး!"
ဖေးယွမ်၏ကျင့်ကြံခြင်းစွမ်းအားများ လုံးဝပျက်စီးသွားပြီး ခန္ဓာကိုယ်မှာလည်း နတ်ဆိုးစွမ်းအားကြောင့်ဒုက္ခရောက်နေသော်လည်း သူလဲကျမသွားပေ။ ထိုအစား သူက ကျီချောင်ချင်ကိုတည်ငြိမ်စွာ တောင်းပန်လိုက်သည်။
"အရင်တုန်းက မင်းအကွက်ဆင်ခံရတုန်းက ငါနဲ့ချင်းချီ မင်းဘက်ကမရပ်တည်ပေးခဲ့မိတာ တောင်းပန်ပါတယ်၊ ဒီကပ်ဘေးက လောကကြီးမှာ ရှောင်လွှလိုမရတဲ့အရာမိုလို ငါတိုဝင်မစွက်ဖက်နိုင်ခဲ့တာပါ! အခုတော့ ဒါကအကောင်းဆုံးရလဒ်ပါပဲ၊ သွားတော့... မင်းရဲ့တာဝန်ကိုပြီးဆုံးအောင်လုပ်တော့၊ ငါ အရင်သွားနှင့်တော့မယ်!"
ဖေးယွမ်၏ဆိုလိုရင်းကို ကျီချောင်ချင် နားမလည်ပေ။ သူမ မေးရန်ပြင်လိုက်စဉ်မှာပင် ဖေးယွမ်က မျက်လုံးမှိတ်ပြီး လက်သင်္ကေတများလုပ်လိုက်သည်ကိုတွေ့လိုက်ရသည်။ သူ ကိုယ့်ကိုကိုယ်ဖောက်ခွဲတော့မယ်!
ဖေးယွမ်သည် စစ်မှန်သောမဟာယနအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် တစ်သက်လုံးကုသိုလ်များ မရေမတွက်နိုင်အောင်စုဆောင်းခဲ့သူဖြစ်၍ သူ၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲမှုမှ ထွက်ပေါ်လာမည့် စွမ်းအားသည် ကမ္ဘာမြေကိုတုန်လှုပ်သွားစေမည်မှာ သေချာသည်။
ကျီချောင်ချင် အလိုအလျောက် ရှန်ကျွင်းကိုလှမ်းကြည့်လိုက်မိသည်။ ဖေးယွမ်က ဒီစွမ်းအားကိုသုံးပြီး ရှန်ကျွင်းကိုရှင်းပစ်တော့မှာသေချာတယ်!
🍃 Chapter 154
ထိုအချက်ကို သဘောပေါက်လိုက်သည့်တစ်ခဏ၌ ကျီချောင်ချင်သည် ရှန်ကျွင်းအပေါ်ပြောခဲ့သည့် ရင့်သီးသောစကားများကိုမေ့သွားသည်။ သူ့ကျင့်ကြံခြင်းစွမ်းအားကိုဖျက်ဆီးပြီး အိမ်ပြန်ခေါ်ကာ ချုပ်နှောင်ထားမည်ဟု ပြောခဲ့သည်များကိုမေ့သွားသည်။ ရှန်ကျွင်းသည် လောကရှိ သိုင်းပညာရှင်အားလုံးကို သတ်နိုင်လောက်အောင် အစွမ်းထက်နေပြီဆိုသည်ကိုလည်းမေ့သွားသည်။ သူမ၏မသိစိတ်က
ရှန်ကျွင်းကိုအသက်ရှင်စေချင်ပြီး ဘယ်သူ့လက်ချက်နှင့်မှမထိခိုက်စေချင်ပေ။
"ရှန်ကျွင်း!"
ကျီချောင်ချင်သည် နာကျင်စွာအော်ဟစ်လိုက်သည်။
"ပြေးတော့!"
ကျီချောင်ချင်၏ မျှော်လင့်ချက်မဲ့နေသောအကြည့်အောက်တွင် ရှန်ကျွင်း၏မျက်ဝန်းများမှာ တည်ငြိမ်နေဆဲပင်။ သူသည် နောက်ဆုံးကျန်သောအစီအရင်ဗဟိုချက်ကို မျိုချလိုက်လေသည်။
ဝုန်း!
ချက်ချင်းဆိုသလိုပင် ကျီချောင်ချင်သည် အမည်မသိစွမ်းအားတစ်ခု၏တွန်းပိုမှုကြောင့် အဝေးမှ ကျောက်တုံးကြီးတစ်ခု၏ နောက်သိုရောက်ရှိသွားလေသည်။
နောက်တစ်ခဏတွင် ဖေးယွမ် ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်ရာ ကြီးမားသောဝိညာဉ်စွမ်းအင် လှိင်းလုံးကြီးသည် ဖုန်းလိုင်ဂိုဏ်းတစ်ခွင်လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သောနတ်ဆိုးသတ္တဝါများကို ချက်ချင်းပြာကျသွားစေသည်။ ဖေးယွမ်နှင့် ဂိုဏ်းတူကျင့်ကြံသူများပင်လျှင် ထိုဝိညာဉ်စွမ်းအင်ရိုက်ခတ်မှုကိုခံလိုက်ရပြီး အတွင်းကလီစာများနာကျင်သွားကြသည်။
နေရာအနှံအော်ဟစ်သံများထွက်ပေါ်လာသည်။ ကျီချောင်ချင် ကျောက်တုံးနောက်မှချောင်းကြည့်လိုက်ပြီး အခြားသူများကိုလျစ်လျူရှုကာ ရှန်ကျွင်းကိုသာ လိုက်ရှာနေမိသည်။
သူမ ရှေ့ရှိကျောက်တုံးကြီးပေါ်တွင် ရှန်ကျွင်း ရပ်နေသည်ကိုတွေ့လိုက်ရသည်။ သူတိုရပ်နေသော ကျောက်တုံးမှလွဲ၍ ကျန်နေရာအားလုံးသည် ဝိညာဉ်စွမ်းအင်ကြောင့် ပျက်စီးသွားပြီဖြစ်သည်။ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ကုန်းရုန်းထနေကြပြီး အများစုမှာဒဏ်ရာရကာ နေရာအနှံလွင့်စင်ကုန်ကြသည်။
ကျီချောင်ချင်နှင့် ရှန်ကျွင်း နှစ်ယောက်တည်းသာ ဘာမှမဖြစ်ဘဲကျန်ရစ်ခဲ့သည်။
သူမကို ဤနေရာရွှေ့လိုက်တာ ဘယ်သူလဲဆိုတာကျီချောင် ချင်မသိပေ။ လောကကြီးမှာ သူမ လုံးဝ သတိမထားမိလိုက်အောင် တိတ်တဆိတ်နှင့် မသိမသာလုပ်နိုင်သူဆိုသည်မှာ ရှန်ကျွင်း တစ်ယောက်တည်းသာရှိသည်။
တိုက်တိုက်ဆိုင်ဆိုင် သူသည်လည်း ထိုနေရာမှာရပ်နေသည်။ ပို၍တိုက်ဆိုင်သည်မှာ အန္တရာယ်ကြုံချိန်တွင် ကျီချောင်ချင်ကိုကယ်တင်ဖို ဦးစားပေးမည့်သူမှာ နတ်ဆိုးမဖြစ်ခင်က ရှန်ကျွင်းသာရှိသည်။
လုံးဝရူးသွပ်နေသောအခြေအနေတွင် ရှိနေသည့် ရှန်ကျွင်းက သူမကို ယခင်ကလိုကာကွယ်ပေးလိမ့်မည်ဟု ကျီချောင်ချင်မယုံကြည်ပေ။ ရုတ်တရက် သူမ ခေါင်းထဲအတွေးတစ်ခုဝင်လာသည်။ ရှန်ကျွင်း စိတ်မဖောက်ပြန်သေးတာများလား?
ထိုအတွေးက ခဏတာဖြတ်ပြေးသွားခြင်းသာ။ ရှန်ကျွင်း နတ်ဆိုးစွမ်းအင်ကိုအသုံးပြုနေခြင်းက ငြင်းမရသောအချက်ဖြစ်၍ သူ နတ်ဆိုးအစီးခံရခြင်း မဟုတ်ဟုပြော၍မရပေ။ အစောက သူမကို ကယ်တင်လိုက်ခြင်းက ရုတ်တရက် ခဏတာ အသိစိတ်ဝင်လာခြင်းမျိုးသာ ဖြစ်လောက်သည်။
ဒီအခြေအနေမှာ အသိစိတ်ပြန်ဝင်လာနိုင်သေးတယ် ဆိုရင်တော့... သူလမ်းမှန်ပြန်ရောက်ဖို့ ဖြစ်နိုင်ခြေရှိသေးတယ်ပေါ့...
ကျီချောင်ချင် ဝမ်းမသာနိုင်ခင်မှာပင် ရှန်ကျွင်း၏ မျက်နှာပေါ်၌ထူးဆန်းပြီး စိတ်သက်သာရာရသွားသလို အမူအရာတစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူက တိုးညင်းစွာညည်းတွားလိုက်သည်။
"နောက်ဆုံးတော့... ငါ့စွမ်းအားတွေပြန်ရပြီပဲ"
ကျီချောင်ချင် လန့်သွားသည်။ ရှန်တုပိုင် ပြောဖူးသည်မှာ အစီအရင်၏အမြုတေထဲတွင် ဇာစ်မြစ်မသိရသော စွမ်းအားတစ်ခုပါဝင်နေသည်ဟူ၍ပင်။ ရှန်ကျွင်း၏စကားအရဆိုလျှင်... ရှန်ကျွင်းက ဒီစွမ်းအားရဲ့ပိုင်ရှင်များလား?
အကယ်၍ ရှန်ကျွင်းကသာ ဒီစွမ်းအားရဲ့ပိုင်ရှင်ဆိုရင် ဘာလို့ နတ်ဆိုးဝင်ပူးတာခံရတာလဲ? သူက ဝိညာဉ်မျိုးနွယ်ဖြစ်လို့ သူ့စွမ်းအားတွေအကုန်ပြန်ရရင်တောင် အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်လာရမှာလေ၊ ဘာလို့နတ်ဆိုးဖြစ်သွားရတာလဲ?
ဘာကြောင့်လဲ? ရှန်ကျွင်းကိုကြည့်ရတာ အသိစိတ်ရှိနေပုံရတယ်... ဒါဆို သူနတ်ဆိုးဖြစ်သွားတာကို ဘာလို့ နည်းနည်းလေးမှမအံ့သြတာလဲ?
ကျီချောင်ချင် စကားပြောရန်ပြင်လိုက်စဉ် ကောင်းကင်ယံရှိ မည်းမှောင်နေသောတိမ်တိုက်များထဲမှ ကောင်းကင်လျှပ်စီးများ ရုတ်တရက်ပေါ်ထွက်လာသည်။ လျှပ်စီးများသည် ဝင်းခနဲလက်ကာ ထိုနေရာရှိ နတ်ဆိုးစွမ်းအင်များကိုဆွဲဖြဲပစ် လိုက်ပြီး မရေမတွက်နိုင်သောတိမ်မည်းများသည် ရှန်ကျွင်းခေါင်းပေါ်တည့်တည့်သို့ လျင်မြန်စွာရောက်ရှိလာကြသည်။
သွားပြီ! ရှန်ကျွင်းက နောက်ဆုံးကျန်တဲ့အစီအရင်ဗဟိုချက်ကို မျိုချလိုက်လို့ သူ့စွမ်းအားတွေအရင်ကထက်ကြီးမားလာတာ... သူရှိနေတာကို ကောင်းကင်ဘုံကအာရုံခံမိသွားပြီ!
တိမ်မည်းများကြားမှ မှိန်ဖျော့ဖျော့အဖြူရောင် လျှပ်စီးများလက်နေသည်။ အဲ့ဒါ အပြစ်ပေးတဲ့လျှပ်စီးပဲ၊ အဆိုးရွားဆုံး ရာဇဝတ်ကောင်တွေတောင် တိမ်မည်းတစ်ဒါဇင်လောက်ပဲကြုံရတာ၊ အခု ရှန်ကျွင်းကျတော့ ဖုန်းလိုင်ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်တဲ့ အပြစ်ပေးတိမ်မည်းကြီးကိုဆွဲဆောင်လိုက်တာပဲ!
ဘယ်လိုလုပ်မလဲ! ကောင်းကင်ဘုံက ရှန်ကျွင်းကို တွေ့သွားပြီ... သူတော့သွားပြီ!
"ကောင်းကင်ကြီးကမျက်စိပါသားပဲ! ဒီနတ်ဆိုးကောင်ရှန်ကျွင်းတော့ သွားပြီ!"
"လျှပ်စီးကပ်ဘေးတွေအများကြီးပဲ! ရှန်ကျွင်းလို ပုန်ကန်တတ်တဲ့ နတ်ဆိုးကောင်မျိုးမရှိသင့်တော့ဘူး!"
"လောကကြီးကယ်တင်ခံလိုက်ရပြီ! သူတော့သေပြီ!"
"နောက်ဆုံးတော့ ငါတို့နိုင်တဲ့အချိန်ရောက်လာပြီ! ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်က နောက်ဆုံးတော့ အနိုင်ရတော့မယ်!"
ရှန်ကျွင်း သေတော့မည်ဟုယုံကြည်ကာ လူတိုင်း ပျော်ရွှင်စွာအော်ဟစ်ကြသည်။
ဂျိမ်း!
လျှပ်စီးကြောင်းများသည် ရှန်ကျွင်းအပေါ်သို့ကျရောက်လာရာ မိုးမြေတသိမ့်သိမ့်တုန်သွားပြီး ရှိသမျှအရာအားလုံးကို ဆွဲဖြဲပစ်မလောက်ပင်ပြင်းထန်လှသည်။
ရှေးယခင်မှ ယနေ့အထိ မည်သူကမှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကပ်ဘေးမျိုးမမြင်ဖူးခဲ့ကြပေ။ ရှန်ကျွင်းက တစ်မူထူးခြားနေသည်။
သို့သော် ရယ်မောသံများလျင်မြန်စွာပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခုကျရောက်လာသော်လည်း ရှန်ကျွင်းကို မည်သို့မျှမထိခိုက်နိုင်ပေ။ လျှပ်စီးအားလုံးသည် သူ့ဘေးပတ်ဝန်းကျင်ရှိ မြေပြင်ကိုသာထိမှန်ကြသည်။
မြေပြင်တွင်နက်ရှိုင်းသော မြောင်းကြီးများဖြစ်သွားသော် လည်း ရှန်ကျွင်းသည် အကာအကွယ် အတားအဆီးတစ်ခုဖြင့် ကာကွယ်ထားသကဲ့သို့ ကောင်းကင်ကြီးကပင် သူ့ကိုမထိခိုက်နိုင်ဖြစ်နေသည်။
လူအုပ်ကြီး ထိတ်လန့်လာသည်။
"သူက ကောင်းကင်ဘုံတောင်မနိုင်တော့တဲ့ အဆင့် ရောက်သွားပြီလား?"
"ငါတို့ ဘယ်လိုလုပ်ကြမလဲ!"
ဤသည်က အရမ်းထူးဆန်းလွန်းတယ်ဟု ကျီချောင်ချင်တွေးလိုက်သည်။ ရှန်ကျွင်း တစ်ခုခုထူးထူးခြားခြားလုပ်တော့မည်ဟု သူမ ခံစားနေရသော်လည်း အလိုအလျောက်ပင် ဤအဖြစ်အပျက်က သူမကို ကြောက်ရွံ့စေသည်။
"ဒီလိုမလုပ်ပါနဲ့တော့ ရှန်ကျွင်း..."
မည်သည့်ကျင့်ကြံသူမျှ ရှန်ကျွင်းအနားသို့မကပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူ့ပတ်လည်ရှိ လျှပ်စီးကပ်ဘေးသည် အလွန်အားကောင်းလွန်းသောကြောင့်ဖြစ်သည်။ အနားကပ်သွားပါက ကောင်းကင်ဘုံက ကြံရာပါအဖြစ်သတ်မှတ်ပြီး ပစ်ခတ်ခံရနိုင်သည်။
မိုးမြေတသိမ့်သိမ့်တုန်စေနိုင်သော ထိုလျှပ်စီးကပ်ဘေးသည် ကြောက်စရာကောင်းလှသည်။ အကယ်၍ထိမှန်ပါက အစွမ်း ထက်ဆုံးကျင့်ကြံသူပင် ပြာကျသွားနိုင်သည်။
ကျီချောင်ချင်သည် ခွင်းလွန်ဓားကိုကိုင်လျက် လျှပ်စီးကပ်ဘေးနယ်ပယ်ထဲသို့ တည့်တည့်ပျံသန်းဝင်ရောက်သွားသည်။ ဤလျှပ်စီးကပ်ဘေးသည် အမြည်းသဘောလောက်သာရှိသေးပြီး အစစ်အမှန် ပြစ်ဒဏ်ခတ်မှုက နောက်မှလာမည်ကို သူမကောင်းစွာ သိသည်။ ရှန်ကျွင်း မည်မျှအစွမ်းထက်ထက် ကောင်းကင်ဘုံ၏ အပြင်းထန်ဆုံးပြစ်ဒဏ်နှင့် ရင်ဆိုင်ရလျှင် သေလမ်းသာရှိတော့သည်။
ကျီချောင်ချင်သည် လျှပ်စီးတစ်ခုကိုရှောင်တိမ်းလိုက်ပြီး ရှန်ကျွင်းကိုပြောလိုက်သည်။
"အခု ဒီကပ်ဘေးကိုရပ်တန့်ဖို တစ်ခုတည်းသော နည်းလမ်းက ရှင့်ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ဖျက်ဆီးပစ်လိုက်မှပဲရမယ်၊ အဲ့ဒါမှကောင်းကင်ဘုံက ရှင့်ကိုရှာမတွေ့တော့ဘဲလွှတ်ပေးမှာ!"
ရှန်ကျွင်းက လှောင်ပြောင်လိုက်သည်။ သူသည် လျှပ်စီးကပ်ဘေးကို လုံးဝဂရုမစိုက်သည့်ပုံပင်။ ထိုအပြင် ကျီချောင်ချင်နှင့်လုံးဝမဆိုင်သော စကားတစ်ခွန်းကိုပြောလိုက်သည်။
"ဒီနေရာကအန္တရာယ်များတယ်၊ မင်းအတွက်တော့ ငါက အပျင်းပြေဆော့ကစားစရာ အရုပ်လေးတစ်ရုပ်ပဲလေ၊ မင်း လာမယ်မထင်ထားဘူး"
ကျီချောင်ချင် ပြန်ပြောလိုက်သည်။
"ရှန်ကျွင်းက ကျွန်မအတွက် ဘယ်တုန်းကမှအရုပ်တစ်ရုပ်မဖြစ်ခဲ့ဖူးဘူး၊ သူက ကျွန်မတစ်သက်လုံး ကာကွယ်သွားမယ့်လူသားတစ်ယောက်ပဲ"
ကျီချောင်ချင် ထိုစကားကို အတ္တကင်းကင်းနှင့်ပြောလိုက်ခြင်းဖြစ်ပြီး ရှန်ကျွင်း သူမ၏ရိုးသားမှုကိုခံစားမိသည်။ သိုသော် သူက ဟားတိုက်ရယ်မောလိုက်လေသည်။
ရှန်ကျွင်း ထိုသိုရယ်တာမျိုး ကျီချောင်ချင်တစ်ခါမှမမြင်ဖူးပေ။ သူသည် အမြဲတမ်း အနေအထိုင်တည်ငြိမ်ပြီးအေးစက်ကာ ကောင်းကင်ကလမင်းကြီးလိုနေတတ်သူဖြစ်သည်။ ယခုလို အရူးအမူးရယ်မောလိုက်ခြင်းက သူ့ရုပ်သွင်ကို ရုတ်တ ရက်ပေါ်လွင်သွားစေသည်။
ဤအပြုံးသည် အလွန်အမင်း စိတ်ပျက်အားငယ်မှု၏ သဘာဝကျသော ဖော်ပြချက်တစ်ခုဖြစ်ပုံရပြီး၊ တစ်ခဏတာမျှ ကျီချောင်ချင် သူ့ကို စိတ်ပျက်စေမိပြီဟုခံစားလိုက်ရသည်။