← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

🍃 Chapter 133

ဓားချက်က ပြင်းထန်ပြီးရက်စက်ကာ ညှာတာမှု အလျဉ်းမရှိပေ။ ရှန်တုပိုင် ဒဏ်ရာရသည့်နေရာမှ အေးစိမ့်သွားသည်ကိုသာခံစားလိုက်ရပြီး တစ်ကိုယ်လုံးအထိန်းအကွပ်မဲ့စွာ မြေကြီးပေါ်သို့လဲကျသွားသည်။

ချက်ချင်းပင် ဒဏ်ရာမှတဆစ်ဆစ်နာကျင်လာသည်။ သည်းမခံနိုင်လောက်အောင် မဟုတ်သော်လည်း ပုရွက်ဆိတ်များကိုက်ခဲနေသကဲ့သို့ ခံစားရပြီး အလွန်နှိပ်စက်ညှဉ်းပန်းရာရောက်သည်။

ရှန်တုပိုင်က ကျီချောင်ချင်ရဲ့နှလုံးသားထဲမှာ ဘယ်လိုနေရာရထားလဲဆိုတာ ရှန်ကျွင်းနားမလည်ခင်အချိန်ထိ သူ့ကို သတ်မှာမဟုတ်ပေမယ့် သေချာပေါက် သက်သက်သာသာလွှတ်ပေးမှာ မဟုတ်ဘူး...

သွေးအများအပြားပန်းထွက်လာပြီး ရှန်တုပိုင်သည် ခန္ဓာကိုယ်ရှိ သွေးတိတ်စေမည့်အကြောများကို အမြန်နှိပ် လိုက်သော်လည်း မမျှော်လင့်စွာပင် သွေးများကပိုမိုစီးကျလာသည်။

ရှန်ကျွင်း ရှန်တုပိုင်၏အသုံးမကျမှုကို အံ့သြသွားပုံရပြီး မထီမဲ့မြင်တစ်ချက်ကြည့်ကာ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

ရှန်တုပိုင်၏မျက်လုံးများထဲတွင် ဒေါသများလှိမ့်တက်လာသည်။ နှစ်ပေါင်းရာချီကြာခဲ့ပြီ... သူ ဒီလောက်ထိ အရှုံးနှင့်မရင်ဆိုင်ခဲ့ရဖူးဘူး၊ ဒီကိစ္စကို သူမှတ်ထားလိုက်ပြီ။

တချိန်တည်းမှာပင် ကျီချောင်ချင်သည် ရှန်ကျွင်း ပြုလုပ်ထားသောအတားအဆီးမှ မလွတ်မြောက်နိုင်ဘဲ ကုတင်ပေါ်တွင်အားလျော့စွာလဲကျနေသည်။

ဤသည်မှာနွေးထွေးသော်လည်း မရင်းနှီးသော အခန်းတစ်ခန်းဖြစ်သည်။ ရှန်ကျွင်း ဘယ်အချိန် ပြန်လာမလဲ သူမ မသိချေ။ ရှန်ကျွင်း အဘယ့်ကြောင့်လူသတ်ရတာလဲဆိုတာကို စဉ်းစားနေစဉ်မှာပင် တံခါးဝမှအသံတစ်ခုကြားလိုက်ရသည်။

ထို့နောက် ရှန်ကျွင်းက တံခါးကိုတွန်းဖွင့်လာသည်။

ဖယောင်းတိုင်မီးရောင်အောက်တွင် ရှန်ကျွင်း၏ မျက်နှာမှာ အနည်းငယ်အေးစက်နေပြီး ကျီချောင်ချင် အလိုအလျောက် အပြစ်ရှိစိတ်ခံစားလိုက်ရသည်။ သူမ မှားယွင်းတဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့မိတယ်လေ...

ကျီချောင်ချင် အလွန်အမင်းစိတ်လှုပ်ရှားနေစဉ်မှာပင် ရှန်ကျွင်းရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ သူကမေးလိုက်သည်။

"မင်း... ရှန်တုပိုင်ကို အဲဒီလောက်တောင် ချစ်တာလား"

ကျီချောင်ချင် : "?”

ကျီချောင်ချင်က ပြတ်သားစွာပြောလိုက်သည်။

"ဟင့်အင်း... ရှန်တုပိုင်ကို ကျွန်မမုန်းတယ်၊ သူက ကျွန်မရဲ့ရန်သူပဲ၊ မကြာခင် သူ့ကိုသတ်မှာ"

ကျီချောင်ချင် စကားကိုကြားသောအခါ ရှန်ကျွင်းသည် သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်မှ အေးစက်နေသောအငွေ့အသက်များကိုဖယ်ရှားပေးလိုက်ပြီး သူမ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

မှိန်ဖျဖျလင်းလက်နေသော ဖယောင်းတိုင်မီးအောက်တွင် ရှန်ကျွင်း၏ ကျောက်စိမ်းပမာမျက်နှာထားသည် နူးညံ့သိမ်မွေ့နေပုံပေါ်သည်။ သူက တည်ငြိမ်အေးဆေးစွာပင်ဆိုသည်။

"ဒီနေ့ ငါတိုကို လာတိုက်ခိုက်တဲ့လူတွေအကုန်သေသွားပြီ၊ ချင်းချီနဲ့ ရှန်တုပိုင်ပဲကျန်တော့တယ်၊ သူတိုကို ငါသတ်ပေးမယ်"

သူ့လေသံသည် လူသတ်မည့်အကြောင်းပြောနေခြင်းမဟုတ်ဘဲ ခဏနေလျှင် ညစာဟင်းပွဲချက်ပြုတ်မည့်အကြောင်းပြောနေသကဲ့သို ပေါ့ပါးအေးစက်လွန်းလှသည်။

ထိုစကားမျိုးသည် ရှန်ကျွင်း ပြောလေ့ရှိသည့်စကားမျိုးမဟုတ်ပေ။ ကျီချောင်ချင်သိကျွမ်းခဲ့သည့် ရှန်ကျွင်း ပြောမည့်စကားမျိုးမဟုတ်ချေ။

"ရှန်ကျွင်း... အကာအကွယ်စည်းကို အရင်ဖျက်လိုက်ပါဦး..."

ကျီချောင်ချင်သည် တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။

"ဒီထဲမှာ လှဲပြီးစကားပြောရတာ ကျွန်မ သိပ်နေလိုမကောင်းဘူး"

ရှန်ကျွင်းသည် ကျီချောင်ချင်၏ပတ်လည်မှ အကာအကွယ်စည်းကို ဖယ်ရှားပေးလိုက်ပြီး သူမကို ညင်သာစွာထူမပေး လိုက်သည်။

"ခဏနေကျရင် ဘာစားချင်လဲ"

စောစောကခံစားလိုက်ရသည့် ထူးဆန်းသောခံစားချက်မှာ ထင်ယောင်ထင်မှားဖြစ်ဟန်တူသော်လည်း ကျီချောင်ချင် သတိထားနေဆဲဖြစ်သည်။ သူမက ပြောလိုက်သည်။

"ရှင်လုပ်တဲ့ မက်မွန်ပွင့်မုန့်က စားလိုကောင်းတယ်၊ မြောက်ပိုင်းနယ်မြေမှာ မက်မွန်ပန်းတွေအများကြီးပဲ၊ ရှန်ကျွင်း... ရှင် ကျွန်မအတွက် လုပ်ပေးမယ်မလား"

ရှန်ကျွင်းက "ကောင်းပြီလေ"

ထိုနေရာသည် လူသူတိတ်ဆိတ်သောခြံဝင်းတစ်ခုဖြစ်ပြီး အတွင်းရောအပြင်ပါ မီးရောင်များထိန်ထိန်လင်းနေသည်။ ခြံဝင်းထဲရှိမက်မွန်ပင်ကြီးသည် ကျဆင်းနေသောနှင်းစက်များကို အမိုးအကာသဖွယ် ကာကွယ်ပေးထားသည်။ ကျီချောင်ချင်နှင့် ရှန်ကျွင်းတိုသည် သစ်ပင်အောက်တွင် မက်မွန်ပန်းများကို အတူတကွကောက်ယူနေကြလေသည်။

မက်မွန်ပန်းများကိုကောက်ယူနေလျက် ကျီချောင်ချင်၏စိတ်နှလုံးသည် တည်ငြိမ်သွားခဲ့သည်။ သူမသည် မက်မွန်ပန်းကောက်ရသည်ကို လုံးဝပျင်းရိခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရှန်ကျွင်းက သူမဘေးတွင် ရှိနေသောကြောင့်ပင်။

"ရှန်ကျွင်း... မက်မွန်ပွင့်မုန့်ကစားလိုကောင်းတယ်နော်... ဒါပေမဲ့ ပန်းပွင့်မုန့်၊ သစ်တော်ပန်းမုန့်တွေလည်းကောင်းတာပဲ၊ ရှင်လုပ်သမျှအကုန်ကောင်းတယ်၊ အကုန်လုပ်စားကြည့်ကြမလား"

ကျီချောင်ချင်ကိုကျောပေးထားသော ရှန်ကျွင်းက ပြောလာသည်။

"နောင်နှစ်နွေဦးကျရင် တောင်ပိုင်းနယ်မြေကိုအတူသွားကြမယ်၊ အဲဒီမှာက တစ်နှစ်ပတ်လုံးနွေဦးပေါက်လိုပဲ... ပန်းတွေလည်းအများကြီးရှိတယ်၊ မင်း ဘာစားချင်ချင် ကိုယ်လုပ်ပေးမယ်"

မဖြစ်နိုင်ဘူး...

ကျီချောင်ချင်သည် တောင်ပိုင်းနယ်မြေကိုသွားမည် မဟုတ်ပေ။ ရှန်တုပိုင်အသက်ရှင်နေသမျှ သူမ စိတ်အေးချမ်းရမည်မဟုတ်ချေ။ ထိုအပြင် ရှန်တုပိုင်၏ လက်ပါးစေများကိုလည်း အရှင်ထား၍မရပေ။ သူမ၏အမုန်းတရားများ ပြေပျောက်စေရန် သူတိုအားလုံး သေဆုံးကြရမည်ဖြစ်သည်။

ဤသည်မှာ စီမံကိန်းကြီးတစ်ခုဖြစ်ပြီး နောက်နှစ်နွေဦးလောက်နှင့်တော့ ပြီးပြတ်မည်မဟုတ်ပေ။ ထိုကြောင့် ကျီချောင်ချင်သည် ရှန်ကျွင်းနှင့်အတူ တောင်ပိုင်းနယ်မြေသို လိုက်သွားဖြစ်မည်မဟုတ်ချေ။

"နောက်နှစ်ပြဿနာကို နောက်နှစ်မှပြောကြတာပေါ့..."

ကျီချောင်ချင်သည် ပြုံးရွှင်စွ ပြောလိုက်ပြီး မက်မွန်ပန်းစည်းကို ရှန်ကျွင်း၏ရင်ခွင်ထဲသို ထိုးထည့်ပေးလိုက်သည်။

"ကဲ... တော်ပြီ... မက်မွန်ပွင့်မုန့်သွားလုပ်ကြမယ်"

ရှန်ကျွင်းသည် ကျီချောင်ချင်ကိုလှည့်မကြည့်ပေ။ သူသည် ခြံဝင်းထဲရှိ လှေကားထစ်များဆီသိုလျှောက်သွားလိုက်ရာ ကျီချောင်ချင်လည်း အနောက်မှ အမြန်လိုက်ပါသွားလေသည်။

"မက်မွန်ပန်းတွေအများကြီးပဲ! မုန့်လုပ်ဖို ဒီလောက်အများကြီးမလိုလောက်ပါဘူး၊ မက်မွန်ပွင့်ဆန်ပြုတ်လုပ်သောက်ကြမလား၊ စဉ်းစားကြည့်တော့ ဒီနေ့က ၈ ရက်နေ့ပဲရှိသေးတာ၊ သူများတွေက လာပါ့ဆန်ပြုတ်သောက်ကြပေမယ့် ကျွန်မတိုက မက်မွန်ပွင့်ဆန်ပြုတ်သောက်ကြမယ်လေ! ဒါနဲ့ ရှန်ကျွင်း—"

"ကျီချောင်ချင်... မင်း ကိုယ့်ကို ဖုံးကွယ်ထားတာ တစ်ခုခုရှိနေလား"

ရွှင်မြူးဖွယ်စကားဝိုင်းသည် ရပ်တန့်သွားပြီး လေတိုက်သံနှင့် နှင်းကျသံတို ပိုမိုကျယ်လောင်လာကာ ခြံဝင်းတစ်ခုလုံး ရုတ်ခြည်းအေးစက်သွားလေသည်။

ကျီချောင်ချင် မော့ကြည့်လိုက်သည်။ ရှန်ကျွင်း၏ နောက်ကျောဘက်တွင် တောက်ပသော ဖယောင်းတိုင်မီးရောင်ရှိနေသည်။ သူသည် လှေကားထစ်ပေါ်တွင်ရပ်လျက် ရင်ခွင်ထဲတွင်

မက်မွန်ပန်းနီများကိုပွေ့ပိုက်ကာ သူမကိုလှည့်ကြည့်နေသည်။ ပန်းများပွေ့ပိုက်ထားသော လှပသည့် အမျိုးသားတစ်ဦး၊ ကြည့်လိုက်လျှင် သာယာလှပသော ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်သော်လည်း သူ၏မျက်နှာမှာ အလင်းရောင်နှင့်ကွယ်နေသဖြင့် အရိပ်ထဲတွင်ပုန်းအောင်းနေသကဲ့သို ဖြစ်နေသည်။

ကျီချောင်ချင်သည် အလိုအလျောက်ပင်

ရှန်ကျွင်း၏အကြည့်ကို ရှောင်ဖယ်လိုက်မိသည်။

"ဘာလို မေးတာလဲ"

ရှန်ကျွင်း၏ အသံသည်တည်ငြိမ်နေသည်။

"ကိုယ် အစီအရင်ထဲမှာတုန်းက အတိတ်ကအရာတွေ အများကြီးကိုမြင်ခဲ့ရတယ် ပြီးတော့ အရာအတော်များများကိုနားလည်ခဲ့တယ်၊ ဒါကြောင့်... အားကျီ... မင်း ကိုယ့်ကိုလိမ်ညာဖူးလား"

သူမ လိမ်ခဲ့ဖူးသည်။ သေချာပေါက်လိမ်ခဲ့ဖူးသည်။ သိုသော် ကျီချောင်ချင် ထပ်မလိမ်ချင်တော့ပေ။ ဤဘဝမှာ ရှန်ကျွင်းကို ဘယ်တော့မှထပ်မလိမ်တော့ဘူးဟု ထိုနေ့ကတည်းက သူမဆုံးဖြတ်ထားခဲ့သည်။

သိုသော် ရှန်ကျွင်းကို သူမ မည်သိုပြောရမည်နည်း။ ရှန်ကျွင်းကို သူမအားခွင့်လွှတ်ပေးရန် ဘယ်လိုလုပ် တောင်းဆိုရမည်နည်း။

"ကျွန်မ ရှင့်ကိုလိမ်ခဲ့တာပါ ရှန်ကျွင်း၊ ရှင့်ကိုလိမ်ခဲ့တဲ့ ကိစ္စတွေအများကြီးပဲ၊ ရှင် ဘယ်ကိစ္စကို ပြောချင်တာလဲ"

ရှန်ကျွင်းသည် ရင်ဘတ်ထဲရှိမက်မွန်ပန်းများကို ဆုပ်ကိုင်လိုက်ရာ ပန်းပွင့်မှအရည်များ သူ၏လက်ချောင်းများမှတစ်ဆင့် မြေပြင်ပေါ်သို

စီးကျလာလေသည်။

သူမ ကိုယ်တိုင်ဝန်ခံလိုက်ပြီဖြစ်သော်လည်း သူ လက်မခံနိုင်သေးပေ။

"အစီအရင်ရဲ့ဗဟိုချက်ကိုလိုချင်တာက ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်လိုပါဆို..."

"အဲဒါ အလိမ်အညာပဲ..."

🍃 Chapter 134

ကျီချောင်ချင်သည် သက်ပြင်းတစ်ချက် ရှုရှိက်လိုက်သည်။

"အဲဒီတုန်းက ကျွန်မ သတ်ဖြတ်ချင်စိတ်တွေ အရမ်းပြင်းထန်နေခဲ့လို အစီအရင်ရဲ့ဗဟိုချက်ကိုရဖို ရှင့်ကို အသုံးချချင်ခဲ့တာ၊ အဲဒါတွေအကုန်စုမိသွားရင် တံဆိပ်ခတ်ထားတာကိုဖျက်ဆီးပစ်ပြီး လောကကြီးကို မငြိမ်မသက်ဖြစ်အောင်လုပ်မလို"

ထိုစကားအနည်းငယ်ကြောင့် ရှန်ကျွင်း၏လက်များ တုန်ယင်လာပြီး ရင်ခွင်ထဲရှိမက်မွန်ပန်းများကို ဆက်လက်ပွေ့ပိုက်ထားနိုင်ခြင်း မရှိတော့ပေ။

မက်မွန်ပွင့်ဖတ်အချိုသည် မြေပြင်ပေါ်သိုကြွေကျသွားပြီး အချိုမှာ လေနှင့်အတူလွင့်ပါသွားကာ ကျဆင်းနေသောနှင်းထုအောက်တွင် လျင်မြန်စွာ ဖုံးလွှမ်းနစ်မြုပ်သွားကြလေသည်။

ရှန်ကျွင်းက လေးနက်သောအသံဖြင့်ပြောလိုက်သည်။

"မင်း အစကတည်းက ကိုယ့်ကိုအသုံးချခဲ့တာပဲလား၊ ကိုယ်နဲ့အတူ လျှောက်လှမ်းချင်တယ်ဆိုတာတွေကော... အကုန်လုံးကဟန်ဆောင်မှုတွေလား"

ကျီချောင်ချင်သည် ပြောလက်စရှိသည်နှင့် ပို၍ ပွင့်လင်းလာပြီး မပြောနိုင်စရာအကြောင်းမရှိတော့ပေ။ ယခုမပြောလျှင် နောင်အခါ သူတို၏နှလုံးသားထဲတွင် အဖုအထစ်တစ်ခုဖြစ်လာလိမ့်မည်။ ထိုကြောင့် စောစောပြောလိုက်ခြင်းက သူမကို ဤကျပ်တည်းမှုမှ လွတ်မြောက်စေလိမ့်မည်။

"ဟုတ်တယ်၊ အကုန်လုံးကအလိမ်အညာတွေချည်းပဲ၊ ကျွန်မက အမြဲတမ်းသံသယများပြီး ထိရှလွယ်တတ်တဲ့သူလေ၊ သေချာမသိတဲ့လူတစ်ယောက်ကို ရင်ထဲကစကားတွေ ဘယ်တော့မှထုတ်ပြောမှာ မဟုတ်သလို... သေချာမသိတဲ့သူနဲ့ မဟာမိတ်လည်း ဖွဲမှာမဟုတ်ဘူး၊ ရှင့်ကို အစကတည်းက အသုံးချဖို လိမ်ညာခဲ့တာ၊ ဒါပေမဲ့ အခုတော့ နောင်တရနေပါပြီ ရှန်ကျွင်းရယ်... ကျွန်မ တောင်းပန်ပါတယ်နော်"

သူမ၏တောင်းပန်စကားကို ကြားသောအခါ

ရှန်ကျွင်းက ရယ်မောလိုက်သည်။ သူသည် ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်ရာ အလင်းနှင့်အရိပ်တို၏ ကစားမှုအကြားတွင် သူ၏မျက်နှာသည် ခြံဝင်းထဲ၌ မီးရောင်ဟပ်နေပြီး မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များပြည့်လျှံနေပုံပေါ်သည်။

"ကျီတိုင်းပြည်တုန်းက ကိုယ်လူမှားသတ်မိတုန်းက... မင်း ကိုယ့်ကိုနှစ်သိမ့်ပေးခဲ့တာတွေ၊ နတ်ဆိုးကို သုတ်သင်တာက အကောင်းကိုမြှင့်တင်တာပဲဆိုပြီး ကိုယ့်ရဲ့စိတ်မသက်သာမှုတွေကို ဖြေဖျောက်ပေးခဲ့တာတွေ၊ အဲဒါတွေအကုန်လုံးကော အတုတွေပဲလား"

ကျီချောင်ချင်သည် မဟုတ်ပါဘူးဟုပြောချင်သော်လည်း ထိုအချိန်က သူမသည် လက်စားချေရန်သာ တစ်ဖက်သတ်အာရုံစိုက်နေခဲ့သည်။ သူမ သူ့အပေါ် လုပ်ခဲ့သမျှအရာအားလုံးသည် သူမ၏ ကိုယ်ကျိုးအတွက်သာဖြစ်သည်။ ကုကျိုးမှာတုန်းက ရှန်ကျွင်း၏အတွေးများကို လမ်းလွဲသွားစေရန် သူမ၏ကိုယ်ပိုင်လုံခြုံမှုကိုပင် ဂရုမစိုက်ဘဲ

လူ့သဘာဝ၏ယုတ်ညံ့မှုများကို ရှန်ကျွင်းမြင်အောင်ပြခဲ့သည်။ ထိုအရာအားလုံးသည် သူ့စိတ်ကိုပုံဖျက်ပြီး နာခံတတ်သောရုပ်သေးရုပ်လေး ဖြစ်လာစေရန်သာဖြစ်သည်။

ဖေးယီမင်သေဆုံးပြီးနောက်တွင်ပင် တည်းခိုခန်း၌

ရှန်ကျွင်း၏ဇဝေဇဝါဖြစ်မှုနှင့် တုန်လှုပ်မှုတိုကို မြင်တွေ့ရချိန်၌ သူမသည် သူ့အတွေးများကို ပုံဖျက်ရန် တွန့်ဆုတ်မနေခဲ့ပေ။

"ဟုတ်တယ်၊ အကုန်လုံးကအလိမ်တွေပါ"

ရှန်ကျွင်းသည် မနေနိုင်တော့ဘဲ ခပ်ဖွဖွရယ်မောလိုက်မိသော်လည်း သူ၏မျက်နှာတွင် မခံမရပ်နိုင်သော နာကျင်မှုများပေါ်လွင်နေသည်။

ထိုလူကိုယ်တိုင်က လိုလိုလားလားမရှိပါက မည်သူ့ကိုမျှ ထာဝရလှည့်စားထား၍မရနိုင်ပေ။

ရှန်ကျွင်းတွင် သံသယများ ရှိကောင်းရှိခဲ့နိုင်သည်။ သိုသော် ကျီချောင်ချင်သည် ထူထပ်သောမြူနှင်းများကြားမှ မီးအိမ်လေးတစ်လုံးနှင့်တူနေသဖြင့် သူ့အတွက် လစ်လျူရှုထားရန်မဖြစ်နိုင်ခဲ့ပေ။ မီးတောက်ထဲသိုတိုးဝင်သော ပိုးဖလံငယ်ကဲ့သို ထိုမီးအိမ်လေးရှိရာသိုသာ သူတိုးဝင်ခဲ့မိသည်။

ရှန်ကျွင်း၏လက်သည် ဘေးရှိလက်ရန်းကိုဖိကိုင်ထားလိုက်သည်။ လက်ရန်းပေါ်တွင် ဘယ်တော့မှ အရည်မပျော်နိုင်သောရေခဲများနှင့် အသစ်ကျထားသောနှင်းများဖုံးလွှမ်းနေသဖြင့် ပုံမှန်ထက်ပို၍အေးစက်နေသည်။ သိုသော် ရှန်ကျွင်းသည် လုံးဝ သတိပြုမိပုံမရဘဲ လက်ရန်းကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

"မြောက်ပိုင်းနယ်စပ်တုန်းက ကိုယ်က ပူဇော်ခံယဇ်ကောင်သက်သက်ပဲ၊ မြောက်ပိုင်းနယ်စပ်က ထွက်လာပြီးတော့ မင်းနဲ့တွေ့ပြန်တော့လည်း ကိုယ်က ကိရိယာတန်ဆာပလာတစ်ခု ထပ်ဖြစ်ရပြန်တယ်၊ ဒါဆို မင်းမျက်လုံးထဲမှာ ရှန်တုပိုင်ကလွဲရင် လောကကြီးထဲကအရာရာတိုင်းက အသုံးချစရာတွေချည်းပဲလား ကျီချောင်ချင်၊ ဒါဆို ကိုယ်ကကောဘာလဲ၊ ဒီလမ်းခရီးတစ်လျှောက် ကိုယ် မင်းနဲ့အတူလုပ်ခဲ့တာတွေကဘာတွေလဲ"

ရှန်ကျွင်း၏ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်စီးကျလာသည်။

သူမက သူ့ကို ဤဘဝမှာ ဘယ်တော့မှမျက်ရည်ကျလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း အလွန်အမင်း ဝမ်းနည်းပူဆွေးရချိန်တွင် သူ ငိုကြွေးတတ်လိမ့်မည်ဟု သူမ တစ်ခါမျှတွေးမထားခဲ့မိပေ။

သူမသည် ရှန်ကျွင်းအား လောကထဲရှိအချစ်ကို

နားမလည်သော ပူဇော်ခံယဇ်ကောင်လေးအဖြစ်မှ အအေးဒဏ်၊ နာကျင်မှုနှင့် ချစ်ခြင်းမေတ္တာကို နားလည်သော သွေးနှင့်ကိုယ် သားနှင့်ကိုယ် လူသားတစ်ယောက်ဖြစ်လာစေခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူ့ယုံကြည်ချက်အားလုံးကို သူမလက်ဖြင့် ရိုက်ချိုးဖျက်ဆီးခဲ့ပြီဖြစ်သည်။

ဤခံစားချက်သည် မြေပြိုခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤလောကတွင် လူတိုင်း၌ ယုံကြည်ချက်ကိုယ်စီ လိုအပ်သည်။ လူတိုင်းသည် မိမိတို့၏ယုံကြည်ချက်အပေါ်အခြေခံ၍ အကောင်းနှင့်အဆိုးကို ခွဲခြားကာ ရွေးချယ်မှုများပြုလုပ်ကြရသည်။ လူတစ်ယောက်၏ယုံကြည်ချက်များ ပျက်စီးသွားသောအခါ သူ၏ ဘဝရှင်သန်ရာ အခြေခံအုတ်မြစ် ပျောက်ဆုံးသွားပြီဟုဆိုလိုသည်။

ဤအခိုက်အတန့်တွင် သူ၏အတိတ်မှ အရာအားလုံးသည် ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ပြီး သူချမှတ်ခဲ့သောဆုံးဖြတ်ချက်တိုင်းသည် အမှားများဖြစ်သွားခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် မည်သို့ရင်ဆိုင်ရမည်၊ ရှေ့ဆက် မည်သို့လုပ်ရမည်ကို မသိတော့ပေ။

သူ့ဖြစ်တည်မှုကိုယ်တိုင်ကပင် အမှားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှန်ကျွင်းသည် ညှိုးငယ်စွာပြုံးလိုက်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က... မြောက်ပိုင်းနယ်စပ်မှာ ကိုယ်တစ်ယောက်တည်းနေရတာ အန္တရာယ်များတယ်၊ ကိုယ့်ကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလို့

မဖြစ်ဘူးလို့ မင်းပြောခဲ့တယ်နော်၊ တကယ်တော့ မင်း ကိုယ့်ကို စိတ်ပူနေခဲ့တာမဟုတ်ဘူးပဲ"

အစမှအဆုံးထိ ကျီချောင်ချင်သည် သူမသာလျှင် ပိတ်မိနေသူဖြစ်ပြီး မြောက်ပိုင်းနယ်စပ်သို့ပြန်သွားရန် သူမ၏တောင်းဆိုမှုသည် သူ့လုံခြုံရေးအတွက် မဟုတ်ဘဲ သူမ၏ပြဿနာများကို ဖြေရှင်းရန်အတွက်သာဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ရှန်ကျွင်းကမူ ထိုနေ့က ကျီချောင်ချင်၏ ပေါ့ပေါ့ပါးပါးပြောလိုက်သော စကားများကို အတည်မှတ်ယူကာ ရင်ထဲထည့်ထားခဲ့သည်။

ရှန်ကျွင်း၏ အခြေအနေတစ်ခုခုမှားယွင်းနေပြီကို ကျီချောင်ချင်သတိထားမိလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"ရှန်ကျွင်း...."

"အဲဒီနာမည်ကို မခေါ်နဲ့!"

ရှန်ကျွင်းသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး ကျီချောင်ချင်နှင့် အကွာအဝေးတစ်ခုယူလိုက်သည်။

"ရှန်ကျွင်းဆိုတဲ့နာမည်ကို ငါ ရွံတယ်"

အကုန်လုံးအလိမ်တွေပဲ! သူမရဲ့ဂရုစိုက်မှုတွေက အလိမ်၊ သူမရဲ့သံယောဇဉ်တွေက အလိမ်၊ အရာရာတိုင်းက အလိမ်တွေချည်းပဲ!

"ဒါဆို... ကိုယ်က တကယ်ပဲ မင်း ကစားကွက်ထဲက နယ်ရုပ်လေးသက်သက်ပဲပေါ့"

ရှန်ကျွင်းသည် ငိုကြွေးနေရင်းမှ ကျီချောင်ချင်ကို ကြည့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။ သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။

"ကိုယ် အဖြူရောင်ဝတ်ရတာလုံးဝမကြိုက်ဘူး၊ အဖြူရောင်ကအရမ်းအေးစက်လွန်းတယ်"

ထာဝရနှင်းဖုံးနေသော မြောက်ပိုင်းမှတောင်တန်းများကဲ့သို့ပင် အရမ်းအေးစက်လွန်းပြီး အရိုးထဲထိစိမ့်ဝင်စေသည်။

ကျီချောင်ချင်သည် ရှန်ကျွင်းအပေါ်အပြစ်ရှိသည်ဟု ခံစားရသော်လည်း ရှန်ကျွင်းကိုယ်တိုင်ကကော သူမကိုဖုံးကွယ်ထားတာတွေ ရှိသည်မဟုတ်ပါလော။

"ဟုတ်တယ် ငါ နင့်ကိုလိမ်ခဲ့တယ်၊ ဒါပေမဲ့ နင်ကရော... နင် အပြင်မှာ လူတွေအများကြီးသတ်ခဲ့တယ်လေ၊ နင် အဲဒါတွေ ငါ့ကို ဘယ်တုန်းကမှမပြောခဲ့ဘူးနော် ရှန်ကျွင်း၊ နင် အရင်ကဒီလိုမဟုတ်ပါဘူး၊ ဘာလို့ အဲဒီလိုလုပ်ခဲ့တာလဲ"

လေတိုက်သံနှင့် နှင်းကျသံများ ရုတ်တရက်ပျောက်ကွယ်သွားသကဲ့သို့ဖြစ်သွားပြီး အရာအားလုံး တိတ်ဆိတ်သွားလေသည်။

ရှန်ကျွင်းရပ်တန့်သွားပြီး ကျီချောင်ချင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူမကို ရုတ်တရက် မမှတ်မိတော့သကဲ့သို့ပင်။

မေးခွန်းမေးပြီးသည့်နောက် ကျီချောင်ချင် နောင်တရသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ကျွင်း၏ ပထမဆုံးလူသတ်မှုသည် သူမအတွက်ဖြစ်ပြီး၊ ဒုတိယအကြိမ်၊ တတိယအကြိမ်... လူသတ်မှုတိုင်းသည် သူမကို ကယ်တင်ရန်အတွက် ဖြစ်သောကြောင့်ပင်။ ရှန်ကျွင်း သူမကို လျှို့ဝှက်ထားသည်ကို မကြိုက်သော်လည်း ထိုမေးခွန်းကို သူမ မမေးသင့်ခဲ့ပေ။

အချိန်အတော်ကြာတိတ်ဆိတ်နေရာမှ သူသည် အသံထွက်၍ ရယ်မောလိုက်မိသည်။

"ကျီချောင်ချင်... ကိုယ် မင်းကို ဘယ်တုန်းကမှ

မထိခိုက်စေခဲ့ဖူးဘူး၊ ဘာလို့ ကိုယ့်ကိုလာပြီး စော်ကားနေရတာလဲ"

ကျီချောင်ချင်သည် တောင်းပန်ရန်ပြင်လိုက်သော်လည်း ရှန်ကျွင်း၏စကားသံ ထွက်ပေါ်လာသည်။

"ဒီနေ့ကစပြီး မင်းနဲ့ငါ ဘာမှမပတ်သက်တော့ဘူး…

ရှန်ကျွင်းထွက်ခွာသွားသည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသောခြံဝင်းလေးသည် ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။

ကျီချောင်ချင်သည် ထိုနေရာတွင်ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်နေခဲ့သည်။ သူမ၏ ရှေ့ဆက်ရမည့်ခရီးလမ်းတွင် အဖော်မလိုဟု သူမ အစဉ်အမြဲယုံကြည်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုယုံကြည်ချက်တိုယိမ်းယိုင်ချင်နေသည်။

ရှန်ကျွင်း၏ထွက်ခွာမှုသည် သူမ၏ စိတ်ခံစားချက် အားလုံးကိုပါ ယူဆောင်သွားသကဲ့သိုဖြစ်နေပြီး ဘာဆက်လုပ်ရမည်ကိုပင် ဝေခွဲမရဖြစ်နေမိသည်။ ထိုအဖြစ်ကိုသတိပြုမိလိုက်သောအခါ ကျီချောင်ချင်သည် ကိုယ့်ကိုယ်ကိုယ်ရယ်ချင်စိတ်ဖြစ်ကာ အပြင်သိုထွက်လာခဲ့သည်။

အပြင်လောကတွင် လေနှင့်နှင်းမုန်တိုင်းတိုသည် ပိုမိုပြင်း ထန်လာပြီး အမြင်အာရုံကိုပင်ဝေဝါးသွားစေသည်။

ယခုအခါ ကျီချောင်ချင်၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံး ပြန်လည်ပြည့်ဝလာပြီဖြစ်သည်။ အစီအရင်ဗဟို ချက်၏ နှိပ်စက်မှုကို ခံစားရခြင်းမရှိတော့သဖြင့် ညတိုင်း နာကျင်မှုကို ကြိတ်မှိတ်သည်းခံစရာ မလိုတော့သလို၊ သူမ စွမ်းအားများ တိုက်စားခံရမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။

ဤမျှပြင်းထန်သောနှင်းမုန်တိုင်းသည် သူမအတွက် အမှု ထားစရာမလိုသော အရာတစ်ခုမျှသာဖြစ်သည်။ လက်တစ်ဖက်ပင်မြှောက်စရာမလိုဘဲ သူမခန္ဓာကိုယ်ကို မထိတွေ့မီမှာပင် ကာကွယ်ရေး ဝိညာဉ်စွမ်းအားကြောင့် နှင်းစက်များပျောက်ကွယ်သွားမည်ဖြစ်သည်။

သိုသော် ဤကဲ့သို နှင်းထန်သောနေ့ရက်မျိုးတွင် နွေးထွေးသောအခန်းလေးထဲ၌ ရှန်ကျွင်း ချက်ပြုတ်ပေးသောဟင်းပွဲများကို စားသောက်ကာ နှင်းကျနေပုံကို ငေးမောပြီး ရယ်မောပျော်ရွှင်နေသင့်သည်ဟု သူမ တွေးမိလိုက်သည်။

သိုသော်ရှန်ကျွင်းသည် ထွက်ခွာသွားခဲ့လေသည်။ ဤလောကတွင် သူမအတွက်ဒုက္ခခံချက်ပြုတ်ပေးမည့်သူ မရှိတော့သလို၊ သူ အေးနေလျှင်လည်း ဂရုစိုက်ပေးမည့်သူ မရှိတော့ပေ။

ကျီချောင်ချင်သည် ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ပျံသန်းခြင်းမပြုဘဲ နှင်းပြင်ထဲတွင်ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုစဉ် လေထုထဲ၌ ပြင်းထန်လှသောသွေးညှီနံ့တစ်ခု ရုတ်တ ရက်လွင့်ပျံလာသည်။

ဤမျှပြင်းထန်သော သွေးညှီနံ့သည် တစ်မိုင်အတွင်းမှလာခြင်းဖြစ်နိုင်ကြောင်း ကျီချောင်ချင် ချက်ချင်း သတိပြုမိလိုက်သည်။ သူမသည် စိတ်အာရုံဖြင့် ထိုဧရိယာတဝိုက်ကို လှမ်း၍စစ်ဆေးလိုက်သည်။

မကြာမီ ကျီချောင်ချင်သည် သွေးညှီနံ့ရရှိရာနေရာသိုရောက်ရှိသွားသည်။ ထိုနေရာတွင်...

ဝိညာဉ်မျိုးနွယ်စုဝတ်ရုံများကို ဝတ်ဆင်ထားသော လူမည်း အယောက်၄၀ကျော်ခန့် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့လိုက်ရသည်။ သူတို၏ဝိညာဉ်ခန္ဓာကိုယ်များသည် စင်ကြယ်ပြီး ကျင့်ကြံမှုအဆင့်များမှာ မူလဝိညာဉ်အဆင့် အထက်တွင်ရှိကြသည်။ သေဆုံးနေသောသူတို၏ မျက်နှာများသည် အလွန်ကြောက်မက်ဖွယ် ကောင်းသောအရာတစ်ခုခုနှင့် တွေ့ကြုံခဲ့ရသကဲ့သို ထိတ်လန့်နေပုံပေါ်သည်။

၎င်းတို၏ဒဏ်ရာများကိုစစ်ဆေးပြီးနောက် ကျီချောင်ချင် ကြက်သေသေသွားသည်။ သူတိုအားလုံးသည် ဓားချက်တစ်ချက်တည်းဖြင့် အသက်ပျောက်နေကြခြင်းဖြစ်သည်။

ကျီချောင်ချင် ထိုဓားချက်ကိုကောင်းကောင်းသိသည်။ ၎င်းမှာ နတ်ဘုရားလက်နက်ခွင်းလွန်ဓား၏ လက်ရာပင်။

ခွင်းလွန်ဓားသည် ယခု ရှန်ကျွင်း၏လက်ထဲတွင် ရှိနေသည်။ ရှန်ကျွင်းသည် ခြံဝင်းမှထွက်ခွာလာပြီး တစ်နာရီ၏လေးပုံတစ်ပုံပင်မပြည့်ခင် ဤနေရာသို ရောက်လာပြီးလူသတ်လိမ့်မည်ဟု သူမထင်မှတ်မထားခဲ့ပေ။

ဤလူများသေသည် ရှင်သည်ကို ကျီချောင်ချင် ဂရုမစိုက်ပေ။ သူမသည် ရှန်ကျွင်း၏အခြေအနေကိုသာ စိုးရိမ်နေမိသည်။ သူသည် မူလက သွေးဆာတတ်သူ မဟုတ်သော်လည်း ယခုမူ နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့်မခြား ရက်စက်ကြမ်းကြုတ်နေသည်။

ရှန်ကျွင်းကိုရှာဖွေရန် မတ်တတ်ရပ်လိုက်စဉ်မှာပင် သေဆုံးသူများဝတ်ဆင်ထားသော မျက်နှာဖုံးများသည် လီမင်လော့၏မျက်နှာဖုံးနှင့် အလွန်တူညီနေသည်ကို သူမ ရုတ်တ ရက်သတိထားမိလိုက်သည်။ ထိုအပြင် ဤဝိညာဉ်မျိုးနွယ်စုဝင်များ၏ လက်မောင်းပေါ်တွင် နတ်ဆိုးအမှတ်အသားများရှိနေသည်ကိုလည်း ကျီချောင်ချင်တွေ့ရှိလိုက်သည်။

ဤဝိညာဉ်မျိုးနွယ်စုဝင်များသည် တကယ်ပဲ နတ်ဆိုးများဖြစ်သွားကြပြီလား?

ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။ ဤလူများနတ်ဆိုးပူးကပ်ခံရခြင်းသည် ရှန်တုပိုင်နှင့် ပတ်သက်နေသည်လား။ မြောက်ပိုင်းနယ်စပ်ကို ရှန်တုပိုင် စောင့်ကြည့်နေတာလား? သူ သူမကိုထပ်ပြီး ရင်ဆိုင်ဖို ပြင်ဆင်နေတာလား?

ထိုသိုတွေးမိလိုက်သည်နှင့် ကျီချောင်ချင်သည် ရှန်တုပိုင်၏ နေအိမ်ရှိရာသို ပျံသန်းသွားရန်ပြင်လိုက်သော်လည်း ထွက်ခွာခါနီးတွင် ရှန်ကျွင်းကို ရုတ်တရက်သတိရလိုက်သည်။

ကျီချောင်ချင်သည် အရပ်မျက်နှာတစ်ခုကိုလှမ်းမျှော်ကြည့်ရင်း မျက်ခုံးများပို၍တွန့်ချိုးသွားသည်။ မကြာမီ သူမလှည့်ထွက်လိုက်ပြီး ရှန်တုပိုင်၏ နေအိမ်ရှိရာသို ပျံသန်းသွားလေသည်။

ဝိညာဉ်မျိုးနွယ်စုဝင်များ၏ အလောင်းများကို စစ်ဆေးနေစဉ် ရှန်ကျွင်းသည် သူမနှင့် မလှမ်းမကမ်းတွင်ပုန်းအောင်းနေသည်ကို ကျီချောင်ချင် သတိမပြုမိခဲ့ပေ။

All Chapters