အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
🍃 Chapter 43
"ဒါ ကျွန်မရဲ့ညီမအရင်းပဲ၊ သူလိုလိုလားလားလုပ်နေတာဟုတ်မဟုတ် ကျွန်မ မသိဘူးလိုထင်နေလား"
ကျော်ကြားသောဗိုလ်ချုပ်ကြီးတစ်ယောက်၏ ညီမသည် အဆင့်နိမ့်အစေခံမလေး ဖြစ်နေသည်ဆိုသောအချက်မှာ လူတိုင်းအားမိုးကြိုးပစ်ချလိုက်သလိုပင် စကားမပြောနိုင်အောင်ဖြစ်သွားစေခဲ့သည်။ တုရှင်းသည်လည်း တုယွဲက လူသိရှင်ကြားပင် သူမ၏ အထောက်အထားကိုဝန်ခံလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
အဆုံးတွင်တော့ တုယွဲသည် တုရှင်းကိုခေါ်သွားရန် အခွင့်အ ရေးမရခဲ့ပေ။ အဘယ့်ကြောင့်ဆို တုရှင်းက သူမကိုမယုံကြည်သောကြောင့် လိုက်မသွားခဲ့ခြင်းကြောင့်ပင်။ တုယွဲကစစ်မြေပြင်မှာ ထူးချွန်သော်လည်း ယခုအခါအငြိမ်းစားယူပြီး အိမ်ပြန်ရောက်နေပြီဖြစ်သည်။ ကုကျိုးမှာဆိုလျှင် သူသည် ဂုဏ်သတင်းသာရှိသော သာမာန်မိန်းမတစ်ယောက်သာဖြစ်သည်။ ထိုအပြင် တုရှင်းက တုယွဲကိုမတွေ့ချင်ပေ။ သိုသော် တုယွဲကနေ့တိုင်းလာစောင့်သည်။ သူမကိုအနိုင်ကျင့်သည့်သူမှန်သမျှကိုလည်း မောင်းထုတ်ပေးသည်။ နေ့တိုင်းလိုလို မိုးရွာရွာနေပူပူလာတတ်သည်။ တုရှင်းသည်လည်း ခံစားချက်မဲ့နေသူမဟုတ်သောကြောင့် တုယွဲ၏စေတနာကိုနားမလည်ဘဲမနေနိုင်ချေ။
တစ်နေ့တွင် ဖန်မိသားစုက ဒုတိယသခင်လေးသည် တုရှင်းကို အခွင့်ကောင်းယူဖိုကြိုးစားသောကြောင့် တိတ်တဆိတ်ကာကွယ်ပေးနေသော တုယွဲသည် ခြေလက်များကို ချိုးပစ်ခဲ့သည်။ တုယွဲက တုရှင်းအတွက် ဖန်မိသားစုကိုစော်ကားခဲ့သည်။ အဆုံးတွင် တုရှင်းလည်း တောင့်မခံနိုင်တော့ဘဲ နှစ်တွေအကြာကြီး ကြုံတွေ့ခဲ့ရသောအကြောင်းများကို တုယွဲကို ပြောပြလိုက်သည်။
တုယွဲ နားထောင်ပြီးနောက် တုရှင်းကိုဖက်ပြီး ငိုသည်။ တုရှင်းလည်း အဆုံးတော့ ထွက်သွားလိုရပြီထင်နေတုန်းမှာပင် ၎င်းတိုပြဿနာများကြား မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။
ထိုညမှာ သူတိုညီအစ်မနှစ်ယောက် ရင်ဖွင့်ပြီးနောက် တုရှင်း နိုးလာသည့်အချိန် တုယွဲ ပျောက်သွားသည်ကိုတွေ့လိုက်ရသည်။ သူမ နေရာအနှံရှာသော်လည်း မတွေ့ခဲ့ချေ။ သိုဖြစ်ရာ သူမ ထပ်ပြီးစွန့်ပစ်ခံလိုက်ရပြီဟု ထင်လိုက်မိသည်။
သူမသည် ထပ်ပြီး စွန့်ပစ်ခံရသောခံစားချက်ကို ခံနိုင်ရည်မရှိတော့ပေ။ ငရဲတွင်းထဲကဆွဲထုတ်ခံရပြီးမှ ပြန်တွန်းချခံလိုက်ရသည့်နာကျင်မှုသည် ဖော်ပြမတတ်နိုင်အောင်ပင် နာကျင်လှသည်။ တုရှင်းသည် အသက်ရှင်ချင်စိတ်ကုန်ဆုံးသွားပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေရန် စဉ်းစားခဲ့သည်။
သိုသော် သူမ မသေခင်မှာလုပ်ချင်သောအရာသည် သူမ သတ်နိုင်သမျှ ဖန်မိသားစုဝင်တိုင်းကိုသတ်ပစ်ခြင်းဖြစ်သည်။ ငရဲပြည်ကို သူမတစ်ယောက်တည်းတော့မသွားနိုင်ပေ။
သူမ ထိုသို့ လုပ်ဆောင်ရန်ပြင်ဆင်နေတုန်းမှာပင် တုယွဲ့ ပြန်ရောက်လာသည်။ ၎င်းသည် ဒဏ်ရာ အကြီးအကျယ်ရထားပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကြုံခဲ့ရပုံရသည်။ တုရှင်းက တုယွဲ့ကိုဝှက်ထားရန် ပြင်နေစဉ် ဖန်မိသားစုအစေခံများ တွေ့သွားခဲ့သည်။ ဖန်ချန်လဲ့နှင့်၎င်းလူများသည် သူမတို့ကို ဖမ်းလိုက်သည်။ သူမတို့ညီအစ်မနှစ်ယောက်ကြောင့် မြို့ထဲတွင် ကောလာဟလများစွာထွက်နေပြီဖြစ်သောကြောင့် ပြဿနာတွ ဆက်မဖြစ်အောင် သူမတို့ကို သတ်ပစ်ရန်လုပ်တော့သည်။
အမှန်တွင် တုရှင်းသည် နှစ်များစွာ ဒုက္ခခံခဲ့ရသော်လည်း တုယွဲ့၏ဘဝသည်လည်းသာယာခဲ့သည်မဟုတ်ပေ။ တုယွဲ့သည် တာဝန်ကျေရန်အတွက် စွမ်းဆောင်ရည်ကောင်းများရအောင်လုပ်ပြီး ညီမလေးနှင့်အတူနေရန် အိမ်ရောက်အောင်အမြန်ပြန်ချင်သူဖြစ်သည်။ သူမသည် တုရှင်းကိုခေါ်သွားပြီး တစ်သက်လုံးအတူနေသွားရန် အိပ်မက်မက်ခဲ့သော်လည်း ယခုအချိန်ဒဏ်ရာပြင်းထန်စွာရနေသဖြင့် တုရှင်းကိုကယ်ရန်ပင်အားမရှိတော့ချေ။
တုရှင်း ဓားနှင့်အထိုးခံရတော့မယ့်ဆဲဆဲမှာ တုယွဲ့က သူ့ညီမ အသတ်ခံရမှာကိုမကြည့်ရက်တော့ဘဲ သူမ၏ကိုယ်ခန္ဓာဖြင့်ကာကွယ်ပေးလိုက်သည်။ သူမ အသက်ကိုစတေးပြီးကာကွယ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ဓားကတစ်ဆုံးဖောက်ဝင်သွားပြီး သူမလည်း ချက်ချင်းသေဆုံးသွားသည်မှာ စကားတစ်ခွန်းတောင်မပြောနိုင်လိုက်ချေ။
တိုင်းပြည်အကြံပေးလက်အောက်က စစ်ဗိုလ်ချုပ်ကြီးကစစ်မြေပြင်မှာမသေဘဲ ကျီမင်းဆက်က ပြည်သူ၏လက်ချက်ဖြင့်သေဆုံးခဲ့ရသည်။ သို့သော် တုယွဲ့၏အတိတ်က စစ်မှု ထမ်းသက်တမ်းတစ်လျှောက်စွမ်းဆောင်ရည်များမှာ ကြီးမားလွန်းလှသည်။
သူမ လုပ်ခဲ့သောကောင်းမှုများသည် တိုင်းတာ၍ မရနိုင်ပေ။ ဤသို့သောလူမျိုးသာ သေပြီးလျှင် ပါရမီထူးကဲသောကျင့်ကြံသူအဖြစ် ပြန်ဝင်စားခြင်းသို့မဟုတ် ချက်ချင်း သေဆုံးတာဖြစ်သင့်ပေသည်။ သို့သော် သူမ မသေခင်မှာ သူမစိတ်ထဲတွင်တုရှင်းအပေါ်အပြစ်ရှိစိတ်များနှင့် တော်ဝင်မိသားစုအပေါ် နာကြည်းချက်များပြည့်နှက်နေခဲ့သည်။
သူမ ကျီမမင်းဆက်အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့သော်လည်း ယခုလိုဇာတ်သိမ်းမျိုးဖြင့်အဆုံးသတ်ခဲ့ရသည်။ တုယွဲ့သည် နာကြည်းချက်များကြောင့် ပြန်လည်ဝင်စားရန်ငြင်းဆန်ခဲ့သည်။ သူမ အသတ်ခံရပြီး တစ်နာရီတောင်မပြည့်ခင်မှာပဲ မိစ္ဆာအဖြစ်ပြောင်းလဲသွားသည်။
သူမသည် သဘာဝအလျောက်ဖြစ်ပေါ်လာသော မိစ္ဆာများနှင့်မတူဘဲ လူမှမိစ္ဆာတစ်ပိုင်းအဖြစ် ပြောင်းလဲသွားကာ ဘုန်းတော်ကြီးအချို့တောင်စိတ်ဖောက်ပြန်ကုန်ကြသည်။ ထို့ကြောင့် တစ်ချိန်ကတိုင်းပြည်ကို ကာကွယ်ခဲ့သောဗိုလ်ချုပ်ကြီးသည် ယခုဆိုလျှင် သတ်ဖြတ်လိုစိတ်များလွှမ်းမိုးနေသော မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့သည်။
ကံတရားက တုယွဲ့အပေါ်မကြင်နာခဲ့ခြင်းပင်။ သူမ ညီမကိုကယ်ရန်ကြိုးစားတိုင်း ကံတရားကဝင်တားပြီး အမြဲတမ်းကျရှုံးခဲ့ရသည်။ သူမမိစ္ဆာဖြစ်ပြီး သတ်ဖြတ်ရန်ကြိုးစားသည့်အခါကျ ဆေးပညာချိုင့်ဝှမ်းက ကျင့်ကြံသူများနှင့်သွားတိုးပြန်ပြီး သူတို့သည် တုယွဲ့၏နာကျည်းမှုများ ပျောက်ကင်းသွားအောင်ဟုဆိုကာ ဖုန်းရွှေကောင်းသောနေရာတစ်ခုမှာ ချုပ်နှောင်ထားလိုက်ကြသည်။
ဆေးပညာချိုင့်ဝှမ်းက လူများထွက်သွားပြီးနောက်မှာ ဘုန်း ကြီးတစ်ပါးသည် ဖန်မိသားစုဆီရောက်လာပြီး တုယွဲ၏ရုပ်အလောင်းကိုတူးဖော်ရန် ညွှန်ကြားသည်။ ၎င်းတို့သည် အလောင်းကိုထုတ်ပြီး ဗုံကြီးတစ်လုံးထဲမှာထည့်ဝှက်ထားလိုက်သည်။
တုယွဲ့နာကျည်းမှုများဖြင့် ဖန်မိသားစု၏ဖုန်းရွှေကို အားဖြည့်ပေးနိုင်မည်ဟုထင်သောကြောင့်ပင်။
သို့သော် တုယွဲ့၏နာကျည်းမှုများသည် လွယ်လွယ်နှင့်အညံ့မခံခဲ့ချေ။ သို့ဖြစ်ရာ ဖန်းမိသားစုသည် အောင်မြင်မှုအတွက် ထောင်ထဲတွင်ဖမ်းထားသော တုရှင်းကိုခေါ်ထုတ်လာပြီး တုယွဲ့ရှိသောဗုံကြီးရှေ့ကို တွန်းပို့လိုက်သည်။
သူတို့ ဗုံတီးလိုက်တိုင်း တုရှင်းကိုဓားနှင့်ထိုးကြသည်။ ထို့နောက် ဘုန်းကြီးတစ်ပါးက သူ့ဒဏ်ရာကို ကုပေးသည်။ ဒဏ်ရာပျောက်သွားပါက ဗုံထပ်တီးပြန်ပြီး တုရှင်းလည်းထပ်အထိုးခံရပြန်သည်။ ဤသို့သံသရာလည်ပြီးနောက် (၃) ရက်အတွင်းမှာတုယွဲ့ ငြိမ်သက်သွားခဲ့သည်။
ဖန်ကုန်းဝမ်က စိတ်မချသေးသဖြင့် ကုကျိုးမြို့သူမြို့သားများကို ဗုံနတ်ဘုရားကျောင်းဆောက်ရန် မြှောက်ပေးခဲ့သည်။ ထိုအချိန်ကစပြီး တုယွဲ့က ကျောင်းတော်၏နတ်ဘုရားဖြစ် လာသည်။
လူများသည် ဗုံတီးပြီးဆုတောင်းလိုက်ရုံနှင့် တုယွဲ့သည် သူ့နာကျည်းမှုများကိုအသုံးပြုပြီး သူ၎င်းတို့၏ဆန္ဒများကိုဖြည့် ဆည်းပေးသည်။
ရက်များ၊ လများ၊ နှစ်များ ကြာလာသည်နှင့်အမျှ အားနည်း ချက်ကို အကိုင်ခံထားရသော မိစ္ဆာကောင်သည် အဆုံးမဲ့အချိန်ကာလများထဲတွင် ကုကျိုးပြည်သူများ၏နတ်ဘုရားဖြစ်လာရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။
ထိုသည်မှာ လွန်ခဲ့သော (၃) လလောက်အထိဖြစ်သည်။ တုရှင်းသည် အဆုံးတွင် ဖန်မိသားစုဆီမှ လွတ်မြောက်လာခဲ့သည်။ သူမ ပြန်လွတ်လွတ်ချင်း ပထမဆုံးလုပ်သည်မှာ ဗုံနတ်ဘုရားကျောင်းကိုသွားပြီးဆုတောင်းခြင်းပင်။
သူမသည် ဗုံနတ်ဘုရားကျောင်းမှာဆုတောင်းသည့်သူတိုင်း ပြန်လည်မွေးဖွားရခြင်း၏ နာကျင်မှုကိုခံစားရပြီးသေဆုံးပါစေဟု ကျိန်ဆိုခဲ့သည်။ သွေးသားရင်းချာကတောင်းသော ဆုတောင်း၏စွမ်းအားသည်အကန့်အသတ်မရှိချေ။
ထိုနေ့နောက်ပိုင်း ကုကျိုးမှာ ထူးဆန်းသည့်ကိစ္စများ စတင်ဖြစ်ပွားလာတော့သည်။ အသက်အရွယ် ကျားမ မရွေး လူတိုင်းတွင် နူးညံ့သောလူရေခွံများစတင်ပေါ်ပေါက်လာသည်။ တဖြည်းဖြည်းပြန့်ပွားလာပြီးနောက်တွင်အရေခွံကွာကျပြီး သေဆုံးကြသည်။ ဤသည်မှာ တုရှင်းနှင့်တုယွဲ့ ညီအစ်မနှစ်ယောက်၏လက်စားချေမှုပင်ဖြစ်သည်။ တုရှင်းပြောပြီးနောက် ဖန်ကုန်းဝမ်ကိုကျေနပ်အားရစွာကြည့်လိုက်သည်။
"အဘိုးကြီး... နောက်တစ်ယောက်က နင်အလှည့်ပဲ!"
သူမ စကားဆုံးသည်နှင့် လေထဲတွင် တွဲလောင်းကျနေသောစိပ်ပုတီးကို ရုတ်တရက်လှမ်းဆွဲလိုက်လေသည်။ စိပ်ပုတီးမရှိတော့ပါက မိစ္ဆာကောင်ကို တားဆီးမည့်အရာမရှိတော့ပေ။ မိစ္ဆာကောင်သည် ဟိန်းဟောက်လိုက်ပြီး ဖန်ကုန်းဝမ်တို့ရှိရာဆီသို့ လျင်မြန်စွာတွားသွားလေသည်။
တုရှင်း စိပ်ပုတီးကို လှမ်းဆွဲလိုက်သည့်အချိန်တွင် မီးလောင်ခံလိုက်ရသလိုခံစားလိုက်ရပြီး အမြန်ပြန်လွှတ်လိုက်ရသည်ကို မည်သူမျှသတိမထားမိလိုက်ကြပေ။ စိပ်ပုတီးသည် ကျီချောင်ချင်၏လက်ထဲသို့ ပြန်ရောက်သွားလေသည်။
ဖန်ကုန်းဝမ်ထိတ်လန့်သွားသည်။ သူသည် ဖန်ချန်လဲ့ကိုပစ်ချထားခဲ့ပြီး အလိုအလျောက်နောက်ဆုတ်လိုက်လေသည်။ ဖန်ကုန်းဝမ်၏ပါးစပ်ကို ပိတ်ထားသောမန္တန်စာရွက်သည် မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သဖြင့် သူသည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ရပ်လိုက်! ရပ်လိုက်!"
အစေခံများသည် မိစ္ဆာကောင်မှာ ဤမျှထိန်းချုပ်မရ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ၎င်းတို့၏နှိပ်စက်မှုများနှင့် ထိုအကောင် မသေဆုံးမီက ဆိုးရွားစွာခံစားခဲ့ရသည်များကိုပြန်လည်သတိရသွားပြီး မသိစိတ်၏လှုံ့ဆော်မှုအရ နောက်ဆုတ်သွားကြလေသည်။
တုရှင်း: "နင်တို့အားလုံး သေရမယ်!"
တုရှင်းနှင့်တုယွဲ့တို့၏ကံကြမ္မာမှာ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။ သူတို့သည် တစ်သက်လုံး အတူတူနေထိုင်ချင်ရုံသာဖြစ်သည်။ သို့သော် ဖန်မိသားစုက သူတို့ကို ဤအခြေအနေရောက်သည်အထိ ရက်စက်စွာနှိပ်စက်ခဲ့ကြသည်။ အမှန်တကယ်ပင် ရင်ကွဲစရာကောင်းလှပေသည်။
ကျီချောင်ချင် သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ တုရှင်းနဲ့တုယွဲ့က သေပြီးသားလေ... ကုဖေးရန်"
🍃 Chapter 44
"ဖန်မိသားစုက တုယွဲ့ကိုသတ်လိုက်မှတော့ တုရှင်းကိုလည်းအလွတ်ပေးမှာမဟုတ်ဘူး၊ ညီအစ်မနှစ်ယောက်စလုံး တစ်နေ့တည်းမှာပဲအသတ်ခံလိုက်ရတယ်မဟုတ်လား"
သူမရှေ့ရှိ တုရှင်း၏လှုပ်ရှားမှုမှာအနည်းငယ် ရပ်တန့်သွားသည်။ သူမသည် ကျီချောင်ချင်ကို ကြည့်ရန်ခေါင်းကိုစောင်းလိုက်သည်။
"မိန်းကလေးရှန်... ဖန်ချန်လဲ့ တပ်မက်ခဲ့တာက..."
"ဒီလောကကြီးမှာ ဘယ်သာမန်လူကမှ မိန်းမတစ်ယောက်ကိုလိုက်ဖို့အတွက်နဲ့ အာဏာကိုစွန့်လွှတ်မှာမဟုတ်ဘူး၊ တုယွဲ့က ချန်ကျင်းကျစ်ရဲ့လက်အောက်ကဗိုလ်ချုပ်တစ်ယောက်လေ၊ သူ့မှာစစ်အာဏာမရှိတော့ရင်တောင် ဂုဏ်သတင်းကရှိနေတုန်းပဲ၊ ဖန်ချန်လဲ့က သူ့ညီမကိုအနိုင်ကျင့်တဲ့ကိစ္စသာ ပေါက်ကြားသွားရင် ဖန်ချန်လဲ့မပြောနဲ့ ဖန်ကုန်းဝမ်ပါဒုက္ခရောက်သွားလိမ့်မယ်၊ ဒါကြောင့် သူကညီအစ်မနှစ်ယောက်လုံးကို လုံးဝအရှင်ထားမှာမဟုတ်ဘူး"
"ဒါလေးနဲ့ပဲ ကျွန်တော့်အကြောင်းပေါ်သွားတာလား"
ကုဖေးရန်က ရယ်မောလိုက်သည်။
"မိန်းကလေးရှန်ရဲ့ လူ့စိတ်နှလုံးကိုထိုးထွင်းသိမြင်နိုင်စွမ်းက ကျွန်တော့်ကိုတောင်အရူးတစ်ယောက်လိုဖြစ်သွားစေတာပဲ"
ကျီချောင်ချင် ပြန်ပြောလိုက်သည်။
"ကျွန်မက အဲဒီလောက်လည်းမတော်ပါဘူး၊ အရင်က ရှင်ကျွန်မကိုကြိုးနီပေးတုန်းက ရှင့်အစ်မ လက်ဆောင်ပေးထားတာလို့ပြောခဲ့တယ်၊ ဒါပေမဲ့ ရှင်ဇာတ်လမ်းကိုပြောပြတုန်းကကျတော့ တုရှင်းရဲ့ညီမအနေနဲ့ပြောနေပြန်ရော၊ ဒါကလုံးဝယုတ္တိမရှိဘူးလေ၊ ဒါကြောင့် ရှင်က ဒီညီအစ်မနှစ်ယောက်ထဲက ဘယ်သူမှမဟုတ်ဘူးဆိုတာ ကျွန်မသေချာသွားတယ်၊ တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီး ကိုယ့်အကျိုး စီးပွားအတွက် အရှက်မရှိကြံစည်နိုင်တဲ့သူဆိုလို့ ကျွန်မခေါင်းထဲမှာကုဖေးရန်ပဲရှိတယ်၊ ရှင် သဘောမတူဘူးလား"
ကုဖေးရန်သည် ပြတ်သားစွာပင် မျက်နှာဖုံးကိုဆွဲခွာလိုက်သည်။
"မိန်းကလေးရှန်ကလည်း လျှော့တွက်လို့မရပါလား၊ ယောက်ျားလေးဝတ်စုံချွတ်လိုက်ပြီး ရုပ်ပြောင်းလိုက်တော့ ကျွန်တော်ကိုယ်ကျွန်တော်တောင် မမှတ်မိလုနီးပါးဖြစ်နေတာကို"
ထို့နောက် သူ၏အရပ်အမောင်းမှာ လျင်မြန်စွာမြင့်တက်လာပြီး အမျိုးသမီးအသွင်မှ အမျိုးသားအသွင်သို့ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ကုဖေးရန်သည် လက်ဝှေ့ယမ်းလိုက်ရာ ဖန်ကုန်းဝမ်ကို ထိလုနီးပါးဖြစ်နေသော မိစ္ဆာကောင်၏လှုပ်ရှားမှုများရပ်တန့်သွားလေသည်။
သာမန်သေမျိုးဟု ထင်ရသောကုဖေးရန်သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေသည်။ သို့သော် ရွှေအမြု တေအဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါကို သူမ မသိအောင် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ ကုဖေးရန်မည်သို့လုပ်လိုက်သနည်း။
ကျီချောင်ချင်သည် သူမ၏အံ့သြမှုကိုဖုံးကွယ်လိုက်သည်။
"ဒီမိစ္ဆာက တုရှင်းလား"
ကုဖေးရန်က ဖြည်းညှင်းစွာပြောလိုက်သည်။
"မဟုတ်ဘူး... တုယွဲ့ပါ၊ အသေးစိတ်အချက်အလက်တချို့ကလွဲရင် ငါပြောခဲ့သမျှ အကုန်အမှန်တွေချည်းပဲ၊ တကယ် တမ်းကျတော့ တုရှင်းက သူ့အစ်မအတွက် အရာအားလုံးပေးဆပ်ချင်မှပေးဆပ်လိမ့်မယ်၊ ဒါပေမဲ့ တုယွဲ့ကတော့ တုရှင်းအတွက်ဆိုရင် သေချာပေါက်သည်းခံမှာပဲ၊ တုရှင်းသေသွားပြီဆိုပေမဲ့ ငါ သူ့ဝိညာဉ်ကိုခွဲထုတ်ပြီး အိမ်တိုင်းကဗုံတွေထဲမှာထည့်ထားလိုက်တယ်၊ တုယွဲ့သာစကားနားမထောင်ဘူးဆိုရင် ဖန်ကုန်းဝမ်ကဗုံပွဲတော်ကျင်းပလိမ့်မယ်၊ အဲ့အခါကျရင် ဗုံတီးတဲ့လူတိုင်းက သူ့ဝိညာဉ်ကိုထုနှက်ခံရတဲ့နာကျင်မှုကို ခံစားရမှာဖြစ်လို့ အစ်မတစ်ယောက်အနေနဲ့ ဖန်ကုန်းဝမ်ကိုနာခံရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလေ"
ဒါကြောင့် တုယွဲ့က အစကနေအဆုံးထိ အသုံးချခံခဲ့ရတာဖြစ်ပြီး တုရှင်းကလည်း ဘယ်တုန်းကမှမကောင်းတဲ့ဆုတောင်းတွေမပြုလုပ်ခဲ့ဖူးဘူး။ ကုဖေးရန်က ဒီညီအစ်မ နှစ်ယောက်အပေါ်မှာ ဘာရန်ငြိုးမှမရှိပေမဲ့ သူ့ကိုယ်ကျိုးအတွက်နဲ့ သူတို့ကိုပြန်လမ်းမရှိတဲ့ ငရဲတွင်းထဲတွန်းချခဲ့တာပဲ၊ သူတို့က အရမ်းသနားစရာကောင်းလွန်းတယ်...
ရှန်ကျွင်း၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားပြီး သူ့လက်ထဲမှရေခဲချိုးဖျက်ဓားကို ရုတ်တရက် တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ ကုဖေးရန်၏ ပွင့်လင်းစွာပြောဆိုမှုသည် သူမည်သည့်အရာကိုမှ မဖုံးကွယ်လိုမှန်းသိသာသဖြင့် ကျီချောင်ချင်က မဲ့ပြုံးပြုံးလျက် တည့်တိုးပင်မေးလိုက်သည်။
"တုယွဲ့ အစက တုရှင်းကိုခေါ်ထုတ်သွားဖို့ ရည်ရွယ်ထားပေမဲ့ ရုတ်တရက်ဒဏ်ရာရသွားတာ ရှင့်လက်ချက်ဖြစ်မယ်၊ ကျွန်မ မမှားဘူးဆိုရင် သူက ရှင့်ရဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသိသွားလို့မလား"
အဝေးတစ်နေရာတွင် ဖန်ကုန်းဝမ်သည် မတ်တတ်ရပ်လိုက်ပြီး သူ့နောက်မှအစေခံများကလည်းဓားများကိုဆွဲထုတ်ထားကြသည်။ ခန်းမတစ်ခုလုံးသည် အလွန်မှောင်မိုက်နေသည်။ ယခု မိစ္ဆာဖြစ်နေသောတုယွဲ့သည် လေ့ကျင့်ပေးထားသော ခွေးတစ်ကောင်ပမာ ကုဖေးရန်၏နောက်တွင် အလွန်နာခံစွာ ရပ်နေသည်။ အခြေအနေက တဖက်သတ်ဖြစ်နေသည်မှာထင်ရှားလှသည်။ ကျီချောင်ချင်ဘက်တွင်ချန်ဇယ်နှင့် မည်သည့်ဘက်ကမှန်းမသေချာသော ရှန်ကျွင်းသာရှိသည်။
သူမတို့ ဤနေရာမှာ ဆက်နေဖို့မသင့်တော်တော့ပေ။ ကျီချောင်ချင်သည် လူအုပ်ကြီးမှာ ဗုံနတ်ဘုရားကျောင်းဆီပြေးလာနေသည်ကိုကြည့်ပြီး သူမမှာ ကျန်နေသေးသော မန္တန်စာရွက်အနည်းငယ်ကို ရေတွက်လိုက်ပြီး နောက်ဆုံးကျန်သည့် မိုးကြိုးခေါ် မန္တန်စာရွက်ကိုထုတ်ပြီး ဖောက်ခွဲရန်ပြင်လိုက်သည်။
ထိုအချိန်မှာ ရှန်ကျွင်းက သူမ၏လက်မောင်းကို လှမ်းဆွဲလာသည်။ ရှန်ကျွင်း ဤမျှလောက် စိတ်မြန်လက်မြန်လုပ်လိမ့် မည်ဟု ကျီချောင်ချင်မထင်ထားခဲ့ပေ။ သူမ ဖောက်ခွဲရန်ပြင်ရုံရှိသေး သူကလက်ဦးသွားခဲ့သည်။
ရှန်ကျွင်းက ကျီချောင်ချင်ကိုပွေ့ဖက်လိုက်ကာ ခြေဖျားဖြင့်တစ်ချက်ဆောင့်ကန်ပြီး ခန်းမ၏ တစ်ဖက်ခြမ်းကိုပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတို့ပြတင်း ပေါက်နားရောက်သွားခဲ့သည်။ သူသည် သူမကိုခေါ်ထုတ်သွားနိုင်တော့မည့်အချိန် ကျီချောင်ချင်သည်နောက်လှည့်ပြီး ကုဖေးရန်ကိုကြည့်လိုက်ကာ ထိုသူသည် အဝေးတွင်သာ ယရပ်ကြည့်နေပြီး သူမကိုတားဆီးရန် မည်သည့်အရာမှမလုပ်သည်ကိုတွေ့လိုက်ရသည်။
ကျီချောင်ချင်၏စိတ်ထဲတွင် ရုတ်တရက်ဆိုသလို အံ့သြသွားခဲ့သည်။ သူမခေါင်းပြန်လှည့်လိုက်ကာ ရှန်ကျွင်းကိုသတိ ထားရန် အသိပေးမလို့ပြင်လိုက်တုန်းမှာပင် မထင်မှတ်စွာ တစ်စုံတစ်ယောက်၏ဦးခေါင်းနှင့်သွားတိုက်မိလိုက်သည်။ ကျီချောင်ချင်သည်လည်းနာကျင်သွားသဖြင့် မျက်လုံးများကိုစက္ကန့်အနည်းငယ်မှိတ်လိုက်ရသည်။
သူမရှေ့ရှိ မြင်ကွင်းအားလုံးတစစီကြွေမွပျက်စီးသွားသည့်ပမာခံစားလိုက်ရပြီး မရေမတွက်နိုင်သော အတွေးများသည် သူမ ခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာသည်။
သူမ၏ခန္ဓာကိုယ်သည် အလွန်အေးစက်ပြီး မှောင်မိုက်သောအလုံပိတ်နေရာတစ်ခုထဲတွင် ပိတ်မိနေသည့်ပမာလှုပ်ရှား၍မရပေ။ သူမ ခံစားရသည့် တစ်ခုတည်းသောအရာမှာ ကိုးကွယ်ခံနေရသည် ဟူသော ခံစားချက်ပင်။ အောက်ဘက်ရှိ မရေမတွက်နိုင်သောလူများသည် သူမကိုတောင်းပန်အသနားခံနေကြပြီး သူမမှာ နတ်ဘုရားမတစ်ပါးအဖြစ် အတင်းအကျပ်နေခိုင်းခံထားရသည်။
ကျီချောင်ချင်သည် ဤအခြေအနေကို မလိုလားအပ်သောခံစားချက်များပြင်းထန်နေပြီး လူတိုင်းကိုလည်းနာကြည်းမုန်းတီးမိသည်။ သူတို့ပြောနေကြသည့် နတ်ဘုရားဆိုတာကြီးကိုသူမ မဖြစ်ချင်ပေ။ ထိုလူများကိုလည်းဂရုမစိုက်ချင်ပဲ သူမ ထိုနေရာမှထွက်သွားချင်ရုံသာဖြစ်မိသည်။
သို့သော် ဗုံသံတစ်ချက်မှာထွက်ပေါ်ပြီးနောက် နာကျင်စွာအော်ဟစ်လိုက်သော အမျိုးသမီးတစ်ဦး၏အသံလည်း အတူတကွထွက်ပေါ်လာသည်။ ထိုအသံမှာစူးရှလွန်းပြီး သူမ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည့်ပမာခံစားရသည်။ ထိုအသံပိုင်ရှင်မှာ မည်သူမှန်း ကျီချောင်ချင်မသိသော်လည်း အသံကြားရသည်နှင့် သူမ၏နှလုံးသားမှာနာကျင်လာသည်။ မကြာမီ သူမရှေ့တွင် ဒူးထောက်နေသူများ၏ဆုတောင်းများကို လျစ်လျူရှုလိုက်တိုင်း ဤအသံသည် သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာမှန်းသူမသဘောပေါက်လိုက်သည်။
သူမ မေးကြည့်လိုက်သည်။
"ဘယ်သူလဲ"
ထိုအသံက ပြန်မဖြေပေ။ ကျီချောင်ချင်သည် အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းလာသည်။
သူမ ဘယ်သူလဲ၊ ဘာကြောင့်ဒီနေရာရောက်နေတာလဲဆိုတာသူမ မသိပေ။ သူမ လုပ်ရမည့်အရေးကြီးကိစ္စတစ်ခုရှိနေသည်ဟု ခံစားရပြီး ဤနေရာမှာ ဆက်နေလို့ မဖြစ်တော့ကြောင်းသာ သိနေသည်။
သို့သော် သူမ လှုပ်ရှား၍မရပေ။ ထွက်သွားမည့်အတွေးဝင်လာတိုင်း ပတ်ဝန်းကျင်ရှိအမှောင်ထုသည် ရုတ်တရက်ကျဉ်းမြောင်းလာပြီး သူမ ထွက်ပြေးသွားမှာကြောက်သည့်အလား အစကတည်းက ကျဉ်းမြောင်းနေသောနေရာလေးကိုပိုကျဉ်းအောင်ဖိသိပ်လာသည်။ ထိုသို့ဖြစ်တိုင်း နာကျင်စွာအော်ဟစ်သံကို သူမပြန်ကြားရလေ့ရှိသည်။
အကြောင်းတစ်ခုခုကြောင့် ကျီချောင်ချင်ထွက်ပြေးဖို့တောင် မစဉ်းစားရဲတော့ပေ။ သို့ဖြစ်ရာ အောက်ဘက်ရှိ လူများ၏ ဆုတောင်းများကို မတတ်သာသည့်အဆုံးတုံ့ပြန်ပေးလိုက်ရတော့သည်။
ကုကျိုးမြို့သူမြို့သားများသည် ဝတ်ပြုဖျာများပေါ်တွင်ဒူးထောက်ကာ နေ့တိုင်းသူမကိုဆုတောင်းကြသည်။
"နတ်ဘုရားမ... ကူညီပါဦး! ကျွန်တော့်မိသားစုမှာ သားယောက်ျားလေး မရှိဘူး၊ သားလေးတစ်ယောက်လောက် ပေးသနားပါ..."
"ကုကျိုးနတ်ဘုရား... ကျွန်မရဲ့ ကြက်တွေသေကုန်ပြီ၊ ကြက်တွေ ပြန်ရှာတွေ့အောင် ကူညီပေးပါဦး"
"နတ်ဘုရား... ကျွန်တော် ပိုက်ဆံတွေ အများကြီး လိုချင်တယ်၊ ဖန်ဆင်းပေးလို့ရမလား"
"..."
အစပိုင်းတွင် ကျီချောင်ချင်သည် သူတပါးကိုကူညီခွင့်ရသည့်အတွက်ပျော်ရွှင်မိသည်။ သူမ တစ်စုံတစ်ယောက်ကိုကူညီလိုက်တိုင်း သူမ၏ နောက်ကျောဘက်ရှိအရာတစ်ခုသည် နွေးထွေးလာပြီး ဤအမှောင်ထုသည်သိပ်မဆိုးလှဟု ခံစားလာရသည်။ တဖြည်းဖြည်းနှင့် ကျီချောင်ချင်သည် ပူဇော်မှုများကိုလက်ခံရရှိလာသည်နှင့်အမျှ သူမ၏ကံများ တိုးပွားလာပြီး တန်ခိုးစွမ်းအားများလည်းကြီးမားလာသည်။
သူမသည် ဘုရားကျောင်းအလှဆင်ရာတွင် သုံးသောကြိုးနီများထဲသို့ စွမ်းအားများထည့်သွင်းပေးလိုက်ပြီး ဘုန်းကြီးများကိုအိပ်မက်ပေးကာ ထိုကြိုးနီများကို လည်ပင်းတွင်ဝတ်ဆင်ပါက မကောင်းဆိုးဝါးများကိုကာကွယ်နိုင်ကြောင်း မြို့သူမြို့သားများအား ပြောပြခိုင်းလိုက်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဒူးထောက်ဆုတောင်းသူများ ၏ဆန္ဒများသည် ကြောက်မက်ဖွယ်ကောင်းလာသည်။
"နတ်ဘုရား... ကူညီပါဦး! အဲဒီ မိန်းမယုတ်ကိုသတ်ပေးပါ! ကျွန်မရဲ့ အသက်နဲ့ပဲဖြစ်ဖြစ်ပေးဆပ်ပါ့မယ်!"
"ဗုံနတ်ဘုရား... သူက ကျွန်တော့်ချစ်သူကို လုသွားတယ်၊ အဲဒီကောင်ကို သတ်ပေးပါ! ကျွန်တော် နတ်ဘုရားရဲ့ ကျွန်အဖြစ် လိုလိုလားလားခံယူပါ့မယ်!"
"ဘာလို့ လူတိုင်းက ငါမကြိုက်တာတွေချည်း လာတောင်းဆိုနေကြတာလဲ၊ နတ်ဘုရား... သူတို့ အကုန်လုံးကို သေခိုင်းလိုက်ပါ!"
"..."