အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
🍃 Chapter 105
ကျီချောင်ချင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ခွင်းလွန်ဓားကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။ ချန်ချီကျစ်သည် ကျီချောင်ချင်၏ အမှောင်မိုက်ဆုံးအချိန်ကာလများထဲမှ အလင်းရောင်လေးတစ်ခုဖြစ်သည်။ ကျီချောင်ချင်သည် ချန်ချီကျစ်ပြောသမျှစကားတိုင်းကို အမှန်ဖြစ်လာအောင်လုပ်ဆောင်ပြချင်သည်။
စစ်စခန်းထဲတွင် မည်သူကမျှ ကျီချောင်ချင်ကို မယုံကြည် ကြပေ။ ထို့ကြောင့် သူမ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာလှုပ်ရှားတော့သည်။ သူမ ကျင့်ကြံခြင်းအဆင့်မှာအလွန်မြင့်မားပြီး ဉာဏ်ရည်မှာလည်းထက်မြက်သည်။ သူမသည် ကျင့်ကြံသူမျိုးနွယ်စုများအား မိစ္ဆာလမ်းစဉ်သမားများကိုသတ်ဖြတ်ရာတွင်သာမက လောကကိုကယ်တင်ရာတွင်လည်း ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ တိတ်တဆိတ်တစ်ဖုံ ကူညီပေးခဲ့သည်။
ထူးဆန်းသည်မှာ ကျီချောင်ချင်သည် တိုက်ပွဲဝင်လေပိုသန်မာလေ၊ ဒဏ်ရာရလေ ပိုစွမ်းအားကြီးလေ ဖြစ်လာသည်။ ဂိုဏ်းထဲမှလူများစွာသည် ကျီချောင်ချင်ကို မနှစ်သက်ကြသော်လည်း သူမသည်စစ်ပွဲများစွာအောင်နိုင်ထားသဖြင့် ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။ သူတို့တွင်ကျီချောင်ချင်ကိုဝေဖန်ရန် အကြောင်း ပြချက် မလုံလောက်တော့သည့်အပြင် သူမကို ဘာမှလည်း မလုပ်ရဲကြတော့သဖြင့် ချန်ချီကျစ်ကိုသာ ပေါ်တင်ရောကွယ်ရာမှာပါ ထေ့ငေါ့ပြောဆိုကြတော့သည်။
ချန်ချီကျစ်တွင် စစ်ပွဲအောင်နိုင်မှုများမရှိပေ။ သူမသည် ချန်ချင်းဂိုဏ်း၏ သမီးဖြစ်သော်လည်း စွမ်းဆောင်ရည်ကိုသာအဓိကထားသော စစ်စခန်းတွင် သူမကိုအထက်တန်းစားဟုမသတ်မှတ်ကြပေ။
တခါက ချန်ချီကျစ်ကို ကွယ်ရာ၌လုပ်ကြံရန် ကြံစည်ခဲ့သောကျင့်ကြံသူတစ်စုသည် မဆင်မခြင်လုပ်ရပ်များကြောင့် မိစ္ဆာကောင်များ၏ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ပုံမှန်ဆိုလျှင် ကျီချောင်ချင် ရောက်လာပြီး ကယ်တင်လိမ့်မည်ဖြစ်သော်လည်း ဤတစ်ခါတော့ သူမရောက်မလာခဲ့ပေ။ ထိုသူများသည် လျှို့ဝှက်ချက်များကိုပေါက်ကြားပေးပြီးမှသာ အသက်လု၍ပြန်လာနိုင်ခဲ့ကြသည်။ သူတို့ ပြန်ရောက်သောနေ့တွင် ကျီချောင်ချင်သည် ချန်ချီကျစ်ကို မလေးမစားလုပ်ခဲ့သူတစ်ဦးကိုရွေးထုတ်ပြီး နေရာမှာတင်သတ်ပစ်လိုက်သည်။
ဤသည်မှာ လျှို့ဝှက်ချက်ပေါက်ကြားမှုကြောင့် သတ်ပစ် လိုက်ခြင်းဟု ပြောသော်လည်း ချန်ချီကျစ်အတွက် လက် စားချေပေးလိုက်ခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထိုအချိန်မှစ၍ မည်သူမျှ ချန်ချီကျစ်ကို မလေးမစားမလုပ်ရဲကြတော့ပေ။
နောက်ပိုင်းတွင် ချန်ချီကျစ်အတွက် စစ်ပွဲအောင်နိုင်မှုများရရှိစေရန် ကျီချောင်ချင်သည် သူမအား ထျန်းရွှမ်ဂိုဏ်းသို့ဝင်ရောက်စေပြီး သူ၏သတ္တမမြောက်ရှစ်မေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။
ကျီချောင်ချင်တိုက်ခိုက်သည့်အခါ ချန်ချီကျစ်ကအစီအရင် များဖြင့်ကူညီပေးသည်။ ကျီချောင်ချင် ဒဏ်ရာရသည့်အခါ ချန်ချီကျစ်ကကုသပေးသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးအပြန်အလှန် ဖြည့်ဆည်းပေးကြပြီး ခွဲခြား၍မရနိုင်အောင်ပင်။
သို့သော် ကံဆိုးမိုးမှောင်မှုကျရောက်လာခဲ့သည်။ ထျန်းရွှမ် ဂိုဏ်း၏ ဆဋ္ဌမမြောက်ရှစ်တိသည် အချစ်စိတ်မွှန်နေသူဖြစ်သည်။ မိစ္ဆာမလေးတစ်ဦးနှင့် သူ၏ဇာတ်လမ်းရှုပ်ထွေးမှုကြောင့် ဂိုဏ်းတစ်ခုလုံး၏အထက်တန်းစားတပည့်များမှာ ချုံခိုတိုက်ခိုက်ခြင်းခံလိုက်ရသည်။ ထိုအချိန်က ကျီချောင်ချင်မှာ အခြားနေရာတစ်ခုတွင် ပုန်ကန်မှုတစ်ခုကိုနှိမ်နင်းနေရသဖြင့် အခြေအနေကိုမသိလိုက်ပေ။ သူမ၏ သတ္တမမြောက်ရှစ်မေ့သည် ဂိုဏ်းတူမောင်နှမများကိုကယ်တင်ရန်အတွက် ကျီချောင်ချင် ပေးထားသော မှော်လက်နက်ကိုယူဆောင်ကာ ခြုံခိုတိုက်ခိုက်ခံထားရသူများကို တစ်ကိုယ် တည်း သွားရောက်ကယ်တင်တော့သည်။
၎င်းသည် အမှန်ပင် ဉာဏ်ကောင်းသူပီပီ ထိုလက်နက်ကို အစွမ်းကုန်အသုံးချကာ သူတို့ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် သူမကိုယ်တိုင်သည်တော့ မိစ္ဆာများကြားတွင် ထာဝရပိတ်မိကျန်ရစ်ခဲ့ရသည်။
သူမ၏ဝိညာဉ်သည် စော်ကားခံလိုက်ရပြီး၊ ဝိညာဉ်စွမ်းအားများကြေမွပျက်စီးကာ အဆုံးသတ်မလှပခဲ့ပေ။ သူမသည် ကျီချောင်ချင်အတွက် အမှတ်ရစရာ ဆံပင်တစ်မျှင်လောက်တောင်ချန်မထားပေးနိုင်ခဲ့ချေ။
ဤနေရာသို့ရောက်သော်အခါ ကျီချောင်ချင် စကားကို ခေတ္တရပ်လိုက်သည်။
"သူမ မတရားခံလိုက်ရတယ်လို့ရှင်ထင်လား? တကယ်တော့ ဒီကိစ္စတွေကသူမနဲ့မှမဆိုင်တာ၊ သူသာ ခဏလောက်စောင့်နေရင် နီကျားပြန်လာတဲ့အချိန် အရာရာအဆင်ပြေသွားမှာကို၊ လူတွေကို ကယ်ဖို့ အဲ့လောက်အလောတကြီးသွားစရာမလိုဘူးလေ၊ သူသာ မလောခဲ့ရင် အခုလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ဘူး"
ရှန်ကျွင်း နှုတ်ဆိတ်နေသည်။
ကျီချောင်ချင်၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ အဆုံးတွင်တော့ သူမသည် ရှန်ကျွင်းကိုဖျက်ဆီးရန် ဤအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ ယခုအခါ အစီအရင်၏ဗဟိုချက်မသည် ရှန်ကျွင်းနှင့် တစ်သား တည်းဖြစ်နေပြီဖြစ်သည်။ ရှန်ကျွင်းစိတ်မှာ ပိုမိုရှုပ်ထွေးလွဲမှားလေလေ သူမအတွက် ပိုအထောက်အကူဖြစ်လေပင်။
"တစ်ခါတလေကျရင် ကိစ္စတစ်ခုရဲ့အလယ်မှာ ရောက်နေတဲ့အခါ အကောင်းနဲ့ အဆိုး၊ အမှားနဲ့အမှန်ကို ခွဲခြားဖို့ခက်တယ်၊ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ဖို့ပဲ အရေးကြီးတာ"
ချန်ချီကျစ် တစ်ယောက်တည်းလူသွားကယ်သည်ကို သိလိုက်ရသည်နှင့် ကျီချောင်ချင်ပြန်ရောက်လာခဲ့သည်။ သူမသည် မိစ္ဆာမျိုးနွယ်စုဆီသို့ အပြေးအလွှားရောက်သွားသော် လည်း ချန်ချီကျစ်၏အရိပ်အယောင်မျှပင် မကျန်တော့ပေ။
ပထမဆုံးအကြိမ်အဖြစ် ကျီချောင်ချင်တစ်ယောက် စိတ်ဖောက်ပြန်ကာရူးသွပ်သွားသည်။
သူမသည် မိစ္ဆာမျိုးနွယ်စု၏ကလေးထိန်းစခန်းထဲသို့ ဝင်ရောက်စီးနင်းပြီး မွေးကင်းစကလေးငယ် အားလုံးကိုရက် ရက်စက်စက်သတ်ဖြတ်ပစ်လိုက်သည်။ သူမခံစားရသလိုမျိုး မိစ္ဆာတွေကိုပြန်ခံစားစေရမည်။ ချန်ချီကျစ်၏သေဆုံးမှုအတွက် မိစ္ဆာမျိုးနွယ်တစ်ခုလုံး၏အနာဂတ်ဖြင့် ပြန်ပေးဆပ်ခိုင်းမည်။
ထိုသည်နှင့်မလုံလောက်သေး။ မိစ္ဆာမျိုးနွယ်စုထဲတွင်သတ် ဖြတ်ရုံဖြင့်အားမရသေးဘဲ ကျီချောင်ချင်သည် သူမဂိုဏ်းသို့ပြန်လာပြီး ဆဋ္ဌမမြောက်ရှစ်တိကို လိုက်ရှာတော့သည်။
ထိုအချိန်တွင် ဆဋ္ဌမမြောက်ရှစ်တိသည် ထျန်းရွှမ်ဂိုဏ်းသို့ထွက်ပြေးရောက်ရှိနေပြီး ကျီချောင်ချင်၏ ဆရာဖြစ်သူ ရှန်တုပိုင်ထံတွင် အကာအကွယ် တောင်းခံနေလေသည်။
ကျီချောင်ချင်သည် သွေးစွန်းနေသောအဝတ်အစားများဝတ်ဆင်ထားလျက် ခွင်းလွန်ဓားကိုဝှေ့ယမ်းကာ ထျန်းရွှမ်ဂိုဏ်းကိုဝင်ရောက်စီးနင်းလေတော့သည်။
ထျန်းရွှမ်ဂိုဏ်းချုပ် ရှန်တုပိုင်မဆိုထားနှင့် ရွှေအင်မော်တယ်အဆင့်ပင်လျှင် ကျီချောင်ချင်၏ဓားချက်အောက်တွင် ပျက်စီးရပေလိမ့်မည်။
ကျီချောင်ချင်သည် ရှန်တုပိုင်၏မျက်စိရှေ့မှောက်တွင်ပင် သူမ၏ ဆဋ္ဌမမြောက်ရှစ်တိကို ခုတ်ပိုင်းသတ်ဖြတ်လိုက်ပြီး ဝိညာဉ်ကိုပါအစရှာမရအောင် ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။
ရှန်တုပိုင်မှာ ဒေါသပေါက်ကွဲမတတ်ဖြစ်သွားသော်လည်း ကျီချောင်ချင်သည် မည်သည့်ရှင်းပြချက်မျှ မပေးဘဲ ကျောခိုင်းလှည့်ထွက်သွားပြီး နတ်ဆိုးဘုံသိုတန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ထိုစဉ်က အသေးစိတ်အကြောင်းအရာများကို ကျီချောင်ချင် ကောင်းကောင်းမမှတ်မိတော့ချေ။ သူမ၏စိတ်အစဉ်သည် ထိန်းချုပ်မရအောင် လွတ်ထွက်သွားခဲ့ပြီဖြစ်ရာ ခွင်းလွန်ဓားကိုဆွဲကိုင်လျက် နတ်ဆိုးဘုရင်၏နန်းတော်ဆီသို တစ်ဟုန် ထိုးဝင်ရောက်စီးနင်းခဲ့သည်။ ဓားတစ်ချက်တည်းဖြင့်နတ်ဆိုး ဘုရင်ကိုသတ်ဖြတ်ပြီးနောက် သူ၏နေရာကို အစားထိုးကာ မိစ္ဆာများကို တစ်ကောင်ချင်းစီသတ်လိုက်၊ အုပ်စုလိုက်သတ်လိုက်ဖြင့် သွေးချောင်းစီးစေခဲ့သည်။
ခွင်းလွန်ဓားသွားပေါ်မှ သွေးစက်များမှာ ခြောက်သွေ့သွားခြင်းမရှိချေ။ သူမ အချိန်မည်မျှကြာအောင် သတ်ဖြတ်နေခဲ့သည်ကို သူမကိုယ်တိုင်ပင်ဝေခွဲမရတော့ပေ။ သူမ၏ပတ် လည်တွင်ကား မိစ္ဆာအလောင်းကောင်များ တောင်လိုပုံနေပြီဖြစ်သည်။ ထိုနောက် သူမသည် နန်းတော်ခေါင်မိုးကိုလှန်ပစ်လိုက်ပြီး တောင်ထိပ်ပေါ်သိုတက်ကာ အောက်ဘက်တွင်ကြောက်ရွံတုန်လှုပ်နေကြသော မိစ္ဆာများကို ငုံကြည့်လိုက်သည်။
ကျီချောင်ချင် မောပန်းနွမ်းနယ်နေပြီဟုခံစားရသော်လည်း ရပ်တန့်လိုက်သည်နှင့် သေဆုံးသွားမည်ကိုသူမသိသည်။
နတ်ဆိုးဘုံသည် စစ်ကူများခေါ်ထားပြီးဖြစ်သောကြောင့် ကျီချောင်ချင်ဘက်မှမောပန်းသည့် အရိပ်အယောင် အနည်းငယ်ပြလိုက်သည်နှင့် သူတိုသည် ပုရွက်ဆိတ်အုံကဲ့သို သူမကိုဝိုင်းအုံလာကြပေလိမ့်မည်။
ထိုခဏ၌ ကျီချောင်ချင်၏ခေါင်းထဲတွင် အကြံတစ်ခုလက်ခနဲပေါ်လာသည်။ မိစ္ဆာလမ်းစဉ်တစ်ခုလုံးကို အပြီးတိုင်ချိပ်ပိတ်ရန်နှင့် မကောင်းမှုများအား တိုက်ခိုက်နေရသည့် ဤစစ်ပွဲကြီးကိုအဆုံးသတ်ရန်အတွက် သူမ၏အသွေးအသားများကို ယဇ်ကောင်အဖြစ်အသုံးပြုလိုက်မည်။
🍃 Chapter 106
ကျီချောင်ချင်သည် ကောင်းကင်သိုမော့ကြည့်လိုက်ပြီး တိုးညှင်းစွာဆိုလိုက်သည်။
"ဒါပါပဲ၊ နီကျားက နောက်ဆုံးမှာစစ်ပွဲကြီးကို အဆုံးသတ်လိုက်ပြီး အိမ်ပြန်သွားတယ်၊ ပြီးတော့ ကောင်းမွန်တဲ့ဘဝလေးတစ်ခု ရှင်သန်သွားခဲ့တာပေါ့"
ရှန်ကျွင်းသည် သူမ၏စကားများကို နားထောင်ကာ အချိန်ကြာမြင့်စွာနှုတ်ဆိတ်နေခဲ့သည်။ ကျီချောင်ချင်ပုံပြင်ပြောပြနေသည်ကို သူသိသော်လည်း အမှန်တကယ်တွင် သူမသည် သူမ၏ကိုယ်ပိုင်ဇာတ်လမ်းကို ပြောပြနေခြင်းဖြစ်ကြောင်း သူရိပ်စားမိသည်။
ယနေ့မှ သူမအတိတ်ကအကြောင်းအရာအများကြီး ကို ပြန်ပြောပြနေသည်မှာ သူ့ကိုနှစ်သိမ့်ပေးဖို သက်သက်သာဖြစ်သည်။
ကျီချောင်ချင် မေးလိုက်သည်။
"ရှန်ကျွင်း... နီကျားက သူ့ရဲ့ဆဋ္ဌမမြောက်ရှစ်တိကို သတ် ဖြတ်လိုက်တာမှားတယ်လို ရှင်ထင်လား"
ထိုစကားကိုကြားသောအခါ ရှန်ကျွင်းသည် အင်္ကျီလက်စများကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ရင်းဖြေလိုက်သည်။
"သူ လုပ်တာမှန်ပါတယ်၊ စစ်စခန်းမှာကိုယ်ရေးကိုယ်တာခံစားချက်တွေကို ခွင့်မပြုဘူးလေ"
ကျီချောင်ချင်သည် ပြုံးလိုက်သည်။ ကောင်းလိုက်တာ... ရှန်ကျွင်း အသိပြန်ဝင်လာပြီပဲ
ထိုအချိန်တွင် စားပွဲထိုးလေးက တံခါးကိုလာခေါက်ပြီး တိုးတိုးလေးပြောလေသည်။
"သခင်လေး... ရေနွေးရပါပြီ"
"ကိုယ် ခဏလောက် အပြင်ထွက်လိုက်ဦးမယ်"
ရှန်ကျွင်း တံခါးဖွင့်ကာထွက်သွားလေသည်။
ကျီချောင်ချင်သည် မေးထောက်လျက် ပြတင်းပေါက်အပြင်ဘက်သို ငေးကြည့်နေလိုက်သည်။ သူမသည် အစောက ရှန်ကျွင်းအပေါ် ပြသခဲ့သော နူးညံ့သိမ်မွေ့မှုများအားလုံးပျောက်ကွယ်သွားခဲ့သည်။ အပြင်ဘက်တွင် အနီရောင်ဇီးပန်းများသည် ဝေဝေဆာဆာပွင့်နေကြဆဲဖြစ်သည်။
ကျီချောင်ချင်သည် တိုးတိုးလေးရေရွတ်လိုက်သည်။
"ရှန်ကျွင်း... ကျွန်မကိုအပြစ်မတင်ပါနဲ့၊ ရှင့်ရဲ့ အပြစ်ကင်းလွန်းတဲ့စိတ်ထားကိုပဲ အပြစ်တင်လိုက်တော့"
...
စားပွဲထိုးလေးသည် နှိမ့်ချသောမျက်ဝန်းများဖြင့် ရှန်ကျွင်း ကိုလမ်းပြခေါ်ဆောင်သွားရင်း စကားဖောင်ဖွဲလိုက်သည်။
"သခင်လေး... ကျွန်တော်တိုတည်းခိုခန်းမှာ ဒီအနီရောင်ဇီးပန်းတွေရှိလို သခင်လေးတိုလာတည်းကြတာမလား၊ သခင်လေးရဲ့ဇနီးသည်က ဒီပန်းတွေကို ကြိုက်တယ်လိုကြားတယ်၊ တိုက်ဆိုင်လိုက်တာဗျာ၊ ကျွန်တော်တိုတည်းခိုခန်းက ပိုင်ရှင်နဲ့ သူ့ဇနီးသည်ကလည်း ဒီအနီရောင်ဇီးပန်းတွေကြောင့်ပဲ ချစ်သွားကြတာလေ၊ ဪ ပြီးတော့..."
စားပွဲထိုးလေးက ရှန်ကျွင်းဘက်သိုလှည့်ကြည့်လိုက်ရာ ရှန်ကျွင်း နားမထောင်နေသည်ကိုတွေ့လိုက်ရသည်။ သူသည် ခြံဝင်းထဲရှိ အနီရောင်ဇီးပန်းပင်ကိုသာ ငေးမောကြည့်ရှုနေ သည်။ စားပွဲထိုးလေးသည် ပြုံးလိုက်ပြီး ဧည့်သည်ကိုဆက်မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ရှန်ကျွင်းသည် စကားသံများတိတ်သွားမှသတိပြန်ဝင်လာပြီး စားပွဲထိုးလေးကိုကြည့်ကာ အမိန့်တစ်ခု ပေးလိုက်သည်။
"ခင်ဗျားတို စားဖိုမှူးကိုခေါ်ပေး၊ ကျွန်တော်ဟင်းချက်နည်းတွေသင်ချင်တယ်၊ သူသင်ပေးရင် ဝိညာဉ်ကျောက်တုံးတွေပေးမယ်လို ပြောလိုက်ပါ"
ဝိညာဉ်ကျောက်တုံးဆိုသည်မှာ ရှားပါးပစ္စည်း ဖြစ်သည်။ စားပွဲထိုးလေး မျက်လုံးများချက်ချင်း အရောင်တောက်သွားပြီး ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလေသည်။
"စိတ်ချပါ သခင်လေး၊ ကျွန်တော်တို့တည်းခိုခန်းက ဒီမှာအကြီးဆုံးဗျ၊ ဧည့်သည်တွေ အများကြီးလာစားကြတာ၊ သခင်လေးနဲ့ သခင်လေးရဲ့ဇနီးသည် စိတ်ပျက်ရအောင် လုံးဝမလုပ်ပါဘူးဗျာ!"
ကျီချောင်ချင်၏ စကားများကိုကြားပြီးနောက် ရှန်ကျွင်း စိတ်ထဲတွင်ပိုမိုတည်ငြိမ်သွားပြီး စိုးရိမ်ပူပန်မှုများလွင့်ပါးပျောက် ကွယ်သွားသည်။
ကျီချောင်ချင် ပြောသည်မှာမှန်ပေသည်။ လောကကြီးတွင် ကိစ္စရပ်တိုင်းက အဖြူနဲ့အမည်း သီးခြားစီ ကွဲပြားနေတာမဟုတ်ပေ။ ထိုသို့ဖြစ်နေမှတော့ သူ လက်ခံလိုက်ရုံသာရှိတော့သည်။
...
ကျီချောင်ချင်သည် နေလို့ထိုင်လို့ကောင်းသွားပြီဖြစ်သော ကြောင့် ကုတင်ပေါ်မှဆင်းလိုက်သည်။ အပြင်ဘက်တွင် နှင်းကျနေဆဲဖြစ်ကာ သူမသည် လက်ရန်းကိုမှီလျက်ပြတင်း ပေါက်အပြင်ဘက်ရှိ အနီရောင် ဇီးပန်းများကိုငေးကြည့်နေမိသည်။
ခဏမျှ စဉ်းစားပြီးနောက် သူမ အခန်းထဲမှထွက်ကာ ဇီးပန်းပင်ရှိရာသို့ လျှောက်သွားလိုက်သည်။
ရှန်ကျွင်း အခန်းထဲသို့ဝင်လာချိန်တွင် အခန်းက ဟာလာဟင်း လင်းဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ သူ မျက်မှောင် ကြုတ်လိုက်ပြီး ပြတင်းပေါက်ပွင့်နေသည်ကိုမြင်သောအခါ အမြန်သွားကြည့်လိုက်သည်။ အောက်ဘက် ဇီးပန်းပင်အောက်တွင် ကျီချောင်ချင်က တစ်စုံတစ်ခုကိုကောက်နေသကဲ့သို့ ထိုင်ချနေသည်ကို လှမ်းမြင်လိုက်ရသည်။
ထိုအခါမှ ရှန်ကျွင်းသက်ပြင်းချနိုင်တော့သည်။ သူ အစားအ သောက်များကိုချထားခဲ့ပြီး အောက်ထပ်သို့ အမြန်ဆင်းသွားလိုက်သည်။
ကျီချောင်ချင်သည် နှင်းပြင်ပေါ် ကြွေကျနေသော ဇီးပန်းပွင့်များကိုကောက်ယူနေစဉ် သူမ၏ နောက်ကျောဘက်တွင် တစ်စုံတစ်ယောက်ရောက်နေကြောင်း အာရုံခံမိလိုက်သည်။
သူမ နောက်လှည့်မကြည့်ဘဲပြောလိုက်သည်။
"ရှန်ကျွင်း... ကျွန်မတို့ ထျန်းရွှမ်ဂိုဏ်းမှာရှိတုန်းကလေ မှတ်မိလား? အခွင့်အရေးသာရရင် ရှင်သောက်ဖို့ အကောင်းဆုံးဝိုင်ကိုဖော်စပ်ပေးမယ်လို့ ကျွန်မ ပြောဖူးတယ်လေ၊ ဒီဇီးပန်းတွေကလှလိုက်တာ... ရှင့်အတွက် ဝိုင်လုပ်ပေးရမလား"
ရှန်ကျွင်း၏အကြည့်သည် မလှမ်းမကမ်းရှိကျောက်လှေကား ထစ်များပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာရှိနေသောရုပ်တုဆီသို့ ရောက်သွားသည်။
"ကောင်းပြီလေ"
ရှန်ကျွင်းသည်ရှေ့သို့တိုးသွားပြီး ကျီချောင်ချင်၏ ကိုယ်ပေါ်သို့ အဖြူရောင်ကတ္တီပါဝတ်ရုံရှည်ကြီး လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူမဘေးသို့ လျှောက်သွားပြီး လည်ပင်းမှကြိုးကိုသေချာချည်ပေးသည်။
ကျီချောင်ချင် မော့ကြည့်လိုက်ပြီး ရှန်ကျွင်းကို သေချာစိုက်ကြည့်နေမိသည်။ သူသည် တကယ်ကို ခန့်ညားချောမောလှသည်။ သူ့အသားအရေမှာ ဖြူဝင်းပြီး လှပသောမျက်နှာသွင်ပြင်ရှိကာ နီရဲသော နှုတ်ခမ်းနှင့် ဖြူဖွေးသောသွားများပိုင်ဆိုင်ထားသည်။ သူ့ကိုကြည့်လိုက်တိုင်း ကျီချောင်ချင် ခံစားမိသည်မှာ ကံကြမ္မာက သူမကို ရှန်ကျွင်းဆီသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုပင်။ သို့မဟုတ်ပါက ဤလောကကြီးထဲတွင် သူမ စိတ်တိုင်းကျပုံစံမျိုးနှင့် ကွက်တိတူသောသူမျိုး မည်သို့ရှိနိုင်ပါမည်နည်း။
ရှန်ကျွင်းသည် ကျီချောင်ချင်၏စိုက်ကြည့်နေမှုကို ဟန်မပျက်ဘဲ ပါးပါးလေးပြုံးပြလိုက်သည်။
"အေးတယ်၊ အထဲပြန်ဝင်တော့... ကိုယ်ပဲကောက်လိုက်မယ်"
"ကြွေကျနေတဲ့ပန်းပွင့်လေးတွေပဲဟာ၊ အဲ့ဒါလေးတောင် မကောက်နိုင်လောက်အောင် ကျွန်မ ခန္ဓာကိုယ်ကအားမနွဲ့ပါဘူး သူတော်ကောင်းကြီးရယ်၊ ကျွန်မကို ခဏလောက်တော့ပေးဆော့ပါဦး... နော်"
ရှန်ကျွင်းသည် ခဏမျှစဉ်းစားပြီးနောက် မော့ကြည့်လိုက်ကာ လက်ကိုဖြန့်လိုက်သည်။ ထိုစဥ် တမဟုတ်ချင်းပင် မရေမတွက်နိုင်သောဇီးပန်းပွင့်များသည် တဖွဲဖွဲကြွေကျလာပြီး ကျီချောင်ချင်၏အိတ်ကပ်ထဲသို့ ဝင်ရောက်သွားကြသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း ဤမျှလောက်အထိ အလိုလိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပန်းအကုန်ကြွေကျသွားသောကြောင့် စားပွဲထိုးလေးမှာငိုပြီး သူတို့ဆီပြေးလာမှာကိုစိုးရိမ်သွားသည်။ သူမ သဘောကျစွာရယ်မောလိုက်ပြီး သူ့ကို မော့ကြည့်ကာပြောလိုက်သည်။
"တော်ပြီ... တော်ပြီ.၊ စားပွဲထိုးလေးကိုလျော်ကြေးအနေနဲ့ ဝိညာဉ်ကျောက်တုံးတွေပေးဖို့မမေ့နဲ့ဦး"
သူမ စကားပြောနေစဉ် ပန်းပွင့်ဖတ်လေးတစ်ခုသည် ကျီချောင်ချင်၏ မျက်နှာပေါ်သို့ကျလာသည်။ အနီရောင်ဇီးပန်းပွင့်လေးသည် သူမ၏ဖြူဝင်းသော အသားအရေပေါ်တွင်ပေါ်လွင်နေပြီး အလွန်လှပနေသည်။
ရှန်ကျွင်းသည် ပြုစားခံလိုက်ရသကဲ့သို့ တောင့်ခဲသွားပြီး သူမမျက်နှာပေါ်မှ ပန်းပွင့်ဖတ်လေးကို လှမ်းဖယ်ပေးလိုက်သည်။
ဤလုပ်ရပ်သည် အတော်လေးရင်းနှီးလွန်းရာကျနေသည်။
ယခင်တုန်းက သူ ကျီချောင်ချင်ကို ပွေ့ဖက်ဖူးသော်လည်း အသက်ကယ်ဖို့အတွက်သာဖြစ်သည်။ ယခုမူ သူမကို ပန်းကူကောက်ပေးခြင်း၊ ပန်းပွင့်ဖတ်လေးဖယ်ပေးခြင်းတို့မှာမူ သူ့စိတ်ဆန္ဒအတိုင်း မနေနိုင်မထိုင်နိုင်ဖြစ်ပြီး လုပ်ပေးမိခြင်းဖြစ်သည်။
ဤသည်ကိုသတိထားမိလိုက်သောအခါ ရှန်ကျွင်း ရင်အစုံမှာ တဒိန်းဒိန်းခုန်လာပြီး အလိုအလျောက် ခြေတစ်လှမ်းနောက် ဆုတ်မိသွားသည်။
သို့သော် ကျီချောင်ချင်သည်တော့ ရှန်ကျွင်း၏အတွေးများကိုသတိမထားမိပေ။ သူမခေါင်းငုံ့ကာ လက်ထဲမှဇီးပန်းပွင့်များကိုချိန်ဆကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
"ပန်းပွင့်တွေအများကြီးပဲ၊ ဝိုင်အများကြီးလုပ်လို့ရတော့မယ်! ဒါပေမဲ့ ရှန်ကျွင်း... ဝိုင်လုပ်တယ်ဆိုတာ အချိန်ယူရတယ်၊ တော်တော်လေးစောင့်ရဦးမှာ"
ရှန်ကျွင်း ပြန်မဖြေနိုင်ခင်မှာပင် ကျီချောင်ချင်သည် ဆက်ပြောသည်။
"လူ့ပြည်က နှစ်သစ်ကူးပွဲတော်အကြောင်း ရှင်သိလား"
ရှန်ကျွင်းသည် ခေါင်းကို ညင်သာစွာခါယမ်းပြလိုက်သည်။
ရှန်ကျွင်း၌ အတိတ်က အမှတ်ရစရာများမရှိတော့သဖြင့် ဤအကြောင်းများကိုသိမည်မဟုတ်ကြောင်း ကျီချောင်ချင်သဘောပေါက်လိုက်သည်။ သူမ စိတ်မကောင်းဖြစ်သွားပြီး အားတက်သရောပြောလိုက်သည်။
"ဒါဆို ကျွန်မတို နှစ်သစ်ကူးကို ဒီမှာပဲဖြတ်သန်းကြမလား၊ ပြီးမှ အစီအရင်ရဲ့ဗဟိုချက်ကိုသွားရှာကြတာပေါ့၊ လူ့ပြည်ကနှစ်သစ်ကူးပွဲတော်က သိပ်စည်ကားတာလေ! ဒီအချိန်ရောက်ရင် မိသားစုတွေအကုန်လုံး အတူတူနေကြတယ်၊ ပုံမှန်ဆိုမစားနိုင်တဲ့ အစားအစာတွေစားကြတယ်၊ ပုံမှန်ဆိုမဝတ်နိုင်တဲ့ အဝတ်အစားတွေဝတ်ကြတယ်၊ ပြီးတော့ တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပြန်ဆုံစည်းကြတာလေ! ကျွန်မမှာက မိသားစုမရှိတော့တာကြာပြီ၊ ရှင်ကလည်း တစ်ကောင် ကြွက်ဆိုတော့ ကျွန်မတိုနှစ်ယောက် အဖော်လုပ်ပြီး ပျော်ပျော်ပါးပါးနေကြတာပေါ့!"