အခန်း (၃၆)
Vol. 4 Ch. 36
ကျီချောင်ချင်သည် တံခါးဖွင့်ရန် သွားလိုက်သော်လည်း သူမလက်က တံခါးကို ထိလုနီးပါးတွင် အင်္ကျီလက်စထဲမှ ခွင်းလွန်ဓားကို အနောက်ဘက်သို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှန်ကျွင်း၏ ရေခဲချိုးဖျက်ဓားသည်လည်း ပြတင်းပေါက်ဆီသို့ ထိုးစိုက်လိုက်သည်။
အခန်းထဲရှိ ဖယောင်းတိုင်မီးများ ချက်ချင်းဆိုသလို ငြိမ်းသွားပြီး အခန်းတစ်ခုလုံး အမှောင်ကျသွားသည်။ ကျီချောင်ချင်တွင် ဝိညာဉ်စွမ်းအားမရှိသဖြင့် အခန်းထဲတွင် မည်သည့်အရာဖြစ်နေသည်ကို မမြင်ရပေ။
"အား!"
ပြတင်းပေါက်အပြင်ဘက်မှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ကျီချောင်ချင် တံခါးကိုဆွဲဖွင့်လိုက်ရာ အမည်းရောင် အခိုးအငွေ့တစ်ခုသည် သူမ၏ တံခါးပေါက်မှ အောက်ထပ်သို့ ပြေးဆင်းသွားပြီး ပျောက်ကွယ်သွားသည်။
ပြတင်းပေါက်နားတွင်တော့ ရှန်ကျွင်းသည် အပြင်ဘက်သို့ ခုန်ထွက်သွားပြီဖြစ်သည်။ ကျီချောင်ချင်သည် အသက်အန္တရာယ် ထပ်မကြုံချင်တော့သဖြင့် လှေကားအတိုင်း ပြေးဆင်းလိုက်သည်။
အနောက်ဘက်ဝင်းထဲတွင် အစောင့်အများအပြားက ရှန်ကျွင်းကို ဝိုင်းရံထားကြသည်။ ကျီချောင်ချင် ရောက်သွားသောအခါ ရေခဲချိုးဖျက်ဓားဖြင့် ထိုးစိုက်ခံထားရသော အမည်းရောင်မိစ္ဆာလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုအဆင့်နိမ့်မိစ္ဆာများသည် များသောအားဖြင့် တောတောင်များထဲမှ လေလွင့်ဝိညာဉ်များသာ ဖြစ်ကြပြီး မည်သူမဆိုဖမ်းယူနိုင်သည်။ သို့သော် တကိုယ်လုံး မည်းနက်နေအောင် စွဲကပ်နေသောအငြိုးအတေးများကို ကြည့်ခြင်းအားဖြင့် အပြစ်ကြီးကြီးမားမား ကျူးလွန်ထားပုံရသည်။
မိစ္ဆာလေးမှာ အားနည်းလွန်းသဖြင့် ရေခဲချိူးဖျက်ဓားဒဏ်ကို မခံနိုင်ဘဲ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
"မိန်းကလေးရှန်...ဒါ မိစ္ဆာလား"
ကျီချောင်ချင်သည် အစောကမှ အစောင့်တစ်ယောက်ကို ကယ်တင်ခဲ့ပြီး သူမ၏ လုပ်ရပ်များက အတော်လေး အတွေ့အကြုံရှိပြီး အားကိုးရပုံပေါက်နေသည်။ သူမသည် ရာထူးနိမ့်ကျသော အစောင့်များကို အေးစက်စွာ မဆက်ဆံခဲ့သဖြင့် အစောင့်များကလည်း သူမအပေါ် အမြင်မစောင်းကြတော့ပေ။
အစောင့်အများစုမှာ လူငယ်များဖြစ်ကြပြီး ကျီချောင်ချင်မှာလည်း ငယ်ရွယ်သော မျက်နှာပေါက်ရှိသဖြင့် ၎င်းတို့မှာ ရဲရဲတင်းတင်း မေးမြန်းကြသည်။
“မိန်းကလေးရှန်... ဒီကောင် သေသွားပြီလား”
“မိန်းကလေးရှန်... ဒီကောင်ကို ဘယ်လိုလုပ်ရမလဲ”
“…”
အစောင့်တစ်ယောက်မှာ အနားသို့ကပ်လာသည်။ ထိုသူ့နာမည်မှာ ချန်ဇီဖြစ်ပြီး ကျီချန်သဲက ကျီချောင်ချင်အတွက် အထူးထည့်ပေးလိုက်သူဖြစ်သည်။
“မိန်းကလေးရှန်...” ချန်ဇီက ကျီချောင်ချင်အနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“ဝန်ကြီးချုပ်က ဒီည ထွက်ခွာရမယ်လို့ ပြောနေပါတယ်”
ကျီချောင်ချင်က ပြန်ပြောလိုက်သည်။
“သူ့ကို ဂရုမစိုက်နဲ့၊ သူ့လူတွေနဲ့သူ သွားပါစေ၊ ငါတို့လူတွေက ဒီမှာပဲ စခန်းချနေခဲ့မယ်”
ထိုသို့ ပြောပြီးနောက် ကျီချောင်ချင်က
“ဒီမိစ္ဆာကောင်လေးကို မြှုပ်လိုက်”
ထိုစကားကိုကြားသောအခါ အစောင့်များ အချင်းချင်း ကြည့်လိုက်ကြသည်။ အစောက ကျီချောင်ချင် ကယ်လိုက်သော အစောင့်သည် အလျင်အမြန်ရှေ့ထွက်လာပြီး အံကြိတ်ကာ အလောင်းကို ကောက်ယူရန် ကြိုးစားသည်။
သူတို့၏ ကြောက်ရွံ့နေသော ပုံစံကိုကြည့်ပြီး ကျီချောင်ချင် မပြုံးဘဲမနေနိုင်တော့ပေ။ သူတို့အများစုမှာ ဆယ်ကျော် သက်များနှင့် အသက် ၂၀ ဝန်းကျင် လူငယ်လေးများသာဖြစ်ကြပြီး ဘဝ၏ ခက်ထန်ကြမ်းတမ်းမှုများကို မကြုံဖူးသေးသဖြင့် စိတ်နုပြီး ကြောက်ရွံ့ကြသည်မှာ သဘာဝပင်။ သူမ လည်းသိပ်ပြီး မတင်းကြပ်ချင်တော့သောကြောင့်
"မိစ္ဆာလေးက သေသွားပြီ၊ သူက အလောင်းကောင် သက်သက်ပါပဲ၊ တိရစ္ဆာန်အသေကောင်နဲ့ ဘာမှမခြားပါဘူး။ ငါ ရှိနေတယ်၊ မကြောက်ကြနဲ့"
ကျီချောင်ချင်၏ အားပေးစကားကို ကြားသောအခါ အစောင့်များ မျက်နှာရဲသွားကြသည်။ ယခင်က ကျီချောင် ချင်ကို ကုဖေးရန်ဘက်ပါသွားပြီဟု သံသယဝင်ခဲ့ကြသော်လည်း ယခုအခါ ကျီချောင်ချင်က ရှန်ကျွင်းကိုတောင် သူမဘက်ပါအောင် စည်းရုံးလိုက်ပြီဟု ခံစားနေကြရသည်။
ဤမျှအရည်အချင်းရှိသော မိန်းကလေးရှန်ယွီသည် လူတိုင်းကို လုံခြုံမှုအားပေးစွမ်းနိုင်ပုံရသည်။ ၎င်းတို့သည် ပုံမှန်စည်းကမ်းအတိုင်း အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ချက်ချင်းဆောင်ရွက်ကြလေသည်။
ရှန်ကျွင်းအကြည့်များက ကျီချောင်ချင်အပေါ် ကျရောက်သွားပြီး သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ ဤလက်အောက်ငယ်သားများနှင့် ရင်ဆိုင်ရာတွင် ကျီချောင်ချင်သည် တခြားလူတစ်ယောက်လို ပြောင်းသွားသလိုပင်။ သူမကိုယ် သူမ သတိမထားမိဘဲ အလွန်စိတ်ရှည်နေခဲ့သည်။
ကျီချောင်ချင်သည် ချန်ဇီကို သူမ၏ အခန်းထဲသို့ ခေါ်ပြီး ပြောလိုက်သည်။
"ဒီည ဖြစ်ပျက်ခဲ့တာတွေက မတော်တဆ မဟုတ်ဘူး၊ ကုကျိုးက မိစ္ဆာကောင်က မိုင်ထောင်ချီဝေးတဲ့ ငါ့ဆီကို လာသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်... တစ်ယောက်ယောက်က စေခိုင်းလိုက်တာပဲ"
အဲ့တာအပြင် နန်းတွင်းက လူတစ်ယောက်ယောက်ဖြစ်ဖို့ များတယ်...
ကျီချောင်ချင်၏ စိတ်ထဲတွင် ကုဖေးရန်မျက်နှာသည်ဖျက်ခနဲပေါ်လာသည်။
"အမတ်ချုပ် ထွက်သွားပြီလား"
ချန်ဇီက လေးစားစွာဖြင့် "သူ ထွက်သွားပါပြီ" ဟု ပြန်ဖြေလိုက်သည်။
သူမ အခန်းထဲတွင် မိစ္ဆာဝင်ရောက်တိုက်ခိုက်သည်ကို ကုဖေးရန် မသိဘဲနေမည်မဟုတ်ပေ။ ထိုသို့အခြေအနေမျိုးတွင် သာမန်လူသားတစ်ယောက်ဖြစ်သောသူသည် ကိုယ့်အဖွဲ့နှင့်ကိုယ်တစ်ယောက်တည်း ထွက်သွားရဲသည်ဆိုတာ သံသယ ၀င်စရာပင်။
ကျီချောင်ချင်ကမူ "မင်းတို့ ဒီမှာပဲ နေခဲ့ကြ၊ ဒီမှာ... ဒါက ဆက်သွယ်ရေးအဆောင်ပဲ"
ကျီချောင်ချင်သည် အဆောင်တစ်ထပ်ကို ချန်ဇီထံ ပေးလိုက်သည်။
"ငါ ရှန်ကျွင်းနဲ့အတူ ကုကျိုးကိုအရင်သွားပြီး အခြေအနေ သွားကြည့်မယ်၊ မင်းတို့သဘောနဲ့ မင်းတို့ မလှုပ်ရှားကြနဲ့၊ ကျန်တာတွေက မိစ္ဆာနှင်အဆောင်တွေပဲ၊ တစ်ယောက်ကို တစ်ခုစီ ဆီစိမ်စက္ကူနဲ့ ပတ်ပြီးကိုယ်နဲ့မကွာဆောင်ထားကြ၊ ရေချိုးရင်တောင် မချွတ်နဲ့"
ချန်ဇီ၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"မိန်းကလေးရှန်... ကျွန်တော် လိုက်ခဲ့ရမလား"
ကျီချောင်ချင် "မလိုဘူး၊ ရှန်ကျွင်းက ကုဖေးရန်ရဲ့ လူမဟုတ်ဘူး"
ကျီချောင်ချင်၏ စကားကို ကြားပြီးနောက် ချန်ဇီသည် ဘေးနားရှိ ရှန်ကျွင်းကို ခိုးကြည့်လိုက်သည်။
ရှန်ကျွင်းထံတွင် လူများအား သူ့အနားသို့မကပ်ရဲအောင် တားဆီးထားသည့် အရှိန်အဝါမျိုး အမြဲရှိနေတတ်သည်။ သူသည် နတ်ဘုရားတစ်ပါးပမာ လှပသော်လည်း အစွမ်းထက်ပြီး ခန့်မှန်းရခက်သဖြင့် လူများကို ကြောက်ရွံ့သွားစေသည်။ချန်ဇီသည် အမိန့်ကို နာခံပြီး ထွက်ခွာသွားလေသည်။
ကျီချောင်ချင်က ရှန်ကျွင်းကို ပြောလိုက်သည်။
"ကျွန်မတို့ ကုကျိုးကို အရင်သွားရမယ်"
ရှန်ကျွင်း နေရာမှမရွေ့ပေ။
"ကုဖေးရန်ကရော"
ဒီ သက်ရှိနတ်ဘုရားလောင်းရဲ့ အကျင့်ဟောင်းကတော့ ပြန်ပေါ်လာပြန်ပြီ၊ သူမ စိတ်ထဲတွင် စိတ်ပျက်သွားသော်လည်း
“ရှန်ကျွင်း...ရှင် ကုဖေးရန်ကို ကာကွယ်ချင်ရင် ကျွန်မ မတားဘူး”
ထိုသို့ပြောပြီးနောက် ကျီချောင်ချင်သည် ချည်နှောင်ထားသော ကြိုးကို ပြတ်သားစွာ သိမ်းဆည်းလိုက်သည်။
“ဒါပေမဲ့ ကျွန်မ ပြောလိုက်မယ်... ရှင်က လောကကြီးတစ်ခုလုံးကို ကယ်တင်ချင်နေတာလား၊ လူတိုင်းကိုလိုက်ဂရုစိုက်နေရင် ရှင်ပဲ ပင်ပန်းလိမ့်မယ်”
တကယ်လို့ ရှန်ကျွင်းသာ သူမနှင့် တွဲချည်မခံချင်ဘူးဆိုလျှင် ကျီချောင်ချင် ဘာမှပြောစရာမရှိသလို၊တကယ်တမ်းလည်း သူ့ကို အတင်းအကျပ် ချည်နှောင်ထားမှာ မဟုတ်ပေ၊ ဘာပဲဖြစ်ဖြစ် သူမနဲ့ ရှန်ကျွင်းက မတော်တဆတွေ့ဆုံခဲ့ကြတဲ့ သူစိမ်းတွေပဲလေ၊ ပြီးတော့ သူမနဲ့ အငြိုးအတေးမရှိတဲ့သူတွေကို အတင်းအကျပ်စေခိုင်းရတာမျိုး သူမ မကြိုက်ပါဘူး၊ ပိုအရေးကြီးတာက ကျီချောင်ချင်က ရှန်ကျွင်းကို မနိုင်ဘူးလေ၊ သူသာ စိတ်ဆိုးပြီး သူမကို ဓားစာခံ လုပ်လိုက်ရင် သူမ ဘာမှတတ်နိုင်မှာမဟုတ်ဘူးမလား...
ရှန်ကျွင်းသည် ကျီချောင်ချင် အထင်လွဲသွားကြောင်းသိလိုက်သဖြင့် ကြောင်သွားသော်လည်း သူမ၏နောက်ဆက်တွဲ စကားများက သူ့ကို ဇဝေဇဝါ ဖြစ်သွားစေသည်။
ရှန်ကျွင်းသည် ကျီချောင်ချင် မျှော်လင့်ထားသလိုထွက်မသွားဘဲ သူမကို မေးခွန်းပြန်ထုတ်လာသောကြောင့် ကျီချောင်ချင် အံ့သြသွားသည်။
"အဲ့ဒီအစောင့်ကို ကယ်တုန်းက ဘာလို့ သူ့ရှေ့က ကာပေးခဲ့တာလဲ"
"ရှင် ကျွန်မရဲ့ အတိတ်ကို သိတာပဲ၊ ဖုံးကွယ်မနေတော့ပါဘူး"
ကျီချောင်ချင် လှောင်ရယ်လိုက်ပြီး သူမ၏ မျက်ဝန်းများမှာ အေးစက်သွားသည်။
"အဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်ဆိုတာ စံပြဖြစ်ရမယ်လေ၊ အစောင့်အတွက် ကျွန်မရှေ့က ကာပေးလိုက်ရင် နောင်တစ်ချိန်ကျရင် သူ ကျွန်မကို ပြန်ကာကွယ်ပေးမှာပေါ့၊ အဖွဲ့ရဲ့ အဓိကလူအနေနဲ့လက်အောက်ငယ်သားတွေနဲ့ ရင်းနှီးအောင်၊ သူတို့ သစ္စာမဖောက်အောင် လိုအပ်သလို ကြင်နာမှု ပြရတာပေါ့၊ အဲ့တာမှ သူတို့က ကျွန်မအတွက် အသက်ပေးရဲမှာလေ"
ထို့ကြောင့်လည်း သူမသည် အစောင့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးခဲ့ခြင်းဖြစ်သည့်အပြင် ၎င်းတို့ကို စိတ်အေးအောင် နှစ်သိမ့်ပေးခဲ့ခြင်းဖြစ်သည်။
ရှန်ကျွင်းမှာတော့ ကျီချောင်ချင် စိတ်ကောင်းဝင်ပြီး ပြောင်းလဲသွားပြီဟု ထင်ခဲ့သော်လည်း သူမသည် အဖွဲ့ကို ဦးဆောင်ရန် ကြံစည်နေခဲ့ခြင်းဖြစ်သည်။
ရှန်ကျွင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"အရှက်မဲ့လိုက်တာ"
ထို့နောက် သူ လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
ရှန်ကျွင်း အဘယ့်ကြောင့် ဤမျှအထိ စိတ်ဆိုးသွားလဲဆိုတာ ကျီချောင်ချင် နားမလည်ပေ။ သူမ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး အပိုင်ဖမ်းထားပြီးပြီဖြစ်သော သက်တော် စောင့်ကြီးကို လက်လွတ်သွားရသဖြင့် နှမြောတသဖြစ်မိသွားသည်။ အမှန်တွင် ကျီချောင်ချင် မလှည့်စားတတ်ခြင်းမဟုတ်ပေ။ သူမသည် သနားစရာကောင်းအောင်၊ အပြစ်ကင်းစင်သယောင် အလွယ်လေးဟန်ဆောင်လို့ရသည်။