← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

🍃 Chapter 129

ကျီချောင်ချင် "ဒါဆို... ရှင် သူ့ကိုသတ်လိုက်တာပေါ့လေ"

လင်းရူရှုက ပြန်ဖြေသည်။

"သူ့ကိုသတ်ဖို့ ကျွန်တော်ကိုယ်တိုင် လက်ဖျားနဲ့တောင်တို့စရာမလိုပါဘူး, သူကအားနည်းတဲ့သူတွေဆိုရင် ဘယ်တော့မှ သတိမထားတတ်တဲ့လူမျိုးလေ၊ ကျွန်တော်က ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို နတ်ဆိုးစွမ်းအင်တွေ ထည့်လိုက်ရုံပါပဲ၊ သူက အဲဒီကလေးကိုကယ်ဖို့အတွက် ဘာမှမစဉ်းစားဘဲ အဲဒီစွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲစုပ်ယူလိုက်တာ"

ထိုစဉ် လင်းရူရှု၏မျက်နှာတွင် ထူးဆန်းသော အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဝိညာဉ်မျိုးနွယ်စုက အစွမ်းထက်တယ်လို့ထင်ရပေမယ့် သူတို့ရဲ့ကျင့်ကြံမှုကမြန်ဆန်လွန်းအားကြီးတော့စိတ်အခြေ အနေက နောက်ကျကျန်ခဲ့ပြီး နတ်ဆိုးဝင်စီးတာကိုခံရတတ်တယ်၊ ဝိညာဉ်မျိုးနွယ် မျိုးဆက်တိုင်းက သူတို့ရဲ့နတ်ဆိုးနှိမ်နင်းရေးအစီအရင်တွေကို စွမ်းအားထပ်ဖြည့်ပေးလေ့ရှိကြတယ်၊ ရှန်ကျွင်းက အရမ်းစွမ်းအားကြီးတဲ့သူပါ၊ သူက နတ်ဆိုးဝင်စီးတာမခံရပေမယ့် သူ့ခန္ဓာကိုယ်က နတ်ဆိုးစွမ်းအင်ကိုစုပ်ယူလိုက်တာနဲ့ ဝိညာဉ်မျိုးနွယ်စုရဲ့ နတ်ဆိုးနှိမ်နင်းရေးအစီအရင်တွေက ချက်ချင်းအာရုံခံမိသွားတာ"

ထိုနေ့က ရှန်ကျွင်းသည် နတ်ဆိုးစွမ်းအင်ကို စုပ်ယူထားခါစမို့ သူ့ဝိညာဉ်စွမ်းအင်က အားအနည်းဆုံး အချိန်ဖြစ်နေသည်။

သူကယ်တင်ခဲ့သောကလေးလေးက ရှန်ကျွင်းကို မော့ကြည့်ပြီးပြောခဲ့သည်။

"အစ်ကိုကြီး... သားအဖေလည်းဒဏ်ရာရထားလို့၊ ကူညီပေးလို့ရမလားဟင်..."

ရှန်ကျွင်းက မျက်လွှာချပြီး ကလေး၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ရှန်ကျွင်းသည် ကလေးရဲ့လိမ်ညာမှုကို ရိပ်မိခဲ့တယ်ဆိုတာ ကျီချောင်ချင် အသေအချာသိနေသည်။ သို့သော် သူကလိုက်သွားခဲ့သည်။

ထိုနေ့က ကောင်းကင်တစ်ခုလုံးပြည့်နှက်နေသော သတ်ဖြတ်လိုစိတ်များက ရှန်ကျွင်းဆီကိုဦးတည်လာခဲ့သည်။ ဤတစ်ခါတော့ လွန်ခဲ့သောနှစ်တွေတုန်းက နှင်းထူတဲ့ညမှာလိုမျိုး ပြန်နိုးထလာနိုင်ရန် အခွင့်အရေးမရှိတော့ပေ။ သူက နှင်းဖွေးဖွေးထက်မှာ တိတ်ဆိတ်ငြိမ်သက်စွာလဲကျသွားခဲ့တယ်၊ သူ့မျက်နှာက အေးချမ်းနေခဲ့တယ်...

ရှန်ကျွင်းက ဒီနေ့ရက်ကိုစောင့်မျှော်နေခဲ့တာ ကြာပြီဖြစ်တဲ့အတိုင်းပင်...

ဒါက ရှန်ကျွင်းရဲ့အတိတ်၊ အလင်းရောင်တစ်စက်မှ မရှိတဲ့ အမှောင်ထုတစ်ခုဖြစ်သလို အထီးကျန်လွန်းပြီးအေးစက်လွန်းသည်။ ရှန်ကျွင်းတစ်ယောက်တည်း ဒါတွေအားလုံးကိုကြံ့ကြံ့ခံခဲ့ရရှာတယ်...

ကျီချောင်ချင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လင်းရူရှုကို ပြောလိုက်သည်။

"အခုကစပြီး ရှင်နဲ့ ကျွန်မကြားမှာ ဘာပူးပေါင်းဆောင်ရွက်မှုမှမရှိတော့ဘူး"

ထိုစကားကိုကြားသောအခါ လင်းရူရှုအံ့သြသွားသည်။

"မိန်းကလေးကျီ... ခင်ဗျား..."

ရုတ်တရက် ဂူထဲမှ ယုတ်မာကောက်ကျစ်သော ရယ်သံတစ်ခုထွက်ပေါ်လာသည်။

" ပြန်လည်မွေးဖွားခြင်းမှန်က တကယ့်ပစ္စည်းကောင်းပဲ၊ မင်းက ဘယ်သူမှမရှိသလိုမျိုး ကောင်းကင်မှာဒီတိုင်းချိတ်ထားတာ... တစ်ယောက်ယောက်ယူသွားမှာမကြောက်ဘူးလား"

ထိုစကားမဆုံးခင်မှာပင် ပြန်လည်မွေးဖွားခြင်း မှန်သည် လေထဲတွင်ပျောက်ကွယ်သွားတော့သည်။

ဂူထဲတွင် လီမင်လော့ပေါ်လာသည်။ သူက မျက်နှာဖုံးတပ်ထားဆဲဖြစ်ပြီး မျက်နှာဖုံးသည် ပိုင်ရှင်၏ဆန္ဒအတိုင်း တွန့်လိမ်နေသောအပြုံးတစ်ခုကိုဖော်ပြနေသည်။

"ရှစ်ကျဲ... ကျွန်တော် ရောက်နေတာကြာလှပြီကို သတိမထားမိဘူးလား၊ ဘယ်လိုဖြစ်လို့ ရှစ်ကျဲရဲ့ သတိဝီရိယတွေ လျော့နည်းလာရတာလဲ"

ကျီချောင်ချင်သည် မျက်မှောင်ကြုတ်လိုက်သည်။

"လီမင်လော့... မြောက်ပိုင်းနယ်မြေမှာ အခု ကျင့်ကြံသူတွေအပြည့်ပဲနော်၊ နင်က ဘယ်လိုသတ္တိနဲ့ပြန်လာရဲတာလဲ"

လီမင်လော့က ယဇ်ပလ္လင်ပေါ်မှ ရှန်ကျွင်းကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"ဘာလို့မလာရဲရမှာလဲ၊ ဂိုဏ်းကလူတွေ မကြာခင် ဒီကို ရောက်လာတော့မှာ၊ ရှစ်ကျဲ မပြေးရင် သူတို့ ရှစ်ကျဲကို အပိုင်းပိုင်းဆွဲဖြဲပစ်ကြလိမ့်မယ်"

ကျီချောင်ချင် ရင်ထိတ်သွားသည်။ ဂိုဏ်းကလူတွေ ရောက်လာရင် ရှန်ကျွင်း အန္တရာယ်ရှိနိုင်တယ်မဟုတ်လား?

ကျီချောင်ချင် မော့ကြည့်လိုက်သည်။

"နင် ဘာပြောချင်တာလဲ"

သူ့ရည်ရွယ်ချက်ကို ကျီချောင်ချင် ရိပ်မိသွားသည်ကိုမြင်သောအခါ လီမင်လော့က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"ရှစ်ကျဲက အမြဲတမ်းဒီလိုပဲ၊ ကျွန်တော့်စိတ်ကို ချက်ချင်းခန့်မှန်းနိုင်တယ်၊ ဒါဆို ကျွန်တော် ရှစ်ကျဲကို အားနာမနေတော့ဘူး"

လီမင်လော့က သူ့ဝတ်ရုံထဲမှ နတ်ဘုရားလက်နက် သုံးခုကိုထုတ်ယူလိုက်သည်။ ဖန်မီးအိမ်၊ ဟွမ်ယွမ်ပုလဲနှင့် ပြန်လည်မွေးဖွားခြင်းမှန်တို့ဖြစ်ကြသည်။ သူကျီချောင်ချင်ကိုမေးလိုက်သည်။

"စတုတ္ထမြောက်နတ်ဘုရားလက်နက် ဘယ်မှာလဲ၊ ရှစ်ကျဲ သာ စတုတ္ထမြောက်လက်နက်ကို ရအောင်ယူပေးမယ်ဆိုရင် ရှန်ကျွင်းကိုကာကွယ်ပေးဖို့ ကျွန်တော်ကူညီပေးမယ်"

နတ်ဘုရားလက်နက်သုံးခုစလုံး လီမင်လော့လက်ထဲ ရောက်နေလိမ့်မည်ဟု ကျီချောင်ချင် ထင်မထားခဲ့ပေ။ သူမကပြောလိုက်သည်။

"နတ်ဘုရားလက်နက်တွေ ဘယ်မှာရှိလဲဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ၊ ဖြစ်နိုင်တာက..."

သူမ စကားမဆုံးခင်မှာပင် ဂူအပြင်ဘက်မှ ဆူညံသံများကိုကြားလိုက်ရသည်။ လီမင်လော့၏ မျက်နှာထား အနည်းငယ်အေးစက်သွားသည်။ သူက ထောင့်မှ လင်းရူရှုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှမစဉ်းစားဘဲ လင်းရူရှု၏ခန္ဓာကိုယ်ကို ဝင်ပူးလိုက်တော့သည်။

လီမင်လော့က လုံးဝနတ်ဆိုးဖြစ်သွားပြီ‌ဖြစ်သောကြောင့် ဝင်ပူးနိုင်ခြင်းအပေါ် ကျီချောင်ချင် မအံ့သြမိပေ။

ကျင့်ကြံသူအုပ်စုကြီးတစ်ခု အဝေးမှနေ၍ ဂူထဲသို့ အလုအ ယက်ဝင်ရောက်လာကြသည်။ သူတို့က ထိုနေရာတွင်ရပ်နေသော ကျီချောင်ချင်ကို တွေ့လိုက်ရပြီး မျက်နှာများတွင် သတိထားမှုနှင့် မုန်းတီးမှုများ ပေါ်လာကြသည်။

ကျီချောင်ချင်၏မျက်နှာထားမှာ တည်ငြိမ်သွားသည်။ သူမ၏လက်က အလိုအလျောက်လှုပ်ရှားလိုက်ရာ ခွင်းလွန်ဓားသည် ယဇ်ပလ္လင်ပေါ်မှ ရုတ်တရက်ပျံဆင်းလာပြီး သူမလက်ထဲသို့ရောက်ရှိလာသည်။

ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ ခွင်းလွန်ဓားက သူမအမိန့်ကိုမနာခံတော့ကြောင်း သိကတည်းက ထပ်မဆင့်ခေါ်ခဲ့ပေ။ ယခုတော့ ပေါ့ပေါ့ပါးပါးခေါ်လိုက်ရုံဖြင့် ရောက်လာခဲ့သည်။

ထို့နောက် ဓားနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုထူးခြားနေသည်ကို သူမသတိပြုမိလိုက်သည်။

သေချာစစ်ဆေးကြည့်လိုက်ရာ ရှန်ကျွင်းက ဓားပေါ်တွင် အစီအရင်တစ်ခုပြုလုပ်ထားကြောင်း တွေ့ရှိလိုက်ရသည်။ ကျီချောင်ချင် ဆင့်ခေါ်လိုက်သည်နှင့် ခွင်းလွန်ဓားက သူမ အမိန့်ကို မဖြစ်မနေနာခံရမည့်အစီအရင်မျိုးဖြစ်သည်။

အစီအရင်၏ဗဟိုချက်မှာ သူမ၏သွေးတစ်စက်ဖြစ်ပြီး သူ မည်သည့်အချိန်ကယူသွားမှန်း သူမ မသိလိုက်ပေ။

"ကျီချောင်ချင်! အခုချက်ချင်း လက်နက်ချစမ်း!"

"နတ်ဆိုးမ! နင့်ချစ်သူကို ငါ့သားအသတ်ခံရအောင် လွှတ် ပေးထားတယ်ပေါ့! ဒီနေ့ နင့်ကို အပိုင်းပိုင်းဆွဲဖြဲပစ်မယ်!"

"နတ်ဆိုးမ! ဒီနေ့က မင်းရဲ့သေနေ့ပဲ!"

ကျီချောင်ချင်က လူအုပ်ကြီး၏ဒေါသထွက်နေသော မျက်နှာများကို ကြည့်လိုက်သည်။ သူမ အပြင်ပန်းတွင်တည်ငြိမ်နေသော်လည်း ရင်ထဲတွင်လေးလံနေသည်။ လူတွေများလွန်းသည်။ သူတို့သာ တိုက်ခိုက်လာလျှင် သူမ၏လက်ရှိအင်အားဖြင့် တားဆီးနိုင်မည်မဟုတ်ပေ။

"ရှင်တို့ပြောနေတာတွေက အကြောင်းပြချက်မရှိပါဘူး၊ ကျွန်မဘေးမှာ ယောကျ်ားတစ်ယောက်ရှိတာမှန်ပါတယ်၊ ဒါပေမယ့် သူက ကျွန်မနဲ့မတူဘူး၊ သူက ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဖူးဘူး၊ ဘာလို့ ရှင်တို့ အားလုံးက သူ့အပေါ်ပုံချနေကြတာလဲ"

လူအုပ်ကြီး၏နောက်ဆုံးမှ ဝမ်းနည်းပူဆွေးသော အသံတစ်ခုထွက်ပေါ်လာသည်။

"ချောင်ချင်... အခုအချိန်ထိ မင်းက ရှန်ကျွင်းကို

ကာကွယ်ပေးနေတုန်းပဲလား"

ထိုအသံကိုကြားသောအခါ လူအုပ်ကြီးကလမ်းဖယ်ပေးလိုက်ကြသည်။

ရှန်တုပိုင်က လူအုပ်ကြီး၏ရှေ့ဆုံးသို့ တည်ငြိမ်စွာ လျှောက်လာသည်။

ရှန်တုပိုင်၏မျက်နှာထားက ကြောက်စရာမကောင်းပေ။ အမှန်တွင် သူ့ရုပ်ရည်ကချောမောပြီး မျက်ဝန်းများကဆွဲဆောင်မှုရှိလွန်းသဖြင့် သူ ကြောက်စရာကောင်းသောပုံစံမျိုးလုပ်ပြသည်ကို ကျီချောင်ချင် တစ်ခါမှမမြင်ဖူးပေ။ သူက အမြဲတမ်း ချောမောခန့်ညားနေတတ်သည်။ သို့သော် ရှန်တုပိုင် နီးကပ်လာသည်နှင့်အမျှ လူတိုင်း အလိုအလျောက် ခေါင်းငုံ့သွားကြပြီး သူ့မျက်လုံးကိုမကြည့်ရဲကြပေ။

ဆရာတော်ချင်းချီက ရှန်တုပိုင်၏နောက်မှ လိုက်ပါလာသည်။

ဆရာတော်ချင်းချီက ပြောသည်။

"ဒကာမလေးကျီ... ဒကာကြီးရှန်ပြောတာ မှန်ပါတယ်၊ ဒကာလေးရှန်ကျွင်းက အဲဒီနေ့တုန်းက နတ်ဆိုးနယ်မြေအပြင်ဘက်မှာ အင်မော်တယ်ဂိုဏ်းက တပည့်တွေအများကြီးကို သတ်ဖြတ်ခဲ့တာပါ၊ ကလေးတွေကိုတောင် မချန်ခဲ့ပါဘူး၊ ဒါ ကိုယ်တော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပါပဲ"

ကျီချောင်ချင်က အစက တခြားသူတွေပြောတာကို မယုံခဲ့ပေ။ ရှန်ကျွင်း လူသတ်မည်ဟု သူမ မယုံကြည်ခဲ့သော်လည်း ဆရာတော်ချင်းချီ၏ကိုယ်ကျင့်တရားကိုတော့ သူမယုံကြည်သည်။ ဆရာတော်ချင်းစီက ဘယ်တော့မှ မဟုတ်မမှန်စွပ်စွဲမည့်သူမဟုတ်ပေ။

ရှန်ကျွင်း လူသတ်တာကိုမြင်သည်ဟု သူပြောပါက ရှန်ကျွင်း တကယ်သတ်ခဲ့တာဖြစ်ရမည်။

ကျီချောင်ချင် ရုတ်တရက်သတိရသွားသည်။ တည်းခိုခန်းမှာ သူမသတိပြန်ရလာတုန်းက ရှန်ကျွင်းမျက်နှာထားက ပုံမှန်မဟုတ်ဘဲ ထူးခြားနေခဲ့သည်။

အမှန်ပင် ဆရာတော်ချင်းချီ ပြောသလို ရှန်ကျွင်းက လူအများကြီးကိုသတ်ခဲ့တာလား?

ကျီချောင်ချင် "ရှန်ကျွင်း လူသတ်တာ မသတ်တာ ကျွန်မဂရုမစိုက်ဘူး၊ သူကိုယ်တိုင်ပြောတာကိုပဲ လိုချင်တယ်၊ တခြားသူတွေပြောတာ ကျွန်မမယုံဘူး"

အတိတ်ကလည်း ကျီချောင်ချင်က ယခုလိုပြတ်သားသည့်စိတ်ဓာတ်နှင့် ရှန်တုပိုင်ဘေးမှာရပ်တည်ပေးခဲ့တာ ဘယ်နှစ်ကြိမ်ရှိခဲ့ပြီလဲ...

ရှန်တုပိုင်၏ရင်ထဲတွင် ခါးသီးမှုတစ်ခုလျင်မြန်စွာ ဖြစ်ပေါ်လာသည်။ သူ သက်ပြင်းချလိုက်ပြီး သနားကရုဏာသက်သည့် ပုံစံဖမ်းလိုက်သည်။

"ချောင်ချင်... မင်း သူလှည့်စားတာခံထားရပြီလို့ ဆရာထင်တယ်၊ ပြန်လာခဲ့ပါ... ပြီးရင် နောင်တချောက်ကမ်းပါးမှာ နှစ်တစ်ရာလောက်သွားနေဖို့ ခွင့်တောင်းလိုက်ပါ"

နှစ်တစ်ရာ နောင်တရခြင်းတဲ့လား ? သူမ သဘောတူမှာမဟုတ်ဘူးဆိုတာ ရှန်တုပိုင် သေချာပေါက်သိသည်။ သူက သူမကို ပိုပြီးစိတ်လိုက်မာန်ပါလုပ်ရပ်တွေလုပ်လာအောင် ရူးချင်ယောင်ဆောင်ပြီး ဆွပေးနေခြင်းသာဖြစ်သည်။ ထိုမှသာ သူမကိုသတ်ဖို့ အကြောင်းပြချက်ရမည်ဖြစ်သည်။

လင်းရူရှု ကိုယ်ထဲ၀င်ထားသော လီမင်လော့ကပြောလိုက် သည်။

"စီနီယာတို့... ဘာလို့ မိန်းကလေးကျီကို ဒီလောက် အတင်း အကျပ် ဖိအားပေးနေကြတာလဲ၊ နားလည်မှုလွဲတာဖြစ်နိုင်ပါတယ်"

လူတိုင်းက သူတို့၏ဓားများကို လင်းရူရှုထံချိန်ရွယ်လိုက်ကြသည်။

ကျင့်ကြံသူမျိုးနွယ်စုထဲမှ အမျိုးသားတစ်ယောက် ထွက်လာပြီး ရွှေရောင်သစ်တုံးတစ်တုံးကိုကိုင်ထားသည်။ သူက သစ်တုံးဖြင့် လင်းရူရှုကို ညွှန်ပြလိုက်သည်။

"ဒီလူက ဝိညာဉ်မျိုးနွယ်စုရဲ့ခေါင်းဆောင်ပဲ၊ သူ့ရဲ့ ဝိညာဉ်မျိုးနွယ်စုက အရင်တုန်းက မြောက်ပိုင်းနယ်မြေမှာ မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့တယ်၊ အခု ငါ ဒီနတ်ဘုရားလက်နက်ကိုသုံးပြီး သူ့ကိုသတ်ပြီး ဝိညာဉ်မျိုးနွယ်စုကိုအမြစ်ဖြတ်ပစ်မယ်!"

လင်းရူရှု၏မျက်လုံးများ ချက်ချင်းအရောင်တောက်သွားသည်။ ထိုလူလက်ထဲမှ ရွှေရောင်သစ်တုံးမှာ နတ်ဘုရားလက်နက် ဖီးနစ်သစ်တုံးဖြစ်နေသည်။

ကျီချောင်ချင်နှင့် လင်းရူရှုတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

လင်းရူရှုက ဘီးတပ်ကုလားထိုင်ကို နတ်ဘုရားလက်နက်ပိုင်ရှင်ထံသို့ အလျင်မလိုဘဲတွန်းသွားလိုက်သည်။

"ဖီးနစ်သစ်တုံးက လောကကြီးကအညစ်အကြေးတွေအားလုံးကို ဖယ်ရှားပေးနိုင်တယ်လို့ ပြောစမှတ်ရှိတယ်၊ နတ်ဘုရားလက်နက်လေးခုထဲက တစ်ခုပေါ့၊ ရှင်က ဒီလောက် ပေါ်ပေါ်ထင်ထင်ထုတ်ပြထားတာ အလုခံရမှာမကြောက်ဘူးလား"

ဝိညာဉ်မျိုးနွယ်စုခေါင်းဆောင် လင်းရူရှုသည် ခြေထောက်မရှိသောဒုက္ခိတတစ်ဦးဖြစ်မှန်း ထိုလူ သိရှိထားပြီးဖြစ်၍ လင်းရူရှုအနားကပ်လာသည်ကိုမကြောက်ပေ။

"ငါ ဖီးနစ်သစ်တုံးကိုရကတည်းက လူသတ်ဖို့ တစ်ခါမှမသုံးဖူးဘူး၊ အခု မင်းနဲ့ကျီချောင်ချင်က ဒီဖီးနစ်သစ်တုံးအောက်မှာ ဝိညာဉ်လွင့်ပါးရမယ့်သူတွေ ဖြစ်လာလိမ့်မယ်... အား"

ရုတ်တရက် ခြေလှမ်းအနည်းငယ်အကွာရှိ လင်းရူရှုကလက်လှမ်းလိုက်ရာ သူ့လက်အင်္ကျီစထဲမှ အနက်ရောင်မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာသည်!

ဆရာတော်ချင်းချီက အလိုအလျောက် ဝင်တားရန် ကြိုးစားလိုက်သော်လည်း လင်းရူရှုက ရုတ်တရက် မျက်လုံးမှိတ် လိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်မှ ထူးဆန်းသောပုံစံဖြင့် မတ်တတ်ရပ်ကာ ဆရာတော်ချင်းချီထံခုန်အုပ်လိုက်သည်။

ဆရာတော်ချင်းချီက လင်းရူရှုကိုဖမ်းထိန်းလိုက်ရာ ခန္ဓာကိုယ်မှာပျော့ခွေနေကြောင်း တွေ့လိုက်ရသည်။ သူပြန်မော့ကြည့်လိုက်သောအခါ အစောက လင်းရူရှုဖြစ်ခဲ့သောသူမှာ လီမင်လော့အဖြစ် ပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။

"လင်းရူရှုကို ဒီနတ်ဆိုးဝင်ပူးထားတာပဲ! အားလုံး သတိထားကြ!"

ဆရာတော်ချင်းချီ၏ စကားသံမဆုံးမီမှာပင် ဖီးနစ်သစ်တုံးကိုင်ထားသော အမျိုးသား၏လက်မှာ လီမင်လော့၏နတ်ဆိုးစွမ်းအင်ကြောင့် စားပစ်ခြင်းခံလိုက်ရပြီး ဖီးနစ်သစ်တုံးမှာ လုယူခံလိုက်ရသည်။

လီမင်လော့က နှာခေါင်းရှုံ့လိုက်သည်။

"လွယ်လိုက်တာ၊ နတ်ဘုရားလက်နက်အကုန်လုံးကို ဒီလောက် လွယ်လွယ်ကူကူ စုဆောင်းနိုင်လိမ့်မယ်လို့ ထင်မထားဘူး"

သူသည် ရပ်တန့်မနေဘဲ ရုတ်တရက်ပင် လက်ကို ကုတ်ခြစ်မည့်ပုံစံပြုလုပ်လိုက်ရာ ရေတွက်မရနိုင်သောနတ်ဆိုးစွမ်းအင်များက ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားကြသည်။ သူက ယဇ်ပလ္လင်ကို

ဖျက်ဆီးမလို့လား!

ရှန်ကျွင်း အဲဒီအပေါ်မှာ ရှိနေသေးတယ်လေ!

ကျီချောင်ချင်သည် အလိုအလျောက် ခုန်တက်လိုက်ပြီး လီမင်လော့၏ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုကို လေထဲတွင် ကိုယ်ဖြင့်ဝင်ရောက်ကာဆီးလိုက်သည်။

ချက်ချင်းပင် ကျီချောင်ချင်၏ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားကာ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

သူမ၏ကိုယ်တွင်းအင်္ဂါများအားလုံး ကြေမွပျက်စီးသွားသည်။

ကျီချောင်ချင်သည် ရှန်ကျွင်းအတွက် ဒီလောက်ထိ စွန့်စားလိမ့်မည်ဟု လီမင်လော့ထင်မထားခဲ့ပေ။ သူ ခဏတာမှင်သက်သွားပြီးနောက် ပြေးလာကာ ဒူးထောက်ချလိုက်ပြီး ကျီချောင်ချင်ကိုပွေ့ဖက်လိုက်သည်။

"ကျီချောင်ချင်.... မင်းက အရူးမပဲ! ရှန်ကျွင်းအတွက်နဲ့ အသေခံချင်တယ်ပေါ့!"

ကျီချောင်ချင် ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်တော့ပေ။ ကိုယ်တွင်းအင်္ဂါများသာမက သူမ၏ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံး ကြေမွပျက်စီးကုန်ပြီ။ သွေးများက သူမ၏မျက်နှာပေါ်ရှိ ဒွာရခုနစ်ပေါက်မှစီးကျလာပြီး အမြင်အာရုံများ ဝါးတားတားဖြစ်လာသည်။

ဒါက တကယ် သာမန်လူသာခန္ဓာကိုယ်ပဲ၊ နတ်ဆိုးတစ်ကောင်ရဲ့တိုက်ခိုက်မှု တစ်ချက်ကိုတောင်မခံနိုင်ဘူး၊ စာရွက်တစ်ရွက်လို ကျိုးပဲ့လွယ်လွန်းတယ်...

ရှန်ကျွင်းက အသက်တွေ အများကြီးကယ်ခဲ့ဖူးပြီး အခုသူမက ရှန်ကျွင်းကို တစ်ကြိမ်ပြန်ကယ်ပေးလိုက်တာပဲ...

ကျီချောင်ချင်သည် ဝေဝါးနေသောအသိစိတ်ထဲတွင်

လီမင်လော့ မျက်ရည်ကျနေသည်ကို မြင်နေရသလိုပင်။ သူက သူ့နတ်ဆိုးစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် အတင်းပြောင်းလဲပြီး သူ့ခန္ဓာကိုယ် ဝိညာဉ်စွမ်းအင်များကြောင့် ထိခိုက်မည်ကိုဂရုမစိုက်ဘဲ သူမခန္ဓာကိုယ်ထဲ အသည်းအသန်ထည့်ပေးနေသည်။

ကျီချောင်ချင် မျက်တောင်ကို ခက်ခက်ခဲခဲခတ်လိုက်သည်။ ရှန်တုပိုင်က သူမဆီအမြန်လျှောက်လာနေသည်ကိုလည်း မြင်နေရသလိုပင်။

အချိန်မရှိတော့ဘူး...

ကျီချောင်ချင် ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်ပြီး လီမင်လော့ကိုကြည့်လိုက်သည်။ သူမ၏တုန်ရီနေသောလက်က သူ့မျက်နှာကိုလှမ်းထိလိုက်သည်။

"လီမင်လော့..."

နောက်တစ်ခဏတွင် ကျီချောင်ချင် မျက်နှာဖုံးကိုဖောက် ထွင်းပြီး လီမင်လော့၏မျက်လုံးကို ထိုးဖောက်လိုက်တော့ သည်။

🍃 Chapter 130

တချိန်တည်းမှာပင် ကျီချောင်ချင်က ကျန်လက်တစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ လီမင်လော့၏ နာကျင်စွာအော်ဟစ်သံများနှင့်အတူ နတ်ဘုရားလက်နက်လေးခုသည် ရုတ်တရက်လေထဲသို့ ပျံတက်သွားပြီး တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

ချက်ချင်းပင် ထိုလက်နက်လေးခုသည် စွမ်းအားအစုအဝေးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဥက္ကာပျံတစ်ခုအလား ကျီချောင်ချင်၏ရင်ဘတ်ထဲသို့ ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း ကျီချောင်ချင်ကို ဝိညာဉ်စွမ်းအင်များလွှမ်းခြုံသွားပြီး လီမင်လော့နှင့် လူချင်းကွဲသွားသည်။ သူမ၏သွေးကြောများနှင့် ဝိညာဉ်ကြောများ ပြန်လည်တည်ဆောက်ခြင်းခံလိုက်ရပြီး ပြည့်ဝလုံလောက်သော သန့်စင်သည့်ဝိညာဉ်စွမ်းအင်များက သူမအနီးတွင်စီးဆင်းသွားကြသည်။

ရုတ်တရက် အခြေအနေပြောင်းလဲသွားမှုကို လူတိုင်း မယုံနိုင်စွာငေးကြည့်နေကြသည်။ သူတို့ကို ဝန်းရံထားသော ကြီးမားလှသည့်ဝိညာဉ်စွမ်းအင်များက မွန်းကျပ်လုနီးပါးဖြစ်စေပြီး အများစုမှာ ထိုဖိအားကြောင့် ဒူးထောက်ချချင်စိတ်ပေါက်လာကြသည်။ သူတို့အားလုံး တပြိုင်နက်တည်း ခံစားလိုက်ရသည်မှာ ပြိုင်ဘက်ကင်းကျင့်ကြံခြင်းအဆင့်ရှိပြီး နတ်ဆိုးစစ်ပွဲကို တစ်ယောက်တည်းအဆုံးသတ်ခဲ့သော စစ်နတ်ဘုရားမ ပြန်လာပြီဟူ၍ပင်။

ကျီချောင်ချင်မျက်လုံးဖွင့်လိုက်ပြီး လည်ပင်းကို သက်တောင့်သက်သာလှည့်ကာ အကြောဆန့်လိုက်သည်။

ခံစားလို့ကောင်းလိုက်တာ၊ ဒီလောက်ပြည့်စုံတဲ့ ခံစားချက်မျိုး မရတာကြာပြီပဲ…

လီမင်လော့သည် မြေကြီးပေါ်တွင် လဲလျောင်းနေရာမှ အဆုံးတွင် အမှန်တရားကိုသဘောပေါက်သွားတော့သည်။

"ရှစ်ကျဲ... ရှစ်ကျဲရဲ့စွမ်းအားတွေကို နတ်ဘုရားလက်နက်ထဲမှာ ချိပ်ပိတ်ထည့်ထားတာကိုး! ခုနက ရှန်ကျွင်းကိုကာကွယ်ပေးတယ်ဆိုတာ ကျွန်တော့်အာရုံကိုလွှပြီး လက်နက်ကိုပြန်ယူဖိုသက်သက်ပဲ!"

ကျီချောင်ချင်သည် သက်ပြင်းတစ်ချက် ဖွဖွမှုတ်ထုတ်လိုက်သည်။

"ဟုတ်တယ်... လီမင်လော့၊ နင် သဘောပေါက်တာ သိပ်မနောက်ကျပါဘူး၊ ဒါပေမယ့် တစ်ခုတော့မှားနေတယ်၊ ငါ့စွမ်းအားတွေကို နတ်ဘုရားလက်နက်ထဲ ချိပ်ပိတ်ထည့်ထားတာ မဟုတ်ဘူး၊ နတ်ဘုရားလက်နက်ကိုယ်တိုင်က

ငါ့စွမ်းအားတွေပဲ"

ထိုစကားကြောင့် လူအုပ်ကြီးဆူညံသွားသည်။

နတ်ဘုရားလက်နက်၏စွမ်းအားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို ကောင်းကောင်းကြီးသိထားကြသည်။ သိုသော် ထိုကြောက်မက်ဖွယ်စွမ်းအားက ကျီချောင်ချင်၏မူလစွမ်းအားများ ဖြစ်နေသည်တဲ့လား!

"ဘယ်... ဘယ်လိုလုပ်ကြမလဲ"

"သူ့ကို စောစောကတည်းက သတ်ပစ်ခဲ့သင့်တာ၊ အခု ငါတိုထဲက ဘယ်သူမှ သူ့ကိုမယှဉ်နိုင်တော့ဘူး၊ ငါတိုဘာလုပ်ကြမလဲ"

"ဘိုးဘေး... ဘိုးဘေးက သူ့ကို နိုင်မှာသေချာပါတယ်၊ ဒါပေမယ့် ဘိုးဘေးက..."

ရှန်တုပိုင် မျက်နှာထားက မည်းမှောင်သွားသည်။

"ချောင်ချင်... မင်း ဆရာ့ကို တော်တော်စိတ်ပျက်စေတာပဲ"

ကျီချောင်ချင် ရယ်မောလိုက်သည်။

"ဆရာ... ဆရာကိုယ်တိုင်က စွမ်းအားကို ဒီလောက် လိုချင်မက်မောနေတာလေ၊ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ခြေရာကို ဘယ်လိုလုပ်မနင်းဘဲနေမလဲ"

ရှန်တုပိုင်က သူ မချေဖျက်နိုင်သောစွမ်းအားများကို အစီအရင်ဗဟိုချက်ထဲတွင် သော့ခတ်ထားခဲ့ပြီး ကျီချောင်ချင်ကမူ သူမ၏စွမ်းအားများကို နတ်ဘုရားလက်နက်ထဲတွင် သော့ ခတ်ထားခဲ့သည်။ ထိုတင်မကသေးဘဲ သူမက ရှန်တုပိုင်ထက်ပင် ပိုရူးသွပ်ကာ နတ်ဘုရားလက်နက်အကြောင်းကို ဘုံခြောက်ခု မှတ်တမ်းတွင်ရေးမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့သည်။ ထိုကြောင့် ဘုံခြောက်ခုရှိ နတ်ဘုရားလက်နက်ကိုစိတ်ဝင်စားသူများလှုပ်ရှားလာကြပြီး လက်နက်ကိုလုယူရန် တိုက်ခိုက်ကြသဖြင့် ဘုံခြောက်ခုလုံး ပရမ်းပတာဖြစ်ခဲ့ရသည်။

သူတိုနှစ်ယောက်သည် တချိုနေရာများတွင် တော်တော်တူညီကြပြီး ဆရာတူ တပည့်တူ ပီသလှပါပေသည်။

ရှန်တုပိုင်က အေးစက်စွာပြောလိုက်သည်။

"အဲဒီတုန်းက မင်းကို ငါမကယ်ခဲ့သင့်ဘူး ကျီချောင်ချင်၊ မင်းကိုကယ်လိုက်တာက ဘုံခြောက်ခုလုံးကို ကပ်ဘေးဆိုက်စေမယ်မှန်းသာ သိခဲ့ရင်... မင်းကို မြင်မြင်ချင်းသတ်ပစ်ခဲ့မှာ"

ထိုစကားများက ဟန်ဆောင်လွန်းအားကြီးလှသည်။ မနေ့ညကမှ ရှန်တုပိုင်နဲ့ကျီချောင်ချင် တစ်ယောက်နဲ့တစ်ယောက် ဝန်ခံခဲ့ကြသေးသည်။ အစက သူမကိုကယ်ခဲ့တာက အပျင်း ပြေသက်သက်ဆိုပေမယ့် အခုကျ လူအများကြီးရှေ့မှာ ကိုယ်ကျင့်တရားကောင်းမွန်သယောင် ဟန်ဆောင်နေပြီး ရွံစရာကောင်းလွန်းသည်။

ရှန်တုပိုင်စကားပြောနေစဉ်တွင် မြေကြီးပေါ်၌ လဲလျောင်းနေသော လီမင်လော့ ရုတ်တရက်ပျောက်ကွယ်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။ ထိုအတူ အဝေးတစ်နေရာတွင် သတိမေ့နေသော လင်းရူရှုလည်း ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

ကျီချောင်ချင် ရယ်မောလိုက်သည်။

"သတ်လေ... သတ်လိုက်စမ်းပါ၊ နတ်ဆိုးစစ်ပွဲကို ဘယ်သူမှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး၊ နတ်ဆိုးအင်အားစုတွေဝိုင်းလာတဲ့အခါ ဂိုဏ်းထဲက ဘယ်သူမှ ဆရာ့ကိုဝင်ကယ်ရဲမှာမဟုတ်ဘူး၊ ဆရာသေသွားလိမ့်မယ်... ကမ္ဘာလောကကြီးလည်း အဆုံးမရှိတဲ့ စစ်ပွဲတွေနဲ့ ထာဝရနစ်မွန်းသွားလိမ့်မယ်၊ အင်မော်တယ်ကျင့်ကြံသူတွေနဲ့ နတ်ဆိုး၊ ဘီလူး၊ တစ္ဆေ မျိုးနွယ်စုတွေရဲ့တိုက်ပွဲမှာ နတ်ဆိုးအင်အားစုတွေ အနိုင်ရသွားမလားပဲ"

လူတိုင်း ကျီချောင်ချင်၏စကားကို ငြင်းပယ်ချင်ကြသော် လည်း ကျီချောင်ချင်ပြောတာ မှန်နေကြောင်း ဝန်မခံချင်ဘဲဝန်ခံနေရသည်။ သူမ မရှိဘဲနှင့် နတ်ဆိုးချေမှုန်းရေးစစ်ပွဲက ဘယ်တော့မှပြီးဆုံးမည်မဟုတ်ပေ။ ရုတ်တရက် ရှန်တုပိုင်ကပြောလိုက်သည်။

"ဒါဆိုဘာဖြစ်လဲ၊ ကောင်းကင်ဘုံက နတ်ဆိုးတွေကို ကြီးစိုးခွင့်ပေးမှာမဟုတ်ဘူး၊ နတ်ဆိုးချေမှုန်းစစ်ပွဲရဲ့ အောင်မြင်မှုက အင်မော်နယ်ကျင့်ကြံသူတွေအတွက်ပဲဖြစ်ရမယ်၊ ကျီချောင်ချင်... မင်းက သိပ်မောက်မာလွန်းတယ်၊ မင်းကို ငါသည်းမခံနိုင်တော့ဘူး!"

ရှန်တုပိုင်က ကျီချောင်ချင်နှင့် ပတ်သက်မှုကိုဖြတ်တောက် ရန်ရည်ရွယ်နေကြောင်း လူအုပ်ကြီး သဘောပေါက်လိုက်ကြသည်။ ထိုအပြင် မဟာယာနအဆင့်ကျင့်ကြံသူ ဆရာတော်ချင်းချီ ရှိနေသည်ဖြစ်ရာ သူတို စိတ်ဓာတ်များ ပိုမိုခိုင်မာလာကြသည်။

"ဟုတ်တယ်! ကျီချောင်ချင် သေသင့်တာကြာပြီ!"

"ဒီနတ်ဆိုးမက လူတွေအများကြီးသတ်ခဲ့တယ်! ပြီးတော့ ငါတိုကိုအရူးလုပ်ကစားခဲ့သေးတယ်! သူ့ကို လုံးဝလွှတ်ပေးလိုမဖြစ်ဘူး!"

"တရားမျှတမှုအတွက် ဘိုးဘေးကိုတောင်းဆိုပါတယ်! ကျွန်တော့်သားက သူ့ချစ်သူ လက်ချက်နဲ့သေခဲ့ရတာ... ဒီအရှက် တကွဲဖြစ်ရတာကို ကျွန်တော် မခံစားနိုင်ဘူး! ဒီကလဲ့စားကိုမချေရရင် ကျွန်တော် သေပျော်မှာမဟုတ်ဘူး!"

လူအုပ်ကြီးမှာ တရားမျှတပုံဖြင့် ဒေါသများဖြင့်ပြည့်နှက်နေကြသည်။ သူတိုအားကိုးနေရသော ရှန်တုပိုင်သည် ထျန်းရွှမ်ဂိုဏ်း၏ဘိုးဘေးသာမက နတ်ဆိုးမျိုးနွယ်စု၏သခင်ကြီးဖြစ်ပြီး လီမင်လော့၏ဆရာဖြစ်ကြောင်း မည်သူမျှမသိကြပေ။

ရှန်တုပိုင်ကို သူတို့ မိုက်မဲစွာကာကွယ်ပေးနေကြခြင်းမှာ ရယ်စရာပင်ကောင်းနေသည်။ နောင်တစ်ချိန် ရှန်တုပိုင်၏ သရုပ်မှန်ကိုသိသွားကြလျှင် ဖြစ်ပျက်မည့်အခြေအနေမှာ အလွန်ရယ်စရာကောင်းပေလိမ့်မည်။

ရှန်တုပိုင်က ယဇ်ပလ္လင်ပေါ်မှ ရှန်ကျွင်းကိုကြည့်လိုက်သည်။ ရှန်ကျွင်း၏မျက်ခုံးများ တွန့်ချိုးနေပြီး တစ်စုံတစ်ခုကို ခုခံနေသကဲ့သို့ဖြစ်နေသည်။ သူက လမင်းကြီးတစ်စင်းပမာအေးမြပြီး သီးသန့်ဆန်သောစိတ်နေသဘောထားဖြင့် အလွန်တရာချောမောလှသည်။ သူ့ ဂရုမစိုက်တတ်သောအမူအရာမှလွဲ၍ ရန်လိုသည့်ပုံစံမရှိပေ။ ဤသည်မှာ ကျီချောင်ချင် အကြိုက်ဆုံးပုံစံမျိုးပင်ဖြစ်သည်။

ရှန်တုပိုင် အကြည့်က ရှန်ကျွင်းအပေါ် ကျရောက်နေသည်ကိုမြင်သောအခါ ကျီချောင်ချင် မျက်လုံးထဲ ရက်စက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပြန်ပြုံးလိုက်သည်။

"ဆရာ... ကျွန်မလုပ်ခဲ့တာတွေထဲမှာ ဆရာ့ကိုပိုပြီး စိတ်ပျက်သွားစေမယ့် ကိစ္စတွေရှိသေးတယ်... နားထောင်ချင်လား"

ကျီချောင်ချင်က ရှန်တုပိုင်ဘေးရှိ လင်းရူရှုကိုပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး အပြုံးကပိုမိုနက်ရှိုင်းလာသည်။

"ဆရာ မသိဘူးမလား၊ အဲဒီတုန်းက ကျွန်မ ဆရာ့ကို အရမ်းချစ်ခဲ့တာလေ... ဒါပေမယ့် ဆရာ့ကိုချစ်တဲ့အချစ်က တစ် ဖက်သတ်ဖြစ်နေခဲ့တယ်၊ ဒါကြောင့် တစ်ခါအပြင်ထွက်တုန်းက သာမန်လူသားဖြစ်နေသေးတဲ့ လီမင်လော့နဲ့တွေ့ခဲ့တယ်၊ သူ့မျက်ဝန်းတွေက ဆရာ့မျက်ဝန်းတွေနဲ့တော်တော်တူတာပဲ၊ ဒါကြောင့် သူ့ကို ဂိုဏ်းဆီခေါ်လာပြီး ကောင်းကောင်းစောင့် ရှောက်ပေးခဲ့တယ်၊ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ ခံစားချက်တွေနဲ့ ကာကွယ်ပေးမှုတွေအားလုံးက... သူက ဆရာနဲ့တူနေလို့ပါပဲ"

ထိုတစ်ခဏအတွင်း လူတိုင်း၏မျက်ဝန်းများ ထူးဆန်းသွားကြသည်။

လင်းရူရှု မျက်နှာပေါ်တွင် အရှက်ရမှုများဖြတ်ပြေးသွားသည်။ သူ မသိလိုက်ဘဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပြီး ရှန်တုပိုင်ကိုကြည့်သော အကြည့်များတွင် အမုန်းတရားများပြည့်နှက်နေသည်။ အမှန်တွင် လီမင်လော့သည် ရှန်တုပိုင်၏လက်အောက်ငယ်သားမှန်း သိကတည်းက ကျီချောင်ချင် ထိုအကြံကို သူ့ခေါင်းထဲ မသိမသာရိုက်သွင်းပေးနေခဲ့ခြင်းဖြစ်သည်။ လီမင်လော့ သူမကို ကြိုက်နေမှန်း သူမသိသည်။

လီမင်လော့ကမာနကြီးပြီး ဘဝင်မြင့်သူတစ်ယောက်ဖြစ် သည်။ သူက တခြားလူတစ်ယောက်ရဲ့ အစားထိုးဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူးဆိုတာ ကျီချောင်ချင်သိသည်။ ထို့ကြောင့် လီမင်လော့နှင့် ရှန်တုပိုင်ကြားသွေးခွဲဖို့အတွက် ဤနည်းလမ်းကအကောင်းဆုံးဖြစ်သည်။

ကျီချောင်ချင်သည် ပိုပိုပြီးကျေနပ်လာကာ သူမ၏ စကားများက ပိုမိုစိတ်ပါဝင်စားလာသည်။

"ဆရာ... အရင်က ကျွန်မ ဆရာ့ကို တကယ် သဘောကျခဲ့တာပါ၊ ဒါပေမယ့် ဆရာက ယောက်ျားလေးတွေကိုစိတ်ဝင် စားတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှထင်မထားခဲ့ဘူး၊ မနေ့ညက အဲဒီကောင်လေးနှစ်ယောက်နဲ့ တစ်ညလုံး အချစ်စခန်းဖွင့်နေကြတာလေ... မြင်ရတာ ရင်တောင်နာတယ်၊ စကားမစပ်... အဲဒီကလေးနှစ်ယောက်ရော ဘယ်ရောက်သွားပြီလဲ၊ နှုတ်ပိတ်ဖို့အတွက် သတ်ပစ်လိုက်ပြီလား?"

လူအုပ်ကြီး၏အကြည့်များ ပိုမိုထူးဆန်းလာသည်။ မနေ့ညကဖြစ်ရပ်များကို မည်သူမျှ ထုတ်မပြောရဲကြသဖြင့် တမင်လျစ်လျူရှုထားခဲ့ကြခြင်းဖြစ်သည်။ အခု ကျီချောင်ချင်က ထုတ်ပြောလိုက်ပြီဖြစ်ရာ သူတို့က ဂရုမစိုက်သလိုနေနေကြသော်လည်း အမှန်တွင်တော့ ရှန်တုပိုင်၏အဖြေကိုစောင့် မျှော်နေကြသည်။

မည်သို့ပင်ဖြစ်စေ မနက်တုန်းက ထိုကလေးနှစ်ယောက်၏ အဖေမှာ ရှန်တုပိုင်နေ‌သောနေရာဆီ အပြေးအလွှားသွားတာကို လူတိုင်းမြင်လိုက်ကြသည်။ ယခုတော့ သားအဖသုံးယောက်စလုံးကို မတွေ့ရတော့လို့ ဖြစ်နိုင်တာက...

လူတိုင်း ကိုယ်စီထင်ကြေးပေးနေကြသော်လည်း ထုတ်မပြောရဲကြပေ။ သံသယများ လေထဲတွင်ပြည့်နှက်နေသည်။

ရှန်တုပိုင်ပြုံးလိုက်သော်လည်း သူ့မျက်ဝန်းထဲ အပြုံးရိပ်မရှိပေ။ သူ့မျက်လုံးများက နက်ရှိုင်းအေးစက်သောရေကန်ကြီးလို ဒေါသများဖြင့်ဆူပွက်နေသည်။

ကျီချောင်ချင်က ရန်စသောအပြုံးဖြင့် ပြုံးပြလိုက်သည်။ ရုတ်တရက် ရှန်တုပိုင်သည် ကျီချောင်ချင်ကို တိုက်ခိုက်လိုက်သည်။

ရှန်တုပိုင်ကိုသိလာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ကြောင့် သူ့ရည်ရွယ်ချက်ကို ကျီချောင်ချင် မည်သို့မသိဘဲနေမည်နည်း။ သူမ ချက်ချင်းပင် ခွင်းလွန်ဓားကိုဆွဲထုတ်ပြီး ပြန်လည်ခုခံလိုက်သည်။ သို့သော် နှစ်ယောက်သားတစ်ကွက်သာ အပြန်အလှန်တိုက်ခိုက်လိုက်ရသေးသည်။ သူတို့ ထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတုန်ဟီးသွားကာ လူတိုင်း လွင့်စင်ကုန်ကြသည်။

ကျီချောင်ချင် ယဇ်ပလ္လင်ဘေးရှိ မြွေခေါင်းကြီးပေါ်သို့ကျရောက်သွားသည်။ ထိုနေရာတွင် လှိမ့်ဝင်လာသော ဝိညာဉ်စွမ်းအင်အားလုံးကို သူမ ဖိနှိပ်ထားလိုက်ပြီး ယဇ်ပလ္လင်၏ အထိခိုက်လွယ်ဆုံး အစိတ်အပိုင်းကို မပျက်စီးအောင်ကာကွယ်ထားလိုက်သည်။

ကျီချောင်ချင်က ယဇ်ပလ္လင်ကိုမဖောက်ထွင်းနိုင်အောင် ကာကွယ်ထားသည်ကိုမြင်သောအခါ ရှန်တုပိုင်မျက်လုံးများ ပိုမိုမည်းမှောင်သွားသည်။

All Chapters