အခန်း (၁၈)
Vol. 2 Ch. 18
ထိုအချိန်တွင် လူတစ်ယောက်သည် အစီအရင် အပြင်ဘက်မှ ဖြည်းညှင်းစွာ တွားသွားလာခဲ့သည်။ သူသည် နောင်တရ ချောက်ကမ်းပါး ပြိုကျပြီးနောက် ပျောက်ကွယ် သွားခဲ့သော လီမင်လော့ပင်။ သူ့ ခြေထောက်များသည် ကျိုးပဲ့နေပြီး မျက်စိလည်း ကန်းနေသလို ဝိဉာဉ်စွမ်းအင်လည်း မရှိတော့ပေ။သူသည် သွေးများ စိုရွှဲလျက်တရွတ်တိုက် တွားသွားထွက်လာသောကြောင့် သူဖြတ်သန်းခဲ့သော နေရာတိုင်းတွင် သွေးစီးကြောင်းတစ်ခု ကျန်ရှိနေသည်။
လီမင်လော့သည် ကျီချောင်ချင် ဆီသို့ တွားသွားလာပြီး အလွန်သနားစရာကောင်းပုံဖြင့် "ရှစ်ကျဲ... ကျွန်တော် အမြဲတမ်း နာကျင်ရမှာကို ကြောက်တယ်၊ ကျွန်တော် ရှစ်ကျဲနဲ့ပဲ အတူသေချင်တယ်၊ ဒါမှ နာကျင်မှုကို မခံစားရမှာ၊ ရှစ်... ရှစ်ကျဲက လှပတဲ့သူတွေကို အချစ်ဆုံးပဲမလား၊ ရှစ်ကျဲ ကျွန်တော့် မျက်လုံးတွေကိုလှတယ်လို့ပြောခဲ့ပြီး တစ်ချိန်က ကြိုက်ခဲ့ဖူးတယ်လေ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုရှစ်ကျဲနဲ့အတူ သေခွင့်ပြုပါလား? ကျွန်တော် တောင်းပန်ပါတယ် ရှစ်...ရှစ်ကျဲရယ်၊ ရှစ်ကျဲ ကျွန်တော်နဲ့ အမြဲတမ်း အတူရှိမယ်လို့ ပြောခဲ့တယ်လေ..."
ကျီချောင်ချင် ပြုံးလိုက်သည်။ သူမ၏ သွေးနီရောင် စကတ်သည် လေထဲ လွင့်နေပြီးမယုံနိုင်လောက်အောင် လှပနေသည်။
"ရှစ်တိ...နင် ရောက်လာပြီပဲ၊ ငါ အရမ်းပျော်တယ်"
ညသည် နက်ရှိုင်းနေပြီး ကျီချောင်ချင်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ သူမ ထိန်းချုပ်ရန် ကြိုးစားသော်လည်း အနည်း ငယ်သာ အသုံးဝင်သည်။ လေတိုက်တာကိုပင် သူမ မခံနိုင် ဖြစ်နေသည်။
အရမ်းကို နာကျင်လွန်းတယ်...
နှစ်တစ်ရာလုံးလုံး သူမသည် နေ့စဉ် ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရပြီး ထိန်းချုပ်မှု လွတ်သွားကာ ရူးသွပ်တော့မလို ခံစားခဲ့ရသည်။
ဤအချိန်မှာ ကျီချောင်ချင်သည် ရယ်ချလိုက်သည်။
"နင်တို့ရဲ့ နာကျင်မှုက ငါနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး၊ ငါ ရှစ်နှစ်သမီးအရွယ်မှာ ဖခင်ကိုဆုံးရှုံးခဲ့ရတယ်၊ပြီးတော့ ငါ့ဆရာက ငါ့ကို ခေါ်ယူခဲ့တယ်၊သူက ငါ့ကို ကြီးသူကိုရိုသေဖို့၊ငယ်သူကိုလေးစားဖို့နဲ့ လူသားတွေအတွက် အသက်ရှင်ဖို့ သင်ပေးခဲ့တယ်၊ငါ ဂိုဏ်းအတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့တယ်၊ ထျန်းရွှမ်ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင် သမိုင်းအုတ်မြစ်ကို ငါ ဖျက်ဆီးမိမှာကို ကြောက်ခဲ့တယ်"
"နတ်ဆိုးတွေနဲ့ သရဲမျိုးနွယ်တွေရဲ့ ကမ္ဘာကို ဖျက်ဆီးတုန်းက ငါ သူတို့ အားလုံးကို တံဆိပ်ခတ်ခဲ့တယ်၊ ဒီအတွက် ငါ့ရဲ့ ဝိဉာဉ်စွမ်းအင်တွေ ပျက်စီးခဲ့ရပြီး ငါ့ခန္ဓာကိုယ်ကို မကောင်းတဲ့စွမ်းအင်တွေ ၀င်ရောက်လာခဲ့တယ်၊နှစ်တစ်ရာလုံးလုံး ငါ ညတိုင်း အရှင်လတ်လတ် မီးရှို့ခံရသလို နာကျင်မှုကိုခံစားခဲ့ရတာ၊ ဒါပေမဲ့ ငါ မသေနိုင်ခဲ့ဘူး၊ မျိုးနွယ်စု သုံးခုကို တံဆိပ် ခတ်ထားတဲ့ အဓိက အစီအရင်မျက်လုံးကို ပိုင်ဆိုင်ထားတာ၊ ငါ သေသွားရင် ကမ္ဘာကြီးက ဘာဖြစ်သွားမလဲ?"
ကျီချောင်ချင်သည် ကျောက်တုံးပေါ်တွင် ထိုင်နေသည်။တစ်ချိန်က ကမ္ဘာကိုကယ်တင်ခဲ့သူ စစ်နတ်ဘုရားသည် ယခုအခါ အစီအရင် အတွင်းမှ လူများကို ကြည့်နေပြီး သူတို့၏ နာကျင်စွာ အော်ဟစ်သံများကို နားထောင်နေသည်။သူမ၏ နှလုံးသားသည် ထုံကျင်နေသည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီ စွန့်လွှတ်အနစ်နာခံမှုတွေ အားလုံးက ဂိုဏ်းအတွက်၊သက်ရှိအားလုံးအတွက်လို့ ငါ ထင်ခဲ့တာ ဒါပေမဲ့ ရှင်တို့က ဒါတွေကို အလေးမထားခဲ့ကြဘူး၊ ကျွန်မ ယူဆောင်လာခဲ့တဲ့ ငြိမ်းချမ်းမှုကို ရှင်တို့က အေးအေးဆေးဆေး ခံစားနေကြတယ်၊ ကျွန်မကပဲ အရာအားလုံးအတွက် အလျှော့ပေးသင့်တယ်လို့ ယူဆကြတယ် ဘာကြောင့်လဲဆိုတော့ ကျွန်မက ကမ္ဘာကြီးအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ခဲ့လို့လေ၊ ဒါကြောင့် ရှင်တို့က လင်ရှန်းရှန်းကို ကျွန်မ သဘောမကျတာကိုတောင်သည်းမခံနိုင်ကြဘူး၊ သူရဲကောင်းဆိုတာက ကိုယ့်ဘက်ကိုယ် မကြည့်သင့်ဘူး ရှင်တို့လိုချင်တဲ့အရာတိုင်းကို ပေးသင့်တယ်လို့ထင်ကြတယ်၊ သူရဲကောင်းမှာက ကိုယ်ပိုင်ဆန္ဒတွေရှိနေရင် သူရဲကောင်းလို့ ဘယ်ခေါ်တော့မလဲ ?"
ထိုစဥ်က နတ်ဆိုး၊ သရဲမျိုးနွယ်၊ ဘီလူးမျိူးနွယ် တို့ကို စည်းတံဆိပ် ခတ်ခဲ့သော ကျီချောင်ချင်သည် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် သာရှိသေးသည်။ သူမသည် ညတိုင်း နာကျင်မှုကို ခံခဲ့ရသည်။ တိတ်ဆိတ်စွာ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။ ရင်ဖွင့်စရာ သူငယ်ချင်းမရှိသလို နှစ်သိမ့်ပေးမည့် အကြီးအကဲလည်း မရှိပေ။ သူမသည် ပျက်စီးနေသော ရေခဲတောင်ထိပ်တွင် တစ်ယောက်တည်း နေခဲ့ပြီး အပြင်သို့ ထွက်ခဲသည်။ ထို့ကြောင့် လူအများအပြားသည် ကျီချောင်ချင်၏အနစ်နာခံမှုကို တဖြည်းဖြည်း မေ့လျော့ လာခဲ့ကြသည်။
အချိန်ကြာ လာသည်နှင့်အမျှ လူများသည် မကောင်းသောလမ်းစဉ်၏ ထိန်းချုပ်မှုခံရမည့် ကြောက်ရွံ့မှုမှ တဖြည်း ဖြည်း လွတ်မြောက်လာခဲ့ကြသည်။ သူတို့သည် ကျီချောင်ချင်၏စွန့်လွှတ်အနစ်နာခံမှု စိတ်ဓာတ်ကိုမမေ့ခဲ့ကြသော် လည်း သူမ၏စွန့်လွှတ်မှုကို တဖြည်းဖြည်းမေ့လျော့လာခဲ့ကြသည်။ ထိုအချိန်မှာ ပြဿနာများဖြစ်လာတော့သည်။
"အကြီးအကဲ ကျီ၊ကျွန်တော် ခင်ဗျားရဲ့ တပည့်ဖြစ်ချင်တယ်၊ခင်ဗျား ဆန္ဒရှိရဲ့လား? ဆန္ဒမရှိဘူးလား? ခင်ဗျား ဆန္ဒမရှိဘူးဆိုရင် ဘာလို့ နေမကောင်းဘူးလို့ ပြောနေရတာလဲ၊ခင်ဗျား အဲ့လိုတော့လာမနောက်နဲ့ဗျာ"
"စစ်နတ်ဘုရား... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပါ!တိုင်းပြည်မှာ နှစ်စဉ် ဘေးအန္တရာယ်တွေ ခံစားနေရပါတယ်၊လူတွေလည်း နှစ်ပေါင်းများစွာ စပါးရိတ်သိမ်းမှုမရှိဘူး၊ ကျွန်တော်တို့ဘာလုပ်ရမလဲ၊ ဘယ်လို? ခင်ဗျားက ကျွန်တော် တိုင်းပြည်ကို အုပ်ချုပ်တာမကောင်းလို့ အခုလိုဖြစ်တယ် ပြောနေတာလား၊ စစ်နတ်ဘုရားက ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတာတွေ ပြောနိုင်တာလဲ!"
"အကြီးအကဲကျီ... ကျွန်တော်တို့ သမီးရဲ့ မင်္ဂလာဆောင်အတွက် ဆုတောင်းပေးဖို့ တောင်းဆိုချင်တယ်၊ ဘာလို့ ငြင်းနေတာလဲ? ကျွန်တော်တို့ကို အထင်သေးနေတာလား? နတ်ဆိုး ချေမှုန်းရေးစစ်ပွဲတုန်းက ကျွန်တော်တို့ စားပွဲတစ်ခုတည်းမှာ စားခဲ့ကြတာလေ၊ဪ... တချို့လူတွေက အချိန်ကြာလာတော့ ပြောင်းလဲသွားပြီပဲ..."
လူတိုင်းသည် ကျီချောင်ချင်ကို စစ်နတ်ဘုရားဟု ခေါ်ဝေါ်ကြသည်။ နတ်ဘုရားတစ်ဦးကဲ့သို့ ကိုးကွယ်ကြသည်။သို့သော် နတ်ဘုရားတစ်ဦးက သူ့ နောက်လိုက်များကို တုံ့ပြန်နိုင်ခြင်း မရှိသည့်အခါ နောက်လိုက်များသည် ထိုနတ်ဘုရားကိုပြောင်းလဲပစ်ချင်လာပြီး အခြား နတ်ဘုရားတစ်ပါးကို ရှာဖွေချင်လာကြသည်။
သူမ တစ်ချိန်က ကာကွယ်ခဲ့သူများက သူမကို စွန့်ပစ်လိုက်သည့် ခံစားချက်သည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။ သူမသည် အရိုးခိုက်အောင် အေးစက်မှုနှင့်အတူ အထီး ကျန်မှုများကို ခံစားခဲ့ရသည်။
ထို့နောက် ကျီချောင်ချင်သည် သူ့ ဆရာဖြစ်သူခြေရာကို လိုက်ကာ နှစ်တစ်ရာတိုင်တိုင် တိတ်ဆိတ်စွာ ကျင့်ကြံခြင်းကို ရွေးချယ်ခဲ့သည်။
နှစ်တစ်ရာသည် ထိုလူများအတွက် ကောလဟလအမျိုးမျိုးကို ဖန်တီးရန် လုံလောက်သော အချိန်ဖြစ်သည်။ဂိုဏ်းတိုင်း နီးပါးရှိ ယုတ်မာကောက်ကျစ်သော လူများသည် သူတို့လုပ်ခဲ့သမျှ မကောင်းမှုတိုင်းကို ကျီချောင်ချင် အပေါ်သို့ ပုံချရန် ကြိုးစားကြသည်။
စစ်ပွဲပြီးနောက် ကျီချောင်ချင်သည် ပိုလို့ပင်ဆန်းကြယ်လာခဲ့သလို ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် လောကကြီးအတွက် သူ့ဂိုဏ်းကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ပေ။ သို့ဖြစ်ရာ သူမသည် သူတို့လုပ်ခဲ့သော ကောလဟာလများကို ငြင်းဆန်မည်မဟုတ်ချေ။
ကျီချောင်ချင် ကျင့်ကြံမှုမှ ပြန်ထွက်လာချိန် မရေမတွက်နိုင်သောလူများ၏ အပြစ်တင်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ သူမသည် တပည့်များကို လေ့ကျင့်ပေးရန်နှင့် သူ့ စိတ်ကိုရှင်း လင်းရန် တောင်ပေါ်မှဆင်းရန်ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှာ သူမသည် ကျိုးကျွင်းလန်နှင့် အတူရှိနေသော လင်ရှန်းရှန်းကို တွေ့ခဲ့သည်။ ကျီချောင်ချင်သည် လင်းရှန်းရှန်းကို သရဲမျိုးနွယ် ဖြစ်ကြောင်းသိခဲ့သဖြင့် လူတိုင်းကိုပြောပြခဲ့သည်။သို့တိုင် သူမကို ဘယ်သူမှ မယုံကြည်ခဲ့ချေ။
နှစ်တစ်ရာသည် မျိုးဆက်သစ်များအတွက် ကျီချောင်ချင်ကို မေ့လျော့သွားရန် လုံလောက်သောအချိန်ကာလ ဖြစ်သည်။
ကျိုးကျွင်းလန်သည် ကျီချောင်ချင်က သူ့အား အကြိမ်ကြိမ် ကယ်တင်ခဲ့ခြင်းကို မေ့သွားခဲ့ပြီး သူ ဂိုဏ်းချုပ်ရာထူးကို ဘယ်လိုရခဲ့သလဲ ဆိုတာပါမေ့လျော့သွားခဲ့သည်။လီမင်လော့သည် ငယ်စဉ်က သူ့အသက်ကို မည်သူကယ်ခဲ့လဲဆိုတာကိုပါ မေ့သွားခဲ့သည့်အပြင် မည်သူက သူ့ကိုအိမ်တစ်လုံး ပေးခဲ့လဲဆိုတာကို မေ့သွားခဲ့သည်။ အခြား ကျင့်ကြံသူများသည် သူမ၏စွန့်လွှတ် အနစ်နာခံမှုကြောင့် နှစ်တစ်ရာတိုင်တိုင်ငြိမ်းချမ်းခဲ့ရသည်ကို မေ့သွားခဲ့ကြသည်။ သာမာန်လူသားများအတွက်ဆိုလျှင်တော့ ပြောစရာပေ မလိုလောက်ချေ။ သူတို့သည်လည်း သူမကို မေ့လျော့သွားခဲ့ကြသည်။
လူအချို့မှာ မှတ်မိကောင်း မှတ်မိနိုင်လောက်သော်လည်း အချိန်ကြာမြင့် သွားပြီဖြစ်သောကြောင့် သူတို့ ကျေးဇူးတင်ဖို့ ပျင်းရိနေကြပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် ကျီချောင်ချင်စကားကို ယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြသည်။
"ငါ မရှိခဲ့ရင် နင်တို့အားလုံး ဒီနေရာမှာရပ်ပြီး ငါ့ကို စွပ်စွဲဖို့ အခွင့်အရေးရပါ့မလား?ဒါပေမဲ့ နင်တို့အားလုံး ငါ့ကိုကြောက်ကြတယ်၊ နင်တို့အားလုံး ကိုယ့်ကိုကိုယ် ထိခိုက်မှာကို ကြောက်ကြတယ်၊ ငါ့ရဲ့ စွမ်းအားတွေကိုသုံးပြီး အနစ်နာ ခံခဲ့ပေမယ့် ငါ ဘာတွေပြန်ရခဲ့လဲ? နင်တို့ရဲ့ သံသယတွေ၊သစ္စာဖောက်မှုတွေပဲမလား၊ ငါနဲ့အတူကြီးပြင်းခဲ့တဲ့ ငါ့ရဲ့ရှစ်ရှုန်းကတောင် တခြားသူတစ်ယောက်အတွက် ငါ့ကိုပြန်လမ်းမဲ့ ချောက်ကမ်းပါးကနေတွန်းချခဲ့တယ်၊ ငါက အမြဲတမ်း စွန့်ပစ်ခံရသူပဲ၊ အမြဲတမ်း ထိန်းချုပ်လို့ရတဲ့ ပစ္စည်းတစ်ခုလို ဆက်ဆံခံခဲ့ရတယ်! မီးပုံဘေးမှာ ငါတို့ သောက်ခဲ့တုန်းက အနာဂတ်မှာ အတူတူအသက်ရှင်ကြမယ်၊ အတူတူလသေမယ်ဆိုတဲ့ကတိတွေက ငါ့နားထဲမှာ အခုထိ ပဲ့တင်ထပ်နေတုန်းပဲ၊ ဒါတောင် ငါ ချောက်ထဲကိုပြုတ်ကျသွားတုန်းက ငါ့အတွက် ဝမ်းနည်းပူဆွေးမယ့် သူ မရှိခဲ့ဘူး! တစ်ယောက်မှ ငါ့အတွက် စကား တစ်လုံးတောင်မပြောပေးခဲ့ဘူး!"
ကျီချောင်ချင် ရုတ်တရက် ထရပ်လိုက်ပြီး အစီအရင်နားသို့ ပြုံးလျက် ချဉ်းကပ်သွားသည်။ သွေးနီရောင် သွေးကြောများသည် သူ့မျက်လုံးများထဲတွင် လက်နေပြီး အလွန်လှပသော သူမ မျက်နှာသည် ချောက်နက်ကြီးမှ ပြန်တက်လာသော အငြိုးကြီးဝိဉာဉ်နှင့်ဆင်တူနေသည်။
သူမ မုန်းတီးခဲ့တယ်၊သူမ ဘယ်လိုလုပ် မမုန်းတီးဘဲ နေနိုင်မှာလဲ! သူ ချောက်ကမ်းပါး အောက်ခြေကနေ ဂိုဏ်းထဲကို လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက လုံး၀ရွံရှာစရာကောင်းတယ်လို ခံစားခဲ့ရတယ်၊ ဒီလူတွေပြောခဲ့တဲ့ စကားလုံးတိုင်းကို သူမ ဒေါသထွက်ခဲ့တယ်၊ သူမ ဘယ်လိုလုပ် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နိုင်မှာလဲ!
"ငရဲကိုသွားပြီး ရှင်တိုရဲ့အပြစ်တွေကို ပေးဆပ်ကြ"
ကျီချောင်ချင် သူ့ လက်ကို ဆန့်တန်းလိုက်ပြီး ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။
"အား!!!"
"ကျွန်တော်တို မှားမှန်း သိပါတယ်၊ ကျေးဇူးပြုပြီး.... ကျွန်တော်တိုကို ချမ်းသာပေးပါ!"