အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃) ကတိတော်
"အဲဒီ ကတိက သေဆုံးခြင်းတွေကို ဖြစ်စေခဲ့ပြီး... ချန်းတီ အင်ပါယာကို ဒေါသကြောင့် ရူးသွပ်သွားစေခဲ့တာပဲ" စုကျင့်က တိုးညင်းသော အသံဖြင့် ပြန်ဖြေသည်။
"ဒါတွေအားလုံးက နင်တို့ရဲ့ မဟာအဘိုး လက်ထက်က စခဲ့တာ။ အဲဒီတုန်းက ချန်းတီနဲ့ ကြယ်တာရာဟာ တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ တကယ်တော့ ငါတို့ဟာ သုံးလောက အင်ပါယာထက်တောင် ချန်းတီနဲ့ ပိုပြီး ရင်းနှီးခဲ့ကြသေးတာ။ နှစ်နိုင်ငံလုံးက တော်ဝင်မိသားစုတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပုံမှန် အလည်အပတ် သွားလေ့ရှိကြတယ်။ အဲဒီလို အလည်အပတ်ခရီးတစ်ခုမှာ ချန်းတီရဲ့ ပထမမင်းသမီးမင်းက ကြယ်တာရာရဲ့ အိမ်ရှေ့မင်းသား ဟွမ်ကို ချစ်မိသွားခဲ့တယ်လို့ ဆိုကြတယ်။ သူမက သူမရဲ့ဖခင်ကို ပြောပြတော့၊ ချန်းတီဧကရာဇ်က နင့်အဘိုးကို လာပြောတယ်။ အဲဒီလိုနဲ့ နှစ်နိုင်ငံ တော်ဝင်မိသားစုချင်း လက်ထပ်ထိမ်းမြားဖို့ ကတိပြုခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိတာက မင်းသားမှာ တခြားဆန္ဒရှိနေတာပဲ။ ဒီစီစဉ်ထားတဲ့ လက်ထပ်ပွဲအကြောင်း သိလိုက်ရချင်းမှာပဲ မင်းသားဟွမ်ဟာ သူ့အဖေဆီသွားပြီး ဒီလက်ထပ်ပွဲကို မလိုချင်ကြောင်း၊ သူချစ်နေတဲ့သူ ရှိနေပြီဖြစ်ကြောင်း ပြောခဲ့တယ်။ သူက လက်ထပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ နင့်အဘိုးက ငြင်းပယ်ခဲ့တယ်" စုကျင့်က ရှင်းပြသည်။
"ဒါကတော့ ဖြစ်သင့်ပါတယ်၊ ကတိတစ်ခုဆိုတာ အလွယ်တကူ ဖျက်လို့မရဘူးလေ။ အထူးသဖြင့် ဧကရာဇ်တစ်ပါးက နောက်ဧကရာဇ်တစ်ပါးကို ပေးထားတဲ့ ကတိကို ခံစားချက်သက်သက်နဲ့ ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" မင်ယုက ကြားဖြတ်မှတ်ချက်ပေးသည်။ လုဝမ်ကတော့ မိမိကိုယ်ကိုယ် မင်းသားဟွမ်၏ နေရာတွင် အစားထိုး စဉ်းစားနေသကဲ့သို့ ငြိမ်သက်နေသည်။
"လက်ထပ်ပွဲနေ့ နီးကပ်လာတာနဲ့အမျှ မင်းသားဟွမ်ရဲ့ ကန့်ကွက်မှုတွေက ပိုပြင်းထန်လာတယ်။ ဒါပေမဲ့ သူက အခန်းထဲမှာ အကျဉ်းချခံထားရတာဆိုတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ တစ်နေ့မှာတော့ မင်းသားဟွမ်ဟာ ထွက်ပြေးသွားခဲ့တယ်။ သူ ပြန်မလာတော့ဘူးလို့ အားလုံးက ထင်နေတုန်းမှာပဲ သူက အမျိုးသမီးတစ်ယောက်နဲ့အတူ ပြန်ရောက်လာခဲ့တယ်။ အဲဒီအမျိုးသမီးက သူချစ်တဲ့သူဖြစ်ကြောင်း အဖေဖြစ်သူကို ပြောပြခဲ့တယ်။ သူ ထွက်ပြေးပြီး သူမနဲ့ သွားတွေ့တဲ့အခါ သူမမှာ သူ့ရဲ့ရင်သွေးလေး ရှိနေပြီဆိုတာ သိလိုက်ရတယ်တဲ့။ သူချစ်တဲ့ မိန်းကလေးနဲ့ သူ့ကလေးကို သူ ဘယ်တော့မှ ပစ်မထားဘူး၊ တကယ်လို့ အတင်းအကျပ် ခိုင်းစေဦးမယ်ဆိုရင် သူ သေဖို့အသင့်ပဲ၊ ဒါပေမဲ့ တခြားမိန်းကလေးကိုတော့ လက်မထပ်နိုင်ဘူးလို့ နင့်အဘိုးကို ပြောခဲ့တယ်။ အဲဒီတော့မှ နင့်အဘိုးက လက်လျှော့လိုက်ပြီး သူတို့ရဲ့ ပတ်သက်မှုကို ခွင့်ပြုလိုက်သလို၊ လက်ထပ်ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ်"
"ဒါပဲလား၊ လက်ထပ်ပွဲ ပျက်သွားတာလေးနဲ့ ဒါတွေအားလုံး ဖြစ်ကုန်တာလား။ သမီးတို့က တစ်ယောက်ယောက်ကို သတ်ခဲ့တာမှ မဟုတ်တာ၊ လက်ထပ်ဖို့ ငြင်းလိုက်ရုံတင်လေ" မင်ယုက ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်သည်။
"ဒါတင်မကသေးဘူး... ချန်းတီရဲ့ ပထမဆုံးမင်းသမီးဟာ လက်ထပ်ပွဲ ပျက်သွားတယ်ဆိုတာကို သိလိုက်ရချင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ သူမဟာ ရင်ကွဲနာကျပြီး ဒီလောကမှာ ဆက်မနေချင်တော့ဘူးလို့ ဆိုကြတယ်" စုကျင့်က လေးနက်သောလေသံဖြင့် သူတို့ကို ကြည့်ကာ ပြောသည်။
"မင်းသမီး သေဆုံးရတာဟာ ကြယ်တာရာ အင်ပါယာကြောင့်လို့ အပြစ်တင်ခံရပြီး ရန်ငြိုးတွေ စတင်ခဲ့တော့တာပဲ။ အဲဒီနောက် မကြာခင်မှာပဲ မင်းသားဟွမ်နဲ့ သူ့ဇနီးတို့လည်း ပျောက်ကွယ်သွားခဲ့ကြတယ်။ အဲဒါက ငါတို့ ကြယ်တာရာ ဧကရာဇ်ကိုလည်း ဒေါသထွက်စေခဲ့တာပေါ့။ အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ သံယောဇဉ်တွေ ပြတ်တောက်ပြီး စစ်ပွဲတွေ စတင်ခဲ့တာပဲ..." စုကျင့်က ပုံပြင်ကို အဆုံးသတ်လိုက်သည်။
"ဒါကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ အတိတ်က အမှားတွေကို သင်ခန်းစာယူနိုင်အောင် နင်တို့ကို ပြောပြတာ၊ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်"
"ဟုတ်ကဲ့ပါ မေမေ" သူတို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။
တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် ဧကရာဇ်များ အားလုံး ပြန်ရောက်လာကြသည်။ သူတို့၏ မျက်နှာပေးမှာ အတော်လေး ကောင်းမွန်နေသဖြင့် ဆွေးနွေးပွဲမှာ အဆင်ပြေခဲ့ပုံရသည်။
ဧကရာဇ် ချန်းဝေနှင့် ဧကရာဇ် ကျိဟန့်ကျန်းတို့သည် နှုတ်ဆက်ပြီး ထွက်ခွာသွားကြသော်လည်း၊ ထူးထူးဆန်းဆန်းပင် ဧကရာဇ် ချန်းဝေသည် မထွက်ခွာမီ နောက်လှည့်ကြည့်ကာ လုဝမ်ကို ပြုံးလျက် တစ်ချက် ကြည့်သွားခဲ့သည်။
"ဆွေးနွေးပွဲက ဘယ်လိုလဲ" စုကျင့်က ဧကရာဇ် လုကျွင်းဝေကို ကြည့်ကာ မေးသည်။
"အဆင်ပြေတယ်လို့ ပြောရမှာပဲ။ တကယ်တော့ ငါတို့ နိုင်လိုက်တာလို့တောင် ခံစားရတယ်" လုကျွင်းဝေက ရယ်မောရင်း ပြောသည်။
"ဘာတွေ ဖြစ်ခဲ့လို့လဲ" စုကျင့်က ဝမ်းသာအားရ မေးလိုက်သည်။
"လက်ထပ်ပွဲနဲ့ စတင်ခဲ့တဲ့ ရန်ငြိုးက အခုတော့ လက်ထပ်ပွဲနဲ့ပဲ အဆုံးသတ်တော့မယ်။ နိုင်ငံတွေကြားက ပဋိပက္ခကို အဆုံးသတ်ဖို့ ငါတို့ အင်ပါယာနှစ်ခုကို လက်ထပ်ပွဲနဲ့ စုစည်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဝမ်ရဲ့ လက်ထပ်ပွဲကို ဧကရာဇ် ချန်းဝေရဲ့ သမီးနဲ့ စီစဉ်လိုက်ပြီ။ ဒီလို အခွင့်အရေးကောင်း ရလိုက်တာကို ငါ တကယ် ဝမ်းသာတယ်" လုကျွင်းဝေက ပြုံးလျက် ပြောသည်။
"သူ့သမီးလား၊ သူ့မှာ သမီးတစ်ယောက်တည်း ရှိတာမဟုတ်ဘူးလား။ နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်ပေါ်တဲ့ ပါရမီရှင်လို့ ကျော်ကြားတဲ့ မိန်းကလေးလေ။ အဲဒီလိုဆိုရင်တော့ ငါတို့ အင်ပါယာအတွက် တကယ်ကောင်းတာပေါ့။ ငါတို့ဆီမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် တိုးလာပြီ။ ဒါပေမဲ့ ရှင် သားရဲ့ ဆန္ဒကို အရင်မေးသင့်တာပေါ့" စုကျင့်က ပြောသည်။
"ဪ... မှန်တာပေါ့၊ ပြောပါဦး သားရဲ့၊ မင်း ဒီလက်ထပ်ပွဲအတွက် အဆင်သင့်ဖြစ်ရဲ့လား။ တကယ်လို့ မင်း ဆန္ဒမရှိဘူးဆိုရင် စစ်ပွဲတွေ နောက်ထပ် နှစ်တစ်ရာ ဆက်တိုက်ရမယ်ဆိုရင်တောင် ငါ ဒါကို ဖျက်ပေးမယ်" လုကျွင်းဝေက သားဖြစ်သူကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် အဆင်သင့်ပါပဲ အဖေ..." လုဝမ်က ဖခင်ဖြစ်သူ၏ မျှော်လင့်တကြီး မျက်နှာကို ခဏမျှ ကြည့်ပြီးနောက် ပြောလိုက်သည်။
"ဒါမှ ငါ့သားကောင်းပေါ့" လုကျွင်းဝေက ရယ်မောရင်း ပြောသည်။
"သွားကြရအောင်၊ သားအဖ နှစ်ယောက် ယောက်ျားပီပီ သောက်ကြတာပေါ့" လုကျွင်းဝေက ဝမ်၏လက်ကိုဆွဲကာ ခန်းမထဲမှ ထွက်သွားတော့သည်။
သူတို့သည် ညနက်သည်အထိ သောက်စားကြပြီးနောက် အခန်းသို့ ပြန်ကာ အိပ်ပျော်သွားကြသည်။
မနက်ရောက်သောအခါ လုဝမ်သည် သူ၏ စံအိမ်မှထွက်ကာ မြို့ထဲရှိ ဆေးဆိုင်ငယ်လေးတစ်ခုသို့ လျှောက်လှမ်းလာခဲ့သည်။
"ရောက်လာပြီလား..." လုဝမ် ဆိုင်ထဲဝင်လိုက်သည်နှင့် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။ ဆိုင်ထဲတွင် ထုံးစံအတိုင်း မည်သူမျှမရှိဘဲ သူတို့နှစ်ဦးတည်းသာ ရှိသည်။
"ငါ လက်ထပ်တော့မယ်..." လုဝမ်က တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
"... ဘယ်သူနဲ့လဲ" မိန်းကလေးက ခေါင်းငုံ့လျက် မေးသည်။
"ချန်းတီ အင်ပါယာရဲ့ မင်းသမီးနဲ့ပါ" လုဝမ် ပြန်ဖြေလိုက်သော်လည်း သူ၏အသံမှာ တုန်ယင်နေသည်။
"ဪ... မင်းသားဝမ်အတွက် ပျော်ရွှင်စရာ လက်ထပ်ပွဲ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်မကို နှုတ်ပိတ်ဖို့ လာတာလား။ ကျွန်မတို့ ပတ်သက်မှုကို တခြားသူတွေကို ပြောပြမှာ စိုးရိမ်နေရင်တော့ စိတ်မပူပါနဲ့။ ကျွန်မတို့ ပတ်သက်မှုက မင်းသားအတွက် ဘာမှမဟုတ်ခဲ့ရင်တောင် ကျွန်မအတွက်တော့ အရာအားလုံးပါပဲ။ မင်းသားကို ကျွန်မတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်မရှိဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီအဖိုးတန် အမှတ်တရတွေကိုတော့ ကျွန်မတစ်ယောက်တည်းပဲ သိမ်းဆည်းထားပါ့မယ်" မိန်းကလေးက တိုးညင်းစွာ ပြောသည်။
"အဲဒီလို မဟုတ်... ငါ့မှာ... ရွေးချယ်စရာ... မရှိလို့ပါ..." မင်းသားဝမ်၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာသည်။
မိန်းကလေးက သူ့မျက်လုံးများကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်လျှံလာသည်။
"ရပါတယ်... မင်းသား လုပ်သင့်တာကို လုပ်ပါ။ ကျွန်မတို့က ဆုံစည်းဖို့ ကံမပါခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ့မယ်။ အခု ပြန်လို့ရပြီလား၊ ဆိုင်ပိတ်ဖို့ အချိန်ရောက်ပြီမို့လို့ပါ" မိန်းကလေးက ခေါင်းငုံ့ကာ ပြောလိုက်သည်။
မင်းသားဝမ်သည် လေးလံသော ခြေလှမ်းများဖြင့် ဆိုင်အပြင်ဘက်သို့ လျှောက်လှမ်းသွားစဉ် နောက်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးသည် ကောင်တာနောက်ကွယ်တွင် အန်နေသည်ကို တွေ့လိုက်ရလေတော့သည်။
အခန်း (၁၅၄) ငါ့ရဲ့ရင်သွေးလေး
မင်းသားဝမ်သည် လေးလံသော ခြေလှမ်းများဖြင့် ဆိုင်အပြင်ဘက်သို့ လျှောက်လှမ်းသွားစဉ် နောက်ဘက်မှ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးသည် ကောင်တာနောက်ကွယ်တွင် အန်နေသည်ကို တွေ့လိုက်ရသည်။
"ကျားယီ" မင်းသားဝမ် အော်ဟစ်ကာ သူမရှိရာသို့ ပြေးသွားလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်။ ဘာမှမဖြစ်ပါဘူး။ တစ်ခုခုမှားစားမိလို့ နေမကောင်းဖြစ်တာ ထင်ပါတယ်။ မင်းသားဝမ် ကျွန်မအတွက် စိုးရိမ်မနေပါနဲ့" မိန်းကလေးက အအန်ရပ်သွားပြီး အနည်းငယ် ပြန်လည် သက်သာလာချိန်တွင် မင်းသားကို တားဆီးကာ ပြောလိုက်သည်။
မင်းသားဝမ်သည် နေရာမှာတင် ရပ်တန့်သွားပြီး သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ မိန်းကလေးက သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားပြီး တံခါးပိတ်လိုက်သည်။ မင်းသားသည် တံခါးကိုကြည့်ရင်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် သူ နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။
မင်းသား ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးက တံခါးပြန်ဖွင့်ကာ သူထွက်သွားသည့် လမ်းကို ငေးကြည့်နေမိသည်။
မင်းသားဝမ်သည် လူစည်ကားသော မြို့ထဲတွင် လျှောက်သွားနေပြီးမှ သူ၏ နန်းတော်သို့ ပြန်လာခဲ့သည်။
"ဘယ်တွေ သွားနေတာလဲ။ အမေ မင်းကို လိုက်ရှာနေတာ နှံ့နေပြီ" စုကျင့်က စင်္ကြံလမ်းတွင် လုဝမ်ကို တွေ့သောအခါ လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ အမေ။ ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ" သူက အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"သတင်းကောင်း ပေးမလို့လေ။ နင့်ရဲ့ လက်ထပ်ပွဲအကြောင်းပဲ။ ရက်သတ်မှတ်လိုက်ပြီ။ လက်ထပ်ပွဲက နောက်အပတ်ထဲမှာပဲ" စုကျင့်က လုဝမ်ကို သတင်းပေးလိုက်သည်။
"ဘာ... တော်ဝင် လက်ထပ်ပွဲ တစ်ပွဲအတွက် ဒါက အရမ်း မစောလွန်းဘူးလား။ ဘာလို့ အားလုံးက ဒီလောက် အလျင်စလို ဖြစ်နေကြတာလဲ" လုဝမ်က မှင်တက်သွားသော မျက်နှာပေးဖြင့် မေးလိုက်သည်။
"ဒီအဆိုပြုချက်က ချန်းတီဧကရာဇ်ဆီက လာတာလေ။ သူတို့က အတိတ်က စိတ်ဒဏ်ရာတွေကို မေ့နိုင်သေးတာ မဟုတ်ဘူး ထင်တယ်။ နင်လည်း တစ်ခြား တစ်ယောက်နဲ့ ချစ်မိပြီး ထွက်ပြေးသွားမှာကို သူတို့က ကြောက်နေတာလေ။ အချိန်အများကြီးပေးရင် နင်လည်း ထွက်ပြေးမှာ စိုးရိမ်လို့ပေါ့" စုကျင့်က ရယ်မောရင်း ပြောသည်။
"သွားကြရအောင်၊ ဝယ်စရာတွေ အများကြီး ရှိသေးတယ်။ ပြင်ဆင်စရာတွေလည်း အများကြီးပဲ။ အမေနဲ့ လိုက်ခဲ့" စုကျင့်က လုဝမ်၏လက်ကိုဆွဲကာ ခေါ်သွားတော့သည်။
ချန်းတီ အင်ပါယာအတွင်း၌ အသက် ၁၆၊ ၁၇ ခန့်ရှိသော ကောင်လေးတစ်ဦးသည် တော်ဝင်နန်းတော်၏ စင်္ကြံရှည်ကြီးများတစ်လျှောက် လျှောက်လှမ်းနေသည်။ သူသည် ကြီးမားသော တံခါးချပ်ကြီးတစ်ခုရှေ့သို့ ရောက်သောအခါ တွန်းဖွင့်လိုက်သည်။ တံခါး၏ အခြားတစ်ဖက်တွင် ကြီးမားသော ခန်းမကျယ်ကြီးတစ်ခု ရှိပြီး ထိုနေရာတွင် မိန်းကလေးတစ်ဦးမှာ သူမ၏ လှပသော ဓားသိုင်းကို လေ့ကျင့်နေသည်ကို တွေ့ရသည်။
သူမ၏ ဓားချက်တိုင်းတွင် ကြီးမားသော စွမ်းအားများ ပါဝင်သည့် ကောင်းကင်ဘုံ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ သူမ၏ လှပသော ဆံပင်နီများမှာ လေထဲတွင် လွင့်ပါးနေပြီး သူမ၏ အနီရင့်ရောင် ဓားကို ဝေ့ယမ်းကာ တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေသည်။
"အစ်မ" လူငယ်လေးက လှမ်းအော်လိုက်သည်။ မိန်းကလေးက လေ့ကျင့်မှုကို ရပ်လိုက်ပြီး လှည့်ကြည့်သည်။ သူမ၏ တည်ကြည်သော မျက်နှာထားမှာ လှပသော အပြုံးတစ်ခုသို့ ချက်ချင်း ပြောင်းလဲသွားသည်။
"ရောက်လာပြီလား... ငါနဲ့အတူ လေ့ကျင့်ချင်လို့လား" သူမက ကောင်လေးကို ကြည့်ကာ ရယ်မောရင်း မေးလိုက်သည်။
"ကျွန်တော်လား... မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် အသက်ရှည်ရှည် နေချင်သေးတယ်" ကောင်လေးက ခေါင်းကို ဝဲယာခါယမ်းကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
"ဒါဆို ဘာလို့ လာတာလဲ မောင်လေး"
"အစ်မရဲ့ လက်ထပ်ပွဲအကြောင်း ပြောမလို့ပါ။ ရက်သတ်မှတ်လိုက်ပြီ၊ နောက်အပတ်ပဲ" ကောင်လေးက ခန်းမထဲသို့ ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
မိန်းကလေးသည် ခဏမျှ မျက်မှောင်ကြုတ်သွားသော်လည်း ကောင်လေး မရိပ်မိခင်မှာပင် သူမ၏ မျက်နှာထားကို ပုံမှန်အတိုင်း ပြန်ပြင်လိုက်သည်။
"အစ်မက တစ်ခါမှ မဆုံဖူးတဲ့သူကို တကယ်ပဲ လက်ထပ်တော့မှာလား" ကောင်လေးက မိန်းကလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒါပေါ့... လက်ထပ်ရမှာပေါ့။ ဒါက ခမည်းတော်ရဲ့ ဆန္ဒပဲလေ၊ သမီးတစ်ယောက်အနေနဲ့ ခမည်းတော်ရဲ့ အမိန့်ကို နာခံရမှာပဲ။ ပြီးတော့ ဒီလက်ထပ်ပွဲက ငါတို့ အင်ပါယာနှစ်ခုကြားက နှစ်ရှည်လများ ရန်ငြိုးတွေကို ရပ်တန့်စေနိုင်မယ်ဆိုရင် သူစိမ်းတစ်ယောက်ကို လက်ထပ်ရတာလည်း ဘာမှ မဖြစ်ပါဘူး" သူမက ပြုံးလျက် ပြောသည်။ သူမက ကောင်လေးအနားသို့ တိုးသွားလိုက်သည်။
"ပြီးတော့... ငါက တခြားအင်ပါယာရဲ့ အိမ်ရှေ့မင်းသားကို လက်ထပ်လိုက်ရင် ငါ့ရဲ့ ထီးနန်းဆက်ခံခွင့်ကို စွန့်လွှတ်ရမှာ သေချာတယ်။ တကယ်လို့ ငါက တခြားသူကို လက်ထပ်ခဲ့ရင် ခမည်းတော်က အဲဒီလူကို ငါတို့နိုင်ငံဆီ ဆွဲခေါ်ပြီး ငါ့ကိုပဲ ဘုရင်မ လုပ်ခိုင်းဦးမှာ။ အဲဒီကျရင် ငါက ခမည်းတော်ကို ငြင်းလို့ရမှာ မဟုတ်ဘူး။ အခုလမ်းကြောင်းကတော့ ခမည်းတော်ရဲ့ ဆန္ဒကိုလည်း မဆန့်ကျင်ဘဲ ငါ့မောင်လေးကို အနာဂတ်မှာ အင်ပါယာရဲ့ ဘုရင်ဖြစ်အောင် လုပ်ပေးနိုင်မယ့် အလွယ်ကူဆုံး လမ်းကြောင်းပဲ" သူမက ကောင်လေး၏ ဆံပင်ကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"အစ်မ မချစ်တဲ့သူနဲ့ တစ်ဘဝလုံး နေသွားရမယ့် ထီးနန်းကို ကျွန်တော် မလိုချင်ပါဘူး။ အစ်မ ချစ်တဲ့သူနဲ့အတူ အင်ပါယာကို အုပ်ချုပ်နေတာကိုပဲ ကျွန်တော် ပိုမြင်ချင်တာပါ" ကောင်လေးက သူမကို ကြည့်ကာ စိတ်မကောင်းစွာ ပြောလိုက်သည်။
"ဟင်း... နင် စကားတွေ အရမ်းများနေပြီ မောင်လေး။ မင်းသားဝမ်က လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ သူလုပ်ခဲ့တဲ့ ကောင်းမှုတွေအကြောင်း ငါ အများကြီး ကြားဖူးတယ်။ ငါကြားဖူးသမျှ ပုံပြင်တွေအရဆိုရင် သူက တကယ့်ကို သဘောကောင်းပြီး သတ္တိရှိတဲ့သူပဲ။ အဲဒါကြောင့်... သိပ်တော့ မဆိုးလောက်ပါဘူး" သူမက မောင်ဖြစ်သူကို ကြည့်ကာ တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အင်ပါယာနှစ်ခုလုံးတွင် ပြင်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်နေကြသည်။ မကြာမီ ငါးရက် ကုန်ဆုံးသွားခဲ့သည်။
မင်းသားဝမ်သည် လေကောင်းလေသန့်ရရန် နန်းတော်ပြင်ပသို့ တစ်ဖန် ပြန်ထွက်လာခဲ့သည်။ သူသည် မြို့ထဲတွင် လျှောက်သွားနေရင်း ထိုဆေးဆိုင်လေး အနီးသို့ ရောက်ရှိလာသည်။ လက်မထပ်မီ နောက်ဆုံးအကြိမ်အဖြစ် သူချစ်ရသော မိန်းကလေးကို တွေ့လိုသောစိတ်ကို မထိန်းနိုင်တော့ဘဲ ဆိုင်ထဲသို့ ဝင်သွားမိသည်။
သူ ဝင်သွားလိုက်သည်နှင့် ဆိုင်ထဲတွင် မည်သူမျှ မရှိသည်ကို တွေ့ရသည်။ သူသည် အခန်းဘက်သို့ လျှောက်သွားရာ တံခါးပွင့်နေသည်ကို တွေ့ရသဖြင့် အထဲသို့ ဝင်လိုက်သည်။ အထဲတွင် သူမြင်လိုက်ရသော မြင်ကွင်းက သူ့ကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
သူချစ်ရသော ကျားယီမှာ ကုတင်ပေါ်တွင် သတိလစ်နေပြီး အဘွားအိုတစ်ဦးက သူမကို စစ်ဆေးပေးနေသည်။ ထိုအဘွားအိုက ဝမ်ကို မြင်သောအခါ လှည့်ကြည့်လိုက်သည်။
"သူ ဘာဖြစ်တာလဲ" မင်းသားဝမ်က လေးလံသော လေသံဖြင့် မေးလိုက်သည်။
"ဒီကလေးမလေးက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အစာကို ကောင်းကောင်းမစားဘဲ နေခဲ့တာကြောင့် အားနည်းနေတာ။ ပြီးတော့ သူမရဲ့ ကိုယ်ဝန်ကြောင့် ပိုပြီး ဆိုးသွားတာပေါ့။ အားနည်းပြီး သတိလစ်သွားတာပါ။ မင်းသားဝမ် တစ်ခုခု ဝယ်ဖို့ လာတာလား။ တောင်းပန်ပါတယ်၊ သူ အခုတော့ မင်းသားကို ဘာမှ ရောင်းပေးနိုင်မှာ မဟုတ်ဘူး" အဘွားအိုက မိန်းကလေးကို ကြည့်ရင်း ပြန်ဖြေသည်။
"ကိုယ်... ကိုယ်ဝန် ဟုတ်လား။ သူ... သူက... ကိုယ်ဝန်ရှိနေတာလား" မင်းသားဝမ်မှာ ထိတ်လန့်တုန်လှုပ်သွားကာ စကားများပင် ထစ်ကုန်သည်။
"ဟုတ်တယ်... အခုဆို ၂ လ ရှိပြီ။ ဘယ်လို ကံမကောင်းတဲ့ ကောင်မလေးလဲ၊ ဒါတွေအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နေရတာ။ ကလေးအဖေက ဒီမှာရှိပြီး သူမကို ကူညီပေးသင့်တာပေါ့။ ဘာပဲဖြစ်ဖြစ် ငါ သူမကို ဆေးတိုက်ထားတယ်၊ နောက် နာရီအနည်းငယ်လောက်ဆို နိုးလာမှာပါ။ ငါ အခု ပြန်တော့မယ်၊ နောက်မှ ပြန်လာကြည့်ပေးမယ်" အဘွားအိုက ပြောပြီး ထွက်သွားသည်။
မင်းသားဝမ်သည် ကုတင်ပေါ်ရှိ မိန်းကလေးကို ကြည့်ရင်း ခေတ္တမျှ မှင်တက်နေမိသည်။ ထို့နောက် သူသည် ဒူးထောက်ကျသွားကာ တိုးညင်းစွာ ရေရွတ်လိုက်မိသည်... "ငါ့ရဲ့ ရင်သွေးလေး…”