အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း (၁၇၁) ဗေဒင်ဆရာ
တစ်နာရီခန့် ကြာပြီးနောက် လုံချန်း ပြင်ဆင်ပြီးသွားကာ အခန်းထဲမှ ထွက်လာပြီး မင်းသမီးမင်ယု၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
"ငါ အဆင်သင့်ဖြစ်ပြီ" လုံချန်းက တံခါးကို ခေါက်ရင်း ပြောလိုက်သည်။ မကြာမီမှာပင် မင်းသမီးက တံခါးဖွင့်ပေးလိုက်သည်။ သူမသည်လည်း အဝတ်အစား လဲထားပြီးဖြစ်ကာ လှပသော အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။
"ဝတ်စုံလေးက လှသားပဲ... ဝယ်ထားတာလား" လုံချန်းက ထိုဝတ်စုံကို ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်တယ်၊ ဟိုတစ်ရက်ကမှ ဝယ်ထားတာ။ ရှင် သဘောကျလို့ ဝမ်းသာပါတယ်" လုမင်ယုက တောက်ပသော အပြုံးဖြင့် ပြန်ဖြေသည်။
"သွားကြစို့" သူမသည် အခန်းထဲမှ ဦးဆောင်ထွက်သွားပြီး လုံချန်းက နောက်မှ လိုက်သွားခဲ့သည်။
"ဒီပွဲတော်က ဒီမြို့ရဲ့ ရှေးဟောင်းရိုးရာတစ်ခုပဲ၊ နှစ်တိုင်း ကျင်းပတာ။ ဒီနေ့မှာ မြို့ထဲက ဆိုင်ရှင်တွေ အားလုံး စုပေါင်းပြီး ဆင်နွှဲကြတယ်။ ဆိုင်တိုင်းက ဆိုင်ရှေ့မှာ အရောင်းဆိုင်လေးတွေ ချထားပြီး ပစ္စည်းတွေ ဝယ်လို့ရသလို၊ ပိုက်ဆံ နည်းနည်းလောက်ပေးပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေ ကစားရင်း ဆုပစ္စည်းတွေလည်း ရတယ်။ ဆိုင်တိုင်းက ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် ပျော်စရာဂိမ်းတွေကို တီထွင်ကြတာပေါ့" မင်းသမီးမင်ယုက စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။
"အိုး... မင်း ဒါတွေကို အတော်လေး သိနေပါလား။ သူငယ်ချင်းအသစ် ရသွားတာလား၊ ဒါမှမဟုတ် လေ့လာထားတာလား" လုံချန်းက ရယ်မောရင်း မေးလိုက်သည်။
"ပစ္စည်းတွေ ထွက်ဝယ်တုန်းက လူတွေပြောတာ ကြားခဲ့တာပါ" မင်းသမီးမင်ယုက ပြန်ပြောသည်။
"ဟက်... ကောင်းတာပေါ့။ အခုတော့ ဒီထူးဆန်းတဲ့ မြို့ထဲမှာ မင်းက ငါ့ရဲ့ လမ်းညွှန်ပေးသူ ဖြစ်သွားပြီပေါ့" လုံချန်းက ပြုံးလျက် ဆိုသည်။
"လူတွေ အများကြီးပဲနော်..." လမ်းမပေါ်ရှိ လူအုပ်ကြီးကို ကြည့်ကာ လုံချန်း အံ့သြစွာ ရေရွတ်မိသည်။
"လူစည်မှာပေါ့။ ဒါက ဒီမြို့ရဲ့ နှစ်ပတ်လည် ပွဲတော်လေ။ လူတွေ အများကြီး တွေ့ရမှာပဲ" မင်းသမီးမင်ယုက လုံချန်းကို ကြည့်ကာ ပြောသည်။
"လူတွေ ဒီလောက်များနေတာတောင် လမ်းတွေက ကျယ်တော့ သိပ်ပြီး ကျပ်မနေတာ တော်သေးတာပေါ့" လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆိုသည်။
"ဟိုမှာကြည့်၊ ဗေဒင်ဆရာ တစ်ယောက်ပဲ။ သွားကြည့်ရအောင်" မင်းသမီးမင်ယုက အနာဂတ်ကို ဟောပြောပေးသည်ဟု ရေးထားသော ဆိုင်းဘုတ်ချိတ်ထားသည့် ဆိုင်ခန်းလေးကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ဒါတွေက အတုတွေပါ... သူတို့က အပြစ်ကင်းတဲ့ လူတွေကို လိမ်နေကြတာ" လုံချန်းက မင်ယုကို ဖျောင်းဖျရန် ကြိုးစားသော်လည်း သူမက နားမထောင်ဘဲ လုံချန်း၏ လက်ကို ဆွဲကာ ခေါ်သွားတော့သည်။
ဆိုင်ခန်းတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။ သူသည် ကုလားထိုင်ပေါ်တွင် မှီအိပ်နေသော်လည်း လူများ လာနေသည်ကို မြင်သောအခါ ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။
"ကြိုဆိုပါတယ် ဧည့်သည်တော်တို့။ အနာဂတ်ကို သိချင်ပါသလား။ ငွေဒင်္ဂါး တစ်ပြားပဲ ကျသင့်မှာပါ" ထိုလူက လုံချန်းကို ပြောလိုက်သည်။
လုံချန်းသည် မင်းသမီးမင်ယု၏ မျက်နှာပေါ်ရှိ စိတ်အားထက်သန်နေသော အမူအရာကို မြင်သောအခါ ငွေဒင်္ဂါး တစ်ပြား ထုတ်ပေးလိုက်သည်။ သူသည် ဒင်္ဂါးကို လှမ်းပစ်ပေးလိုက်ရာ ထိုလူက အမြန် ဖမ်းယူလိုက်သည်။
"ဆရာနဲ့ ဆရာမက မိသားစုဝင်တွေလား ခင်ဗျာ" ထိုလူက ပြုံးလျက် မေးသည်။
"မဟုတ်ပါဘူး၊ သူငယ်ချင်းတွေပါ" လုံချန်းက ချက်ချင်း ပြန်ဖြေသည်။
"ဪ... ကောင်းပါပြီ။ ဒါဆို ဘယ်သူက အနာဂတ်ကို သိချင်တာလဲ"
"သူမက စိတ်ဝင်စားနေတာပါ" လုံချန်းက မင်ယုကို ညွှန်ပြလိုက်သည်။
"ကောင်းပါပြီ။ ကဲ မိန်းကလေး... ကျွန်တော် ရှေ့မှာ ကတ် ၁၀၈ ကတ် ချထားပါတယ်။ အဲဒီထဲက ၅ ကတ်ကို ရွေးလိုက်ပါ၊ ဒါဆို မင်းရဲ့ အနာဂတ်အကြောင်း ၅ ချက်ကို သိရလိမ့်မယ်" ထိုလူက ပြုံးလျက် ကတ်များကို စားပွဲပေါ်တွင် မှောက်လျက် ချထားလိုက်သည်။
"ဟုတ်ကဲ့၊ စိတ်ဝင်စားဖို့ ကောင်းမှာပဲ" မင်ယုက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
မင်းသမီးမင်ယုသည် ကတ်များကို အတော်ကြာအောင် ကြည့်ပြီးနောက် ၅ ကတ်ကို ရွေးလိုက်သည်။ ထိုလူက ကတ်များကို ယူကာ ကြည့်လိုက်သည်။
"အင်း... စိတ်ဝင်စားစရာပဲ" သူက လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ" သူမက စပ်စုသော အကြည့်ဖြင့် မေးသည်။
"မင်းနဲ့ နီးစပ်တဲ့သူ တစ်ယောက် ရှိတယ်။ သူက မင်းကို သဘောကျနေပြီး မင်းကို သူ့အပိုင် ဖြစ်စေချင်နေတယ်။ မကြာခင်မှာ မင်းတို့ နှစ်ယောက်က နတ်ဖက်တဲ့ စုံတွဲ ဖြစ်လာလိမ့်မယ်" ထိုလူက ပထမဆုံး ကတ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
'ဘယ်သူ ဖြစ်မလဲ။ သူက... ငါ့ကို သဘောကျနေတာလား' မင်းသမီးမင်ယုသည် ထိုဗေဒင်ဆရာကို စိုက်ကြည့်နေသော လုံချန်းကို လှမ်းကြည့်ရင်း တွေးနေမိသည်။
"လာမယ့်ရက်တွေမှာ မင်း အမြဲတမ်း လိုချင်ခဲ့ပေမဲ့ ရှာမတွေ့ခဲ့တဲ့ အရာတစ်ခုကို မင်း တွေ့လိမ့်မယ်" ဒုတိယ ကတ်ကို ကြည့်ကာ ထိုလူက ဆက်ပြောသည်။
ရုတ်တရက် တတိယ ကတ်ကို မြင်သောအခါ သူ၏ အမူအရာမှာ တည်ကြည်သွားသည်။
"ဆုံးရှုံးခြင်းကတ်ပဲ... မင်းရဲ့ နှလုံးသားနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ အရာတစ်ခုကို မင်း ဆုံးရှုံးရလိမ့်မယ်" ထိုလူက မင်ယုကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
အချိန်မဆွဲဘဲ သူသည် စတုတ္ထကတ်ကို ကြည့်လိုက်ပြန်သည်။
"မင်း ရွေးချယ်စရာ နှစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်... မိသားစုလား၊ အချစ်လား... မင်းရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိမ့်မယ်"
မင်ယုမှာ ထိုစကားများကို ကြားရသောအခါ မှင်တက်သွားသော်လည်း လုံချန်းမှာမူ ထိုလူက တစ်ခုခုကို တကယ် ဟောနိုင်သည်ဟု မယုံကြည်သကဲ့သို့ ကြည့်နေသည်။
နောက်ဆုံးတွင် ထိုလူက ပဉ္စမမြောက် ကတ်ကို ကြည့်လိုက်သည်။
"ပဋိပက္ခကတ်ပဲ... မင်းရဲ့ ကံကြမ္မာမှာ ပဋိပက္ခတွေ အများကြီး ရှိနေတယ်။ မင်းလိုချင်တဲ့ အချစ်အတွက် မင်း တိုက်ပွဲဝင်ရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ တခြားလူ အများကြီးကလည်း အဲဒီအချစ်ကို လိုချင်နေကြလို့ပဲ" ထိုသို့ ပြောကာ ထိုလူက ကတ်များကို ပြန်သိမ်းလိုက်သည်။
"ဖျော်ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ မင်းရဲ့ သရုပ်ဆောင်ချက်က အတော်လေး ကောင်းတယ်လို့ ပြောရမှာပဲ" လုံချန်းက ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်ရန် ကြိုးစားနေပြီး အတွေးထဲ နစ်မျောနေသော မင်ယု၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
"ငါ ထင်တဲ့အတိုင်းပဲ... အချိန်ကုန်တာပဲ အဖတ်တင်တယ်။ အဲဒီလူက အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေတာ။ ယု... အဲဒီစကားတွေကို ဒီလောက်အထိ အလေးအနက် မတွေးနဲ့၊ အနာဂတ်ကို ဘယ်သူမှ မမြင်နိုင်ဘူး။ သူက စိတ်ထဲ ရှိတာတွေကို လျှောက်ပြောပြီး ဟန်ဆောင်နေတာ" လုံချန်းက မင်ယု၏ လက်ကို ဆုပ်ကိုင်ကာ မြို့ထဲ၌ လမ်းလျှောက်ရင်း ပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်..." မင်ယုက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့သည် လမ်းမများတစ်လျှောက် လှည့်လည်ရင်း ဂိမ်းအမျိုးမျိုး ကစားကာ ဆုများ ဆွတ်ခူးခဲ့ကြသည်။
လုံချန်းသည် မင်ယုနှင့်အတူ ပြန်လာစဉ် စားသောက်ဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အလှဆင်ထားပြီး တံခါးအနားတွင် ဆိုင်ခန်းတစ်ခန်းလည်း ရှိနေသည်။
"ဘာဂိမ်းတွေ ရှိလဲ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော်တို့ဆီမှာ အစားအစာ ဉာဏ်စမ်းဆိုတဲ့ ဂိမ်းရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ ဟင်းလျာတွေထဲမှာ အသုံးများတဲ့ ဆေးဖက်ဝင် အပင် ၁၀ မျိုး ရှိတယ်။ အပင်တွေကို ပြပေးမယ်၊ အဲဒီထဲက ၅ မျိုးရဲ့ နာမည်ကို မှန်အောင် ပြောနိုင်ရင် ဟင်းလျာအားလုံးအတွက် ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရမယ်။ ၇ မျိုး သိရင် ၇၀ ရာခိုင်နှုန်း ရပါမယ်"
"အပင်အားလုံးရဲ့ နာမည်ကို ပြောနိုင်ရင်ကော" လုံချန်းက ပြုံးလျက် မေးသည်။
'ဟမ်... သူက ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေလဲ။ အပင်အားလုံး နာမည်ကို ပြောနိုင်မယ်လို့ တကယ် ထင်နေတာလား။ ဒီထဲက အပင် နှစ်မျိုးက အရမ်း ရှားပါးပြီး ဈေးကြီးလွန်းလို့ အထူးဧည့်သည်တွေအတွက်ပဲ သုံးတာ။ လူအများကြီး မမြင်ဖူးတဲ့ အပင်တွေဆိုတော့ သူ အကုန်ပြောနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး' ဆိုင်ရှင်က တွေးနေသော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြပေ။
"ဒါဆိုရင်တော့ ဆရာနဲ့ ဆရာ့ကောင်မလေးက ဆိုင်ထဲမှာ ကြိုက်တာကို အလကား စားလို့ရပါတယ်" ထိုလူက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ထိုလူက သူမကို လုံချန်း၏ ကောင်မလေးဟု ခေါ်လိုက်သဖြင့် မင်ယု၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း ပြန်ရှင်းပြနေလျှင်လည်း အပိုဖြစ်နေမည်ဟု ထင်ကာ ဘာမှ မပြောတော့ပေ။
"ကောင်းပြီ၊ ငါ အဲဒီ ကမ်းလှမ်းချက်ကို လက်ခံတယ်" လုံချန်းက ပြုံးလျက် ပြောကာ ထိုလူကို ငွေပေးလိုက်သည်။
မကြာမီ လုံချန်း၏ ရှေ့သို့ ဆေးဖက်ဝင်အပင် ၁၀ မျိုး တင်ထားသော လင်ဗန်းတစ်ခု ရောက်လာသည်။
"ဒီမှာ အပင်တွေပါ။ ဆရာ့ရဲ့ အောင်မြင်မှုက ဆရာ့ရဲ့ ဗဟုသုတပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်နှစ်မျိုး ဖြေနိုင်မလဲ ကြည့်ကြတာပေါ့" ထိုလူက လှောင်ပြုံးဖြင့် ပြောသည်။
"ရှင် ကျွန်မအကူအညီ လိုလား။ ကျွန်မ ၇ မျိုးလောက်တော့ သိသလိုပဲ" မင်းသမီးမင်ယုက အပင်များကို ကြည့်ကာ လုံချန်းကို မေးလိုက်သည်။
"တောင်းပန်ပါတယ် မိန်းကလေး၊ ဒီစိန်ခေါ်မှုကို သူကပဲ ရင်ဆိုင်ရမှာပါ။ မင်း ကူညီလို့ မရဘူး" ထိုလူက တားလိုက်သည်။
"ရပါတယ်၊ ငါ အဆင်ပြေမှာပါ။ အတော်များများကို ငါ သိသလိုပဲ" လုံချန်းက ပြုံးလျက် မင်ယုကို စိတ်ချခိုင်းလိုက်သည်။
"ပထမဆုံး အပင်က ၁၀ နှစ်သား လင်းကျီး၊ နောက်တစ်ခုက ၅ နှစ်သား တန်းကျူး။ နောက်တော့ ဟော်ရှန်း၊ ကျီကျန်းနျူ၊ ပေချီ၊ ချားရှု၊ ကယ်ကန်း၊ ချင်ဟိုင်းနီး၊ ဝူအိုင်ကျီနဲ့ ဖန်ကျီတို့ပဲ။ ဒါတွေက ငါမြင်ရတဲ့ အပင်အားလုံးပဲ" လုံချန်းက ပြုံးလျက် ရှေ့က လူကို ကြည့်ကာ ပြောလိုက်သည်။ သို့သော် ထိုလူမှာမူ လုံချန်းကို ပါးစပ်အဟောင်းသားဖြင့် မှင်တက်ကာ ကြည့်နေတော့သည်။
လုံချန်း လှည့်ကြည့်လိုက်သောအခါ လုမင်ယုကလည်း သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အံ့သြစရာပဲ၊ ဆရာက ကြီးမြတ်တဲ့ ဆေးပညာရှင် တစ်ယောက်ရဲ့ တပည့် ဖြစ်ရမယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဗဟုသုတ ကြွယ်ဝလှချည်လား။ တစ်နေ့မှာ ဆရာက ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်" ထိုလူက လုံချန်းကို တဖွဖွ ချီးကျူးတော့သည်။
"အဟမ်း... အခု ငါတို့ ဝင်လို့ရပြီလား"
"ရတာပေါ့၊ ဆရာတို့ ကြိုက်တာ စားပါ၊ တစ်ပြားမှ ပေးစရာ မလိုပါဘူး" ထိုလူက ပြုံးလျက် လုံချန်းနှင့် မင်ယုကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားသည်။
"ဟိုမှာ မြင်နေရတဲ့ မိန်းကလေးက မြို့ထဲကို စဝင်တုန်းက ရှင် စော်ကားခဲ့တဲ့ မိန်းကလေး မဟုတ်လား" မင်းသမီးမင်ယုက လုံချန်းကို ကြည့်ကာ ရယ်မောရင်း မေးလိုက်ရာ လုံချန်းမှာမူ စိတ်ပျက်လက်ပျက် အမူအရာ ဖြစ်သွားလေတော့သည်။
အခန်း (၁၇၂) လင်း
"ဟိုမှာ မြင်နေရတဲ့ မိန်းကလေးက မြို့ထဲကို စဝင်တုန်းက ရှင် စော်ကားခဲ့တဲ့ မိန်းကလေး မဟုတ်လား။ ရှင်တော့ ကံကောင်းနေပြီ ထင်တယ်" မင်းသမီးမင်ယုက လုံချန်းကို ကြည့်ကာ ရယ်မောရင်း မေးလိုက်ရာ လုံချန်းမှာမူ စိတ်ပျက်လက်ပျက် အမူအရာ ဖြစ်သွားတော့သည်။
လုံချန်းသည် သူမညွှန်ပြရာသို့ ကြည့်လိုက်ရာ မြို့ထဲသို့ စဝင်စဉ်က သူနှင့် ထိပ်တိုက်တွေ့ခဲ့သော ဆံပင်နီနှင့် မိန်းကလေးကို တွေ့လိုက်ရသည်။ သူမသည် စားပွဲတစ်ခုံတွင် ထိုင်နေပြီး သူမနှင့်အတူ မင်းသမီးမင်ယု အရိုက်ခံခဲ့ရသော အဖိုးကြီးလည်း ရှိနေသည်။ ထို့ပြင် ထိုစားပွဲ၌ နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။
အသက် ၂၀ မပြည့်တပြည့်ခန့် ရှိမည့် မိန်းကလေးတစ်ဦးမှာ ဆံပင်နီမလေးနှင့်အတူ ထိုင်နေသည်။ သူမ၏ ဆံပင်များမှာ နက်မှောင်နေပြီး လည်ပင်းထိသာ ရှိသော ဆံပင်တိုလေး ဖြစ်သည်။ သူမက မိန်းကလေးဖြစ်သော်လည်း ဆံပင်တိုထားခြင်းမှာ ကြည့်ရဆိုးမနေဘဲ လုံချန်းမြင်ဖူးသမျှ တခြားမိန်းကလေးများနှင့် မတူသည့် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။
သူမတွင် နက်မှောင်သော မျက်ဝန်းများနှင့် ကြွေထည်ကဲ့သို့ ဖြူဖွေးသော အသားအရေ ရှိပြီး သူမဝတ်ထားသည့် အနက်ရောင် ဝတ်စုံကြောင့် အသားအရေမှာ ပိုမို တောက်ပနေသည်။
သူမ၏ ပြည့်ဖြိုးလှသော ရင်သားများမှာ ဝတ်စုံ၏ အပေါ်ပိုင်းကို ပြည့်လျှံနေစေပြီး ဝတ်စုံမှာ ခန္ဓာကိုယ်နှင့် တင်းတင်းကျပ်ကျပ် ကပ်နေလေသည်။
"ငါ သူ့ကို မစော်ကားပါဘူး... သူ့ကို ကြောက်သွားအောင်နဲ့ သင်ခန်းစာရအောင် နည်းနည်းပဲ စနောက်လိုက်တာပါ။ မင်းလည်း သိသားနဲ့" လုံချန်းက မင်းသမီးမင်ယုကို ခပ်ယဲ့ယဲ့ ပြုံးရင်း ပြန်ပြောလိုက်သည်။
"ဟိုစားပွဲကို သွားရအောင်၊ သူတို့အနားမှာ ရှိနေရင် စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ငါ ခံစားနေရတယ်" မင်းသမီးမင်ယုက ပြုံးလျက် ပြောကာ လုံချန်း၏ လက်ကို ဆွဲပြီး ထိုလူများနှင့် အနီးဆုံး စားပွဲဆီသို့ လျှောက်သွားတော့သည်။
"ရှင်..." လုံချန်းတို့ သူတို့ဆီ လျှောက်လာသည်ကို မြင်သည်နှင့် ဆံပင်နီမလေးမှာ ထိတ်လန့်တကြား ထရပ်လိုက်သည်။ သူမ၏ တုံ့ပြန်မှုကြောင့် ဆိုင်ထဲရှိ လူများပင် အံ့သြသွားကြသည်။
"မစိုးရိမ်ပါနဲ့၊ ငါ မင်းကို စားမပစ်ပါဘူး" လုံချန်းက သူမကို ပြုံးလျက် ပြောကာ သူမဘေးမှ ဖြတ်၍ အနီးက စားပွဲတွင် ထိုင်လိုက်သည်။
"ထိုင်ပါ မိုင်ယာ... တည်တည်ငြိမ်ငြိမ် နေစမ်းပါ" သူမနှင့်အတူ ထိုင်နေသော အမျိုးသမီးက နူးညံ့သော အသံဖြင့် ပြောလိုက်ရာ မိုင်ယာဟု ခေါ်သော ဆံပင်နီမလေးမှာ တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်သည်။
"သူတို့က... ဟိုလူတွေလား" ဆံပင်နက်နှင့် အမျိုးသမီးက မေးလိုက်သည်။
"ဟုတ်တယ် ဒေါ်လေးကျိချင်း... သူက သမီးကို တိုက်ခိုက်ခဲ့တဲ့ ကောင်လေး၊ ဟိုမိန်းကလေးကတော့ ဦးလေးယောင်ကို ရိုက်ခဲ့တဲ့သူပဲ။ ခမည်းတော် လိုက်ရှာနေတဲ့ လူတွေက သူတို့ပဲ" မင်းသမီးမိုင်ယာက ဆံပင်နက်နှင့် အမျိုးသမီးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါ့အစ်ကို သူတို့ကို လိုက်ရှာမှာပေါ့။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် သန်မာနေမှတော့ တစ်ခုခုတော့ ရှိမှာပဲ။ သူတို့က အင်အားကြီး မျိုးနွယ်စုရဲ့ အမွေဆက်ခံသူတွေ ဒါမှမဟုတ် အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းက တပည့်တွေ ဖြစ်ရမယ်။ အဲဒီလို မဟုတ်ရင်တောင် ငါတို့ဘက် ပါလာအောင် စည်းရုံးလို့ ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့ ရင်းနှီးထားတာက တော်ဝင်မျိုးနွယ်စုအတွက် ကောင်းတယ်" ကျိချင်းဟု ခေါ်သော အမျိုးသမီးက သိတတ်သော အပြုံးဖြင့် ပြောလိုက်သည်။
"ငါ့အစ်ကိုက နင်နဲ့ သူ့ကိုတောင် ပေးစားဖို့ ကြိုးစားကောင်း ကြိုးစားမှာ။ တကယ်သာ ဖြစ်လာရင် နင် ကံကောင်းတာပဲ၊ သူက တကယ့်ကို ခန့်ညားတဲ့ ကောင်လေးပဲ" ကျိချင်းက မိုင်ယာကို စနောက်ကာ ရယ်မောလိုက်သည်။
"ဟွန့်... မိန်းမတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ မသိတဲ့ ယောကျ်ားမျိုးနဲ့ သမီး လုံးဝ အတူမနေနိုင်ဘူး" မိုင်ယာက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ငါတို့ လက်ထပ်ပြီးရင်တော့ မင်းကို ပိုကောင်းအောင် ဆက်ဆံဖို့ ငါ လေ့လာထားပါ့မယ်" လုံချန်းက သူတို့၏ စကားဝိုင်းကို ကြားဖြတ်ကာ ရယ်မောရင်း ပြောလိုက်သည်။
"နင်တို့လည်း ငါတို့နဲ့အတူ လာထိုင်ပါလား" မိုင်ယာ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ဒေါ်လေးက လုံချန်းကို ဖိတ်ခေါ်လိုက်သည်။ သူမသည် စားပွဲထိုးကို ခေါ်ကာ သူမနှင့် မိုင်ယာ၏ ကြားတွင် ကုလားထိုင် နှစ်လုံး ထပ်ချခိုင်းလိုက်သည်။
"ရတာပေါ့..." လုံချန်းက ပြုံးလျက် ထရပ်ကာ သူတို့စားပွဲသို့ လျှောက်သွားသည်။ မင်ယုကလည်း နောက်မှ လိုက်လာသည်။ လုံချန်းသည် ဝတ်စုံနက်နှင့် အမျိုးသမီး ကျိချင်း၏ ဘေးတွင် ထိုင်လိုက်ပြီး မင်ယုမှာမူ လုံချန်းနှင့် မိုင်ယာ၏ ကြားတွင် ထိုင်လိုက်သည်။
"အရင်ဆုံး မိတ်ဆက်ပါရစေ။ ငါ့ နာမည်က စူးကျိချင်းပါ၊ ဒီဘက်ကတော့ ငါ့ရဲ့ တူမ ဒီနိုင်ငံရဲ့ မင်းသမီး မိုင်ယာပါ။ နင်တို့ကတော့ တွေ့ဖူးပြီးသားပေါ့။ ဟိုဘက်ကတော့ ငါတို့ရဲ့ စစ်သေနာပတိ ယောင်ပါ" ကျိချင်းက လုံချန်းကို ကြည့်ကာ ပြောသည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က လုံချန်းပါ၊ ဒါကတော့ ကျွန်တော့်သူငယ်ချင်း မင်ယုပါ" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။
"နင်တို့ နှစ်ယောက်က ဒီနိုင်ငံသားတွေ မဟုတ်ဘူးပဲ။ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲဆိုတာ မေးလို့ ရမလား" ကျိချင်းက စူးစမ်းသော အကြည့်ဖြင့် မေးသည်။
"လူတစ်ယောက်ကို ရှာဖို့ လာတာပါ။ ဟွမ်ကျီ နိုင်ငံရဲ့ မင်းသမီးက တကယ့်ကို အလှဘုရင်မလို့ ကြားဖူးလို့ သူ့ကို လာကြည့်တာပါ။ အခု မြင်လိုက်ရတော့ သူက ကျွန်တော် ထင်ထားတာထက်တောင် ပိုလှနေပါလား" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
"နင်က ငယ်ငယ်လေး ရှိသေးပေမဲ့ စကားပြောတော့ အတော်လေး တတ်တာပဲ" ကျိချင်းက ပြုံးလျက် ဆိုသည်။
"ဟွန့်... သူက စကားပြောတတ်ရုံပဲ ရှိတာပါ။ သူ ဘယ်လောက်ပဲ သဘောကျနေပါစေ သမီးကတော့ သူ့ကို လုံးဝ သဘောကျမှာ မဟုတ်ဘူး" မိုင်ယာက ထောင်ထောင်လွှားလွှား အမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။
"သူ ပြောတာတွေကို အလေးအနက် မထားပါနဲ့။ နင် တကယ်သာ သဘောကျရင် သူက မကြာခင် နင့်ကို စိတ်ယိုင်လာမှာပါ" ကျိချင်းက လုံချန်းကို ကြည့်ကာ ပြုံးလျက် ပြောသည်။
"သူက ကျွန်တော့်အပေါ် စိတ်ယိုင်လာဖို့ ဘာလို့ လိုမှာလဲ။ သူကြိုက်တာသူ လုပ်နိုင်ပါတယ်။ ကျွန်တော် ပြောနေတဲ့ မိန်းကလေးက ခင်ဗျားကို ပြောတာပါ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဒီနိုင်ငံရဲ့ စီနီယာ မင်းသမီးကြီးနဲ့ ဘုရင်မင်းမြတ်ရဲ့ အငယ်ဆုံး ညီမတော် စူးကျိချင်း။ ဒီနိုင်ငံရဲ့ အလှဆုံး မိန်းကလေးလို့လည်း လူသိများတယ်လေ။ ခင်ဗျားနဲ့ အခုလို တွေ့ရတာ တကယ် ဝမ်းသာပါတယ်ဗျာ" လုံချန်းက ရယ်ရင်း ပြောလိုက်သည်။
ကျိချင်းနှင့် မိုင်ယာ နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြသည်။ သူတို့ဘေးမှ စစ်သေနာပတိ ယောင်ပင် အိပ်မက်မက်နေသကဲ့သို့ ဖြစ်သွားသည်။
"နင်က ငါနဲ့ ယှဉ်ရင် အရမ်း မငယ်လွန်းဘူးလား" ကျိချင်းက အတော်ကြာမှ မေးနိုင်တော့သည်။
"အဲဒီလို မထင်ပါဘူး။ ခင်ဗျား မသိဘူးလား၊ ကျွန်တော်က အသက် ၇၀၀ ရှိပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်ပဲ၊ ဆေးပညာကို သုံးပြီး ရုပ်ကို ငယ်အောင် ထိန်းထားတာ။ ဒါကြောင့် အခုလို ငယ်နေတာပေါ့" လုံချန်းက ပြုံးလျက် စနောက်လိုက်သည်။
"ဒါဆို နင့်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ" ကျိချင်းက မယုံကြည်သလို မေးသည်။
"ခင်ဗျား အဲဒီ အဆင့်အကြောင်း ကြားတောင် ဖူးမှာ မဟုတ်ဘူး။ ကျွန်တော်လည်း အခုလောလောဆယ် မပြောပြချင်သေးဘူး" လုံချန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ မင်ယုကလည်း သူ့ကို ရယ်ချင်ပတ်ကျိ အကြည့်ဖြင့် ကြည့်နေသည်။
လုံချန်း ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် လူသုံးဦး ဆိုင်ထဲသို့ ဝင်လာသည်။ သူတို့၏ ပြင်းထန်သော အရှိန်အဝါကြောင့် ဆိုင်ထဲရှိ လူအားလုံး၏ အကြည့်များက သူတို့ဆီသို့ ရောက်သွားသည်။ သူတို့အားလုံးမှာ ဓားနှစ်လက် ထိမိနေသော အမှတ်အသားပါသည့် အနီရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ထိုအုပ်စုတွင် မိန်းကလေး နှစ်ဦးနှင့် ယောင်္ကျားလေး တစ်ဦး ပါဝင်သည်။
ယောင်္ကျားလေးမှာ အသက် ၂၁၊ ၂၂ ခန့် ရှိပြီး အုပ်စုထဲတွင် အကြီးဆုံး ဖြစ်ပုံရသည်။ အငယ်ဆုံး မိန်းကလေးမှာ ၁၆၊ ၁၇ ခန့် ရှိပြီး ကျန်တစ်ဦးမှာ ၁၈၊ ၁၉ ခန့် ရှိသည်။
သူတို့ သုံးဦးမှာ လုံချန်းနှင့် မင်ယုတို့ ကျိချင်းဆီ မသွားခင်က ထိုင်ခဲ့သည့် လုံချန်းတို့နှင့် အနီးဆုံး စားပွဲတွင် ထိုင်လိုက်ကြသည်။
'သူတို့ ဝတ်စုံတွေက...' လုံချန်း သူတို့ ဝတ်စုံကို ကြည့်ကာ တွေးလိုက်သည်။ သူသည် ကျန့်တျဲအဆောင်မှ ဝယ်လာသော ဤတိုက်ကြီး၏ အချက်အလက်များ ပါဝင်သော စာအုပ်ကို ဖတ်ထားသဖြင့် ထိုအမှတ်အသားမှာ မည်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း သိနေသည်။
"သူတို့က မြောက်ဘက် လအင်ပါယာက ဂိုဏ်းတစ်ခုကလူတွေပဲ..." လုံချန်းက မင်ယု၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ယောင်္ကျားလေးက မြေကမ္ဘာအဆင့် တတိယအဆင့်... သူနဲ့ ပါလာတဲ့ မိန်းကလေးက မြေကမ္ဘာအဆင့် ပထမအဆင့်။ အငယ်ဆုံးမလေးကတော့ ရွှေအမြူတေအဆင့် အဆင့် ၅ မှာ ရှိနေတယ်" လုံချန်းက သူမကို ထပ်မံ အသိပေးလိုက်သည်။
ထိုသုံးဦးမှာ လုံချန်းတို့နှင့် အနီးဆုံး စားပွဲတွင် ထိုင်နေသော်လည်း လုံချန်း၏ တိုးတိုးပြောသံကို မကြားနိုင်ကြပေ။ စားပွဲချင်း တူတူထိုင်နေသော ကျိချင်းတို့ပင် လုံချန်း မည်သည်ကို ထိုမျှ အလေးအနက် ပြောနေသနည်းဟု သိချင်နေကြသည်။
"ဒီတစ်ခေါက် တာဝန်က ငါတို့အတွက် တကယ့်ကို အရေးကြီးတယ်။ ငါတို့ ရှာနေတာကို မရရအောင် ယူရမယ်..." အနီရောင် ဝတ်စုံနှင့် လူငယ်က လေးနက်သော အမူအရာဖြင့် သူ၏ ညီမငယ်များကို တိုးတိုးလေး ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ စီနီယာအစ်ကို ရွမ်ရယ်၊ ကျွန်မတို့ သေချာပေါက် ရမှာပါ" အငယ်ဆုံးမလေးက နူးညံ့စွာ ပြုံးလျက် ပြောသည်။
"မင်းရဲ့ စကားကို ငါ ယုံပါတယ်၊ ဂျူနီယာညီမလေး လင်း။ ငါတို့ အားလုံးရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်တယ်။ ဂျူနီယာညီမလေး မုန့်လည်း ပါတာပဲလေ" ထိုလူက ခေါင်းညိတ် ထောက်ခံလိုက်သည်။
သူတို့က တိုးတိုးလေး ပြောနေသော်လည်း လုံချန်းမှာမူ အကြားအာရုံ မြင့်မားလှသဖြင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
'လင်း... အင်ပါယာက လာတာတဲ့... သူက ငါရှာနေတဲ့ မိန်းကလေး ဖြစ်နိုင်ခြေ ဘယ်လောက်ရှိမလဲ' လုံချန်းသည် လင်းကို ကြည့်ရင်း တွေးနေမိသည်။
"ဟေ့ကောင်... မင်း ဘာကို ကြည့်နေတာလဲ။ သေချင်လို့လား" စီနီယာ အစ်ကိုရွမ်ဟု ခေါ်သော လူငယ်က လုံချန်း လင်းကို ကြည့်နေသည်အား မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။