အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း (၁၈၁) ကမ္ဘာကို ဆန့်ကျင်ခြင်း
"ငါတို့နဲ့ လူငါးယောက် ပါလာတာ ကောင်းတာပေါ့။ မင်း သေသွားရင်တောင် ငါတို့ စိတ်ပူစရာ မလိုတော့ဘူး" ရွမ်က လုံချန်းကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ဂူသင်္ချိုင်းထဲသို့ ဝင်သွားသည်။ လင်သည်လည်း လုံချန်းနှင့် မင်ယုတို့၏ ရှေ့မှ ဝင်သွားလေသည်။
အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လုံချန်းနှင့် တခြားသူများသည် သူတို့၏ ရှေ့တွင် တံခါးလေးပေါက်ကို မြင်လိုက်ရသည်။
တံခါးများပေါ်တွင် စာလုံးများ ရေးထိုးထားသည်။ လုံချန်းက ထိုစာလုံးများကို မဖတ်တတ်သော်လည်း မုန့်က သူ၏ သံသယကို ဖြေရှင်းပေးလိုက်သည်။
"မီး၊ ရေ၊ မြေ၊ လေ..." မုန့်က စာလုံးများကို ဖတ်ပြလိုက်သည်။
"ရွှင်း... သူ ပြောတာ အမှန်ပဲလား" လုံချန်းက စိတ်ထဲမှနေ၍ ရွှင်းကို မေးလိုက်သည်။
"အင်း... စာလုံးတွေက အဲဒီအတိုင်းပဲ... ဒါပေမဲ့ အစီအစဉ်ကတော့ သူမပြောတာနဲ့ မတူဘူး။ ပထမဆုံး တံခါးက ရေ၊ ဒုတိယ တံခါးက လေ၊ တတိယ တစ်ခုက မြေ၊ စတုတ္ထ တံခါးက မီးဖြစ်ရမှာ..." ရွှင်းက လုံချန်းကို ပြန်ပြောပြသည်။
"တံခါးတစ်ပေါက်စီထဲကို အနည်းဆုံး တစ်ယောက်စီ ဝင်ရမယ်။ တစ်နည်းအားဖြင့် ပြောရရင် တံခါးလေးပေါက်စလုံးကို တစ်ယောက်စီ ဝင်မှရမယ်၊ မဟုတ်ရင် တံခါးတစ်ပေါက် ပေါက်ထဲကို ဝင်လိုက်တာနဲ့ ငါတို့အားလုံး သေသွားလိမ့်မယ်" မုန့်က အားလုံးကို ကြည့်ကာ ဆိုသည်။
"ဒါဆို ငါ လေတံခါးကို ရွေးမယ်..." ရွမ်က စတုတ္ထမြောက် တံခါးကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မကတော့ ရေကို ရွေးမယ်..." လင်းက ပြုံးလျက် ဆိုသည်။
"ဂျူနီယာညီမလေး လင်း၊ နင်က တစ်ယောက်တည်း သွားဖို့ အင်အား မလုံလောက်သေးဘူး။ ငါတို့မှာ လူငါးယောက် ရှိတာပဲ။ နင် ငါတို့ထဲက တစ်ယောက်ယောက်နဲ့ အတူဝင်ရင်ကော ဘယ်လိုလဲ" မုန့်က လင်းကို ကြည့်ကာ ပြောလိုက်သည်။
လုံချန်း သူမ၏ စကားကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ စကားအရဆိုလျှင် သူနှင့် မင်ယုမှာ လောလောဆယ် ခွဲသွားကြရမည် ဖြစ်သောကြောင့်ပင်။
"ရပါတယ်... သူတို့ တစ်ယောက်တည်း ရွေးနိုင်တယ်ဆိုရင် ကျွန်မက သူတို့ထက် သန်မာတာပဲ... ကျွန်မအလွယ်တကူ ပြန်ထွက်လာနိုင်မှာပါ" မင်ယုက လုံချန်း၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ပြုံးလျက် ဆိုလိုက်သည်။
"ဒါပေမဲ့... ကောင်းပြီ၊ ဒီဓာတ်ကြီးလေးပါးထဲမှာ နင် အယုံကြည်ဆုံးက ဘာလဲ" လုံချန်းက သူမကို တားချင်သော်လည်း သူမ၏ ပြတ်သားသော အမူအရာကို မြင်သဖြင့် လက်လျှော့လိုက်ရသည်။
"လေ... ဒါပေမဲ့ ရွမ်က အဲဒါကို ရွေးသွားပြီလေ..." မင်ယုက လုံချန်းကို ပြောသည်။
"ဒါဆို ဒုတိယတံခါးကိုပဲ ရွေးလိုက်ပါ" လုံချန်းက မင်ယုကို ဆန်းကြယ်သော အပြုံးဖြင့် အကြံပေးလိုက်သည်။
"ကောင်းပြီ၊ လင်းက အားနည်းတော့ တစ်ယောက်တည်း မလွှတ်သင့်ဘူးဆိုတာ ငါ သဘောတူပါတယ်။ ဒါဆို ငါ ဒုတိယတံခါးကို ဝင်မယ်" မင်ယုက လုံချန်း၏ စကားကို နားထောင်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"တွေ့လား၊ မိန်းကလေး မင်ယုကလည်း နားလည်ပေးသားပဲ။ နင့်ကို တစ်ယောက်တည်း မလွှတ်နိုင်ဘူး" မုန့်က လင်းကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ကောင်းပါပြီ၊ ဒါဆို ကျွန်မ စီနီယာအစ်မ မုန့်နဲ့ လိုက်ခဲ့ပါ့မယ်" လင်းက ခေါင်းညိတ်လိုက်သည်။
"ငါနဲ့ မဟုတ်ဘူး! သခင်လေးချန်းက အသန်မာဆုံးဆိုတော့ နင် သူ့နဲ့ လိုက်သွားရင်ကော ဘယ်လိုလဲ" မုန့်က အကြံပြုလိုက်သည်။
လင်းသည် သူမ၏ စီနီယာအစ်မ၏ စကားကို မငြင်းဆန်တတ်သဖြင့် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"သခင်လေးချန်းရော အဆင်ပြေရဲ့လား" မုန့်က လုံချန်းကို မေးသည်။
"ပြဿနာ မရှိပါဘူး" လုံချန်း ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"နင် ဘယ်တံခါးကို ဝင်မှာလဲ"
"ငါ တတိယတံခါးကို ရွေးမယ်... မြေပေါ့" လုံချန်း ပြုံးလျက် တတိယတံခါးဆီသို့ လျှောက်သွားသည်။ လင်းသည်လည်း သူ၏ နောက်မှ ကပ်လိုက်လာသည်။
"ဒါဆို ငါက ပထမဆုံး တံခါးကို ရွေးမယ်" မုန့်က ပြုံးလျက် ပထမတံခါးဆီသို့ လျှောက်သွားသည်။
သူတို့အားလုံးသည် သက်ဆိုင်ရာ တံခါးများကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားကြသည်။ သူတို့ ဝင်သွားသည်နှင့် တံခါးများမှာ အနောက်တွင် ပြန်ပိတ်သွားလေတော့သည်။
လုံချန်းသည် ခြောက်သွေ့သော မြေရိုင်းပြင်ကြီး တစ်ကွင်းထဲသို့ ရောက်ရှိသွားသည်။ မြေပြင်ပေါ်တွင် မြက်တစ်ပင်မှ မရှိဘဲ သဲများသာ ရှိသည်။ သူ၏ ရှေ့ နှစ်လှမ်းအကွာ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်ဘီလူး နှစ်ကောင် ရပ်နေသည်။ ထိုဘီလူးများမှာ အမြင့် ၂ မီတာခွဲကျော်ရှိပြီး ၁ မီတာခန့် ကျယ်သည်။ ၎င်းတို့၏ လက်မောင်းများမှာ လုံချန်း၏ ခါးလုံးပတ်ခန့် ကြီးမားလှသည်။
"အင်း..." လုံချန်း အနည်းငယ် မှင်တက်သွားသည်။ ပထမ ဘီလူးနှစ်ကောင်၏ ရှေ့ ၂ မီတာခန့် အကွာတွင် နောက်ထပ် ဘီလူးနှစ်ကောင် ရှိနေပြန်သည်။ ထိုကဲ့သို့ပင် အရှေ့တွင် အစီအရင်လိုက် ရှိနေသည်။ စုစုပေါင်းဆိုလျှင် ဘယ်ဘက်တွင် ဆယ်ကောင်၊ ညာဘက်တွင် ဆယ်ကောင်ခန့် ရှိမည် ဖြစ်သည်။
"သူတို့က ငါတို့ အနိုင်ယူရမယ့် ရန်သူတွေ ဖြစ်မယ် ထင်တယ်" လုံချန်း လင်းကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ရှင်ကလည်း အပိုတွေ ကြောက်နေတာပဲ။ သူတို့က လှုပ်တောင် မလှုပ်ဘူးဟာ။ အလှဆင်ထားတဲ့ ရုပ်တုတွေပဲ ဖြစ်မှာပါ" လင်းက ငြိမ်သက်နေသော ကျောက်ဘီလူးများကို ကြည့်ကာ ပြန်ပြောသည်။
"ဖြစ်နိုင်တာပဲ... ဒါဆို နင်ပဲ အရင် စလျှောက်ကြည့်ပါလား" လုံချန်း ပြုံးလျက် ဆိုလိုက်သည်။
"ရတာပေါ့... ဘာကြောက်စရာ ရှိလို့လဲ" လင်းက နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။
လင်းသည် လုံချန်း၏ အရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကွဲအက်သံတစ်သံ ထွက်ပေါ်လာသည်။ သူမ ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကျောက်ဘီလူးကြီးကို ကြည့်လိုက်သော်လည်း ယခင်အတိုင်းပင် ငြိမ်သက်နေဆဲ ဖြစ်သည်။ သူမ ထူးဆန်းသော ခံစားချက်တစ်ခု ရသော်လည်း ဂရုမစိုက်ဘဲ ဆက်လျှောက်လိုက်သည်။ ဒုတိယတစ်လှမ်း လှမ်းလိုက်သောအခါ ကွဲအက်သံမှာ ထပ်မံ ထွက်ပေါ်လာပြီး ယခုအကြိမ်တွင် ရပ်မသွားတော့ပေ။
သူမ ညာဘက်သို့ လှည့်ကြည့်လိုက်ရာ ကျောက်ဘီလူးကြီးမှာ ပုံစံပြောင်းနေသည်ကို တွေ့လိုက်ရသည်။ ယခင်က ဗလာဖြစ်နေသော မျက်လုံးများထဲတွင် ယခုအခါ အဝါရောင် အလင်းတန်းများ ပေါ်နေပြီ ဖြစ်သည်။ ဘယ်ဘက်က ဘီလူးကြီးမှာလည်း ထိုနည်းတူပင်။
ကျောက်ဘီလူး နှစ်ကောင်စလုံးမှာ လင်း၏ထံသို့ စတင် ရွေ့လျားလာကြသည်။
လင်းသည် ဘီလူးကြီးများ သူမထံ လာနေသည်ကို မြင်သောအခါ မှင်တက်သွားသည်။ သူမသည် ချက်ချင်းပင် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုကာ ညာဘက်က ဘီလူးကို တိုက်ခိုက်လိုက်သည်။
"လေဓားစက်" သူမ ကျယ်လောင်စွာ ဟစ်ကြွေးကာ တိုက်ခိုက်လိုက်သည်။ လေဖြင့် ပြုလုပ်ထားသော ထက်ရှသည့် ဓားစက်မှာ ကျောက်ဘီလူးကြီး၏ ရင်ဘတ်ကို သွားရောက် ထိမှန်သည်။
ကျောက်ဘီလူးကြီး၏ ရင်ဘတ်တွင် နက်ရှိုင်းသော အရှရာတစ်ချက် ပေါ်လာသော်လည်း ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ယှဉ်လျှင် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေသည်။ ဘီလူးကြီးမှာ သူမထံသို့ ဆက်လက် လာနေဆဲ ဖြစ်သည်။
သူမသည် ဘယ်ဘက်နှင့် ညာဘက်မှ ဘီလူးကြီးများကို အသက်ရှူချိန်ပင် မရဘဲ အဆက်မပြတ် တိုက်ခိုက်နေသော်လည်း သူမ၏ တိုက်ခိုက်မှုများမှာ ကြီးမားသော ထိရောက်မှု မရှိပေ။
"မြေဓာတ်က ခံစစ်ကောင်းတယ်လို့ နာမည်ကြီးတာပဲ။ သူ့ရဲ့ ခံစစ်ကို အလွယ်တကူ ချိုးဖျက်ဖို့ မလွယ်ဘူး။ ဒီလို ဘီလူးတစ်ကောင်ကို ဖြိုလဲဖို့ဆိုရင် ကြီးမားတဲ့ ခန္ဓာကိုယ်ခွန်အား ဒါမှမဟုတ် ပြင်းထန်တဲ့ တိုက်စစ်စွမ်းအား လိုအပ်တယ်။ သူမကတော့ သူတို့ရှေ့မှာ အားနည်းလွန်းနေပြီ..." လုံချန်းက ထိုမြင်ကွင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
"ဒီမှာ ခဏလေး စောင့်နေပေးဦးနော် ကောင်လေး..." လုံချန်းက နှင်းခဲကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ သူသည် နှင်းခဲကို မြေပြင်ပေါ်သို့ အသာအယာ ချထားခဲ့ပြီး ရှေ့က မြင်ကွင်းကို ကြည့်လိုက်သည်။
ဘယ်ဘက်က ကျောက်ဘီလူးမှာ လင်း၏ အနားသို့ ပထမဆုံး ရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးရန် ပြင်လိုက်သည်။
လင်းသည် လွတ်မြောက်နိုင်ခြေ မရှိတော့သည်ကို သိသဖြင့် မှင်တက်နေမိသည်။ သူမ၏ ခန္ဓာကိုယ်မှာ အလွန် လေးလံလာသကဲ့သို့ ခံစားရပြီး သူမ၏ အမိန့်ကို နားမထောင်တော့ပေ။ ကျောက်ဘီလူးကြီး၏ လက်သီးက သူမထံ ရောက်လာသော်လည်း သူမ ခြေတစ်လှမ်းပင် မရွေ့နိုင်ခဲ့ပေ။
လင်းသည် မျက်လုံးများကို မှိတ်လိုက်ရာ မျက်ရည်တစ်စက် စီးကျလာသည်။
"မင်း တစ်ယောက်ယောက်ကို မေ့နေတာ မဟုတ်လား" ရုတ်တရက် သာယာသော အသံတစ်သံ ထွက်ပေါ်လာသည်။ လင်း မျက်လုံးဖွင့်ကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။
လုံချန်းသည် ကောင်းကင်ယံသို့ ခုန်တက်ကာ ဘီလူးကြီးကို လက်သီးဖြင့် ထိုးနှက်နေသည်ကို သူမ မြင်လိုက်ရသည်။ လုံချန်းက ထိုမျှအထိ မြင့်အောင် မည်သို့ ခုန်နိုင်သည်ကို သူမ နားမလည်နိုင်သော်လည်း ထိုအချိန်တွင် သူမ အသက်ရှင်လိုစိတ် တစ်ခုတည်းသာ ရှိတော့သည်။
လုံချန်းက လက်သီးကို စုစည်းကာ ကျောက်ဘီလူး၏ ခေါင်းကို ထိုးချလိုက်သည်။ လေထုထဲတွင် ဖိအားများ မြင့်တက်လာပြီး လုံချန်း၏ လက်သီးနှင့်အတူ လေပြင်းများ တိုက်ခတ်လာသည်။
လက်သီးမှာ ကျောက်ဘီလူး၏ ခေါင်းပေါ်သို့ ကျရောက်သွားပြီးနောက် ခဏချင်းမှာပင် ကျောက်ဘီလူးကြီးမှာ အပိုင်းပိုင်းအစစ ကွဲထွက်ကာ လေထဲသို့ လွင့်စင်သွားတော့သည်။
လုံချန်းသည် ကွဲကြေနေသော ကျောက်တုံးများကြားတွင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သော်လည်း ရပ်မနေဘဲ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ အရှိန်မှာ မြန်လွန်းလှသဖြင့် လင်းမှာ ရိပ်တောင် မရိပ်မိလိုက်ဘဲ သူသည် ဒုတိယမြောက် ကျောက်ဘီလူး၏ နောက်တွင် ပေါ်လာသည်။
လုံချန်းက ဒုတိယ ဘီလူးကြီး၏ လည်ပင်းကို ကန်လိုက်ရာ ချက်ချင်းပင် လည်ပင်းမှာ ပြတ်ထွက်သွားပြီး ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော် ကျောက်ဘီလူးမှာ ရပ်မသွားပေ။
ဦးခေါင်း မရှိတော့သော်လည်း ကျောက်ဘီလူးမှာ လှည့်လာပြီး လုံချန်းကို ပြန်လည် တိုက်ခိုက်သည်။ သို့သော် လုံချန်းက ထိုတိုက်ခိုက်မှုကို ရှောင်လိုက်ပြီး ဘီလူးကြီး၏ ကျောဘက်ကို လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ရာ ဒုတိယ ဘီလူးကြီးမှာလည်း ပထမတစ်ကောင်ကဲ့သို့ပင် အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
လုံချန်း မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး လင်းကို လှည့်ကြည့်လိုက်သည်။
"အရာရာတိုင်းက မြင်နေရသလို မဟုတ်တတ်ဘူး။ သက်မဲ့ပစ္စည်းတွေ၊ သားရဲတွေနဲ့ လူသားတွေအားလုံးက အတူတူပါပဲ" လုံချန်းက မျက်ရည်ဝိုင်းနေသော လင်းကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
"ဒီမှာ ခဏလေး စောင့်နေဦးနော် ကောင်လေး... ရှင်းစရာတွေ ကျန်သေးလို့" လုံချန်းက သူ့ကို စပ်စုသော မျက်လုံးလေးများဖြင့် ကြည့်နေသည့် နှင်းခဲကို ကြည့်ကာ ပြုံးလိုက်သည်။
လုံချန်းသည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်သော ကျန်ရှိသည့် ကျောက်ဘီလူးကြီးများဘက်သို့ လှည့်လိုက်သည်။ သူ ရှေ့သို့ လျှောက်သွားပြီး ဒုတိယမြောက် ဘီလူးနှစ်ကောင်၏ ရှေ့သို့ ရောက်သောအခါ ၎င်းတို့သည်လည်း စတင် လှုပ်ရှားလာကြသည်။ လုံချန်းသည် ဆက်လက် တိုက်ခိုက်ပြီး ရှေ့သို့ တိုးလာခဲ့ရာ ကျောက်ဘီလူးများကို တစ်ကောင်ပြီး တစ်ကောင် ဖျက်ဆီးခဲ့သည်။
"ရှေ့ကို ရောက်လေလေ သူတို့က ပိုပြီး သန်မာလာလေလေပဲ" လုံချန်း ရင်ဆိုင်နေရသော ဘီလူးများမှာ အရင်ကထက် ပိုသန်မာလာကြောင်း သတိပြုမိလိုက်သည်။
"သူက... အရမ်း သန်မာတာပဲ..." လင်း လုံချန်းကို ကြည့်ကာ ရေရွတ်နေမိသည်။ သူမသည် ကျောက်ဘီလူးများကို တစ်ကောင်ပြီး တစ်ကောင် ဖျက်ဆီးနေသော လုံချန်းကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိသည်။
မကြာမီမှာပင် သူသည် ဆယ်ခုမြောက်နှင့် နောက်ဆုံးဖြစ်သော ကျောက်ဘီလူးနှစ်ကောင်၏ ရှေ့သို့ ရောက်ရှိသွားလေတော့သည်။
အခန်း (၁၈၂) သူ သေသွားပြီလား
"သူက... အရမ်း သန်မာတာပဲ..." လင်း လုံချန်းကို ကြည့်ကာ ရေရွတ်နေမိသည်။ သူမသည် ကျောက်ဘီလူးများကို တစ်ကောင်ပြီး တစ်ကောင် ဖျက်ဆီးနေသော လုံချန်းကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိသည်။
မကြာမီမှာပင် သူသည် ဆယ်ခုမြောက်နှင့် နောက်ဆုံးဖြစ်သော ကျောက်ဘီလူးနှစ်ကောင်၏ ရှေ့သို့ ရောက်ရှိသွားသည်။
နောက်ဆုံး ကျောက်ဘီလူးနှစ်ကောင်မှာ ရှေ့ကကောင်များထက် ပို၍ မြင့်မားကာ ထွားကျိုင်းပုံရသည်။
အချိန်မဖြုန်းဘဲ လုံချန်းသည် ကျောက်ဘီလူးများဆီသို့ လှမ်းတက်သွားပြီး တိုက်ခိုက်လေတော့သည်။ သူသည် ညာဘက်က ဘီလူးကို အရင် တိုက်ခိုက်လိုက်သည်။
ကျောက်ဘီလူးက ပြန်လည် ထိုးနှက်လိုက်ရာ ၎င်း၏လက်သီးနှင့် လုံချန်း၏ လက်သီးတို့ ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုထိခိုက်မှုကြောင့် ဘီလူးကြီး၏ လက်မောင်းတစ်ခုလုံး အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး လုံချန်းမှာမူ အနောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူသည် ကျောက်ဘီလူးကို ထပ်မံ တိုက်ခိုက်ပြီးနောက် အတော်အတန် အားစိုက်လိုက်ရပြီးမှ ကျောက်ဘီလူးကြီးမှာ အပိုင်းပိုင်းအစစ ကွဲထွက်ကာ လွင့်စင်သွားတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် နောက်ဆုံး ကျောက်ဘီလူးကြီးမှာလည်း ထိုနည်းတူပင် ပျက်စီးသွားခဲ့သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ" လုံချန်း ပြုံးလျက် အနောက်သို့ ပြန်လျှောက်လာသည်။
လုံချန်း သူမထံသို့ လျှောက်လာသည်ကို မြင်သောအခါ လင်း၏ ရင်ခုန်သံများ မြန်လာသည်။
"ကျေး... ကျေးဇူး..." လုံချန်း သူမအနားသို့ ရောက်သောအခါ သူမ၏ ရဲရဲနီသော နှုတ်ခမ်းလေးများကို ဖွင့်ကာ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်သော်လည်း လုံချန်းက သူမရှေ့တွင် မရပ်ဘဲ ကျော်ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာလေးမှာ ပျက်သွားတော့သည်။
"စောင့်ခိုင်းမိလို့ တောင်းပန်တယ်နော်" လုံချန်းက နှင်းခဲရှေ့တွင် ရပ်ကာ ပြုံးလျက် ဆိုလိုက်သည်။ သူသည် နှင်းခဲကို ပွေ့ချီကာ လှည့်လာခဲ့သည်။
"သွားကြရအောင်" လုံချန်းက နောက်ဆုံးမှ လင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဟင်း... ကောင်းပြီလေ" လင်းက စိတ်မကောက်ရုံတမယ် မျက်နှာဖြင့် ပြန်ပြောသည်။
ရုတ်တရက် လုံချန်း တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားလိုက်ရသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ ပျက်စီးသွားသော ကျောက်ဘီလူး အပိုင်းအစများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ ကျောက်တုံး အပိုင်းအစအားလုံးမှာ လေထဲတွင် ဝဲပျံနေပြီး လုံချန်း ဖျက်ဆီးခဲ့သော ဆယ်ခုမြောက် ကျောက်ဘီလူးနှစ်ကောင် ရှိရာသို့ စုရုံးသွားကြသည်။
ကျောက်တုံးစများ တစ်စနှင့်တစ်စ ပေါင်းစပ်သွားကာ ကျောက်ဘီလူးကြီး တစ်ကောင်အဖြစ် ပုံပေါ်လာသည်ကို မြင်ရသောအခါ လုံချန်းနှင့် လင်းတို့မှာ မှင်တက်သွားကြသည်။ ယခုတစ်ကြိမ်တွင်မူ ကျောက်ဘီလူးကြီးမှာ ယခင်ကထက် ဆယ်ဆခန့် ပိုမို ကြီးမားနေပြီး အမြင့်မှာ ၂၀ မီတာကျော် ရှိသည်။
ထို့ပြင် ကျောက်ဘီလူးကြီး၏ ရင်ဘတ်တွင် ကျောက်သားချပ်ဝတ်တန်ဆာ တစ်ခုလည်း ရှိနေသည်။ ကျောက်ဘီလူး၏ လက်ထဲတွင်လည်း ကျောက်သားတူကြီး တစ်လက်မှာ ပုံပေါ်လာသည်။
"ဟာ... ကွာ... ငါ့ကို နည်းနည်းလောက် အနားပေးလို့ မရဘူးလား" ၂၀ မီတာမြင့်သော ကျောက်ဘီလူးကြီးကို ကြည့်ကာ လုံချန်းက ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် အော်လိုက်သည်။
"နောက်တစ်ခါ ထပ်ခိုင်းမိလို့ စိတ်မကောင်းဘူးကွာ၊ ဒါပေမဲ့ နည်းနည်းလောက် ထပ်စောင့်ပေးဦးနော်" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးရင်း နှင်းခဲကို မြေပြင်ပေါ်သို့ ပြန်ချထားလိုက်သည်။
လုံချန်းသည် သူရပ်နေသော နေရာမှ ပျောက်ကွယ်သွားပြီး ကျောက်ဘီလူးကြီးဆီသို့ ပြေးသွားလေသည်။ သူသည် သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသုံးပြုကာ ကျောက်ဘီလူးကြီး၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ဘီလူးကြီး၏ ရင်ဘတ်တွင် ကျင်းကြီးတစ်ကျင်း ပေါ်လာသော်လည်း ယခင်ကနှင့် မတူဘဲ ဤတိုက်ခိုက်မှုမှာ ဘီလူးကြီး၏ အရွယ်အစားနှင့် ယှဉ်လျှင် ထိခိုက်မှု အားနည်းနေပုံရသည်။
လုံချန်း အနောက်သို့ ဆုတ်လိုက်သော်လည်း ကျောက်ဘီလူးကြီး၏ တူဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရကာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်စင်သွားသည်။
လုံချန်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။
"ဒါက တကယ် နာတာပဲ" လုံချန်း ကျောက်ဘီလူးကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူသည် မြေပြင်မှ ထရပ်ကာ အဆင်သင့် ပြင်လိုက်သည်။
"မိုးကြိုးဓားသွား" လုံချန်း လက်ညှိုးကို ကောင်းကင်သို့ ထိုးကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
သူတို့၏ ခေါင်းပေါ်တွင် မည်းမှောင်သော တိမ်တိုက်အချို့ ပေါ်လာပြီး လျှပ်စီးသံများ ထွက်ပေါ်လာသည်။ တိမ်တိုက်များကြားတွင် အလင်းတန်းများ ပေါ်လာပြီး မကြာမီမှာပင် မိုးကြိုးဓားသွား တစ်စင်းမှာ ပေါ်ထွက်လာကာ ကျောက်ဘီလူးကြီးထံသို့ ဦးတည်သွားလေသည်။
ကျောက်ဘီလူးကြီးသည် မိုးကြိုးဓား လာနေသည်ကို ခံစားမိသဖြင့် သူ၏ တူကြီးကို ဝှေ့ယမ်းကာ ကာကွယ်လိုက်သည်။ ဓားသွားနှင့် တူကြီးမှာ ထိပ်တိုက် တွေ့ဆုံသွားသော်လည်း တူကြီး အနည်းငယ် ပျက်စီးသွားသည်မှလွဲ၍ ကျောက်ဘီလူးကြီးမှာ သိသိသာသာ ထိခိုက်မှု မရှိခဲ့ပေ။
လုံချန်းသည် မူလနေရာမှ ထပ်မံ ပျောက်ကွယ်သွားပြီး ကျောက်ဘီလူးကြီးကို လက်သီးဖြင့် ထိုးနှက်သည်။ ကျောက်ဘီလူးကြီးက တူဖြင့် ထပ်မံ ဝှေ့ယမ်းသော်လည်း လုံချန်းက ရှောင်လိုက်ပြီး ၎င်း၏ ရင်ဘတ်က နေရာဟောင်းကိုပင် ထပ်မံ ထိုးနှက်လိုက်သည်။ ယခင်က ကျင်းကြီးမှာ ပို၍ နက်သွားသည်။ လုံချန်းသည် ကျောက်ဘီလူး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ အဆက်မပြတ် တိုက်ခိုက်နေသဖြင့် ဘီလူးကြီး၏ ထိခိုက်ဒဏ်ရာများမှာ တိုးလာသည်။ မကြာမီမှာပင် ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်မှာ အက်ကြောင်းများဖြင့် ပြည့်နှက်သွားသော်လည်း လုံချန်းကို အစွမ်းကုန် ပြန်လည် တိုက်ခိုက်နေဆဲ ဖြစ်သည်။
နာရီဝက်ခန့် ရှောင်တိမ်း တိုက်ခိုက်ပြီးနောက်တွင်မူ ကျောက်ဘီလူးကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပျက်စီးသွားတော့သည်။
"ဒါကတော့ တကယ့် လေ့ကျင့်ခန်းကောင်းပဲ..." လုံချန်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း ရေရွတ်လိုက်သည်။ လုံချန်း အနောက်သို့ လှည့်ကြည့်လိုက်ရာ နှင်းခဲမှာ သူ၏ ပေါင်ပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။
"အဲဒီမှာ နေပါလို့ ငါမပြောထားဘူးလား" လုံချန်း ခပ်ယဲ့ယဲ့ ပြုံးရင်း နှင်းခဲကို ကြည့်ကာ ဆိုလိုက်သည်။ နှင်းခဲကတော့ ဘာမှပြန်မပြောဘဲ သူ၏ ပေါင်ပေါ်တွင် ငြိမ်သက်စွာ မှိန်းနေသည်။
"ကောင်းပြီလေ ကောင်လေးရာ။ ငါ့ကို ဆက်ပြီး လျစ်လျူရှုထားလိုက်ပါ..." လုံချန်း ရယ်မောရင်း ထရပ်လိုက်သည်။
"နောက်ဆုံးတော့ တကယ် ပြီးသွားပြီလို့ မျှော်လင့်ရတာပဲ... သွားကြရအောင်" လုံချန်း လင်းကို ကြည့်ကာ ပြောလိုက်သော်လည်း သူမမှာ မူလနေရာမှာပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ မြင်လိုက်ရသည့် အရာကို သူမကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်နေပုံရသည်။
'ဒီလောက်အထိ သန်မာတာလား...' သူမ လုံချန်းကို မှင်တက်စွာ ကြည့်ရင်း တွေးနေမိသည်။
လုံချန်း ထရပ်ကာ လင်းရှိရာသို့ လျှောက်သွားပြီး သူမရှေ့တွင် ရပ်လိုက်သည်။
"လိုက်မှာလား၊ ဒါမှမဟုတ် ငါ နင့်ကို ထားခဲ့ရမလား" လုံချန်းက သူမ၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် မေးလိုက်သည်။
"ဪ... အင်း... လိုက်မှာပါ..." လင်း မှင်တက်သော အမူအရာဖြင့် ပြန်ပြောသည်။ လုံချန်းနှင့် ဤမျှ နီးကပ်စွာ ရှိနေသည်ကို သတိပြုမိသွားသဖြင့် သူမ၏ မျက်နှာမှာ ရဲတက်သွားသည်။
လုံချန်းက ရှေ့က လျှောက်သွားပြီး လင်းက နောက်က လိုက်လာသည်။ ကျန်ရှိသော လမ်းတစ်လျှောက်တွင်မူ သူတို့မှာ ကြီးမားသော ပြဿနာမျိုး မကြုံရဘဲ အခြားတစ်ဖက်ရှိ တံခါးဝသို့ ရောက်ရှိသွားသည်။ လုံချန်း တံခါးကို တွန်းဖွင့်ကာ လင်းနှင့်အတူ ထွက်လာခဲ့သည်။
အခြားတစ်ဖက်တွင်မူ မင်ယု၊ မုန့် နှင့် ရွမ်တို့သည်လည်း ကိုယ်စီ စမ်းသပ်ချက်များကို ဖြတ်သန်းနေကြသည်။
မင်ယုသည်လည်း ခြောက်သွေ့သော မြေရိုင်းပြင်ပေါ်တွင် လျှောက်လှမ်းနေသည်။ သဲမုန်တိုင်းများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပိုမို ပြင်းထန်စွာ ပေါ်ထွက်လာသော်လည်း မင်ယုကမူ အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ သဲမုန်တိုင်းများမှာ ပိုမို ပြင်းထန်လာရုံသာမက သဲမုန်တိုင်းကြီးများအတွင်း ပျံသန်းနေသော ပျားကဲ့သို့ သတ္တဝါများ၏ ခြိမ်းခြောက်မှုကိုပါ ကြုံတွေ့ရသည်။ ထိုသတ္တဝါများသည် မြင်ကွင်း မရှင်းလင်းသော မင်ယုကို တိုက်ခိုက်နေကြသည်။
အခြားတစ်ဖက်တွင်မူ ရွမ်သည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် ကူးခတ်နေရသဖြင့် သူ၏ ကံကြမ္မာကို ကျိန်ဆဲနေသည်။ ပင်လယ်သတ္တဝါများမှာ သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသော်လည်း သူက အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ သူ့အတွက် အခက်ခဲဆုံးမှာ ရေကူးရခြင်းပင် ဖြစ်သည်။ သူသည် အလွန် ပင်ပန်းလာသဖြင့် ဤတံခါးကို ရွေးမိခဲ့သည်ကို နောင်တရနေသည်။
မုန့်မှာမူ အပူရှိန်နှင့် မီးလျှံများဖြင့် ပြည့်နှက်နေသော နေရာကို ဖြတ်သန်းနေရသည်။ သို့သော် သူမသည် မီးလျှံများကို ခုခံနိုင်စွမ်း မြင့်မားစေသော ရတနာပစ္စည်း တစ်ခု ပါလာသဖြင့် အဆင်သင့် ဖြစ်နေသည်။ သူမအတွက် အခက်ခဲဆုံးမှာ သူမကို အဆက်မပြတ် တိုက်ခိုက်နေသော သတ္တဝါများပင် ဖြစ်သည်။ ထိုသတ္တဝါများမှာ မီးဖြင့် ပြုလုပ်ထားပုံရသော်လည်း သူမ၏ ရတနာပစ္စည်းများက တိုက်ခိုက်မှုများကို ခုခံရာတွင် အများကြီး အထောက်အကူ ဖြစ်စေခဲ့သည်။
လုံချန်း တံခါးကို ဖြတ်ကျော်ကာ အခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့သည်။ လင်းသည်လည်း နောက်မှ လိုက်ဝင်လာသည်။
လုံချန်း အခန်းကို ဝေ့ကြည့်လိုက်ရာ သူ၏ ရှေ့တွင် ရှည်လျားသော စင်္ကြံလမ်းတစ်လမ်း ရှိနေသည်ကို တွေ့ရသည်။ သူ၏ အနောက်တွင်မူ တံခါး လေးပေါက်ရှိပြီး ၎င်းတို့ထဲမှ တစ်ပေါက်မှာ သူ ဖြတ်ကျော်လာခဲ့သော တံခါးဖြစ်သည်။
"တခြားသူတွေ မလာသေးဘူးလား" လင်း ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။
"မလာသေးဘူး ထင်တယ်..." လုံချန်း တံခါးများကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"သူတို့က တော်တော် နှေးတာပဲ... ရှေ့ကို အရင်သွားကြမလား" လင်းက လုံချန်းကို ကြည့်ကာ မေးသည်။
"မသွားဘူး၊ ငါ ယုကို စောင့်မယ်" လုံချန်းက ပြတ်သားစွာ ပြောပြီး ထောင့်တစ်နေရာတွင် ထိုင်ချလိုက်သည်။ သူသည် နံရံကို ကျောမှီကာ တံခါးများကို စိုက်ကြည့်နေသည်။
"ဪ..." လင်း စိတ်ပျက်သွားသော အမူအရာဖြင့် ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။ သူမသည်လည်း လုံချန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး လုံချန်းက တခြားသူများကို စောင့်နေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ပထမဆုံး တံခါး ပွင့်လာသည်။ လုံချန်း ကြည့်လိုက်ရာ မုန့် ထွက်လာသည်ကို တွေ့ရသည်။ သူမ၏ အဝတ်အစားများမှာ ပုခုံး၊ ပေါင် နှင့် လည်ပင်း အနီးအနားတို့တွင် မီးလောင်ထားသဖြင့် သူမ၏ ဖြူဖွေးသော အသားအရေများကို မြင်နေရသည်။
'သူမရဲ့ အဝတ်အစားတွေ လောင်သွားပေမဲ့ အသားအရေကတော့ ဘာမှမဖြစ်ဘူး... သူမမှာ မီးဒဏ်ကို ခုခံနိုင်တဲ့ တစ်ခုခု ရှိရမယ်' လုံချန်း မုန့်ကို ကြည့်ကာ တွေးလိုက်သည်။
"စီနီယာအစ်မ မုန့်" လင်း စိတ်လှုပ်ရှားစွာ ထရပ်ပြီး မုန့်ဆီသို့ ပြေးသွားသည်။
"စီနီယာအစ်မ အဆင်ပြေရဲ့လား" သူမ စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ် ဂျူနီယာညီမလေး လင်း။ နင်ကော ဘယ်လိုလဲ" မုန့်က ပြန်မေးသည်။
"ကျွန်မလည်း အဆင်ပြေပါတယ်။ သခင်လေးချန်းက ကျွန်မကို ကာကွယ်ပေးခဲ့တယ်" လင်းက လုံချန်းကို ပြန်ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ဪ... ဒါဆိုရင်တော့ သခင်လေးချန်းကို ကျေးဇူးတင်ရမှာပေါ့" မုန့်က ရယ်မောရင်း လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ၊ နင်က အရင်ဆုံး ထွက်လာနိုင်သူပဲ" မုန့်က လုံချန်းဆီ လျှောက်လာရင်း ပြုံးလျက် ဆိုသည်။
"ငါကတော့ မင်း အရင်ထွက်လာမယ်လို့ ထင်ထားတာ။ တော်တော်လေး စိတ်ပျက်စရာပဲ" လုံချန်းက ပြုံးလျက် ပြန်နောက်လိုက်သည်။
"ဟေး... ငါက နင့်ချစ်သူထက်တော့ မြန်ပါသေးတယ်နော်" မုန့်က လုံချန်းကို မျက်စိတစ်ဖက် မှိတ်ပြရင်း ရယ်မောလိုက်သည်။
လုံချန်း တစ်စုံတစ်ခု ပြန်ပြောရန် ပြင်စဉ်မှာပင် ဒုတိယတံခါးမှာလည်း ပွင့်လာခဲ့သည်။
မင်ယု ထွက်လာသည်ကို မြင်သောအခါ လုံချန်း ပြုံးလိုက်သည်။ သူမသည် သဲများ ပေကျံနေသော သူမ၏ အဝတ်အစားများကို ခါထုတ်လိုက်သည်။
"အကူအညီ လိုလား" လုံချန်းက မင်ယုကို မေးလိုက်သည်။
"ရပါတယ်၊ ကျေးဇူးပဲ" မင်ယု ပြုံးလျက် လုံချန်းဆီ လျှောက်လာခဲ့သည်။
"ရွမ် တစ်ယောက်ပဲ ကျန်တော့တာပေါ့။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် နောက်ဆုံးမှ ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး" လုံချန်း မုန့်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။
"စီနီယာအစ်ကို ရွမ်လည်း မကြာခင် ရောက်လာမှာပါ" လင်းက ယုံကြည်မှု ရှိရှိ ပြောသည်။
"မင်း ပြောသလို ဖြစ်ပါစေ..." လုံချန်းက ပေါ့ပေါ့ပါးပါး ပြောပြီး မင်ယုဘက်သို့ အာရုံလွှဲလိုက်သည်။
"အထဲမှာ ဘာတွေနဲ့ ကြုံခဲ့လဲ" လုံချန်းက မင်ယုကို စပ်စုသော အကြည့်ဖြင့် မေးလိုက်သည်။
မင်ယုက သူမ ကြုံတွေ့ခဲ့ရသည်များကို စိတ်ဝင်တစား ရှင်းပြလေတော့သည်။
လေးနာရီခန့် ကြာသည်အထိ သူတို့ ရွမ်ကို စောင့်နေခဲ့ကြသော်လည်း စတုတ္ထတံခါးမှာ ပွင့်မလာခဲ့ပေ။
"သူ သေသွားပြီလား" ဤမျှ ကြာသည်အထိ ရွမ် ထွက်မလာသဖြင့် လုံချန်းက စပ်စုသော အကြည့်ဖြင့် မေးလိုက်သော်လည်း သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် စတုတ္ထတံခါးမှာ ပွင့်သွားသည်။
ရွမ်သည် ရွှဲရွှဲစိုနေသော အဝတ်အစားများဖြင့် အမောတကော အသက်ရှူရင်း တံခါးမှ ထွက်လာသည်။ တံခါးကို ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ဒူးထောက် လဲကျသွားတော့သည်။
ရွမ်၏ အခြေအနေကို မြင်သောအခါ လုံချန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။