အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း (၁၈၉) ကိုယ်စားလှယ်လောင်းတစ်ဦး
"ဒီလိုနေ့မျိုး မကြာခင် ရောက်လာလိမ့်မယ်ဆိုတာ အမေ သိပြီးသားပါ... သားတို့ အောင်မြင်ပါစေလို့ အမေ ဆုတောင်းပေးနေမယ်။ ဒီခရီးရှည်ကြီးမှာ သားက ဖေးအာကို သေချာ ဂရုစိုက်ရမယ်နော်" အမျိုးသမီးက လူငယ်နှင့် မိန်းကလေးကို မေတ္တာအပြည့်ရှိသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"စိတ်ချပါ အမေ... သားတို့ နှစ်ယောက်လုံး အရွေးခံရပြီး ဒီနယ်မြေတစ်ခုလုံးမှာ အသန်မာဆုံး ကျင့်ကြံသူတွေ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပေးပါတယ်။ အမေ ဂုဏ်ယူစေရမယ်" ဒုတိယမင်းသား ယွဲ့လွမ်က သူ၏ အမေကို ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"အမေကတော့ သားတို့ နှစ်ယောက်လုံးအပေါ် အပြည့်အဝ ယုံကြည်တယ်။ ပြီးတော့ အမေက သားတို့အတွက် ဂုဏ်မယူတဲ့နေ့ဆိုတာ တစ်ရက်မှ မရှိပါဘူး" အမျိုးသမီးက နူးညံ့စွာ ပြုံးရင်း ဆိုသည်။ သူမသည် ဘုရင်ကြီး၏ မိဖုရားခေါင်ကြီးဖြစ်ပြီး ဒုတိယမင်းသား ယွဲ့လွမ်နှင့် တတိယမင်းသမီး ယွဲ့ဖေးတို့၏ မိခင် မင်လန်ပင် ဖြစ်သည်။
တစ်ချိန်က သူမသည် ဤနိုင်ငံတွင် အလှဆုံး အမျိုးသမီးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဘုရင်ကြီး အနှစ်သက်ဆုံးသော အမျိုးသမီးလည်း ဖြစ်ခဲ့သည်။ သို့သော် သူမ၏ ကျန်းမာရေး ချို့ယွင်းလာသည့်နေ့မှစ၍ အရာရာ ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့် ကျန်းမာရေး ညံ့ဖျက်သွားသည်ကို မည်သူမျှ မသိရှိကြဘဲ အတော်ဆုံးသော ဆေးဆရာများပင် အကြောင်းရင်းကို မရှာဖွေနိုင်သလို မကုသနိုင်ခဲ့ကြပေ။ ထို့ကြောင့် သူမသည် တစ်နေ့တာလုံးကို သူမ၏ အခန်းထဲမှာပင် ကုန်ဆုံးစေခဲ့ရပြီး နန်းတော်အတွင်း သူမ၏ နေရာမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။
"သားတို့ သတင်းကောင်းနဲ့အတူ မကြာခင် ပြန်လာခဲ့ပါ့မယ် အမေ" တတိယမင်းသမီး ယွဲ့ဖေးက သူမ၏ သာယာလှသော အသံလေးဖြင့် ပြောလိုက်သည်။
အခြားအခန်းတစ်ခုတွင်လည်း အလားတူ စကားဝိုင်းမျိုး ဖြစ်ပေါ်နေသည်။ ပထမမင်းသမီး ယွဲ့မြောင်သည် သူမ၏ မောင်ဖြစ်သူ တတိယမင်းသား ယွဲ့တင် နှင့်အတူ ခရီးစဉ်အတွက် ပြင်ဆင်မှုများကို ဆွေးနွေးနေသည်။
"နောက်ဆုံးတော့ ကျွန်တော် အဆင့်တက်သွားပြီ။ အခုဆိုရင် ကျွန်တော်လည်း ယွဲ့လွမ်နဲ့ အဆင့်တူသွားပြီ၊ ဝိညာဉ်အခြေတည် အဆင့် ၉ ပဲ။ ကျွန်တော်လည်း အစ်မနဲ့အတူ ဂိုဏ်းတွေရဲ့ အရွေးခံရမှာ သေချာတယ်" တတိယမင်းသား ယွဲ့တင်က သူ၏ အစ်မကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ သူသည် မီးတောက်ကဲ့သို့ နီမြန်းသော ဆံပင်များကို ပိုင်ဆိုင်ထားပြီး ဒုတိယမင်းသား ယွဲ့လွမ်နှင့် အသက်တူပုံရသည်။
"နင် ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲနဲ့ မောင်လေး။ ယွဲ့လွမ်က ဒီအင်ပါယာမှာ သန်မာတယ်၊ ပါရမီရှင်လို့ သတ်မှတ်ခံရပေမဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာကြီးနဲ့ ယှဉ်လိုက်ရင် သူက ဘာမှမဟုတ်သေးဘူး။ ဒီကမ္ဘာမှာ ဒုတိယအဆင့် အင်ပါယာတွေ အများကြီး ရှိတယ်၊ အချို့ဆို ငါတို့ထက်တောင် ပိုသန်မာသေးတယ်။ ယွဲ့လွမ်လို ပါရမီရှင်တွေ အဲဒီအင်ပါယာတွေမှာ ဘယ်လောက်တောင် များမလဲ စဉ်းစားကြည့်။ ငါတို့နဲ့ ယှဉ်လို့တောင် မရတဲ့ တကယ့် ထူးခြားဆန်းကြယ်တဲ့ ကျင့်ကြံသူတွေတောင် ရှိနိုင်တယ်" ပထမမင်းသမီး ယွဲ့မြောင်က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ နက်မှောင်သော ဆံပင်နှင့် လိုက်ဖက်သော အနက်ရောင် မျက်လုံးများဖြင့် ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။ သူမသည် အသက် ၁၉၊ ၂၀ ဝန်းကျင် ရှိပုံရသည်။
"အဲဒီနောက်မှာ ပထမအဆင့် အင်ပါယာက ကျင့်ကြံသူတွေ ရှိသေးတယ်။ သူတို့မှာ ငါတို့ထက် ပိုပြီး များပြားတဲ့ အရင်းအမြစ်တွေရှိသလို ပိုပြီး အစွမ်းထက်တဲ့ ပညာရပ်တွေကိုလည်း သင်ယူခွင့်ရကြတယ်။ ငါတို့လို လူတွေကို ပါရမီရှင်လို့ သတ်မှတ်ကြပေမဲ့... ပထမအဆင့် အင်ပါယာက တကယ့် ပါရမီရှင်တွေ ရှေ့မှာတော့ ငါတို့က ဘာမှမဟုတ်ဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်။ အဲဒီလူတွေကမှ တကယ့် မကောင်းဆိုးဝါးတွေလို့ ခေါ်ရမှာ" သူမက ဆက်လက် ပြောပြသည်။
"အစ်မက ကျွန်တော့်ကို စိတ်ဓာတ်ကျအောင် လုပ်နေတာလား" မင်းသား ယွဲ့တင့်က ခေါင်းငုံ့ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး။ ငါက နင် တကယ့် လက်တွေ့ဘဝကို သိအောင် ပြောပြနေတာ၊ ဒါမှ သူတို့လို လူမျိုးတွေကို နင် သွားမစော်ကားမိမှာ။ ငါတို့ အရွေးခံရဖို့ အခွင့်အရေး ကောင်းကောင်း ရှိပေမဲ့ ငါတို့ မကျော်ဖြတ်သင့်တဲ့ တောင်တန်းကြီးတွေ ရှိနေသေးတယ်ဆိုတာကိုတော့ စိတ်ထဲ မှတ်ထားရမယ်" ယွဲ့မြောင်က ယွဲ့တင်ကို စိုက်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်သည်။
"အစ်ကို၊ အခုချက်ချင်း ထွက်သွားချင်တာ သေချာလား။ မနက်ဖြန် တခြားလူတွေနဲ့အတူ လိုက်သွားပါလား" မိန်းကလေးတစ်ဦးက သူမ၏ ရှေ့တွင် ရပ်နေသော လူငယ်လေးကို မေးလိုက်သည်။ ထိုလူငယ်လေးသည် အဝတ်ထုပ်ငယ်လေးကို ကိုင်ကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည်။ မိန်းကလေးမှာမူ ဒူးအထိ ရှည်သော ဖြူစင်သည့် စကတ်နှင့် ပုခုံးပေါ်တွင် အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသည်။
"ရပါတယ်... ငါ တစ်ယောက်တည်း ခရီးသွားချင်လို့ပါ။ မင်းကတော့ တို့ရဲ့ မောင်နှမတွေနဲ့အတူ လိုက်သွားလိုက်ပါ" လူငယ်လေးက နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် အသက် ၂၀၊ ၂၁ ဝန်းကျင် ရှိပုံရသည်။
"အစ်ကိုက သူတို့ကို တကယ်ပဲ မတွေ့ချင်ဘူးလား။ အစ်ကိုက ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ကြားမှာ ပဋိပက္ခ မဖြစ်ချင်လို့ အိမ်ရှေ့စံ နေရာကိုတောင် စွန့်လွှတ်ခဲ့တာလေ..." မိန်းကလေးက ဝမ်းနည်းသော အပြုံးဖြင့် ပြောလိုက်သည်။
"ငါ သူတို့အတွက် လုပ်ခဲ့တာလို့ မပြောပါဘူး။ ငါက ဒီသရဖူကို တကယ် မလိုချင်လို့ပါ။ တော်ဝင်မိသားစုရဲ့ နိုင်ငံရေးတွေထဲကနေ လွတ်လပ်ချင်ရုံတင်ပါ" လူငယ်လေးက အတင်း ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုက လိမ်ပြောတာ တော်တော် ညံ့တာပဲနော်။ တခြားလူတွေက အစ်ကို့ကို နားလည်မှု လွဲချင်လွဲလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မကတော့ အမှန်တရားကို သိပါတယ်။ အစ်ကို့ကို ဘယ်သူကမှ နားမလည်နိုင်ကြတာ တကယ်ကို အံ့သြဖို့ကောင်းတယ်။ လူတစ်ဝက်က အစ်ကိုက တာဝန်ယူဖို့ ကြောက်နေတယ်လို့ ထင်ကြပြီး ကျန်တဲ့တစ်ဝက်ကတော့ အစ်ကိုက တော်ဝင်မိသားစုကို ဂရုမစိုက်ဘူးလို့ ထင်ကြတယ်။ ယွဲ့မျိုးနွယ်ကို အစ်ကို့ထက် ပိုချစ်တဲ့သူ မရှိဘူးဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး" မိန်းကလေးက လူငယ်၏ မျက်နှာကို သေချာကြည့်ကာ ပြောလိုက်သည်။
"ငါ့ရဲ့ မိသားစုကို မချစ်ရင် ဘယ်သူ့ကို ချစ်ရမှာလဲ။ ငါတို့ အမေကို ငယ်ငယ်လေးကတည်းက ဆုံးရှုံးခဲ့ရတော့ မိသားစုရဲ့ အရေးပါမှုကို ငါ နားလည်တာပေါ့။ သူတို့က အမေ မတူပေမဲ့ ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေပါပဲ။ ဒီသရဖူအတွက်နဲ့ သူတို့နဲ့ ပဋိပက္ခ မဖြစ်နိုင်ဘူး၊ အဲဒီသရဖူက ငါ့အတွက် ဘာဆွဲဆောင်မှုမှ မရှိဘူးလေ။ သူတို့ထဲက တစ်ယောက်ယောက် အိမ်ရှေ့စံ ဖြစ်သွားပြီး ငါကတော့ လွတ်လွတ်လပ်လပ်နဲ့ ကျင့်ကြံခြင်းနောက်ကို လိုက်ရရင် ပိုပြီး ပျော်ဖို့ကောင်းမှာပါ" သူက တုန်ရီနေသော အပြုံးဖြင့် ပြောလိုက်သည်။
"ဟင်း... အစ်ကိုက ကိုယ့်ကိုယ်ကိုယ် ပိုပြီး ရိုးသားပြီး တခြားလူတွေ ရှေ့မှာလည်း ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေကို ထုတ်ပြနိုင်ရင် ကောင်းမှာပဲ... ဒါပေမဲ့ ကျွန်မတို့နဲ့အတူ ခရီးသွားစေချင်ပါသေးတယ်။ အဲဒါက အခွင့်အရေးကောင်းတစ်ခု ဖြစ်မှာပါ" သူမက ပြုံးလျက် လူငယ်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။
"ရပါတယ်၊ ခဏနေရင် ဂိုဏ်းဝင်ခွင့် စာမေးပွဲမှာ ပြန်တွေ့ကြမှာပဲ" လူငယ်လေးက သူမ၏ လက်ကို အသာဖယ်ကာ ရယ်ရခက်သော အပြုံးဖြင့် ပြောလိုက်သည်။
"သွားပြီနော် ညီမလေး" သူက နူးညံ့စွာ ပြုံးပြပြီးနောက် သူ၏ အိတ်ကို မကာ လှည့်ထွက်သွားသည်။ သူသည် ထွက်ပေါက်ဆီသို့ လျှောက်သွားလေတော့သည်။
"သွားပါ... အစ်ကို..." လူငယ်၏ ကျောပြင်ကို ကြည့်ရင်း သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
လုံမျိုးနွယ်စု စံအိမ်အတွင်းမှာလည်း ရွှမ်းအင်ပါယာသို့ ထွက်ခွာရန် ပြင်ဆင်နေကြသဖြင့် အလားတူ အခြေအနေမျိုး ဖြစ်နေသည်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က လုံချန်း နောက်တစ်ကြိမ် ပျောက်ဆုံးသွားကြောင်း သိလိုက်ရချိန်တွင် ဖြစ်ပေါ်ခဲ့သော ဝရုန်းသုန်းကား အခြေအနေနှင့် ယခု အခြေအနေမှာ လုံးဝ ကွဲပြားနေသည်။
သူတို့ လုံချန်းကို လိုက်ရှာနေစဉ် ရွှယ်နှင့် မေတို့က စာတစ်စောင် ထွက်လာပေးခဲ့သည်။ ထိုစာကို အခန်းရှင်းလင်းစဉ် လုံချန်း၏ အိပ်ခန်းထဲမှ တွေ့ရခြင်းဖြစ်သည်ဟု သူတို့က ဆိုသည်။
လုံချန်း၏ အဖိုး လုံရန်သည် ထိုစာကို ဖတ်ပြီး ဒေါသထွက်နေခဲ့သည်။
"ဒီဒုက္ခပေးတဲ့ မြေးကတော့ကွာ။ ငါတို့ကို စိတ်မပူအောင် အိမ်မှာ အေးအေးဆေးဆေး ကလေးကောင်းလေးလို ရက်နည်းနည်းလောက် မနေနိုင်ဘူးလား။ အပြင်ထွက်ပြီး လေ့ကျင့်မယ် တဲ့လား။ ငါ့ လခွမ်းပဲ။ သူသာ လေ့ကျင့်ချင်ရင် ငါ့ကို ပြောလိုက်ရုံပဲလေ။ တကယ့် လေ့ကျင့်ခန်းဆိုတာ ဘာလဲဆိုတာ ငါ သင်ပေးမှာပေါ့" လုံရန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ရေရွတ်လိုက်သည်။
စီမာကျိယီမှာမူ ထိုသတင်းကို ကြားရသဖြင့် စိတ်ပူနေမိသည်။ လုံချန်းကို တစ်ယောက်ယောက်က ပြန်ပေးဆွဲသွားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ထွက်သွားခြင်းဖြစ်သည်ကို သိရ၍ အနည်းငယ် စိတ်အေးရသော်လည်း သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေဆဲပင်။
လုံမျိုးနွယ်စုသည် နေရာအနှံ့သို့ လူများလွှတ်ကာ သူ၏ သဲလွန်စကို လိုက်ရှာခဲ့ကြသည်။ လုံချန်းသည် ယခင်ကကဲ့သို့ မြောက်ဘက် တောအုပ်သို့ လေ့ကျင့်ရန် သွားသည်ဟု ထင်သဖြင့် ထိုနေရာကိုပင် အနှံ့အပြား ရှာဖွေခဲ့ကြသည်။
ရက်များစွာ ကုန်ဆုံးသွားသော်လည်း ရှာဖွေမှုမှာ အောင်မြင်မှု မရရှိခဲ့ပေ။ လုံမျိုးနွယ်စုအနေဖြင့် လုံချန်း သူ့အလိုလို ပြန်လာမည့်အချိန်ကို စောင့်နေရုံမှအပ အခြားမရှိတော့ပေ။ ကံကောင်းသည်မှာ လုံရန်တွင် လုံချန်းနှင့် ချိတ်ဆက်ထားသော ရတနာ ပစ္စည်းတစ်ခု ရှိနေသည်။ ၎င်းက လုံချန်း၏ တည်နေရာကို မသိနိုင်သော်လည်း သူ အသက်ရှင်နေသလား သေသွားပြီလား ဆိုသည်ကိုတော့ ပြောပြနိုင်သည်။
ယနေ့သည် မျိုးနွယ်စုရှိ လူငယ်များကြားတွင် စိတ်လှုပ်ရှားစရာ ကောင်းသော နေ့တစ်နေ့ဖြစ်သည်။ လုံမျိုးနွယ်စု၏ အကြီးအကဲချုပ် လုံမူ၏ သမီးဖြစ်သူ လုံရွှယ်ရင်းသည် တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာခဲ့ပြီး သူမ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည်။ သူမသည် အခုဆိုလျှင် ဝိညာဉ်အခြေတည် အဆင့် ၉ ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူမကို ဂိုဏ်းဝင်ခွင့် စာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ အစတုန်းက လုံမျိုးနွယ်စုသည် မျိုးနွယ်စုအတွင်း အသန်မာဆုံးဖြစ်သော လုံစုကို မျှော်လင့်ချက် အပြည့်ထားခဲ့သော်လည်း သူ ပျောက်ဆုံးသွားသည့်အချိန်မှစ၍ အခြားလူငယ်များကို ဤအခွင့်အရေးအတွက် လေ့ကျင့်ပေးခဲ့ကြသည်။
လုံချန်း၏ ဝမ်းကွဲအစ်ကို လုံအန်းသည်လည်း အသက် ၁၆ နှစ် ပြည့်ပြီဖြစ်ကာ ဝိညာဉ်အခြေတည်အဆင့် ၅ ရှိသဖြင့် စာမေးပွဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။ လုံရန်၏ သားကြီး လုံရွှမ်း၏ သား လုံဝေမှာလည်း အရည်အချင်း ပြည့်မီသူ ဖြစ်သည်။ လုံချန်း လုပ်ကြံခံရပြီး ဉာဏ်ရည်ပျောက်ဆုံးသွားပြီးနောက်ပိုင်း လုံဝေကို မျိုးနွယ်စု၏ အပါရမီအရှိဆုံး လူငယ်အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သူသည် အခုဆိုလျှင် ဝိညာဉ်အခြေတည် အဆင့် ၆ အထွက်အထိပ်တွင် ရှိနေပြီဖြစ်သည်။ လုံမျိုးနွယ်စုက မျှော်လင့်ချက်ထားသော လူငယ်များစွာ ရှိနေသော်လည်း အကြီးအကဲများ၏ အမြင်တွင် လုံရွှယ်ရင်းက အရွေးခံရဖို့ အခွင့်အရေး အများဆုံး ဖြစ်သည်။
လုံရွှယ်ရင်သည် မျှော်လင့်ချက်အသစ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ သူမသည် လုံစု၏ အသက်အရွယ်တုန်းက လုံစုလောက် မသန်မာခဲ့သော်လည်း သူမ အသက် ၂၀ မပြည့်ခင် တစ်ရက်အလိုတွင် ဝိညာဉ်အခြေတည် အဆင့် ၉ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သူမကို ဂိုဏ်းများက ရွေးချယ်မည့် ကျင့်ကြံသူများထဲတွင် ပါဝင်လိမ့်မည်ဟု လုံမျိုးနွယ်စုက မျှော်လင့်နေကြသည်။
"လုံမူ... မင်းရဲ့သမီးက တခြားကလေးတွေနဲ့အတူ ဂိုဏ်းဝင်ခွင့် စာမေးပွဲကို သွားတော့မှာ။ မင်း သူတို့ကို ဘေးကင်းအောင် သေချာ လိုက်ပို့ပေးရမယ်။ ငါတို့မှာ အရွေးခံရဖို့ အခွင့်အရေးရှိတဲ့ ကိုယ်စားလှယ်လောင်း ကောင်းကောင်းလေးတွေ ရှိနေတာပဲ" လုံရန်က လုံမူကို ကြည့်ကာ သာသာယာယာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျုပ်တို့မှာ နောက်ထပ် ကိုယ်စားလှယ်လောင်း တစ်ယောက်လည်း ရှိသေးတယ်လေ။ သူက အရွေးခံရဖို့ ပိုတောင် သေချာသေးတယ်၊ ကံမကောင်းစွာနဲ့ပဲ သူက အပြင်ထွက်ပြီး လေ့ကျင့်နေလို့ပေါ့" အကြီးအကဲချုပ် လုံမူက လုံရန်ကို ပြောလိုက်လေသည်။
အခန်း (၁၉၀) အိပ်မက်ဆိုးတစ်ခုလား
"ဟုတ်ကဲ့... ကျုပ်တို့မှာ နောက်ထပ် ကိုယ်စားလှယ်လောင်း တစ်ယောက်လည်း ရှိသေးတယ်လေ။ သူက အရွေးခံရဖို့ ပိုတောင် သေချာသေးတယ်၊ ကံမကောင်းစွာနဲ့ပဲ သူက အပြင်ထွက်ပြီး လေ့ကျင့်နေလို့ပေါ့" အကြီးအကဲချုပ် လုံမူက လုံရန်ကို ပြောလိုက်သည်။
"မင်း ငါ့မြေးအကြောင်း ပြောနေတာလား။ အင်း... သူက တကယ်ကို အံ့သြဖို့ကောင်းတာပါ။ ကံမကောင်းတာက သူ ဘယ်ရောက်နေလဲဆိုတာ ငါတို့ မသိရတာပဲ" လုံရန်က ကြမ်းပြင်ကို စိုက်ကြည့်ရင်း တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
"သူ ဘယ်မှာ ရှိနိုင်မလဲဆိုတာ ကျုပ် သိသလိုပဲ" အကြီးအကဲချုပ် လုံမူက သူ၏ မေးစေ့ကို ပွတ်ရင်း အကြံပြုသလို ပြောလိုက်သည်။
"ဘယ်မှာလဲ။ သိနေရင် ဘာလို့ ငါ့ကို စောစောမပြောတာလဲ။ မြန်မြန်ပြောစမ်း" လုံရန်က ကလေးတစ်ယောက်လို စိတ်လှုပ်ရှားစွာဖြင့် အလောတကြီး မေးလိုက်သည်။
"သူ ရွှမ်းအင်ပါယာမှာ ရှိနေလိမ့်မယ်လို့ ကျုပ် ထင်တယ်" လုံမူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ရွှမ်းမှာ ဟုတ်လား။ သူ အဲဒီမှာ ရှိမယ်လို့ ဘာလို့ ထင်တာလဲ" လုံရန်က မျက်မှောင်ကြုတ်ကာ မေးသည်။
"သူ့ရဲ့စာထဲမှာ အပြင်ထွက်ပြီး လေ့ကျင့်မယ်လို့ ရေးထားတယ်လေ... သူ ဘာလို့ အပြင်ထွက် လေ့ကျင့်ဖို့ လိုတာလဲ။ အဖြေက ရှင်းနေတာပဲ။ ဂိုဏ်းဝင်ခွင့် စာမေးပွဲမှာ အရွေးခံရဖို့အတွက် သူ ပိုပြီး သန်မာချင်နေတာ ဖြစ်မယ်။ သူက ဝိညာဉ်အခြေတည် အဆင့် ၅ တုန်းက ဘယ်သူမှ မလုပ်နိုင်တဲ့ ရတနာတိုက် စမ်းသပ်မှုကို အောင်မြင်ခဲ့တာလေ။ သူက သူ့အသက်အရွယ်တူတွေထဲမှာ ဘယ်သူ့ထက်မဆို ပိုသန်မာသလို၊ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်တဲ့လူတွေကိုတောင် ပြန်တိုက်နိုင်တာ။ တတိယမင်းသား ယွဲ့တင်နဲ့ ကုမျိုးနွယ်က သခင်လေး ကုနန်လီတို့ကို သူ ဘယ်လောက် အလွယ်တကူ အနိုင်ယူခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်ဦး။ သူတို့နှစ်ယောက်လုံးက သူ့ထက် အဆင့်မြင့်တဲ့သူတွေလေ" အကြီးအကဲချုပ် လုံမူက လုံချန်း၏ တုန်လှုပ်ဖွယ် စွမ်းဆောင်ရည်များကို ပြန်ပြောင်းပြောပြသည်။
"မင်းပြောတာ တကယ် မှန်တယ်။ သူ့ရဲ့ ခွန်အားနဲ့ဆိုရင် ဒီအင်ပါယာထဲက လူအားလုံးထဲမှာ သူက အရွေးခံရဖို့ အခွင့်အရေး အရှိဆုံးပဲ။ သူသာ ပိုသန်မာလာရင် အခွင့်အရေးက ပိုတောင် များဦးမယ်။ ဒါဆို သူ တကယ်ပဲ ရွှမ်းအင်ပါယာမှာ ရှိနေမှာပေါ့။ ငါကိုယ်တိုင် မင်းနဲ့အတူ ရွှမ်းကို လိုက်ခဲ့မယ်။ ငါ့မြေးရဲ့ စွမ်းဆောင်ရည်ကို ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ချင်တယ်" လုံရန်က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်က ကျုပ်နဲ့ လိုက်ခဲ့မလို့လား။ ဒါဆို မျိုးနွယ်စုကရော၊ ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူးလေ" အကြီးအကဲချုပ်က ဇဝေဇဝါဖြင့် မေးသည်။
"ငါတို့မှာ မဟာအကြီးအကဲ ရှိနေတာပဲ။ ငါမရှိတုန်း သူ အကုန်ကြည့်ထားလိမ့်မယ်" လုံရန်က လုံမူနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
"ကျိယီကိုရော ခေါ်သွားသင့်လား။ သူက သူ့အတွက် တော်တော် စိတ်ပူနေတာလေ"
"အင်း... တကယ်လို့ ငါတို့ ခန့်မှန်းတာ မှားသွားခဲ့ရင် သူ့ကို မျှော်လင့်ချက်အမှားတွေ မပေးချင်ဘူး။ သူ ပြန်လာခဲ့ရင်လည်း သိရအောင် သူမ ဒီမှာပဲ နေခဲ့တာ ပိုကောင်းပါတယ်။ တကယ်လို့ သူ ရွှမ်းမှာ ရှိနေတာ သေချာရင်တော့ ငါ သူ့ကို ကျိယီဆီ ပြန်ခေါ်လာခဲ့မယ်" လုံရန်က ပြတ်သားစွာ ပြောလိုက်သည်။
လုံရွှယ်ရင်းသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် လုံချန်းကို သွားကြည့်ရန် ပြင်ဆင်လိုက်သည်။ သူမ ကျင့်ကြံနေစဉ်အတွင်း လုံချန်း သတိလစ်မေ့မြော နေခဲ့သဖြင့် သူမ ပြန်ထွက်လာချိန်တွင် သူ့ကို သွားကြည့်ချင်နေခြင်း ဖြစ်သည်။
သူမသည် လုံချန်း၏ အဆောင်ဆီသို့ လျှောက်သွားစဉ် အဆောင်ရှေ့ ဥယျာဉ်ထဲတွင် အမျိုးသမီးတစ်ဦး အပင်ရေလောင်းနေသည်ကို တွေ့လိုက်ရသည်။
"ရွှယ်" သူမ ပြုံးလျက် လှမ်းခေါ်လိုက်သည်။
"သခင်မလေး ရင်း။ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီပေါ့။ ဒီကို ဘာကိစ္စနဲ့ လာတာလဲ" ရွှီက လုံရွှယ်ရင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဪ၊ ဒီနေ့ပဲ ထွက်လာတာလေ။ ဒါနဲ့ နင့်သခင်လေးကို လာကြည့်တာ" လုံရွှယ်ရင်းက ပြောပြသည်။ သူမသည် လုံချန်း သတိလစ်နေစဉ်က အကြိမ်ကြိမ် လာကြည့်ဖူးသဖြင့် ရွှယ်နှင့် မေတို့နှင့် ရင်းနှီးနေပြီ ဖြစ်သည်။ ထိုမိန်းကလေး နှစ်ဦးမှာ လုံချန်း၏ အခန်းထဲတွင် အမြဲရှိနေပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သူများ ဖြစ်သည်။
"ဟင်... သခင်မလေးရင်း ဘာမှ မကြားမိဘူးလား" ရွှယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာကို မကြားရတာလဲ" လုံရွှယ်ရင်း မျက်မှောင်ကြုတ်ကာ မေးသည်။
"သခင်လေးက ထွက်သွားတာ ကြာလှပြီ။ အပြင်မှာ သွားပြီး လေ့ကျင့်မယ်ဆိုပြီး ထွက်သွားတာ" ရွှယ်က ရေလောင်းနေသည်ကို ရပ်ကာ ပြန်ဖြေသည်။
"သူ ထွက်သွားတယ် ဟုတ်လား။ ဆိုလိုတာက သူ သတိလစ်နေတာကနေ နိုးလာပြီပေါ့" လုံရွှီရင်က စိတ်လှုပ်ရှားစွာ မေးသည်။
"ဟုတ်တယ်... သခင်လေး နိုးလာပြီးတော့ လေ့ကျင့်ဖို့ ထွက်သွားတာ" ရွှယ်က ထပ်မံ အတည်ပြုပေးသည်။
"နင့်သခင်လေးကတော့ တကယ့်ကို ဒုက္ခပေးတဲ့လူပဲ။ သူ နိုးနေတဲ့အချိန် သူနဲ့တွေ့ဖို့က တော်တော် ခက်တာပဲ။ သူ့ရဲ့ စိတ်ရောဂါ ပျောက်သွားတုန်းကလည်း မတွေ့လိုက်ရဘူး၊ အဲဒီနောက် သတိလစ်သွားပြန်ရော၊ အခု သတိပြန်ရလာတော့လည်း ထပ်ပျောက်သွားပြန်ပြီ" လုံရွှယ်ရင်းက ရယ်ရခက်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။
လုံချန်း စိတ်ကျန်းမာရေး ပြန်ကောင်းလာပြီးနောက်ပိုင်း သူ နိုးနေစဉ်အတွင်း တစ်ခါမှ မဆုံတွေ့ခဲ့ရသည်မှာ တကယ်ပင် ထူးဆန်းသည်ဟု သူမ ခံစားနေမိသည်။
"ဘာပြောရမလဲ... သခင်လေးက အရမ်း အံ့သြဖို့ကောင်းလွန်းလို့ပါ" ရွှယ်က ခပ်တိုးတိုး ရယ်ကာ ပြောသည်။
"ငါကတော့ ဂိုဏ်းဝင်ခွင့် စာမေးပွဲအတွက် ရွှမ်းအင်ပါယာကို သွားတော့မယ်။ နင်တို့နှစ်ယောက်လည်း သခင်လေးကို ပြုစုစရာ မလိုတော့ဘူးဆိုတော့ ငါနဲ့အတူ လိုက်ခဲ့ပါလား။ အဲဒီလို ပွဲကြီးပွဲကောင်းကို မြင်ရတာ နင်တို့အတွက် ပျော်စရာကောင်းမှာပါ။ ငါနဲ့အတူ ပါလာရင် ခရီးစဉ်က ပိုပြီး ပျော်ဖို့ကောင်းမယ်လေ" လုံရွှယ်ရင်းက ပြုံးလျက် အကြံပြုသည်။
"ရပါတယ် သခင်မလေးရင်း။ ကျမတို့ ဒီမှာပဲ နေချင်ပါတယ်။ ပြီးတော့ သခင်လေးက ဘယ်အချိန် ပြန်လာမလဲ မသိဘူးလေ။ သခင်မကြီးကိုလည်း ကျွန်မတို့ စောင့်ရှောက်ပေးရဦးမယ်" ရွှယ်က ခေါင်းခါကာ ငြင်းလိုက်သည်။
"ငါ့ကိုယ်ငါ မစောင့်ရှောက်နိုင်ဘူးလို့ ပြောချင်တာလား" အနောက်မှ အသံတစ်သံ ထွက်လာပြီး လှပသော အမျိုးသမီးတစ်ဦး သူတို့ဆီ လျှောက်လာသည်။
"ဒေါ်လေး ကျိယီ" လုံရွှယ်ရင်းက သူမကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။
"ရင်းလေး... သမီး တော်တော် သန်မာလာတာပဲ။ အသက် ၂၀ ပဲ ရှိသေးတာကို ဝိညာဉ်အခြေတည် အဆင့် ၉ တောင် ရောက်နေပြီ။ အကြီးအကဲချုပ်တော့ တကယ် ဂုဏ်ယူနေမှာပဲ" စီမာကျိယီက သူမအနားသို့ လျှောက်လာပြီး ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။
"ကျေးဇူးပါ ဒေါ်လေးကျိယီ" လုံရွှယ်ရင်းက အသာအယာ ဦးညွှတ်လိုက်သည်။
"ရွှယ်လေး... သူ ပြောတာ မှန်တယ်။ နင်တို့ လိုက်သွားသင့်တယ်။ ပါရမီရှင်တွေ အချင်းချင်း ယှဉ်ပြိုင်နေတာကို မြင်ရတာ ကောင်းသလို အပြင်ထွက်ပြီး လေကောင်းလေသန့် ရတာလည်း အခွင့်အရေးကောင်းတစ်ခုပဲ။ နင်တို့နှစ်ယောက်က ငါ့ကိုပဲ အရမ်း ဂရုစိုက်လွန်းတော့ ကိုယ့်အတွက်ကိုယ် ဘာမှ မလုပ်ကြဘူး။ ဒါက အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး ခရီးသွားဖို့ အခွင့်အရေးကောင်းပဲ" စီမာကျိယီက ပြုံးလျက် ရွှယ်ကို ကြည့်ကာ ပြောသည်။
"ဒါပေမဲ့... သခင်လေး ပြန်လာတဲ့အချိန် ကျွန်မတို့ ဒီမှာ ရှိနေသင့်တယ်လေ" ရွှယ်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြောရှာသည်။
"စိတ်မပူပါနဲ့၊ အဲဒီ မျောက်စုတ်လေး ပြန်လာတဲ့အခါ ငါ သူ့ကို တုပ်နှောင်ထားပြီး ဘယ်ကိုမှ ထပ်ထွက်မသွားခိုင်းတော့ဘူး" စီမာကျိယီက လုံချန်း၏ အဆောင်ကို ကြည့်ကာ လွမ်းဆွတ်စွာ ပြောလိုက်သည်။
"အာ..." ရွှယ်က တစ်ခုခု ပြောရန် ကြိုးစားသော်လည်း စီမာကျိယီက ကြားဖြတ် ပြောလိုက်သည်။
"ဘာဆင်ခြေမှ မကြားချင်ဘူး။ နင်တို့နှစ်ယောက် ရင်းလေးနဲ့အတူ လိုက်သွားရမယ်။ အစွမ်းကုန် ပျော်အောင်နေခဲ့ကြ" စီမာကျိယီက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်မတို့ အရှင်မရဲ့ အလိုအတိုင်း လိုက်နာပါ့မယ်" နောက်ဆုံးတွင် ရွှယ်က ခေါင်းညိတ်ကာ သဘောတူလိုက်လေတော့သည်။
ချင်မျိုးနွယ်စုနှင့် ကုမျိုးနွယ်စုတို့သည်လည်း သူတို့မျိုးနွယ်စုမှ စာမေးပွဲတွင် ပါဝင်မည့်သူများ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ချင်းမျိုးနွယ်စု အဖွဲ့ကို ချင်းရို့က ဦးဆောင်ပြီး၊ ကုမျိုးနွယ်စု အဖွဲ့ကို ကုနန်လီက ဦးဆောင်ခဲ့သည်။
အလားတူ အခြေအနေမျိုးသည် ပတ်ဝန်းကျင်ရှိ ထင်ရှားသော မျိုးနွယ်စုအားလုံးတွင်လည်း ဖြစ်ပေါ်နေသည်။
မင်ယုနှင့် ကျိချင်းတို့သည် လုံချန်းနှင့်အတူ ရထားလုံးအတွင်း တစ်ညလုံး ထိုင်လျက်ပင် အိပ်ပျော်သွားကြသည်။ အိပ်ပျော်နေစဉ်အတွင်း သူတို့နှစ်ဦးလုံး၏ ဦးခေါင်းများမှာ လုံချန်း၏ ပုခုံးပေါ်သို့ မှီကျသွားခဲ့ကြသည်။
မင်ယုသည် အိပ်ပျော်နေရင်း သူမ၏ မိသားစုနှင့်အတူ အချိန်ဖြုန်းနေသည့် အိပ်မက်ကို မက်နေသည်။ သူမသည် မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ညစာ စားနေခြင်းဖြစ်သည်။ သူမ၏ အစ်ကို၊ အဖေနှင့် အမေ အားလုံး ထိုနေရာတွင် ရှိနေကြသည်။ အိပ်မက်မှာ တကယ့် လက်တွေ့ဘဝကဲ့သို့ ထင်မှတ်ရသည်။
မင်ယုက သူမအစ်ကိုအနားရှိ ဟင်းပွဲတစ်ပွဲကို လှမ်းတောင်းလိုက်သည်။ သူမ၏ အစ်ကိုက ထိုဟင်းပွဲကို ယူကာ သူမဆီသို့ လျှောက်လာခဲ့သည်။
သူ သူမဆီသို့ လျှောက်လာနေစဉ် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မင်ယုက ကြောက်လန့်တကြား ထရပ်လိုက်စဉ် သူမအစ်ကို၏ ကျောပြင်ကို ဓားတစ်လက်က ထိုးဖောက်ကာ ရင်ဘတ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမအစ်ကိုသည် တုန်ရီနေသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားသော်လည်း မလျှောက်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ မြေပြင်တစ်ခုလုံးမှာ သူ၏ သွေးများဖြင့် ပြည့်သွားခဲ့သည်။
မင်ယုသည် သူမအစ်ကို လဲကျသွားသည်ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ သူရှိရာသို့ ပြေးသွားချင်သော်လည်း သူမအစ်ကို၏ အနောက်တွင် သွေးစွန်းနေသော ဓားကို ကိုင်လျက် ရပ်နေသော လူကို မြင်လိုက်ရချိန်တွင် သူမ ခြေကုန်လက်ပန်းကျကာ ထိုနေရာမှာတင် မှင်တက်သွားတော့သည်။
"လုံချန်း... ဘာလို့လဲ" သူမ၏ မျက်လုံးများမှ မျက်ရည်များ တရစပ် စီးကျလာရင်း ကျယ်လောင်စွာ အော်ဟစ်မေးမြန်းသော်လည်း လုံချန်းက ဘာမှ ပြန်မဖြေပေ။
သူမသည် သူမ၏ အဖေနှင့် အမေကို လှည့်ကြည့်သော်လည်း သူတို့ ထိုနေရာမှာ မရှိတော့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဗလာကျင်းနေပြီး သူမသည် လူသူကင်းမဲ့သော လွင်ပြင်ကြီးထဲတွင် ရောက်နေသည်။ သဲပြင်ပေါ်တွင် သူမအစ်ကို၏ သွေးများ ဖုံးလွှမ်းနေသည်။ သူမ လုံချန်းဘက်သို့ ကြည့်လိုက်စဉ် သူ၏ အနောက်တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ သူမကို ကံကြမ္မာ ပုံဆောင်ခဲ ပေးခဲ့ပြီး ၎င်းက သူမကို ကံကြမ္မာဆီ ပို့ဆောင်ပေးလိမ့်မည်ဟု ပြောခဲ့သော မျက်နှာဖုံးစွပ်ထားသည့် လူပင် ဖြစ်သည်။
"မင်းရဲ့ ကံကြမ္မာက မင်းတန်ဖိုးထားတဲ့ အရာရာတိုင်းကို ဘယ်လို ဖျက်ဆီးပစ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း" မျက်နှာဖုံးစွပ်လူက ပြုံးလျက် ပြောလိုက်သည်။
လုံချန်းသည် သွေးများ စီးကျနေသော သူ၏ ဓားကို ဖြည်းဖြည်းချင်း အောက်သို့ ချလိုက်လေသည်။