← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉) မိစ္ဆာမုဆိုးကို ယဉ်ပါးစေခြင်း

​လုံချန်းသည် သူ၏ ဓားကို လေထဲသို့ မြှောက်လိုက်ပြီး အောက်သို့ ခုတ်ချရန် ပြင်လိုက်သည်။

​"မသတ်နဲ့ဦး" ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

​"ဘာလို့ ငါ့ကို တားတာလဲ" လုံချန်းက မေးလိုက်သည်။ ထိုသူမှာ မည်သူဖြစ်မည်ကို သူ သိထားပြီးဖြစ်သော်လည်း သူ၏ အနောက်တွင် ရပ်နေသောသူကို လှည့်ကြည့်လိုက်သည်။ လုံချန်းကို တားရန် နောက်ဆုံးတွင် ပေါ်လာခဲ့သူမှာ ရွှင်းပင် ဖြစ်သည်။

​"ဘာလို့လဲဆိုတော့ ဒီလို အခွင့်အရေးကောင်းမျိုးကို နင့်အတွက် အလဟဿ အဖြစ်မခံစေချင်လို့လေ" ရွှင်းက ပြုံးယောင်သန်းလျက် ဆိုသည်။

​"နင် ဘာကို ဆိုလိုတာလဲ" လုံချန်း၏ စပ်စုချင်စိတ်မှာ ပို၍ မြင့်တက်လာသည်။

​သူသည် နာကျင်စွာ ညည်းတွားနေသော မိစ္ဆာမုဆိုး သားရဲကို မထင်မှတ်ထားသည်များ လုပ်မလာစေရန် မျက်ခြေမပြတ် စောင့်ကြည့်နေဆဲပင်။

​"ဒီမိစ္ဆာမုဆိုး သားရဲက တော်တော် သန်မာတယ်လို့ နင် မထင်ဘူးလား" ရွှမ်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် မေးလိုက်သည်။

​"အင်း... တော်တော် သန်မာတာပဲ... အထူးသဖြင့် သူ့ရဲ့ အရှိန်ပေါ့... ငါ့ရဲ့ ပုံရိပ်ယောင် နိယာမကို အသုံးမပြုရင် သူ့နောက်ကို လုံးဝ အမီလိုက်နိုင်မှာ မဟုတ်ဘူး" လုံချန်းက ခေါင်းညိတ်ရင်း ဝန်ခံလိုက်သည်။

​"အဲဒါပေါ့၊ ဒါက သားရဲသခင်တွေ အားလုံး သူတို့ရဲ့ အရှိန်နဲ့ ခွန်အားကြောင့် အလိုချင်ဆုံးဖြစ်တဲ့ ရှားပါး သားရဲမျိုးပဲ" ရွှင်းက မိစ္ဆာမုဆိုး သားရဲကို ကြည့်ရင်း ပြောလိုက်သည်။

​"သားရဲသခင်တွေ ဟုတ်လား" သူမ ဘာပြောချင်သနည်းဟု လုံချန်း တွေးနေမိသည်။

​"ဟုတ်တယ်။ နင် သူ့ကို သတ်လိုက်ရင် ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ ဖြစ်လိမ့်မယ်။ အဲဒီအစား သူ့ကို ယဉ်ပါးအောင် လုပ်လိုက်ပါလား" ရွှင်းက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အကြံပေးလိုက်သည်။

​"မိစ္ဆာမုဆိုး သားရဲကို ယဉ်ပါးအောင် လုပ်မယ် ဟုတ်လား။ မြေကမ္ဘာအဆင့် သားရဲတစ်ကောင်ကိုလား။ အင်း... ဒါက တကယ်ကို ကောင်းတဲ့ အကြံပဲ။ အနာဂတ်မှာ တော်တော် အသုံးဝင်မှာပဲ" လုံချန်းသည် ထိုအကြံကို သဘောကျသဖြင့် ပြုံးလိုက်သည်။

​"ငါ သူ့ကို အတော်လေး နှိပ်စက်ထားတာ... သူ ငါ့စကား နားထောင်ပါ့မလား" မိစ္ဆာမုဆိုး သားရဲ၏ မျက်လုံးများထဲမှ မုန်းတီးမှုများကို မြင်လိုက်ရသဖြင့် လုံချန်းက မေးလိုက်သည်။

​"နင် အရင်ဆုံး ကြိုးစားကြည့်သင့်တာပေါ့" ရွှင်းက ပြုံးလျက် ဆိုသည်။

​"ငါ ပြောပြထားတဲ့ အဆင့်တွေကို မှတ်မိတယ် မဟုတ်လား၊ အဲဒီအတိုင်းပဲ လုပ်လိုက်။ ပြီးတော့ သူ့ရဲ့ နဖူးပေါ်မှာ သွေးတစ်စက် ချလိုက်ဦး"

​"မင်းကို ဒီလောက် နှိပ်စက်မိတာ တောင်းပန်ပါတယ်ကွာ၊ ကောင်လေး။ ငါက ငါနဲ့ ရင်းနှီးတဲ့သူတစ်ယောက် ငိုနေတာ မြင်ရင် ဒေါသကို မထိန်းနိုင်လို့ပါ။ ဒါပေမဲ့ မင်းကိုလည်း ငါ လုံးဝ အပြစ်မတင်ပါဘူး၊ မင်းရဲ့ ရင်းနှီးတဲ့သူတစ်ယောက်လည်း အသတ်ခံလိုက်ရတာပဲလေ။ ဒီလိုသာ ကြုံရရင် ဘယ်သူမဆို သွေးဆာမိကြမှာပဲ။ ငါသာ မင်းနေရာမှာဆိုရင် ဘာတွေ လုပ်မိမလဲတောင် မတွေးရဲဘူး" လုံချန်းက ခေါင်းကို အသာခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​"အတိတ်က အမုန်းတရားတွေကို မေ့လိုက်ကြရအောင်။ အခုကစပြီး မင်းက ငါ့ရဲ့ အဖော်ဖြစ်ပြီ" လုံချန်းသည် သူ၏ လက်ညှိုးကို အနည်းငယ် လှီးလိုက်ရာ သွေးများ ထွက်လာခဲ့သည်။

​သူသည် မိစ္ဆာမုဆိုး သားရဲ၏ နဖူးနားသို့ တိုးသွားကာ သူ၏ သွေးဖြင့် အမှတ်အသား တစ်ခု ပြုလုပ်လိုက်သည်။ သူသည် ယခင်က နှင်းခဲနှင့် လုပ်ခဲ့သလိုပင် မိစ္ဆာမုဆိုး သားရဲနှင့် ပဋိညာဉ်စာချုပ် ချုပ်ဆိုရန် အဆင့်များအတိုင်း လုပ်ဆောင်လိုက်သည်။

​တစ်မိနစ်ခန့်အကြာတွင် မိစ္ဆာမုဆိုး သားရဲ၏ နဖူးပေါ်ရှိ သွေးအမှတ်အသားမှာ စတင် တောက်ပလာသည်။ အချိန်အနည်းငယ် ထပ်မံ ကုန်ဆုံးပြီးနောက်တွင်မူ ၎င်း၏ တစ်ကိုယ်လုံးမှာ ဖြူဖွေးတောက်ပသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

​မိနစ်အနည်းငယ် ကြာပြီးနောက် အလင်းတန်းများ မှိန်သွားချိန်တွင် မိစ္ဆာမုဆိုး သားရဲကို ပြန်လည် မြင်တွေ့လိုက်ရသည်။

​"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ" မိစ္ဆာမုဆိုး သားရဲကို မြင်လိုက်ရသောအခါ လုံချန်းမှာ အံ့အားသင့်သွားရသည်။

​မိစ္ဆာမုဆိုး သားရဲသည် သူ၏ ရှေ့တွင် ရပ်နေသော်လည်း ပုံစံမှာ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ယခင်ကထက် ပို၍ မြင့်လာပြီး ပို၍ တောင့်တင်းလာပုံရသည်။

​သူ့ကို အံ့အားသင့်စေဆုံးအချက်မှာ သားရဲ၏ ဒဏ်ရာများ အားလုံး ပျောက်ကွယ်သွားခြင်းပင်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ တစ်ချက်မျှ မကျန်တော့ပေ။ အနက်ရောင် အလင်းလုံးနှင့် ထိတွေ့သဖြင့် ပျောက်ကွယ်သွားခဲ့သော နားရွက်မှာပင် မူလအတိုင်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။

​"သားရဲတွေက စာချုပ်ချုပ်ပြီးရင် ဒီလို ဒဏ်ရာတွေ အလိုလို ပျောက်သွားတတ်တာလား" လုံချန်းက မှင်တက်နေသော မျက်နှာဖြင့် မေးလိုက်သည်။

​"မဟုတ်ဘူး... ဒါက နင်တစ်ယောက်တည်း လုပ်နိုင်တဲ့ အရာပဲ။ နင် သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်လိုက်ရင် သူတို့က အကောင်းဆုံး အခြေအနေကို ပြန်ရောက်သွားကြတယ်။ သူတို့ရဲ့ ခွန်အားကလည်း နည်းနည်း တိုးလာတတ်တယ်" ရွှင်းက ပြုံးလျက် ရှင်းပြသည်။

​"ငါ့မှာရှိတဲ့ သွေးမျိုးဆက်ကြောင့်လား" လုံချန်းက သူမကို ပြန်ကြည့်ကာ မေးလိုက်သည်။

​"အင်း... ငါပြောခဲ့သလိုပဲ၊ နင်က သာမန် လူသားတစ်ယောက် မဟုတ်တော့ဘူးလေ" ရွှင်းက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ဆိုသည်။

​လုံချန်း နောက်ထပ် ဘာမှ မမေးနိုင်မီမှာပင် မိစ္ဆာမုဆိုး သားရဲနှင့် သူ၏ကြားတွင် စိတ်ချင်း ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။

​လုံချန်းသည် မိစ္ဆာမုဆိုး သားရဲကို ကြည့်လိုက်ရာ ထိုဆက်သွယ်မှုမှတစ်ဆင့် သားရဲ၏ ဘဝအကြောင်းများကို သူ သိရှိလိုက်ရသည်။

​"စိတ်ဝင်စားစရာပဲ... သေသွားတဲ့ သားရဲငယ်လေးက မင်းရဲ့ ညီဖြစ်နေတာကိုး။ မင်းရဲ့ ဆုံးရှုံးမှုအတွက် ငါ တကယ် စိတ်မကောင်းပါဘူး... ဒါပေမဲ့ စိတ်မပူနဲ့။ ငါ မင်းကို ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်။ ဒါပေမဲ့ မင်းရဲ့ မှတ်ဉာဏ်တွေက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ မင်းရဲ့ ဇစ်မြစ်၊ အခုထိ အသက်ရှင်သန်လာပုံတွေ... မင်းရဲ့ နောက်ကွယ်မှာ ဒီလောက် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းရဲ့ ဘဝအဖြစ်အပျက် နည်းနည်းကိုပဲ ငါ မြင်ရတာ တော်တော် နှမြောဖို့ ကောင်းတယ်" လုံချန်းက မိစ္ဆာမုဆိုး သားရဲကို ကြည့်ရင်း ပြောလိုက်သည်။

​"နင် ဘာတွေ မြင်လိုက်လို့လဲ၊ ဘာလျှို့ဝှက်ချက်တွေလဲ" ရွှင်းက စပ်စုချင်စိတ်ဖြင့် မေးသည်။ သူမသည် လုံချန်း၏ စိတ်ဆန္ဒ မပါဘဲ သူ၏ အတွေးများကို မသိနိုင်သဖြင့် လုံချန်း ဘာမြင်လိုက်သည်ကို သူမ မသိပေ။

​"သူက ဒီတိုက်ကြီးက ကောင် မဟုတ်ဘူး..." လုံချန်းက တိုးတိုးလေး ဆိုသည်။

​"ဒီတိုက်ကြီးက မဟုတ်ဘူး။ ဒါဆို သူက ဘယ်တိုက်က လာတာလဲ" ရွှင်းက စိတ်ဝင်တစား မေးလိုက်သည်။

​"ဒီနေရာနဲ့ အဝေးကြီးမှာ ရှိတဲ့ နေရာတစ်ခုပေါ့။ သူက သူ့ညီနဲ့အတူ ပြည်နှင်ဒဏ် အပေးခံခဲ့ရတာ..." လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ပြည်နှင်ဒဏ် ဟုတ်လား။ အဲဒီစကားလုံးက... ဒါဆို သူက..." ရွှင်း၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးသွားသည်။

​"အနာဂတ်မှာ ငါ ဖြေရှင်းရမယ့် ကိစ္စ နောက်တစ်ခု တိုးလာပြန်ပြီပေါ့" လုံချန်းက မချိပြုံး ပြုံးရင်း ဆိုသည်။

​"အခုတော့ ပြန်ကြရအောင်..."

​မိစ္ဆာမုဆိုး သားရဲသည် ထရပ်ကာ လုံချန်း၏ အနားသို့ လျှောက်လာသည်။ ယခင်က ၁.၅ မီတာ အမြင့်ရှိသော်လည်း ယခုအခါ ၁.၇ မီတာအထိ မြင့်လာခဲ့သည်။ ၎င်းသည် လုံချန်းထက်ပင် ပို၍ မြင့်နေပြီ ဖြစ်သည်။

​လုံချန်းသည် လေထဲသို့ ခုန်တက်ကာ မိစ္ဆာမုဆိုး သားရဲ၏ ကျောပေါ်တွင် ထိုင်လိုက်သည်။ လုံချန်းသည် ဘာမှ ပြောနေရန် မလိုဘဲ သူ၏ စိတ်ဆန္ဒကို ယဉ်ပါးပြီးသား သားရဲထံသို့ ပေးပို့လိုက်ရုံသာ ရှိသည်။

​မိစ္ဆာမုဆိုး သားရဲသည် အရှိန်အဟုန်ဖြင့် နောက်သို့ ပြန်လည် ချီတက်သွားလေတော့သည်။

​"သူ တကယ်ပဲ ပိုမြန်လာတာပဲ..." မိစ္ဆာမုဆိုး သားရဲ၏ အရှိန်ကို မြင်သောအခါ လုံချန်းက ရေရွတ်လိုက်သည်။

​မင်ယုသည် လုံချန်းကို ရှာမတွေ့သဖြင့် စခန်းသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ သူမသည် စခန်းသို့ ပြန်လာကာ သူ့ကို စောင့်နေရန် ဆုံးဖြတ်လိုက်သည်။

​အခြားသူများ အားလုံးမှာလည်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ဟွမ်းကျိစခန်းတွင် အစောင့် ၁၀ ဦးသာ ကျန်တော့သဖြင့် သူတို့၏ ပြင်ဆင်မှုမှာ ကြာမြင့်နေပြီး တုန်းရှင်းအင်ပါယာဘက်တွင်မူ မင်းသားလန်နှင့် အခြေခံ ကုသမှု ခံယူထားသော ဒဏ်ရာရ တော်ဝင်ဆရာဝမ်တို့သာ ကျန်တော့သည်။

​ကျိချင်းသည် မင်ယု စခန်းသို့ ပြန်လာသည်ကို မြင်သောအခါ သူမထံသို့ အပြေး လာခဲ့သည်။

​"သခင်လေးလုံ ဘယ်မှာလဲ" ကျိချင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။

​"ကျမ သူ့ကို ရှာမတွေ့ခဲ့ဘူး" မင်ယုက စိတ်ပျက်လက်ပျက် ခေါင်းခါပြသည်။

​"သူ တစ်ယောက်တည်း ကျန်ခဲ့တာလား။ သူ ဘာမှ မဖြစ်ပါဘူးနော်" ကျိချင်းက စိုးရိမ်တကြီး မေးသည်။

​"ဟုတ်တယ်။ သူ ဒီမှာ သားရဲကို ကိုင်တွယ်ပုံကို ကြည့်ရင် သူ အဆင်ပြေမှာပါ။ သူ အများကြီး ပိုပြီး သန်မာလာပြီ" မင်ယုက တိုးတိုးလေး ဆိုသည်။

​'ငါနဲ့သာ သူ တိုက်ခိုက်ရင် ငါ ချက်ချင်း ရှုံးသွားလိမ့်မယ် ထင်တယ်' သူမ အနောက်သို့ လှည့်ကြည့်ရင်း တွေးလိုက်မိသည်။

​"ကောင်းပြီ၊ ငါတို့တွေ သူ့ကို စောင့်ပြီး သူပြန်လာမှ ထွက်ကြတာပေါ့"

​သူမသည် မင်ယုနှင့်အတူ ပြန်လျှောက်သွားရန် ပြင်စဉ်မှာပင် မိစ္ဆာမုဆိုး သားရဲ၏ ဟိန်းဟောက်သံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

​လူအားလုံးမှာ နေရာတွင်ပင် တောင့်တင်းသွားကြပြီး ကြောက်ရွံ့မှုများက သူတို့၏ နှလုံးသားကို ထပ်မံ စိုးမိုးသွားပြန်သည်။

​"သူ ပြန်လာပြီ။ ဒါဆို သခင်လေးလုံက... ဒါတွေ အားလုံးက ငါ့ကြောင့်..." ကျိချင်းသည် မျက်ရည်များ ဝိုင်းလာရင်း ရေရွတ်လိုက်သည်။

​"မဖြစ်နိုင်တာ၊ သူ့ကို ဘာမှ မလုပ်နိုင်ပါဘူး" မင်ယုက မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

​"ငါတို့တွေ အသက်ရှင်ဖို့ ကံမပါဘူး ထင်ပါတယ်" တော်ဝင်ဆရာ ဝမ်က မျှော်လင့်ချက် ကင်းမဲ့သော မျက်နှာဖြင့် ထိုင်ချလိုက်သည်။

​"ဟိုမှာ..." ဗိုလ်ချုပ်ယောင်က ကောင်းကင်ယံထက်မှ အရိပ်တစ်ရိပ်ကို မြင်လိုက်ရသဖြင့် လေးနက်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

​သူသည် သူ၏ ဓားကို ထုတ်လိုက်သည်။ သူသည် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ပါးစပ်မှာ အံ့အားသင့်စွာ ပွင့်ဟသွားသည်။ သူ မြင်နေရသည်ကို သူ မယုံကြည်နိုင် ဖြစ်နေသည်။

​ယခင်က ကြောက်စရာကောင်းသော မိစ္ဆာမုဆိုး သားရဲမှာ ယခုအခါ ပို၍ပင် သန်မာနေပုံရသည်။ သို့သော် သူ့ကို အံ့အားသင့်စေဆုံး အချက်မှာ မိစ္ဆာမုဆိုး သားရဲ၏ ကျောပေါ်တွင် ထိုင်နေသောသူပင် ဖြစ်သည်။

​"လုံချန်း..." မင်ယုသည် စိတ်သက်သာရာရသော အပြုံးဖြင့် ရေရွတ်လိုက်သည်။

​"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ရှင်က ဘာလို့ သားရဲပေါ် ရောက်နေတာလဲ" မင်ယုက ရှေ့သို့ လျှောက်သွားရင်း မေးလိုက်သည်။

​"ငါ ယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲပေါ်မှာ ငါ မစီးလို့ ရမလား" လုံချန်းက ပြုံးလျက် ဆိုသည်။

​"ယဉ်ပါးပြီးသား ဟုတ်လား။ ရှင်က သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တာလား။ ပြီးတော့ မိစ္ဆာမုဆိုး သားရဲကိုတောင် ယဉ်ပါးအောင် လုပ်လိုက်နိုင်တာလား။ ရှင်က တကယ်ပဲ ဘယ်သူလဲ" မင်ယုက လုံချန်းကို မျက်လုံးပြူးကာ ကြည့်ရင်း မေးမိသည်။

​"ဒါဆို သားရဲက... ငါတို့ကို ထပ်မတိုက်တော့ဘူးပေါ့" ကျိချင်းက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။

​"စိတ်မပူပါနဲ့၊ သူ ဘာမှ မလုပ်ပါဘူး" လုံချန်းက ပြုံးပြီး ပြောလိုက်ကာ မိစ္ဆာမုဆိုး သားရဲပေါ်မှ ဆင်းလိုက်သည်။

​"ကျေးဇူးတင်ပါတယ်၊ ဆရာလုံ။ ကျုပ်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောခွင့်ပြုပါ" တော်ဝင်ဆရာ ဝမ်က ရှေ့သို့ လျှောက်လာရင်း ပြောလိုက်သည်။

​'သူက တကယ့်ကို အံ့သြစရာပဲ၊ ငါသာ သူ့ရဲ့ သူငယ်ချင်း ဖြစ်ခွင့်ရရင် ငါ့ဘဝက ချက်ချင်း အောင်မြင်သွားမှာပဲ၊ သူ့နားကို ကပ်နိုင်မယ့် နည်းလမ်း ရှာမှဖြစ်မယ်' မင်းသားလန်သည် လုံချန်းကို ကြည့်ရင်း တွေးနေမိသည်။ သူ တစ်ခုခုကို စဉ်းစားမိသွားသောအခါ သူ၏ မျက်နှာမှာ ဝင်းပသွားသည်။ သူသည် ဤအတိုင်း ပစ်ထားသော ရွှေအဆင့် ၉ ရှိသော သားရဲငယ် အလောင်းရှိရာသို့ လျှောက်သွားလိုက်သည်။

​'ဒီသားရဲရဲ့ အမြုတေက တော်တော် တန်ဖိုးရှိတာ။ အခု သားရဲကြီးကလည်း ယဉ်ပါးသွားပြီဆိုတော့ ငါ ဘာမှ ကြောက်နေစရာ မလိုတော့ဘူး။ ဒါကိုသာ သူ့ကို ပေးလိုက်ရင် ငါ သူ့နားကို ကပ်နိုင်မှာ ကျိန်းသေတယ်' မင်းသားလန်သည် အလောင်းကို ကြည့်ရင်း တွေးလိုက်သည်။ သူသည် ဓားမြှောင်ကို ထုတ်ကာ သားရဲဆီသို့ တိုးသွားလိုက်သည်။

​လုံချန်းသည် ကျိချင်းနှင့် စကားပြောနေစဉ် တစ်ခုခုကို သတိပြုမိလိုက်သည်။ သူ၏ မျက်နှာမှာ အေးစက်သွားပြီး သူရှိနေသော နေရာမှ ပျောက်ကွယ်သွားသည်။

​မင်းသားလန်သည် သေဆုံးနေသော သားရဲနှင့် တစ်လှမ်းအကွာသို့ ရောက်ရှိချိန်မှာပင် လုံချန်းက သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

​လုံချန်းသည် သူ၏ လည်ပင်းကို ဖမ်းညှစ်ကာ လေထဲသို့ မြှောက်လိုက်လေတော့သည်။

​"မင်း ဘာလုပ်နေတာလဲ" လုံချန်းက လည်ပင်းအညှစ်ခံထားရသဖြင့် လေထဲတွင် တွဲလောင်းဖြစ်နေသော မင်းသားလန်ကို စိုက်ကြည့်ရင်း ကျယ်လောင်စွာ အော်လိုက်လေတော့သည်။

အခန်း (၂၀၀) နှင်းခဲလေး ပျောက်ဆုံးခြင်း

​"မင်း ဘာလုပ်နေတာလဲ" လုံချန်းက လည်ပင်းအညှစ်ခံထားရသဖြင့် လေထဲတွင် တွဲလောင်းဖြစ်နေသော မင်းသားလန်ကို စိုက်ကြည့်ရင်း ကျယ်လောင်စွာ ဟောက်လိုက်သည်။

​"အဟွတ်... အား..." မင်းသားလန်မှာ လုံချန်း၏ လက်အတွင်း လည်ပင်းကို အတင်းညှစ်ခံထားရသဖြင့် စကားပြောရန် ကြိုးစားသော်လည်း မပြောနိုင်ရှာပေ။ အမှန်တကယ်တော့ ထိုအချိန်တွင် သူ အသက်ရှူရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။

​"ငါ မေးနေတယ်လေ" လုံချန်းက ထပ်မေးလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ လက်ဆုပ်ကို အနည်းငယ် လျှော့ပေးလိုက်သည်။

​"ကျုပ်... ကျုပ်က... သူ့ရဲ့ အမြုတေကို ထုတ်ပြီး... ခင်ဗျားကို ပေးမလို့ပါ..." မင်းသားလန်မှာ အတော်ကြာအောင် အားယူပြီးမှ သူ၏ စကားကို ဆုံးအောင် ပြောနိုင်ခဲ့သည်။

​"ဆရာ၊ ကျေးဇူးပြုပြီး မင်းသားလေးကို ခွင့်လွှတ်ပေးပါ။ ဒီလို အပြစ်သေးသေးလေးအတွက် သူ့ကို မသတ်ပါနဲ့။ သူပြောသလိုပဲ ခင်ဗျားကို စိတ်ကျေနပ်အောင် လုပ်ပေးချင်ရုံတင်ပါ" တော်ဝင်ဆရာဝမ်သည် ထိုနေရာသို့ ရောက်လာပြီး လုံချန်းကို တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။

​"ငါ့သားရဲရဲ့ ညီလေးဖြစ်သူ ခန္ဓာကိုယ်ကို လှီးဖြတ်တာက ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးတာလား" လုံချန်းက အေးစက်သော ဖိအားများ ထုတ်လွှတ်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ သူ မြင်လိုက်ရသည့် အရာအပေါ် တကယ်ပင် ဒေါသထွက်နေမိသည်။

​မိစ္ဆာမုဆိုး သားရဲကို ယဉ်ပါးအောင် မလုပ်မီကဆိုလျှင် မင်းသားလန်က ထိုအမြုတေကို ယူသွားပါစေ သူ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် မြေကမ္ဘာအဆင့် မိစ္ဆာမုဆိုး သားရဲကို ယဉ်ပါးအောင် လုပ်ပြီးနောက်တွင်မူ လုံချန်းအတွက် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

​သူသည် မိစ္ဆာမုဆိုး သားရဲ၏ မှတ်ဉာဏ်အချို့ကို မြင်ခဲ့ရသည်။ သူတို့ ညီအစ်ကိုနှစ်ဦး ဘဝတစ်လျှောက်လုံး မည်သည်များ ရင်ဆိုင်ခဲ့ရသည်ကို သူ မြင်ခဲ့ရသည်။ သူတို့ကြားက သံယောဇဉ်ကို သူ ခံစားမိသည်။ သားရဲငယ်လေး သေဆုံးသွားသည်ကိုပင် သူ စိတ်မကောင်း ဖြစ်နေရသည့်ကြား၊ သူ၏ ရှေ့တည့်တည့်တွင် ထိုသို့ လာလုပ်သည်ကို မြင်လိုက်ရသဖြင့် သူ ဒေါသအလွန်ထွက်သွားရခြင်း ဖြစ်သည်။ သူသည် လင်းလန်၏ လည်ပင်းကို မချိုးမိစေရန် မနည်း ထိန်းချုပ်ထားရသည်။

​"ကျုပ်... အမှားကြီး မှားသွားပါတယ်... ခွင့်လွှတ်ပေးပါ..." မင်းသားလန်က အားယူကာ ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ ယခုအခါ နီရဲနေပြီ ဖြစ်သည်။

​"ဆရာ၊ ကျေးဇူးပြုပြီး... မင်းသားလန်ကို ခွင့်လွှတ်ပေးပါ။ သူ နောက်တစ်ခါ ဒီလို မလုပ်တော့ပါဘူး။ ခင်ဗျား အလိုရှိရင် ကျုပ် ခေါင်းနဲ့ မြေကြီး တိုက်ပြီးတော့တောင် တောင်းပန်ပါ့မယ်၊ သူ့ကို မသတ်ပါနဲ့" တော်ဝင်ဆရာဝမ်က ဒူးနှစ်ဖက်စလုံး ထောက်ကာ ပြောလိုက်သည်။ သူသည် မြေပြင်ပေါ်သို့ သူ၏ ခေါင်းဖြင့် တိုက်ကာ ဦးချ တောင်းပန်တော့သည်။

​ဗိုလ်ချုပ်ယောင်မှာလည်း ထိုမြင်ကွင်းကို ရပ်ကြည့်နေမိသည်။ သူသည်လည်း လုံချန်းကို မင်းသားလန်အား ခွင့်လွှတ်ပေးရန် ပြောချင်သော်လည်း လုံချန်း၏ တည်ကြည်လွန်းသော မျက်နှာထားကြောင့် ဘာမှ မပြောရဲပေ။

​လုံချန်းသည် သူ၏ ရှေ့တွင် ဦးချ တောင်းပန်နေသော တော်ဝင်ဆရာကို ကြည့်လိုက်သည်။ သူ၏ ဒေါသမှာ လျော့မသွားသော်လည်း တော်ဝင်ဆရာ၏ တောင်းပန်မှုကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

​"နောင်ဆိုရင် ဆုံးဖြတ်ချက်တွေကို ပိုပြီး ကောင်းကောင်းချနိုင်အောင် ကြိုးစားပါ" လုံချန်းက လေးနက်သော လေသံဖြင့် ပြောဆိုကာ မင်းသားလန်ကို တော်ဝင်ဆရာ ဝမ်ရှိရာသို့ ပစ်ချလိုက်သည်။

​မင်းသားလန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပေ။ သူသည် ထထိုင်ကာ အဆက်မပြတ် ချောင်းဆိုးရင်း အသက်ကို လုရှူနေရသည်။ လုံချန်းကို မော့ကြည့်ရန်ပင် မဝံ့ဘဲ ခေါင်းငုံ့ထားမိတော့သည်။

​မြေကမ္ဘာအဆင့် မိစ္ဆာမုဆိုး သားရဲမှာ လုံချန်းအနားသို့ ရောက်ရှိလာပြီး သေဆုံးနေသော သားရဲငယ်ကို ဝမ်းနည်းဖွယ် မျက်လုံးများဖြင့် ကြည့်နေသည်။

​"ငါတို့တွေ ဒီကောင်လေးကို မြေမြှုပ်ပေးရမယ်။ မင်းက ကျင်းတစ်ကျင်း တူးပေးပါလား" လုံချန်းက မိစ္ဆာမုဆိုး သားရဲကို ကြည့်ကာ ပြောလိုက်သည်။

​မိစ္ဆာမုဆိုး သားရဲသည် သေဆုံးနေသော သားရဲထံမှ အကြည့်ကို မခွာချင်ဘဲ ခွာလိုက်ပြီး ကောင်းကင်ယံကို မော့ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

​၎င်းသည် အောက်သို့ ပြန်ကြည့်ကာ ပါးစပ်ကို ဟလိုက်ပြီး အနက်ရောင် အလင်းလုံးကို ပစ်လွှတ်လိုက်သည်။ အားလုံးမှာ ဤတိုက်ခိုက်မှုနှင့် ရင်းနှီးနေပြီဖြစ်သဖြင့် ဘာဖြစ်မည်ကို သိနေကြသည်။

​အနက်ရောင် အလင်းလုံးမှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ချိုင့်ခွက်ကြီးတစ်ခွက် ဖြစ်ပေါ်လာခဲ့သည်။

​လုံချန်းသည် အားလုံး၏ အကြည့်များကြားမှ သေဆုံးနေသော မိစ္ဆာမုဆိုး သားရဲငယ်ရှိရာသို့ လျှောက်သွားလိုက်သည်။

​သူသည် သားရဲငယ်လေးကို ပွေ့ချီလိုက်သည်။ သားရဲငယ်မှာ လေးလံသော်လည်း ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ဦးဖြစ်သည့် လုံချန်းအတွက်မူ ဤအလေးချိန်မှာ ဘာမှ မဟုတ်ပေ။

​လုံချန်းသည် သားရဲငယ်ကို ပွေ့ချီကာ ချိုင့်ခွက်ကြီးရှိရာသို့ လျှောက်သွားသည်။ ချိုင့်ခွက် အစွန်းသို့ ရောက်သောအခါ သူသည် အထဲသို့ ခုန်ဆင်းလိုက်သည်။

​လုံချန်းသည် သေဆုံးနေသော မိစ္ဆာမုဆိုး သားရဲငယ်ကို ချိုင့်ခွက်၏ အလယ်ဗဟိုတွင် ချထားလိုက်ပြီး သူ၏ လက်များကို လွှတ်လိုက်သည်။

​သူသည် မြေကြီးတစ်ဆုပ်ကို ကောက်ယူကာ သားရဲငယ်၏ အပေါ်တွင် တင်လိုက်သည်။

​"အေးအေးချမ်းချမ်း အနားယူတော့ ကောင်လေး" လုံချန်းက ဝမ်းနည်းသော မျက်နှာထားဖြင့် ပြောကာ နောက်သို့ လှည့်လိုက်သည်။

​မြေကမ္ဘာအဆင့် မိစ္ဆာမုဆိုး သားရဲကြီးမှာလည်း ဝမ်းနည်းကြေကွဲစွာ ဟိန်းဟောက်နေရှာသည်။

​လုံချန်းသည် ချိုင့်ခွက်ထဲမှ ထွက်လာပြီး မိစ္ဆာမုဆိုး သားရဲကြီးအနားသို့ လျှောက်သွားကာ ၎င်း၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။

​"ချိုင့်ခွက်ကို မြေကြီးနဲ့ ပြန်ဖို့ပေးလိုက်ပါ" လုံချန်းက ဗိုလ်ချုပ်ယောင်ကို ပြောလိုက်သည်။

​ဗိုလ်ချုပ်ယောင်မှာလည်း သူ၏ ဘုရင်ကို ရင်ဆိုင်နေရသကဲ့သို့ပင် အမြန် ခေါင်းညိတ်လိုက်သည်။ သူသည် အစောင့်များကို အလုပ်စရန် အမိန့်ပေးလိုက်သည်။

​အစောင့်များက ချိုင့်ခွက်အား မြေကြီးဖြင့် ဖို့နေသည်ကို လုံချန်း ရပ်ကြည့်နေမိသည်။ ထို့ကြောင့် မိစ္ဆာမုဆိုး သားရဲငယ်လေးမှာ ထာဝရ မြေမြှုပ်ခံလိုက်ရပြီ ဖြစ်သည်။

​လုံချန်းသည် မြေကမ္ဘာအဆင့် မိစ္ဆာမုဆိုး သားရဲနှင့်အတူ ရပ်နေရင်း ၎င်းအတွက် နာမည်တစ်ခု စဉ်းစားနေသည်။

​"နာမည်ပေးတဲ့ နေရာမှာ ငါ တော်တော် ညံ့မှန်း ငါသိပါတယ်။ ဒါကြောင့် ငါပေးတဲ့ နာမည်က တော်တော် ဆိုးနေရင်တောင် မင်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်" လုံချန်းက မချိပြုံး ပြုံးရင်း မိစ္ဆာမုဆိုး သားရဲကို ကြည့်ကာ ပြောလိုက်သည်။

​"မင်းရဲ့ နာမည်က... မုဆိုးကြယ် ဖြစ်ရမယ်..." လုံချန်းက မိစ္ဆာမုဆိုး သားရဲကို ပြောလိုက်သည်။

​"တကယ့်ကို ထူးဆန်းတဲ့ နာမည်ပဲ၊ ရှင် နာမည်ပေးတဲ့ နေရာမှာ ညံ့တယ်လို့ ပြောတုန်းက ကျမ သံသယရှိခဲ့ပေမဲ့ အခုတော့ ကျမ ယုံသွားပြီ" မင်ယုက လုံချန်းကို ရယ်ချင်စိတ်ကို အောင့်ထားသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

​"ငါကတော့ အဲဒီနာမည်ကို တော်တော် သဘောကျတယ်။ နာမည်ကောင်းလေးလို့ ထင်တာပဲ" ကျိချင်းက သူမ၏ အမြင်ကို ဝင်ပြောလိုက်သည်။

​"ဒါနဲ့ မုဆိုးကြယ်က တော်တော် ကြီးတာပဲ... သူ့ကို ရွှမ်းအင်ပါယာထဲကို ပေးဝင်ပါ့မလား မသိဘူး... သူက ကြည့်ရတာ တော်တော် ကြောက်စရာကောင်းတဲ့ သားရဲလေ" ကျိချင်းက ခေတ္တအကြာတွင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

​"ဘာလို့လဲ၊ သားရဲသခင်တွေက သူတို့ရဲ့ သားရဲတွေကို မြို့ထဲအထိ ယူလာခွင့် မရှိဘူးလား၊ ကျမတို့ဆီမှာတော့ သားရဲသခင်တွေက သူတို့ သားရဲတွေနဲ့အတူ သွားလာနေကြတာပဲ။ ဘာပြဿနာမှ မရှိဘဲ ဝင်ခွင့် ထွက်ခွင့် ရကြတယ်၊ အထူးသဖြင့် မြေကမ္ဘာအဆင့်နဲ့ အထက်ရှိတဲ့ သားရဲသခင်တွေဆိုရင် ပိုတောင် ရသေးတယ်" မင်ယုက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

​"ဒီမှာကတော့ နည်းနည်း ကွဲပြားတယ်။ သားရဲသခင်တွေကို သူတို့ရဲ့ သားရဲတွေ ယူလာခွင့် ပေးပေမဲ့ မိစ္ဆာမုဆိုး သားရဲလို ကြောက်စရာကောင်းတဲ့ အကောင်မျိုးကိုတော့ ခွင့်မပြုဘူး၊ နိုင်ငံသားတွေကို အနှောင့်အယှက် ဖြစ်စေမှာ စိုးလို့လေ။ ဒါကြောင့် ဒီအင်ပါယာက သားရဲသခင်တွေ အားလုံးမှာ သားရဲအိတ် ရှိကြတယ်။ အဲဒါက သူတို့ရဲ့ သားရဲတွေကို ထည့်ထားဖို့ သုံးတာ" ကျိချင်းက မင်ယုကို ပြန်ရှင်းပြသည်။

​"သားရဲအိတ် ဟုတ်လား။ မြေကမ္ဘာအဆင့် သားရဲတစ်ကောင်ကို ထည့်ထားနိုင်လောက်တဲ့ သားရဲအိတ်မျိုးကို အင်ပါယာတွေမှာပဲ တွေ့နိုင်တာ။ ငါ အဲဒီလို အချိန်ဖြုန်းနေဖို့ အားမအားဘူး" လုံချန်းက အေးအေးလူလူပင် ပြောလိုက်သည်။

​"ငါ လုပ်စရာ အလုပ်တစ်ခုပဲ ရှိတယ်။ သူတို့ ခွင့်မပြုရင်တောင် ငါ ရွှမ်းအင်ပါယာထဲကို ဝင်မှာပဲ။ ငါ့ရဲ့ ပန်းတိုင်ရောက်ဖို့ သူတို့ရဲ့ ကာကွယ်ရေး အားလုံးကို ငါ ဖျက်ဆီးပစ်မယ်... အင်ပါယာ တစ်ခုလုံးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ် ဆိုရင်တောင်မှပေါ့" လုံချန်းက လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

​"နင်က မိုးကြိုးဘီလူးဂိုဏ်းက လူတွေကို တော်တော် မုန်းနေတာပဲ" ကျိချင်းက မချိပြုံး ပြုံးရင်း ပြောလိုက်သည်။

​"ငါနဲ့ ရင်းနှီးတဲ့သူတွေကို နာကျင်အောင် လုပ်တဲ့သူတွေက သေဖို့ ထိုက်တန်တယ်" လုံချန်းသည် ရွှမ်းအင်ပါယာရှိရာ အရပ်ဆီသို့ အဝေးတစ်နေရာကို ကြည့်ရင်း ပြောလိုက်သည်။

​ကျိချင်းသည် သူ၏ စကားကို ကြားသောအခါ သူ ဘယ်သူ့ကို ပြောနေခြင်း ဖြစ်မည်နည်းဟု တွေးတောနေမိသည်။ သူမသည် မင်ယုကို လှမ်းကြည့်လိုက်မိသည်။

​"ကောင်းပါပြီ၊ အဲဒီကိစ္စကိုတော့ အချိန်ကျမှပဲ စဉ်းစားကြတာပေါ့..." ကျိချင်းသည် ဝင်ခွင့် ရ၊ မရ ဆိုသည်ကို ဆက်လက် မစိုးရိမ်တော့ရန် ဆုံးဖြတ်လိုက်သည်။

​"ရထားလုံးထဲ ဝင်ကြစအောင်။ တို့တွေ ထွက်ဖို့ အသင့်ဖြစ်နေပြီ" အားလုံးက သူတို့ကို စောင့်နေသည်ကို သတိပြုမိသဖြင့် ကျိချင်းက ပြောလိုက်သည်။ ပြင်ဆင်မှုများ အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

​လုံချန်းမှာမူ နေရာတွင်ပင် ရပ်နေရင်း အတွေးထဲ နစ်ဝင်နေသဖြင့် မလှုပ်ရှားသေးပေ။

​'ကျိချင်းနဲ့ သူ့ရဲ့ ရထားလုံးထဲမှာပဲ လိုက်သွားမလား ဒါမှမဟုတ် မင်ယုနဲ့အတူ ကိုယ့်ဘာသာ အရင် သွားမလား။ အခု ငါ့မှာ မုဆိုးကြယ် ရှိပြီဆိုတော့ သူ့ရဲ့ အရှိန်က အများကြီး ပိုမြန်တယ်။ မုဆိုးကြယ်နဲ့ သွားရင် ခဏလေးနဲ့ ရောက်မှာပဲ' လုံချန်းသည် မိစ္ဆာမုဆိုး သားရဲကို ကြည့်ရင်း တွေးနေမိသည်။

​လုံချန်း ခေတ္တမျှ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ထိုအတွေးကို လက်လွှတ်လိုက်သည်။ သူသည် ကျိချင်းနှင့် အတူသွားရန် ယခင်က သဘောတူထားခဲ့ပြီး ခရီးစဉ်၏ အများစုကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။ ခရီးသွားရန် တစ်ရက်စာလောက်သာ ကျန်တော့ချိန်တွင် သူတို့အား တစ်ယောက်တည်း ထားခဲ့၍ မဖြစ်ပေ။

​"ကောင်းပြီ။ သွားကြစို့" လုံချန်းက နောက်ဆုံးတွင် ပြောလိုက်ပြီး ကျိချင်း၏ ရထားလုံးရှိရာသို့ စတင် လျှောက်သွားလိုက်သည်။

​"နောက်ဆုံးတော့... နင် တစ်နေ့လုံး အဲဒီမှာ ရပ်နေတော့မယ် ထင်နေတာ" ကျိချင်းက လုံချန်းနောက်သို့ လိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။

​မင်ယုသည် သူတို့၏ နောက်မှ လိုက်ပါလာခဲ့သည်။

​"ငါတို့တွေ အခု ထွက်တော့မယ်။ ရထားလုံးနားမှာပဲ နေနော်၊ ဟုတ်ပြီလား။ လိမ္မာတဲ့ ကောင်လေး ဖြစ်ရမယ်" လုံချန်းသည် ရထားလုံးထဲ မဝင်မီ မုဆိုးကြယ်ကို မှာကြားလိုက်သည်။

​"ဟင်... နှင်းခဲလေး ဘယ်မှာလဲ" လုံချန်းသည် ရထားလုံးထဲ ဝင်လိုက်သည်နှင့် ချက်ချင်း မေးလိုက်သည်။ ယခင်က နှင်းခဲလေးမှာ ရထားလုံးထဲတွင် ရှိနေလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခု ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။

​"နှင်းခဲလေး ဟုတ်လား" ကျိချင်းလည်း နှင်းခဲလေး ပျောက်နေသည်ကို သိလိုက်ရသဖြင့် အာမေဍိတ်သံ ထွက်သွားသည်။

​လုံချန်းသည် မင်ယု၊ ကျိချင်းတို့နှင့်အတူ ရထားလုံး၏ ပတ်ပတ်လည်ကို လိုက်ရှာသော်လည်း နှင်းခဲလေး၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

​သူသည် ရထားလုံးထဲမှ အမြန် ပြန်ထွက်လာခဲ့သည်။

​"နှင်းခဲလေးရေ..." လုံချန်းသည် ရထားလုံး အပြင်ဘက်တွင် ရပ်ကာ ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ သူ၏ အသံမှာ အဝေးကြီးအထိ ရောက်စေရန် သူ၏ အသံကို ဝိညာဉ်စွမ်းအင်ဖြင့် မြှင့်တင်ထားသည်။

​သူ ထပ်ခါတလဲလဲ အော်ခေါ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့လေတော့သည်။

All Chapters