← Chapters

အခန်း (၃၀၁)

Vol. 28 Ch. 301

အခန်း (၃၀၁)

Vol. 28 Ch. 301

"ဒါတင်မကသေးဘူး..." လင်းပိုင်ဖန်က နောက်တစ်ကြိမ် လက်ခုပ်တီးလိုက်ပြန်သည်။

ထိုအခါ နောက်ထပ် လူတစ်စု ရောက်ရှိလာကြပြီး ယခုတစ်ခေါက်တွင်မူ ပန်းချီလိပ်ဟု ထင်ရသော စာလိပ်များကို ကိုင်ဆောင်လာကြသည်။

"အရှင်မင်းမြတ်... ဒါတွေက ဘာပါလဲ" တစ်ဦးက သိလိုစိတ်ဖြင့် လှမ်းမေးလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် - "ဒါတွေကတော့ ငါကိုယ်တော် ကတိပေးထားတဲ့ အိမ်ရာဝင်းတွေရဲ့ မြင်ကွင်းကျယ် ပန်းချီကားတွေပဲ။ အိမ်ရာတွေက အကျယ်ကြီးဖြစ်သလို အရေအတွက်လည်း အများကြီးဆိုတော့ မင်းတို့ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်နိုင်အောင် ငါကိုယ်တော် ဆွဲခိုင်းထားတာ။ ဘယ်တစ်ခုကိုပဲ ရွေးရွေး... အဲဒီတစ်ခုဟာ မင်းတို့အပိုင် ဖြစ်စေရမယ်"

အကြီးအကဲများမှာ "ဘုရားရေ..." ဟု ဆိုကာ တစ်ဖန် အံ့အားသင့်သွားကြပြန်သည်။ ရွှေတင်မကဘဲ အိမ်တွေပါ ပေးဦးမည်တဲ့လား။

သူတို့သည် စာလိပ်များကို ဖြန့်ကြည့်လိုက်သောအခါ အိမ်ရာဝင်းတစ်ခုချင်းစီမှာ အလွန်တရာ ခမ်းနားထည်ဝါလှပြီး မျက်စိပဒေသာဖြစ်ဖွယ် တွေ့လိုက်ကြရသည်။ ခဏတာအတွင်းမှာပင် မည်သည့်အိမ်ကို ရွေးရမည်မှန်း မသိလောက်အောင်ပင် ဝေခွဲမရ ဖြစ်သွားကြတော့သည်။

လင်းပိုင်ဖန်က သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်ပြီး - "ဒါတွေကို အခုပဲ ပြန်ယူသွားကြဦး၊ သေချာစဉ်းစားပြီး ရွေးချယ်ပြီးမှ ငါကိုယ်တော်ကို ပြန်ပြောကြပေါ့"

"ကျေးဇူးတော်ကြီးလှပါတယ် အရှင်မင်းမြတ်" အကြီးအကဲများအားလုံး တစ်ပြိုင်နက်တည်း ညီညာစွာ နှုတ်ဆက်လိုက်ကြပြီး အလွန်ပင် ဝမ်းမြောက်နေကြတော့သည်။

လင်းပိုင်ဖန်က လက်ခုပ်တစ်ချက် ထပ်တီးလိုက်ရာ သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသော နောက်ထပ်လူတစ်ဦး ဝင်လာပြန်သည်။

လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည် - "ဒီသေတ္တာထဲမှာတော့ ပြီးခဲ့တဲ့ရက်က ပြောခဲ့တဲ့ တုနှိုင်းမဲ့သိုင်းကျမ်းတွေ ရှိတယ်။ ဒါပေမဲ့ တစ်အုပ်ချင်းစီရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ ကူးရေးထားတာ။ မင်းတို့ ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးပြီး လေ့ကျင့်နိုင်တယ်။ ဒါဟာလည်း ငါကိုယ်တော်ရဲ့ ကြိုဆိုတဲ့ လက်ဆောင်ပဲ"

အကြီးအကဲများမှာ အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။

"တုနှိုင်းမဲ့သိုင်းကျမ်းတွေကို ဒီလောက်အစောကြီး ဆုလာဘ်အဖြစ် ပေးတာလား"

"ကျွန်တော်မျိုးတို့က အမှုတော်ကို ထမ်းရွက်ပြီး အကျိုးဆောင်နိုင်မှ လေ့ကျင့်ခွင့်ရမယ် ထင်နေတာ"

"အရှင်မင်းမြတ်က ကျွန်တော်မျိုးတို့အပေါ်မှာ အရမ်းကို ရက်ရောလွန်းနေပြီ"

လင်းပိုင်ဖန်က သိုင်းကျမ်းများကို လူတိုင်း၏ရှေ့သို့ တိုးပေးလိုက်ပြီး - "အကြီးအကဲတို့... ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်"

အကြီးအကဲများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။ ရွှေနှင့် အိမ်ကဲ့သို့သော လောကီစည်းစိမ်များရှေ့တွင် သူတို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြသေးသော်လည်း တုနှိုင်းမဲ့ သိုင်းကျမ်းများ၏ လျှို့ဝှက်ချက်များရှေ့တွင်မူ သူတို့၏ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ကြတော့ပေ။

"ဟားဟား... ဒီထဲမှာ ငါအနှစ်သက်ဆုံး 'ယန်ကိုးပါးသိုင်းကျမ်း' ပါနေတာပဲ"

"ငါကတော့ ' အကြောခြောက်သွယ် နတ်ဓားသိုင်း' ကိုပဲ သဘောကျတယ်။ လက်ချောင်းလေးတွေကနေ ကြောက်စရာကောင်းတဲ့ ဓားချီတွေ ထုတ်လွှတ်နိုင်တာကို နှစ်သက်တာကွ"

"စကြဝဠာ ပြောင်းပြန်လှန်ခြင်းသိုင်းပညာက တကယ့်ကို အံ့မခန်းပဲ။ ရန်သူက ဘယ်လိုကွက်မျိုး သုံးသုံး အကုန်လုံးကို ရန်သူ့ဆီ ပြန်လှည့်သွားအောင် လုပ်လို့ရတာပဲ"

"ဒီ ကိုယ်ဖော့သိုင်းပညာကတော့ ငါအကြိုက်ဆုံး လှုပ်ရှားမှု သိုင်းပညာပဲ"

လင်းပိုင်ဖန်က အနားတွင်ရပ်ကာ အကြံပေးတစ်ဦးကဲ့သို့ ရှင်းပြနေသည်။

"ဒီ ယန်ကိုးပါးသိုင်းကျမ်းက တကယ့်ကို အစွမ်းထက်တယ်။ ဒါကို တတ်မြောက်သွားရင် မင်းတို့ရဲ့ အစစ်အမှန် ချီတွေဟာ အားအင်အပြည့်နဲ့ အဆုံးအစမဲ့ ဖြစ်နေလိမ့်မယ်။ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် ပင်ပန်းတယ်လို့ ရှိမှာမဟုတ်ဘူး။ ဒါတင်မကသေးဘူး... အဆိပ်တွေကိုလည်း ပြယ်စေနိုင်တဲ့အတွက် ဘယ်လိုအဆိပ်မျိုးမှ မင်းတို့ကို ဒုက္ခမပေးနိုင်တော့ဘူး"

"အကြောခြောက်သွယ် နတ်သိုင်းဓားကလည်း ထူးကဲလှတယ်။ သူထုတ်လွှတ်လိုက်တဲ့ ဓားစွမ်းအင်ဟာ ပေပေါင်း ၁,၀၀၀ အထိ ရောက်နိုင်ပြီး ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် တိုက်ခိုက်လိုက်တဲ့ အကွာအဝေးနဲ့ ညီမျှတယ်။ ဒါကို ကျွမ်းကျင်သွားရင် ရန်သူကို အဝေးကနေတင် သတ်ဖြတ်နိုင်တဲ့ စွမ်းအားရှိသွားမှာဖြစ်လို့ တကယ့်ကို ထူးခြားတယ်"

"စကြဝဠာ ပြောင်းပြန်လှန်ခြင်းကလည်း အားကျစရာပဲ။ ဘယ်လို တိုက်ကွက်မျိုးကိုမဆို လွှဲဖယ်ပစ်နိုင်တဲ့အတွက် မင်းတို့ဆီကို တိုက်ကွက်တစ်ခုမှ ထိမှန်မှာမဟုတ်ဘူး။ ဒါတင်မကဘူး ရန်သူ့ပညာနဲ့ ရန်သူ့ကို ပြန်သတ်တာက ဘယ်လောက်တောင် မိုက်လိုက်သလဲ"

"နောက်ပြီး ဒီ ကိုယ်ဖော့သိုင်းပညာကတော့ လျင်မြန်စွာ ရှောင်တိမ်းနိုင်တဲ့ လှုပ်ရှားမှုပညာဖြစ်လို့ အသက်ဘေးက လွတ်ဖို့အတွက် အကောင်းဆုံးပဲ။ ဒါကို ပိုလေ့ကျင့်လေလေ အတွင်းအားကို တိုးလေလေပဲ။ မင်းတို့ ပြေးလေလေ အတွင်းအားတွေ ပိုရှိလာလေလေပဲ"

သူဖုန်းစားဂိုဏ်း အကြီးအကဲများသည် ထိုစကားများကို ကြားရပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေကြတော့သည်။

"ဒါပေမဲ့ ဒီသိုင်းကျမ်းတွေထဲမှာ ငါကိုယ်တော် အနှစ်သက်ဆုံးကတော့ ' ယင်ကိုးပါးသိုင်းကျမ်း' ပဲ"

"အရှင်မင်းမြတ်... ဘာကြောင့်ပါလဲ"

လင်းပိုင်ဖန်က ယင်ကိုးပါးသိုင်းကျမ်းကို ကောက်ကိုင်ကာ လူတိုင်း မြင်နိုင်စေရန် ဖွင့်ပြလိုက်ပြီး - "ဘာလို့လဲဆိုတော့ ဒီသိုင်းကျမ်းထဲမှာ 'အရိုးအကြော ပြောင်းလဲခြင်း’ ပညာရပ် ပါဝင်လို့ပဲ။ ဒီသိုင်းပညာဟာ လူတစ်ယောက်ရဲ့ ခွန်အားကို မြှင့်တင်ပေးရုံတင်မကဘဲ ခွန်အားနဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝဖွဲ့စည်းပုံ ကိုပါ ပြောင်းလဲပေးနိုင်လို့ပဲ"

"ဒဏ္ဍာရီတွေအရ ဒီသိုင်းပညာကို တီထွင်ခဲ့တဲ့သူဟာ ကျင့်စဉ်အဆင့် လုံးဝမရှိတဲ့ သာမန်လူတစ်ယောက်ပဲ။ သူဟာ အသက်ကြီးမှ ဒီသိုင်းပညာကို ဖန်တီးခဲ့တာ။ ပြီးတော့ ဒီ 'အရိုးအကြော ပြောင်းလဲခြင်း' ပညာရပ် ကို သုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြုပြင်ခဲ့လို့ သိုင်းပညာကို လေ့ကျင့်ခွင့် ရသွားတာ။ နောက်ဆုံးမှာတော့ သူဟာ လောကမှာ ဘယ်သူမှ ယှဉ်လို့မရတဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်ကြီး ဖြစ်လာခဲ့တယ်"

အကြီးအကဲများမှာ ဆွံ့အသွားကြသည်။

"သူက ကျင့်စဉ်အဆင့် လုံးဝမရှိဘဲ အသက်ကြီးမှ ဒီသိုင်းပညာကို တီထွင်ခဲ့တာလား"

"အရိုးအကြော ပြောင်းလဲခြင်း ပညာရပ်နဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြီး သိုင်းလောကမှာ ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့တာလား"

"တကယ်ပဲ အဲဒီလောက် အစွမ်းထက်လို့လား၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို တကယ်ပဲ ပြောင်းလဲပေးနိုင်လို့လား"

"ဒါပေါ့... မယုံရင် မင်းတို့ကိုယ်တိုင် စမ်းကြည့်လို့ရတယ်" လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

"အကြီးအကဲတို့လည်း အသက်အရွယ် ရလာကြပြီဆိုတော့ ခန္ဓာကိုယ်က အသားကျနေပြီ။ ဒါကြောင့် နောက်ထပ် တိုးတက်ဖို့ဆိုတာ ခဲယဉ်းသွားပြီ။ ဒါပေမဲ့ ဒီသိုင်းကျမ်းမှာပါတဲ့ 'အရိုးအကြော ပြောင်းလဲခြင်း' ပညာရပ်နဲ့ဆိုရင်တော့ အရာအားလုံးက ဖြစ်နိုင်ပါတယ်"

သူဖုန်းစားဂိုဏ်း အကြီးအကဲများ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာကြသည်။ ယခုအချိန်တွင် သူတို့၏ ခွန်အားတိုးတက်မှုကို အဟန့်အတား ဖြစ်နေသည့် အကြီးမားဆုံးအရာမှာ အိုမင်းလာသည့် ခန္ဓာကိုယ်ပင် ဖြစ်သည်။

အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်က အသားကျလာပြီး၊ လုပ်ဆောင်နိုင်စွမ်းတွေကလည်း ကျဆင်းလာတတ်ရာ ငယ်ရွယ်စဉ်ကကဲ့သို့ တက်ကြွစွာ မတိုးတက်နိုင်တော့ပေ။ သို့သော် ဤ 'အရိုးအကြော ပြောင်းလဲခြင်း' ပညာရပ်သာ ရှိလျှင်မူ ဤအရာများမှာ စိတ်ကူးယဉ်အိမ်မက် မဟုတ်တော့ပေ။

အခြားသော တုနှိုင်းမဲ့သိုင်းကျမ်းများကို လေ့ကျင့်ရန် အခွင့်အရေးများ ရှိနိုင်သေးသော်လည်း ဤ 'အရိုးအကြော ပြောင်းလဲခြင်း' ပညာရပ်ကိုမူ သူတို့ လက်လွှတ်မခံနိုင်ကြတော့ပေ။

"ကောင်းပြီ၊ ငါ ဒီ အရိုးအကြော ပြောင်းလဲခြင်း ပညာရပ်ကိုပဲ လိုချင်တယ်"

"ငါလည်း ဒီစာအုပ်ကိုပဲ ယူမယ်"

လင်းပိုင်ဖန်က ရယ်မောလျက် - "ငါကိုယ်တော် မင်းတို့အတွက် ကူးခိုင်းလိုက်ပါ့မယ်၊ ခဏလောက် စောင့်ကြပါဦး"

"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်" လူတိုင်းမှာ အလွန်တရာ ဝမ်းမြောက်သွားကြသည်။

လင်းပိုင်ဖန်က လက်ခုပ်တစ်ဖန် တီးလိုက်ပြန်ရာ နောက်ထပ်လူတစ်ဦးက လှပသော သေတ္တာတစ်လုံးကို သယ်ဆောင်လာပြန်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ ကျောက်စိမ်းပုလင်း အများအပြားကို တွေ့လိုက်ရသည်။

"ဒီထဲမှာတော့ နတ်ဆေးလုံးတွေ ပါတယ်၊ စုစုပေါင်း ၈ စုံပဲ"

"တစ်စုံစီမှာ ဒဏ်ရာတွေကို လျင်မြန်စွာ ပျောက်ကင်းစေပြီး အားအင်တိုးစေတဲ့ 'ကျားနဂါးဆေးလုံး' ၃ လုံး၊ စိတ်ကို တည်ငြိမ်စေပြီး ကျင့်စဉ်ချို့ယွင်းတာကို ကာကွယ်ပေးတဲ့ 'စိတ်ဝိညာဥ်ဆေးလုံး' ၂ လုံးနဲ့ လူတစ်ယောက်ကို နောက်ထပ် အသက်တစ်ချောင်း ပေးနိုင်တဲ့ 'မသေမျိုးဆေးလုံး' ၁ လုံးစီ ပါဝင်တယ်"

"ဒီ နတ်ဆေးလုံးတွေက..."

လင်းပိုင်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး - "ဒါတွေအားလုံးက ဒီမှာရှိနေတဲ့ သူတွေအတွက် ပေးတဲ့ လက်ဆောင်တွေပဲ"

သူဖုန်းစားဂိုဏ်း အကြီးအကဲများမှာ အံ့သြလွန်းသဖြင့် အသက်ပင် မရှူဝံ့ကြတော့ပေ။ သိုင်းလောက၏ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် ဤနတ်ဆေးလုံးများကို အရှင်မင်းမြတ်က ဤမျှ လွယ်လွယ်ကူကူ ပေးလိုက်သည်တဲ့လား။ ဒါက တကယ့်ကို ရက်ရောလွန်းလှသည်။

"အရှင်မင်းမြတ်... ဒါတွေအားလုံးကို ကျွန်တော်မျိုးတို့ကို တကယ်ပဲ ပေးမှာလား" အကြီးအကဲကျိုး၏ အသံမှာ တုန်ရီနေသည်။

လင်းပိုင်ဖန်က ညင်သာသော အသံဖြင့် - "ငါကိုယ်တော် ထုတ်ပေးလိုက်ပြီဆိုကတည်းက မင်းတို့ကို ပေးဖို့ ရည်ရွယ်ပြီးသားပါ။ ဒါတွေက အသက်ကို ကယ်နိုင်တဲ့ အရာတွေပဲ။ မင်းတို့ အသက်ရှင်နေသရွေ့ ငါကိုယ်တော်အတွက် အမှုတော်ထမ်းနိုင်မှာပဲ မဟုတ်လား"

ကိုယ့်ကို တန်ဖိုးထားတဲ့သူအတွက်ဆိုရင် အသက်တောင် ပေးဝံ့တယ်ဆိုတဲ့ စကားအတိုင်းပင်။ ဤကဲ့သို့သော မင်းကောင်းမင်းမြတ်မျိုးမှာ တကယ့်ကို ရှားပါးလှပေသည်။ ဤအချိန်တွင် အကြီးအကဲများမှာ ဒူးထောက်ချလိုက်ချင်စိတ်များပင် ဖြစ်ပေါ်နေတော့သည်။

ထိုစဉ် လင်းပိုင်ဖန်က နှမြောတသဖြစ်နေဟန်ဖြင့် ထပ်ပြောလိုက်သည် - "တကယ်တော့ မင်းတို့ကို လက်နက်တွေပါ ဆုချဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ နတ်လက်နက်တွေက လက်ကျန်နည်းနေသေးတော့ မင်းတို့ အမှုတော်ကို ထမ်းရွက်ပြီး အကျိုးဆောင်နိုင်မှပဲ ငါကိုယ်တော် ဆုချနိုင်တော့မယ်"

"လုံလောက်ပါပြီ! အရှင်မင်းမြတ်... အရှင်က ကျွန်တော်မျိုးတို့ကို ပေးတာတွေ များလွန်းနေပါပြီ" သူဖုန်းစားဂိုဏ်း အကြီးအကဲများမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲနေကြတော့သည်။

သူတို့သည် သူဖုန်းစားဂိုဏ်းအတွက် တစ်ဘဝလုံး ရုန်းကန်ခဲ့ကြသော်လည်း ယနေ့ညတစ်ညတည်း ရရှိခဲ့သလောက် မည်သည့်အခါကမျှ မရရှိခဲ့ဖူးပေ။

အစပိုင်းတွင် သူဖုန်းစားဂိုဏ်းကို သစ္စာဖောက်ရသည့်အတွက် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားခဲ့ရသော်လည်း ယခုမူ ထိုခံစားချက်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အရှင်မင်းမြတ်က သူတို့ကို အများကြီး ပေးသနားခဲ့သောကြောင့်ပင်။

ရွှေတေး တစ်သောင်း….

ခမ်းနားတဲ့ အိမ်ရာဝင်းကြီးတွေ….

အစွမ်းထက်တဲ့ သိုင်းကျမ်းတွေ….

နတ်ဆေးလုံးတွေ…..!

ဒီလို ဆုလာဘ်တွေရှေ့မှာမှ ဝေခွဲမရဖြစ်နေဦးမယ်ဆိုရင် ဒါဟာ အဆိုပါ လက်ဆောင်တွေကို စော်ကားရာ ရောက်သလို၊ အရှင်မင်းမြတ်ကိုလည်း မလေးစားရာ ရောက်ပေလိမ့်မည် ဖြစ်သည်။

All Chapters