အခန်း (၃၀၆)
Vol. 28 Ch. 306
"ငွေတေး ၅၀၀,၀၀၀ တောင်လား"
"ပြီးတော့ ဒါက အနိမ့်ဆုံး စျေးတဲ့လား"
ဒီလူ လောဘကြီးမှန်း သိထားပေမဲ့ ဒီလောက်အထိ အတောမသတ်နိုင်ဖြစ်လိမ့်မယ်လို့ ရှုတုန်း မထင်ထားမိပေ။
ရှုတုန်း၏ မျက်နှာမှ ကြွက်သားများ သိသိသာသာ လှုပ်ခါသွားပြီး အတင်းအကြပ် ပြုံးလျက် - "ငွေတေး ၅၀၀,၀၀၀ ဟုတ်လား။ အမတ်ချင်... ဒါက မများလွန်းဘူးလား။ ကျွန်တော့်အမြင်အရတော့ ၂၀၀,၀၀၀ ဆိုရင် ပိုပြီး သင့်တော်မယ် ထင်ပါတယ်"
"စကားအပိုတွေ ပြောမနေနဲ့တော့၊ ၅၀၀,၀၀၀ မရရင် ငါမလုပ်နိုင်ဘူး" ချင်ဟွေ့က မကျေမနပ်ဖြစ်ကာ ဝတ်ရုံစကို ခါယမ်းပြီး ပြောလိုက်သည်။
"နန်းတွင်းမှာ စကားနှစ်ခွန်း၊ သုံးခွန်းလောက် ကူပြောပေးဖို့အတွက် ၅၀၀,၀၀၀ ဆိုတာ တကယ်ကို များလွန်းပါတယ်"
"စကားစပ်ရုံတင်လို့ မင်းထင်နေတာလား"
ချင်ဟွေ့က ပျာပျာသလဲဖြင့် - "မင်းက ငါ့အသက်ကို အပေါင်ထားခိုင်းနေတာပဲ။ ကောင်းကင်၊ မြေပြင်နဲ့ လူသားစစ်သူကြီး သုံးယောက်ဆိုတာ နန်းတွင်းရဲ့ စစ်သူကြီးတွေ၊ စစ်သည်တစ်သန်းကို ကွပ်ကဲနေပြီး အာဏာနဲ့ အရှိန်အဝါက ကောင်းကင်ထိအောင် ရှိနေတာ။ ဒါ့အပြင် သူတို့ညီအစ်ကို သုံးယောက်က ခွန်အားကြီးမားတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေ"
"မင်းက ငါ့ကို နန်းတွင်းထဲမှာ သူတို့ကို မဟုတ်မမှန် စွပ်စွဲခိုင်းနေတယ်၊ အဲဒီကိစ္စက အောင်မြင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူတို့က ငါ့ကို အငြိုးထားကြမှာပဲ။ အဲဒီနောက်ပိုင်း ငါဘယ်လိုလုပ် နန်းတွင်းမှာ ဆက်နေနိုင်တော့မှာလဲ။ မြို့တော်ထဲမှာရော ဘယ်လို ခြေကုပ်ယူနိုင်တော့မှာလဲ"
ရှုတုန်းက ခြိမ်းခြောက်လိုက်သည် - "အမတ်ချင်... မမေ့ပါနဲ့ဦး၊ အမတ်ကြီးရဲ့ အဂတိမှတ်တမ်းတွေ ကျွန်တော်တို့လက်ထဲမှာ ရှိနေသေးတယ်။ တကယ်လို့ ဒါတွေသာ ပေါက်ကြားသွားရင် အမတ်ကြီးရဲ့ ရာထူးရော အသက်ပါ အန္တရာယ်ရှိနေတုန်းပဲနော်၊ သေချာစဉ်းစားပါဦး"
"ဒါဆိုရင်လည်း သွားတိုင်လိုက်ပေါ့!"
ချင်ဟွေ့က ဒေါသတကြီးဖြင့် လက်ကို ဝှေ့ယမ်းကာ - "မင်းတို့က ငါ့ကို အသက်ရှင်ခွင့် မပေးချင်မှတော့ ဒီမှာတင် လမ်းခွဲကြတာပေါ့"
ရှုတုန်းမှာ အံ့အားသင့်သွားရသည်။ နာမည်ကျော် အဂတိလိုက်စားတဲ့ အမတ်တစ်ယောက်က ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိပေ။ ဒီလူက ပိုက်ဆံတစ်ပြား လျော့မခံနိုင်ဘဲ တစ်ဖက်လူနဲ့ပါ အတူတူ သေတွင်းထဲ ဆင်းဖို့ ဝန်မလေးတာပဲ။ တကယ့်ကို ရက်စက်တဲ့သူပဲ။
ရှုတုန်းက ချက်ချင်းပင် ဂါရဝပြုလိုက်ကာ - "အမတ်ချင်... စိတ်လျှော့ပါဦး။ အမတ်ကြီးတောင်းတဲ့ ပမာဏက များလွန်းနေလို့ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရလို့ပါ။ ဒါကြောင့် အထက်ကို ပြန်တင်ပြဖို့ အချိန်ခဏလောက် ပေးစေချင်ပါတယ်"
"ဧည့်သည်ကို ပြန်လိုက်ပို့ကြ" ချင်ဟွေ့က နှာခေါင်းရှုံ့ကာ အဆောင်ထဲသို့ ဝင်သွားတော့သည်။
မကြာမီမှာပင် ရှုတုန်းသည် ထိုလျှို့ဝှက်အိမ်တော်သို့ ပြန်ရောက်လာပြီး အရိပ်အဖွဲ့၏ ဒုခေါင်းဆောင်အား အကျိုးအကြောင်းကို တင်ပြလေသည်။
ဒုခေါင်းဆောင်မှာ ထိုသတင်းကို ကြားပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည် - "ချင်ဟွေ့က တကယ်ပဲ အဲဒီလို ပြောလိုက်တာလား။ ပိုက်ဆံ တစ်ပြားတောင် လျော့မခံဘဲ ငါတို့နဲ့ပါ အတူတူ အသေခံမယ်လို့ ပြောနေတာလား"
"မှန်လှပါ ဒုခေါင်းဆောင်" ရှုတုန်းက ဦးညွှတ်ဖြေကြားလိုက်သည်။
"နန်းတွင်းမှာ အမတ်ဖြစ်လာတဲ့သူတွေက တကယ်ကို သာမန်လူတွေ မဟုတ်ကြဘူးပဲ"
ဒုခေါင်းဆောင်က ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်သည် - "၅၀၀,၀၀၀ ဆိုတာ တကယ်တော့ များလှပေမဲ့ သူ့ကို ပေးလိုက်ပါ။ သူ အသုံးမဝင်တော့တဲ့ တစ်နေ့ကျရင်တော့ သူ့ဆီကနေ အတိုးရော အရင်းပါ ပြန်အန်ထွက်လာအောင် ငါလုပ်ပြမယ်"
"ဟုတ်ကဲ့ပါ ဒုခေါင်းဆောင်"
မကြာမီမှာပင် ရှုတုန်းသည် ငွေစက္ကူ ၂၀၀,၀၀၀ ကို ယူဆောင်ကာ ချင်ဟွေ့ထံ တစ်ခေါက် ထပ်မံရောက်ရှိလာပြန်သည်။
"အမတ်ချင်... ဒါက စရန်ငွေ ၂၀၀,၀၀၀ ပါ၊ လက်ခံပေးပါ။ ကိစ္စတွေ အောင်မြင်သွားပြီဆိုရင်တော့ ကျန်တဲ့ ၃၀၀,၀၀၀ ကို လက်နှစ်ဖက်နဲ့ လာရောက်ဆက်သပါ့မယ်"
ချင်ဟွေ့က ငွေစက္ကူများကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး - "ဒါမှပေါ့! ဒါပေမဲ့ မင်းကို အမှန်အတိုင်း ပြောရရင် ငါက အမတ်တစ်ယောက် ဆိုပေမဲ့ နန်းတွင်းမှာ ငါ့ရဲ့ သြဇာက အကန့်အသတ်ရှိတော့ ငါ့စကားက ထင်သလောက် ခရီးမရောက်မှာကို စိုးရိမ်မိတယ်..."
"အမတ်ကြီး စိတ်ချပါ" ရှုတုန်းက ဦးညွှတ်ရင်း ပြောလိုက်သည်။ "ကျွန်တော်တို့ဘက်က အဖက်ဖက်က ပြင်ဆင်ထားပါတယ်။ အမတ်ကြီးက လမ်းစလေး ဖော်ပေးရုံပါပဲ၊ အဲဒီစစ်သူကြီး သုံးယောက်ကို မြေမြှုပ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ အာမခံပါတယ်"
ချင်ဟွေ့က ခေါင်းညိတ်လိုက်ကာ - "ကောင်းပြီ၊ မင်းတို့ စတင်တဲ့အခါကျရင် ငါ့ကို အသိပေးလိုက်"
"ဟုတ်ကဲ့ပါ" ရှုတုန်းက ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ ကျန်တဲ့ ၃၀၀,၀၀၀ ကိုလည်း မမေ့နဲ့ဦး"
"မမေ့ပါဘူးလို့ ကျွန်တော် အာမခံပါတယ်"
စကားအချို့ ထပ်မံပြောဆိုပြီးနောက် ရှုတုန်းက ပြန်လည် ထွက်ခွာသွားသည်။
ထို့နောက် သူသည် ယန်စန်း၏ အိမ်တော်သို့ ဆက်လက် သွားရောက်ခဲ့သည်။
လာဘ်ထိုးခြင်းနှင့် ခြိမ်းခြောက်ခြင်း နည်းလမ်းနှစ်ခုစလုံးကို သုံးခဲ့ရပြီးနောက် ယန်စန်းမှာ နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။
"ငွေတေး ၆၀၀,၀၀၀ ၊ တစ်ပြားတောင် လျော့လို့မရဘူး"
ရှုတုန်းက စိတ်ထဲမှ - "F**k" (ခွေးကောင်)
မဟာရှက အမတ်တွေက ဘယ်လိုတောင် လောဘကြီးကြတာလဲ၊ တစ်ယောက်ထက် တစ်ယောက် ပိုပြီး ယုတ်မာကြတာပဲ။ ချင်ဟွေ့က ၅၀၀,၀၀၀ တောင်းတာကိုတောင် အံ့သြနေရတာ၊ အခု ယန်စန်းက ၆၀၀,၀၀၀ တောင် တောင်းနေပြီ။
"အမတ်ကြီးယန်... အမတ်ကြီးတောင်းတာ များလွန်းနေပါပြီ၊ အများဆုံး ၂၀၀,၀၀၀ ပဲ ပေးနိုင်မယ်"
ယန်စန်းက ဒေါသတကြီးဖြင့် - "ငါတောင်းတာ များတယ်ဟုတ်လား။ မင်းတို့က ငါ့အသက်ကို အန္တရာယ်ထဲ တွန်းပို့နေတာလေ၊ ငါ့ရဲ့ နစ်နာမှုအတွက် ပိုက်ဆံလေး နည်းနည်း ပိုတောင်းတာ မရဘူးလား"
ရှုတုန်းက ခြိမ်းခြောက်လိုက်ပြန်သည် - "အမတ်ကြီး မကြောက်ဘူးလား၊ ကျွန်တော်တို့ကသာ..."
ယန်စန်းက ပိုပြီး ဒေါသထွက်သွားကာ - "ငါ အဂတိလိုက်စားတာတွေကို တစ်လောကလုံး သိအောင် သွားကြေညာလိုက်စမ်း၊ ငါ သေရရင်တောင် မင်းတို့ကို အခွင့်အရေး တစ်စက်ကလေးမှ မပေးနိုင်ဘူး"
ရှုတုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ပြီး ဒုခေါင်းဆောင်ကို အကျိုးအကြောင်း တင်ပြရပြန်သည်။
ဒုခေါင်းဆောင်မှာလည်း အံ့အားသင့်သွားကာ - "သူက ၆၀၀,၀၀၀ တောင် တောင်းတယ်ဟုတ်လား"
ရှုတုန်းက ဦးညွှတ်လျက် - "ဟုတ်ပါတယ် ဒုခေါင်းဆောင်၊ ကျွန်တော် ဘယ်လိုပဲ ညှိနှိုင်းညှိနှိုင်း၊ ခြိမ်းခြောက်တာတောင် သူက အလျှော့မပေးဘူး။ ဒါက အတော်လေး ခက်ခဲတဲ့ အခြေအနေမို့လို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ လာတင်ပြတာပါ"
ဒုခေါင်းဆောင်က လက်ယမ်းပြလိုက်ကာ - "ပေးလိုက်ပါ! သူတို့ အခု မြိုထားသမျှကို နောက်ကျရင် ပြန်အန်ထုတ်ခိုင်းရမှာပဲ"
"ဒါပေမဲ့ ဒုခေါင်းဆောင်... ချင်ဟွေ့နဲ့ ယန်စန်း နှစ်ယောက်တည်းနဲ့တင် ငွေတေး တစ်သန်းကျော် ကုန်သွားပြီ။ ကျွန်တော်တို့ဘက်က လာဘ်ထိုးဖို့ ကျန်နေတဲ့သူတွေ အများကြီးရှိသေးတယ်၊ ရံပုံငွေက မလောက်တော့ဘူး"
ဒုခေါင်းဆောင်၏ မျက်နှာ အနည်းငယ် တွန့်သွားပြီး - "ငါလည်း သိတာပေါ့၊ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ကိစ္စက အရေးအကြီးဆုံးပဲ။ အရှင်မင်းကြီး မထွက်ခွာခင်က အဲဒီသုံးယောက်ကို ဘယ်လောက်ပဲ ကုန်ကုန် ငါတို့လက်ထဲရောက်အောင် လုပ်ရမယ်လို့ မိန့်ကြားထားတာ”
"တကယ်လို့ မရဘူးဆိုရင်တောင် သူတို့ကို အရှင်ထားလို့ မဖြစ်ဘူး။ အခုမှ မျှော်လင့်ချက် ရောင်ခြည်လေး မြင်နေရတာဆိုတော့ အလွယ်တကူ လက်မလျှော့နိုင်ဘူး။ တခြား အဂတိလိုက်စားတဲ့ အမတ်တွေကိုလည်း ဆက်ပြီး စည်းရုံးလိုက်ဦး၊ သူတို့တွေကတော့ အဲဒီလောက်အထိ လောဘမကြီးလောက်ပါဘူး"
"မျှော်လင့်ရတာပဲ" ရှုတုန်းမှာတော့ စိတ်ထဲတွင် နိမိတ်မကောင်းသလို ခံစားနေရပြီဖြစ်သည်။
ထို့နောက် ရှုတုန်းသည် ရွှေငွေရတနာများကို သယ်ဆောင်ကာ လီလင်းဖူထံ သွားရောက်ပြီး နဂိုနည်းလမ်းအတိုင်း ထပ်မံကြိုးစားပြန်သည်။
"ငွေတေး တစ်သန်း၊ ငါ့ကို တစ်သန်းပေးရင် မင်းတို့အတွက် ငါ အလုပ်လုပ်ပေးမယ်"
ရှုတုန်း - "F**k!" (ခွေးကောင်)
‘ငွေတေး တစ်သန်းတောင်လား၊ မင်း ငါ့ကို တိုက်ရိုက်ပဲ ဓားပြတိုက်ပါလား’
"အမတ်လီ... တစ်သန်းဆိုတာ များလွန်းပါတယ်၊ ၃၀၀,၀၀၀ လောက်ဆိုရင်ရော..."
လီလင်းဖူက လက်ကာပြလိုက်ကာ - "ငါနဲ့ လာပြီး စျေးမဆစ်နဲ့၊ တစ်သန်းပဲ၊ ပြီးတော့ ခြိမ်းခြောက်ဖို့လည်း မကြိုးစားနဲ့၊ ငါက ကြောက်မှာမဟုတ်ဘူး။ လိုအပ်လာရင် အရှင်မင်းကြီးဆီမှာပဲ အပြစ်ဝန်ခံပြီး ငါအဂတိလိုက်စားထားတဲ့ ရွှေငွေတွေကို အကုန်အပ်လိုက်မယ်။ အရင်က သံယောဇဉ်တွေရှိတော့ အရှင်မင်းကြီးက ငါ့ကို သေချာပေါက် အပြစ်ဒဏ် လျှော့ပေါ့ပေးမှာပဲ"
ရှုတုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ဒုခေါင်းဆောင်ထံ ပြန်လာပြီး တင်ပြရပြန်သည်။
ဒုခေါင်းဆောင်မှာတော့ ဆွံ့အသွားရတော့သည်။
တစ်ယောက်က ၅၀၀,၀၀၀..
နောက်တစ်ယောက်က ၆၀၀,၀၀၀…
အခု တစ်ယောက်ကတော့ ပြောင်ပြောင်ကြီးကို တစ်သန်းတောင်းနေပြီ...။
ဒုခေါင်းဆောင်မှာ ဒေါသထွက်သွားပြီး - "ရှုတုန်း... ဒီ လီလင်းဖူက လောဘကြီးလွန်းတယ်၊ တခြားတစ်ယောက်ကို ရှာလို့မရဘူးလား"
ရှုတုန်းက ခါးသီးစွာ ပြုံးလိုက်ပြီး - "ဒုခေါင်းဆောင်... သူ့ကို အစားထိုးဖို့က မလွယ်ပါဘူး။ နန်းတွင်းမှာ စကားပြောလို့ ရတဲ့သူက အနည်းငယ်ပဲ ရှိတာပါ။ ပြီးတော့ အဂတိလိုက်စားပြီး အားနည်းချက် ရှိတဲ့သူကလည်း အနည်းငယ်ပဲ ရှိတယ်။ ငါတို့ အသုံးချလို့ရတဲ့သူတိုင်းကို မစည်းရုံးနိုင်ရင် အကုန်လုံး ရှုံးနိမ့်သွားလိမ့်မယ်"
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒါဆိုရင်လည်း တစ်သန်းပဲ ပေးလိုက်ပါတော့" ဒုခေါင်းဆောင်က မချိတင်ကဲ ပြောလိုက်ရသည်။
"ဒါပေမဲ့ ဒုခေါင်းဆောင်... ကျွန်တော်တို့ ရံပုံငွေထဲမှာ ငွေတေး နှစ်သန်းကျော်ပဲ ကျန်တော့တယ်။ အခု တစ်သန်း ထပ်ပေးလိုက်ရင် ဘာမှကျန်မှာ မဟုတ်တော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ"
"စိတ်မပူပါနဲ့၊ ငါ အခုချက်ချင်း အရှင်မင်းကြီးဆီ စာရေးလိုက်မယ်။ ငါတို့ရဲ့ ကြိုးစားမှုကို မြင်ရင် အရှင်မင်းကြီးက သေချာပေါက် ကူညီမှာပါ။ အခုတော့ တခြားလူတွေကို ဆက်ပြီး စည်းရုံးလိုက်ဦး၊ သူတို့တွေကတော့ အဲဒီလောက်အထိ လောဘကြီးလိမ့်မယ်လို့တော့ မထင်ဘူး"
"ဟုတ်ကဲ့ပါ ဒုခေါင်းဆောင်"
နောက်ထပ် ရှုတုန်း သွားရောက်တွေ့ဆုံတဲ့သူကတော့ ချောင်ချောင်ပင် ဖြစ်သည်။
ချောင်ချောင်ကတော့ ပိုပြီး ယဉ်ကျေးပျူငှါပြီး စကားပြောရ လွယ်ပုံရသည် - "အဲဒီစစ်သူကြီး သုံးယောက်က ခေါင်းမာပြီး ပိုပိုပြီး မောက်မာလာကြတာ၊ သူတို့ကို သင်ခန်းစာ ပေးဖို့ လိုနေတာ အမှန်ပဲ၊ ငါ့ကို ငွေတေး ၁.၅ သန်းပေး၊ ငါ မင်းတို့ကို ကူညီပေးမယ်"
ရှုတုန်း - "F**k!"
မင်း... ချောင်အမန်! (ယုတ်မာကောက်ကျစ်တဲ့ကောင်)
မင်းက မျက်နှာပဲ မည်းတာမဟုတ်ဘူး၊ နှလုံးသားကပါ မည်းနေတာပဲ…။
ငွေတေး ၁.၅ သန်းတောင်လား၊ မင်းက ဒါကို ပါးစပ်ကတောင် ထွက်ရဲသေးတယ်ပေါ့။
ရှုတုန်းက ခြိမ်းခြောက်လိုက်သည် - "အမတ်ချောင်... အမတ်ကြီးရဲ့ အားနည်းချက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေတာကို မမေ့ပါနဲ့ဦး"
ချောင်ချောင်ကလည်း ပြန်လည် ခြိမ်းခြောက်လိုက်သည် - "ရှုတုန်း... မင်းလည်း ငါ့ရာထူးကို မမေ့နဲ့ဦး။ ငါက စစ်ဘက်ဆိုင်ရာ ဒုဝန်ကြီးပဲ၊ စစ်ဘက်ဆိုင်ရာ ကိစ္စအားလုံးကို တာဝန်ယူထားပြီး အဲဒီစစ်သူကြီးတွေကို ကြီးကြပ်ပိုင်ခွင့်ရှိတယ်။ ငါပြောတဲ့စကားက ဘယ်သူ့ထက်မဆို ပိုပြီး အလေးသာတယ်"
"ငါ့ဆီမလာခင် တခြားအမတ်တွေဆီကိုလည်း လျှို့ဝှက်သွားခဲ့ပြီးပြီ မဟုတ်လား။ တကယ်လို့ မင်း ငါ့ကို ပိုက်ဆံမပေးရင် နန်းတွင်းထဲမှာ မင်းတို့ကို ဗြောင်ကျကျ ပြန်ဆန့်ကျင်ပစ်မယ်၊ မင်းတို့ ဘယ်လိုအောင်မြင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"ချီးလိုပဲ…" ရှုတုန်းမှာတော့ ဒေါသတကြီးဖြင့် တုန်ရင်နေတော့သည်။